ယေဟောဝါရှင်ပေးသနားတော်မူသည့် နှစ်သိမ့်မှုကို ဝေမျှခံစားခြင်း
“သို့ဖြစ်၍ သင်တို့သည် ငါတို့ခံရသော ဆင်းရဲဒုက္ခမျိုးကို ခံရကြသည့်နည်းတူ ငါတို့ရရှိသည့် နှစ်သိမ့်မှုမျိုးကိုလည်း ရရှိကြလိမ့်မည်ဟု ငါတို့တထစ်ချယုံကြည်ကြ၏။”—၂ ကောရိန္သု ၁:၇၊ သတင်းကောင်း။
၁၊ ၂။ ယနေ့အချိန်တွင် ခရစ်ယာန်ဖြစ်လာသူများစွာ၏ တွေ့ကြုံမှုကား အဘယ်နည်း။
လက်ရှိ ကင်းမျှော်စင် ဖတ်ရှုသူများစွာသည် ဘုရားသခင့်သမ္မာတရားကို မသိရှိဘဲ ကြီးပြင်းလာခဲ့ကြသည်။ သင်လည်း ဤသို့ပင်ဖြစ်ဖွယ်ရှိသည်။ သို့ဖြစ်လျှင် သင့်သိနားလည်မှုမျက်စိများစတင်ပွင့်သွားသောအခါ သင်ခံစားခဲ့ရပုံကို ပြန်စဉ်းစားကြည့်ပါလေ။ ဥပမာ သေသူများသည် ဝေဒနာခံမနေရဘဲ သတိမဲ့နေကြောင်း သင်ဦးဆုံးနားလည်သောအခါ စိတ်သက်သာရာမရခဲ့ပေလော။ သန်းထောင်နှင့်ချီသော သေလွန်သူများသည် ဘုရားသခင်၏ကမ္ဘာသစ်တွင် အသက်ပြန်ရှင်လာမည်ဟူသည့် မျှော်လင့်ချက်ကို သင်သိရှိရချိန်တွင် နှစ်သိမ့်မှုမခံစားရပေလော။—ဒေသနာ ၉:၅၊ ၁၀; ယောဟန် ၅:၂၈၊ ၂၉။
၂ ဆိုးသွမ်းမှုကို အဆုံးတိုင်စေပြီး ဤကမ္ဘာကို ပရဒိသုတစ်ခုအဖြစ် အသွင်ပြောင်းပစ်မည်ဟူသည့် ဘုရားသခင့်ကတိတော်နှင့်ပတ်သက်၍ကော အသို့နည်း။ ယင်းအကြောင်းကို သင်သိရှိလိုက်သောအခါ ယင်းက သင့်အားနှစ်သိမ့်ပေးကာ ထက်သန်သောမျှော်လင့်ချက်နှင့် ပြည့်မနေစေပေလော။ ဘယ်တော့မျှမသေရဘဲ လာမည့်မြေကြီးပရဒိသုတွင် အသက်ရှင်ကျန်နိုင်ချေရှိကြောင်း သင်ဦးဆုံးသိလိုက်ရချိန်တွင် မည်သို့ခံစားခဲ့ရသနည်း။ သင်ဘဝင်ခိုက်ခဲ့မည်မှာ သေချာသည်။ မှန်ပါသည်၊ သင်သည် ယခုအခါတွင် ယေဟောဝါသက်သေတို့ ကမ္ဘာတစ်ဝန်း ကြေညာနေသည့် ဘုရားသခင်၏နှစ်သိမ့်မှုပေးသော သတင်းတရားကို လက်ခံသူတစ်ယောက်ဖြစ်နေပေပြီ။—ဆာလံ ၃၇:၉-၁၁၊ ၂၉; ယောဟန် ၁၁:၂၆; ဗျာဒိတ် ၂၁:၃-၅။
၃။ ဘုရားသခင်၏ နှစ်သိမ့်မှုပေးသောသတင်းတရားကို အခြားသူများအားဝေမျှပေးသူများလည်း အဘယ်ကြောင့်ဆင်းရဲဒုက္ခခံရကြသနည်း။
၃ သို့သော် ကျမ်းစာသတင်းတရားကို အခြားသူများအား ဝေမျှဖို့သင်ကြိုးစားသောအခါ “ယုံကြည်ခြင်းသည် လူအားလုံး၏ပိုင်ဆိုင်ရာမဟုတ်” ကြောင်းကိုလည်းသင်သိလာသည်။ (၂ သက်သာလောနိတ် ၃:၂၊ ကဘ) ကျမ်းစာပါကတိတော်များကို ယုံကြည်ကြောင်းဖော်ပြသောကြောင့် သင့်အပေါင်းအသင်းဟောင်းများက သင့်ကို လှောင်ပြောင်ကြဖွယ်ရှိသည်။ သင်သည် ယေဟောဝါသက်သေတို့နှင့်ပေါင်းသင်းကာ ကျမ်းစာဆက်လေ့လာသောကြောင့် အနှိပ်စက်ပင် ခံခဲ့ရဖူးပေမည်။ သင့်အသက်တာကို ကျမ်းစာမူများနှင့်အညီဖြစ်စေဖို့ အပြောင်းအလဲစတင်လုပ်သောအခါ အတိုက်အခံမှာ ပြင်းထန်လာပေမည်။ စာတန်နှင့်သူ၏လောကက ဘုရားသခင့်နှစ်သိမ့်မှု ရရှိသူတိုင်းအပေါ် ကျရောက်စေသည့် ဆင်းရဲဒုက္ခကို သင်စပြီးကြုံရတော့သည်။
၄။ စိတ်ဝင်စားခါစသူများသည် ဆင်းရဲဒုက္ခကို မည်သည့်နည်းအဖုံဖုံဖြင့် တုံ့ပြန်ကြဖွယ်ရှိသနည်း။
၄ ဝမ်းနည်းစရာကား ယေရှု တင်ကူးမိန့်တော်မူသကဲ့သို့ ဆင်းရဲဒုက္ခကြောင့် အချို့သူများသည် ထိမိ၍လဲသွားကြပြီး ခရစ်ယာန်အသင်းတော်နှင့် ပေါင်းသင်းမှု ပြတ်သွားကြသည်။ (မဿဲ ၁၃:၅၊ ၆၊ ၂၀၊ ၂၁) အခြားသူများမူ သင်ယူနေသည့် နှစ်သိမ့်မှုပေးသော ကတိတော်များတွင် မိမိတို့စိတ်ကို စူးစိုက်ထားခြင်းအားဖြင့် ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရပ်တည်ကြသည်။ နောက်ဆုံးတွင် သူတို့သည် မိမိတို့၏အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံကာ ကိုယ်တော့်သားတော်ယေရှုခရစ်၏ တပည့်တော်များအဖြစ် နှစ်ခြင်းယူကြလေသည်။ (မဿဲ ၂၈:၁၉၊ ၂၀; မာကု ၈:၃၄) ခရစ်ယာန်တစ်ယောက် နှစ်ခြင်းယူလိုက်သည်နှင့် ဆင်းရဲဒုက္ခရပ်သွားမည်မဟုတ်သည်တော့မှန်ပါသည်။ တစ်ခါမျှမဖြစ်စေပါ။ ဥပမာ၊ အကျင့်စာရိတ္တမကောင်းသည့် နောက်ခံရှိခဲ့သူတစ်ယောက်အတွက် စင်ကြယ်မှုစောင့်ထိန်းခြင်းသည် ခက်ခဲသောရုန်းကန်မှုတစ်ခုဖြစ်နိုင်သည်။ အခြားသူများမူ မယုံကြည်သူမိသားစုဝင်များ၏ အဆက်မပြတ်အတိုက်အခံပြုမှုကို ကြိတ်မှိတ်ခံနေရကြမည်။ မည်သည့်ဆင်းရဲဒုက္ခပင်ကြုံရကြုံရ ဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားသည့်အသက်တာအတိုင်း သစ္စာရှိရှိလိုက်လျှောက်သူအားလုံးအတွက် သေချာသည့်အရာတစ်ခုရှိသည်။ သူတို့သည် ဘုရားသခင်၏ နှစ်သိမ့်မှုနှင့်အထောက်အမကို ကိုယ်စီကိုယ်ငတွေ့ကြုံကြရမည်တည်း။
“နှစ်သိမ့်ခြင်းရှိသမျှ၏အရှင်”
၅။ ပေါလုသည် သူခံစားခဲ့ရသည့် စမ်းသပ်မှုများစွာနှင့်အတူ အဘယ်အရာကိုလည်း ကြုံတွေ့ခဲ့ရသနည်း။
၅ ဘုရားသခင် ထောက်မပေးတော်မူသည့် နှစ်သိမ့်မှုအတွက် နက်ရှိုင်းစွာလေးစားတန်ဖိုးထားခဲ့သူတစ်ဦးမှာ တမန်တော်ပေါလုဖြစ်သည်။ အာရှနှင့်မာကေဒေါနိတွင် စုံစမ်းခြင်းအကြီးအကျယ်ကို အထူးသဖြင့်ခံရပြီးနောက် ကောရိန္သုအသင်းတော်က သူ၏ဆုံးမပြစ်တင်စာကို ကောင်းစွာတုံ့ပြန်ကြကြောင်း ကြားရသောအခါ အကြီးအကျယ်စိတ်သက်သာမှုကို ခံစားခဲ့ရသည်။ ယင်းက အောက်ပါချီးမွမ်းစကားများပါသည့် ဒုတိယစာကိုရေးသားရန် တွန်းအားဖြစ်သွားသည်– “သနားခြင်းကရုဏာ၏အဘ၊ နှစ်သိမ့်ခြင်းရှိသမျှ၏အရှင်တည်းဟူသော ငါတို့အရှင်ယေရှုခရစ်၏ဘုရားသခင်သည် မင်္ဂလာရှိစေတော်မူသတည်း။ . . . ဆင်းရဲဒုက္ခအမျိုးမျိုး၌ ဘုရားသခင်သည် ငါတို့အား နှစ်သိမ့်စေတော်မူသည်။”—၂ ကောရိန္သု ၁:၃၊ ၄၊ သမ္မာ။
၆။ ၂ ကောရိန္သု ၁:၃၊ ၄ တွင်တွေ့ရသည့် ပေါလု၏စကားများမှ မည်သည့်အရာကို သိရှိရသနည်း။
၆ ဤမှုတ်သွင်းခံစကားများက အကြောင်းအချက်များစွာကို ဖော်ပြသည်။ ယင်းတို့ကို ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်ကြစို့။ ပေါလုသည် သူ့စာများတွင် ဘုရားသခင်ကို ချီးမွမ်းစကား သို့မဟုတ် ကျေးဇူးတင်စကားဆိုသောအခါ သို့မဟုတ် ကိုယ်တော်ထံ တစ်ခုခု တောင်းဆိုသောအခါ ခရစ်ယာန်အသင်းတော်၏ဦးခေါင်းယေရှုကို နှစ်နှစ်ကာကာ ကျေးဇူးတင်ကြောင်းကိုလည်း ထည့်ထားကြောင်း ကျွန်ုပ်တို့တွေ့ရလေ့ရှိသည်။ (ရောမ ၁:၈; ၇:၂၅; ဧဖက် ၁:၃; ဟေဗြဲ ၁၃:၂၀၊ ၂၁) ထို့ကြောင့်ပေါလုက ချီးမွမ်းခြင်းဆိုင်ရာ ဤအသုံးအနှုန်းကို “ငါတို့အရှင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်” အားရည်စူးခဲ့သည်။ ထိုစဉ်က သူ၏ရေးသားချက်များတွင် ပထမဆုံးအကြိမ်အဖြစ် “သနားခြင်းကရုဏာ” ဟုပြန်ဆိုထားသည့် ဂရိနာမ်တစ်ခုကို အသုံးပြုသည်။ အဆိုပါနာမ်သည် အခြားသူတစ်ဦး ဆင်းရဲဒုက္ခခံရသောအခါ ဝမ်းနည်းကြောင်းဖော်ပြရန် အသုံးပြုသည့်စကားလုံးမှ ဆင်းသက်လာရာဖြစ်သည်။ ထို့ကြောင့် ဆင်းရဲဒုက္ခခံစားနေရသော ကိုယ်တော်၏သစ္စာရှိကျေးကျွန်တိုင်းအတွက် ဘုရားသခင်၏သနားစိတ်ကို ပေါလု ဖော်ပြသည်—သူတို့၏အကျိုးအလို့ငှာ ကရုဏာရှိစွာပြုမူတော်မူရန် လှုံ့ဆော်ပေးသည့် သနားစိတ်ဖြစ်သည်။ နောက်ဆုံးတွင် “သနားခြင်းကရုဏာတို့၏အဘ” ဟုယေဟောဝါရှင်ကို ကင်ပွန်းတပ်ကာ ဤနှစ်သက်ဖွယ်ဂုဏ်ရည်တော်၏ အရင်းအမြစ်အဖြစ် ကိုယ်တော်ကိုပေါလုမျှော်ကိုးခဲ့သည်။
၇။ ယေဟောဝါသည် “နှစ်သိမ့်ခြင်းရှိသမျှ ၏အရှင်” ဖြစ်တော်မူသည်ဟု အဘယ်ကြောင့် ကျွန်ုပ်တို့ဆိုနိုင်သနည်း။
