ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ ဇူလိုင် စာ. ၁၂-၁၆
  • “ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ယေဟောဝါ
  • စာနာတတ်တဲ့ ပုရောဟိတ်မင်း ယေရှု
  • ‘ကျမ်းစာပေးတဲ့ နှစ်သိမ့်မှု’
  • အထူးနှစ်သိမ့်မှုပေးတဲ့ အသင်းတော်
  • ဆက်နှစ်သိမ့်ပေးပါ
  • “နှစ်သိမ့်ခြင်းအမျိုးမျိုး ပေးတော်မူသောဘုရား” ထံတော်မှသက်သာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ပူဆွေးကျန်ရစ်သူကို ယေရှု နှစ်သိမ့်ခဲ့တဲ့အတိုင်း နှစ်သိမ့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဝမ်းနည်းပူဆွေးသူတို့ကို နှစ်သိမ့်ပေးလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • စိတ်မသာညည်းတွားသူတို့ကို နှစ်သိမ့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ ဇူလိုင် စာ. ၁၂-၁၆
ဆေးရုံ စောင့်ဆိုင်းခန်းမှာ ဝမ်းနည်းနေသူများ

“ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ”

“အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေကြပါ။”—၁ သက်. ၅:၁၁။

သီချင်း– ၉၀၊ ၁၁၁

သင် မှတ်မိသလား

  • ယေဟောဝါ ဘယ်လို နှစ်သိမ့်ပေးသလဲ။

  • ဝမ်းနည်းပူဆွေးသူတွေကို ဘယ်ကျမ်းချက်တွေနဲ့ နှစ်သိမ့် ပေးနိုင်သလဲ။

  • ဝမ်းနည်းနေသူတွေကို အသင်းတော်က ဘယ်လို နှစ်သိမ့်ပေးနိုင်သလဲ။

၁၊ ၂။ ဝမ်းနည်းပူဆွေးသူကို နှစ်သိမ့်ပေးနိုင်ပုံအကြောင်း ဘာကြောင့် ဆွေးနွေးသုံးသပ်ဖို့ လိုသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

“သား ဆုံးသွားတာ တစ်နှစ် ကြာတဲ့အထိ ဖြေမဆည်နိုင်အောင် ဝမ်းနည်းပူဆွေးနေတုန်းပဲ” လို့ ဆူဆီ ပြောတယ်။ ဇနီး ရုတ်တရက် ဆုံးပါးသွားတဲ့ ခရစ်ယာန်တစ်ယောက်ကလည်း “ပြောမပြတတ်အောင် နာကျင်ခံစားရတယ်” တဲ့။ တခြားသူများစွာလည်း အဲဒီလိုပဲ ဝမ်းနည်းကြေကွဲကြရတယ်။ ခရစ်ယာန်အသင်းတော်ထဲက ညီအစ်ကို/မများစွာဟာ အာမဂေဒုန် မတိုင်ခင်မှာ ချစ်ရသူတွေ သေဆုံးမယ်လို့ မျှော်လင့်မထားကြဘူး။ ကိုယ်တိုင် ချစ်ရသူ ဆုံးရှုံးရသည်ဖြစ်စေ၊ ချစ်တဲ့သူကို ဆုံးရှုံးရတဲ့ တစ်ယောက်ယောက်ကို သိထားသည်ဖြစ်စေ ‘ဝမ်းနည်းကြေကွဲသူတွေရဲ့ နာကျင်မှုကို ဘယ်လို ဖြေသိမ့်ပေးနိုင်မလဲ’ လို့မေးမိနိုင်ပါတယ်။

၂ အချိန်က ကုစားသွားမှာပါလို့ ပြောတာ ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ကုန်သွားတာနဲ့အမျှ ပူဆွေးမှု တကယ်ပဲ သက်သာသွားပါရဲ့လား။ မုဆိုးမတစ်ယောက် ဒီလိုပြောတယ်- “ပိုပြီးတိတိကျကျ ပြောရမယ်ဆိုရင် တစ်ခုခုလုပ်နေပြီး အချိန်ကုန်လွန်စေတာကပဲ ကုစားပေးတာပါ။” မှန်ပါတယ်၊ ကိုယ်ပေါ်က ဒဏ်ရာလိုပဲ စိတ်ဒဏ်ရာလည်း ပျောက်ကင်းဖို့ အချိန်နဲ့ ဂရုစိုက်မှု လိုတယ်။ အထူးသဖြင့် ဝမ်းနည်းပူဆွေးသူတွေရဲ့ နာကျင်တဲ့ စိတ်ဒဏ်ရာကို ဘာက ကုစားပေးနိုင်သလဲ။

“နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ယေဟောဝါ

၃၊ ၄။ ဝမ်းနည်းပူဆွေးသူ နှစ်သိမ့်မှု လိုအပ်မှန်း ယေဟောဝါ နားလည်ကြောင်း ဘာကြောင့် အသေအချာ ပြောနိုင်သလဲ။

၃ အဓိက နှစ်သိမ့်ပေးသူဟာ ကောင်းကင်ဘုံစံ ဖခင်၊ သနားကြင်နာတတ်တဲ့ ယေဟောဝါပါပဲ။ (၂ ကောရိန္သု ၁:၃၊ ၄ ကိုဖတ်ပါ။) သနားစာနာမှု စံနမူနာရှင် ယေဟောဝါက မိမိလူတွေကို “ငါဟာ မင်းတို့ကို နှစ်သိမ့်ပေးတဲ့အရှင်ပဲ” လို့ စိတ်ချစေခဲ့တယ်။—ဟေရှာ. ၅၁:၁၂။ ဆာ. ၁၁၉:၅၀၊ ၅၂၊ ၇၆။

၄ ကရုဏာကြီးတဲ့အဖကိုယ်တိုင် အာဗြဟံ၊ အိဇက်၊ ယာကုပ်၊ မောရှေ၊ ဘုရင်ဒါဝိဒ်စတဲ့ ချစ်ရသူတွေကို ဆုံးရှုံးခဲ့ဖူးတယ်။ (တော. ၁၂:၆-၈။ မ. ၂၂:၃၁၊ ၃၂။ တ. ၁၃:၂၂) သူတို့ကို အသက်ပြန်ရှင်စေမယ့်အချိန်ကို ယေဟောဝါကိုယ်တိုင် အားတက်သရော မျှော်လင့်တောင့်တနေတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဘ ၁၄:၁၄၊ ၁၅) အဲဒီအချိန်မှာ သူတို့တစ်တွေ ကျန်းမာပျော်ရွှင်ကြပါလိမ့်မယ်။ “ချစ်မြတ်နိုး” ရတဲ့ တစ်ပါးတည်းသော သားလည်း ဝေဒနာပြင်းပြစွာ ခံစားပြီး သေဆုံးခဲ့ရတယ်။ (ပညာ. ၈:၂၂၊ ၃၀) ယေဟောဝါ ခံစားရတဲ့ နာကျင်မှုကို စကားလုံးနဲ့ ဖော်ပြလို့ မရဘူး။—ယော. ၅:၂၀။ ၁၀:၁၇။

၅၊ ၆။ ယေဟောဝါရဲ့ နှစ်သိမ့်မှုကို ဘယ်လို ခံစားရနိုင်သလဲ။

၅ ကျွန်တော်တို့ကို ယေဟောဝါ ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ ဒါကြောင့် ဝမ်းနည်းကြေကွဲမှုကို ယေဟောဝါဆီ ရင်ဖွင့်ပြောပြဖို့ မတွန့်ဆုတ်သင့်ဘူး။ ကျွန်တော်တို့ရဲ့ နာကျင်မှုကို ယေဟောဝါ နားလည်ပေးတယ်၊ လိုအပ်သလို နှစ်သိမ့်ပေးမယ်ဆိုတာ သိရလို့ စိတ်သက်သာစရာပါပဲ။ ဒါပေမဲ့ ဘယ်လို နှစ်သိမ့်ပေးသလဲ။

