လွတ်လပ်မှုတွင် ခရစ်ယာန် ဆက်ကပ်အပ်နှံမှုနှင့်အညီ နေထိုင်ခြင်း
“ယေဟောဝါ၏ဝိညာဉ်တော်ရှိရာ၌ လွတ်လပ်မှုရှိ၏။”—၂ ကောရိန္သု ၃:၁၇၊ ကဘ။
၁။ ယေဟောဝါသက်သေများသည် မည်သူ့ထံ ဆက်ကပ်အပ်နှံထားကြသနည်း၊ သူတို့သည် တရားဝင်အေဂျင်စီများကို အဘယ်ကြောင့်အသုံးပြုကြသနည်း။
မိမိတို့၏ဘာသာတရားသည် ထာဝစဉ်တည်မည်ဟု ယေဟောဝါသက်သေတို့ ယုံကြည်ကြသည်။ ထို့ကြောင့် သူတို့သည် “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း” ဘုရားသခင်အား ထာဝစဉ်ဝတ်ပြုရန် မျှော်လင့်ကြသည်။ (ယောဟန် ၄:၂၃၊ ၂၄) လွတ်လပ်စွာလုပ်ခွင့်ရှိသူ များအနေနှင့် ဤခရစ်ယာန်များသည် ယေဟောဝါဘုရားသခင်ထံ လုံးလုံးလျားလျားဆက်ကပ်အပ်နှံပြီး ယင်းနှင့်အညီ နေထိုင်ရန် စိတ်ဆုံးဖြတ်ထားကြသည်။ ယင်းနှင့်အညီ သူတို့သည် ဘုရားသခင့်နှုတ်တော်ထွက်စကားနှင့် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်အပေါ် အားထားမှီခိုကြသည်။ ဘုရားသခင်ပေးသည့် လွတ်လပ်မှုတွင် ခရစ်ယာန်ဆက်ကပ်အပ်နှံမှုလမ်းစဉ်ကို စိတ်ရောကိုယ်ပါလိုက်လျှောက်စဉ် သက်သေခံများသည် “အစိုးရသောမင်းအာဏာစက်” ၏အခန်းကဏ္ဍကို ထိုက်သင့်သောလေးစားမှုပြပြီး တရားဝင်အခွင့်အလမ်းများနှင့် ပြဋ္ဌာန်းချက်များကို တော်လျော်စွာအသုံးပြုကြသည်။ (ရောမ ၁၃:၁; ယာကုပ် ၁:၂၅) ဥပမာ၊ သက်သေခံတို့သည် အထူးသဖြင့် ဝိညာဉ်ရေးနည်းလမ်းများဖြင့် လူသားချင်းတို့အား အကူအညီပေးရေးလုပ်ငန်းကို ပြီးမြောက်နိုင်စေရန် တရားဝင်အသင်းအဖွဲ့—နိုင်ငံများစွာတွင် အသုံးပြုသည့်နည်းတစ်နည်း—အဖြစ် ကင်းမျှော်စင်အသင်းကို အသုံးပြုကြပါသည်။ သို့သော် သက်သေခံတို့သည် မည်သည့်တရားဝင်အေဂျင်စီကိုမျှမဟုတ်ဘဲ ဘုရားသခင်ထံ၌သာ ဆက်ကပ်အပ်နှံထားကြပြီး ယေဟောဝါထံ သူတို့၏ဆက်ကပ်အပ်နှံမှုသည် ထာဝစဉ်တည်မည်ဖြစ်သည်။
၂။ ကင်းမျှော်စင်အသင်းနှင့် အလားတူတရားဝင်အေဂျင်စီများကို ယေဟောဝါသက်သေများက အဘယ်ကြောင့်အထူး တန်ဖိုးထားကြသနည်း။
၂ ဘုရားသခင်ထံဆက်ကပ်အပ်နှံထားသည့် ကျေးကျွန်များအနေနှင့် ယေဟောဝါသက်သေတို့တွင် “လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့” ဟူသည့် ယေရှု၏ညွှန်ကြားချက်ကို လိုက်နာရန်တာဝန်ရှိကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ဤလုပ်ငန်းသည် အစီအစဉ်စနစ်၏အဆုံးအထိ ဆက်သွားမည်၊ အကြောင်းမှာ ယေရှုဤသို့လည်း မိန့်တော်မူသည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” (မဿဲ ၂၄:၃၊ ၁၄) နှစ်စဉ်ပင် ကင်းမျှော်စင်အသင်း၏ ပုံနှိပ်တိုက်များနှင့် အလားတူတရားဝင်အဖွဲ့များသည် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းတွင် ယေဟောဝါသက်သေများအား သန်းနှင့်ချီသော ကျမ်းစာများ၊ စာအုပ်များ၊ ဘရိုရှာများနှင့် မဂ္ဂဇင်းများကို ထုတ်ဝေပေးပါသည်။ ထို့ကြောင့် အဆိုပါတရားဝင်အဖွဲ့အစည်းများသည် ဘုရားသခင်၏ဆက်ကပ်အပ်နှံကျေးကျွန်များကို သူတို့၏ဆက်ကပ်အပ်နှံမှုနှင့်အညီနေထိုင်ရန် အကူအညီပေးရာတွင် တန်ဖိုးဖြတ်မရပါ။