၇ ဘုရားသခင်၏ “သနားခြင်းကရုဏာ” သည်ဆင်းရဲဒုက္ခရောက်နေသူတစ်ဦးကို သက်သာမှုရရှိစေနိုင်သည်။ ထို့ကြောင့် ပေါလုက ယေဟောဝါရှင်အား “နှစ်သိမ့်ခြင်းရှိသမျှ၏အရှင်” ဟူ၍ ဆက်ပြီးဖော်ပြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယုံကြည်သူချင်းများ၏ ကြင်နာမှုမှ မည်သည့်နှစ်သိမ့်မှုကိုမဆို ခံစားရနိုင်ပါစေ၊ အရင်းအမြစ်အနေနှင့် ယေဟောဝါကို မျှော်ကိုးနိုင်သည်။ ဘုရားသခင့်ထံတော်မှ အရင်းမခံသည့် စစ်မှန်ပြီးတည်တံ့သောနှစ်သိမ့်မှုမျိုးမရှိပါလေ။ ထို့အပြင် ကိုယ်တော်သည် မိမိပုံသဏ္ဌာန်တော်နှင့်အညီ လူကိုဖန်ဆင်းထားရာ ယင်းကြောင့် ကျွန်ုပ်တို့သည် နှစ်သိမ့်မှုပေးသူများဖြစ်လာနိုင်စေသည်။ နှစ်သိမ့်မှုလိုအပ်နေသူများကို သနားခြင်းကရုဏာပြရန် မိမိ၏ကျေးကျွန်များကို လှုံ့ဆော်ပေးသည်ကား ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်ပင်တည်း။
နှစ်သိမ့်ပေးသူများဖြစ်လာရန် လေ့ကျင့်ပေးခံရ
၈။ ကျွန်ုပ်တို့ခံရသော စုံစမ်းမှုတို့သည် ဘုရားသခင်ကြောင့်ဖြစ်ခြင်းမဟုတ်သော်လည်း ဆင်းရဲဒုက္ခကို ကျွန်ုပ်တို့ကြံ့ကြံ့ခံခြင်းသည် ကျွန်ုပ်တို့အပေါ် မည်သည့်ကောင်းကျိုးသက်ရောက်စေနိုင်သနည်း။
၈ ယေဟောဝါဘုရားသခင်သည် မိမိ၏သစ္စာရှိကျေးကျွန်များအပေါ်တွင် စုံစမ်းမှုအမျိုးမျိုးကို ကျရောက်ခွင့်ပြုထားသော်လည်း အဆိုပါစမ်းသပ်မှုများသည် ကိုယ်တော်ကြောင့်ဖြစ်ခြင်း လုံးဝမဟုတ်ပါလေ။ (ယာကုပ် ၁:၁၃) သို့သော် ဆင်းရဲဒုက္ခကို ကျွန်ုပ်တို့ ကြံ့ကြံ့ခံရပ်ချိန်တွင် ကိုယ်တော်ပေးသနားတော်မူသည့် နှစ်သိမ့်မှုက အခြားသူများ၏လိုအပ်ရာများကို သာ၍အကင်းပါးပါးသိရန် ကျွန်ုပ်တို့အား လေ့ကျင့်ပေးသည်။ မည်သည့်ရလဒ်ထွက်ပေါ်လာသနည်း။ “ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကိုယ်တိုင်နှစ်သိမ့်ခြင်းရှိသကဲ့သို့ ဆင်းရဲဒုက္ခအမျိုးမျိုးကိုခံရသောသူတို့အား နှစ်သိမ့်စေနိုင်မည်။” (၂ ကောရိန္သု ၁:၄၊ သမ္မာ) ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်ကိုတုပကာ “စိတ်မသာညည်းတွားသောသူတို့အား နှစ်သိမ့်စေ” သည်နှင့်အမျှ ယုံကြည်သူချင်းများနှင့် ကျွန်ုပ်တို့ဓမ္မအမှုဆောင်ရာတွင် တွေ့ကြုံရသောသူများအား ယေဟောဝါ၏နှစ်သိမ့်မှုကို ထိထိရောက်ရောက်ဝေမျှပေးသူများဖြစ်ရန် ကျွန်ုပ်တို့ကို ကိုယ်တော်လေ့ကျင့်ပေးတော်မူသည်။—ဟေရှာယ ၆၁:၂; မဿဲ ၅:၄။
၉။ (က) ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရန် ကျွန်ုပ်တို့အား မည်သည့်အရာက အကူအညီပေးမည်နည်း။ (ခ) ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခကို သစ္စာရှိရှိကြံ့ကြံ့ခံရပ်တည်သောအခါ အခြားသူများကို မည်သို့နှစ်သိမ့်မှုဖြစ်စေသနည်း။
၉ ခရစ်တော်မှတစ်ဆင့် ဘုရားသခင်ထံတော်မှရရှိသော နှစ်သိမ့်မှုအလျှံပယ်အားဖြင့် မိမိခံရသည့် ဆင်းရဲဒုက္ခများစွာကို ပေါလုကြံ့ကြံ့ခံရပ်တည်ခဲ့သည်။ (၂ ကောရိန္သု ၁:၅) ကျွန်ုပ်တို့လည်း ဘုရားသခင်၏အဖိုးတန်ကတိတော်များကို စဉ်းစားတွေးတောခြင်းအားဖြင့်လည်းကောင်း၊ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော် အထောက်အမရဖို့ဆုတောင်းခြင်းအားဖြင့်လည်းကောင်း၊ ကျွန်ုပ်တို့ဆုတောင်းချက်များအတွက် ဘုရားသခင်နားညောင်းတော်မူချက်များကို ခံစားခြင်းအားဖြင့်လည်းကောင်း နှစ်သိမ့်မှုအလျှံပယ်ကို ခံစားနိုင်ကြသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို ဆက်၍ထောက်ခံဖို့ အားအင်ပြည့်ဖြိုးလာကာ မာရ်နတ်သည် ကလိမ်သမားဖြစ်ကြောင်း သက်သေထူနိုင်မည်ဖြစ်သည်။ (ယောဘ ၂:၄; သု. ၂၇:၁၁) ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခ၏မည်သည့်အသွင်ကိုမဆို သစ္စာရှိရှိကြံ့ကြံ့ခံခဲ့လျှင် ပေါလုကဲ့သို့ပင် စမ်းသပ်မှုအောက် သစ္စာရှိရှိတည်မြဲနေဖို့ ခရစ်ယာန်များကို နှစ်သိမ့်မှုပေးတော်မူသည့် ယေဟောဝါအား ဂုဏ်ပြုမှုမှန်သမျှ ပေးသင့်သည်။ သစ္စာရှိခရစ်ယာန်များ၏ ကြံ့ကြံ့ခံရပ်တည်မှုကြောင့် ညီအစ်ကိုအသင်းအပင်းများပေါ်တွင် နှစ်သိမ့်မှုဖြစ်စေသည့် အကျိုးသက်ရောက်ခဲ့ပြီး “ထပ်တူဆင်းရဲဒုက္ခမျိုးကို ကြံ့ကြံ့ခံ” မည်ဟု အခြားသူများဆုံးဖြတ်ချက်ချသွားစေသည်။—၂ ကောရိန္သု ၁:၆၊ ကဘ။