၆ “စွမ်းအားတော်ကြောင့်ရတဲ့ နှစ်သိမ့်မှု” က ဘုရားနှစ်သိမ့်ပေးတဲ့ နည်းလမ်းတစ်ခုပါပဲ။ (တ. ၉:၃၁) ဘုရားစွမ်းအားတော်က အလွန်ထိရောက်စွာ နှစ်သိမ့်ပေးနိုင်ပါတယ်။ ကောင်းကင်ဘုံစံ ဖခင်က ‘တောင်းတဲ့သူတွေကို သန့်ရှင်းသော စွမ်းအားတော် ပေး’ ချင်လှတယ်လို့ ယေရှု ကတိပေးတယ်။ (လု. ၁၁:၁၃) အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဆူဆီ ဒီလိုပြောတယ်– “နှစ်သိမ့်မှုရဖို့ အကြိမ်ပေါင်းများစွာ ဒူးထောက်ပြီး ပြင်းပြင်းပြပြ ဆုတောင်းခဲ့တယ်။ အကြိမ်တိုင်းမှာ ဘုရားသခင့် ငြိမ်သက်ခြင်းက ကျွန်မတို့ရဲ့ စိတ်နှလုံးကို စောင့်ရှောက်ပေးတယ်။”—ဖိလိပ္ပိ ၄:၆၊ ၇ ကိုဖတ်ပါ။

စာနာတတ်တဲ့ ပုရောဟိတ်မင်း ယေရှု

၇၊ ၈။ ယေရှု နှစ်သိမ့်ပေးမယ်လို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၇ သားတော်ယေရှု ကမ္ဘာပေါ် ရှိတုန်းက ယေဟောဝါရဲ့ စာနာထောက်ထားမှုကို အပြော၊ အလုပ်နဲ့ အပြည့်အဝ ဖော်ပြခဲ့တယ်။ (ယော. ၅:၁၉) “စိတ်ကြေကွဲနေသူတွေ၊” “ဝမ်းနည်းပူဆွေးသူတွေ” ကို နှစ်သိမ့်ဖို့ ယေရှုကို စေလွှတ်လိုက်တာဖြစ်တယ်။ (ဟေရှာ. ၆၁:၁၊ ၂။ လု. ၄:၁၇-၂၁) ဒါကြောင့် လူတွေရဲ့ ဆင်းရဲဒုက္ခကို အပြည့်အဝ စာနာနားလည်ပေးတတ်သလို ဆင်းရဲဒုက္ခကို သက်သာစေချင်တဲ့ဆန္ဒလည်း ရှိတယ်။—ဟီ. ၂:၁၇။

၈ ယေရှု ငယ်ရွယ်စဉ်က မိသားစုဝင်တွေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေ သေဆုံးတာ ကြုံဖူးမှာ သေချာတယ်။ ယေရှု အတော်ငယ်ရွယ်သေးချိန်မှာပဲ မွေးစားဖခင် ယောသပ် သေဆုံးသွားပုံရတယ်။a သနားစာနာတတ်တဲ့ ယေရှုဟာ ဆယ်ကျော်သက် ဒါမှမဟုတ် ၂၀ ကျော်စအရွယ်မှာ အမေ၊ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ဝမ်းနည်းခဲ့မယ်ဆိုတာကို မြင်ယောင်ကြည့်ပါ။

၉။ လာဇရု သေဆုံးချိန်မှာ ယေရှု စာနာမှု ဘယ်လို ပြခဲ့သလဲ။

၉ ယေရှု စအမှုဆောင်ချိန်မှာ လူတွေရဲ့ ခံစားချက်ကို ထိုးထွင်းသိမြင်ခဲ့တယ်။ စာနာနားလည်ပေးခဲ့တယ်။ ဥပမာ၊ မိတ်ဆွေ လာဇရု သေဆုံးချိန်ကို သုံးသပ်ကြည့်ပါ။ လာဇရုကို အသက်ပြန်ရှင်စေမှာ ဖြစ်ပေမဲ့ မာရိနဲ့ မာသရဲ့ ဝမ်းနည်းပူဆွေးမှုကို ယေရှု နားလည်ခံစားပေးခဲ့တယ်။ သနားစာနာလွန်းလို့ မျက်ရည် ကျခဲ့တယ်။—ယော. ၁၁:၃၃-၃၆။