၃။ ယေဟောဝါသက်သေတို့သည် အဘယ်သဘောမျိုးဖြင့် “အသင်းမ” ဟူသည့်ဝေါဟာရကို ယခင်ကအသုံးပြုခဲ့ကြသနည်း။
၃ သက်သေခံများသည် ကင်းမျှော်စင်အသင်း—သို့မဟုတ် အများအားဖြင့် “အသင်းမ” ဟူ၍သာ—အကြောင်းပြောဆိုပုံသည် ၎င်းအား တရားဝင်အဖွဲ့အစည်းတစ်ခုထက်မက ယူမှတ်ထားကြကြောင်း တင်ပြသည်ဟု တစ်စုံတစ်ယောက်က စောဒကတက်ပေမည်။ သူတို့သည် ယင်းကို ဝတ်ပြုရေးကိစ္စများတွင် အပြီးသတ်အာဏာပိုင်အဖြစ် ယူမှတ်ကြသည်မဟုတ်လော။ ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများစာအုပ်က ယင်းအချက်ကို ဤသို့ရှင်းပြသည်– “ကင်းမျှော်စင် [ဇွန် ၁၊ ၁၉၃၈] က ‘အသင်းမ’ ဟုရည်ညွှန်းသောအခါ တရားဝင်အသုံးခံကိရိယာမျှကိုသာမဆိုလိုဘဲ ထိုတရားဝင်အဖွဲ့ ဖွဲ့စည်းကာ ၎င်းကို အသုံးပြုသော ဘိသိက်ခံခရစ်ယာန်အဖွဲ့ကို ဆိုလိုပါသည်။ ထို့ကြောင့် ယင်းအသုံးအနှုန်းသည် သစ္စာနှင့်သတိပညာရှိသောကျွန်ကို ကိုယ်စားပြုသည်။”a (မဿဲ ၂၄:၄၅၊ သမ) သက်သေခံများသည် ဤသဘောမျိုးဖြင့်ယေဘုယျအားဖြင့် “အသင်းမ” ဟူသည့်ဝေါဟာရကို အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ တရားဝင်ကော်ပိုရေးရှင်းနှင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” သည် အပြန်အလှန်သုံးနိုင်သော ဝေါဟာရများတော့မဟုတ်ချေ။ ကင်းမျှော်စင်အသင်း၏ ဒါရိုက်တာများသည်တင်မြှောက်ခံရသည်၊ ‘သစ္စာရှိကျွန်’ အဖြစ်ဖွဲ့စည်းထားသောသက်သေခံများမူ ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခံရသည်။
၄။ (က) နားလည်လွဲမှုများမဖြစ်စေရန် သက်သေခံအများသည် မည်သို့ပြောဆိုသုံးနှုန်းကြသနည်း။ (ခ) ကျွန်ုပ်တို့သည် ဝေါဟာရနှင့်စပ်လျဉ်း၍ အဘယ်ကြောင့် ချင့်ချိန်မှုရှိသင့်သနည်း။
၄ နားလည်လွဲမှုများမဖြစ်စေဖို့အတွက် ယေဟောဝါသက်သေများသည် စကားပြောဆိုရာတွင်သုံးနှုန်းပုံကို အလွန်ဂရုစိုက်ကြသည်။ “အသင်းမက သွန်သင်သည်” ဟုပြောမည့်အစား သက်သေခံအများက “ကျမ်းစာဆိုသည်ကား” သို့မဟုတ် “ကျမ်းစာက ဤသို့သွန်သင်သည်ဟု ကျွန်ုပ်နားလည်သည်” ဟူသော အသုံးအနှုန်းများကို သုံးနှုန်းရန်နှစ်သက်ကြသည်။ ဤနည်းဖြင့် ကျမ်းစာသွန်သင်ချက်များကို လက်ခံရာတွင် သက်သေခံတစ်ဦးချင်းစီပြုသည့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို အလေးပေးဖော်ပြကာ သက်သေခံများသည် တစ်နည်းနည်းဖြင့် ဘာသာရေးဂိုဏ်းဂဏတစ်ခု၏ကြိုးကိုင်ခံနေရသည်ဟူသည့် အထင်မှားမှုမျိုးမဖြစ်စေရန် ရှောင်ကြသည်။ အမှန်မှာ ဝေါဟာရနှင့်ပတ်သက်သည့် အကြံပြုချက်များသည် ငြင်းခုံစရာ မည်သည့်အခါမျှမဖြစ်သင့်ပေ။ ထိုထက်ကား ဝေါဟာရသည် နားလည်လွဲမှုများမဖြစ်စေဖို့အတွက်အထိသာ အရေးပါပါသည်။ ခရစ်ယာန်မျှတမှုရှိရန် လိုအပ်သည်။ ကျမ်းစာက ကျွန်ုပ်တို့အား “စကားအသုံးအနှုန်းနှင့်ပတ်သက်၍ ငြင်းခုံမှုမပြုကြရန်” မှာကြားထားသည်။ (၂ တိမောသေ ၂:၁၄၊ ၁၅၊ သတင်းကောင်း) ကျမ်းစာက ဤမူကိုလည်းဖော်ပြသည်– “သင်တို့သည် နားလည်လွယ်သောစကားကို နှုတ်ဖြင့်မမြွက်လျှင်၊ မြွက်သောစကားကို အဘယ်သို့သိနိုင်မည်နည်း။”—၁ ကောရိန္သု ၁၄:၉။
ဘုရားသခင်၏ဝိညာဉ်တော်သည် စည်းမျဉ်းများလိုအပ်မှုကို လျော့နည်းစေ
၅။ ၁ ကောရိန္သု ၁၀:၂၃ ကို မည်သို့နားလည်ရန်ဖြစ်သနည်း။
၅ “ခပ်သိမ်းသောအရာတို့သည် တရားနည်းလမ်းကျသည်; သို့သော် ခပ်သိမ်းသောအရာတို့သည် အကျိုးဖြစ်ထွန်းစေသည်မဟုတ်” ဟုတမန်တော်ပေါလုက သတိပြုစေသည်။ သူက ဤသို့ထပ်ဆင့်သည်– “ခပ်သိမ်းသောအရာတို့သည် တရားနည်းလမ်းကျသည်; သို့သော် ခပ်သိမ်းသောအရာတို့သည် တည်ဆောက်မှုဖြစ်စေသည်မဟုတ်။” (၁ ကောရိန္သု ၁၀:၂၃၊ ကဘ) ဘုရားသခင့်နှုတ်တော်ထွက်စကားက အတိအလင်းရှုတ်ချထားသော အရာများကိုပြုလုပ်ခြင်းသည် တရားနည်းလမ်းကျသည်ဟု ပေါလု မဆိုလိုသည်မှာ ရှင်းနေပါသည်။ ရှေးဣသရေလလူမျိုးအားပေးသည့် ပညတ်ချက် ၆၀၀ ခန့်နှင့်နှိုင်းစာကြည့်လျှင် ခရစ်ယာန်အသက်တာအတွက် ချမှတ်ထားသည့် အတိအလင်းမိန့်မှာချက်များမှာ အတော်ပင်နည်းပါသည်။ ထို့ကြောင့် ကိစ္စရပ်များစွာကို တစ်ဦးစီ၏အတွင်းလှုံ့ဆော်စိတ်အတိုင်းဆုံးဖြတ်စေသည်။ ယေဟောဝါထံ ဆက်ကပ်အပ်နှံထားသူတစ်ဦးသည် ဘုရားသခင့်ဝိညာဉ်တော်၏လမ်းညွှန်မှုမှဖြစ်ပေါ်သည့် လွတ်လပ်မှုကို ခံစားရသည်။ ခရစ်ယာန်တစ်ဦးသည် အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေခဲ့ပြီဖြစ်ရာ ကျမ်းစာနှင့်အညီလေ့ကျင့်ထားသော သူ၏အတွင်းလှုံ့ဆော်စိတ်အတိုင်းလိုက်နာပြီး သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏လမ်းညွှန်မှုကို မှီခိုအားထားပါသည်။ ယင်းက ဆက်ကပ်အပ်နှံခရစ်ယာန်တစ်ဦးအား မိမိကိုယ်တိုင်နှင့် အခြားသူများအတွက် အဘယ်အရာသည် “တည်ဆောက်မှုဖြစ်” ပြီး “အကျိုးဖြစ်ထွန်းစေ” မည်ဖြစ်ကြောင်း ဆုံးဖြတ်ရန် အထောက်အကူပေးသည်။ မိမိချသည့်ဆုံးဖြတ်ချက်များသည် မိမိဆက်ကပ်အပ်နှံထားသော ဘုရားသခင်နှင့်မိမိစပ်ကြား ကိုယ်ပိုင်ဆက်ဆံရေးကို အကျိုးအပြစ်သက်ရောက်စေမည်ဖြစ်ကြောင်း သူသိရှိသည်။
၆။ ကျွန်ုပ်တို့သည် ခရစ်ယာန်အစည်းအဝေးများတွင် အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေခဲ့ကြောင်း မည်သို့ပြသကြသနည်း။
