ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁/၁၅ စာ. ၁၄-၁၉
  • စေတနာစိတ်ပါစွာဖြင့်ပေးကမ်းသူများကို ယေဟောဝါချစ်တော်မူ၏

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စေတနာစိတ်ပါစွာဖြင့်ပေးကမ်းသူများကို ယေဟောဝါချစ်တော်မူ၏
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စေတနာစိတ်ဖြင့်လှုံ့ဆော်ခံရ
  • စေတနာစိတ်ရှိရှိပေးကမ်းရန် အဘယ်အရာများကတိုက်တွန်းသနည်း
  • ပေးကမ်းစွန့်ကြဲခြင်းကိုအသေအချာစီစဉ်ပေးခြင်း
  • မလှူဘဲမနေရဟုစိတ်ထင်နှင့်မဟုတ်
  • ဘုရားသခင့်ဆုကျေးဇူးများအတွက် ကျေးဇူးတင်ကြောင်းတင်ပြလေ
  • “စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင် နှစ်သက်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ‘စေတနာစိတ်နှင့်ပေးလှူသူကို ဘုရားသခင်နှစ်သက်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • “ရက်ရောစွာပေးကမ်းသူကို ဘုရားသခင်နှစ်သက်”
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
  • စေတနာစိတ်နဲ့ လှူဒါန်းသူကို ယေဟောဝါ ချစ်မြတ်နိုး
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁/၁၅ စာ. ၁၄-၁၉

စေတနာစိတ်ပါစွာဖြင့်ပေးကမ်းသူများကို ယေဟောဝါချစ်တော်မူ၏

“လူတိုင်းကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ။ မလှူဘဲမနေရဟုစိတ်ထင်နှင့်မလှူရ။ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။”—၂ ကောရိန္သု ၉:၇။

၁။ ဘုရားသခင်နှင့်ခရစ်တော်သည် စေတနာစိတ်ပါပါပေးကမ်းသူများ မည်သို့ဖြစ်ခဲ့ကြပြီနည်း။

စေတနာပါပါ ဦးဆုံးပေးကမ်းသူကား ယေဟောဝါရှင်ပင်ဖြစ်သည်။ ကိုယ်တော်၏တစ်ပါးတည်းသောသားတော်အား ဝမ်းမြောက်ရွှင်လန်းစွာအသက်ပေးတော်မူ၍ ကောင်းကင်တမန်များနှင့်လူသားဖြစ်ပေါ်လာစေရန် သားတော်ကိုအသုံးပြုတော်မူခဲ့သည်။ (သု၊ ၈:၃၀၊ ၃၁။ ကောလောသဲ ၁:၁၃-၁၇) ဘုရားသခင်သည် ကျွန်ုပ်တို့ဝမ်းမြောက်စေခြင်းငှာ မိုးကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံတို့ကိုသီးစေတတ်သည့်ဥတုပါအပါအဝင် ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ခပ်သိမ်းသောအရာတို့ကိုပေးတော်မူသည်။ (တမန်တော် ၁၄:၁၇။ ၁၇:၂၅) ဘုရားသခင်ကိုယ်တော်တိုင်နှင့်သားတော်ယေရှုခရစ်တို့သည် စိတ်စေတနာရှိပေးကမ်းသူများ အမှန်ဖြစ်တော်မူကြရာ အတ္တသဘောလုံးဝမရှိပေးကမ်းကြပေသည်။ ယေဟောဝါရှင်သည်လောကီသားတို့ကိုချစ်တော်မူလှသဖြင့် “သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက် ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည်မိမိ၌တစ်ပါးတည်းသောသားတော်ကိုစွန့်တော်မူသည်။” ယေရှုကိုယ်တော်တိုင်လည်း ‘လူများကိုရွေးခြင်းငှာ မိမိအသက်ကိုမတွန့်မတိုစွန့်’ တော်မူခဲ့သည်။—ယောဟန် ၃:၁၆။ မဿဲ ၂၀:၂၈။

၂။ ပေါလုပြောသည့်အတိုင်း မည်သို့သောပေးကမ်းသူကိုဘုရားသခင်ချစ်မြတ်နိုးသနည်း။

၂ ထိုကြောင့်ဘုရားသခင်နှင့်ခရစ်တော်၏ကျေးကျွန်များသည် စိတ်စေတနာဖြင့်ပေးကမ်းသူများဖြစ်သင့်သည်။ စီအီး ၅၅ ခုနှစ်ခန့်က ကောရိန္သုမြို့နေခရစ်ယာန်များထံရေးသည့်တမန်တော်ပေါလု၏ဒုတိယစာစောင်တွင် ဤသို့ပေးကမ်းခြင်းမျိုးကိုအားပေးတိုက်တွန်းထားသည်။ ယေရုရှလင်နှင့်ယုဒနယ်ရှိ ဆင်းရဲသောခရစ်ယာန်များအား စေတနာစိတ်ဖြင့်ငွေလှူဒါန်းခြင်းကိုရည်ညွှန်းကာ ပေါလုဤသို့ဆိုသည်။ “လူတိုင်းကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ။ မလှူဘဲမနေရဟုစိတ်ထင်နှင့်မလှူရ။ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။” (၂ ကောရိန္သု ၉:၇။ ရောမ ၁၅:၂၆။ ၁ ကောရိန္သု ၁၆:၁၊ ၂။ ဂလာတိ ၂:၁၀) ပေးကမ်းလှူဒါန်းခွင့်ရခြင်းကို ဘုရားသခင့်လူများမည်သို့တုံ့ပြန်ခဲ့ပြီနည်း။ ပေးကမ်းခြင်းနှင့်စပ်လျဉ်းသည့် ပေါလု၏သြဝါဒမှ ကျွန်ုပ်တို့အဘယ်အရာများသိရှိနိုင်ပါသနည်း။

စေတနာစိတ်ဖြင့်လှုံ့ဆော်ခံရ

၃။ ယေဟောဝါ၏ဝတ်ပြုရေးအတွက် တဲတော်ဆောက်လုပ်ရေးတွင် ဣသရေလလူမျိုးအဘယ်အထိထောက်ပံ့ကူညီသနည်း။

