ကြားနေခြင်း
အဓိပ္ပာယ်သတ်မှတ်ချက်– ပဋိပက္ခဖြစ်နေသော၊ နှစ်ခု သို့မဟုတ် နှစ်ခုထက်မကသောအုပ်စုများအနက် တစ်ဖက်ဖက်ကို ဘက်လိုက်ခြင်း၊ ထောက်ခံခြင်းမပြုဘဲနေလျှင် ကြားနေပင်ဖြစ်သည်။ ခရစ်ယာန်စစ်တို့သည် နိုင်ငံတိုင်း၊ အခြေအနေတိုင်း၌၊ ကမ္ဘာ့ဂိုဏ်းကွဲအုပ်စုတို့၏ပဋိပက္ခများနှင့် လုံးဝကင်းရှင်းလျက် ကြားနေဖို့ကြိုးစားခဲ့ကြသည်မှာ ရှေးသမိုင်းနှင့်ခေတ်သစ်သမိုင်း၏အဖြစ်မှန်ပင်။ အခြားသူများ မျိုးချစ်အခမ်းအနားတွင်ပါဝင်ခြင်း၊ စစ်မှုထမ်းခြင်း၊ နိုင်ငံရေးပါတီဝင်ခြင်း၊ ရာထူးတစ်ခုခုအတွက်မဲဆွယ်ခြင်း၊ မဲပေးခြင်းပြုကြသည်ကို ခရစ်ယာန်စစ်တို့က ဝင်မစွက်ပါ။ သို့သော်၊ မိမိတို့မူ ကျမ်းစာ၏ဘုရားသခင် ယေဟောဝါကိုသာဝတ်ပြု၏။ မိမိတို့အသက်ကို ကိုယ်တော်ထံ အကြွင်းမဲ့အပ်နှင်းခဲ့သဖြင့် ကိုယ်တော့်နိုင်ငံတော်ကို အားသွန်ခွန်စိုက် ထောက်ခံကြသည်။
အဘယ်ကျမ်းချက်များသည် လောကီအစိုးရများပေါ်ထားရှိသော ခရစ်ယာန်တို့၏သဘောထားနှင့် အစဉ်အကျုံးဝင်သနည်း
ရော. ၁၃:၁၊ ၅-၇၊ သက– “လူတိုင်းပင် အစိုးမင်းတို့၏အမိန့်အာဏာကို လိုက်နာကြရမည်။ အဘယ်အစိုးရမျှ ထာဝရဘုရား၏ခွင့်ပြုချက်မရဘဲ မရပ်မတည်နိုင်။ . . . သို့ဖြစ်၍ သင်သည် ထာဝရဘုရား အပြစ်ဒဏ်ခတ်တော်မူမည်ကို ကြောက်သောကြောင့်သာမက မိမိသြတ္တပ္ပစိတ်ကြည်လင်မှုကို ထောက်၍လည်း အစိုးရမင်း၏အမိန့်အာဏာကို လိုက်နာရမည်။ . . . အစိုးရမင်းအား သင်တို့ပေးဆောင်ထိုက်သည်တို့ကို ပေးဆောင်ကြလော့။ ပေးဆောင်စရာရှိသမျှသော အခွန်များကို ပေးဆောင်ကြလော့။ အာဏာပိုင်ရှိသမျှတို့အား ရိုသေလေးစားကြလော့။” (ဘုရားသခင့်ခွင့်ပြုချက်မရလျှင် အဘယ်အစိုးရမျှ မရပ်တည်နိုင်။ အရာရှိများ၏စာရိတ္တ မည်သို့ပင်ရှိစေကာမူ သူတို့၏ရာထူးကိုထောက်၍ ခရစ်ယာန်စစ်တို့က သူတို့ကိုအရိုအသေပေးကြပါသည်။ ဥပမာ၊ အစိုးရများ အခွန်ငွေကို မည်သို့ပင်သုံးစွဲကြစေကာမူ ယေဟောဝါဝတ်ပြုသူတို့သည် လူတိုင်းအကျိုးခံစားနိုင်သော အစိုးရ၏လူထုအကျိုးပြုလုပ်ငန်းများအတွက် မလိမ်မဖွက် အခွန်ဆက်ကြပေသည်။)