၆ သက်သေခံတစ်ဦးသည် ခရစ်ယာန်အစည်းအဝေးများတွင် မှတ်ချက်များပေးခြင်းဖြင့် အမှန်တရားကို မိမိ၏ကိုယ်ပိုင်ဖြစ်စေကြောင်း ဖော်ပြသည်။ အစပိုင်း၌ သူသည် လေ့လာနေသောစာပေတွင် ဖော်ပြထားသည့်အချက်ကို ဖတ်ရွတ်ပေမည်။ သို့ရာတွင် အချိန်တန်သော် ကျမ်းစာသွန်သင်ချက်များကို ကိုယ်ပိုင်စကားနှင့်အဖြေပေးသည့်အထိ တိုးတက်လာမည်။ သို့နှင့် သူသည် အခြားသူများပြောခဲ့သည့်အရာကို ပြန်ရွတ်ပြရုံမပြုဘဲ သူသည် သူ၏တွေးတောမှုစွမ်းရည်ကို တိုးပွားနေစေကြောင်း သက်သေထူသည်။ ကိုယ်ပိုင်စကားဖြင့် အယူအဆများကို တင်ပြခြင်းနှင့် အမှန်တရားစကားများကို မှန်ကန်စွာ နှလုံးထဲမှဖော်ပြခြင်းသည် သူ့အတွက် နှစ်ခြိုက်စရာဖြစ်စေမည်ဖြစ်ကာ ကိုယ်တိုင်ယုံကြည်စိတ်ချကြောင်း တင်ပြသည်။—ဒေသနာ ၁၂:၁၀; ရောမ ၁၄:၅ခ နှိုင်းယှဉ်။
၇။ ယေဟောဝါ၏ ကျေးကျွန်တို့သည် အဘယ်ဆုံးဖြတ်ချက်များကို လွတ်လပ်စွာပြုလုပ်ခဲ့ကြသနည်း။
၇ ယေဟောဝါသက်သေများသည် ဘုရားသခင်အပေါ်နှင့် လူသားချင်းအပေါ်ထားသည့် မေတ္တာ၏လှုံ့ဆော်မှုကို ခံရကြသည်။ (မဿဲ ၂၂:၃၆-၄၀) မှန်ပါသည်၊ သူတို့သည် ကမ္ဘာချီညီအစ်ကိုများ အသင်းအပင်းတစ်ရပ်အနေနှင့် ခရစ်တော်ကဲ့သို့သော မေတ္တာ၏နှောင်ကြိုးဖြင့် ခိုင်ခိုင်မြဲမြဲတစ်ပေါင်းတစ်စည်းတည်းရှိကြသည်။ (ကောလောသဲ ၃:၁၄; ၁ ပေတရု ၅:၉) သို့သော် လွတ်လပ်စွာလုပ်ခွင့်ရှိသူတစ်ဦးအနေဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာရန်၊ နိုင်ငံရေးတွင် ကြားနေရန်၊ သွေးကို ရှောင်ကြဉ်ရန်၊ အချို့သောဖျော်ဖြေနည်းများကို ရှောင်ရန်နှင့် ကျမ်းစာစံနှုန်းအတိုင်း နေထိုင်ရန် တစ်ဦးစီ ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ချက်ချခဲ့ကြပြီ။ သူတို့အား အတင်းအကျပ်ဆုံးဖြတ်ခိုင်းခြင်းမဟုတ်ပါ။ ယင်းတို့သည် ခရစ်ယာန်ဆက်ကပ်အပ်နှံမှုခြေလှမ်းကို မလှမ်းမီကတည်းက အလားအလာရှိသောသက်သေခံများသည် စိတ်လိုကိုယ်လျောက်ရွေးချယ်လိုက်သည့် ဘဝလမ်းစဉ်၏တစ်စိတ်တစ်ဒေသ ဆုံးဖြတ်ချက်များဖြစ်သည်။
အုပ်ချုပ်ရေးအဖွဲ့ထံ စာရင်းရှင်းရန်လော
၈။ ဤတွင် အဘယ်မေးခွန်းကို ရှင်းလင်းပေးရန် လိုသနည်း၊ အဘယ်ကြောင့်နည်း။
၈ ခရစ်ယာန်စစ်များသည် ခြိမ်းခြောက်စေခိုင်းခံရသောကြောင့် ဘုရားသခင့်အမှုတော်ထမ်းခြင်းမဟုတ်ကြောင်း ကျမ်းစာက ရှင်းလင်းစွာဖော်ပြပါသည်။ ယင်းက ဤသို့ဆိုသည်– ‘ယေဟောဝါသည် နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တော်မူ၏; ယေဟောဝါ၏ဝိညာဉ်တော်ရှိရာ၌ လွတ်လပ်မှုရှိ၏။’ (၂ ကောရိန္သု ၃:၁၇၊ ကဘ) သို့သော် ဤအချက်သည် အုပ်ချုပ်ရေးအဖွဲ့ပါဝင်သော “သစ္စာနှင့်သတိပညာရှိသောကျွန်” ဟူသည့်သဘောသကန်နှင့် မည်သို့သဟဇာတဖြစ်စေနိုင်မည်နည်း။—မဿဲ ၂၄:၄၅-၄၇၊ သမ။
၉၊ ၁၀။ (က) ဦးစီးမှုမူသည် ခရစ်ယာန်အသင်းတော်တွင် မည်သို့အကျုံးဝင်သနည်း။ (ခ) ပထမရာစုခရစ်ယာန်အသင်းတော်တွင် ဦးစီးမှုမူကို လိုက်နာဖို့ အဘယ်အရာ လိုအပ်ခဲ့သနည်း။