၃ မြင့်မြတ်သောရည်ရွယ်ချက်ကိုပံ့ပိုးသည့်အနေနှင့် မိမိကိုယ်ကိုသော်လည်းကောင်း၊ မိမိတို့၏အစွမ်းအစများကိုသော်လည်းကောင်းပေးရန် စေတနာစိတ်ကဘုရားသခင့်လူများကိုတိုက်တွန်းပေးသည်။ ဥပမာ၊ ယေဟောဝါ၏ဝတ်ပြုရေးထမ်းဆောင်ရန်တဲတော်ဆောက်လုပ်ရေးတွင် မောရှေခေတ်ရှိဣသရေလလူမျိုးသည် ရွှင်လန်းအားရစွာထောက်ပံ့ကူညီပေးခဲ့သည်။ အချို့အမျိုးသမီးများသည် ကြည်ညိုသောစေတနာစိတ်ဖြင့်ဆိတ်မွေးငင်ပေးကြ၏။ အမျိုးသားများမူ လက်သမားများအဖြစ်အမှုထမ်းဆောင်ပေးကြ၏။ ရွှေငွေသစ်သားပိတ်ချောနှင့်အခြားအရာဝတ္တုများကို “ယေဟောဝါအဖို့လှူသောအလှူ” အဖြစ်စိတ်စေတနာဖြင့်လူများလာပေးကြသည်။ (ထွက်မြောက်ရာ ၃၅:၄-၃၅) ရက်ရောစွာလှူဒါန်းကြသဖြင့် “မှာထားတော်မူသောအလုပ်ပြီးလောက်ရုံမက ပို၍ဆောင်ခဲ့ကြ” သည်ကိုတွေ့ရှိရ၏။—ထွက်မြောက်ရာ ၃၆:၄-၇။

၄။ ဒါဝိဒ်နှင့်အခြားသူများသည် အဘယ်စိတ်သဘောထားမျိုးဖြင့် ဗိမာန်တော်အတွက်လှူဒါန်းသနည်း။

၄ ရာစုနှစ်များစွာအကုန်တွင် သားတော်ရှောလမုန်ဆောက်လုပ်မည့် ယေဟောဝါ၏ဗိမာန်တော်အတွက် ဒါဝိဒ်မင်းကြီးသည်များစွာလှူဒါန်းခဲ့သည်။ ဒါဝိဒ်သည် ‘ဘုရားသခင်အိမ်တော်၌စိတ်နှလုံးစွဲလမ်းသောကြောင့်’ “ကိုယ်ဥစ္စာထဲက” ရွှေငွေပေးတော်မူသည်။ မင်းသားများ၊ အကြီးအမှူးများနှင့်အခြားသူတို့ကလည်း ယေဟောဝါဘုရားအား ‘ကိုယ်ဥစ္စာကိုပူဇော်’ ကြ၏။ သို့ဖြင့်အဘယ်အကျိုးဖြစ်ထွန်းသနည်း။ “လူများတို့သည် စုံလင်သောနှလုံး၊ ကြည်ညိုသောစိတ်သဘောရှိ၍ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အားပူဇော်သောကြောင့်ဝမ်းမြောက်ကြ၏။” (၁ ရာဇဝင်ချုပ် ၂၉:၃-၉) သူတို့သည် စေတနာစိတ်နှင့်ပေးကမ်းသူများဖြစ်ကြ၏။

၅။ ဣသရေလလူမျိုးသည် နှစ်ရာစုများတစ်လျှောက် စစ်မှန်သောဝတ်ပြုရေးကို မည်သို့ထောက်ပံ့သနည်း။

၅ နှစ်ရာစုတစ်လျှောက် တဲတော်ကိုလည်းကောင်း၊ နောက်ပိုင်းဗိမာန်တော်များကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်နှင့်လေဝိအမျိုးဆိုင်ရာအမှုတော်များကိုလည်းကောင်း ဣသရေလလူမျိုးတို့ထမ်းဆောင်ခွင့်ရရှိခဲ့သည်။ ဥပမာအားဖြင့်၊ နေဟမိခေတ်တွင် ဘုရားသခင့်အိမ်တော်ကိုလျစ်လျူရှုမထားသင့်ကြောင်းသိရှိသဖြင့် စစ်မှန်သောဝတ်ပြုရေးကိုပံ့ပိုးပေးခြင်းငှာ ဂျူးများသန္နိဌာန်ချကြသည်။ (နေဟမိ ၁၀:၃၂-၃၉) ထပ်တူပင်ယနေ့လည်း ယေဟောဝါသက်သေများသည် စေတနာစိတ်ဖြင့် စည်းဝေးရာခန်းမများနှင့်စစ်မှန်သောဝတ်ပြုရေးကိုထောက်ပံ့ကူညီပေးရန် လှူဒါန်းကြသည်။

၆။ ခရစ်ယာန်များ စေတနာစိတ်ပါစွာပေးကမ်းခြင်းပုံသက်သေကို တင်ပြပါ။

၆ ရှေးခရစ်ယာန်များသည် စေတနာစိတ်ဖြင့်ပေးကမ်းသူများဖြစ်ကြ၏။ ဥပမာ၊ ဘုရားသခင့်နိုင်ငံတော်ရေးရာအတွက် ခရီးလှည့်လည်သောသူများကိုဧည့်ဝတ်ပြုခြင်းအားဖြင့် ဂါယုသည် ‘သစ္စာနှင့်အညီကောင်းသောအမှု’ ကိုပြုခဲ့သည်။ ယခုလည်း ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်းစေလွှတ်သည့် နယ်လှည့်ကြီးကြပ်မှူးများအား ယေဟောဝါသက်သေများသည် ဧည့်ဝတ်ပြုကြသည်။ (၃ ယောဟန် ၅-၈) ဤညီအစ်ကိုများ အသင်းတော်များထံလည်ပတ်ရန်၊ သူတို့အားဧည့်ဝတ်ပြုရန် ငွေကုန်ကျသည်မှန်သော်လည်း ဝိညာဉ်ရေးဘက်များစွာအကျိုးပြုသည်ကားအမှန်။—ရောမ ၁:၁၁၊ ၁၂။