၁၀။ အခုချိန်မှာလည်း ယေရှု စာနာပေးကြောင်း ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၁၀ ယေရှုရဲ့ သနားစာနာမှုနဲ့ နှစ်သိမ့်ပေးမှုက ကျွန်တော်တို့ကို ဘယ်လို နှစ်သိမ့်ပေးသလဲ။ “ယေရှုခရစ်ဟာ အရင်တုန်းကရော၊ အခုရော၊ နောင်ရော ထာဝရ မပြောင်းလဲဘူး” လို့ ကျမ်းစာက စိတ်ချစေတယ်။ (ဟီ. ၁၃:၈) “အသက်ရဲ့ ကိုယ်စားလှယ်ချုပ်” ဟာ ဝမ်းနည်းပူဆွေးတဲ့ ခံစားချက်ကို သိတယ်။ ‘စမ်းသပ်ခံရသူတွေကို ကူညီမစပေးနိုင်’ တယ်။ (တ. ၃:၁၅။ ဟီ. ၂:၁၀၊ ၁၈) ဒါကြောင့် ခရစ်တော်ဟာ တခြားသူတွေ ဝမ်းနည်းသလို ဝမ်းနည်းကြောင်း၊ ဝမ်းနည်းပူဆွေးမှုကို နားလည်ပေးကြောင်း၊ “လိုအပ်ချိန်မှာ” နှစ်သိမ့်ပေးနိုင်ကြောင်း စိတ်ချနိုင်ပါတယ်။—ဟီဘရူး ၄:၁၅၊ ၁၆ ကိုဖတ်ပါ။

‘ကျမ်းစာပေးတဲ့ နှစ်သိမ့်မှု’

၁၁။ ဘယ်ကျမ်းချက်တွေက သင့်အတွက် အထူးနှစ်သိမ့်မှု ဖြစ်စေသလဲ။

၁၁ လာဇရု သေဆုံးချိန်မှာ ယေရှု အလွန်ဝမ်းနည်းခဲ့တယ်ဆိုတဲ့ မှတ်တမ်းဟာ နှစ်သိမ့်မှုပေးတဲ့ ကျမ်းစာမှတ်တမ်းတွေထဲက တစ်ခုမျှသာ ဖြစ်တယ်။ “ကျမ်းစာမှာ ကြိုတင်ရေးထားသမျှဟာ ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့ နှစ်သိမ့်မှုပေးတဲ့အတွက် မျှော်လင့်ချက် ရှိစေတယ်” ဆိုတာ အံ့ဩစရာ မဟုတ်ပါဘူး။ (ရော. ၁၅:၄) သင် ဝမ်းနည်းပူဆွေးနေတယ်ဆိုရင် အောက်ပါကျမ်းချက်တွေကနေ အားပေးနှစ်သိမ့်မှု ရရှိနိုင်ပါတယ်–

  • “ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။”—ဆာ. ၃၄:၁၈၊ ၁၉။

  • “စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် [ယေဟောဝါ] နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်။”—ဆာ. ၉၄:၁၉။

  • “သခင်ယေရှုခရစ်ရော ကျွန်တော်တို့ကို ချစ်မြတ်နိုးပြီး မဟာကရုဏာကတစ်ဆင့် ထာဝရ နှစ်သိမ့်မှုနဲ့ တောက်ပတဲ့ မျှော်လင့်ချက် ပေးသနားတဲ့ အဖဘုရားသခင်ကပါ ခင်ဗျားတို့ကို နှစ်သိမ့်ပေးပြီး ခိုင်ခံ့မြဲမြံအောင် လုပ်ပေးပါစေ။” —၂ သက်. ၂:၁၆၊ ၁၇။b

အထူးနှစ်သိမ့်မှုပေးတဲ့ အသင်းတော်

၁၂။ တခြားသူတွေကို နှစ်သိမ့်ပေးနိုင်တဲ့ အရေးပါတဲ့ နည်းလမ်းတစ်ခုက ဘာလဲ။

၁၂ ခရစ်ယာန် အသင်းတော်ကလည်း ဝမ်းနည်းပူဆွေးနေသူတွေကို နှစ်သိမ့်ပေးတယ်။ (၁ သက်သာလောနိတ် ၅:၁၁ ကိုဖတ်ပါ။) “ကြေကွဲတဲ့စိတ်” ရှိသူတွေကို သင် ဘယ်လို အားပေးနှစ်သိမ့်နိုင်သလဲ။ (ပညာ. ၁၇:၂၂) “နှုတ်ဆိတ်နေရတဲ့အချိန်နဲ့ စကားပြောရတဲ့အချိန် ရှိတယ်” ဆိုတာ သတိရပါ။ (ဒေ. ၃:၇) ဒါလင်းဆိုတဲ့ မုဆိုးမက “ဝမ်းနည်းပူဆွေးသူတွေဟာ သူတို့ရဲ့အတွေးနဲ့ ခံစားချက်တွေကို ထုတ်ပြောဖို့ လိုတယ်။ ဒါကြောင့် ကြားမဖြတ်ဘဲ နားထောင်ပေးတာက အရေးကြီးဆုံးပဲ” လို့ပြောတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသူရဲ့ အစ်မ ယူနီယာက “သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုကို အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ပေမဲ့ သူတို့ရဲ့ခံစားချက်ကို နားလည်ပေးလိုစိတ်ရှိဖို့ အရေးကြီးတယ်” လို့ပြောတယ်။

၁၃။ ဝမ်းနည်းပူဆွေးမှုနဲ့ပတ်သက်ပြီး ဘယ်အချက်ကို သတိရသင့်သလဲ။

၁၃ လူတိုင်းက ဝမ်းနည်းကြေကွဲမှုကို တစ်ပုံစံတည်း မတွေ့ကြုံဘူး၊ မဖော်ပြဘူးဆိုတာ သတိရပါ။ ဘယ်လောက် နာကျင်ခံစားနေသလဲဆိုတာ ကိုယ်တိုင်ပဲ သိတယ်။ ဒါကြောင့် ကိုယ့်ရင်တွင်းခံစားချက်တွေကို ထုတ်ပြောဖို့ ခက်နိုင်တယ်။ “ကိုယ့်စိတ်ဒုက္ခကို ကိုယ်ပဲသိတယ်။ ကိုယ်ပျော်နေတာကို သူတစ်ပါး မျှဝေခံစားပေးနိုင်မှာ မဟုတ်ဘူး” လို့ ကျမ်းစာက ဆိုတယ်။ (ပညာ. ၁၄:၁၀) တစ်ယောက်ယောက်က ခံစားချက်ကို ဖော်ပြတယ်ဆိုရင်တောင် ဘာပြောချင်တယ်ဆိုတာ နားလည်ပေးဖို့ အမြဲ မလွယ်ကူဘူး။

၁၄။ ဝမ်းနည်းပူဆွေးနေသူကို ဘယ်လိုနည်းနဲ့ နှစ်သိမ့်စကား ပြောနိုင်သလဲ။

၁၄ ဝမ်းနည်းပူဆွေးသူတစ်ယောက်ကို ဘာပြောရမှန်း မသိတဲ့ အချိန်တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ “ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာကိုတောင် ပျောက်ကင်းစေတယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာ. ၁၂:၁၈) လူများစွာဟာ နှစ်သိမ့်ရာမှာ အသုံးပြုနိုင်တဲ့ အချက်တွေကို သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဘရိုရှာမှာ ရှာတွေ့ကြပြီ။c အထောက်အကူအဖြစ်ဆုံး အချက်တစ်ချက်ကတော့ “ငိုကြွေးသူတွေနဲ့အတူ ငိုကြွေး” ခြင်းပဲ။ (ရော. ၁၂:၁၅) “မျက်ရည်တွေက နှလုံးသားရဲ့ စကားပါပဲ။ ဒါကြောင့် မိတ်ဆွေတွေ ကျွန်မနဲ့အတူ ငိုတဲ့အခါ နှစ်သိမ့်မှု အတော်အတန် ခံစားရတယ်။ တစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေရတယ်လို့ သိပ်မခံစားရတော့ဘူး” ဆိုပြီး ခင်ပွန်းဆုံးသွားတဲ့ ဂါဘီ ပြောတယ်။