၉ ဤမေးခွန်းကို ဖြေဆိုရန် ကျွန်ုပ်တို့သည် ကျမ်းစာပါဦးစီးမှုမူကို စိတ်တွင်ထားရမည်။ (၁ ကောရိန္သု ၁၁:၃) ဧဖက် ၅:၂၁-၂၄ [ကဘ] တွင် ခရစ်တော်အား “အသင်းတော်၏ဦးခေါင်း” အဖြစ်အထင်အရှားဖော်ပြထားပြီး ယင်းအသင်းတော်သည် ကိုယ်တော်အား “လက်အောက်ခံ” ရမည်ဖြစ်သည်။ သစ္စာနှင့်သတိပညာရှိသောကျွန်သည် ယေရှု၏ဝိညာဉ်ရေးညီတော်များဖြင့်ဖွဲ့စည်းထားကြောင်း ယေဟောဝါသက်သေတို့ သိနားလည်ထားကြသည်။ (ဟေဗြဲ ၂:၁၀-၁၃) ဤသစ္စာရှိကျွန်အတန်းအစားသည် “အချိန်တန်” ဝိညာဉ် “အစားအသောက်” ကို ဘုရားသခင့်လူမျိုးတော်အားကျွေးမွေးရန် ခန့်အပ်ထားခြင်းခံရသည်။ ခရစ်တော်သည် ဤဆုံးခန်းကာလတွင် “မိမိဥစ္စာရှိသမျှတို့ကို” ထိုကျွန်၌ အပ်ထားတော်မူသည်။ ယင်းအခွင့်အရာကြောင့် ခရစ်ယာန်အခေါ်ခံသူ မည်သူမဆို၏ လေးစားမှုကို ခံထိုက်ပေသည်။
၁၀ ဦးစီးမှု၏ရည်ရွယ်ချက်မှာ စည်းလုံးမှုကို ထိန်းသိမ်းရန်ဖြစ်ပြီး “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်” ကြောင်း သေချာစေရန်ဖြစ်သည်။ (၁ ကောရိန္သု ၁၄:၄၀) ပထမရာစုတွင် ယင်းကို အကောင်အထည်ဖော်နိုင်ရန် သစ္စာနှင့်သတိပညာရှိသော ကျွန်အတန်းအစားမှ ဘိသိက်ခံခရစ်ယာန်အတော်များများသည် အဖွဲ့တစ်ခုလုံးကို ကိုယ်စားပြုဖို့ ရွေးချယ်ခံခဲ့ရသည်။ နောက်ဆက်တွဲဖြစ်ရပ်များက သက်သေထူသည့်အတိုင်း ဤပထမရာစုအုပ်ချုပ်ရေးအဖွဲ့က ကျင့်သုံးသောကြီးကြပ်မှုကို ယေဟောဝါနှစ်သက်လက်ခံတော်မူပြီး ကောင်းချီးပေးတော်မူခဲ့သည်။ ပထမရာစုခရစ်ယာန်များသည် ဤအစီအစဉ်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ကြသည်။ မှန်သည်၊ ယင်းမှထွက်ပေါ်ခဲ့သော ရလဒ်ကောင်းများကို သူတို့လှိုက်လှဲစွာလက်ခံ၍ အလွန်ကျေးဇူးတင်ခဲ့ကြသည်။—တမန်တော် ၁၅:၁-၃၂။
၁၁။ မျက်မှောက်ခေတ် အုပ်ချုပ်ရေးအဖွဲ့ကို မည်သို့ရှုမြင်သင့်သနည်း။
၁၁ ဤကဲ့သို့သောအစီအစဉ်၏အရေးပါမှုသည် ရှိနေဆဲပင်။ လက်ရှိအချိန်တွင် ယေဟောဝါသက်သေတို့၏အုပ်ချုပ်ရေးအဖွဲ့သည် ဆယ်စုနှစ်နှင့်ချီ၍ခရစ်ယာန်အတွေ့အကြုံရှိဘိသိက်ခံခရစ်ယာန် ဆယ်ဦးဖြင့် ဖွဲ့စည်းထားသည်။ သူတို့သည် ပထမရာစု အုပ်ချုပ်ရေးအဖွဲ့ကဲ့သို့ပင် ယေဟောဝါသက်သေများကို ဝိညာဉ်ရေးဆိုင်ရာလမ်းညွှန်နေပါသည်။ (တမန်တော် ၁၆:၄) အစောပိုင်းခရစ်ယာန်များကဲ့သို့ပင် ယေဟောဝါသက်သေတို့သည် ဝတ်ပြုရေးကိစ္စများတွင် ကျမ်းစာအခြေခံညွှန်ကြားမှုနှင့် လမ်းပြမှုရဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ရင့်ကျက်သောညီအစ်ကိုများကို အားကိုးကြသည်။ အုပ်ချုပ်ရေးအဖွဲ့ဝင်တို့သည် ခရစ်ယာန်ချင်းများကဲ့သို့ ယေဟောဝါနှင့်ခရစ်တော်တို့၏ ကျေးကျွန်များဖြစ်ကြသော်လည်း ကျမ်းစာက ကျွန်ုပ်တို့အား ဤသို့ညွှန်ကြားသည်– “သင်တို့ကိုအုပ်သောသူတို့၏စကားကိုနားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင်တို့စိတ်ဝိညာဉ်၏အကျိုးအလိုငှာ စောင့်နေကြ၏။ သင်တို့အကျိုးကိုမဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်းကိုခံရမည်အကြောင်း သတိပြုလျက်နေကြလော့။”—ဟေဗြဲ ၁၃:၁၇။
