မယုံကြည်သူတို့နှင့်တွဲဖက်၍ ထမ်းပိုးကိုမထမ်းကြနှင့်
“မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဖက်ဖြစ်သောထမ်းပိုးကိုမထမ်းကြနှင့်။ ယုံကြည်သောသူသည်မယုံကြည်သောသူနှင့်အတူ အဘယ်အကျိုးအပြစ်ကိုခံရမည်နည်။—၁ ကောရိန္သု ၆:၁၄၊ ၁၅။
၁။ ညီအစ်မတစ်ဦးမည်သို့ မယုံကြည်သူနှင့်လက်ထပ်ခဲ့ရသနည်း။
နှစ်အနည်းငယ်က အမေရိကန်အနောက်အလယ်ပိုင်းရှိ ယေဟောဝါသက်သေတစ်ဦး၏ခင်ပွန်းသည် မတော်တဆ ကားတိုက်မှုကြောင့် သေဆုံးခဲ့ရသည်။ သူမက “ပထမတော့ကျွန်မအတော်ဘဲ ကြေကွဲမိခဲ့တယ်။ ဒါပေမယ့်၊ အဲ့ဒါက ကျွန်မရဲ့အမှုတော်ဆောင်ရွက်ခြင်းကို မထိခိုက်ရအောင် ဆုံးဖြတ်ထားတယ်။ နှစ်တွေကြာလာတော့ ကျွန်မဟာအသင်းတော်မှာရှိတဲ့ အိမ်ထောင်သည်တွေကြားမှာ ပဉ္စမမြောက်အပိုမော်တော်ကားဘီးလို ခံစားလာရတယ်။ မိသားစုအပျော်ခရီးထွက်ကြတဲ့အခါတွေမှာ ကျွန်မသမီးနဲ့ကျွန်မဟာ အမြဲခေါ်ဖိတ်မခံခဲ့ရဘူး။ ခရစ်ယာန်ဇနီးမောင်နှံတွေ တစ်ယောက်နဲ့တစ်ယောက် ယုယနေတာကိုတွေ့ရရင် ကျွန်မဟာအပယ်ခံလို ပိုပြီးခံစားရတယ်။ ကျွန်မဝိညာဉ်ရေးအားနည်းလာနေတာကို ဘယ်သူမှသတိမထားမိကြဘူး။ ဒါနဲ့အလုပ်ထဲက လောကအမျိုးသားတစ်ဦးကျွန်မကို ညစာထွက်စားဖို့ခေါ်တဲ့အခါ လိုက်သွားခဲ့တယ်။ ကျွန်မသတိမထားမိခင်မှာ ကျွန်မဟာသူ့ကိုချစ်မိနေပြီ။ နောက်ဆုံးတော့၊ ကျွန်မသိပ်အားနည်းသွားပြီး အထီးကျန်စိတ်ကလွှမ်းမိုးလာတာနဲ့ သူ့ကိုလက်ထပ်ဖို့သဘောတူလိုက်တယ်။”
၂။ အိမ်ထောင်ပြုလိုသောဆန္ဒသည် အဘယ်ကြောင့်ဓမ္မတာဖြစ်ပြီး အိမ်ထောင်ကဘာကိုဖြစ်ပေါ်စေဖို့ဖြစ်သနည်း။
၂ မှန်ပါသည်၊ အိမ်ထောင်ဖက်တစ်ဦးနှင့်အတူ ဘဝကိုမျှဝေခံစားလိုသောဆန္ဒသည် အလွန်ပြင်းပြနိုင်ပြီး၊ ဓမ္မတာလည်းဖြစ်သည်။ ယေဟောဝါမိန့်ဆိုသကဲ့သို့ပင်၊ “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သောအထောက်အမ [“ကိုက်ညီသောအရာ” သူ့အတွက်ကိုက်ညီသောအရာ] ကို သူ့ဖို့ငါလုပ်ဦးမည်။” (ကမ္ဘာဦး ၂:၁၈၊ New World Translation Reference Bible, footnote.) အိမ်ထောင်ပြုခြင်းသည် ယောက်ျားနှင့်မိန်းမစပ်ကြားနီးကပ်သော ထာဝရပေါင်းစည်းမှုအတွက် စီမံခြင်းဖြစ်သည်။ “ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်” ဟုပြောခဲ့သူသည် အာဒံမဟုတ်ဘဲ၊ ယေဟောဝါရှင်ဖြစ်သည်။ (ကမ္ဘာဦး ၂:၂၂-၂၄။ မဿဲ ၁၉:၄-၆ နှင့်နှိုင်းယှဉ်ပါ) သင့်နှလုံးသားသည် ထိုသို့သောကိုက်ညီသည့်အရာကို တောင့်တနေခြင်းဖြစ်နိုင်သည်။
၃၊ ၄။ (က) မယုံကြည်သူများနှင့် သံယောဇဉ်ငြိတွယ်ခြင်းကို သမ္မာကျမ်းစာကမည်သို့ သတိပေးသနည်း။ (ခ) မညီမျှသောထမ်းပိုးထမ်းခြင်းနှင့်စပ်လျဉ်း၍ ပေါလု၏သွန်သင်ချက်သည် အိမ်ထောင်တွင်မည်သို့သက်ဆိုင်သနည်း။ (ဂ) ကောရိန္သုခရစ်ယာန်များသည် “မယုံကြည်သောသူတို့” စကားလုံးကို မည်သို့နားလည်ခဲ့မည်နည်း။ (အောက်ခြေမှတ်ချက်ကိုရှု)