၁၀၊ ၁၁။ (က) ရှေးကောရိန္သုအသင်းတော်ကို ဒုက္ခရောက်စေသည့်အရာအချို့ကား အဘယ်နည်း။ (ခ) ပေါလုသည် ကောရိန္သုအသင်းတော်ကို မည်သို့နှစ်သိမ့်ပေးခဲ့သနည်း၊ မည်သည့်မျှော်လင့်ချက်ကို သူဖော်ပြခဲ့သနည်း။
၁၀ ကောရိန္သုအသင်းတော်သားများသည် ခရစ်ယာန်စစ်များအားလုံးအပေါ် ကျရောက်သည့် ဒုက္ခဝေဒနာများကို ခံစားကြရသည်။ ထို့အပြင် နောင်တမယူသော မတရားမေထုန်ပြုသူတစ်ဦးကိုနှင်ထုတ်ဖို့ သွန်သင်ချက်လိုအပ်ခဲ့သည်။ (၁ ကောရိန္သု ၅:၁၊ ၂၊ ၁၁၊ ၁၃) ယင်းကိုအရေးယူရန်နှင့် ပဋိပက္ခဖြစ်မှုနှင့်စိတ်ဝမ်းကွဲမှုကို အဆုံးသတ်ရန် ပျက်ကွက်ခဲ့ကြခြင်းက အသင်းတော်ကို ဂုဏ်ယုတ်သွားစေသည်။ သို့သော် သူတို့သည် နောက်ဆုံးတွင် ပေါလု၏သွန်သင်ချက်ကို လိုက်နာကာ စစ်မှန်သောနောင်တကို တင်ပြခဲ့ကြသည်။ ထို့ကြောင့် သူသည် သူတို့အား လှိုက်လှဲစွာချီးမွမ်းခဲ့ပြီး သူ၏စာကို ကောင်းစွာတုံ့ပြန်ခြင်းက သူ့အား နှစ်သိမ့်မှုပေးခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့သည်။ (၂ ကောရိန္သု ၇:၈၊ ၁၀၊ ၁၁၊ ၁၃) နှင်ထုတ်ခံရသူလည်း နောင်တရခဲ့ကြောင်း ထင်ရှားသည်။ ထို့ကြောင့်ပင် ‘သူသည် ဝမ်းနည်းခြင်းအားကြီးလျက်၊ လွှမ်းမိုးနှစ်မြှုပ်ခြင်းမရှိစေခြင်းငှာ သူ၏အပြစ်ကိုလွှတ်၍ သူ့ကိုနှစ်သိမ့်ပေး’ ရန် သူတို့ကို ပေါလုအကြံပြုခဲ့သည်။—၂ ကောရိန္သု ၂:၇၊ သမ္မာ။
၁၁ ပေါလု၏ဒုတိယစာသည် ကောရိန္သုအသင်းတော်ကို နှစ်သိမ့်မှုဖြစ်စေခဲ့မည်မှာ သေချာသည်။ ယင်းသည် သူ၏ရည်ရွယ်ချက်များအနက်တစ်ခုဖြစ်သည်။ သူက “သင်တို့သည် ဆင်းရဲဒုက္ခကို ဆက်ဆံသကဲ့သို့ ထို့နည်းတူ နှစ်သိမ့်ခြင်းကိုလည်း ဆက်ဆံကြ၏ဟု ငါတို့သည် သိကြသည်ဖြစ်၍ သင်တို့အဖို့ ငါတို့မျှော်လင့်ခြင်းသည် မြဲမြံခိုင်ခံ့၏” ဟုရှင်းပြခဲ့သည်။ (၂ ကောရိန္သု ၁:၇၊ သမ္မာ) သူ့စာ၏နိဂုံးတွင် ပေါလုက “နှစ်သိမ့်ခြင်းရှိကြလော့။ . . . သို့ဖြစ်လျှင် မေတ္တာနှင့်ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလတ္တံ့” ဟုတိုက်တွန်းခဲ့သည်။—၂ ကောရိန္သု ၁၃:၁၁၊ သမ္မာ။
၁၂။ ခရစ်ယာန်အားလုံးတွင် အဘယ်လိုအပ်ချက်ရှိသနည်း။
၁၂ ယင်းမှ အရေးပါသော သင်ခန်းစာတစ်ရပ်ကို ကျွန်ုပ်တို့ သင်ယူနိုင်သည်တကား! ခရစ်ယာန်အသင်းတော်အားလုံးသည် ဘုရားသခင်၏နှုတ်ကပါဌ်တော်၊ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်နှင့် ကိုယ်တော်၏ မြေကြီးဆိုင်ရာအဖွဲ့အစည်းမှတစ်ဆင့် ကိုယ်တော်ပေးတော်မူသည့် ‘နှစ်သိမ့်မှုကို ဝေမျှခံစား’ ရဖို့လိုသည်။ နှင်ထုတ်ခံထားရသူများပင် နောင်တရကာ မိမိတို့၏မှားယွင်းသောလမ်းစဉ်ကို ပြုပြင်ကြမည်ဆိုလျှင် နှစ်သိမ့်မှုလိုအပ်ပေမည်။ ထို့ကြောင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” သည် သူတို့အား ထောက်မရန် ကရုဏာပါသော ပြင်ဆင်ပေးချက်တစ်ခုကို စီစဉ်ထားသည်။ အကြီးအကဲနှစ်ဦးသည် နှင်ထုတ်ခံထားရသူအချို့ထံ တစ်နှစ်လျှင်တစ်ကြိမ် သွားရောက်လည်ပတ်နိုင်သည်။ ထိုသူတို့သည် ကလန်ကဆန်သဘောထားမပြတော့ သို့မဟုတ် ကြီးလေးသည့်အပြစ်မလုပ်တော့ဘဲဖြစ်နိုင်ရာ ပြန်လည်လက်ခံခံရရန် လိုအပ်သောအဆင့်များ တက်လှမ်းယူဖို့ အကူအညီလိုကောင်းလိုပေမည်။—မဿဲ ၂၄:၄၅၊ သမ; ယေဇကျေလ ၃၄:၁၆။