၁၂။ ခရစ်ယာန်တစ်ဦးစီသည် မည်သူ့ထံတွင် စာရင်းရှင်းရမည်နည်း။
၁၂ အုပ်ချုပ်ရေးအဖွဲ့ရရှိထားသော ကျမ်းပေးတာဝန်ဖြစ်သည့် ကြီးကြပ်မှုအခွင့်အရာက ယေဟောဝါသက်သေတစ်ဦးစီသည် ၎င်းတို့၏လုပ်ဆောင်မှုများကို ယင်းထံ စာရင်းရှင်းရမည်ဟုဆိုလိုသလော။ ရောမခရစ်ယာန်များအတွက် ပေါလု၏စကားအရ ထိုသို့မဟုတ်ပါ– “သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့်စစ်ကြောစီရင်သနည်း။ ညီအစ်ကိုချင်းကို အဘယ်ကြောင့်မထီမဲ့မြင်ပြုသနည်း။ ငါတို့ရှိသမျှသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့သို့ရောက်ရကြမည်။ . . . ငါတို့အသီးသီး မိမိတို့ဆိုင်ရာအမှု၌ ဘုရားသခင်စစ်ကြောတော်မူခြင်းကိုခံရကြမည်။”—ရောမ ၁၄:၁၀-၁၂၊ သမ္မာ။
၁၃။ ယေဟောဝါသက်သေတို့သည် သူတို့၏ဟောပြောခြင်းလုပ်ငန်းကို အဘယ်ကြောင့် မှတ်တမ်းသွင်းကြသနည်း။
၁၃ သို့သော် ယေဟောဝါသက်သေတိုင်းသည် မိမိတို့၏ဟောပြောခြင်းလုပ်ငန်းကို မှတ်တမ်းသွင်းရသည် မဟုတ်လော။ မှန်ပါသည်၊ သို့သော် ယင်း၏ရည်ရွယ်ချက်ကို သက်သေခံလက်စွဲစာအုပ်တစ်အုပ်တွင် ဤသို့ရှင်းလင်းတင်ပြခဲ့သည်– “ဟောပြောခြင်းလုပ်ငန်းတိုးတက်မှုသတင်းမှတ်တမ်းများကို ယေရှုခရစ်၏အစောပိုင်းတပည့်တော်တို့သည် စိတ်ဝင်စားခဲ့ကြသည်။ (မာကု ၆:၃၀) လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အရေအတွက်ကိန်းဂဏန်းမှတ်တမ်းများကို သတင်းကောင်းဟောပြောခြင်းတွင် ပါဝင်သူများ၏ ထင်ရှားသောအတွေ့အကြုံမှတ်တမ်းများနှင့်အတူ တွဲ၍ပေးပို့တတ်ကြသည်။ . . . (တမန်တော် ၂:၅-၁၁၊ ၄၁၊ ၄၇; ၆:၇; ၁:၁၅; ၄:၄) . . . ပြီးမြောက်ခဲ့သော လုပ်ငန်းတော်သတင်းမှတ်တမ်းများကိုကြားရခြင်းသည် ထိုသစ္စာရှိခရစ်ယာန်လုပ်သားများအတွက် အလွန်အားတက်စရာဖြစ်ခဲ့လေသည်! . . . ထိုနည်းထပ်တူပင် ယေဟောဝါ၏မျက်မှောက်ခေတ်အဖွဲ့အစည်းသည် မဿဲ ၂၄:၁၄ ပြည့်စုံအောင် လုပ်ကိုင်နေကြရာတွင် တိကျသောမှတ်တမ်းများ ထားရှိဖို့ကြိုးစားကြပါသည်။”
၁၄၊ ၁၅။ (က) ၂ ကောရိန္သု ၁:၂၄ သည် အုပ်ချုပ်ရေးအဖွဲ့နှင့် မည်သို့သက်ဆိုင်သနည်း။ (ခ) အဘယ်အပေါ်အခြေခံ၍ ခရစ်ယာန်တိုင်းသည် အဘယ်အချက်ကို အသိအမှတ်ပြု၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချရမည်နည်း။