၇။ ဖိလိပ္ပိအသင်းသားများသည် သူတို့၏ဥစ္စာပစ္စည်းများကို မည်သို့အသုံးပြုကြသနည်း။

၇ ဘုရားသခင့်နိုင်ငံတော်ရေးရာတိုးတက်ရန် အသင်းတော်လိုက် မိမိတို့၏ငွေအင်အားကိုအသုံးပြုခဲ့ကြပြီ။ ဥပမာ၊ ဖိလိပ္ပိမြို့ရှိယုံကြည်သူများအား ပေါလုဤသို့ဆိုသည်။ “သက်သာလောနိတ်မြို့၌ငါရှိစဉ်ပင် ငါလိုသောအရာကို သင်တို့သည်နှစ်ကြိမ်တိုင်အောင်ပေးလိုက်ကြ၏။ ထိုသို့ငါဆိုသော် အလှူကိုရှာသည်မဟုတ်၊ သင်တို့၌ကြွယ်ဝသောအကျိုးကိုရှာ၏။” (ဖိလိပ္ပိ ၄:၁၅-၁၇) ဖိလိပ္ပိအသင်းသားများသည် စိတ်စေတနာဖြင့်ပေးကြ၏။ သို့သော်ဤသို့စေတနာစိတ်ရှိရှိပေးကမ်းရန် အဘယ်အရာများကတိုက်တွန်းသနည်း။

စေတနာစိတ်ရှိရှိပေးကမ်းရန် အဘယ်အရာများကတိုက်တွန်းသနည်း

၈။ မိမိ၏လူများအား စေတနာစိတ်ဖြင့်ပေးကမ်းသူများဖြစ်စေရန် ဘုရားသခင့်ဝိညာဉ်တော်တိုက်တွန်းပေးကြောင်း မည်သို့သက်သေထူမည်နည်း။

၈ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားသောစွမ်းအားကား ကိုယ်တော်၏လူများအား စေတနာစိတ်ဖြင့်ပေးကမ်းရန်တိုက်တွန်းပေးသည်။ ယုဒနယ်ရှိခရစ်ယာန်များလိုအပ်လျက်နေသည့်အခါ သူတို့ကိုထောက်ပံ့ကူညီပေးရန် အခြားယုံကြည်သူများအား ဘုရားသခင့်ဝိညာဉ်တော်ကတိုက်တွန်းပေးခဲ့သည်။ ဤသို့လှူဒါန်းခြင်းကို ကောရိန္သုမြို့ရှိခရစ်ယာန်များ အတတ်နိုင်ဆုံးပြုဖို့တိုက်တွန်းပေးရန် မာကေဒေါနိပြည်နယ်ရှိအသင်းတော်များ၏ပုံသက်သေကိုပေါလုတင်ပြခဲ့သည်။ မာကေဒေါနိနယ်ရှိယုံကြည်သူတို့သည် ညှဉ်းပန်းနှိပ်စက်ခံရရုံမကဆင်းရဲနွမ်းပါးနေကြလျက်ပင် မိမိတို့တတ်နိုင်သမျှထက်မကပို၍စွန့်ကြဲပေးကမ်းခြင်းဖြင့် ညီအစ်ကိုချင်းမေတ္တာကိုသူတို့ပြသခဲ့သည်။ ပေးကမ်းစွန့်ကြဲခွင့်ကိုရရှိရန် တောင်းပန်ကြသည်အထိပင်စေတနာကြီးမားကြ၏။ (၂ ကောရိန္သု ၈:၁-၅) ဘုရားသခင့်အကျိုးဖြစ်ထွန်းရေးသည် ချမ်းသာကြွယ်ဝသူများ၏အလှူဒါနအပေါ် အမှီသဟဲပြုနေသည်မဟုတ်။ (ယာကုပ် ၂:၅) ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောရေးလုပ်ငန်းကို အဓိကထောက်ပံ့သူများသည် ငွေရေးကြေးရေးမရှိသူ၊ ယေဟောဝါအားဆက်ကပ်အပ်နှံထားသူများပင်ဖြစ်ကြသည်။ (မဿဲ ၂၄:၁၄) သို့နှင့်ပင် သူတို့၏ရက်ရောမှုကြောင့်ပို၍မဆင်းရဲသွားပါ။ အကြောင်းမူကား၊ ဤလုပ်ငန်း၌ပါဝင်သောကိုယ်တော့်လူမျိုးလိုအပ်ရာများကို ဘုရားသခင်အစဉ်မပြတ်ဖြည့်စွက်ပေးသည်။ လုပ်ငန်းတော်ဆက်လုပ်ဆောင်ရေးနှင့်တိုးတက်ရေးနောက်ဝယ်ရှိစွမ်းအားကား ကိုယ်တော့်ဝိညာဉ်တော်ဖြစ်သည်။

၉။ စိတ်စေတနာဖြင့်ပေးကမ်းခြင်းသည် ယုံကြည်ခြင်း၊ အသိပညာ၊ ချစ်ခြင်းမေတ္တာနှင့် မည်သို့ဆက်စပ်သနည်း။

