ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၁/၁ စာ. ၂၄-၂၈
  • ‘စေတနာစိတ်နှင့်ပေးလှူသူကို ဘုရားသခင်နှစ်သက်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘စေတနာစိတ်နှင့်ပေးလှူသူကို ဘုရားသခင်နှစ်သက်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ချို့ငဲ့သူအတွက် အလှူခံခြင်း
  • ရက်ရောကြရန် မေတ္တာရပ်ခံချက်များ
  • ယခုခေတ် ရက်ရောစွာပေးကမ်းသူများ
  • အလျှံပယ်ရက်ရောမှုက ပျော်ရွှင်စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ‘သင်၏အဖိုးထိုက်သောအရာများဖြင့် ယေဟောဝါအား ဂုဏ်ပြုလော့’ —မည်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဘုရားနိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းအတွက် အချို့သူများလှူဒါန်းပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • အဘယ်ကြောင့် ယေဟောဝါအား ပေးဆက်ရမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၁/၁ စာ. ၂၄-၂၈

‘စေတနာစိတ်နှင့်ပေးလှူသူကို ဘုရားသခင်နှစ်သက်’

ယေဟောဝါသည် ရက်ရောမှု၏ပြယုဂ်ဖြစ်သည်။ အမှန်ပင် ကိုယ်တော်အား သမ္မာကျမ်းစာက “ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှ” ကိုပေးတော်မူသောအရှင်ဟူ၍ ဖော်ကျူးထားသည်။ (ယာကုပ် ၁:၁၇) ဥပမာ၊ ဘုရားသခင်ဖန်ဆင်းပေးခဲ့သောအရာများကို သုံးသပ်ကြည့်ပါ။ ကိုယ်တော်သည် အရသာစုံလင်လှသောအစားအစာ; သင်းရနံ့မွှေးပျံ့သော ရောင်စုံပန်းမန်များ; ဘယ်တော့မျှရှုမငြီးနိုင်သည့် တောက်ပသောနေဝင်ဆည်းဆာတို့ကို ဖန်ဆင်းပေးခဲ့သည်။ မှန်ပါသည်၊ ယေဟောဝါ၏ဖန်ဆင်းရာရှိရှိသမျှသည် ကိုယ်တော်၏မေတ္တာနှင့်ရက်ရောမှုကို ထင်ရှားစေပါသည်။ (ဆာလံ ၁၉:၁၊ ၂; ၁၃၉:၁၄) ထို့ပြင် ယေဟောဝါသည် ရက်ရောစွာပေးကမ်းသောအရှင်ဖြစ်သည်။ ကိုယ်တော်သည် ကျေးကျွန်များ၏ကောင်းကျိုးကို ပြုလုပ်ပေးရာ၌ ပျော်မွေ့၏။—ဆာလံ ၈၄:၁၁; ၁၄၉:၄။

ဣသရေလအချင်းချင်းဆက်ဆံရာ၌ ဘုရားသခင်၏ရက်ရောမှုကို ရောင်ပြန်ဟပ်ကြရန် မိန့်မှာခံခဲ့ရသည်။ “ဆင်းရဲသောညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်းမပိတ်ရ။ အကယ်စင်စစ် သူ့အားပေးရမည်။ ပေးသောအခါ နှမြောသောစိတ်မရှိရ” ဟုမောရှေက သူတို့ကိုမှာခဲ့သည်။ (တရားဟောရာ ၁၅:၇၊ ၁၀) ပေးကမ်းခြင်းသည် နှလုံးထဲမှထွက်ပေါ်လာရမည်ဖြစ်ရာ ဣသရေလတို့သည် ရက်ရောမှုများမှ ရွှင်လန်းမှုရရှိကြမည်ဖြစ်သည်။