၃ မယုံကြည်သူများနှင့် သံယောဇဉ်ငြိတွယ်ခြင်းကို သမ္မာကျမ်းစာက သတိပေးထားသည်။ တမန်တော်ပေါလုပြောထားသကဲ့သို့ပင်၊ “မယုံကြည်သောသူတို့aနှင့်တွဲဘက်၍ ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကို မထမ်းကြနှင့်။ [“မညီမျှသောအတွဲတွင် ကကြိုးအဆင်မခံနှင့်” The Jerusalem Bible.] ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ်အကျိုးအပြစ်ကိုခံရမည်နည်း။”b (၂ ကောရိန္သု ၆:၁၄၊ ၁၅) ပေါလုသည်မောရှေပညတ်တွင် နွားနှင့်မြည်းကိုတွဲဖက်၍ လယ်ထွန်ခြင်းအား တားမြစ်ထားခြင်းကို စိတ်ထဲတွင်ရှိနိုင်သည်။ (တရားဟောရာ ၂၂:၁၀) မြည်းသည်အရွယ်ပို၍ငယ်ပြီး နွားလောက်မသန်သောကြောင့် ထိုသို့သောမညီမျှသောထမ်းပိုးတင်ခြင်းဖြင့် ဒုက္ခရောက်နိုင်သည်။ အိမ်ထောင်ပြုခြင်းသည် လင်နှင့်မယားကိုပေါင်းစည်းလိုက်သော ထမ်းပိုးဖြစ်ခြင်းကြောင့် ခရစ်ယာန်တစ်ဦးသည် မယုံကြည်သူကိုထိမ်းမြားခြင်းဖြင့် မညီမျှသောထမ်းပိုးကို ဖြစ်လာစေနိုင်သည်။ (မဿဲ ၁၉:၆) ထိုသို့သောထမ်းပိုးသည် အများအားဖြင့်အိမ်ထောင်အပေါ် ထပ်ဆင့်ဖိစီးမှုနှင့်စိတ်ပင်ပန်းခြင်းကို ဖြစ်စေသည်။—၁ ကောရိန္သု ၇:၂၈ကိုနှိုင်းယှဉ်။
၄ သို့ပင်ငြားလည်း၊ အဖွင့်တွေ့ကြုံမှုတင်ပြသကဲ့သို့ အချို့ခရစ်ယာန်များသည် မယုံကြည်သူများကိုလက်ထပ်ရန် ရွေးချယ်ခဲ့ကြသည်။ အဘယ်ကြောင့်အချို့သည် “သခင်ဘုရား၌သာ” အိမ်ထောင်ပြုရန် အခက်အခဲတွေ့ကြသနည်း။—၁ ကောရိန္သု ၇:၃၉။
အဘယ်ကြောင့်အချို့ အခြားမှရှာ
၅။ အဘယ်ကြောင့်အချို့သည် မယုံကြည်သူများနှင့်စိတ်ကူးဖြင့် ပတ်သက်လာပုံကို ဥပမာတင်ပြပါ။
၅ ဘုရားရှင်၏အကြံဉာဏ်ကိုသူတို့ ဥပေက္ခာပြုလို၍တော့မဟုတ်ချေ။ အိမ်ထောင်ပြုလိုသော ခရစ်ယာန်ညီအစ်မတစ်ဦး၏ အခြေအနေကိုစဉ်းစားကြည့်ပါ။ သူမသည်ခရစ်ယာန်လင်ယောက်ျားတစ်ဦးကို တောင့်တနေပြီး၊ သူမ၏ယုံကြည်သူအဆွေအသိုင်းအဝိုင်းတွင် တော်သင့်သောညီအစ်ကိုအများ ရှိပုံမရချေ။ သူမ၏အသက်ထောက်လာသည်ကိုလည်း စိုးရိမ်မကင်းဖြစ်လာသည်။ သူမသည်မိသားစုတစ်ခုရှိရန်လည်း လိုလားပေမည်။ တစ်ကိုယ်တည်းအသက်ကြီးရင့်သွားမည်ကို ကြောက်ရွံ့ခြင်းနှင့် မေတ္တာကိုခံယူလိုခြင်းတို့က သူမအားထိခိုက်စေနိုင်သည်။ သို့နှင့်၊ လောကအမျိုးသားတစ်ဦးက သူမအားစိတ်ဝင်စားမှုပြလာသောအခါ တွန်းလှန်ရန်ခက်ခဲနိုင်သည်။ သူ့အနေနှင့် ကြင်နာနူးညံ့ပုံရသည်။ သူသည်ဆေးလိပ်လည်းမသောက်၊ ဆဲရေးတိုင်းထွာခြင်းလည်းမပြု။ ‘ဘာဖြစ်လို့တုန်း၊ သူဟာကျွန်မသိတဲ့ ညီအစ်ကိုအများထက်တောင်ပိုကောင်းသေးတယ်’ ဟုဆင်ခြင်လာသည်။ ‘သူဟာကျမ်းစာသင်ဖို့လည်း စိတ်ဝင်စားတယ်။’ ‘ညီအစ်မတစ်ယောက်တောင်၊ မယုံကြည်သူတစ်ဦးနဲ့ လက်ထပ်လိုက်တာ နောက်ဆုံးသူယုံကြည်သူဘက်သား တစ်ဦးဖြစ်လာတာ ငါသိသားပဲ။’ ‘တစ်ချို့ခရစ်ယာန် အိမ်ထောင်တွေ အဆင်မပြေတာရှိပါတယ်။’—ယေရမိ ၁၇:၉ ရှု။
၆၊ ၇။ (က) တစ်ကိုယ်ရေညီအစ်မတစ်ဦး သူမ၏စိတ်အနှောင့်အယှက်ဖြစ်ပုံကို မည်သို့ဖော်ပြသနည်း။ (ခ) မည်သည့်မေးခွန်းကျွန်ုပ်တို့ သုံးသပ်ထိုက်သနည်း။
၆ မှန်ပါသည်၊ အိမ်ထောင်ပြုလိုသော တစ်ကိုယ်ရေခရစ်ယာန်အတွက် အလွန်စိတ်အနှောင့်အယှက် ဖြစ်နိုင်သည်။ အချို့ဆိုလျှင် စိတ်ဓာတ်ပင်ကျမည်။ “တော်သင့်တဲ့ညီအစ်ကိုဦးရေဟာ သိပ်ကိုနည်းလွန်းတယ်” ဟုတစ်ကိုယ်ရေညီအစ်မတစ်ဦးက သူ့ဒေသအခြေအနေနှင့်စပ်လျဉ်း၍ဆိုသည်။ “ဒါပေမယ့်၊ တစ်ကိုယ်ရေညီအစ်မတွေရဲ့ဦးရေဟာ သိပ်ကိုများလွန်းတယ်။ ညီအစ်မတစ်ဦးဟာ သူ့အရွယ်ကကြီးလာတော့ ချက်ချင်းအခွင့်ပေါ်တာနဲ့ အိမ်ထောင်ပြုရင်ပြု၊ မပြုရင်လည်းလုံးဝမပြုတော့ဘူးဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တော့တယ်။”
၇ သို့ပင်ငြားလည်း၊ သမ္မာကျမ်းသွန်သင်ချက်ကား ရှင်းနေသည်။ ‘မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ထမ်းပိုးကိုမထမ်းကြနှင့်။’ (၂ ကောရိန္သု ၆:၁၄) ဤသတိပေးတော်မူချက်သည် ကြမ်းတမ်း သို့မဟုတ် ဆင်ခြင်တုံကင်းမဲ့သလော။
ဘုရားရှင့်မေတ္တာပါ စောင့်ရှောက်မှု၏အမှတ်လက္ခဏာ
၈။ ယေဟောဝါရှင်သည်ကျွန်ုပ်တို့အတွက် အကောင်းဆုံးအကျိုးလိုလားကြောင်း မည်သို့ပြသခဲ့သနည်း။
၈ ယေဟောဝါရှင်သည်ကျွန်ုပ်တို့၏ ထာဝရကောင်းကျိုးအတွက် အလွန်အမင်းစိုးရိမ်မကင်းဖြစ်သည်။ ကိုယ်တော်သည်မိမိအတွက် အကုန်အကျကြီးမားစွာဖြင့် “လူများကိုရွေးခြင်းငှာ” သားတော်ကိုပေးအပ်ခဲ့သည်မဟုတ်ပါလော။ (မဿဲ ၂၀:၂၈) ကိုယ်တော်သည် ‘သင်၏အကျိုးနှင့်ယှဉ်သော အရာကိုသွန်သင်’ သူမဟုတ်ပါလော။ (ဟေရှာယ ၄၈:၁၇) ကိုယ်တော်သည် ‘သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ’ ဟုကတိပေးထားသည်မဟုတ်ပါလော။ (၁ ကောရိန္သု ၁၀:၁၃) ထို့ကြောင့်ပင်၊ မယုံကြည်သူများနှင့် ထမ်းပိုးအတင်မခံနှင့်ဟုဆိုရာ၌ ကျွန်ုပ်တို့အတွက်အကောင်းဆုံးအကျိုး၊ ကိုယ်တော်စိတ်ထဲတွင်ရှိမည်မှာမုချ။ ဤသတိပေးချက်သည် ကျွန်ုပ်တို့အတွက်ကိုယ်တော်၏ မေတ္တာပါစောင့်ရှောက်မှု အမှတ်လက္ခဏာဖြစ်ကြောင်း သုံးသပ်ကြည့်ပါ။
၉။ (က) ခရစ်ယာန်တစ်ဦးသည် မယုံကြည်သူတစ်ဦးနှင့် အနီးကပ်ပေါင်းစည်းခြင်းကို ပေါလုကမည်သို့သတိပေးသနည်း။ (ခ) ဂရိတ်စကားလုံး “ညီညွတ်” ၏အဓိပ္ပာယ်ကားအဘယ်နည်း။ ယင်းကခရစ်ယာန်တစ်ဦးသည် မယုံကြည်သူတစ်ဦးနှင့် ထမ်းပိုးထမ်းသောအခါ ဖြစ်ပေါ်လာသောအခက်အခဲကို မည်သို့ပြသ,သနည်း။
၉ အိမ်ထောင်ဟူသည် လူသားများစပ်ကြား အနီးကပ်ဆုံးနှောင်ကြိုးဖြစ်ခါ၊ ယောက်ျားနှင့်မိန်းမသည် “တစ်သားတစ်ကိုယ်” ဖြစ်လာရန် ကိုယ်တော်ရည်ရွယ်တော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၂၄) ခရစ်ယာန်တစ်ဦးသည် မယုံကြည်သူတစ်ဦးနှင့် ထိုသို့သောအနီးကပ်ပေါင်းစည်းခြင်းသည် ပညာရှိရာရောက်ပါမည်လော။ ပေါလုက၊ မသင့်လျော်ကြောင်းအဖြေများကို ထွက်ပေါ်စေသော ထိုးဖောက်သည့်မေးခွန်းများကိုမေးခြင်းဖြင့် အဖြေပေးခဲ့သည်။ “အမှားသည်အမှန်နှင့် မည်သို့ဖက်စပ်နိုင်ပါအံ့နည်း။ အလင်းသည်အမှောင်နှင့် မည်သို့ယှဉ်တွဲနေနိုင်ပါအံ့နည်း။ ခရစ်တော်သည်စာတန်နှင့် အဘယ်သို့ညီညွတ်မှု [ဂရိ၊ စင်ဖိုနီစစ်၊ sym·pho’ne·sis.] ရှိနိုင်ပါအံ့နည်း။ . . . ယုံကြည်သူသည်မယုံကြည်သူနှင့် အဘယ်သို့တူညီမှုရှိနိုင်ပါအံ့နည်း။” (၂ ကောရိန္သု ၆:၁၄၊ ၁၅၊ သက) ဂရိစကားလုံးစင်ဖိုနီစစ် သည် စာသားအရ “အတူအသံမြည်စေခြင်း” (စင်၊ “ဖြင့်” နှင့်ဖိုနီ၊ “တစ်သံ”) ဟုဆိုလိုသည်။ ယင်းသည်တေးဂီတတူရိယာမှ ထွက်ပေါ်လာသော ညီညွတ်မှုကိုရည်ညွှန်းသည်။ ခရစ်တော်နှင့်စာတန်စပ်ကြားတွင် မည်သို့မှညီညွတ်မှု ရှိနိုင်မည်မဟုတ်ချေ။ အလားတူပင်၊ မညီမျှသောထမ်းပိုးတွင် လင်နှင့်မယားသည် ‘တစ်ညီတည်းထွက်ရန်’ မလွယ်ချေ။ သူတို့သည်၊ တစ်ခုနှင့်တစ်ခုတွဲ၍မရသော တေးဂီတတူရိယာနှစ်ခုကဲ့သို့ ဖြစ်နေပြီး၊ တေးသံထွက်မည့်အစား မညီညွတ်သောအသံများကိုသာ ထွက်ပေါ်စေသည်။