အာရှတွင် ပေါလုခံရသည့် ဆင်းရဲဒုက္ခ
၁၃၊ ၁၄။ (က) ပေါလုသည် အာရှတွင် သူကြုံခဲ့ရသည့် ပြင်းထန်သောဆင်းရဲဒုက္ခကာလနှင့်ပတ်သက်၍ မည်သို့ဖော်ပြသနည်း။ (ခ) မည်သည့်အဖြစ်အပျက်သည် ပေါလု၏စိတ်ထဲတွင် ရှိခဲ့နိုင်သနည်း။
၁၃ အဆိုပါအခြေအနေအထိ ကောရိန္သုအသင်းတော် တွေ့ကြုံခံစားခဲ့ရသည့် ဆင်းရဲဒုက္ခအမျိုးမျိုးသည် ပေါလုကြံ့ကြံ့ခံရပ်တည်ခဲ့ရသည့် ဆင်းရဲဒုက္ခများစွာကို မယှဉ်သာပါ။ ထို့ကြောင့် သူက သူတို့အား ဤသို့သတိပေးနှိုးဆော်နိုင်ခဲ့သည်– “ညီအစ်ကိုတို့ အာရှပြည်တွင် ငါတို့ခံရသည့်ဆင်းရဲဒုက္ခအကြောင်းကို သင်တို့အား ပြန်လည်ဖော်ပြလိုပါ၏။ ထိုဆင်းရဲဒုက္ခသည် ငါတို့မခံနိုင်လောက်အောင်ကြီးမားလှသဖြင့် ငါတို့သည် အသက်ရှင်နိုင်ရန် မျှော်လင့်ချက်မရှိခဲ့ပေ။ ငါတို့သည် သေဒဏ်စီရင်ခြင်းခံရသူများဟု မိမိတို့ကိုယ်ကိုထင်မှတ်ကြ၏။ သို့ရာတွင် ဤသို့ဖြစ်ပျက်ရခြင်းမှာ ငါတို့သည် မိမိတို့ကိုယ်ကို အားမကိုးဘဲ သူသေတို့အား ရှင်ပြန်ထမြောက်စေတော်မူသော ထာဝရဘုရားကို အားကိုးကြစေရန်ဖြစ်သည်။ ကိုယ်တော်သည် ဤသို့ကြောက်မက်ဖွယ်သောသေဘေးမှ ငါတို့အားကယ်တင်တော်မူ၏။ နောင်အခါ၌လည်း ကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါတို့အား တစ်ဖန်ကယ်တင်တော်မူဦးမည်ဟု ငါတို့ယုံကြည်မျှော်လင့်ကြ၏။”—၂ ကောရိန္သု ၁:၈-၁၀၊ သတင်းကောင်း။
၁၄ ကျမ်းပညာရှင်အချို့က ဧဖက်မြို့တွင်ဖြစ်ခဲ့သော ရုန်းရင်းဆန်ခတ်ဖြစ်မှုကို ပေါလုရည်ညွှန်းနေခြင်းဖြစ်သည်ဟု လက်ခံထားကြသည်၊ ယင်းအမှုကြောင့် ပေါလုသာမက သူ၏နယ်လှည့်ဖော် မာကေဒေါနိလူမျိုးနှစ်ဦးဖြစ်သော ဂါယုနှင့် အာရိတ္တာခုတို့၏အသက်ပါဆုံးသွားနိုင်သည်။ ဤခရစ်ယာန်နှစ်ယောက်ခမျာ “‘ဧဖက်လူတို့၏အာတေမိ [ဘုရားမ] သည် ကြီးမြတ်တော်မူ၏’ ဟုနှစ်နာရီခန့်မျှလောက် . . . ဟစ်” အော်နေကြသည့် သူရမ်းကားအုပ်နှင့် ပြည့်ကျပ်နေသော ဇာတ်ရုံထဲသို့ အတင်းအဓမ္မဆွဲခေါ်သွားခြင်းခံရသည်။ နောက်ဆုံးတွင် မြို့တော်ဝန်က လူအုပ်ကို ငြိမ်သက်အောင်လုပ်နိုင်ခဲ့သည်။ ဂါယုနှင့် အာရိတ္တာခုတို့အသက်ကို ဤသို့အန္တရာယ်ပြုခြိမ်းခြောက်မှုသည် ပေါလုကို အကြီးအကျယ်ပူပင်သောက ရောက်စေခဲ့ပေမည်။ အမှန်မှာ သူသည် ဤတစ်ယူသန်လူရမ်းကားအုပ်ထံသွားကာ သူတို့နှင့် ဆင်ခြင်နှီးနှောလိုခဲ့သည်၊ သို့သော် အဆိုပါနည်းဖြင့် သူ့အသက်စွန့်စားသည့်အဖြစ်မှ ဆီးတားခံခဲ့ရသည်။—တမန်တော် ၁၉:၂၆-၄၁။
၁၅။ ၁ ကောရိန္သု ၁၅:၃၂ တွင်အန္တရာယ်ကြီးမားသော မည်သည့်အခြေအနေကို ပေါလုဖော်ပြခြင်းဖြစ်နိုင်သနည်း။
၁၅ သို့ရာတွင် ပေါလုသည် ဖော်ပြပါအဖြစ်အပျက်ထက် များစွာအန္တရာယ်ကြီးမားသောအခြေအနေတစ်ခုကို ဖော်ပြခဲ့ခြင်းဖြစ်နိုင်သည်။ ကောရိန္သုအသင်းတော်သားများထံရေးသော သူ၏ပထမစာတွင် ပေါလုက “အကယ်၍ ငါသည်လောကီအကျိုးကို မျှော်ကိုး၍ သားရဲတိရစ္ဆာန်တို့နှင် တိုက်ခဲ့ပါမူ ငါ့အဖို့အဘယ်အကျိုးရှိပါမည်နည်း” ဟုမေးခဲ့သည်။ (၁ ကောရိန္သု ၁၅:၃၂၊ သတင်းကောင်း) ယင်းသည် ပေါလု၏အသက်ကို သားရဲကဲ့သို့သောလူများကသာလျှင်မက ဧဖက်မြို့ရှိ အားကစားရုံကြီးတွင် ပကတိသားရိုင်းတိရစ္ဆာန်များကပါ ခြိမ်းခြောက်အန္တရာယ်ပြုကြောင်း ဆိုလိုဖွယ်ရှိသည်။ တစ်ခါတစ်ရံ ရာဇဝတ်သားများသည် ရှုစားနေကြသော သွေးဆာနေသည့်လူအုပ်ရှေ့တွင် သားရိုင်းတိရစ္ဆာန်များနှင့် သတ်ပုတ်ရန်အတင်းအဓမ္မပြုခံရခြင်းအားဖြင့် အပြစ်ပေးခံရကြသည်။ အကယ်၍ ပေါလုသည် ပကတိသားရိုင်းတိရစ္ဆာန်များနှင့် သတ်ပုတ်ခဲ့ခြင်းကိုဆိုလိုခဲ့ပါမူ ပကတိခြင်္သေ့များ၏နှုတ်မှ ဒံယေလကယ်လွှတ်ခံရသကဲ့သို့ နောက်ဆုံးအချိန်တွင် သူသည် မရှုမလှအသက်ဆုံးမှုမှ အံ့မခန်းဖွယ်နည်းဖြင့် လက်မတင်လေး လွတ်မြောက်သွားခြင်းဖြစ်ရမည်။—ဒံယေလ ၆:၂၂။