မာ. ၁၂:၁၇– “ယေရှုကလည်း ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေး [“ပြန်ပေး၊” ကဘ] ကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူသည်။” (ထို့ကြောင့် ခရစ်ယာန်များက အစိုးရအား အခွန်အဖြစ် ငွေကို “ပြန်ပေး” ရရုံသာမက ဘုရားသခင်ပေါ်ထားရှိသော သာ၍မြင့်မြတ်သည့်ဝတ္တရားကိုပါ ဖြည့်ဆည်းရမည်ဖြစ်ကြောင်း အစဉ်သိမှတ်ကြ၏။)
တ. ၅:၂၈၊ ၂၉၊ သက– “[ဂျူးတရားရုံးချုပ်၏ကိုယ်စားတစ်ဦးက] ‘ထိုနာမကိုအမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် သင်တို့အား ငါတို့ကျပ်တည်းစွာ အမိန့်ပေးထားခဲ့၏။ သို့ရာတွင် ယခုသင်တို့သည် ယေရုရှလင်မြို့တစ်မြို့လုံးတွင် အနှံ့အပြား ဟောပြောသွန်သင်ကြလေပြီ။ ထိုသူသေရသည်မှာ ငါတို့ကြောင့်ဖြစ်သည်ဟူ၍ သင်တို့အပြစ်တင်လိုကြသည်တကား’ ဟု တမန်တော်တို့အား ပြောကြားကြ၏။ ပေတရုနှင့်တမန်တော်တို့က ‘အကျွန်ုပ်တို့သည် လူ့အမိန့်ထက် ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ရမည်’ ဟု [ပြန်ပြောကြ၏။]” (လူ့အစိုးရမင်းများ၏အမိန့်က ဘုရားသခင့်တောင်းဆိုချက်နှင့် ထိပ်တိုက်ဆန့်ကျင်သောအခါ ခရစ်ယာန်စစ်တို့က တမန်တော်များ၏စံနမူနာကိုယူပြီး ဘုရားသခင်ကို အဦးဆုံးနာခံခဲ့ကြပေသည်။)
အဘယ်ကျမ်းချက်များသည် လောကီစစ်ရေးစစ်ရာ၌ပါဝင်ခြင်းဆိုင်ရာ ခရစ်ယာန်စစ်တို့အမြင်နှင့် အစဉ်အကျုံးဝင်သနည်း
မ. ၂၆:၅၂– “ယေရှုကလည်း သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်ဟု [မိန့်တော်မူ၏။]” (ဘုရားသခင့်သားတော်ကိုကာကွယ်ရန်တိုက်ခိုက်ခြင်းထက် သာ၍မြတ်သောတိုက်ပွဲ ရှိနိုင်သေး၏လော။ သို့ပါလျက်နှင့် ယေရှုက ထိုတပည့်တော်များ ပကတိစစ်လက်နက်မျိုးကို မကိုင်စွဲရဟုပြသတော်မူ၏။)
ဟေရှာ. ၂:၂-၄– “နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာချီးမြှောက်၍တည်လိမ့်မည်။ . . . ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင်၍ များပြားသောလူတို့ကို ဆုံးမတော်မူသဖြင့် သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကိုတံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။” (တိုင်းနိုင်ငံအားလုံးမှ လူအသီးသီးတို့သည် မိမိတို့လိုက်လိုရာလမ်းစဉ် ကိုယ်တိုင်ရွေးချယ်ရမည်ဖြစ်၏။ ယေဟောဝါ၏စီရင်ချက်ကိုနာခံသူတို့မူ ကိုယ်တော်သည် မိမိတို့၏ဘုရားသခင်ဖြစ်ကြောင်း သက်သေထူကြ၏။)