ခရစ်ယာန်များကို အလားတူမှာကြားခဲ့သည်။ အမှန်အားဖြင့် “ပေးကမ်းခြင်း၌ ပျော်ရွှင်မှု” ရှိသည်ဟူ၍ ယေရှုမိန့်တော်မူခဲ့သည်။ (တမန်တော် ၂၀:၃၅၊ ကဘ) ယေရှု၏တပည့်တော်များသည် ရက်ရောစွာပေးကမ်းခြင်း၌ စံပြဖြစ်ခဲ့သည်။ ဥပမာ၊ ယေရုရှလင်မြို့ရှိ ယုံကြည်သူများဖြစ်လာကြသူတို့သည် “မိမိတို့ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှခြင်းကိုပြုကြ၏” ဟူ၍ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည်။—တမန်တော် ၂:၄၄၊ ၄၅။

သို့သော် အဆိုပါရက်ရောကြသောယုဒများသည် နောက်ပိုင်းတွင် ဆင်းရဲသွားခဲ့ကြသည်။ ထိုအခြေအနေသို့ သူတို့အဘယ်ကြောင့်ရောက်ခဲ့ကြရကြောင်း သမ္မာကျမ်းစာက မဖော်ပြထားချေ။ တမန်တော် ၁၁:၂၈၊ ၂၉ တွင်ကိုးကားထားသည့် ငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့်ဖြစ်နိုင်သည်ဟု ပညာရှင်အချို့ကဆိုသည်။ မည်သို့ပင်ဆိုစေကာမူ၊ ယုဒခရစ်ယာန်များသည် အလွန်ဆင်းရဲကျပ်တည်းကြသဖြင့် ပေါလုသည် သူတို့လိုအပ်ရာများကို ရရှိစေရန် အသေအချာစီစဉ်ပေးလိုခဲ့သည်။ သူမည်သို့လုပ်ဆောင်မည်နည်း။

ချို့ငဲ့သူအတွက် အလှူခံခြင်း

ပေါလုသည် ဝေးလံသောမာကေဒေါနိပြည်အထိ အသင်းတော်များထံမှ အကူအညီတောင်းခံပြီး ယုဒနယ်ရှိချို့ငဲ့သောခရစ်ယာန်များအတွက် စီစဉ်ပေးခဲ့သည်။ ကောရိန္သုအသင်းသားများထံ ပေါလုက ဤသို့ရေးသားခဲ့သည်– “ဂလာတိပြည်ရှိ အသင်းတော်များသို့ ငါညွှန်ကြားခဲ့သည်အတိုင်း သင်တို့ပြုကြလော့။ . . . တနင်္ဂနွေနေ့တိုင်း သင်တို့တစ်ဦးစီသည် မိမိ၏ဝင်ငွေနည်းများအလိုက် လှူဒါန်းရန် စုဆောင်းထားကြလော့။”a—၁ ကောရိန္သု ၁၆:၁၊ ၂၊ သတင်းကောင်း။

၎င်းအလှူငွေများကို ယေရုရှလင်မြို့ရှိ ညီအစ်ကိုများထံ အမြန်ဆုံးပို့ပေးဖို့ ပေါလုရည်ရွယ်ခဲ့သော်လည်း ကောရိန္သုအသင်းသားများသည် သူ၏ညွှန်ကြားချက်များကို တုံ့ပြန်ရာ၌ နှေးကွေးနေခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ သူတို့၏ယုဒညီအစ်ကိုများ၏အခြေအနေကို စာနာထောက်ထားမှုမရှိ၍လော။ မဟုတ်ပါ၊ အကြောင်းမှာ ကောရိန္သုအသင်းသားများသည် “ယုံကြည်ခြင်း၊ တရားဟောခြင်း၊ ဉာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့်ပြည့်စုံ” ၍နေသည်ကို ပေါလုသိသောကြောင့်ဖြစ်သည်။ (၂ ကောရိန္သု ၈:၇) သူတို့ထံ ပေါလုရေးခဲ့သည့်ပထမစာစောင်ပါ အခြားအရေးကြီးကိစ္စများနှင့် သူတို့အတော်ပင်အလုပ်များနေနိုင်ဖွယ်ရှိသည်။ သို့ရာတွင် ယခုအခါ ယေရုရှလင်မြို့ရှိအခြေအနေသည် အရေးပေါ်ကိစ္စဖြစ်နေသည်။ ထို့ကြောင့် ပေါလုသည် ကောရိန္သုအသင်းသားများထံ သူ၏ဒုတိယစာစောင်ကိုရေးခဲ့ရခြင်းဖြစ်၏။