၉ စေတနာစိတ်ရှိရှိပေးကမ်းရန် ယုံကြည်ခြင်း၊ အသိပညာနှင့်ချစ်ခြင်းမေတ္တာက တိုက်တွန်းပေးပါသည်။ ပေါလုဤသို့ဆိုသည်။ “သင်တို့သည် ယုံကြည်ခြင်း၊ တရားဟောခြင်း၊ ဉာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့်ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှစသောအလုံးစုံတို့နှင့်ကြွယ်ဝပြည့်စုံသည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝပြည့်စုံခြင်းဖြစ်စေသတည်း။ ထိုသို့ဆိုသော် ပညတ်အားဖြင့် ငါဆိုသည်မဟုတ်။ အခြားသောသူတို့၏ကြိုးစားအားထုတ်ခြင်းကိုအစွဲပြု၍ သင်တို့၏မေတ္တာသည် မှန်သည်မမှန်သည်ကို စုံစမ်းသောအားဖြင့်ဆိုသတည်း။” (၂ ကောရိန္သု ၈:၇၊ ၈) အထူးသဖြင့်ပေးကမ်းသူသည် များစွာမရှိသူဖြစ်ပါက ယေဟောဝါအတွက်လှူဒါန်းသူသည် ဘုရားသခင်၏အနာဂတ်ပြင်ဆင်ချက်များကိုယုံကြည်အားထားရန်လိုသည်။ အသိပညာကြွယ်ဝသောခရစ်ယာန်များသည် ယေဟောဝါ၏ရည်ရွယ်ချက်ကိုဖြည့်စွက်လိုကြသည်။ ကိုယ်တော်အပေါ်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးအပေါ်လည်းကောင်း ချစ်ခြင်းကြွယ်ဝသူသည် ကိုယ်တော်အတွက် မိမိတို့၏အစွမ်းအစတို့ကို စေတနာစိတ်ဖြင့်အသုံးပြုလိုကြမည်။

၁၀။ ယေရှု၏ပုံသက်သေသည် ခရစ်ယာန်များအားစေတနာဖြင့်ပေးကမ်းစေသည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။

၁၀ စေတနာစိတ်ဖြင့်ပေးကမ်းစွန့်ကြဲရန် ယေရှု၏ပုံသက်သေကတိုက်တွန်းပေးသည်။ မေတ္တာရှိ၍ပေးကမ်းရန် ခရစ်ယာန်များအားတိုက်တွန်းပြီးနောက် ပေါလုဤသို့ဆိုသည်။ “ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှာ သင်တို့အတွက်ကြောင့်ဆင်းရဲခြင်းကိုခံတော်မူသောကျေးဇူးတော်ကို သင်တို့သိကြ၏။” (၂ ကောရိန္သု ၈:၉) ဘုရားသခင်၏အခြားမည်သည့်သားထက်မဆို ကောင်းကင်တွင်သာ၍ကြွယ်ဝသော်လည်း ယင်းတို့အားလုံးကိုစွန့်ပြီး လူ့အသက်တာဘဝကိုခံယူခဲ့သည်။ (ဖိလိပ္ပိ ၂:၅-၈) ဤကိုယ်ကျိုးစွန့်နည်းဖြင့်ဆင်းရဲနွမ်းပါးရသော်လည်း ယေဟောဝါ၏နာမတော်ရိုသေလေးမြတ်ခြင်းရှိရန် ကြိုးပမ်းဆောင်ရွက်ပြီး လက်ခံလိုသူတို့အားအကျိုးပြုဖို့အတွက် မိမိအသက်ကိုရွေးနှုတ်ဖိုးအဖြစ်ပူဇော်ခဲ့ပါသည်။ ယေရှု၏ပုံသက်သေနှင့်အညီ သူတစ်ပါးကိုကူညီပေးရန်စေတနာစိတ်နှင့်ပေးကမ်းစွန့်ကြဲခြင်းဖြင့် ယေဟောဝါ၏နာမတော်အားရိုသေလေးမြတ်ခြင်းရှိစေသင့်သည်မဟုတ်လော။

၁၁၊ ၁၂။ ကောင်းစွာစီစဉ်ခြင်းကား ကျွန်ုပ်တို့အားစေတနာစိတ်ဖြင့်ပေးကမ်းသူများ မည်သို့ဖြစ်စေနိုင်သနည်း။

၁၁ ကောင်းစွာစီစဉ်ထားခြင်းကား စေတနာစိတ်နှင့်ပေးကမ်းစွန့်ကြဲခြင်းရှိစေသည်။ ကောရိန္သုအသင်းတော်သားများကို ပေါလုဤသို့ဆိုသည်။ “ငါရောက်လာသောအခါ လှူဒါန်း၍စုထားစရာမရှိစေခြင်းငှာ ခုနစ်ရက်တွင်ပထမနေ့ရက်၌ အသီးအသီးကောင်းစားသည်အတိုင်း မိမိတို့ဥစ္စာတစ်ဖို့ကိုထုတ်၍စုထားကြလော့။” (၁ ကောရိန္သု ၁၆:၁၊ ၂) ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတိုးချဲ့ရေးအတွက် တစ်ဦးချင်းအနေဖြင့်စေတနာစိတ်ဖြင့် ယနေ့ထပ်တူလှူဒါန်းလိုသူများသည် ယင်းအတွက် မိမိတို့ဝင်ငွေကိုသီးသန့်ဖယ်၍စုထားလျှင်ကောင်းသည်။ ဤသို့ကြိုတင်စီစဉ်မှုကောင်းကြောင့် သက်သေခံတစ်ဦးချင်း၊ မိသားစုလိုက်နှင့်အသင်းတော်လိုက် စစ်မှန်သောဝတ်ပြုရေးတိုးပွားများပြားလာရန် လှူဒါန်းနိုင်ကြပါမည်။