၂ ကော. ၁၀:၃၊ ၄– “ငါတို့သည် လူဇာတိ၌ကျင်လည်သော်လည်း ဇာတိပကတိအလိုသို့လိုက်၍ စစ်တိုက်ကြသည်မဟုတ်။ ငါတို့စစ်တိုက်၍သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကိုဖြိုဖျက်နိုင်သောလက်နက်ဖြစ်၏။” (ပေါလုက မိမိသည် အသင်းတော်ကို မှောက်မှားသောသွန်သင်ခြင်းဥပဒ်မှ ကာကွယ်ရန် လိမ်ညာမှု၊ စကားကြီးစကားကျယ်၊ စစ်လက်နက်စသည့်ပကတိလက်နက်တို့ကို ဘယ်တော့မျှ မသုံးစွဲဟုဆို၏။)
လု. ၆:၂၇၊ ၂၈– “ငါ့စကားကိုကြားရသော သင်တို့အား ငါ [ယေရှုခရစ်] ဆိုသည်ကား၊ သင်တို့၏ရန်သူတို့ကိုချစ်ကြလော့။ သင်တို့ကိုမုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကိုနှောင့်ယှက်သောသူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။”
ယေဟောဝါသည် ရှေးဣသရေလလူတို့အား စစ်တိုက်ခွင့်ပေးသည်မှာ မမှန်ပေလော
အမွေတော်အဖြစ် သတ်မှတ်တော်မူသောပြည်တော်ကို သိမ်းပိုက်ရန်လည်းကောင်း၊ မိမိတို့၏ဆိုးညစ်ယုတ်ညံ့သောအကျင့်နှင့် ဘုရားမှန်ကိုအန်တုမှုကြောင့် အသက်မရှင်ထိုက်သူအဖြစ် မှတ်တော်မူခြင်းခံရသောလူတို့ကိုသုတ်သင်စေရန်လည်းကောင်း ဣသရေလလူတို့အား စစ်တိုက်ဖို့ ယေဟောဝါညွှန်ကြားတော်မူ၏။ (တရား. ၇:၁၊ ၂၊ ၅; ၉:၅; ဝတ်. ၁၈:၂၄၊ ၂၅) သို့တစေ၊ ရာခပ်နှင့်ဂိဗောင်မြို့သားတို့သည် ယေဟောဝါကိုယုံကြည်သောကြောင့် ကရုဏာတော်ကို ခံစားကြရလေသည်။ (ယောရှု ၂:၉-၁၃; ၉:၂၄-၂၇) မည်သို့သောစစ်ပွဲကိုမိမိတိုက်ခွင့်ပြုမည်၊ မည်သူမည်ဝါသည် စစ်မှုထမ်းခြင်းမှကင်းလွတ်နိုင်သည်၊ မည်သို့စစ်ဆင်ရမည်နှင့်စပ်လျဉ်း၍ ပညတ်ပဋိညာဉ်၌ စည်းမျဉ်းများချမှတ်တော်မူ၏။ ထိုစစ်မှုများသည် အမှန်ပင် ယေဟောဝါ၏သန့်ရှင်းသောစစ်များ ဖြစ်၏။ ယနေ့မည်သည့်နိုင်ငံတိုက်ခိုက်သောစစ်ပွဲမျှ ထိုသို့ဖြစ်သည်မဟုတ်။