ရက်ရောကြရန် မေတ္တာရပ်ခံချက်များ

ဦးဆုံး၊ ပေါလုသည် ကယ်ဆယ်ရေးကြိုးပမ်းမှုတွင် စံထားလောက်သည့် မာကေဒေါနိအသင်းသားများ၏အကြောင်းကို ကောရိန္သုအသင်းသားများအားပြောပြခဲ့သည်။ ပေါလုက ဤသို့ရေးခဲ့သည်– “ထိုအသင်းတော်တို့သည် ဆင်းရဲဒုက္ခများကို အလူးအလဲခံခဲ့ကြရ၏။ သို့သော်လည်း လွန်စွာ ရွှင်လန်းဝမ်းမြောက်လျက်ပင်ရှိရကား သူတို့သည် အလွန့်အလွန် ဆင်းရဲကြသော်လည်း ပေးကမ်းစွန့်ကြဲမှုတွင် အတိုင်းထက်အလွန်ရက်ရောကြ၏။” မာကေဒေါနိအသင်းသားများကို တိုက်တွန်းလှုံ့ဆော်ပေးဖို့မလိုအပ်ခဲ့ချေ။ အမှန်မှာ “ထိုသို့ပါဝင်ခွင့်ပြုရန် မိမိတို့အလိုအလျောက် ငါတို့အား အဖန်တလဲလဲ တောင်းပန်ကြ၏” ဟုပေါလုပြောပြခဲ့သည်။ မာကေဒေါနိအသင်းသားများ၏ “အလွန့်အလွန်ဆင်းရဲ” မှုကို သုံးသပ်လိုက်သောအခါ သူတို့၏ရက်ရောစွာပေးကမ်းစွန့်ကြဲစိတ်သည် မှတ်သားဖွယ်ရာကောင်းသည်။—၂ ကောရိန္သု ၈:၂-၄၊ သတင်းကောင်း။

ပေါလုသည် မာကေဒေါနိအသင်းသားများကို ချီးမွမ်းရာ၌ ကောရိန္သုအသင်းသားများတွင် အပြိုင်အဆိုင်စိတ်ဓာတ်ကို ဆွပေးနေခြင်းလော။ လုံးဝမဟုတ်ပါ၊ ယင်းသည် နည်းမှန်လမ်းကျမဟုတ်ကြောင်းကို သူသိထားသောကြောင့်ဖြစ်သည်။ (ဂလာတိ ၆:၄) ထို့ပြင် မှန်ရာကိုလုပ်ဆောင်ဖို့ ကောရိန္သုအသင်းသားများအား အရှက်ရစေရန်မလိုကြောင်းကိုလည်း သူသိခဲ့သည်။ ယင်းအစား ကောရိန္သုအသင်းသားများသည် သူတို့၏ယုဒညီအစ်ကိုများကို အမှန်တကယ်ချစ်ကြောင်းနှင့် ကယ်ဆယ်ရေးဆောင်ရွက်ပေးလိုကြောင်းကို သူစိတ်ချယုံကြည်ခဲ့သည်။ သူတို့သည် “မနှစ်ကပင် အဦးပြုသည်သာမက၊ စေတနာစိတ်နှင့်ပြည့်စုံ” ခဲ့ကြောင်း သူတို့အား ပေါလုပြောခဲ့သည်။ (၂ ကောရိန္သု ၈:၁၀) အမှန်အားဖြင့် ကယ်ဆယ်ရေးလုပ်ငန်းတွင် ကောရိန္သုအသင်းသားများကိုယ်တိုင် စံထားလောက်သူများဖြစ်ပေသည်။ ပေါလုက “သင်တို့၏စေတနာစိတ်ကို ငါသိ၏။ သင်တို့၌ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား၍ . . . မာကေဒေါနိလူတို့အား ငါဆိုတတ်၏။ . . . သင်တို့စေတနာစိတ်အားကြီးခြင်းအကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော်တိုက်တွန်းလေပြီ” ဟုထပ်၍ပြောခဲ့သည်။ (၂ ကောရိန္သု ၉:၂) သို့သော် ယခုအခါ ကောရိန္သုအသင်းသားများသည် သူတို့၏ဇွဲနှင့် စေတနာအပြုအမူကို လက်တွေ့တင်ပြရန် လိုအပ်နေသည်။