၁၂ လှူဒါန်းရန်အစီအစဉ်များကိုအကောင်အထည်ပေါ်စေခြင်းကား ကျွန်ုပ်တို့အားပျော်ရွှင်စေ။ ယေရှုပြောသည့်အတိုင်းပင် “ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏။” (တမန်တော် ၂၀:၃၅) ထိုကြောင့်ကောရိန္သုအသင်းသားများသည် သူတို့တစ်နှစ်အတွင်းစုထားသည့်အလှူငွေများကို ယေရုရှလင်မြို့သို့ပို့ပေးရန် ပေါလု၏မှာကြားချက်အတိုင်းပြုမူခြင်းဖြင့် ပျော်ရွှင်မှုတိုးပွားစေပါလိမ့်မည်။ “မတတ်နိုင်သောအမှုကိုမထောက်ဘဲ တတ်နိုင်သောအမှုကိုထောက်၍ နှစ်သက်တော်မူဖွယ်ဖြစ်၏” ဟုသူဆိုသည်။ မိမိတတ်နိုင်သည့်အရာမှ ပေးကမ်းစွန့်ကြဲလျှင် ယင်းကိုတန်ဖိုးထားသင့်ပါသည်။ ဘုရားသခင်ကိုယုံကြည်အားထားမည်ဆိုလျှင် ရတတ်သူသည်ဖြုန်းတီးရန်မဟုတ်ဘဲရက်ရောစေရန် ဘုရားသခင်လှုံ့ဆော်ပေးခြင်းဖြင့် ဆင်းရဲသူသည်လိုနေမည်မဟုတ်သည့်အတွက် ကိုယ်တော့်အမှုကိုထမ်းရာတွင် ခွန်အားနှင့်အစွမ်းအစလျော့မည်မဟုတ်ပါ။—၂ ကောရိန္သု ၈:၁၀-၁၅။

ပေးကမ်းစွန့်ကြဲခြင်းကိုအသေအချာစီစဉ်ပေးခြင်း

၁၃။ အလှူငွေကိုပေါလုထိန်းသိမ်းကွပ်ကဲပေးခြင်းကို ကောရိန္သုအသင်းသားများအဘယ်ကြောင့်စိတ်ချနိုင်သနည်း။

၁၃ ဆင်းရဲနွမ်းပါးသောယုံကြည်သူများသည် လိုအပ်ရာများဖြည့်ဆည်းခံရခြင်းအားဖြင့် ဟောပြောခြင်းလုပ်ငန်းတွင် များများပါဝင်နိုင်ရန် လှူဒါန်းခြင်းအစီအစဉ်ကိုပေါလုကွပ်ကဲပေးခဲ့သော်လည်း သူသော်လည်းကောင်း၊ အခြားသူတို့သော်လည်းကောင်း မိမိကြိုးပမ်းမှုများအတွက် အလှူငွေအချို့အဝက်ကိုမယူထားကြပါ။ (၂ ကောရိန္သု ၈:၁၆-၂၄၊ ၁၂:၁၇၊ ၁၈) မည်သည့်အသင်းတော်အပေါ်၌မျှ မိမိအတွက်နှင့်အနှောင့်အယှက်ဖြစ်စေမည့်အစား ကိုယ်လက်နှင့်လုပ်ဆောင်၍ မိမိလိုအပ်ရာကိုဖြည့်စွက်ခဲ့သည်။ (၁ ကောရိန္သု ၄:၁၂။ ၂ သက်သာလောနိတ် ၃:၈) ထိုကြောင့်ပေါလုအားအလှူငွေများအပ်နှင်းပေးရာတွင် ကောရိန္သုအသင်းသားများသည် စိတ်ချနိုင်၍ဝီရိယရှိဘုရားသခင့်ကျေးကျွန်တစ်ဦးထံအပ်ပေးခြင်းဖြစ်သည်။

၁၄။ အလှူငွေသုံးစွဲခြင်းနှင့်ပတ်သက်၍ ကင်းမျှော်စင်အသင်းကအဘယ်နာမည်ကောင်းရရှိထားသနည်း။

၁၄ ၁၈၈၄ ခုနှစ်တွင် ကင်းမျှော်စင်နှင့်ကျမ်းစာဝေစာအသင်းစတည်ထောင်ကတည်းက ယေဟောဝါ၏နိုင်ငံတော်လုပ်ငန်းအတွက် ယင်းထံအပ်နှင်းသောအလှူငွေတို့ကို ယုံကြည်စိတ်ချစွာကွပ်ကဲသုံးစွဲပေးကြောင်း လှူဒါန်သူများတွေ့ရှိခဲ့ကြပြီ။ ယင်း၏စာချုပ်အရ အသင်းမသည် လူအပေါင်းတို့၏အဓိကလိုအပ်ရာဖြစ်သောဝိညာဉ်ရေးရာကို ကြိုးစားဖြည့်စွက်ပေးပါသည်။ ယင်းကိုကျမ်းစာစာပေများထုတ်ဝေခြင်း၊ ကယ်တင်ခြင်းရရှိရန်နည်းလမ်းကိုတင်ပြပေးခြင်းဖြင့် ပြုလုပ်ပေးသည်။ ယနေ့ယေဟောဝါရှင်သည် တိုးချဲ့နေသောကိုယ်တော်၏အဖွဲ့အစည်းအတွင်း သိုးကဲ့သို့သောသူများစုသိမ်းခြင်းလုပ်ငန်းကို အလျင်အမြန်ပြုလုပ်နေတော်မူသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းအတွက် အလှူငွေများကိုပညာရှိစွာအသုံးပြုခြင်းကိုကောင်းချီးပေးခြင်းက ကိုယ်တော်၏မျက်နှာသာနှင့်တွေ့ကြောင်း သက်သေထင်ရှားသည်။ (ဟေရှာယ ၆၀:၈၊ ၂၂) စေတနာစိတ်နှင့်ပေးကမ်းသူများနှလုံးကို ကိုယ်တော်ဆက်လက်၍တိုက်တွန်းပေးမည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။