၁၅။ လူချင်းတွေ့ပြီး နှစ်သိမ့်ပေးဖို့ ခက်တယ်ဆိုရင် ဘယ်လိုနည်းတွေ သုံးနိုင်သလဲ။ (“စိတ်သက်သာစေတဲ့ နှစ်သိမ့်စကားများ” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၅ လူချင်းတွေ့ပြီး စကားပြောဖို့ ခက်တယ်ဆိုရင် ကတ်၊ အီးမေးလ်၊ စာတို၊ စာတွေ ပို့ပြီး နှစ်သိမ့်ပေးရတာ ပိုလွယ်နိုင်တယ်။ နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းချက်တစ်ချက်၊ ဆုံးပါးသွားသူရဲ့ အရည်အသွေးကောင်းတစ်ခု၊ အမှတ်ရတဲ့ ပျော်စရာ အဖြစ်အပျက်တစ်ခုအကြောင်း ရေးနိုင်ပါတယ်။ “အားပေးမှု ဖြစ်စေတဲ့ စာတိုလေး၊ ခရစ်ယာန်ချင်းတစ်ယောက်နဲ့ ပေါင်းသင်းဖို့ ဖိတ်ခေါ်ခြင်းက ပြောမပြတတ်အောင် အထောက်အကူ ဖြစ်စေတယ်။ အဲဒါတွေကြောင့် ကျွန်မကို ချစ်တယ်၊ ဂရုစိုက်တယ်လို့ ခံစားရတယ်” ဆိုပြီး ယူနီယာ ပြောတယ်။

၁၆။ နှစ်သိမ့်ပေးရာမှာ အထူးထိရောက်တဲ့နည်းလမ်းတစ်ခုက ဘာလဲ။

၁၆ ဝမ်းနည်းကြေကွဲနေသူနဲ့အတူ ဆုတောင်းတာ၊ သူ့အတွက် ဆုတောင်းပေးတာကလည်း အထောက်အကူ ဖြစ်တယ်။ ဒီလိုဝမ်းနည်းတဲ့အချိန်မှာ ဆုတောင်းပေးဖို့ ခက်နိုင်ပေမဲ့ မျက်ရည်တွေကြား တုန်ယင်နေတဲ့အသံနဲ့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးတာကလည်း ဝမ်းနည်းမှုကို ဖြေသိမ့်ပေးနိုင်ပါတယ်။ ဒါလင်း ပြောတယ်– “ညီအစ်မတွေ ကျွန်မကို လာနှစ်သိမ့်ပေးတဲ့အခါ ဆုတောင်းပေးပါလို့ တောင်းဆိုတယ်။ သူတို့ ဆုတောင်းတဲ့အခါ အစပိုင်းမှာတော့ ခက်ပေမဲ့ တစ်ခွန်းနှစ်ခွန်း ပြောပြီးတဲ့အခါ သူတို့ရဲ့အသံက ပိုအားရှိလာပြီး ခံစားချက် ပိုပါလာတယ်။ သူတို့ရဲ့ ခိုင်ခံ့တဲ့ ယုံကြည်ခြင်း၊ မေတ္တာ၊ ဂရုစိုက်မှုက တကယ်ပဲ ယုံကြည်ခြင်း ခိုင်ခံ့စေတယ်။”

ဆက်နှစ်သိမ့်ပေးပါ

၁၇-၁၉။ ဝမ်းနည်းပူဆွေးနေသူတွေကို ဘာကြောင့် ဆက်နှစ်သိမ့်ပေးဖို့ လိုသလဲ။

၁၇ ဝမ်းနည်းပူဆွေးမှု ကြာရှည်ချိန်က တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ ဒါကြောင့် မိတ်ဆွေ၊ ဆွေမျိုးတွေရှိနေတဲ့ အစပိုင်း ရက်တွေမှာသာ မဟုတ်ဘဲ နောက်ပိုင်းလတွေမှာလည်း သူတို့ဆီ သွားပေးပါ။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။” (ပညာ. ၁၇:၁၇) ဝမ်းနည်းကြေကွဲနေချိန်တစ်လျှောက် ခရစ်ယာန်ချင်းတွေက တကယ်နှစ်သိမ့်မှု ပေးပါတယ်။—၁ သက်သာလောနိတ် ၃:၇ ကိုဖတ်ပါ။