ထို့ကြောင့် ပေါလုက သူတို့ကို ဤသို့ပြောခဲ့သည်– “လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့်မလှူရ။ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။” (၂ ကောရိန္သု ၉:၇) သို့ဖြစ်၍ ကောရိန္သုအသင်းသားများအား ဖိအားပေးဖို့ ပေါလုမရည်ရွယ်ပါ၊ အကြောင်းမှာ လူတစ်ဦးကို အတင်းအကျပ်ပေးခိုင်းသောအခါ သူသည် ရက်ရောစွာပေးကမ်းသူမဖြစ်နိုင်တော့ချေ။ လူအသီးသီးတို့သည် သင့်လျော်သောသဘောထားရှိနှင့်ပြီဖြစ်၍ ပေးကမ်းရန် ဆုံးဖြတ်နှင့်ပြီးဖြစ်သည်ကို ပေါလုယူမှတ်ကြောင်းသိသာထင်ရှားပါသည်။ ဆက်၍ ပေါလုက “စေတနာစိတ်သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍ နှစ်သက်တော်မူဖွယ်ဖြစ်၏” ဟူ၍သူတို့အား ပြောခဲ့သည်။ (၂ ကောရိန္သု ၈:၁၂) မှန်ပါသည်၊ စေတနာစိတ်ရှိသောအခါ၊ မေတ္တာက လှုံ့ဆော်သောအခါ ပေးကမ်းသောအရာသည် မည်မျှပင်နည်းပုံရှိပါစေ ယင်းကို ဘုရားသခင်လက်ခံပါလိမ့်မည်။—လုကာ ၂၁:၁-၄ နှိုင်းယှဉ်။

ယခုခေတ် ရက်ရောစွာပေးကမ်းသူများ

ယုဒခရစ်ယာန်များကို ကယ်ဆယ်ခဲ့ခြင်းကိစ္စသည် ယခုခေတ်အတွက် ပုံသက်သေကောင်းတစ်ခုဖြစ်စေသည်။ ယေဟောဝါသက်သေများသည် ကမ္ဘာအနှံ့ဟောပြောခြင်းလုပ်ငန်းကို ဆောင်ရွက်နေကြပြီး ဝိညာဉ်ရေးအရဆာလောင်နေကြသော သန်းချီသောသူတို့ကို ကျွေးမွေးနေကြသည်။ (ဟေရှာယ ၆၅:၁၃၊ ၁၄) သူတို့သည် ယေရှု၏ဤအမိန့်တော်ကို နာခံလျက်လုပ်ဆောင်နေကြသည်– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ . . . ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။”—မဿဲ ၂၈:၁၉၊ ၂၀။

၎င်းတာဝန်ကိုလုပ်ဆောင်ရခြင်းမှာ မလွယ်ကူချေ။ ယင်းတွင် ကမ္ဘာအနှံ့ရှိ သာသနာပြုအိမ်များနှင့် တစ်ရာထက်မကသော ဌာနခွဲအဆောက်အဦများကို ထိန်းသိမ်းမွမ်းမံခြင်းတို့ပါဝင်သည်။ ထို့ပြင် ယေဟောဝါအားဝတ်ပြုသူများတွေ့ဆုံ၍ အချင်းချင်းတိုက်တွန်းနှိုးဆော်ကြရန် သင့်တော်သောနေရာများတွင် စည်းဝေးဖို့အတွက် ဘုရားသခင့်နိုင်ငံတော်ခန်းမများနှင့် အစည်းအဝေးခန်းမများ ဆောက်လုပ်ဖို့လည်းလိုအပ်လျက်ရှိသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) တစ်ခါတစ်ရံ ယေဟောဝါသက်သေများသည် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရသောဒေသများသို့ ကယ်ဆယ်ရေးထောက်ပံ့မှုလည်းပြုကြသည်။