၁၀။ ချမ်းမြေ့သောအိမ်ထောင်တွင် အခြေခံလိုအပ်ချက်များကားအဘယ်နည်း။ ညီမျှသောထမ်းပိုးရှိသောအခါ မည်သည့်အကျိုးကျေးဇူးများရှိသနည်း။
၁၀ သို့ဖြစ်လျှင်၊ ဝိညာဏလူတစ်ဦးသည် ဇာတိလူတစ်ဦးနှင့် ညီညွတ်မှုအပြည့်အဝ ခံစားနိုင်ပါမည်လော။ (၁ ကောရိန္သု ၂:၁၄) တူညီသောယုံကြည်ချက်များ၊ မူများနှင့်ပန်းတိုင်များသည် ချမ်းမြေ့သောအိမ်ထောင်တွင် အရေးပါသောအခြေခံများဖြစ်သည်။ ညီမျှသောထမ်းပိုးတွင် လင်နှင့်မယားသည်တစ်ဦးကိုတစ်ဦး ဝတ်ပြုရေးတွင်အားပေးနိုင်သည်။ အိမ်ထောင်တစ်ခုကို ဖန်ဆင်းရှင်ထံ အပြန်အလှန်သစ္စာနှံဝတ်ပြုခြင်းထက် အားပေးမှုကြီးမရှိတော့ချေ။ နှစ်ဦးစလုံးသူတို့၏ကွာဟပ်မှုများကို ဖြေရှင်းရန်ကျမ်းစောင်များအတွင်းကြည့်ရှုနိုင်သည်။ သို့ဖြစ်လျှင်၊ မယုံကြည်သူများနှင့် ထမ်းပိုးမတင်ရန် ယေဟောဝါမိန့်တော်မူခြင်းသည် ကျွန်ုပ်တို့အားကိုယ်တော်သည် ကျွန်ုပ်တို့၏အိမ်ထောင်ဖက်နှင့် အဖြစ်နိုင်ဆုံး၊ အနီးကပ်ဆုံးနှောင်ကြိုးခံစားစေလိုသောကြောင့်ဖြစ်ကြောင်း မထင်ရှားပေလော။
၁၁။ ဣသရေလတွင်ဝတ်ပြုရေးမတူသူများနှင့် ထိမ်းမြားခြင်းကိုအဘယ်ကြောင့်တားမြစ်သနည်း။ မည်သည့်စဉ်းစားဖွယ် မေးခွန်းများမေးထားသနည်း။
၁၁ သမ္မာကျမ်းသတိပေးချက်ကို နာခံခြင်းဖြင့် ခရစ်ယာန်တစ်ဦးသည် မယုံကြည်သူတစ်ဦးနှင့် ထမ်းပိုးအတင်ခံခြင်းကြောင့် ဖြစ်ပေါ်လာသော နာကျင်လှသည့်ဖြစ်ရပ်များမှ ကျွန်ုပ်တို့အားလွတ်မြောက်စေသည်။ ဥပမာအနေနှင့်၊ မယုံကြည်သူသည် ခရစ်ယာန်အိမ်ထောင်ဖက်တစ်ဦးအား ယေဟောဝါအမှုဆောင်ရွက်ခြင်းမှ လမ်းလွှဲလိုက်နိုင်သည်။ ရှေးဣသရေလများအား ယေဟောဝါရှင်၏သတိပေးချက်ကို သုံးသပ်ကြည့်ပါ။ ဝတ်ပြုရေးမတူသူများနှင့် အိမ်ထောင်ပြုခြင်းကို တားမြစ်ထားသည်။ အဘယ်ကြောင့်နည်း။ “အကြောင်းမူကား၊ သူတို့သည် သင်၏သားကိုငါ၌မဆည်းကပ်စေဘဲ အခြားတစ်ပါးသောဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်” ဟုယေဟောဝါသတိပေးခဲ့၏။ (တရားဟောရာ ၇:၃၊ ၄) မယုံကြည်သူထံမှ ဆန့်ကျင်ဘက်ရင်ဆိုင်ရသောအခါ အတိုက်အခံမဖြစ်အောင်ဟုဆိုကာ လျှော့ပေးချင်စိတ်ပေါ်လာတတ်သည်။ ‘ငါ့ကိုတော့မဖြစ်နိုင်ပါဘူး’ ဟုဆိုပြီး ထင်မြင်ရန်လွယ်သည်။ သို့သော်၊ပညာရှိရှောလမုန်၌ ဖြစ်ခဲ့သည်။ သင့်၌ကောအလားတူ မဖြစ်နိုင်ပေလော။—၃ ဓမ္မရာဇဝင် ၁၁:၁-၆။ ၃ ဓမ္မရာဇဝင် ၄:၂၉၊ ၃၀ နှိုင်းယှဉ်။
၁၂။ တစ်ပါးသူများနှင့်ထိမ်းမြားခြင်းကို တားမြစ်ထားသော ဘုရားရှင်၏ပညတ်သည် ဣသရေလများအတွက်မည်သို့ အကာအကွယ်ဖြစ်သနည်း။ ပုံဥပမာပြပါ။