ခေတ်သစ်ပုံသက်သေများ
၁၆။ (က) ယေဟောဝါသက်သေများစွာသည် ပေါလုခံရသော ဆင်းရဲဒုက္ခများကို အဘယ်ကြောင့် ခံရနိုင်ကြသနည်း။ (ခ) မိမိတို့၏ယုံကြည်ခြင်းတရားကြောင့် သေဆုံးသွားသူများနှင့်စပ်လျဉ်း၍ မည်သည့်အရာကို ကျွန်ုပ်တို့အသေအချာဆိုနိုင်သနည်း။ (ဂ) ခရစ်ယာန်များသည် သေဘေးမှ လက်မတင်ကလေးလွတ်မြောက်မှုကို တွေ့ကြုံကြရသောအခါ မည်သည့်ကောင်းကျိုးပေါ်ထွက်လာသနည်း။
၁၆ ယနေ့ခေတ်ရှိ ခရစ်ယာန်များစွာသည် ပေါလုခံစားခဲ့ရသည့် ဆင်းရဲဒုက္ခများကို ခံရနိုင်သည်။ (၂ ကောရိန္သု ၁၁:၂၃-၂၇) ယနေ့အချိန်ရှိခရစ်ယာန်များလည်း ‘[သူတို့] မခံရပ်နိုင်လောက်အောင် ကြီးမားလှသောဆင်းရဲဒုက္ခ’ ကိုခံခဲ့ကြရပြီး များစွာသောသူတို့သည် “အသက်ရှင်နိုင်ရန် မျှော်လင့်ချက်မရှိ” သည့်အခြေအနေများကို ရင်ဆိုင်ခဲ့ကြရသည်။ (၂ ကောရိန္သု ၁:၈၊ သတင်းကောင်း) အချို့ဆိုလျှင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်သော လူသတ်သမားများနှင့် ရက်စက်သောညှဉ်းဆဲနှိပ်စက်သူများ၏လက်တွင် အသက်ဆုံးခဲ့ကြသည်။ ဘုရားသခင်၏ နှစ်သိမ့်မှုပေးသော တန်ခိုးတော်သည် သူတို့အား ကြံ့ကြံ့ခံရပ်တည်နိုင်စေခဲ့ကြောင်းနှင့် သူတို့သည် ကောင်းကင်မျှော်လင့်ချက်ရှိသည်ဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသည်ဖြစ်စေ မိမိတို့၏မျှော်လင့်ချက်ပြည့်စုံမှုတွင် စိတ်နှလုံးကို မြဲမြံစွာအာရုံစူးစိုက်ထားရင်းသေဆုံးခဲ့ကြကြောင်း ကျွန်ုပ်တို့အသေအချာဆိုနိုင်သည်။ (၁ ကောရိန္သု ၁၀:၁၃; ဖိလိပ္ပိ ၄:၁၃; ဗျာဒိတ် ၂:၁၀) အချို့အဖြစ်အပျက်များတွင်မူ ယေဟောဝါရှင်သည် ကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်တော်မူခဲ့ရာ ကျွန်ုပ်တို့ညီအစ်ကိုများသည် သေဘေးမှ လွှတ်မြောက်ပေးခြင်းခံခဲ့ရသည်။ အဆိုပါလွှတ်မြောက်ပေးခြင်းခံခဲ့ရသူများသည် “သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရားသခင်” ၌ယုံကြည်ကိုးစားမှုကို တိုးပွားစေခဲ့မည်မှာ မလွဲဧကန်ပင်။ (၂ ကောရိန္သု ၁:၉) ယင်းနောက်ပိုင်းတွင် သူတို့သည် ဘုရားသခင်၏ နှစ်သိမ့်မှုပေးသော သတင်းစကားများကို အခြားသူများအား ဝေမျှသောအခါ အကြီးအကျယ်ယုံကြည်မှုဖြင့်ပင် ပြောနိုင်မည်ဖြစ်သည်။—မဿဲ ၂၄:၁၄။
၁၇-၁၉။ ရဝမ်ဒါနိုင်ငံရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ဘုရားသခင်၏နှစ်သိမ့်မှုတွင် ဝေမျှခံစားသူများဖြစ်ခဲ့ကြကြောင်း မည်သည့်တွေ့ကြုံမှုများက ပြသနည်း။
၁၇ မကြာသေးမီက ရဝမ်ဒါနိုင်ငံရှိ ကျွန်ုပ်တို့၏ချစ်လှစွာညီအစ်ကိုများခမျာ ပေါလုနှင့် သူ့အဖော်တို့ကဲ့သို့သော အတွေ့အကြုံကို ဖြတ်သန်းခဲ့ကြရရှာသည်။ များစွာသောသူများ အသက်ဆုံးခဲ့ရသော်လည်း စာတန်၏အားထုတ်မှုများသည် သူတို့၏ယုံကြည်ခြင်းကို မတိုက်ဖျက်နိုင်ခဲ့ပါ။ ယင်းအစား ထိုနိုင်ငံရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် နည်းအမျိုးမျိုးဖြင့် ဘုရားသခင်၏နှစ်သိမ့်ပေးမှုကို ကိုယ်စီတွေ့ကြုံခံစားခဲ့ရကြသည်။ ရဝမ်ဒါနိုင်ငံတွင် နေထိုင်ကြသော တွတ်စီနှင့် ဟူတူတို့၏ အမျိုးဖြုတ်သတ်ဖြတ်ခြင်းကာလအတွင်း တွတ်စီများအတွက် အသက်စွန့်ကာကွယ်ပေးခဲ့ကြသည့် ဟူတူများနှင့် ဟူတူများကိုကာကွယ်ပေးခဲ့ကြသည့် တွက်စီများရှိခဲ့သည်။ အချို့ဆိုလျှင် မိမိတို့၏ယုံကြည်သူချင်းများကို အကာအကွယ်ပေးကြသည့်အတွက် အစွန်းရောက်ဝါဒီများ၏လက်ချက်ဖြင့် အသတ်ခံခဲ့ရကြသည်။ ဥပမာ ဂါဟီးဇီအမည်ရှိ ဟူတူသက်သေခံတစ်ဦးသည် ချန်းတာလ်အမည်ရှိ တွတ်စီညီအစ်မကို ဝှက်ထားပြီးနောက် အသတ်ခံခဲ့ရရှာသည်။ တွတ်စီလူမျိုးဖြစ်သော ချန်းတာလ်၏ ခင်ပွန်းသည်ဇန်းကို ရှာလော့တ်အမည်ရှိ ဟူတူညီအစ်မက အခြားတစ်နေရာတွင် ဝှက်ထားပေးခဲ့သည်။ ဇန်းနှင့် နောက်တွတ်စီညီအစ်ကိုတစ်ဦးသည် မီးခိုးခေါင်းတိုင်ထဲတွင် အရက် ၄၀ ကြာပုန်းအောင်းနေခဲ့ရသည်။ ညဘက်တွင် ခဏတစ်ဖြုတ်သာအပြင်ထွက်ရသည်။ ဟူတူစစ်တပ်တပ်ချထားသည့်အနီးတွင် နေရသော်လည်း ရှာလော့တ်သည် ဤကာလတစ်လျှောက်လုံး သူတို့အား အစားအစာနှင့် အကာအကွယ်ပေးခဲ့သည်။ ဤစာမျက်နှာတွင် ပြန်လည်ဆုံစည်းရသော ဇန်းနှင့်ချန်းတာလ်တို့၏ပုံကို သင်မြင်နိုင်သည်၊ ပြစ်ကိလနှင့်အာကုလတို့သည် တမန်တော်ပေါလုအတွက် အသက်ရင်းပေးခဲ့ကြသကဲ့သို့ မိမိတို့အတွက် ‘အသက်ရင်းပေး’ ခဲ့ကြသော မိမိတို့၏ဟူတူဝတ်ပြုသူချင်းတို့ကို သူတို့ကျေးဇူးတင်ကြသည်။—ရောမ ၁၆:၃၊ ၄။
၁၈ အခြားဟူတူသက်သေခံတစ်ယောက်ဖြစ်သော ရူအာခါဘူးဘူးသည် တွတ်စီယုံကြည်သူချင်းများကို အကာအကွယ်ပေးခဲ့သောကြောင့် အင်တာရာမားရာ သတင်းစာတွင် ချီးကျူးဖော်ပြခြင်းခံခဲ့ရသည်။a “သူ၏ညီအစ်ကိုများ (ယုံကြည်သူချင်း တစ်ဦးကိုတစ်ဦးခေါ်ကြပုံ) ကို တစ်နေရာပြီးတစ်နေရာ လိုက်ဝှက်ထားသည့် ရူအာခါဘူးဘူးအမည်ရှိ ယေဟောဝါသက်သေတစ်ယောက်လည်းရှိသည်။ သူသည် ပန်းနာရင်ကြပ်ဝေဒနာသည်ဖြစ်သော်လည်း တစ်နေကုန်တစ်နေခန်း သူတို့အတွက် အစားအစာနှင့် သောက်ရေကို သယ်ပို့ပေးခဲ့သည်။ သို့သော် ဘုရားသခင်က သူ့အား သာမန်ထက်ထူးကဲသော ခွန်အားပေးခဲ့သည်” ဟုယင်းက ဖော်ပြထားသည်။
၁၉ နိကောဒင်နှင့် အတာနာဇီးအမည်ရှိ စိတ်ဝင်စားသော မောင်နှံတစ်စုံအကြောင်းကိုလည်း သုံးသပ်ကြည့်ပါ။ အမျိုးဖြုတ်သတ်ဖြတ်မှု မဖြစ်ပွားမီ အဆိုပါမောင်နှံစုံသည် အယ်လ်ဖွန်းစ်အမည်ရှိ တွတ်စီသက်သေခံတစ်ဦးနှင့် ကျမ်းစာလေ့လာနေသည်။ သူတို့သည် အသက်စွန့်ကာ မိမိတို့အိမ်တွင် အယ်လ်ဖွန်းစ်ကို ဝှက်ထားခဲ့သည်။ သူတို့၏ဟူတူအိမ်နီးချင်းများက တွတ်စီမိတ်ဆွေအကြောင်း သိရှိထားကြသောကြောင့် ဤနေရာသည် သူ့အတွက် လုံခြုံမှုမရှိကြောင်း နောက်ပိုင်းတွင် သူတို့သိရှိလာသည်။ ထို့ကြောင့် နိကောဒင်နှင့် အတာနာဇီးတို့သည် အယ်လ်ဖွန်းစ်ကို သူတို့ခြံဝင်းထဲရှိ တွင်းတစ်ခုထဲတွင် ဝှက်ထားလိုက်သည်။ အိမ်နီးချင်းများသည် နေ့စဉ်လိုလိုပင် အယ်လ်ဖွန်းစ်ကို လာရှာစပြုသောကြောင့် ယင်းသည် အပြောင်းကောင်းဖြစ်သွားသည်။ အဆိုပါတွင်းထဲတွင် ၂၈ ရက်ကြာရှိနေစဉ် ယေရိခေါမြို့ရှိ မိမိ၏အိမ်ခေါင်မိုးပေါ်တွင် ဣသရေလလူမျိုးနှစ်ယောက်ကို ဝှက်ထားခဲ့သည့် ရာခပ်အကြောင်းကဲ့သို့သော ကျမ်းစာမှတ်တမ်းများကို အယ်လ်ဖွန်းစ်စဉ်းစားဆင်ခြင်ခဲ့သည်။ (ယောရှု ၆:၁၇) ယနေ့ဆိုလျှင် အယ်လ်ဖွန်းစ်သည် ရဝမ်ဒါတွင် အချိန်ပြည့် သတင်းကောင်းဟောပြောသူတစ်ယောက်အဖြစ် ဆက်၍အမှုဆောင်နေပြီး သူ့အတွက်အသက်စွန့်ပြီးကယ်ခဲ့သော မိမိ၏ ဟူတူလူမျိုးကျမ်းစာသင်သားတို့ကို ကျေးဇူးတင်နေလေသည်။ နိကောဒင်နှင့် အတာနာဇီးတို့အကြောင်းကော မည်သို့နည်း။ သူတို့သည် ယခုအခါတွင် နှစ်ခြင်းခံပြီးသော ယေဟောဝါ၏သက်သေခံများဖြစ်နေကြပြီး စိတ်ဝင်စားသူများနှင့် ကျမ်းစာသင်အံမှု ၂၀ ကျော်ပြုလုပ်နေပါသည်။
၂၀။ ယေဟောဝါသည် ရဝမ်ဒါနိုင်ငံရှိ ကျွန်ုပ်တို့ညီအစ်ကိုများကို မည်သည့်နည်းဖြင့် နှစ်သိမ့်ပေးတော်မူခဲ့သနည်း။ သို့သော် သူတို့ထဲမှများစွာသောသူများတွင် မည်သည့်လိုအပ်ချက် ဆက်ရှိနေဆဲဖြစ်သနည်း။