ပုံနှိပ်ခြင်းလုပ်ငန်း၏စရိတ်စကကိုလည်း သုံးသပ်ကြည့်ပါ။ အပတ်စဉ် ကင်းမျှော်စင် ပျမ်းမျှစောင်ရေ ၂၂,၀၀၀,၀၀၀ ကျော် သို့မဟုတ် နိုးလော့! ပျမ်းမျှစောင်ရေ ၂၀,၀၀၀,၀၀၀ ခန့်ပုံနှိပ်လျက်ရှိသည်။ ယင်းဝိညာဉ်အစာမှန်မှန်ထောက်ပံ့သည့်အပြင် နှစ်စဉ်ထုတ်ဝေသော သန်းချီစာအုပ်များ၊ ဘရိုရှာများ၊ ကက်ဆက်ခွေများနှင့် ဗီဒီယိုကက်ဆက်ခွေများလည်းရှိသည်။

ယင်းလုပ်ငန်းအားလုံးကို မည်သို့ထောက်ပံ့လျက်ရှိသနည်း။ စေတနာအလျောက်လှူဒါန်းသော အလှူငွေများအားဖြင့်ဖြစ်သည်။ ယင်းတို့ကို လူသိရှင်ကြားဖြစ်စေရန် သို့မဟုတ် ကိုယ်ကျိုးအတွက်ဖြစ်စေရန်မဟုတ်ဘဲ စစ်မှန်သောဝတ်ပြုရေးကိုတိုးတက်စေရန်အတွက်ဖြစ်သည်။ သို့ဖြင့် ဤပေးကမ်းခြင်းမျိုးသည် ပေးကမ်းသူကို ပျော်ရွှင်စေသည့်အပြင် ဘုရားသခင့်ကောင်းချီးကိုပါခံစားရစေသည်။ (မာလခိ ၃:၁၀; မဿဲ ၆:၁-၄) ယေဟောဝါသက်သေတို့၏ကလေးများပင် စေတနာဖြင့်ရက်ရောစွာပေးကမ်းသူများဖြစ်ကြောင်းတင်ပြကြသည်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုတစ်နေရာတွင် ဟာရီကိန်းမုန်တိုင်းကြောင့် ပျက်စီးမှုသတင်းကို ကြားပြီးနောက် လေးနှစ်သမီးအဲလီဆင်သည် ၂ ဒေါ်လာ လှူဒါန်းခဲ့သည်။ သူမက ဤသို့ရေးခဲ့သည်– “အဲဒါ သမီးစုဘူးထဲက ပိုက်ဆံအကုန်ပဲ။ ကလေးတွေရဲ့ကစားစရာတွေ၊ စာအုပ်တွေနဲ့ အရုပ်လေးတွေ ဆုံးရှုံးခဲ့မယ်ဆိုတာ သမီးသိတယ်။ သမီးအရွယ်ကလေးတစ်ယောက်အတွက် စာအုပ်တစ်အုပ်ဝယ်ပေးဖို့ ဒီပိုက်ဆံကို အသုံးပြုနိုင်မယ်ထင်တယ်။” ရှစ်နှစ်အရွယ်မဲခ်ကလီးန်သည် မုန်တိုင်းကြောင့် ညီအစ်ကိုတစ်ယောက်မျှ မသေဆုံးသည့်အတွက် သူဝမ်းသာရကြောင်း စာရေးခဲ့သည်။ သူသည် ထပ်၍ဤသို့ရေးခဲ့သည်– “ကျွန်တော့်အဖေနဲ့အတူ ကားဘီးအဖုံးတွေကိုရောင်းတာ ၁၇ ဒေါ်လာရခဲ့တယ်။ ကျွန်တော့်ပိုက်ဆံနဲ့ တစ်ခုခုဝယ်မလို့ပဲ၊ ဒါပေမဲ့ ညီအစ်ကိုတွေကို သတိရခဲ့တယ်။”—အထက်ရှိလေးထောင့်ကွက်လည်းရှု။

