ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • kr အခန်း ၂၀ စာ. ၂၀၉-၂၁၉
  • ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ကယ်ဆယ်ရေးလုပ်ငန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ကယ်ဆယ်ရေးလုပ်ငန်း
  • ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကယ်ဆယ်ရေးလုပ်ငန်းကို မြင့်မြတ်တဲ့အမှုတော်အဖြစ် ယူမှတ်ရတဲ့ အကြောင်းရင်း
  • ကယ်ဆယ်ရေးလုပ်ငန်းရဲ့ရည်ရွယ်ချက်များ
  • ကယ်ဆယ်ရေးလုပ်ငန်းက တည်မြဲတဲ့အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေ
  • သင်ကော ပါဝင်နိုင်မလား
  • ဘေးအန္တရာယ် ကျရောက်ပြီးနောက် အကူအညီ ပေးနိုင်ပုံ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ဘေးအန္တရာယ်ကြုံရသူတွေကို သင်တို့ ကူညီပေးသလား
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ၂၀၂၃ ခုနှစ် သဘာဝဘေး ကယ်ဆယ်ရေး—“ယေဟောဝါဘုရားရဲ့ မေတ္တာကို ကိုယ်တွေ့ခံစားလိုက်ရတယ်”
    အလှူငွေတွေကို အသုံးပြုပုံ
  • ၂၀၂၁ ခုနှစ် သဘာဝဘေး ကယ်ဆယ်ရေး—ညီအစ်ကို/မတွေကို ပစ်မထားဘဲ ကူညီပေးနေကြ
    အလှူငွေတွေကို အသုံးပြုပုံ
နောက်ထပ် ကြည့်ပါ
ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
kr အခန်း ၂၀ စာ. ၂၀၉-၂၁၉

အခန်း ၂၀

ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ကယ်ဆယ်ရေးလုပ်ငန်း

အဓိကအကြောင်းအရာ

ဘေးအန္တရာယ်ကျရောက်ချိန်အတွင်း ခရစ်ယာန်မေတ္တာကို လုပ်ရပ်နဲ့တင်ပြ

၁၊ ၂။ (က) ယုဒနယ်မှာရှိတဲ့ခရစ်ယာန်တွေ ဘာအခက်အခဲကြုံခဲ့ရသလဲ။ (ခ) မေတ္တာပါတဲ့ ဘယ်အကူအညီကို သူတို့ရရှိခဲ့သလဲ။

အချိန်ကတော့ အေဒီ ၄၆ ခုနှစ်လောက်မှာဖြစ်တယ်။ ယုဒနယ်မှာ အငတ်ဘေးကြုံရတဲ့အတွက် အဲဒီမှာနေထိုင်တဲ့ ဂျူးလူမျိုးတပည့်တွေမှာ စားစရာမရှိတော့ဘူး။ စားစရာတွေ အရမ်းဈေးတက်သွားလို့ ဝယ်မစားနိုင်ကြတော့ဘူး။ ဆာလောင်မွတ်သိပ်တဲ့ဒဏ်ကို ခံစားနေကြရတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့လက်တော်နဲ့ ကာကွယ်ပေးတာကို သူတို့ကြုံတွေ့ရတော့မယ်။ အဲဒီလိုကာကွယ်မှုမျိုးကို ခရစ်တော်ရဲ့တပည့်တွေ အရင်က တစ်ခါမှမကြုံဖူးသေးဘူး။ ဘာများဖြစ်မလဲ။

၂ ဂျေရုဆလင်နဲ့ယုဒနယ်မှာရှိတဲ့ ခရစ်ယာန်တွေ ဒုက္ခရောက်နေတာကို ကြားတဲ့အခါ ရှုရိပြည်၊ အန္တိအုတ်မြို့က ဂျူးနဲ့လူမျိုးခြားခရစ်ယာန်တွေဟာ ယုံကြည်သူချင်းတွေကို ကူညီပေးဖို့ ရန်ပုံငွေကောက်ကြတယ်။ ပြီးတော့ တာဝန်ရှိညီအစ်ကို ရှောလုနဲ့ဗာနဗကို ရွေးချယ်ပြီး ကယ်ဆယ်ရေးပစ္စည်းတွေကို ဂျေရုဆလင်မှာရှိတဲ့အကြီးအကဲတွေဆီ ပို့ပေးခိုင်းတယ်။ (တမန်တော် ၁၁:၂၇–၃၀; ၁၂:၂၅ ကိုဖတ်ပါ။) အန္တိအုတ်မြို့ကညီအစ်ကိုတွေရဲ့ မေတ္တာပါလုပ်ရပ်ကြောင့် ယုဒနယ်က ဒုက္ခသည်ညီအစ်ကိုတွေ ဘယ်လောက်ဝမ်းသာသွားမယ်ဆိုတာ စဉ်းစားကြည့်ပါ။

၃။ (က) ဒီနေ့ ဘုရားသခင့်လူမျိုးဟာ အန္တိအုတ်မြို့ကညီအစ်ကိုတွေရဲ့ပုံသက်သေကို ဘယ်လိုလိုက်လျှောက်နေသလဲ။ ဥပမာပေးပါ။ (“မျက်မှောက်ခေတ်ရဲ့ ဦးဆုံးကယ်ဆယ်ရေးလုပ်ငန်းကြီး” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။) (ခ) ဒီအခန်းမှာ ဘယ်မေးခွန်းတွေကို လေ့လာမလဲ။

၃ အဲဒီအဖြစ်အပျက်ဟာ ကမ္ဘာ့ဒေသတစ်ခုမှာနေထိုင်တဲ့ ခရစ်ယာန်တွေက တခြားဒေသမှာနေထိုင်တဲ့ ခရစ်ယာန်တွေဆီ ကယ်ဆယ်ရေးပစ္စည်းတွေပို့ပေးတဲ့ ဦးဆုံးအဖြစ်အပျက်ပါပဲ။ ဒီနေ့လည်း အန္တိအုတ်မြို့ကညီအစ်ကိုတွေရဲ့ပုံသက်သေကို ကျွန်တော်တို့လိုက်လျှောက်နေကြတယ်။ ဒေသတစ်ခုမှာ ယုံကြည်သူချင်းတွေ ဘေးအန္တရာယ်ကြုံရတဲ့အခါ၊ ဒုက္ခရောက်တဲ့အခါ သူတို့ကိုကူညီပေးကြတယ်။a ကျွန်တော်တို့ရဲ့ကယ်ဆယ်ရေးလုပ်ငန်းက တခြားအမှုတော်ဆောင်လုပ်ငန်းတွေနဲ့ ဘယ်လိုပတ်သက်တယ်ဆိုတာ သိနိုင်ဖို့ ဒီမေးခွန်းသုံးခုကို လေ့လာကြမယ်– ကယ်ဆယ်ရေးလုပ်ငန်းကို အမှုဆောင်လုပ်ငန်းအဖြစ် ဘာကြောင့်ယူမှတ်တာလဲ။ ကယ်ဆယ်ရေးလုပ်ငန်းရဲ့ ရည်ရွယ်ချက်တွေက ဘာလဲ။ ဒီလုပ်ငန်းကနေ ဘယ်လိုအကျိုးခံစားရသလဲ။

ကယ်ဆယ်ရေးလုပ်ငန်းကို မြင့်မြတ်တဲ့အမှုတော်အဖြစ် ယူမှတ်ရတဲ့ အကြောင်းရင်း

၄။ ခရစ်ယာန်အမှုဆောင်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကောရိန္သုအသင်းသား တွေကို ပေါလုဘာပြောသလဲ။

၄ ကောရိန္သုဒုတိယစောင်မှာ ပေါလုက ခရစ်ယာန်တွေရဲ့အမှုဆောင်လုပ်ငန်းမှာ ကဏ္ဍနှစ်ခုပါဝင်တယ်လို့ ရှင်းပြခဲ့တယ်။ ပေါလုရဲ့စာက ဘိသိက်ခံခရစ်ယာန်တွေကို အဓိကပြောနေတာဖြစ်ပေမဲ့ ဒီနေ့အချိန်မှာ ခရစ်တော်ရဲ့ “အခြားသိုး” တွေနဲ့လည်း သက်ဆိုင်ပါတယ်။ (ယော. ၁၀:၁၆) အမှုဆောင်လုပ်ငန်းရဲ့ကဏ္ဍတစ်ခုက “ပြန်လည်သင့်မြတ်စေသည့်လုပ်ငန်း၊” တစ်နည်းအားဖြင့် ဟောပြောခြင်းနဲ့သွန်သင်ခြင်းလုပ်ငန်းဖြစ်တယ်။ (၂ ကော. ၅:၁၈-၂၀; ၁ တိ. ၂:၃-၆) နောက်ကဏ္ဍတစ်ခုကတော့ ယုံကြည်သူချင်းတွေရဲ့အကျိုးအတွက် လုပ်ဆောင်ပေးခြင်းဖြစ်တယ်။ အထူးသဖြင့် ယုံကြည်သူချင်းတွေကို “ထောက်ပံ့” ပေးခြင်းအကြောင်း ပေါလုပြောခဲ့တယ်။ (၂ ကော. ၈:၄) “လုပ်ငန်း” နဲ့ “ထောက်ပံ့” ဆိုတဲ့စကားလုံးနှစ်ခုကို ဂရိစကားလုံး ဒီအာခိုနီးအာ ကနေပြန်ဆိုထားပြီး အဲဒါက “အမှုဆောင်လုပ်ငန်း” ကိုရည်ညွှန်းတယ်။ ဒီအချက်က ဘာကြောင့်ထူးခြားတာလဲ။