၂၀ ရဝမ်ဒါနိုင်ငံတွင် အမျိုးဖြုတ်သတ်ဖြတ်မှုစဖြစ်သည့်အချိန်က ဤနိုင်ငံတွင် သတင်းကောင်းကြွေးကြော်သူ ၂,၅၀၀ ရှိပါသည်။ ရာနှင့်ချီပြီးအသက်ဆုံးရ သို့မဟုတ် နိုင်ငံမှထွက်ပြေးဖို့ အတင်းအကျပ်ပြုခံခဲ့ရသော်လည်း သက်သေခံအရေအတွက်မှာ ၃,၀၀၀ ကျော်အထိတိုးလာပါသည်။ ဤအချက်က ဘုရားသခင်သည် ကျွန်ုပ်တို့၏ညီအစ်ကိုများအား အမှန်ပင်နှစ်သိမ့်ပေးတော်မူခဲ့ကြောင်း သက်သေထူသည်။ ယေဟောဝါသက်သေများထဲတွင်ရှိသော မိတဆိုးဖတဆိုးများနှင့် မုဆိုးမတို့ကော အသို့နည်း။ ဤသူတို့သည် ဆင်းရဲဒုက္ခကို ခံစားနေရဆဲဖြစ်ပြီး နှစ်သိမ့်မှု ဆက်၍လိုအပ်ဆဲဖြစ်သည်မှာ ဓမ္မတာပင်။ (ယာကုပ် ၁:၂၇) ဘုရားသခင်၏ကမ္ဘာသစ်တွင် ရှင်ပြန်ထမြောက်ခြင်းဖြစ်သည့်အခါကျမှသာ သူတို့ကျသောမျက်ရည်များကို လုံးဝသုတ်ပေးမည်ဖြစ်သည်။ သူတို့သည် မိမိတို့ညီအစ်ကိုများ၏ ကျွေးမွေးစောင့်ရှောက်မှုနှင့် “နှစ်သိမ့်ခြင်းရှိသမျှ၏အရှင်” ကိုဝတ်ပြုသူများဖြစ်သောကြောင့် ဘဝကိုရင်ဆိုင်နိုင်ကြသည်။
၂၁။ (က) အခြားမည်သည့်ဒေသရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ဘုရားသခင်၏နှစ်သိမ့်မှု မဖြစ်မနေလိုအပ်နေပါသနည်း။ ကျွန်ုပ်တို့အားလုံး အကူအညီပေးနိုင်သည့် နည်းတစ်နည်းကား အဘယ်နည်း။ (“လေးနှစ်တာစစ်ပွဲအတွင်းနှစ်သိမ့်မှု” လေးထောင့်ကွက်ရှု။) (ခ) ကျွန်ုပ်တို့၏ နှစ်သိမ့်မှုလိုအပ်ချက်သည် မည်သည့်အချိန်တွင် လုံးဝပြည့်ဝသွားမည်နည်း။
၂၁ အယ်ရထရီးယား၊ စင်္ကာပူနှင့် ယခင်ယူဂိုစလားဗီးယားနိုင်ငံတို့ကဲ့သို့သော ဒေသများစွာတွင် ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ဆင်းရဲဒုက္ခကြားမှ ယေဟောဝါထံတော်တွင် သစ္စာရှိရှိ ဆက်၍အမှုဆောင်နေကြသည်။ သူတို့နှစ်သိမ့်မှုရရှိရလေအောင် မှန်မှန်တိုးလျှိုးအသနားခံပေးခြင်းအားဖြင့် အဆိုပါညီအစ်ကိုများကို ကျွန်ုပ်တို့အကူအညီပေးနိုင်ကြပါစေ။ (၂ ကောရိန္သု ၁:၁၁) ထို့အပြင် ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အပြည့်စုံဆုံးသဘောဖြင့် “[ကျွန်ုပ်တို့၏] မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူ” မည့်အချိန်အထိ သစ္စာရှိရှိကြံ့ကြံ့ခံရပ်တည်သွားနိုင်ပါစေ။ ထိုအချိန်တွင် ကျွန်ုပ်တို့သည် ယေဟောဝါ၏ဖြောင့်မတ်သောကမ္ဘာသစ်၌ ကိုယ်တော်ပေးသနားတော်မူမည့် နှစ်သိမ့်မှုကို အတိုင်းအတာအပြည့်အဝ ရရှိခံစားကြမည်တည်း။—ဗျာဒိတ် ၇:၁၇; ၂၁:၄; ၂ ပေတရု ၃:၁၃။
[အောက်ခြေမှတ်ချက်များ]
a ၁၉၉၅ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၆ တွင် ရူအာခါဘူးဘူး၏ သမီးလေး ဒေဗောရ၏ဆုတောင်းချက်က ဟူတူစစ်သားအုပ်စုတစ်စုကို စိတ်ထိခိုက်သွားစေရာ မိသားစု အသတ်ခံရမည့်ဘေးမှလွတ်ခဲ့ကြသည့် တွေ့ကြုံမှုကိုဖော်ပြထားသည်။
သင်သိပါသလော
◻ ယေဟောဝါရှင်ကို “နှစ်သိမ့်ခြင်းရှိသမျှ ၏အရှင်” ဟုအဘယ်ကြောင့် ခေါ်နိုင်သနည်း။
◻ ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခကို မည်သို့ ရှုမြင်သင့်သနည်း။
◻ ကျွန်ုပ်တို့သည် နှစ်သိမ့်မှုကို မည်သူများနှင့် ဝေမျှခံစားနိုင်သနည်း။
◻ ကျွန်ုပ်တို့၏နှစ်သိမ့်မှုလိုအပ်ချက်သည် မည်သည့်နည်းဖြင့် လုံးဝပြည့်ဝသွားမည်နည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဇန်းနှင့် ချန်းတာလ်တို့သည် တွတ်စီသက်သေခံများဖြစ်ကြသော်လည်း ရဝမ်ဒါနိုင်ငံတွင် အမျိုးဖြုတ်သတ်ဖြတ်စဉ်ကာလအတွင်း ဟူတူသက်သေခံများက သူတို့ကို တစ်ယောက်တစ်နေရာစီတွင် ဝှက်ထားပေးခဲ့ကြ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေတို့သည် ဘုရားသခင်၏ နှစ်သိမ့်မှုပေးသောသတင်းတရားကို ရဝမ်ဒါနိုင်ငံရှိ မိမိတို့၏အိမ်နီးချင်းများကို ဆက်၍ဝေမျှကြ