လူကြီးလူငယ်မရွေး ‘မိမိတို့ဥစ္စာနှင့် ကိုယ်တော်အားဂုဏ်တင်ခြင်း’ ဖြင့်ဘုရားသခင့်၏နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားခြင်းကို ယေဟောဝါတွေ့ရှိရသောကြောင့် ကိုယ်တော်၏စိတ်နှလုံးရွှင်မြူးမည်မှာ အမှန်ပင်။ (သု. ၃:၉၊ ၁၀) အမှန်စင်စစ် ယေဟောဝါသည် အရာခပ်သိမ်းကို ပိုင်ဆိုင်သောကြောင့် မည်သူကမျှ ကိုယ်တော်အား ကုံလုံကြွယ်ဝစေနိုင်မည်မဟုတ်ချေ။ (၁ ရာဇဝင်ချုပ် ၂၉:၁၄-၁၇) သို့တိုင် လုပ်ငန်းတော်ကို ထောက်ပံ့ခြင်းက ယေဟောဝါကိုဝတ်ပြုသူသည် ကိုယ်တော်အား မေတ္တာရှိကြောင်းတင်ပြနိုင်သည့် အခွင့်အရေးတစ်ခုပင်ဖြစ်သည်။ ဤနည်းဖြင့် တိုက်တွန်းခံခဲ့ရသူအားလုံးကို ကျွန်ုပ်တို့ကျေးဇူးတင်ပါသည်။

[အောက်ခြေမှတ်ချက်များ]

a ပေါလု “ညွှန်ကြားခဲ့” သော်လည်း ယင်းသည် မိမိဆန္ဒဖြင့် အတင်းအကျပ်လုပ်ခိုင်းခြင်းမျိုးကို မဆိုလိုချေ။ သို့အစား ပေါလုသည် အသင်းတော်အချို့မှ ကောက်ခံထားသောအလှူငွေကို ကြီးကြပ်ပေးရုံမျှသာဖြစ်ခဲ့သည်။ ထို့ပြင် တစ်ဦးစီသည် “မိမိ၏ဝင်ငွေနည်းများအလိုက် လှူဒါန်းရန် စုဆောင်းထားကြ” ဖို့ပေါလုဆိုခဲ့သည်။ တစ်နည်းပြောရလျှင် အလှူငွေအသီးသီးသည် ကိုယ့်စေတနာဆန္ဒအလျောက်ဖြစ်ရမည်။ မည်သူ့ကိုမျှ အတင်းအကျပ်အလှူငွေမထည့်ခိုင်းချေ။

[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်]

ကမ္ဘာချီလုပ်ငန်းအတွက်ပါဝင်လှူဒါန်ခြင်း အချို့သူများလှူဒါန်းရန်ရွေးချယ်ပုံ

များစွာသောသူတို့သည် “ကမ္ဘာချီလုပ်ငန်းအတွက်အလှူငွေ—မဿဲ ၂၄:၁၄” ဟုရေးထားသော အလှူငွေသေတ္တာတွင်ထည့်ဝင်ရန် မိမိတို့၏ငွေကြေးများကို စီမံခန့်ခွဲထားကြသည်။ အသင်းတော်များသည် ယင်းအလှူငွေများကို ဘရွတ်ကလင်နယူးယောက်ဌာနချုပ် သို့မဟုတ် ဒေသခံဌာနခွဲရုံးသို့ လစဉ်ပေးပို့ကြသည်။

စေတနာအလျောက်ငွေကြေးအလှူငွေများကို Watch Tower Bible and Tract Society of Pennsylvania, 25 Columbia Heights, Brooklyn, New York 11201-2483, သို့မဟုတ် သင့်နိုင်ငံကို ကြည့်ရှုသောအသင်း၏ရုံးသို့ တိုက်ရိုက်ပေးပို့နိုင်သည်။ ကျောက်မျက်ရတနာနှင့် အခြားတန်ဖိုးရှိအရာများကိုလည်း လှူဒါန်းနိုင်သည်။ ဤသို့ပေးပို့လှူဒါန်းရာတွင် လုံးလုံးလျားလျားလှူဒါန်းကြောင်းဖော်ပြသည့် စာတိုကလေးပါ ထည့်ပေးသင့်သည်။