ခရစ်ယာန်အသင်းတော်တည်ထောင်ခြင်းနှင့်အတူ အခြေအနေသစ်တစ်ရပ် ဖြစ်ပေါ်လာသည်။ ခရစ်ယာန်တို့သည် မောရှေပညတ်အောက်၌မရှိ။ ခရစ်တော်နောက်တော်လိုက်များသည် နိုင်ငံအပေါင်းမှလူများအား တပည့်တော်ဖြစ်စေရန် လုပ်ဆောင်ရသည်။ ထို့ကြောင့် အချိန်တန်သော် နိုင်ငံအားလုံးတို့၌ ဘုရားမှန်ကိုးကွယ်သူများပေါ်လာမည်။ သို့သော် ထိုနိုင်ငံများ စစ်တိုက်ကြစဉ် အဘယ်ဦးတည်ချက်ဖြင့်နည်း။ မြေတစ်ပြင်လုံးကိုဖန်ဆင်းသောအရှင်၏အလိုတော်ကို ဆောင်ရွက်ဖို့လော။ သို့မဟုတ်၊ မိမိနိုင်ငံ၏အကျိုးစီးပွားအတွက်လော။ နိုင်ငံတစ်နိုင်ငံမှခရစ်ယာန်စစ်များ အခြားတစ်နိုင်ငံကိုသွားရောက်တိုက်ခိုက်ပါက ယုံကြည်သူချင်းတို့ကိုတိုက်ခိုက်ရာရောက်လိမ့်မည်။ ထိုယုံကြည်သူချင်းတို့သည် မိမိတို့ကဲ့သို့ ထပ်တူဘုရားသခင်ထံ မစမှုကိုတောင်းခံကြ၏။ ထို့ကြောင့် ခရစ်တော်က နောက်တော်လိုက်များအား လက်နက်ကိုစွန့်ရန် ညွှန်ကြားတော်မူ၏။ (မ. ၂၆:၅၂) ကောင်းကင်၌ ဘုန်းပွင့်သောမိမိကိုယ်တော်တိုင် ဘုရားမှန်ကိုအန်တုသူတို့ကို သုတ်သင်မည်ဖြစ်သည်။—၂ သက်. ၁:၆-၈; ဗျာ. ၁၉:၁၁-၂၁။
စစ်မှုထမ်းခြင်းဆိုင်ရာ ရှေးခရစ်ယာန်များ၏သဘောထားအကြောင်းနှင့်ပတ်သက်၍ သမိုင်းကဘာကိုဖော်ပြသနည်း
“စုဆောင်းရရှိသမျှအကြောင်းအရာများကို ဂရုတစိုက်သုံးသပ်လိုက်သောအခါ၊ [စီ. အီး. ၁၆၁ မှ ၁၈၀ အတွင်း ရောမဧကရာဇ်ဖြစ်သူ] မားကပ်စ် ဩရီးလီးယပ်စ်ခေတ်အထိ၊ ခရစ်ယာန်တစ်ဦးမျှ တပ်သားတစ်ဦးဖြစ်မလာခဲ့ကြောင်း၊ ခရစ်ယာန်ဖြစ်လာသောတပ်သားတစ်ယောက်မျှလည်း ဆက်၍စစ်မှုထမ်းခြင်းမရှိကြောင်း တွေ့ရသည်။”—ခရစ်ယာန်ဘာသာထွန်းကားလာပုံ (လန်ဒန်၊ ၁၉၄၇)၊ အီး. ဒဗ္ဗလျူ. ဘာန်းစ်၊ စ. ၃၃၃။
“စစ်မှု၊ အချင်းချင်းသတ်ဖြတ်မှုအပြင် ဆိုးယုတ်မှုအမျိုးစုံနှင့်ပြည့်နှက်သော ကျွန်ုပ်တို့သည် ကမ္ဘာတစ်ခွင်လုံးတွင် တစ်ဦးစီအနေနှင့် ကျွန်ုပ်တို့၏စစ်လက်နက်—ဓားနှင့်လှံတို့ကို ထွန်တုံးထွန်တံများအဖြစ် ပြုပြင်ပြောင်းလဲလိုက်ပြီ။ ကျွန်ုပ်တို့သည် လက်ဝါးကပ်တိုင်ပေါ် အသေခံတော်မူသောကိုယ်တော်မြတ်မှတစ်ဆင့် ခမည်းတော်ထံမှရသော ဘုရားကြည်ညိုမှု၊ ဖြောင့်မတ်မှု၊ လူ့ဘောင်အကျိုးသယ်ပိုးမှု၊ ယုံကြည်မှုနှင့် မျှော်လင့်မှုတို့ကို မွေးမြူကြလေပြီ။”—အာဇာနည် ဂျပ်စတင်ရေးသော “ဂျူးလူ ထရိုင်ဖိုနှင့်အချီအချပြော” စာအုပ်မှ ဂျပ်စတင်၏အဆို၊ (ဒုတိယရာစု)၊ နိုင်စင်းညီလာခံအကြိုခေတ်က အသင်းတော်၏ ရှေးအာဏာပိုင် ဘာသာရေးစာရေးဆရာများ (ဂရန်း ရက်ပစ်စ်မြို့၊ မစ်ရှဂင်နယ်။ ၁၈၈၅ ခု၊ အက်ဒင်ဘတ်တွင်ပြန်လည်ပုံနှိပ်သည်။) အေ. ရောဘတ် နှင့် ဂျေ.ဒေါ်နယ်စင် တို့တည်းဖြတ်သည်။ အတွဲ ၁၊ စ. ၂၅၄။