၅။ ပေါလုက ကယ်ဆယ်ရေးလုပ်ငန်းကို အမှုဆောင်လုပ်ငန်းလို့ခေါ်တာ ဘာကြောင့်ထူးခြားတာလဲ။

၅ ပေါလုက လုပ်ဆောင်မှုနှစ်ခုစလုံးအတွက် ဂရိစကားလုံးတစ်လုံးတည်းကို အသုံးပြုခဲ့တယ်။ ဒီနည်းအားဖြင့် ယုံကြည်သူချင်းတွေကို “ထောက်ပံ့” ပေးတဲ့ ကယ်ဆယ်ရေးလုပ်ငန်းနဲ့ ခရစ်ယာန်အသင်းတော်မှာလုပ်ဆောင်တဲ့ တခြားအမှုဆောင်လုပ်ငန်းတွေကို တစ်စုတည်းသတ်မှတ်လိုက်တယ်။ အစောပိုင်းမှာ သူအခုလိုပြောတယ်– “အမှုတော်ဆောင်ခြင်း အမျိုးမျိုးရှိ၏။ သို့သော် သခင်တစ်ပါးတည်း ရှိ၏။ လုပ်ဆောင်မှု အမျိုးမျိုးရှိ၏။ သို့သော် . . . ထိုစွမ်းအားတော် တစ်မျိုးတည်းကပင် လုပ်ဆောင် . . . တော်မူ၏။” (၁ ကော. ၁၂:၄-၆၊ ၁၁) တကယ်တော့၊ ပေါလုက အသင်းတော်ရဲ့အမှုဆောင်လုပ်ငန်းအမျိုးမျိုးကို ဘုရားဝတ်ကိုပြုခြင်း ဒါမှမဟုတ် မြင့်မြတ်တဲ့အမှုတော်နဲ့ ဆက်စပ်ဖော်ပြခဲ့တယ်။b (ရော. ၁၂:၁၊ ၆-၈) ဒါကြောင့်လည်း “သန့်ရှင်းသူတို့ကို ကူညီထောက်မ” ဖို့ သူ့အချိန်တွေကို အသုံးပြုသင့်တယ်လို့ ယူမှတ်ခဲ့တာဖြစ်တယ်။—ရော. ၁၅:၂၅၊ ၂၆။

၆။ (က) ပေါလုရဲ့ရှင်းပြချက်အရ ကယ်ဆယ်ရေးလုပ်ငန်းက ဘာကြောင့် ဝတ်ပြုရေးရဲ့အစိတ်အပိုင်း ဖြစ်တာလဲ။ (ခ) ဒီနေ့အချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းကို ကမ္ဘာချီအတိုင်းအတာနဲ့ ဘယ်လိုလုပ်ဆောင်နေသလဲ။ (စာမျက်နှာ ၂၁၄ မှာပါတဲ့ “ဘေးအန္တရာယ်ကျရောက်တဲ့အခါ” လေးထောင့်ကွက်ကိုကြည့်ပါ။)

၆ ကယ်ဆယ်ရေးလုပ်ငန်းက ၀တ်ပြုရေးနဲ့အမှုဆောင်လုပ်ငန်းရဲ့ အစိတ်အပိုင်းတစ်ခု ဘာကြောင့်ဖြစ်တယ်ဆိုတာ ကောရိန္သုအသင်းသားတွေ နားလည်အောင် ပေါလုကူညီပေးခဲ့တယ်။ သူ့ရှင်းပြချက်ကို သတိပြုပါ– ခရစ်ယာန်တွေဟာ “ခရစ်တော်နှင့်ဆိုင်သော သတင်းကောင်းကို လက်အောက်ခံ” တဲ့အတွက် ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးတာဖြစ်တယ်။ (၂ ကော. ၉:၁၃) သူတို့က ခရစ်တော်ရဲ့သွန်သင်ချက်တွေကို လက်တွေ့ကျင့်သုံးချင်စိတ်ရှိတာကြောင့် ယုံကြည်သူချင်းတွေကို ကူညီပေးကြတယ်။ ညီအစ်ကိုတွေရဲ့အကျိုးအတွက် လုပ်ဆောင်တဲ့ ကြင်နာမှုလုပ်ရပ်တွေဟာ တကယ်တော့ “ဘုရားသခင်၏သာလွန်သည့် မဟာကရုဏာတော်” ကိုဖော်ပြခြင်းဖြစ်တယ်လို့ ပေါလုပြောတယ်။ (၂ ကော. ၉:၁၄; ၁ ပေ. ၄:၁၀) ဒါကြောင့် ကယ်ဆယ်ရေးလုပ်ငန်းအပါအဝင် အကူအညီလိုအပ်နေတဲ့ညီအစ်ကိုတွေအတွက် အမှုဆောင်ပေးခြင်းနဲ့ပတ်သက်ပြီး ၁၉၇၅၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ အခုလိုပြောတယ်– “ဒီလုပ်ငန်းကို ယေဟောဝါဘုရားနဲ့ သားတော်ယေရှုခရစ်တို့ တကယ်အလေးအနက်ထားတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။” မှန်ပါတယ်၊ ကယ်ဆယ်ရေးလုပ်ငန်းဟာ မြင့်မြတ်တဲ့အမှုတော်ရဲ့ မွန်မြတ်တဲ့ကဏ္ဍတစ်ခုဖြစ်တယ်။—ရော. ၁၂:၁၊ ၇; ၂ ကော. ၈:၇; ဟေဗြဲ ၁၃:၁၆။

ကယ်ဆယ်ရေးလုပ်ငန်းရဲ့ရည်ရွယ်ချက်များ

၇၊ ၈။ ကယ်ဆယ်ရေးလုပ်ငန်းရဲ့ ပထမရည်ရွယ်ချက်က ဘာလဲ။ ရှင်းပြပါ။

၇ ကယ်ဆယ်ရေးလုပ်ငန်းရဲ့ရည်ရွယ်ချက်တွေက ဘာလဲ။ ကောရိန္သုဒုတိယစာစောင်မှာ ပေါလုအဖြေပေးခဲ့တယ်။ (၂ ကောရိန္သု ၉:၁၁–၁၅ ကိုဖတ်ပါ။) ပေါလုက “အများအကျိုးဆောင်သည့်အမှု၊” တစ်နည်းအားဖြင့် ကယ်ဆယ်ရေးလုပ်ငန်းရဲ့ အဓိကရည်ရွယ်ချက်သုံးခုကို ဒီအခန်းငယ်တွေမှာ ဖော်ပြပေးတယ်။ တစ်ခုစီကို သုံးသပ်ကြည့်ရအောင်။

၈ ပထမ၊ ကျွန်တော်တို့လုပ်ဆောင်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းက ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တယ်။ အထက်မှာပါတဲ့အခန်းငယ်ငါးခုမှာ ပေါလုက ယေဟောဝါဘုရားနဲ့ပတ်သက်ပြီး ဘယ်နှစ်ခါပြောခဲ့လဲဆိုတာ သတိပြုကြည့်ပါ။ “ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းစရာအကြောင်း၊” “ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစကားများစွာ” နဲ့ပြည့်စုံစေတဲ့အကြောင်း သူပြောခဲ့တယ်။ (အခန်းငယ် ၁၁၊ ၁၂) ခရစ်ယာန်တွေရဲ့ ကယ်ဆယ်ရေးလုပ်ငန်းက “ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေ” တယ်၊ “ဘုရားသခင်၏သာလွန်သည့် မဟာကရုဏာတော်” ကို ချီးမွမ်းစရာဖြစ်စေတယ်လို့လည်း ဖော်ပြတယ်။ (အခန်းငယ် ၁၃၊ ၁၄) အဲဒီနောက် “ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပါ၏” ဆိုပြီး ကယ်ဆယ်ရေးလုပ်ငန်းအကြောင်း ဆွေးနွေးတာကို သူနိဂုံးချုပ်လိုက်တယ်။—အခန်းငယ် ၁၅; ၁ ပေ. ၄:၁၁။