ကန့်သတ်ချက်ဖြင့်လှူဒါန်းခြင်းအစီအစဉ်

လှူဒါန်းသူ၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ရှိပါက ပြန်လည်ပေးအပ်ဖို့ အထူးအစီအစဉ်ဖြင့် ကင်းမျှော်စင်အသင်းသို့ ငွေကြေးလွှဲအပ်ထားပေးနိုင်သည်။ ထပ်မံသိလိုပါက အထက်တွင် ဖော်ပြထားသောလိပ်စာရှိ Treasurer’s Office ကိုစာရေးမေးမြန်းနိုင်သည်။

ပေးကမ်းရန်စီစဉ်ထားခြင်း

ငွေကြေးလုံးလုံးလျားလျားပေးအပ်ခြင်းနှင့် ကန့်သတ်ချက်ဖြင့် ငွေလှူဒါန်းခြင်းအပြင် ကမ္ဘာချီနိုင်ငံတော်လုပ်ငန်းကို အထောက်အကူပြုရန် အခြားပေးကမ်းနည်းများရှိသည်။ ၎င်းတို့တွင် အောက်ပါနည်းများပါဝင်သည်–

အာမခံ– ကင်းမျှော်စင်အသင်းအမည်ဖြင့် အသက်အာမခံကြေးခံစားခွင့်များ၊ အငြိမ်းစားခံစားခွင့်များကို ပြုလုပ်ပေးနိုင်သည်။

ဘဏ်စာရင်းများ– ဘဏ်ရှင်းတမ်းများ၊ ငွေစုစာအုပ်များ၊ အငြိမ်းစားခံစားခွင့်စာရင်း (ပင်စင်စာအုပ်) များကို ဒေသန္တရဘဏ်စည်းကမ်းများအရ ကင်းမျှော်စင်အသင်းထံ အပ်နှံ သို့မဟုတ် ကာယကံရှင် သေဆုံးမှ လွှဲပြောင်းပေးရန် စီစဉ်နိုင်သည်။

အစုရှယ်ယာလက်မှတ်နှင့် ငွေချေးစာချုပ်များ– အစုရှယ်ယာလက်မှတ်များနှင့် ငွေချေးစာချုပ်များကို ကင်းမျှော်စင်အသင်းသို့ လုံးလုံးလျားလျားပေးအပ်၍ဖြစ်စေ၊ ထပ်မံဝင်ငွေများကိုလှူဒါန်းသူအားပေးရသည့် အစီအစဉ်ဖြင့်ဖြစ်စေ လှူဒါန်းနိုင်သည်။

အိမ်ရာအဆောက်အအုံများ– ရောင်းချနိုင်သော အိမ်ရာအဆောက်အအုံများကို ကင်းမျှော်စင်အသင်းသို့ လုံးလုံးလျားလျားဖြစ်စေ၊ လှူဒါန်းသူအသက်ရှင်နေသရွေ့နေထိုင်ရန် အပိုင်းကိုချန်လှပ်၍ဖြစ်စေ ပေးအပ်လှူဒါန်းနိုင်သည်။ ဤသို့ပေးလှူရန် စာချုပ်စာတမ်းမပြုမီ အသင်းမကို အကြောင်းကြားသင့်သည်။

သေတမ်းစာနှင့် လွှဲအပ်စာများ– ပစ္စည်းဥစ္စာ သို့မဟုတ် ငွေကြေးများကို ကင်းမျှော်စင်အသင်းသို့ တရားဝင်သေတမ်းစာဖြင့် အမွေပေးလှူဒါန်းနိုင်သည်။ သို့မဟုတ် လွှဲအပ်စာချုပ်တွင် အသင်းမက အကျိုးခံစားခွင့်ရှိသူအဖြစ်ပါဝင်စေနိုင်သည်။ ဤသို့ဘာသာရေးအဖွဲ့အစည်းကို လွှဲအပ်ရာတွင် အခွန်နှင့်ပတ်သက်သည့် အကျိုးအမြတ်တစ်စုံတစ်ခုကို ဖြစ်ထွန်းစေပေမည်။