“သူတို့သည် မြို့ပြစီမံအုပ်ချုပ်ရေး သို့မဟုတ် အင်ပါယာကာကွယ်ရေးတွင် တက်ကြွစွာပါဝင်ခြင်းကိုမပြုဘဲ၊ ငြင်းဆန်ကြသည်။ . . . ခရစ်ယာန်တို့သည် သာ၍မြင့်မြတ်သောတာဝန်ကိုမပစ်ပယ်လျှင် တပ်သား၊ မြို့ပြကွပ်ကဲသူ၊ နယ်စားများ ဖြစ်မလာနိုင်။”—ခရစ်ယာန်သာသနာသမိုင်း (နယူးယောက်၊ ၁၈၉၁)၊ အက်ဒ်ဝဒ်ဂစ်ဘင်၊ စစ. ၁၆၂၊ ၁၆၃။
အဘယ်ကျမ်းချက်များသည် နိုင်ငံရေးအငြင်းအခုံနှင့်လှုပ်ရှားဆောင်ရွက်မှု၌ပါဝင်ခြင်းဆိုင်ရာ ခရစ်ယာန်စစ်တို့အမြင်နှင့် အစဉ်အကျုံးဝင်သနည်း
ယော. ၁၇:၁၆၊ သက– “အကျွန်ုပ် [ယေရှု] သည် ဤလောကနှင့်မသက်ဆိုင်သကဲ့သို့ ထိုသူတို့သည်လည်း မသက်ဆိုင်ကြပါ။”
ယော. ၆:၁၅– “ထိုသူတို့ [ဂျူးများ] သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ လာ၍အနိုင်အထက်ပြုကြမည်အကြောင်းကို ယေရှုသည် သိတော်မူလျှင် တောင်ပေါ်သို့ တစ်ယောက်တည်းကြွတော်မူပြန်၏။” နောက်တစ်ကြိမ်တွင် ရောမမြို့ဝန်အား “ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်လျှင် ငါသည် ယုဒလူတို့လက်သို့မရောက်စေခြင်းငှာ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား၊ ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့်မစပ်ဆိုင်ဟု မိန့်တော်မူ၏။”—ယော. ၁၈:၃၆။
ယာ. ၄:၄– “မတရားသောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီမိတ်သဟာယသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့်မိတ်သဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။” (ဤကိစ္စ အဘယ်ကြောင့် ဤမျှအရေးကြီးသနည်း။ ၁ ယောဟန် ၅:၁၉ ဆိုသည့်အတိုင်း “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြ” သောကြောင့်တည်း။ ယောဟန် ၁၄:၃၀ ၌ စာတန်ကို “ဤလောကကိုအစိုးရသောမင်း” ဟု ယေရှုညွှန်းဆို၏။ ထို့ကြောင့် လူတစ်ယောက်သည် မည်သည့်အုပ်စုကိုထောက်ခံစေကာမူ မည်သူ့လက်ခုပ်ထဲသို့ အမှန်ကျရောက်မည်သာဖြစ်သနည်း။)