၉။ ကယ်ဆယ်ရေးလုပ်ငန်းက ဘယ်သဘောထားတွေကို ပြောင်းလဲပေးနိုင်သလဲ။ ဥပမာပေးပါ။

၉ ပေါလုလိုပဲ ဒီနေ့ ဘုရားသခင့်ကျေးကျွန်တွေလည်း ကယ်ဆယ်ရေးလုပ်ငန်းဟာ ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့၊ ကိုယ်တော့်သွန်သင်ချက်တွေကို တန်ဆာဆင်တဲ့ အခွင့်အရေးဖြစ်တယ်လို့ ယူမှတ်ကြတယ်။ (၁ ကော. ၁၀:၃၁; တိ. ၂:၁၀) ကယ်ဆယ်ရေးလုပ်ငန်းက ယေဟောဝါဘုရားနဲ့ ကိုယ်တော့်သက်သေတွေအပေါ်ထားတဲ့ အပျက်သဘောထားတွေကိုလည်း အတိုင်းအတာတစ်ခုအထိ ဖယ်ရှားပစ်နိုင်တယ်။ ဥပမာ၊ အမျိုးသမီးတစ်ယောက်က သူ့အိမ်တံခါးမှာ “ယေဟောဝါသက်သေများ မလာရ” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတယ်။ အဲဒီဒေသမှာ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်သွားပြီးနောက် လမ်းတစ်ဖက်က ပျက်စီးနေတဲ့အိမ်ကို ကယ်ဆယ်ရေးလုပ်သားတွေ ပြန်ဆောက်ပေးနေတာ သူတွေ့လိုက်တယ်။ ဖော်ရွေတဲ့လုပ်သားတွေကို ရက်အတော်ကြာ စောင့်ကြည့်နေပြီးနောက် သူတို့ဘယ်သူလဲဆိုတာ သွားစုံစမ်းကြည့်တယ်။ အဲဒီစေတနာ့ဝန်ထမ်းတွေဟာ သက်သေခံတွေဖြစ်မှန်း သိလိုက်ရတဲ့အခါ အထင်ကြီးလေးစားသွားပြီး “ရှင်တို့ကို ကျွန်မ အထင်လွဲခဲ့မိတယ်” လို့ပြောတယ်။ ဒီနောက် သူ့တံခါးပေါ်က ဆိုင်းဘုတ်ကို ဖြုတ်လိုက်တယ်။

၁၀၊ ၁၁။ (က) ကယ်ဆယ်ရေးလုပ်ငန်းရဲ့ ဒုတိယရည်ရွယ်ချက်ပြီးမြောက်တယ်ဆိုတာ ဘယ်အဖြစ်အပျက်တွေက ဖော်ပြသလဲ။ (ခ) ကယ်ဆယ်ရေး လုပ်သားတွေကို ဘယ်စာပေက အထောက်အကူပေးသလဲ။ (“ကယ်ဆယ်ရေးလုပ်သားတွေကို ကူညီပေးတဲ့ကိရိယာ” လေးထောင့်ကွက်ကိုကြည့်ပါ။)

၁၀ ဒုတိယ၊ ယုံကြည်သူချင်းတွေရဲ့ “လိုအပ်ချက်ကို များစွာဖြည့်ဆည်းပေး” တယ်။ (၂ ကော. ၉:၁၂က) ကျွန်တော်တို့က ညီအစ်ကိုညီအစ်မတွေ လတ်တလောလိုအပ်နေတာကို ဖြည့်ဆည်းပေးချင်တယ်။ သူတို့ရဲ့အခက်အခဲတွေ လျော့နည်းသွားအောင် ကူညီပေးချင်တယ်။ ဘာကြောင့်လဲ။ ခရစ်ယာန်အသင်းသားတွေဟာ “ခန္ဓာကိုယ်တစ်ခုတည်း” ဖြစ်လို့ပဲ။ ဒါကြောင့် “အင်္ဂါတစ်ခုသည် ဝေဒနာခံစားရလျှင် အခြားအင်္ဂါအပေါင်းတို့သည်လည်း ထပ်တူခံစားရ” တယ်။ (၁ ကော. ၁၂:၂၀၊ ၂၆) ညီရင်းအစ်ကိုလို ချစ်ခင်စုံမက်ခြင်းနဲ့ သနားစာနာခြင်းကြောင့် ညီအစ်ကိုညီအစ်မများစွာဟာ သူတို့လုပ်လက်စအလုပ်တွေကိုထားခဲ့ပြီး ပစ္စည်းကိရိယာတွေယူ၊ ဘေးအန္တရာယ်ကျရောက်တဲ့ဒေသကိုသွားပြီး ယုံကြည်သူချင်းတွေကို ကူညီပေးကြတယ်။ (ယာ. ၂:၁၅၊ ၁၆) ဥပမာ၊ ၂၀၁၁ ခုနှစ်၊ ဂျပန်နိုင်ငံမှာ ဆူနာမီဒဏ်ခံရပြီးနောက် အမေရိကန်နိုင်ငံဌာနခွဲရုံးက အမေရိကန်မှာရှိတဲ့ ဒေသန္တရဆောက်လုပ်ရေးကော်မတီတွေဆီ စာပို့ပြီး ဂျပန်မှာရှိတဲ့ နိုင်ငံတော်ခန်းမတွေ ပြန်ဆောက်ပေးဖို့ “အရည်အချင်းရှိတဲ့ညီအစ်ကိုအနည်းငယ်” အလိုရှိတယ်လို့ အကြောင်းကြားလိုက်တယ်။ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ အပတ်အနည်းငယ်အတွင်းမှာပဲ စေတနာ့ဝန်ထမ်း ၆၀၀ လောက်က ကိုယ့်စရိတ်နဲ့ကိုယ် ဂျပန်နိုင်ငံကိုသွားပြီး ကူညီပေးမယ်လို့ အကြောင်းပြန်ခဲ့တယ်။ “ဒီသတင်းကိုကြားတဲ့အခါ ကျွန်တော်တို့ သိပ်အံ့ဩသွားတယ်” လို့ အမေရိကန်ဌာနခွဲရုံးက ပြောတယ်။ ဂျပန်ညီအစ်ကိုတစ်ယောက်က နိုင်ငံရပ်ခြားကလာတဲ့ ကယ်ဆယ်ရေးလုပ်သားတစ်ယောက်ကို ဘာကြောင့် အခုလိုလာကူညီတာလဲဆိုပြီးမေးတော့ “ဂျပန်နိုင်ငံက ညီအစ်ကိုတွေဟာ ‘ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်’ အစိတ်အပိုင်းပါပဲ။ သူတို့တွေ ဒုက္ခရောက်ပြီး ဝေဒနာခံစားရတဲ့အခါ ကျွန်တော်တို့လည်း ထပ်တူခံစားရတယ်” လို့ ပြန်ဖြေခဲ့တယ်။ ကယ်ဆယ်ရေးလုပ်သားတွေဟာ ကိုယ်ကျိုးစွန့်မေတ္တာကြောင့် ယုံကြည်သူချင်းတွေကို အသက်စွန့်ပြီးကူညီတဲ့အခါတွေတောင်ရှိတယ်။c—၁ ယော. ၃:၁၆။

၁၉၄၆ ခုနှစ်၊ ဆွစ်ဇလန်နိုင်ငံမှာ ညီအစ်မတစ်ယောက်က ညီအစ်ကိုညီအစ်မတွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ ထုပ်ပိုးနေ

၁၉၄၆ ခုနှစ်၊ ဆွစ်ဇလန်နိုင်ငံ

မျက်မှောက်ခေတ်ရဲ့ ဦးဆုံးကယ်ဆယ်ရေးလုပ်ငန်းကြီး

ဥရောပမှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် လအနည်းငယ်အကြာ၊ ၁၉၄၅၊ စက်တင်ဘာလမှာ ညီအစ်ကိုနောရ်က “ဥရောပအလယ်ပိုင်းက ညီအစ်ကိုတွေဆီ ကယ်ဆယ်ရေးပစ္စည်းတွေ” ပို့ပေးဖို့ ကင်ပိန်းအစီအစဉ်ကြီးတစ်ခု စတင်မယ့်အကြောင်း ကြေညာခဲ့တယ်။

အဲဒီလိုကြေညာပြီး အပတ်အနည်းငယ်အတွင်း ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေကသက်သေခံတွေဟာ အစား အစာနဲ့ အဝတ်အထည်တွေကို စုဆောင်းပြီး အမျိုးအစားခွဲကြ၊ ထုပ်ပိုးကြတော့တယ်။ ၁၉၄၆၊ ဇန်နဝါရီလကစပြီး ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ တရုတ်၊ ချက်ကိုစလိုဗက်ကီးယား၊ ဒိန်းမတ်၊ အင်္ဂလန်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဟန်ဂေရီ၊ အီတလီ၊ နယ်သာလန်၊ နော်ဝေး၊ ဖိလစ်ပိုင်၊ ပိုလန်၊ ရိုမေးနီးယားမှာရှိတဲ့ ယုံကြည်သူချင်းတွေဆီ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ပေးခဲ့ကြတယ်။