၁၈ ဝမ်းနည်းပူဆွေးသူတွေဟာ နှစ်ပတ်လည်နေ့တွေ၊ တေးသံ၊ ဓာတ်ပုံ၊ လုပ်ဆောင်မှု၊ အနံ့၊ အသံ၊ ရာသီဥတု တစ်မျိုးမျိုးကြောင့် ပြန်သတိရပြီး ဝမ်းနည်းပူဆွေးနိုင်တယ်။ ကျန်ရစ်သူ အိမ်ထောင်ဖက်ဟာ ပထမဆုံးအနေနဲ့ တစ်ယောက်တည်း အစည်းအဝေးပွဲ၊ အောက်မေ့ရာပွဲ တက်တဲ့အခါ အထူးသဖြင့် ဝမ်းနည်းနာကျင်နိုင်တယ်။ “ကျွန်တော့်ရဲ့ ပထမဆုံး မင်္ဂလာနှစ်ပတ်လည်နေ့မှာ အတော်ဝမ်းနည်းမယ်၊ လွယ်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ညီအစ်ကို/မတချို့က ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ စုဆုံမှုလေးတစ်ခု စီစဉ်ခဲ့လို့ တစ်ယောက်တည်း မဖြစ်ခဲ့ဘူး” လို့ ညီအစ်ကိုတစ်ယောက် ပြောတယ်။

၁၉ ဝမ်းနည်းပူဆွေးသူတွေဟာ အထူးအခါသမယတွေမှာပဲ အားပေးမှု လိုအပ်တာ မဟုတ်ကြောင်း သတိရပါ။ ယူနီယာ ဒီလိုပြောတယ်– “အထူးနှစ်ပတ်လည်နေ့တွေမှာ မဟုတ်ဘဲ အခါအားလျော်စွာ ကူညီ၊ ပေါင်းသင်းပေးတာကလည်း အလွန်အကျိုးရှိနိုင်တယ်။ အဲဒီလိုအချိန်အခါတွေက အလွန်တန်ဖိုးရှိပြီး နှစ်သိမ့်မှု ခံစားရစေတယ်။” ချစ်ရသူ ဆုံးပါးသွားသူတွေရဲ့ ဝမ်းနည်းပူဆွေးမှုကို အပြည့်အဝ မဖယ်ရှားပေးနိုင်ဘူး။ ဒါပေမဲ့ လက်တွေ့ကျကျ ကူညီပေးမယ်ဆိုရင် အတိုင်းအတာတစ်ခုအထိတော့ နှစ်သိမ့်မှု ပေးနိုင်ပါတယ်။ (၁ ယော. ၃:၁၈) ဂါဘီ ပြောတယ်– “ခက်ခဲချိန်တစ်လျှောက်မှာ ကူညီပေးခဲ့တဲ့ မေတ္တာရှိ အကြီးအကဲတွေအတွက် ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်။ ယေဟောဝါရဲ့ မေတ္တာလက်တော်က ကျွန်မကို ပွေ့ပိုက်ထားတယ်လို့ ခံစားရစေတယ်။”

၂၀။ ယေဟောဝါရဲ့ ကတိတွေက ဘာကြောင့် နှစ်သိမ့်ပေးသလဲ။

၂၀ “သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး [ယေရှု] ရဲ့အသံကို ကြားပြီး ထွက်လာ” မယ့်အချိန်မှာ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့အရှင် ယေဟောဝါက ဝမ်းနည်းပူဆွေးမှုအားလုံးကို ဖယ်ရှားပြီး ထာဝစဉ် နှစ်သိမ့်ပေးမယ်ဆိုတာ သိရလို့ စိတ်သက်သာစရာပါပဲ။ (ယော. ၅:၂၈၊ ၂၉) “သေမင်းကိုလည်း ထာဝစဉ် ဖယ်ရှားမယ်။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက လူအားလုံးရဲ့ မျက်ရည်ကို သုတ်ပေးမယ်” လို့ ဘုရားသခင် ကတိပေးတယ်။ (ဟေရှာ. ၂၅:၈) အဲဒီအခါ “ငိုကြွေးသူတွေနဲ့အတူ ငိုကြွေး” မယ့်အစား လူသားအားလုံး “ဝမ်းမြောက်သူတွေနဲ့အတူ ဝမ်းမြောက်” ကြပါလိမ့်မယ်။—ရော. ၁၂:၁၅။