၁၂ ယုံကြည်သူသည်စစ်မှန်သောဝတ်ပြုရေးမှ မလွဲသွားသည်ဘဲထားဦးတော့ ဘာသာကွဲအိမ်ထောင်နှင့်ဆက်နွယ်နေသော ပြဿနာနှင့်ဖိအားများ ရှိနေတုန်းပင်။ ဣသရေလများအား ဘုရားရှင်၏ပညတ်ကို တစ်ဖန်သုံးသပ်ကြည့်ပါဦး။ ဣသရေလမိန်းကလေးတစ်ဦးသည် ခါနာန်ယောက်ျားတစ်ဦးကိုထိမ်းမြားရန် သဘောတူသည်ဆိုကြပါစို့။ ခါနာန်ပြည်တွင်ပျံ့နှံ့နေသော လိင်ဆိုင်ရာအကျင့်အတိုင်းသာဆိုလျှင် သူသည်သူမ၏ဘုရားပညတ်တော်ကို မည်သို့လေးစားပါမည်နည်း။ ဥပမာ၊ ဓမ္မတာလာချိန်တွင် လိင်သံဝါသမပြုရန် မောရှေပညတ်တွင် တောင်းဆိုထားသည့်အတိုင်း သူသည်လိုလိုလားလား ရှောင်ကြဉ်ပါမည်လော။c (ဝတ်ပြုရာ ၁၈:၁၉။ ၂၀:၁၈။ ဝတ်ပြုရာ ၁၈:၂၇ နှိုင်းယှဉ်) ခါနာန်မိန်းကလေးကိုယူထားသော ဣသရေလယောက်ျားတစ်ဦးသည် ရာသီဆိုင်ရာပွဲတော်များတက်ရောက်ရန် တစ်နှစ်လျှင်သုံးကြိမ် ယေရုရှလင်သို့ခရီးသွားသောအခါ သူမသည်မည်မျှအားပေးထောက်မမည်နည်း။ (တရားဟောရာ ၁၆:၁၆) ထိုသို့သောထိမ်းမြားခြင်းများကို တားမြစ်ထားသည့် ဘုရားပညတ်သည် ဣသရေလများအားကာကွယ်ရန်ဖြစ်ကြောင်း ထင်ရှားလှပါသည်။
၁၃။ (က) လောကသားတစ်ဦးသည်အဘယ်ကြောင့် ကျမ်းစာအရလေ့ကျင့်ထားသော၊ ခရစ်ယာန်သြတ္တပ္ပစိတ် မရှိသနည်း။ (ခ) ဘာသာကွဲအိမ်ထောင်များတွင် အချို့သည်မည်သည့်ဖိအားနှင့် အခက်အခဲများရင်ဆိုင်ရသနည်း။
၁၃ ယနေ့ကောမည်သို့နည်း။ လောကသားများ၏စာရိတ္တအဆင့်သည် သမ္မာကျမ်းဖော်ပြချက်များမှ အတော်အလှမ်းကွာနေသည်။ အချို့လောကသားများသည် မည်မျှပင်စင်ကြယ်ပုံရသော်လည်း သူတို့တွင်သမ္မာကျမ်းအတိုင်းလေ့ကျင့်ထားသော ခရစ်ယာန်သြတ္တပ္ပစိတ် မရှိချေ။ သူတို့သည် ‘စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ရန်’ ဘုရားနှုတ်ကပတ်တော်ကို နှစ်များစွာမသင်အံခဲ့ချေ။ (ရောမ ၁၂:၂။ ကောလောသဲ ၃:၉) ထို့ကြောင့်၊ မယုံကြည်သူနှင့်တွဲ၍ထမ်းပိုးထမ်းသော ခရစ်ယာန်သည်နှလုံးကြေကွဲ၊ ဝမ်းနည်းဖွယ်များစွာ ခံစားရလေ့ရှိသည်။ အချို့မှာလွဲမှားသော လိင်ဆိုင်ရာလုပ်ရပ်များတွင်ပါဝင်ရန် သို့မဟုတ် လောကပွဲနေ့များကျင်းပရန် ထပ်တလဲလဲဖိအားပေးမှုများ ရင်ဆိုင်ရသည်။ အချို့က အထီးကျန်ဖြစ်နေကြောင်းပင် ငြီးညူကြသည်။ ညီအစ်မတစ်ဦး ရေးသားခဲ့သကဲ့သို့ပင်ဖြစ်သည်။ “ယေဟောဝါကိုမချစ်တဲ့သူနဲ့ထိမ်းမြားထားတဲ့အခါ ဖြစ်ပေါ်လာတဲ့အထီးကျန်မှုဟာ တွေးမိသမျှအထီးကျန်မှုတွေထဲမှာ အဆိုးဆုံးဘဲ။ သိကြတဲ့အတိုင်း၊ ဘဝမှာအရေးကြီးဆုံးဖြစ်တဲ့ သမ္မာတရားကိုဝေမျှခံစားရမဲ့သူ ကိုယ့်မှာမရှိခြင်းပါဘဲ။”
၁၄။ (က) ဘာသာကွဲအိမ်ထောင်တွင် ကလေးများကို “သခင်ဘုရား [ယေဟောဝါ] ၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြု” ရန်အဘယ်ကြောင့် ခက်ခဲသနည်း။ (ခ) ဘာသာကွဲအိမ်ထောင်တစ်ခုတွင် ကလေးများအပေါ်မည်သို့ထိခိုက်နိုင်သနည်း။