ဒီအစီအစဉ်ကို တစ်ကြိမ်ပဲလုပ်တာ မဟုတ်ဘူး။ နှစ်နှစ်ခွဲအတွင်း ကယ်ဆယ်ရေးပစ္စည်းတွေကို မပြတ်ပို့ပေးခဲ့ကြတယ်။ အဲဒီအချိန်အတွင်းမှာ ညီအစ်ကိုညီအစ်မ ၈၅,၀၀၀ လောက်ဟာ စစ်ဘေးဒုက္ခသည် ညီအစ်ကိုညီအစ်မတွေဆီ အစားအစာ ပေါင် ၇၀၀,၀၀၀ ကျော်၊ အ၀တ်အထည် ပေါင် ၁,၀၀၀,၀၀၀ ကျော်၊ ဖိနပ် ၁၂၄,၀၀၀ ကျော် ပို့ပေးခဲ့တယ်။ ၁၉၄၈၊ ဩဂုတ်လရောက်တော့ ဒီကယ်ဆယ်ရေးလုပ်ငန်းကြီး ပြီးဆုံးသွားတယ်။ ဒါနဲ့ပတ်သက်ပြီး ၁၉၄၉ ခုနှစ်ထုတ် ကင်းမျှော်စင် မှာ အခုလိုဖော်ပြတယ်– “ဒီလုပ်ငန်းက အချင်းချင်းမေတ္တာရှိတယ်ဆိုတာ ကောင်းကောင်းဖော်ပြလိုက်တာပဲ။ ညီအစ်ကိုအားလုံးက သခင်ကို ချီးမွမ်းဂုဏ်တင်နိုင်ဖို့၊ ညီအစ်ကို ညီအစ်မတွေ စစ်မှန်တဲ့ဝတ်ပြုရေးမှာ ဆက်ပါဝင်နိုင်ဖို့ အခုလို ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့မှန်း ကျွန်တော်တို့သိတယ်။ ဒီလိုနည်းနဲ့ ညီအစ်ကိုတွေအတွက် အမှုဆောင်ရတာကို အခွင့်ထူးကြီးအဖြစ် ယူမှတ်ကြတယ်။” ဒီကယ်ဆယ်ရေးလုပ်ငန်းက ယေဟောဝါကို ချီးမွမ်းဂုဏ်တင်စရာဖြစ်စေတယ်။ ဒါ့အပြင် ယုံကြည်သူချင်းတွေအတွက် အကူအညီဖြစ်စေပြီး ကမ္ဘာချီညီအစ်ကိုအသင်းအပင်းရဲ့ စည်းလုံးမှုနှောင်ကြိုးကိုလည်း ခိုင်မြဲစေတယ်။

၁၁ ကျွန်တော်တို့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို သက်သေခံမဟုတ်သူတွေလည်း အသိအမှတ်ပြုကြတယ်။ ဥပမာ၊ ၂၀၁၃ ခုနှစ်၊ အမေရိကန်နိုင်ငံ၊ အာကန်ဆောပြည်နယ်မှာ ဘေးအန္တရာယ်ကျရောက်ပြီးနောက် သက်သေခံစေတနာ့ဝန်ထမ်းတွေ ချက်ချင်းကူညီပေးတာနဲ့ပတ်သက်ပြီး သတင်းစာတစ်စောင်က အခုလိုဖော်ပြတယ်– “ယေဟောဝါသက်သေတွေက စေတနာ့ဝန်ထမ်းတွေကို ကောင်းကောင်းစီစဉ်ဖွဲ့စည်းထားတယ်။ ဒါကြောင့် အဲဒီစေတနာ့ဝန်ထမ်းတွေက ဘေးအန္တရာယ်ကျရောက်ချိန်မှာ ကျွမ်းကျွမ်းကျင်ကျင်၊ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ကြတယ်။” တမန်တော်ပေါလုပြောသလိုပါပဲ၊ ကျွန်တော်တို့ဟာ ညီအစ်ကိုတွေရဲ့ “လိုအပ်ချက်ကို များစွာဖြည့်ဆည်းပေး” ကြတယ်။

၁၂–၁၄။ (က) ကယ်ဆယ်ရေးလုပ်ငန်းရဲ့ တတိယရည်ရွယ်ချက်ပြီးမြောက်ဖို့ ဘာကြောင့်အရေးကြီးတာလဲ။ (ခ) ဘုရားရေးရာလုပ်ငန်းတွေကို ဆက်လုပ်ဆောင်ဖို့ အရေးကြီးကြောင်း ဘယ်စကားတွေက ဖော်ပြသလဲ။

၁၂ တတိယ၊ ဒုက္ခရောက်နေသူတွေကို ဝတ်ပြုရေးလုပ်ရိုးလုပ်စဉ်တွေ ပုံမှန်ပြန်လုပ်နိုင်အောင် ကူညီပေးတယ်။ အဲဒါက ဘာကြောင့်အရေးကြီးတာလဲ။ ကယ်ဆယ်ရေးအကူအညီရရှိသူတွေဟာ “ဘုရားသခင်၏ကျေးဇူးတော်ကို ပို၍ပို၍ချီးမွမ်း” ဖို့ လှုံ့ဆော်ခံရမယ်ဆိုပြီး ပေါလုပြောခဲ့တယ်။ (၂ ကော. ၉:၁၂ခ၊ ခမ) ဒုက္ခရောက်သူတွေအနေနဲ့ ဝတ်ပြုရေးလုပ်ရိုးလုပ်စဉ်တွေကို အမြန်ဆုံးပြန်လုပ်နိုင်ခြင်းအားဖြင့် ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းနိုင်ကြတယ်။ ကိုယ်တော့်ကို ကျေးဇူးတင်ကြောင်းဖော်ပြဖို့ အဲဒါထက်ပိုကောင်းတဲ့နည်း ရှိပါ့မလား။ (ဖိ. ၁:၁၀) ၁၉၄၅ ခုနှစ်ထုတ် ကင်းမျှော်စင်က အခုလိုပြောတယ်– “အလှူငွေကောက်ခံတာကို . . . ပေါလု သဘောတူတယ်။ အဲဒါက အကူအညီလိုနေတဲ့ ခရစ်ယာန်ညီအစ်ကိုတွေကို . . . ထောက်ပံ့ပေးနိုင်လို့ပဲ။ ဒီနည်းနဲ့ သူတို့က ယေဟောဝါအကြောင်း သက်သေခံခြင်းလုပ်ငန်းမှာ အပူအပင်မရှိဘဲ ထက်ထက်သန်သန် ပါဝင်နိုင်ကြမယ်။” ဒီနေ့ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကလည်း အတူတူပါပဲ။ ဟောပြောခြင်းလုပ်ငန်းမှာ ပြန်ပါဝင်ခြင်းအားဖြင့် ညီအစ်ကိုတွေဟာ စိတ်ဓာတ်ကျနေတဲ့ အိမ်နီးချင်းတွေကို အားပေးနိုင်ရုံမက သူတို့ကိုယ်တိုင်လည်း အားရှိလာကြတယ်။—၂ ကောရိန္သု ၁:၃၊ ၄ ကိုဖတ်ပါ။

၁၃ ကယ်ဆယ်ရေးအထောက်အပံ့တွေရရှိပြီး ဟောပြောခြင်းလုပ်ငန်းမှာ ပြန်ပါဝင်နိုင်လို့ ခွန်အားရရှိခဲ့တဲ့ ညီအစ်ကိုညီအစ်မတချို့ ပြောပြတာကို နားထောင်ကြည့်ပါ။ ညီအစ်ကိုတစ်ယောက်က “မိသားစုလိုက် အမှုဆောင်လုပ်ငန်းမှာ ပါဝင်ရတာ ကောင်းချီးတစ်ခုပါပဲ။ တခြားသူတွေကို နှစ်သိမ့်ပေးတဲ့အခါ ကိုယ့်ရဲ့စိုးရိမ်ပူပန်မှုတွေ ခဏတာလျော့ပါးသွားတယ်” လို့ပြောပြတယ်။ ညီအစ်မတစ်ယောက်က “ဘုရားရေးရာလုပ်ငန်းတွေကို အာရုံစိုက်တဲ့အခါ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ အနိဋ္ဌာရုံတွေကို မေ့သွားတယ်။ လုံခြုံတယ်လို့ ခံစားလာရတယ်” ဆိုပြီးပြောတယ်။ နောက်ညီအစ်မတစ်ယောက်ကလည်း အခုလိုပြောတယ်– “အခြေအနေတွေကို မပြောင်းလဲနိုင်တာမှန်ပေမဲ့ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တာက အနာဂတ်မျှော်လင့်ချက်ကို အာရုံစိုက်နေဖို့ ကျွန်မတို့မိသားစုကို ကူညီပေးတယ်။ ကမ္ဘာသစ်မျှော်လင့်ချက်အကြောင်း တခြားသူတွေကိုပြောပြတဲ့အခါ အရာခပ်သိမ်း အသစ်ဖြစ်လာမယ်ဆိုတာ ပိုယုံကြည်စိတ်ချလာတယ်။”