ရှေးခရစ်ယာန်အဖြစ်လူတို့သိရှိကြသောသူတို့သည် နိုင်ငံရေး၌ပါဝင်မှုနှင့်ပတ်သက်၍ အဘယ်သဘောထားရှိခဲ့ကြကြောင်း လောကီသမိုင်းသုတေသီများက တင်ပြကြသနည်း
“တိတ္ထိလောကကိုအစိုးရသူများသည် ရှေးခရစ်ယာန်များအကြောင်းအသိခေါင်ပြီး သူတို့ကိုမနှစ်မြို့ကြ။ . . . ခရစ်ယာန်တို့သည် ရောမနိုင်ငံသားဆိုင်ရာဝတ္တရားအချို့ကို မထမ်းရွက်ဘဲနေကြသည်။ . . . နိုင်ငံရေးရာထူးကိုမယူကြချေ။”—လူ့ယဉ်ကျေးမှုသို့ချီတက်ခြင်း၊ ကမ္ဘာ့သမိုင်းတစ်ရပ် (ဖီလဒဲလ်ဖီးယား၊ ၁၉၃၇)၊ အေ.ဟက်ကယ်လ်နှင့် ဂျေ.စစ်ဂမင်၊ စစ. ၂၃၇၊ ၂၃၈။
“ခရစ်ယာန်တို့သည် အစိုးရနှင့်ခပ်ခွာခွာနေပြီး ယဇ်ပုရောဟိတ်နှင့်ဝိညာဏလူမျိုးအဖြစ် သီးခြားစွာရပ်တည်၏။ ခရစ်ယာန်ဘာသာသည် ပြည်သူတို့၌ စင်ကြယ်သောစိတ်ဓာတ် များသည်ထက်များလာအောင် ပျိုးထောင်ပေးခြင်းဖြင့်သာ လူထု၏ဘဝပေါ် ဩဇာသက်ရောက်ဟန်ရှိသည်။ အမှန်ဝန်ခံရလျှင် ၎င်းသည် အသန့်ရှင်းဆုံးနည်းဖြစ်ပေသည်။”—ကနဦး ရာစုနှစ်သုံးခုအတွင်းမှ ခရစ်ယာန်ဘာသာနှင့် သာသနာအသင်း၏သမိုင်း (နယူးယောက်၊ ၁၈၄၈)၊ ဩဂတ်စတပ်စ်နီယန်းဒါးရေး၍ အိပ်ချ်.ဂျေ.ရို့စ်က ဂျာမန်ဘာသာမှပြန်ဆိုသည်၊ စ. ၁၆၈။
အဘယ်ကျမ်းချက်များသည် အလံ၊ အမျိုးသားသီချင်းတို့နှင့်ပတ်သက်သော အခမ်းအနားများဆိုင်ရာ ခရစ်ယာန်စစ်တို့အမြင်နှင့် အစဉ်အကျုံးဝင်သနည်း
၁ ကော. ၁၀:၁၄– “ရုပ်တုကိုကိုးကွယ်ခြင်းအမှုကို ကြဉ်ရှောင်ကြလော့။” (ထွက်မြောက်ရာ ၂၀:၄၊ ၅ ကိုပါရှု။)
၁ ယော. ၅:၂၁– “ချစ်သားတို့၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။”
လု. ၄:၈– “ယေရှုကလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။”
ဒံယေလ ၃:၁-၂၈ ကိုပါရှု။
ထိုမျိုးချစ်အထိမ်းအမှတ်နှင့်အခမ်းအနားတို့၌ ဘာသာရေးသဘော တကယ်ပါဝင်သလော
“အမေရိကန်ကျောင်းများ၌ကျင်းပသော အလံဝတ်ပြုမှုနှင့်၊ သစ္စာဆိုမှုဆိုင်ရာအခမ်းအနားမှာ ဘာသာရေးကျင်းပပွဲတစ်ရပ်ဖြစ်ကြောင်း၊ . . . [သမိုင်းသုတေသီ] ကာလ်တန်ဟေးစ်က ရှေးမဆွကတည်းက တင်ပြခဲ့လေပြီ။ . . . ယင်းအခမ်းအနားများမှာ ဘာသာရေးဖြစ်သည်ဟူသောအချက်ကိုလည်း အဆုံးတွင် တရားရုံးချုပ်က ဆက်တိုက်လျှောက်လဲသောအမှုများ၌ အတည်ပြုခဲ့သည်။”—အမေရိကန်တို့၏အမှတ်သင်္ကေတ (နယူးယောက်၊ ၁၉၅၆)၊ ဒီ. ဒဗ္ဗလျူ. ဘရော်ဂင်၊ စစ. ၁၆၃၊ ၁၆၄။
“ရှေးကအလံများသည် ဘာသာရေးအထိမ်းအမှတ်သက်သက်ဟု ဆိုရမလောက်ပင်။ . . . အင်္ဂလန်နိုင်ငံ၏ရာစုနှစ်များစွာတည်ရှိသော အမျိုးသားတံခွန်—စိန့်ဂျော့လက်ဝါးကပ်တိုင်နီသည် ဘာသာရေးအလံဖြစ်သည်။ အမှန်ဆိုလျှင် အမျိုးသားအလံများကို အထွတ်အမြတ်ဖြစ်စေရန် ဘာသာရေး၏အကူအညီကို အစဉ်သဖြင့်တောင်းခံလာခဲ့ကြသည်။ များစွာသောအလံတို့သည် ဘာသာရေးတံခွန်မှအစပြုခဲ့သည်ကိုတွေ့ရှိနိုင်သည်။”—ဗြိတဲန်စွယ်စုံကျမ်း (၁၉၄၆)၊ အတွဲ ၉၊ စ. ၃၄၃။
“နိုဝင်ဘာလ ၁၉ ရက်၌ [စစ်ဘက်ဆိုင်ရာ] တရားရုံး [ချုပ်] ၏ဒု-သမ္မတကြီးမှူးသော လူထုအခမ်းအနားတစ်ခုတွင် ဘရာဇီးလ်နိုင်ငံ၏အလံကို ဂုဏ်ပြုခဲ့သည်။ . . . အလံတင်သည့်နောက် တပ်မဟာ၏အထွေထွေဝန်ကြီး Tristao de Alencar Araripe က ထိုအောက်မေ့ပွဲနှင့်ပတ်သက်၍ မိမိခံယူချက်ကို ဤသို့ပြောကြားလိုက်သည်။ ‘ . . . အလံများသည် မျိုးချစ်ဘာသာ၏ဘုရားဖြစ်လာသဖြင့် ၎င်းတို့ကို ဝတ်ပြုကိုးကွယ်ရမည်။ . . . အလံတော်ကိုကြည်ညိုကိုးကွယ်ကြပါသည်။ . . . အဘနိုင်ငံကိုကိုးကွယ်သကဲ့သို့ အလံကိုကိုးကွယ်ကြသည်။’”—Diario da Justiça (Federal Capital, Brazil)၊ ၁၉၅၆၊ ဖေဖော်ဝါရီ ၁၆၊ စ. ၁၉၀၆။
ရှေးခရစ်ယာန်များအဖြစ် လူတို့သိရှိကြသောသူတို့သည် မျိုးချစ်သဘင်များကို မည်သို့ ရှုမှတ်ကြောင်း သမိုင်းက တင်ပြသနည်း
“ခရစ်ယာန်တို့သည် ဧကရာဇ်မင်း၏ကိုယ်စောင့်နတ်ကို ယဇ်မပူဇော်ဘဲ . . . ငြင်းဆန်ကြသည်။—ယနေ့ အလံကိုအလေးမပြု၊ သစ္စာမဆိုဘဲနေခြင်းနှင့် ဆင်တူသည်။ . . . ယှဉ်ပြိုင်ကွင်း၌ မီးတောက်နေသောယဇ်ပလ္လင်တစ်ခုကို ခရစ်ယာန်များအတွက် အသင့်တည်ထားလေ့ရှိသော်လည်း ယုံကြည်ချက်စွန့်လွှတ်သောခရစ်ယာန် အလွန်နည်းပေသည်။ အကျဉ်းသားတစ်ဦး အမွှေးအကြိုင်တစ်ဆိတ်စာကို မီးထဲသို့ဖြန့်ကြဲလိုက်ရုံနှင့် ယဇ်ပူဇော်လက်မှတ်ကိုရပြီး လွတ်လာနိုင်သည်။ သို့ပြုခြင်းသည် ဧကရာဇ်အား ကိုးကွယ်ခြင်းမဟုတ်၊ ရောမနိုင်ငံ၏ခေါင်းဆောင်အဖြစ် ဧကရာဇ်၏ဘုရားကြန်အင်ကိုသိမှတ်ခြင်းသာဖြစ်သည်ဟူ၍လည်း အကျဉ်းသားအား ဂနစွာရှင်းပြသေး၏။ သို့ပါလျက်နှင့် ထိုလွတ်ငြိမ်းချမ်းသာခွင့်ကိုယူသောခရစ်ယာန် တစ်ယောက်မျှမရှိဟုဆိုရမလောက်ပင်။”—သေတော့မည့်သူများ (နယူးယောက်၊ ၁၉၅၈)၊ ဒီ. ပီ. မင်နစ်၊ စစ. ၁၃၅၊ ၁၃၇။
“ဧကရာဇ်ကိုကိုးကွယ်မှုတွင် ဧကရာဇ်၏ရုပ်ပွားရှေ့မှ ယဇ်ပလ္လင်ပေါ် နံ့သာပေါင်းအနည်းငယ် ဖြူးခြင်း၊ ဝိုင်နှစ်စက်သုံးစက်ခန့်ချခြင်းပါဝင်သည်။ ကျွန်ုပ်တို့သည် ထိုအခြေအနေနှင့် အလွန်ဝေးလှသဖြင့် လက်ကိုမ၍ အလံ သို့မဟုတ် နိုင်ငံ၏ပုဂ္ဂိုလ်ထူးတစ်ဦးကို အလေးပြုသလောက်၊ ကြည်ညိုလေးစားမှုနှင့်မျိုးချစ်စိတ်ကိုပြသလောက်သာမှတ်ပေမည်။ ပထမရာစုမှလူအမြောက်အမြားလည်း ထိုသို့သာယူမှတ်ကြခြင်းဖြစ်ချင်ဖြစ်မည်။ သို့ရာတွင် ခရစ်ယာန်တို့သည် ထိုသို့မမှတ်။ လုပ်ရပ်တစ်ခုလုံးကိုခြုံ၍ ဧကရာဇ်ကို ဘုရားတစ်ဆူအဖြစ် သိမှတ်သော ဘာသာရေးဝတ်ပြုမှုတစ်ရပ်ဟု ရှုမှတ်ကြသဖြင့် ဘုရားသခင်နှင့်ခရစ်တော်တို့အား သစ္စာဖောက်ရာရောက်သည်ဟု သဘောထားကြသောကြောင့် မလုပ်ဘဲနေကြသည်။”—ခရစ်ယာန်သာသနာ၏အစ (နယူးဟေးဗင်း၊ ကနက်တစ်ကပ်စ်ပြည်နယ်၊ ၁၉၅၈)၊ အမ်.အက်ဖ်.အယ်လာ၊ စစ. ၂၀၈၊ ၂၀၉။
ခရစ်ယာန်များ ကြားနေဝါဒကိုလိုက်သောကြောင့် လူချင်းတို့၏အကျိုးစီးပွားကို စိတ်မဝင်စားရာရောက်သလော
လုံးဝမဟုတ်ပါ။ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူသောယေရှုထပ်တလဲလဲမိန့်ကြားသောပညတ်ကို သူတို့ကောင်းစွာသိပြီး တစ်သဝေမတိမ်း ထိန်းသိမ်းလိုက်နာကြပေသည်။ (မ. ၂၂:၃၉) “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့” ဟူသောတမန်တော်ပေါလုရေးမှတ်သောသြဝါဒကိုလည်းထို့အတူပြုကြ၏။ (ဂလ. ၆:၁၀) လူချင်းတို့အကျိုးကိုအထိရောက်ဆုံးရွက်ဆောင်သောနည်းမှာ လူတို့အား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောကြားခြင်းဖြစ်ကြောင်း သူတို့ မမှိတ်မသုန် ယုံကြည်ကြ၏။ နိုင်ငံတော်သည် လူသားတို့ရင်ဆိုင်နေရသောပြဿနာများကို အပြီးအငြိမ်းဖြေရှင်း၍ သတင်းကောင်းလက်ခံသူတို့ရှေ့ ထာဝရအသက်မျှော်လင့်ချက်ကို ဖွင့်လှစ်ပေးပေသည်။