၁၅။ ဤမဂ္ဂဇင်းသည် အလှူငွေအကြောင်း အဘယ်ကြောင့်မကြာခဏဆွေးနွေးတင်ပြသနည်း။

၁၅ ကမ္ဘာချီဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းအတွက် အလှူငွေများပေးခွင့်ရှိကြောင်းကို အသင်းမသည်ဤဂျာနယ်အားဖြင့် စာရှုသူများအားမကြာခဏတိုက်တွန်းပေးတတ်ပါသည်။ ယင်းကားအလှူတောင်းခံခြင်းမဟုတ်ဘဲ ဘုရားသခင်ကြောင့်ငွေရတတ်သူများ ‘သန့်ရှင်းစေတော်မူသောသတင်းကောင်းဟောပြောသောအမှု’ ကိုထောက်ပံ့လိုသူအားလုံးတို့ကို သတိပေးနေခြင်းမျှဖြစ်သည်။ (ရောမ ၁၅:၁၆။ ၃ ယောဟန် ၂) ယေဟောဝါ၏နာမတော်နှင့်နိုင်ငံတော်ကိုကြေညာခြင်းငှာ လှူဒါန်းသောငွေကို အသင်းမသည် အချွေတာဆုံးနည်းဖြင့်အသုံးပြုရန်ကြိုးစားသည်။ အလှူငွေရှိရှိသမျှကို ကျေးဇူးတင်စွာလက်ခံယူပြီး လက်ခံရရှိကြောင်းကိုအကြောင်းကြားသည်။ ထိုနောက်ဘုရားသခင့်နိုင်ငံသတင်းကောင်းပျံ့နှံ့ရေးအတွက်အသုံးပြုပါသည်။ ဥပမာ၊ ဤနည်းဖြင့်သာသနာပြုလုပ်ငန်းများကို နိုင်ငံပေါင်းများစွာတွင်ပံ့ပိုးပေးသည်။ ကျမ်းစာအသိပညာပြန့်ပွားရေးအတွက်အရေးကြီးသည့်ပုံနှိပ်တိုက်များကို ထိန်းသိမ်းစောင့်ရှောက်တိုးချဲ့ပေးရန် အသုံးပြုပါသည်။ ထို့ပြင်ကျမ်းစာများ၊ ကျမ်းဆိုင်ရာစာပေများနှင့်ကက်ဆက်ခွေ၊ ဗွီဒီယိုခွေများကိုပုံနှိပ်ထုတ်လုပ်ပေးရန်၊ တိုးမြင့်နေသည့်ဈေးနှုန်းကိုကာမိရန် ယင်းအလှူငွေများကိုအသုံးပြုပါသည်။ ဤနည်းမျိုးဖြင့် စေတနာစိတ်ဖြင့်ပေးကမ်းသူများသည် ဘုရားသခင့်နိုင်ငံတော်ရေးရာကိုတိုးမြှင့်ပေးပါသည်။

မလှူဘဲမနေရဟုစိတ်ထင်နှင့်မဟုတ်

၁၆။ ယေဟောဝါသက်သေအနည်းငယ်သာ ကုံလုံသူများဖြစ်သော်လည်း သူတို့၏အလှူငွေကိုအဘယ်ကြောင့်တန်ဖိုးထားသနည်း။

၁၆ ယေဟောဝါသက်သေလူနည်းစုသာ ငွေရတတ်သူများဖြစ်ကြသည်။ ထိုကြောင့်နိုင်ငံတော်ရေးရာတိုးတက်မှုအတွက် ငွေအနည်းအကျဉ်းသာပေးလှူနိုင်ကြမည်ဖြစ်သော်လည်း သူတို့၏အလှူဒါနသည်တန်ဖိုးရှိပါသည်။ ဆင်းရဲနွမ်းပါးသောမုဆိုးမတစ်ဦးသည် ဗိမာန်တော်ဘဏ္ဍာတိုက်ထဲ တန်ဖိုးအနည်းငယ်သာရှိသောကြေးနီနှစ်ပြားသွင်းချသည်ကို ယေရှုတွေ့မြင်သောအခါ သူက “ထိုဆင်းရဲသောမုဆိုးမသည် အခြားသောသူအပေါင်းတို့ထက် သာ၍သွင်းချပြီ။ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည်မိမိတို့ကြွယ်ဝသောစည်းစိမ်ထဲကနှုတ်၍ ဘုရားသခင်၏အလှူတော်စုထဲသို့သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီ” ဟုမိန့်တော်မူသည်။ (လုကာ ၂၁:၁-၄) သူမပေးသည့်အလှူငွေသည်အနည်းအကျဉ်းမျှဖြစ်သော်လည်း စေတနာစိတ်နှင့်ပေးခဲ့သဖြင့် သူမ၏အလှူသည်တန်ဖိုးထားစရာဖြစ်ခဲ့သည်။

၁၇၊ ၁၈။ ၂ ကောရိန္သု ၉:၇ ပါပေါလုစကား၏လိုရင်းချက်ကားအဘယ်နည်း။ “စေတနာစိတ်” ဟုပြန်ဆိုသည့် ဂရိစကားလုံးက အဘယ်အရာကိုရည်ညွှန်းသနည်း။

၁၇ ယုဒနယ်ရှိခရစ်ယာန်များအားကယ်ဆယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ပေါလုဤသို့ဆိုသည်။ “လူတိုင်းကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲမနေရဟုစိတ်ထင်နှင့်မလှူရ။ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။” (၂ ကောရိန္သု ၉:၇) စပ်ထွားဂျင့်ကျမ်း၏သု၊ ၂၂:၈ ၌ “ဘုရားသခင်သည်စေတနာစိတ်နှင့်ပေးကမ်းသူအားကောင်းချီးပေး၏။ သူလိုအပ်နေရာကို ဖြည့်စွက်ပေးတော်မူမည်” ဟုဆိုသောအပိုဒ်ကိုတမန်တော်ညွှန်ပြခဲ့ပေမည်။ (ချားလ်စ်သောမစင်ပြန်ဆိုသည့် The Septuagint Bible) “ကောင်းချီးပေး၏” အစားပေါလုက “ချစ်တော်မူ၏” ဟုဆိုသည်။ သို့သော်ဘုရားသခင့်ချစ်ခြင်းမေတ္တာမှကောင်းချီးများရိတ်သိမ်းရသည်ဖြစ်ရာ ဆက်စပ်မှုရှိပေသည်။