၁၄ ဒုက္ခရောက်နေတဲ့ ယုံကြည်သူချင်းတွေ အမြန်ဆုံးပြန်နာလန်ထူနိုင်ဖို့ လိုအပ်တဲ့အရာ နောက်တစ်ခုကတော့ စည်းဝေးတက်ရောက်ခြင်းပါပဲ။ အသက် ၆၀ နီးပါးရှိပြီဖြစ်တဲ့ ညီအစ်မကီယိုကိုအကြောင်း သုံးသပ်ကြည့်ပါ။ ဆူနာမီကြောင့် သူ့မှာရှိတာအားလုံး ဆုံးရှုံးသွားတယ်။ သူ့ကိုယ်ပေါ်ကအဝတ်နဲ့ ဖိနပ်ပဲကျန်တယ်။ ဘယ်လိုရှေ့ဆက်ရပ်တည်ရမှန်း မသိတော့ဘူး။ ဒီအချိန်မှာ အကြီးအကဲတစ်ယောက်က သူ့ကားထဲမှာ ပတ်စဉ်စည်းဝေးလုပ်မယ်လို့ လာပြောတယ်။ ညီအစ်မကီယိုကို ဒီလိုပြောပြတယ်– “ကားထဲမှာ အကြီးအကဲနဲ့သူ့ဇနီးရယ်၊ နောက်ညီအစ်မတစ်ယောက်နဲ့ ကျွန်မရယ်၊ ဒါပဲရှိတယ်။ စည်းဝေးကတော့ ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ အံ့ဩစရာက ဆူနာမီအကြောင်းကို ကျွန်မမေ့သွားတယ်။ စိတ်ငြိမ်သက်မှု ခံစားလာရတယ်။ ဒီစည်းဝေးက ခရစ်ယာန်ပေါင်းသင်းမှုရဲ့အစွမ်းတန်ခိုးကို ပြလိုက်တာပဲ။” ဘေးအန္တရာယ်ကျရောက်ပြီးနောက် တက်ခဲ့တဲ့စည်းဝေးတွေနဲ့ပတ်သက်ပြီး နောက်ညီအစ်မတစ်ယောက်က “အဲဒီစည်းဝေးတွေဟာ ကျွန်မရဲ့အသက်သွေးကြောပါပဲ” လို့ပြောပြတယ်။—ရော. ၁:၁၁၊ ၁၂; ၁၂:၁၂။

ကယ်ဆယ်ရေးလုပ်ငန်းက တည်မြဲတဲ့အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေ

၁၅၊ ၁၆။ (က) ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ခြင်းကနေ ကောရိန္သုအသင်းသားတွေနဲ့ တခြားခရစ်ယာန်တွေ ဘယ်လိုအကျိုးရခဲ့သလဲ။ (ခ) ဒီနေ့အချိန်မှာလည်း ကယ်ဆယ်ရေးလုပ်ငန်းကနေ ဘယ်လိုအကျိုးရရှိသလဲ။

၁၅ ကယ်ဆယ်ရေးလုပ်ငန်းအကြောင်း ပေါလုပြောတဲ့အခါ ဒီလုပ်ငန်းမှာပါဝင်ခြင်းကနေ ကောရိန္သုအသင်းသားတွေကိုယ်တိုင်နဲ့ တခြားခရစ်ယာန်တွေ ဘယ်လိုအကျိုးခံစားရတယ်ဆိုတာလည်း ရှင်းပြခဲ့တယ်။ သူအခုလိုပြောတယ်– “သင်တို့ရရှိသော ဘုရားသခင်၏သာလွန်သည့် မဟာကရုဏာတော်ကြောင့် သူတို့ [အကူအညီရရှိတဲ့ ဂျေရုဆလင်မြို့က ဂျူးခရစ်ယာန်တွေ] သည် သင်တို့ကို တမ်းတလျက် [အလွန်ချစ်ခင်မြတ်နိုးလျက်၊ ခမ] သင်တို့အတွက် တိုးလျှိုးအသနားခံ ဆုတောင်းပေးကြ၏။” (၂ ကော. ၉:၁၄) မှန်ပါတယ်၊ ကောရိန္သုအသင်းသားတွေရဲ့ရက်ရောမှုကြောင့် ဂျူးခရစ်ယာန်တွေဟာ ကောရိန္သုမြို့မှာရှိတဲ့ လူမျိုးခြားညီအစ်ကိုတွေအပါအဝင် ညီအစ်ကိုအားလုံးအတွက် ဆုတောင်းပေးကြတယ်။ သူတို့ကို ပိုပြီးချစ်ခင်မြတ်နိုးလာကြတယ်။

၁၆ ကယ်ဆယ်ရေးလုပ်ငန်းရဲ့ အကျိုးကျေးဇူးအကြောင်း ပေါလုပြောတဲ့စကားတွေက ဒီနေ့အချိန်နဲ့လည်းသက်ဆိုင်ကြောင်း ၁၉၄၅၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ အခုလိုဖော်ပြတယ်– “ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံထားတဲ့လူမျိုးထဲမှာ အုပ်စုတစ်စုက တခြားတစ်စုရဲ့လိုအပ်ရာကို ထောက်မပေးတဲ့အခါ သူတို့တွေ ဘယ်လောက်တောင်စည်းလုံးလာမယ်ဆိုတာ စဉ်းစားကြည့်ပါ။” ဒီနေ့ ကယ်ဆယ်ရေးလုပ်သားတွေလည်း ထပ်တူခံစားနေရတယ်။ ရေလွှမ်းမိုးတဲ့ဒေသမှာကူညီပေးခဲ့တဲ့ အကြီးအကဲတစ်ယောက်က “ကယ်ဆယ်ရေးလုပ်ငန်းကြောင့် ညီအစ်ကိုတွေနဲ့ အရင်ကထက် ပိုရင်းနှီးလာတယ်” ဆိုပြီး ပြောပြတယ်။ ကယ်ဆယ်ရေးအထောက်အပံ့ရရှိခဲ့တဲ့ ညီအစ်မတစ်ယောက်ကလည်း “ညီအစ်ကိုအသင်းအပင်းရဲ့ အကူအညီကိုရတဲ့အခါ မြေကြီးပရဒိသုထဲ ရောက်နေသလိုမျိုးခံစားမိတယ်” လို့ပြောခဲ့တယ်။—သုတ္တံ ၁၇:၁၇ ကိုဖတ်ပါ။

၁၇။ (က) ဟေရှာယ ၄၁:၁၃ မှာပါတဲ့ စကားတွေက ကယ်ဆယ်ရေးလုပ်ငန်းနဲ့ ဘယ်လိုသက်ဆိုင်သလဲ။ (ခ) ကယ်ဆယ်ရေးလုပ်ငန်းက ယေဟောဝါကို ချီးမွမ်းဂုဏ်တင်ပြီး စည်းလုံးမှုနှောင်ကြိုးခိုင်မြဲစေတယ်ဆိုတဲ့ တွေ့ကြုံမှုတချို့ပြောပြပါ။ (“ကယ်ဆယ်ရေးလုပ်ငန်းမှာပါဝင်နေတဲ့ ကမ္ဘာတစ်ဝန်းကစေတနာ့ဝန်ထမ်းများ” လေးထောင့်ကွက်ကိုလည်းကြည့်ပါ။)

၁၇ ဘေးအန္တရာယ်ကျရောက်တဲ့နေရာကို ကယ်ဆယ်ရေးလုပ်သားတွေ ရောက်လာတဲ့အခါ ဒုက္ခသည်ညီအစ်ကိုတွေဟာ ဘုရားသခင်ရဲ့ဒီကတိစကားတွေ တကယ်ပြည့်စုံလာတာကို ခံစားရတယ်– ‘သင့်ဘုရားသခင် ငါယေဟောဝါဟာ သင့်ညာလက်ကို ဆုပ်ကိုင်ပြီး “မကြောက်နဲ့။ သင့်ကို ငါကူညီမယ်” လို့ပြောတဲ့အရှင်ဖြစ်တယ်။’ (ဟေရှာ. ၄၁:၁၃၊ ကဘ) ဘေးအန္တရာယ်ကြုံရပြီးနောက် ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “ပျက်စီးဆုံးရှုံးတာတွေကိုကြည့်ပြီး မျှော်လင့်ချက်မရှိတော့ဘူးလို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့လက်တော်က ကျွန်မကို ထောက်မပေးတယ်။ ညီအစ်ကိုတွေဆီကနေရတဲ့ အကူအညီက မပြောပြနိုင်လောက်အောင်ပါပဲ။” ဘေးအန္တရာယ်ကြောင့်ပျက်စီးသွားတဲ့ဒေသက အကြီးအကဲနှစ်ယောက်ဟာ အသင်းတော်တွေကိုယ်စား အခုလိုစာရေးခဲ့တယ်– “ငလျင်ဒဏ်ကြောင့် အကြီးအကျယ်ပျက်စီးခဲ့ပေမဲ့ ညီအစ်ကိုတွေကနေတစ်ဆင့် ယေဟောဝါရဲ့အကူအညီကို ခံစားလိုက်ရတယ်။ ကယ်ဆယ်ရေးလုပ်ငန်းအကြောင်းကို အရင်က ဖတ်ပဲဖတ်ဖူးတာ။ အခုတော့ မျက်မြင်ကိုယ်တွေ့ပါပဲ။”

ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်နေတဲ့ ညီအစ်ကို ပီတာန်ဆင်

သူ့ဘဝကို ပုံသွင်းပေးတဲ့အရာ

ကယ်ဆယ်ရေးလုပ်ငန်းမှာပါဝင်တဲ့အတွက် လူငယ်တွေ ဘယ်လိုအကျိုးခံစားရသလဲ။ ပီတာဂျွန်ဆင်အကြောင်း သုံးသပ်ကြည့်ပါ။ အသက် ၁၈ နှစ်တုန်းက ကယ်ဆယ်ရေးလုပ်ငန်းမှာ သူဦးဆုံးပါဝင်ခဲ့တယ်။ “ညီအစ်ကိုညီအစ်မတွေရဲ့ ကျေးဇူးတင်လေးမြတ်မှုကို တွေ့ရတဲ့အခါ၊ ပေးကမ်းခြင်းကနေရတဲ့ ပျော်ရွှင်မှုကို ခံစားရတဲ့အခါ ကျွန်တော် အရမ်းစိတ်စွဲမှတ်သွားတယ်။ ဒီလိုနဲ့ ယေဟောဝါရဲ့အမှုတော်မှာ ကျွန်တော့်ဘဝကို အတတ်နိုင်ဆုံး အပြည့်အဝအသုံးချချင်တဲ့ဆန္ဒ ပိုခိုင်မာလာတယ်” လို့သူပြောပြတယ်။ အဲဒီနောက် ပီတာက ရှေ့ဆောင်စလုပ်တယ်။ ဗေသလမှာလည်း အမှုဆောင်ခဲ့ပြီး နောက်ပိုင်းမှာ ဒေသန္တရဆောက်လုပ်ရေးကော်မတီဝင် ဖြစ်လာတယ်။ “၁၉၇၄ ခုနှစ်မှာ ဦးဆုံးအကြိမ် ပါ၀င်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်ငန်းက ကျွန်တော့်ဘဝကို ပုံသွင်းပေးခဲ့တာပဲ” လို့ အခု သူပြောပြတယ်။ သင်ဟာ လူငယ်တစ်ယောက်ဆိုရင် ပီတာရဲ့ပုံသက်သေကို လိုက်လျှောက်နိုင်မလား။ ယေဟောဝါရဲ့အမှုတော်မှာပါဝင်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းက သင့်ဘဝကို ပုံမသွင်းပေးနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။

သင်ကော ပါဝင်နိုင်မလား

၁၈။ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ချင်ရင် ဘာလုပ်ရမလဲ။ (“သူ့ဘဝကို ပုံသွင်းပေးတဲ့အရာ” လေးထောင့်ကွက်ကိုလည်းကြည့်ပါ။)

၁၈ ကယ်ဆယ်ရေးလုပ်ငန်းကနေရတဲ့ ရွှင်လန်းမှုကို သင်ခံစားချင်သလား။ ခံစားချင်ရင် မှတ်ထားရမယ့်အချက်တစ်ချက်က ကယ်ဆယ်ရေးလုပ်သားတွေကို နိုင်ငံတော်ခန်းမဆောက်လုပ်ရေးလုပ်သားတွေထဲကနေ ရွေးချယ်လေ့ရှိတယ်ဆိုတာပဲ။ ဒါကြောင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် လျှောက်လွှာတင်ချင်တဲ့အကြောင်း အကြီးအကဲတွေကို ပြောပြပါ။ ကယ်ဆယ်ရေးလုပ်ငန်းမှာ အတွေ့အကြုံရှိတဲ့အကြီးအကဲတစ်ယောက်က “ကယ်ဆယ်ရေးကော်မတီရဲ့ တရားဝင်ဖိတ်ခေါ်ချက်ရမှ ဘေးအန္တရာယ်ကျရောက်တဲ့ဒေသကို သွားပါ” လို့ သတိပေးတယ်။ ဒီနည်းအားဖြင့် ကယ်ဆယ်ရေးလုပ်ငန်းကို စည်းစနစ်တကျ လုပ်ဆောင်နိုင်မယ်။

၁၉။ ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ တပည့်စစ်တွေဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းက ဘယ်လိုဖော်ပြသလဲ။

၁၉ ကယ်ဆယ်ရေးလုပ်ငန်းဟာ “အချင်းချင်း ချစ်ကြလော့” ဆိုတဲ့ ခရစ်တော်ရဲ့အမိန့်ကို နာခံတဲ့ နည်းတစ်နည်းဖြစ်တယ်။ ဒီလိုမေတ္တာပြတဲ့အခါ ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့တပည့်စစ်တွေဖြစ်ကြောင်း တင်ပြကြတယ်။ (ယော. ၁၃:၃၄၊ ၃၅) ဘုရားသခင့်နိုင်ငံတော်ရဲ့ သစ္စာရှိနိုင်ငံသားတွေကို လိုအပ်သလိုကူညီပေးပြီး ယေဟောဝါကို ချီးမွမ်းဂုဏ်တင်နေတဲ့ စေတနာ့ဝန်ထမ်းလုပ်သားအများကြီးရှိတာ တကယ့်ကောင်းချီးတစ်ခုပါပဲ။

a ဒီအခန်းမှာ ယုံကြည်သူချင်းတွေအတွက် လုပ်ဆောင်ပေးတဲ့ ကယ်ဆယ်ရေးလုပ်ငန်းအကြောင်း ဆွေးနွေးထားတယ်။ အဖြစ်အပျက်တော်တော်များများမှာ ကျွန်တော်တို့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းက သက်သေခံမဟုတ်သူတွေကိုလည်း အကျိုးပြုတယ်။—ဂလ. ၆:၁၀။

b ပေါလုက “ဓမ္မအမှုထမ်း” ဆိုတဲ့စကားလုံးအတွက် ဒီအာခိုနို့စ် (အမှုဆောင်သူ) ရဲ့ အများကိန်းပုံစံကို အသုံးပြုခဲ့တယ်။ —၁ တိ. ၃:၁၂။

c ၁၉၉၄၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၃-၂၇ မှာပါတဲ့ “ဘော့စနီးယားရှိ ကျွန်ုပ်တို့၏ယုံကြည်ခြင်း အိမ်သူအိမ်သားများကို ကူညီခြင်း” ဆောင်းပါးကိုကြည့်ပါ။

နိုင်ငံတော် တကယ်တည်ရှိကြောင်း ဘယ်လောက်ထိ သင်ယုံကြည်စိတ်ချသလဲ

  • ကယ်ဆယ်ရေးလုပ်ငန်းဟာ မြင့်မြတ်တဲ့အမှုတော်ရဲ့အစိတ်အပိုင်းဖြစ်ကြောင်း ဘယ်လိုသိရသလဲ။

  • ကယ်ဆယ်ရေးလုပ်ငန်းရဲ့ အဓိကရည်ရွယ်ချက်သုံးခုက ဘာလဲ။

  • ကယ်ဆယ်ရေးလုပ်ငန်းက တည်မြဲတဲ့ ဘယ်အကျိုးကျေးဇူးတွေကို ဖြစ်ထွန်းစေသလဲ။

  • ကယ်ဆယ်ရေးလုပ်ငန်းက ယောဟန် ၁၃:၃၄ မှာပါတဲ့ ယေရှုရဲ့အမိန့်နဲ့ ဘယ်လိုဆက်စပ်သလဲ။

ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်နေတဲ့ ကမ္ဘာတစ်ဝန်းကစေတနာ့ဝန်ထမ်းများ

ဗဟိုနဲ့အနောက်အာဖရိက

၁၉၉၄ ခုနှစ်၊ ရ၀မ်ဒါနိုင်ငံမှာ မျိုးဖြုတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၈၀၀,၀၀၀ ဒါမှမဟုတ် ဒီထက်မက အသတ်ခံခဲ့ရတယ်။ အဲဒီသတ်ဖြတ်မှုပြီးနောက် ဗဟိုအာဖရိကရဲ့ တခြားနိုင်ငံတွေမှာလည်း ဆူပူအုံကြွမှုတွေဖြစ်လာတဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ လူတွေပြည့်ကျပ်နေတော့တယ်။ ဒုက္ခရောက်နေတဲ့ ယုံကြည်သူချင်းတွေကို ကူညီပေးဖို့ ဘယ်လ်ဂျီယံ၊ ပြင်သစ်နဲ့ ဆွစ်ဇလန်နိုင်ငံက သက်သေခံတွေဟာ အစားအစာ၊ အဝတ်အထည်၊ ဆေးဝါး၊ ရွက်ဖျင်တဲနဲ့ တခြားပစ္စည်း စုစုပေါင်း တန် ၃၀၀ နီးပါးကို လေယာဉ်နဲ့ပို့ပေးကြတယ်။ အပတ်အနည်းငယ်အတွင်း အဲဒီပစ္စည်းတွေက လိုအပ်နေတဲ့ညီအစ်ကိုတွေဆီ ရောက်သွားတယ်။