၁၄ ကွဲပြားသောအိမ်ထောင်တွင်၊ ကလေးများကို “သခင်ဘုရား [ယေဟောဝါ] ၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြု” ရန် အလွန်ခက်ခဲနိုင်သည်။ (ဧဖက် ၆:၄) ဥပမာ၊ မယုံကြည်သူသည် ကလေးများကိုစည်းဝေးတက်ရန် သို့မဟုတ် အမှုဆောင်လယ်ကွင်းတွင်ပါဝင်ရန် လိုလိုလားလားခွင့်ပြုပါမည်လော။ အများအားဖြင့်ကလေးများသည် ဝေခွဲမရ၊ ကြေကွဲကြရသည်။ သူတို့သည်မိဘနှစ်ဦးစလုံးကို ချစ်သည်၊ သို့သော်မိဘတစ်ဦးသာယေဟောဝါကို ချစ်သောကြောင့်ဖြစ်သည်။ မယုံကြည်သူကိုထိမ်းမြားခဲ့သော ညီအစ်မတစ်ဦးက ဤသို့ဆိုခဲ့သည်။ “ကျွန်မရဲ့အိမ်ထောင်သက် အနှစ် ၂၀ အတွင်းမှာ နှလုံးကြေကွဲမှုတွေ အများကြီးကြုံခဲ့ရတယ်။ ကျွန်မရဲ့သားတွေဟာ အတော်.ကိုဒုက္ခပေးပြီး၊ စိတ်ဓာတ်ကျဆင်းမှုတွေနဲ့ကြီးပြင်းလာကြတယ်။ အခုသူတို့ဟာ လောကအဝင်ဖြစ်နေကြပြီ။ ကျွန်မရဲ့သမီးကလည်း ကျွန်မနဲ့အိမ်ထောင်ကွဲနေတဲ့သူ့ဖအေထံ ရုံးတော်အမိန့်ကြောင့် အခါအားလျော်စွာလည်ပတ်ရတဲ့အတွက် ကျွန်မနှင့်ခွဲခွာနေရတဲ့အချိန်များလွန်းလို့ စိတ်ညစ်လေ့ရှိတယ်။ ဒီလိုပြဿနာအားလုံးပေါ်လာရတာဟာ ကျွန်မအသက် ၁၈ နှစ်အရွယ်တုန်းက ယေဟောဝါရဲ့မူတစ်ခုကို ဥပေက္ခာပြုခဲ့လို့ပါဘဲ။” မည်သည့်မူနည်း။ မယုံကြည်သူတို့နှင့်တွဲဖက်၍ ထမ်းပိုးကိုမထမ်းကြနှင့်။
၁၅။ ကျွန်ုပ်တို့အားမယုံကြည်သူများနှင့် ထမ်းပိုးမထမ်းရန် ယေဟောဝါရှင်အဘယ်ကြောင့် သွန်သင်ချက်ပေးသနည်း။
၁၅ ရှင်းနေသည်ကား၊ ယေဟောဝါသည် ကျွန်ုပ်တို့အား ဘဝမှအကောင်းဆုံးခံစားစေလိုသည်။ ကိုယ်တော်တောင်းဆိုသော မယုံကြည်သူနှင့်တွဲ၍ ထမ်းပိုးမထမ်းရန် အကြံဉာဏ်သည် ကျွန်ုပ်တို့ကောင်းကျိုးအတွက်ဖြစ်သည်။ (တရားဟောရာ ၁၀:၁၂၊ ၁၃) မယုံကြည်သူကိုထိမ်းမြားခြင်းသည် ကျမ်းဆိုင်ရာသွန်သင်ချက်၊ လက်တွေ့ကျဉာဏ်ပညာနှင့် အခြားသူများ၏ နာကျင်လှသောအတွေ့အကြုံကို ဥပေက္ခာပြုရာရောက်သည်။
မေးလေ့ရှိသော မေးခွန်းများ
၁၆၊ ၁၇။ (က) ကျွန်ုပ်တို့သတိမမူလျှင် စိတ်လှုပ်ရှားမှုများသည် မှန်ကန်သောတွေးတောပုံကို မည်သို့ရှုပ်ထွေးသွားစေနိုင်သနည်း။ (ခ) ခရစ်ယာန်တစ်ဦးသည် မယုံကြည်သူတစ်ဦးအားထိမ်းမြားခဲ့ပြီး ယခုသူတို့နှစ်ဦးစလုံး ယေဟောဝါအမှုတော်ဆောင်ရွက်နေသော ခြွင်းချက်ကိစ္စရပ်များကြောင့် ဘုရားရှင်၏သွန်သင်ချက်ကို ဥပေက္ခာပြုသင့်သလော။ ရှင်းပြပါ။
၁၆ သို့ပင်ငြားလည်း၊ ကျွန်ုပ်တို့သတိမမူလျှင် စိတ်လှုပ်ရှားမှုက မှန်ကန်သောတွေးတောပုံကို ရှုပ်ထွေးစေနိုင်သည်။ ငါ့ကိစ္စကတော့ကွာတယ်၊ ခြွင်းချက်ထားရမယ်ဟု စတင်တွေးတောလာနိုင်သည်။ မေးလေ့ရှိသောမေးခွန်းအချို့ကို သုံးသပ်ကြည့်ပါ။
၁၇ ညီအစ်ကိုတစ်ဦး ဒါမှမဟုတ် ညီအစ်မတစ်ဦးဟာ မယုံကြည်သူတစ်ဦးကို ထိမ်းမြားလိုက်ပြီး အခုသူတို့နှစ်ယောက်စလုံး ယေဟောဝါအမှုဆောင်နေကြတာနဲ့ ပတ်သက်ပြီးတော့ကော။ ယေဟောဝါ၏မူများကိုတော့ ချိုးဖောက်ခဲ့ခြင်းပင်ဖြစ်သည်။ လုပ်ခဲ့သည်ကိုအဆုံးပိုင်းဖြင့် ထုချေနိုင်မည်လော။ ကိုယ်တော်၏သွန်သင်ချက်ကို လျစ်လျူရှုခဲ့သော ဗာဗုလုန်သုံ့ပန်းမှပြန်လာသည့် ဂျူးများအပေါ်ဘုရားရှင်အမြင်ကို ဖေါ်ပြခဲ့သည်။ အချို့သည်ဒိဌိဇနီးများယူကြသောအခါ သမ္မာကျမ်းရေးခဲ့သူများဖြစ်သည့် ဧဇရနှင့်နေဟမိသည် သူတို့၏လုပ်ရပ်ကို အတည့်အလင်းအပြစ်တင်ခဲ့သည်။ ထိုဂျူးများသည် “သစ္စာမဲ့စွာပြုကျင့်” ခဲ့ပြီး၊ “ကြီးလေးသောမှားယွင်းမှု” ကျူးလွန်ကာ “ပြစ်မှား” ခဲ့ကြသည်။ (ဧဇရ ၁၀:၁၀-၁၄၊ နေဟမိ ၁၃:၂၇၊ NW.) အခြားစဉ်းစားစရာရှိသေးသည်။ ဘုရားရှင်သွန်သင်ချက်ကို ကျွန်ုပ်တို့လျစ်လျူရှုသောအခါ ကျွန်ုပ်တို့ကိုယ်ကိုဝိညာဉ်ရေးအရ ထိခိုက်စေနိုင်ပြီး၊ ကျွန်ုပ်တို့၏သြတ္တပ္ပစိတ်ကို ဒဏ်ရာရစေသည်။ မိမိ၏မယုံကြည်သူယောက်ျားသည် နောက်ဆုံးတွင်ယုံကြည်သူဖြစ်လာပြီးနောက် ထိုညီအစ်မကဤသို့ဆိုသည်။ ‘ကျွန်မဟာအခုထက်ထိ စိတ်ပိုင်းဆိုင်ရာဒဏ်ချက်တွေကို ခံစားနေရတုန်းဘဲ။ တစ်ခြားသူတွေက ကျွန်မတို့ကိုလက်ညိုးထိုးပြီး “သူတို့ကျတော့ အဆင်ပြေသားဘဲ” လို့ပြောတဲ့အခါ ကျွန်မဘယ်လောက်စိတ်ထိခိုက်မိတယ်ဆိုတာ မပြောပြနိုင်ဘူး။’
၁၈။ သင်သည်နှစ်ခြင်းမခံရသေးသူတစ်ဦးအား စိတ်ဝင်စားနေလျှင် ပညာရှိလမ်းစဉ်ကားအဘယ်နည်း။ သို့ဖြင့်သင်ဘာကို တင်ပြရာရောက်သနည်း။
၁၈ နှစ်ခြင်းမခံရသေးပေမဲ့ ကျမ်းစာသင်နေပြီး စည်းဝေးတွေတက်နေတဲ့ သူ ဒါမှမဟုတ် သူမ ကိုစိတ်ဝင်စားမိနေတယ်ဆိုရင်ကော။ သမ္မာတရားကိုမည်သူမဆို စိတ်ဝင်စားမှုပြလာသောအခါ ကျွန်ုပ်တို့ဝမ်းမြောက်သည်။ မေးခွန်းမှာ၊ သင်သည်သင့်စိတ်အလိုနောက် လိုက်သင့်ပါသလော။ ဘွင်းဘွင်းပြောရလျှင်၊ ပညာရှိလမ်းစဉ်မှာ သူနှင့်မချိန်းချက်မီ သင့်အဆွေသည်နှစ်ခြင်းခံပြီး၍၊ ဘုရားဝိညာဉ်အသီးများသီးရာတွင် တိုးတက်မှုပြနေသည့်အချိန်နောက်ပိုင်း အတော်အတန်အထိ စောင့်ဆိုင်းရန်ဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ထိုသို့သောအကြံပြုချက်ကို လိုက်နာရန်လွယ်ကူမည်မဟုတ်သော်လည်း၊ လိုက်နာခြင်းဖြင့် သင်သည် သမ္မာကျမ်းမူများ၌ ဆက်ကပ်ထားကြောင်းပြရာရောက်ပြီး၊ ယင်းကစစ်မှန်သော အိမ်ထောင်ပျော်ရွှင်မှုအတွက် အုတ်မြစ်ကောင်းချပေးပါလိမ့်မည်။ သင့်အဆွေသည်သင့်အား တစ်ကယ်ဂရုစိုက်ပြီး၊ ယေဟောဝါကိုအမှန်ချစ်လာလျှင် ချစ်ကြိုက်စကားပြောချိန်မတိုင်မီ သူ (သို့မဟုတ် သူမ) သည်သင်တို့နှစ်ဦးစလုံး “သခင်ဘုရား” ၌ဖြစ်သည်အထိ အပ်နှံ၊ နှစ်ခြင်းခံပြီးသည်အထိ စောင့်ဆိုင်းရန်အသင့်ရှိမည်မှာ မလွဲချေ။ မေတ္တာစစ်သည် အချိန်ကုန်လွန်သွားခြင်းကြောင့် ထိခိုက်ခြင်းမရှိသည်ကိုလည်း သတိရပါ။—၁ ကောရိန္သု ၇:၃၉။ ကမ္ဘာဦး ၂၉:၂၀။
၁၉။ ယုံကြည်သူဘက်သားများကြားမှ အိမ်ထောင်ဖက်တွေ့ရန် ခက်ခဲနေလျှင် သင့်စိတ်ထဲတွင်ဘာထားသင့်သနည်း။
၁၉ တကယ်လို့ယုံကြည်သူတွေထဲမှာ တော်သင့်တဲ့အိမ်ထောင်ဖက် တွေ့ဖို့ခက်ခဲနေရင်ကော။ “ကျွန်မဟာအခုအသက် ၂၆ နှစ်၊ တစ်ကိုယ်ရေဖြစ်ပြီး တစ်ကယ့်ကိုအထီးကျန် ခံစားနေရတယ်” ဟုညီအစ်မတစ်ဦးကဆိုသည်။ မှန်ပါသည်၊ တစ်ကိုယ်တည်းဖြစ်နေခြင်းသည် သင့်အတွက်ခက်ပေမည်။ သို့သော်အိမ်ထောင်တွင် မညီမျှသောထမ်းပိုးထမ်းခြင်းကြောင့် ဖြစ်ပေါ်လာသောပြဿနာသည် ပို၍ခက်ခဲနိုင်သည်။ ဘုရားရှင်သွန်သင်ချက်ကို နာခံခြင်းသည်ယုံကြည်ခြင်း၊ ချုပ်တည်းခြင်း၊ စိတ်ရှည်ခြင်းလိုအပ်မည်ဖြစ်သော်လည်း၊ ယေဟောဝါသည်သင့်အတွက်အကောင်းဆုံး ဘာဖြစ်မည်ကိုသိရှိ၍ ဖြစ်စေချင်သည်။ (၁ ပေတရု ၅:၆၊ ၇) ယင်းကိုဆုတောင်းချက်တွင်ထည့်ပြီး ယေဟောဝါကိုစောင့်ဆိုင်းပါ။ (ဆာလံ ၅၅:၂၂) ဤအစီအစဉ်စနစ်တွင် မည်သူမျှစုံလင်သော ကျေနပ်ဖွယ်ဘဝမရရှိချေ။ သင့်နှလုံးသည် အိမ်ထောင်ဖက်တစ်ဦးကို တောင့်တပေမည်။ အခြားသူများမူ၊ ပြဿနာများခံစားနေရသော်လည်း အချို့သည်ဤစနစ်တွင် ကုသ၍ရမည်မဟုတ်ချေ။ လာလတံ့သောကမ္ဘာသစ်တွင်သာလုံးဝ “သတ္တဝါအပေါင်းတို့ကိုရောင့်ရဲစေတော်မူ” မည်။—ဆာလံ ၁၄၅:၁၆။