“ပေးကမ်းရန်စီစဉ်ထားခြင်း” ဝေါဟာရက အဓိပ္ပာယ်သက်ရောက်စေသည့်အတိုင်း ဤလှူဒါန်းနည်းလမ်းများသည် လှူဒါန်းသူဘက်မှ ကြိုတင်စီစဉ်ထားမှုအချို့လိုအပ်ပေမည်။ ပေးကမ်းရန်စီစဉ်ထားခြင်းနည်းလမ်းအချို့ဖြင့် အသင်းမကိုအကျိုးပြုရန် ဆန္ဒရှိသူများအတွက် အကူအညီဖြစ်ဖို့ရန် ကမ္ဘာချီဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို အကျိုးပြုဖို့ ပေးကမ်းရန်စီစဉ်ထားခြင်း ဟုခေါင်းစဉ်တပ်ထားသည့် အင်္ဂလိပ်ဘာသာဖြင့် ဘရိုရှာတစ်စောင်ကို အသင်းမက ပြင်ဆင်ပြီးခဲ့ပြီ။ အသင်းမက လက်ဆောင်များ၊ သေတမ်းစာနှင့် လွှဲအပ်စာများနှင့်ပတ်သက်၍ မေးမြန်းခြင်းစာများစွာကို ရရှိခဲ့သည့်အတွက် ပြန်လည်ဖြေကြားရန် ဤဘရိုရှာကို ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းတွင် မြေယာဆိုင်ရာ၊ ငွေကြေးဆိုင်ရာ၊ အခွန်အတုတ်ဆိုင်ရာစီစဉ်ရေးနှင့်ပတ်သက်သည့် ထပ်ဆင့်အကြောင်းအရာများလည်းပါဝင်သည်။ မိမိ၏မိသားစုနှင့် ကိုယ်ရေးကိုယ်တာအခြေအနေများကို ထည့်စဉ်းစားကာ အကျိုးအရှိဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းများကို ရွေးချယ်ဖို့ အသင်းမထံ အထူးလက်ဆောင် သို့မဟုတ် သေတမ်းစာနှင့်လွှဲအပ်ပေးရန် စီစဉ်နေကြသော အမေရိကန်ပြည်ထောင်စုရှိ လှူဒါန်းလိုသူများကိုကူညီရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားခြင်းဖြစ်ပါသည်။

ဤဘရိုရှာကို ဖတ်ရှုပြီး ပေးကမ်းရန်စီစဉ်ထားခြင်းဌာနနှင့် ဆွေးနွေးပြီးနောက် များစွာသောသူတို့သည် အသင်းမကို ကူညီထောက်ပံ့နိုင်ပြီး တစ်ချိန်တည်းတွင် အခွန်ကင်းလွတ်ခွင့်တိုး၍ရရှိခဲ့ပါသည်။ ပေးကမ်းရန်စီစဉ်ထားခြင်းဌာနကို အစီအစဉ်တစ်စုံတစ်ခုနှင့်စပ်လျဉ်းပြီး အကြောင်းကြားသင့်ကာ သက်ဆိုင်ရာစာရွက်စာတမ်းတစ်စုံတစ်ရာကို ရယူထားသင့်သည်။ ယင်းဘရိုရှာတစ်စောင်ကိုလည်းကောင်း၊ ပေးကမ်းရန်စီစဉ်ထားသည့် နည်းတစ်ခုခု၌လည်းကောင်း စိတ်ဝင်စားသူများသည် အောက်ဖော်ပြပါလိပ်စာ သို့မဟုတ် သင့်နိုင်ငံတွင် လုပ်ငန်းကိုစီမံသောအသင်း၏ရုံး၊ ပေးကမ်းရန်စီစဉ်ထားခြင်းဌာနသို့ စာရေး၍ဖြစ်စေ၊ တယ်လီဖုန်းဆက်၍ဖြစ်စေ ဆက်သွယ်သင့်ပါသည်။

ပေးကမ်းရန် စီစဉ်ထားခြင်းဌာန

Watch Tower Bible and Tract Society of Pennsylvania

100 Watchtower Drive, Patterson, New York 12563-9204

Telephone: (914) 878-7000

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေတို့၏လုပ်ဆောင်မှုများကို စေတနာအလျောက် လှူဒါန်းသော အလှူငွေများအားဖြင့် ပံ့ပိုးလျက်ရှိ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