၁၈ စေတနာစိတ်နှင့်ပေးကမ်းစွန့်ကြဲသူသည် ပေးကမ်းခြင်း၌အမှန်ပျော်ရွှင်မှုရရှိသည်။ ၂ ကောရိန္သု ၉:၇ တွင် “စေတနာစိတ်” ဟုပြန်ဆိုထားသည့်ဂရိစကားလုံးမှ “ရွှင်မြူးခြင်း” ဟူသောစကားလုံးရရှိသည်ကိုသိရ၏။ ယင်းကိုတင်ပြပြီးနောက် အာရ်စီအိပ်ချ်လင်စကီးဤသို့ဆိုသည်။ “စိတ်ပေါ့ပါးပျော်ရွှင်အားရစွာပေးကမ်းသူကို . . . ဘုရားသခင်ချစ်မြတ်နိုးသည်။ ပေးကမ်းရန်ထပ်ဆင့်အခွင့်ရသောအခါ သူ၏ယုံကြည်ခြင်းသည် အပြုံးများဖြင့်ကျက်သရေဖြာသည်။” ဤသို့ပျော်ရွှင်စွာပေးကမ်းသောသူသည် တွန့်တိုစွာမပေး၊ မပေးမနေရဟူသောသဘောမျိုးဖြင့်မပေးကမ်းဘဲ ပေးကမ်းစွန့်ကြဲချင်စိတ်ဖြင့်ပေးပါမည်။ နိုင်ငံတော်ရေးရာများကိုထောက်ပံ့ပေးရန် ပေးကမ်းစွန့်ကြဲရာတွင် ထိုမျှရွှင်လန်းအားရပါသလော။

၁၉။ ရှေးခရစ်ယာန်များသည် မည်သို့လှူဒါန်းကြသနည်း။

၁၉ ရှေးခရစ်ယာန်များသည် ဘာသာရေးကိုပံ့ပိုးပေးရန်အတွက် အလှူငွေခံအိတ် သို့မဟုတ် အလှူခံပန်းကန်များလက်ဆင့်ကမ်းခြင်း၊ သို့မဟုတ် ဝင်ငွေမှဆယ်ဖို့တစ်ဖို့ပေးခြင်းကို မပြုလုပ်ခဲ့ကြပါ။ ထိုသို့ပြုမည့်အစား သူတို့၏အလှူငွေများသည် စေတနာစိတ်ဖြင့်ပေးခြင်းသက်သက်သာဖြစ်သည်။ စီအီး ၁၉၀ ခုနှစ်ခန့်ကခရစ်ယာန်ဘာသာဝင်ဖြစ်လာသော တာတူလျန်ဤသို့ရေးသားခဲ့သည်။ “ကျွန်ုပ်တို့မှာဘဏ္ဍာတိုက်ရှိသော်လည်း အဖိုးအခပေးရသည့်ဘာသာတရားပမာ ဝယ်ချမ်းရသောငွေဖြင့်ရသည့်အလှူငွေများမဟုတ်ပါ။ လစဉ်တစ်ရက်တွင် အသီးသီးအလိုရှိပါက အလှူငွေအနည်းငယ်ထည့်သွင်းပါသည်။ ထိုသူလိုအင်ဆန္ဒရှိမည်၊ တတ်နိုင်မည်ဆိုမှသာ ထိုသို့ပြုပါ၏။ အကြောင်းမူကား၊ မလှူမနေရပေးရမည်မဟုတ်၊ အားလုံးစေတနာစိတ်အလျောက်လှူဒါန်းရမည်။”—Apology, အခန်း ၃၉။

၂၀၊ ၂၁။ (က) ဘုရားအတွက်ထောက်ပံ့ကူညီခွင့်အကြောင်း ဤမဂ္ဂဇင်း၏စောစောပိုင်းစာစောင်တစ်စောင်က မည်သို့ဆိုသနည်း။ ယင်းသည်ယခုပင်မည်သို့သက်ဆိုင်နေသနည်း။ (ခ) ကျွန်ုပ်တို့၏တန်ဖိုးရှိဥစ္စာများနှင့် ယေဟောဝါအားဂုဏ်ပြုပါက အဘယ်အရာဖြစ်ပျက်မည်နည်း။

၂၀ ယေဟောဝါ၏မျက်မှောက်ခေတ်ကျေးကျွန်များ စေတနာစိတ်နှင့်ပေးကမ်းစွန့်ကြဲသည့်ထုံးစံရှိသည်မှန်၏။ သို့ရာတွင်အချို့သူများမှာမူ ဘုရားသခင်အတွက်အလှူငွေပေးခြင်းဖြင့် လုပ်ငန်းတော်ထောက်ပံ့ခွင့်ကိုအပြည့်အဝတန်ဖိုးမထားကြပါ။ ၁၈၈၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဤမဂ္ဂဇင်းက ဤသို့ဆိုသည်။ “အချို့သူများသည် အခြားသူတို့၏ငွေကြေးဝန်ကိုလွန်ကဲစွာတာဝန်ယူသောကြောင့် သူတို့၏ငွေရေးကြေးရေးအင်အားသည် အလုပ်ပင်ပန်းနွမ်းလျမှုကြောင့်ကျုံ့ယုံ့သွားသဖြင့် ၄င်း၏အသုံးဝင်မှုထိခိုက်ခဲ့သည်သာမက အခြေအနေကိုအပြည့်အစုံသဘောမပေါက်သူများသည် . . . ယင်းကိစ္စတွင်ဂရုမမူသည့်အတွက် ဆုံးရှုံးနစ်နာနေကြပြီ။”