၂၀။ တစ်ကိုယ်ရေညီအစ်မတစ်ဦး သူမ၏သန္နိဌာန်ကို မည်သို့ဖော်ပြသနည်း။ အလားတူပင်သန္နိဌာန်ချထားခြင်းဖြင့် သင်သည်မည်သို့သောကျေနပ်မှုခံစားရမည်နည်း။
၂၀ ဤစပ်ကြားတွင်၊ မယုံကြည်သူနှင့် ထမ်းပိုးမထမ်းမိရန် သန္နိဌာန်ချမှတ်ထားပါ။ ၃၆ နှစ်အရွယ် တစ်ကိုယ်ရေညီအစ်မတစ်ဦးက သူမ၏သန္နိဌာန်ချမှတ်ထားပုံကို ဤသို့ထုတ်ဖေါ်သည်။ “ကျွန်မယေဟောဝါထံမှာနေ့စဉ်ဘဲ အိမ်ထောင်ဖက်တစ်ဦးအတွက် ဆုတောင်းပါတယ်။ ယေဟောဝါအဖွဲ့အစည်းပြင်ပမှာ ကျွန်မရှာဖို့ဆန္ဒမရှိပါဘူး။ ဒါပေမယ့် သွေးဆောင်မှုတွေက ရှိနေတုန်းဘဲ။ ဒီစပ်ကြားမှာ၊ ကျွန်မဟာဝိညာဏအမျိုးသားတစ်ဦးရှာနေတဲ့ ဝိညာဏအမျိုးသမီးအဖြစ်တိုးတက်စေမဲ့ အရည်အချင်းတွေအပေါ် ကျွန်မကြိုးစားသွားဖို့ရည်ရွယ်ထားပါတယ်။” အသင်ကောအလားတူ သန္နိဌာန်ချထားပါသလော။ သို့ဖြစ်လျှင်၊ သင်သည်မြင့်မြတ်သောတရားမျှတသည့်ဘုရားရှင် အပေါ်သစ္စာစောင့်မှုကြောင့် သက်ရောက်လာသောကျေနပ်မှုကို ခံစားနိုင်ပေမည်။—ဆာလံ ၃၇:၂၇၊ ၂၈။
[အောက်ခြေမှတ်ချက်များ]
a ၁ ကောရိန္သု ၁၄:၂၂ တွင်၊ ပေါလုသည် “ယုံကြည်သူများ” သို့မဟုတ် နှစ်ခြင်းခံပြီးသူများနှင့် ဆန့်ကျင်လျက် “မယုံကြည်သောသူတို့” ဟုသုံးထားသည်။ ထို့ကြောင့်၊ ကောရိန္သုမြို့သားများသည်၊ “မယုံကြည်သူတို့” စကားလုံးကို နှစ်ခြင်းမခံ သေးသူများအားရည်ညွှန်းကြောင်း နားလည်ကြပေမည်။—တမန်တော် ၈:၁၃; ၁၆:၃၁-၃၄; ၁၈:၈။ ရှု
b “အကျယ်ချဲ့ရလျှင်ယင်းကျင့်စဉ်ကို အောက်ပါအတိုင်းဖွင့်ပြနိုင်သည်။ ‘ခရစ်ယာန်စံချိန်များကိုချိုးဖောက်စေမည့် သို့မဟုတ် ခရစ်ယာန်သက်သေခံ၏ ရှေ့နောက်ညီညွတ်မှုကို အန္တရာယ်ပြုစေနိုင်သည့် မယုံကြည်သူများနှင့် ယာယီဖြစ်စေ၊ အမြဲဖြစ်စေ မည်သည့်ဆက်သွယ်မှုမျှမပြုနှင့်။ အဘယ်ကြောင့်ထိုသို့ သီးခြားနေရသနည်း။ အကြောင်းမှာ၊ မယုံကြည်သူသည် ခရစ်ယာန်စံချိန်များ၊ စာနာမှုများ သို့မဟုတ် ပန်းတိုင်များကိုဝေမျှခံစားခြင်း မရှိသောကြောင့်ဖြစ်သည်။’”—.The Expositorʼs Bible Commentary, Volume 10, page 369.
c See The Watchtower of September 15, 1972, pages 575-6.
သင်ရှင်းပြနိုင်မည်လော
▫ မယုံကြည်သူများနှင့် သံယောဇဉ်ငြိတွယ်ခြင်းကို သမ္မာကျမ်းစာကမည်သို့ သတိပေးသနည်း။
▫ အချို့ဆက်ကပ်ထားသောခရစ်ယာန်များသည် အဘယ်ကြောင့်အသင်းတော်ပြင်ပတွင် အိမ်ထောင်ဖက်ရှာကြသနည်း။
▫ မယုံကြည်သူများနှင့်ထမ်းပိုးမထမ်းရန် ယေဟောဝါရှင်၏သတိပေးချက်သည် အဘယ်ကြောင့်ကျွန်ုပ်တို့အတွက် ကိုယ်တော်၏မေတ္တာပါအမှတ်လက္ခဏာဖြစ်သနည်း။
▫ အိမ်ထောင်ဖက်ရှာခြင်းနှင့်စပ်လျဉ်း၍ မည်သည့်မေးခွန်းများမေးလေ့ရှိပြီး သင်မည်သို့ဖြေမည်နည်း။