a ယေရှု အသက် ၁၂ နှစ်မှာ ယောသပ်အကြောင်း နောက်ဆုံး ဖော်ပြခဲ့တယ်။ ရေကို ဝိုင်ဖြစ်စေတဲ့ ယေရှုရဲ့ ပထမဆုံး အံ့ဖွယ်အမှုမှာ ယောသပ်အကြောင်း မပါသလို နောက်ပိုင်းဖြစ်ရပ်တွေမှာလည်း မပါဘူး။ သစ်တိုင်ပေါ်က ယေရှုဟာ မာရိကို စောင့်ရှောက်ဖို့ တမန်တော် ယောဟန်ဆီ အပ်ခဲ့တယ်။ ယောသပ်သာ အသက်ရှင်နေမယ်ဆိုရင် ယေရှု အဲဒီလို အပ်ခဲ့မှာ မဟုတ်ဘူး။—ယော. ၁၉:၂၆၊ ၂၇။

b နှစ်သိမ့်မှုဖြစ်စေတဲ့ တခြားကျမ်းချက်တွေကတော့ ဆာလံ ၂၀:၁၊ ၂။ ၃၁:၇။ ၃၈:၈၊ ၉၊ ၁၅။ ၅၅:၂၂။ ၁၂၁:၁၊ ၂။ ဟေရှာယ ၅၇:၁၅။ ၆၆:၁၃။ ဖိလိပ္ပိ ၄:၁၃။ ၁ ပေတရု ၅:၇ တို့ဖြစ်တယ်။

c ၂၀၁၀၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် မှာပါတဲ့ “ပူဆွေးကျန်ရစ်သူကို ယေရှု နှစ်သိမ့်ခဲ့တဲ့အတိုင်း နှစ်သိမ့်ပေးပါ” ဆောင်းပါးကိုလည်း ကြည့်ပါ။

နှစ်သိမ့်မှုဖြစ်စေတဲ့ ကျမ်းချက်ကို ကတ်တစ်ခုမှာ ရေးနေစဉ်

စိတ်သက်သာစေတဲ့ နှစ်သိမ့်စကားများ

ဝမ်းနည်းပူဆွေးနေတဲ့ မိတ်ဆွေတွေဆီ ရေးတဲ့ နှစ်သိမ့်စကားတချို့–

  • “ချစ်တယ်ဆိုတဲ့ စကားကလွဲလို့ ဘာပြောရမှန်း မသိဘူး။ ဘယ်လို ခံစားနေမလဲဆိုတာ အတိအကျ မသိပေမဲ့ ယေဟောဝါ သိတယ်၊ ယေဟောဝါ ကူမပေးပါလိမ့်မယ်။ ဆုတောင်းပေးပါတယ်။”

  • “ဒီလိုဝမ်းနည်းကြေကွဲစရာ အချိန်မျိုးမှာ ယေဟောဝါ ကူညီထောက်မပေးပါစေ။”

  • “ခင်ဗျား ချစ်ရတဲ့သူကို ဘုရားသခင် သတိရနေမှာပါ။ သူ့အကြောင်း ဘုရား ကောင်းကောင်း မှတ်မိပြီး ပြန်အသက်ရှင်စေမယ်ဆိုတာ သိရလို့ စိတ်သက်သာမှာပါ။”

  • “ခင်ဗျား ချစ်ရတဲ့သူဟာ နောက်ဆုံးရန်သူ သေခြင်းကို ဘယ်တော့မှ ထပ်ကြုံတွေ့ရတော့မှာ မဟုတ်ဘူး။ ပရဒိသုမှာ ရှင်ပြန်ထမြောက်လာတဲ့အထိ သူ့ယုံကြည်ခြင်းလုပ်ရပ်တွေ ရှင်သန်နေမှာပါ။”

  • “ချစ်ရသူ ဆုံးပါးသွားတဲ့ နာကျင်မှုကို စကားလုံးနဲ့ မဖော်ပြနိုင်ပေမဲ့ ကောင်းကင်ဘုံစံ ဖခင် ရှင်ပြန်ထမြောက်စေတဲ့အခါ ခံစားရမယ့် ရွှင်လန်းမှုကို စကားလုံးနဲ့ မဖော်ပြနိုင်မယ့်အချိန်ကို စောင့်မျှော်နေပါတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