၂၁ ယနေ့ယေဟောဝါအဖွဲ့အစည်းအတွင်း လူအုပ်ကြီးတစ်သီတစ်တန်းဝင်လာနေ၍ အရှေ့ဥရောပနှင့် ယခင်ကကန့်သတ်ချုပ်ချယ်ထားသည့် အခြားအရပ်ဒေသများသို့ ဘုရားသခင်၏လုပ်ငန်းတော်တိုးချဲ့ပြန့်ပွားလာရာ ပုံနှိပ်တိုက်များနှင့်အခြားအဆောက်အဦတို့ကို တိုးချဲ့ဆောက်လုပ်ဖို့တိုး၍တိုး၍လိုအပ်လာနေပါသည်။ ကျမ်းစာနှင့်အခြားစာပေများကို တိုး၍ပုံနှိပ်ဖို့လည်းလိုလာပါသည်။ သီအိုကရက်တစ်စီမံကိန်းများစွာကိုလည်း ဆောင်ရွက်နေသည်။ သို့ရာတွင်အလှူငွေအလုံအလောက်သာရှိမည်ဆိုလျှင် အလျင်အမြန်ပြီးစီးလုပ်ဆောင်နိုင်မည့်လုပ်ငန်းများရှိပါသည်။ လိုအပ်ရာကိုဘုရားသခင်ဖြည့်စွက်ပေးမည်ကားအမှန်ပါ။ ‘ကိုယ်ဥစ္စာနှင့်ယေဟောဝါအားဂုဏ်တင်သူများ’ သည်ကောင်းချီးခံစားရမည်ကိုလည်းသိထားပါသည်။ (သု၊ ၃:၉၊ ၁၀) “များစွာကြဲသောသူသည် များစွာရိတ်ရမည်” မှန်သည်။ ‘စေတနာစိတ်နှင့်စွန့်ကြဲပေးကမ်းခြင်းအမျိုးမျိုးပြုသည့်အတွက် ယေဟောဝါကျွန်ုပ်တို့အားကြွယ်ဝ’ စေမည်။ စေတနာစိတ်နှင့်ပေးကမ်းခြင်းကြောင့်လည်း များစွာသောသူတို့သည် ကိုယ်တော်အားကျေးဇူးတင်ချီးမွမ်းကြပေမည်။—၂ ကောရိန္သု ၉:၆-၁၄။

ဘုရားသခင့်ဆုကျေးဇူးများအတွက် ကျေးဇူးတင်ကြောင်းတင်ပြလေ

၂၂၊ ၂၃။ (က) ဘုရားသခင်၏ပြော၍မကုန်နိုင်သောဆုကျေးဇူးကားအဘယ်နည်း။ (ခ) ယေဟောဝါ၏ဆုကျေးဇူးများကိုကျွန်ုပ်တို့တန်ဖိုးထားကြသောကြောင့် ဘာလုပ်သင့်သနည်း။

၂၂ လှိုက်လှဲစွာကျေးဇူးတင်စိတ်၏လှုံ့ဆော်တိုက်တွန်းမှုကြောင့် ပေါလုကိုယ်တိုင်ဤသို့ဆိုသည်။ “ပြော၍မကုန်နိုင်သောဘုရားသခင်၏ဆုကျေးဇူးတော်ကို အောက်မေ့၍ချီးမွမ်းခြင်းရှိစေသတည်း။” (၂ ကောရိန္သု ၉:၁၅) ဘိသိက်ခံခရစ်ယာန်များမက လောကီသားအပေါင်းတို့၏အပြစ်များအတွက် ‘အပြစ်ဖြေစရာယဇ်ပူဇော်သက္ကာ’ အဖြစ်ယေရှုသည် ယေဟောဝါ၏ပြော၍မကုန်နိုင်သောဆုကျေးဇူးတော်ခံစားရရန် အခြေခံနှင့်လမ်းကြောင်းဖြစ်တော်မူသည်။ (၁ ယောဟန် ၂:၁၊ ၂) ထိုဆုကျေးဇူးတော်ကား ‘ဘုရားသခင်၏ထူးမြတ်၍မခံစားထိုက်သောကျေးဇူးတော်’ ဖြစ်ပေသည်။ ယင်းကိုယေရှုခရစ်တော်မှတစ်ဆင့် လောကီသားတို့အားပေးသနားတော်မူသည်။ ယင်းသည် သူတို့ကယ်တင်ခြင်းရရေးအတွက်ဖြစ်ပြီး ယေဟောဝါ၏ဘုန်းတန်ခိုးထင်ရှားရေးအတွက်ဖြစ်သည်။—၂ ကောရိန္သု ၉:၁၄။

၂၃ ပြော၍မကုန်နိုင်သောဆုကျေးဇူးနှင့် လူမျိုးတော်အားပေးကမ်းသည့် ဝိညာဏနှင့်ကာယဆုကျေးဇူးအသီးသီးအတွက် ကျွန်ုပ်တို့ယေဟောဝါကိုလှိုက်လှဲစွာကျေးဇူးတင်ကြပါသည်။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်၏ကောင်းမြတ်ခြင်းသည် အံ့ချီးဖွယ်ကောင်းလွန်းလှသဖြင့် ကျေးဇူးတင်စကားများပြော၍မကုန်နိုင်ပါ။ ယင်းဆုကျေးဇူးရရှိထားသဖြင့် စေတနာစိတ်နှင့်ပေးကမ်းစွန့်ကြဲသူများဖြစ်သင့်ကြသည်။ ထိုကြောင့်လှိုက်လှိုက်လှဲလှဲကျေးဇူးတင်စွာဖြင့် အဦးဆုံးနှင့်အဓိကစွန့်ကြဲသူ၊ ကျွန်ုပ်တို့အားရက်ရောစွာပေးကမ်းတော်မူသော ယေဟောဝါဘုရားသခင်အတွက် အတတ်နိုင်ဆုံးအကျိုးဆောင်ရွက်ကြစို့။

▫ စေတနာပါသောနှလုံးများက ယေဟောဝါ၏လူများအား အဘယ်အရာကိုပြုစေကြပြီနည်း။

▫ စေတနာစိတ်ဖြင့်ပေးကမ်းစွန့်ကြဲခြင်းကို အဘယ်အရာကတိုက်တွန်းပေးသနည်း။

▫ လက်ခံရရှိသောအလှူငွေကို ကင်းမျှော်စင်အသင်းက မည်သို့အသုံးပြုသနည်း။

▫ မည်သို့ပေးကမ်းသူကိုဘုရားသခင်ချစ်မြတ်နိုးသနည်း။ ကိုယ်တော်၏ဆုကျေးဇူးများစွာအတွက် ကျေးဇူးတင်ကြောင်းကို မည်သို့တင်ပြသင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