ပြင်သစ်နိုင်ငံက သက်သေခံဆရာဝန်နဲ့ သူနာပြု ဆယ်ယောက်အဖွဲ့ဟာ အာဖရိကမှာ ပြည်တွင်းစစ်၊ အငတ်ဘေးနဲ့ ရောဂါတွေကြောင့် ဝေဒနာခံစားနေရတဲ့ညီအစ်ကိုညီအစ်မတွေကို ကူညီပေးခဲ့တယ်။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာပဲ အဲဒီအဖွဲ့ဟာ လူနာ ၁၀,၀၀၀ ကျော်ကို ကုသပေးခဲ့တယ်။ သူတို့ရဲ့လုပ်ဆောင်မှုက ယေဟောဝါနဲ့ ကိုယ်တော့်အဖွဲ့အစည်းကို ချီးမွမ်းဂုဏ်တင်စရာ ဖြစ်စေခဲ့တယ်။ သူနာပြုညီအစ်မ တစ်ယောက် အခုလိုပြောပြတယ်– “ညီအစ်ကိုညီအစ်မတွေကို ကူညီပေးဖို့ အဲဒီနေရာကို ကျွန်မတို့ရောက်သွားတဲ့အခါ လူတွေက ‘သူတို့က ယေဟောဝါသက်သေတွေ၊ သူတို့ညီအစ်ကိုတွေကို ကူညီပေးဖို့ ရောက်လာကြတာ’ ဆိုပြီး တလေးတစားပြောကြတယ်။” သူနာပြုတစ်ယောက်ရဲ့အကူအညီကိုရရှိတဲ့ သက်သေခံညီအစ်မက “ကျေးဇူးတင်ပါတယ်၊ ညီအစ်မရယ်။ ယေဟောဝါ၊ ကိုယ်တော့်ကို သိပ်ကျေးဇူးတင်ပါတယ်” လို့ပြောခဲ့တယ်။

ဆိုးဝါးတဲ့မတော်တဆမှုတွေ ဖြစ်ပျက်တဲ့အခါမှာလည်း ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဖို့ လိုအပ်လာတယ်။ ၂၀၁၂ ခုနှစ်တုန်းက နိုင်ဂျီးရီးယားနိုင်ငံမှာ ယာဉ်တိုက်မှုတစ်ခုကြောင့် ၅၄ ယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး အသင်းတော်ငယ်တစ်ခု တည်းက သက်သေခံပေါင်း ၁၃ ယောက် သေဆုံးသွားတယ်။ ကယ်ဆယ်ရေး ကော်မတီက ဒဏ်ရာရသူတစ်ယောက်ချင်းစီကို နေ့ရောညပါ ကြည့်ရှုစောင့်ရှောက် ပေးဖို့ စီစဉ်ခဲ့တယ်။ ဒဏ်ရာရညီအစ်ကို ညီအစ်မတွေကို မနားမနေပြုစုနေတာကို လူနာအမျိုးသမီးတစ်ယောက်တွေ့တော့ ဓမ္မဆရာဆီဖုန်းဆက်ပြီး “ချာ့ချ်ကလူတွေ တစ်ယောက်မှ ကျွန်မကို လာမကြည့်ဘူး။ ယေဟောဝါသက်သေတွေ အချင်းချင်း ဘယ်လောက်ချစ်ကြတယ်ဆိုတာ ဆေးရုံမှာ လာကြည့်ပါအုံး” လို့ပြောခဲ့တယ်။

အဲဒီအသင်းတော်ငယ်လေးက ကျွန်တော်တို့ချစ်ရတဲ့ညီအစ်ကိုတွေဟာ ဝမ်းနည်းကြေကွဲစရာတွေ ကြုံခဲ့ရပေမဲ့ ယုံကြည်သူချင်းတွေပြတဲ့မေတ္တာကြောင့် နှစ်သိမ့်မှုခံစားခဲ့ရတယ်။ ဒါ့အပြင် နာကျင်ခံစားနေရတဲ့ ညီအစ်ကိုတွေကို ကယ်ဆယ်ရေးလုပ်သားတွေ မေတ္တာပါပါ ဂရုစိုက်စောင့်ရှောက်ပေးတာကို တွေ့တဲ့အခါ အသင်းတော်မှာရှိတဲ့တခြားသူတွေလည်း အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်ဖို့ လှုံ့ဆော်ခံခဲ့ရတယ်။ မတော်တဆမှု မဖြစ်ခင်က အသင်းတော်မှာ ကြေညာသူ ၃၅ ယောက်ရှိပေမဲ့ တစ်နှစ်အတွင်းမှာ ကြေညာသူ ၆၀ အထိ တိုးတက်လာတယ်။

ဩစတြေးလျ

၂၀၁၃ ခုနှစ်၊ ကွင်းစလန်းကမ်းရိုးတန်းဒေသတချို့မှာ ရေလွှမ်းမိုးဘေးကြောင့် သက်သေခံ ၇၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်။ မာ့ခ်နဲ့ရော်န်ဒါတို့ရဲ့အိမ်မှာ ရေတက်လာလို့ သူတို့ရဲ့သမီးနဲ့အတူ ကယ်ဆယ်ရေး စခန်းဆီ ထွက်ပြေးခဲ့ရတယ်။ အဲဒီမှာ လူတွေပြည့်ကျပ်နေတာပဲ။ “ထိုင်စရာနေရာတောင် မရှိဘူး” လို့ရော်န်ဒါပြောပြတယ်။ အနီးအနားမှာ တက်လိုက်ဆင်းလိုက်လုပ်နေတဲ့ ရဟတ်ယာဉ်တွေရဲ့ဆူညံသံကလည်း နားကွဲမတတ်ပဲ။ ရော်န်ဒါက သူ့ယောက်ျားကို “ကျွန်မတို့ ဘယ်သွားကြမလဲ” ဆိုပြီး စိုးရိမ်တကြီးမေးလိုက်တယ်။ မာ့ခ်က ယေဟောဝါဆီ ထက်ထက်သန်သန် ဆုတောင်းပြီး အကူအညီတောင်းတယ်။ ရော်န်ဒါ အခုလိုပြောပြတယ်– “နာရီဝက်လောက်ကြာတော့ စခန်းကို ကားတစ်စီးရောက်လာပြီး ညီအစ်ကိုသုံးယောက် ဆင်းလာတယ်။ ကျွန်မတို့ကိုတွေ့တော့ ‘ညီအစ်မတို့ကို လာခေါ်တာ။ ညီအစ်ကိုတစ်ယောက်အိမ်မှာ နေရာချပေးမယ်’ လို့ပြောတယ်။ ယေဟောဝါအဖွဲ့အစည်းရဲ့ မေတ္တာပါဂရုစိုက်စောင့်ရှောက်မှုအတွက် အဲဒီအချိန်မှာ ကျွန်မတို့ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ ပြောမပြတတ်အောင်ပါပဲ။”

အဲဒီဒေသကို စေတနာ့ဝန်ထမ်း ၂၅၀ ကျော် ချက်ချင်းရောက်သွားပြီး ညီအစ်ကိုတွေကို ကူညီပေးခဲ့တယ်။ သက်ကြီးညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “ကျွန်တော့်အိမ်ကို သက်သေခံတစ်စု ရောက်ချ လာပြီး ပုရွက်ဆိတ်တွေလိုပဲ မမောနိုင်မပန်းနိုင် သန့်ရှင်းရေးလုပ်ပေးကြတယ်။ သူတို့ကူညီပေးတာကို ကျွန်တော်နဲ့ကျွန်တော့်ဇနီး ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။”

ဘရာဇီး

၂၀၀၈ ခုနှစ်၊ စန်တာ ကာတီရီနာပြည်နယ်မှာ ရွှံ့နွံတွေစီးဆင်းလာပြီး ရေလွှမ်းမိုးတဲ့အတွက် လူ ၈၀,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်။ “ဆူနာမီလိုပဲ ရွှံ့နွံတွေရော အပင်တွေပါ ရောပြီးဆင်းလာတယ်” လို့ဒေသခံတစ်ယောက် ပြောပြတယ်။ ညီအစ်ကိုတချို့က စည်းဝေးပွဲ ခန်းမမှာ ယာယီနေထိုင်ကြတယ်။ “သူတို့က အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ရောက်လာကြတာ၊ တစ်ကိုယ်လုံးလည်း ရွှံ့တွေချည်းပဲ” ဆိုပြီး ခန်းမကိုကြည့်ရှုပေးတဲ့ ညီအစ်ကိုမာဆီယို ပြောတယ်။ ညီအစ်မတစ်ယောက် အခုလိုပြောပြတယ်– “ကျွန်မတို့ရဲ့အိမ် ပြိုကျသွားပြီး စက္ကန့်ပိုင်းအတွင်း ပျောက်သွားတာကို မြင်လိုက်ရတဲ့အခါ အရမ်း ၀မ်းနည်းမိတယ်။ ဒါပေမဲ့ ညီအစ်ကိုညီအစ်မတွေ နှစ်သိမ့်ပေးခဲ့တာကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ကို သူတို့ အများကြီးမေတ္တာပြခဲ့ကြတယ်။ ဒီအတွေ့အကြုံက ဘုရားရေးရာကို တန်ဖိုး ထားဖို့ ဘယ်လောက်အရေးကြီးမှန်း ကျွန်မကို သင်ပေးခဲ့တယ်။”

ဘရားဇီးနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြုံရတဲ့အခါ ယေဟောဝါသက်သေတွေက လှူဒါန်းထားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို စနစ်တကျဝေငှ

၂၀၀၉ ခုနှစ်မှာ ဘရာဇီးနိုင်ငံ၊ စန်တာ ကာတီရီနာပြည်နယ်က စည်းဝေးပွဲခန်းမကို ကယ်ဆယ်ရေးစခန်းအဖြစ် အသုံးပြုခဲ့ပြီး လှူဒါန်းထားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ပြည့်နေ

စီးဆင်းလာတဲ့ရွှံ့နွံတွေကြောင့် ရီယိုဒီဂျနေရိုမြို့အနီး တောင်စောင်းပေါ်က ရပ်ကွက်အားလုံး ပျက်စီးသွားတယ်။ အဲဒီလိုဘေးအန္တရာယ်တွေ ထပ်ဖြစ်လာရင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ ကယ်ဆယ်ရေးကော်မတီကို အတည်တကျဖွဲ့စည်းခဲ့တယ်။ ရွှံ့နွံတွေ စီးဆင်းလာတော့မယ်ဆိုရင် ခေါင်းဆောင်တွေ (အဲဒီဒေသမှာနေထိုင်တဲ့ တာ၀န်ကျညီအစ်ကိုတွေ) က ကော်မတီကို ချက်ချင်းအသိပေးတယ်။ ဒီအခါ စေတနာ့၀န်ထမ်းတွေက “ယေဟောဝါသက်သေများ—လူသားချင်းစာနာထောက်ထားရေးအဖွဲ့” ဆိုပြီး ဆိုင်းဘုတ်တပ်ထားတဲ့ ထရပ်ကားတွေနဲ့ အမြန်ဆုံးရောက်လာကြတယ်။ ပစ္စည်းကိရိယာ အစုံအလင် ပါတဲ့ ကယ်ဆယ်ရေးလုပ်သားတွေကို ကြိုတင်တာ၀န်ပေးပြီးသားဖြစ်တယ်။ လုပ်သားအားလုံးက ယေဟောဝါသက်သေမှန်းသိသာစေတဲ့ ဝတ်စုံတွေ၀တ်ထားကြတယ်။ ဆေးရုံဆက်သွယ်ရေးကော်မတီက ညီအစ်ကိုတွေကလည်း ထိခိုက်ဒဏ်ရာရတဲ့ ညီအစ်ကိုညီအစ်မတွေကို ကူညီပေးကြတယ်။ ကယ်ဆယ်ရေးလုပ်သားတွေက အစားအစာ၊ အ၀တ်အထည်၊ ရေ၊ ဆေးဝါးနဲ့ သန့်ရှင်းရေးပစ္စည်းတွေ ယူလာကြတယ်။ အိမ်တွေကို သန့်ရှင်းရေးလုပ်ရတာ တော်တော်လေးခက်တယ်။ မကြာသေးခင်က ရွှံ့နွံတွေစီးဆင်းလာပြီးနောက် စေတနာ့၀န်ထမ်း ၆၀ ဟာ အိမ်တစ်အိမ်တည်းကနေ ထရပ်ကားလေးစီးစာ ရွှံ့နွံတွေကို ဖယ်ရှားခဲ့ရတယ်။

ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း

ဘေးအန္တရာယ်အတွက် ဘယ်လိုကြိုတင်ပြင်ဆင်ရမယ်၊ ကြုံလာတဲ့အခါ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး အသင်းတော်အကြီးအကဲတွေ၊ နယ်လှည့်ကြီးကြပ်မှူးတွေကို ညွှန်ကြားချက်တွေပေးဖို့ အုပ်ချုပ်ရေးအဖွဲ့က ဌာနခွဲအားလုံးကို ညွှန်ကြားခဲ့တယ်။ ဥပမာ၊ ဘေးအန္တရာယ်မကျရောက်ခင်ကတည်းက အကြီးအကဲတွေဟာ အသင်းသားတစ်ယောက်စီကို ဆက်သွယ်နိုင်ဖို့ သူတို့ရဲ့နောက်ဆုံးအချက်အလက်တွေကို ရယူထားရမယ်။

ဘေးအန္တရာယ်ကျရောက်တဲ့အခါ

  1. အကြီးအကဲတစ်ယောက်က ကြေညာသူမိသားစုကို လာကြည့်ရှု

    ဒေသခံအကြီးအကဲတွေက ကြေညာသူအားလုံးကို ဆက်သွယ်တယ်

  2. အကြီးအကဲတွေက အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးကို သတင်းပို့တယ်

  3. အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးတွေ၊ နယ်လှည့်ကြီးကြပ်မှူးတွေ၊ တခြားတာဝန်ရှိညီအစ်ကိုတွေနဲ့ ဌာနခွဲရုံးတို့ရဲ့ ဆက်သွယ်ပုံ

    ညှိနှိုင်းရေးမှူးတွေက နယ်လှည့်ကြီးကြပ်မှူးတွေ၊ ဌာနခွဲရုံးနဲ့ဆက်သွယ်မယ့် တခြားတာဝန်ရှိ ညီအစ်ကိုတွေကို သတင်းပို့တယ်

  4. ရေနဲ့အစားအစာများ

    စားစရာ၊ နေစရာ၊ ရေ၊ ဆေးဝါး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ဝတ်ပြုရေးပိုင်းဆိုင်ရာ အကူအညီတွေကို အမြန်ဆုံးပြင်ဆင်ပေးတယ်

  5. ကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့ လိုအပ်ချက်အစီရင်ခံစာတွေကို သုံးသပ်နေ

    ဌာနခွဲရုံးက အခြေအနေနဲ့လိုအပ်ရာတွေကို အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးများကော်မတီဆီ တင်ပြတယ်

  6. ကယ်ဆယ်ရေးပစ္စည်းတွေ ဝေပေးနေ

    ကယ်ဆယ်ရေးကော်မတီက ကယ်ဆယ်ရေးလုပ်ငန်းတွေကို စီစဉ်ဖွဲ့စည်းပြီး ညီအစ်ကိုညီအစ်မတွေ ပြန်နာလန်ထူနိုင်အောင် နှစ်အတော်ကြာအထိ ကူညီပေးတယ်

  7. လေယာဉ်နဲ့ပစ္စည်းတွေပို့

    ညှိနှိုင်းရေးမှူးများကော်မတီက လိုအပ်ရာတွေကို စဉ်းစားသုံးသပ်ပြီးနောက် လိုအပ်မယ်ဆိုရင် နိုင်ငံရပ်ခြားက စေတနာ့ဝန်ထမ်းတွေ သွားရောက်ကူညီပေးဖို့ စီစဉ်တယ်

ကယ်ဆယ်ရေးလုပ်သားတွေကို ကူညီပေးတဲ့ကိရိယာ

ယေဟောဝါသက်သေများနှင့် ကယ်ဆယ်ရေးလုပ်ငန်း ဘရိုရှာ

၂၀၁၃၊ ဇွန်လမှာ ယေဟောဝါသက်သေများနှင့် ကယ်ဆယ်ရေးလုပ်ငန်း ဘရိုရှာကို ထုတ်ဝေခဲ့တယ်။ အမေရိကန်ပြည်ထောင်စုမှာ အရေးပေါ် စီမံခန့်ခွဲရေးလုပ်ငန်းတွေကို ကြီးကြပ်ကွပ်ကဲနေတဲ့ အစိုးရအရာရှိတွေအတွက် အထူးပြင်ဆင်ထားတာဖြစ်တယ်။ ဘရိုရှာထဲမှာ ၁၉၄၀ ပြည့်လွန်နှစ် အလယ်ပိုင်းကစပြီး ကျွန်တော်တို့လုပ်ဆောင်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတချို့အကြောင်း ဖော်ပြထားတယ်။ ကျွန်တော်တို့ရဲ့ကမ္ဘာချီကယ်ဆယ်ရေးလုပ်ငန်းအကြောင်း ဖော်ပြထားတဲ့မြေပုံတစ်ခုလည်း ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း စီစဉ်ဖွဲ့စည်းရာမှာ ပါဝင်တဲ့အကြီးအကဲတစ်ယောက် အခုလိုရှင်းပြတယ်– “ကယ်ဆယ်ရေးကော်မတီတွေမှာ အမှုဆောင်တဲ့ညီအစ်ကိုတွေက ဒီဘရိုရှာကိုသုံးပြီး သက်ဆိုင်ရာအရာရှိကြီးတွေနဲ့ ကြိုတင်ဆက်သွယ်ထား ကြတယ်။ အဲဒီအရာရှိတွေက ကျွန်တော်တို့ရဲ့ကယ်ဆယ်ရေးလုပ်ငန်းအကြောင်း သိပြီးသားဖြစ်နေတော့ ဘေးအန္တရာယ်ကျရောက်တဲ့အခါ အဲဒီဒေသကိုသွားဖို့ ခွင့်ပြုချက်တောင်းရတာ လွယ်သွားတာပေါ့။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