၁၄ အုပ်ချုပ်ရေးအဖွဲ့သည် မေတ္တာပါသောပြင်ဆင်ချက်တစ်ခုဖြစ်ပြီး တုပထိုက်သည့် ယုံကြည်ခြင်းပုံနမူနာတစ်ရပ်ဖြစ်သည်။ (ဖိလိပ္ပိ ၃:၁၇; ဟေဗြဲ ၁၃:၇) ခရစ်တော်ကို စံပြအဖြစ်ထောက်ခံ၍ ကိုယ်တော်နောက်လိုက်ခြင်းဖြင့် ပေါလု၏ဤစကားများကို ပဲ့တင်ထပ်နိုင်ကြသည်– “ထိုသို့ဆိုသော်လည်း၊ ငါတို့သည် သင်တို့ယုံကြည်ခြင်းကို အစိုးရသည်မဟုတ်။ သင်တို့၏ဝမ်းမြောက်ခြင်းအကြောင်းကို ကူမ၍သာပြု [“လုပ်ဖော်ဆောင်ဖက်ချင်းဖြစ်၊” ကဘ] ကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ယုံကြည်ခြင်းအားဖြင့် သင်တို့သည်တည်နိုင်ကြ၏။” (၂ ကောရိန္သု ၁:၂၄) ခေတ်ရေစီးကြောင်းများကို ဂရုပြုသုံးသပ်ခြင်းဖြင့် အုပ်ချုပ်ရေးအဖွဲ့သည် ကျမ်းစာသွန်သင်ချက်ကို လိုက်နာခြင်း၏ အကျိုးကျေးဇူးများကို သိမြင်စေပြီး ကျမ်းစာပညတ်ချက်များနှင့် မူများကို လက်တွေ့ကျင့်သုံးခြင်းဆိုင်ရာ အကြံပြုချက်များကိုပေးကာ မမြင်ရသောအန္တရာယ်များကို ကြို၍သတိပေးပြီး “လုပ်ဖော်ဆောင်ဖက်ချင်း” တို့အား လိုအပ်သောအားပေးမှုကို ပေးပါသည်။ သို့နှင့် ယင်း၏ခရစ်ယာန်ဘဏ္ဍာစိုးတာဝန်ကို ထမ်းဆောင်ကာ လုပ်ဖော်ဆောင်ဖက်တို့ ဆက်ပြီးရွှင်လန်းနေစေရန်ကူညီပေးကြပြီး ခိုင်မြဲတည်ကြည်နိုင်စေဖို့ ယုံကြည်ခြင်းတိုးပွားလာအောင်လုပ်ပေးကြသည်။—၁ ကောရိန္သု ၄:၁၊ ၂; တိတု ၁:၇-၉။
၁၅ သက်သေခံတစ်ဦးသည် အုပ်ချုပ်ရေးအဖွဲ့မှပေးသည့် ကျမ်းစာမူပေါ်တွင် အခြေပြုကာ ဆုံးဖြတ်ချက်များချမည်ဆိုလျှင် ဤသို့ဆုံးဖြတ်ခြင်းသည် ကိုယ့်ဆန္ဒဖြစ်သည်၊ အကြောင်းမှာ ကျမ်းစာကို ကိုယ်တိုင်လေ့လာခြင်းက ယင်းသည် လိုက်သင့်သည့်လမ်းစဉ်ဖြစ်ကြောင်း သူ့အား စိတ်ချသွားစေ၍ဖြစ်သည်။ သက်သေခံတိုင်းသည် အုပ်ချုပ်ရေးအဖွဲ့ကပေးသည့် အားထားထိုက်သော ကျမ်းစာသွန်သင်ချက်ကို ကျင့်သုံးရန် ဘုရားသခင်၏နှုတ်တော်ထွက်စကားဖြင့် ဩဇာလွှမ်းမိုးခံရကာ မိမိ၏ဆုံးဖြတ်ချက်များသည် မိမိဆက်ကပ်အပ်နှံထားသော ဘုရားသခင်နှင့် မိမိတို့စပ်ကြားကိုယ်တိုင်ကိုယ်ကျဆက်ဆံရေးအပေါ် အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း အပြည့်အဝသိရှိသည်။—၁ သက်သာလောနိတ် ၂:၁၃။
ကျောင်းသားများနှင့် စစ်သားများ
၁၆။ အကျင့်အကြံနှင့်ပတ်သက်၍ ကိုယ်ပိုင်ကိစ္စဖြစ်သော်လည်း အဘယ်ကြောင့် အချို့နှင်ထုတ်ခံရကြသနည်း။
၁၆ သို့သော် အကျင့်အကြံသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်လျှင် အဘယ်ကြောင့် ယေဟောဝါသက်သေအချို့သည် နှင်ထုတ်ခံရကြသနည်း။ တစ်စုံတစ်ရာသောအပြစ်သည် နှင်ထုတ်ရန်လိုသည်ဟု မည်သူမျှထင်ရာစိုင်းမဆုံးဖြတ်ပါ။ သို့အစား အသင်းတော်သားတစ်ဦးသည် ကောရိန္သုပထမစောင် အခန်းကြီး ၅ တွင်ရေတွက်ထားသည့် ကြီးလေးသောအပြစ်များကို နောင်တမယူဘဲကျူးလွန်နေမှသာလျှင် နှင်ထုတ်ခြင်းမှာ ကျမ်းစာတောင်းဆိုထားရာဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်တစ်ဦးသည် မတရားမေထုန်ပြုခြင်းကြောင့် နှင်ထုတ်ခံရနိုင်သော်လည်း ထိုသူသည် မေတ္တာပါသောသိုးထိန်းများ၏ ဝိညာဉ်ရေးထောက်မမှုကိုငြင်းဆန်မှသာလျှင် ယင်းသို့ဖြစ်မည်ဖြစ်သည်။ ဤခရစ်ယာန်ကျင့်ထုံးကို ယေဟောဝါသက်သေတို့သာ လိုက်လျှောက်ကြသည်မဟုတ်ပါ။ ဘာသာရေးစွယ်စုံကျမ်းက ဤသို့မှတ်ချက်ချသည်– “မည်သည့်လူစုမဆိုသည် အများ၏ကောင်းကျိုးကို အန္တရာယ်ပေးနိုင်သည့် စည်းကမ်းမလိုက်သောအဖွဲ့ဝင်များ၏ရန်မှ ကာကွယ်ခွင့်ရှိသည်ဟုဆို၏။ ဘာသာရေးအနေအထားတစ်ခုတွင် အပြစ်ဒဏ်ပေး [ကြဉ်] ခြင်းသည် ဘုရားသခင်ရှေ့ လူတစ်ဦး၏ရပ်တည်ချက်အပေါ် အကျိုးဆက်သက်ရောက်စေသည်ဟူသော ယုံကြည်ချက်က ဤလုပ်ပိုင်ခွင့်ကို အများအားဖြင့် ပို၍ခိုင်ခံ့စေပါသည်။”
၁၇၊ ၁၈။ နှင်ထုတ်ခြင်းသည် သင့်လျော်ကြောင်းမည်သို့ နမူနာပြနိုင်သနည်း။
၁၇ ယေဟောဝါသက်သေတို့သည် ကျမ်းစာကျောင်းသားများဖြစ်ကြသည်။ (ယောရှု ၁:၈; ဆာလံ ၁:၂; တမန်တော် ၁၇:၁၁) အုပ်ချုပ်ရေးအဖွဲ့က ပြဋ္ဌာန်းထုတ်ဆင့်သည့် ကျမ်းစာပညာရေးအစီအစဉ်ကို ပညာရေးဘုတ်အဖွဲ့က ရေးဆွဲသည့် ကျောင်းသင်ရိုးညွှန်းတမ်းတစ်ခုနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ ဘုတ်အဖွဲ့ကိုယ်နှိုက်သည် သင်ရိုး၏ဇာစ်မြစ်မဟုတ်သော်လည်း ယင်းက သင်ရိုးညွှန်းတမ်းကို ပြုစုပြီး ပို့ချနည်းကို ဆုံးဖြတ်သတ်မှတ်ကာ လိုအပ်သည့်လမ်းညွှန်ချက်များကို ထုတ်ပြန်သည်။ တစ်စုံတစ်ဦးသည် ကျောင်းမှတောင်းဆိုချက်များအတိုင်းနေရန် ပြောင်ပြောင်တင်းတင်းငြင်းဆန်မည်၊ အခြားကျောင်းသားများအတွက် အခက်အခဲများဖန်တီးမည် သို့မဟုတ် ကျောင်း၏ဂုဏ်ကို ညှိုးနွမ်းအောင်လုပ်မည်ဆိုလျှင် ထိုသူ ကျောင်းထုတ်ခံရနိုင်သည်။ ကျောင်းအာဏာပိုင်များသည် ကျောင်းသားတစ်ရပ်လုံး၏အကျိုးအတွက် လုပ်ပိုင်ခွင့်ရှိသည်။
၁၈ ယေဟောဝါသက်သေတို့သည် ကျောင်းသားများဖြစ်ကြရုံသာမက ယေရှုခရစ်၏စစ်သားများဖြစ်ကြပြီး “ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကိုပြု” ကြရန် ညွှန်ကြားခံရသည်။ (၁ တိမောသေ ၆:၁၂; ၂ တိမောသေ ၂:၃) ခရစ်ယာန်စစ်သားတစ်ယောက်နှင့်မအပ်စပ်သည့် အကျင့်အကြံကိုဇွတ်လုပ်နေခြင်းကြောင့် ဘုရားသခင့်အလိုမကျမှုကို ဖြစ်စေနိုင်သည်။ ရွေးချယ်မှုလွတ်လပ်ခွင့်ရှိသူတစ်ဦးအနေနှင့် ခရစ်ယာန်စစ်သားတစ်ဦးသည် မိမိဆန္ဒအလျောက် ဆုံးဖြတ်နိုင်သည်၊ သို့သော် သူသည် မိမိဆုံးဖြတ်ချက်၏အကျိုးဆက်များကို ခံစားရမည်ဖြစ်သည်။ ပေါလုဤသို့ဆင်ခြင်မိခဲ့သည်– “စစ်သူရဲမည်သည်ကား၊ မိမိကိုစစ်သူရဲအရာ၌ခန့်ထားသောသူကို နှစ်သက်စေခြင်းငှာ၊ လောကီအမှုရေးနှင့်ပြွမ်းနှောရှုပ်ထွေးခြင်းကို ပယ်ရှားတတ်၏။ ပွဲ၌ လူချင်းတိုက်သောသူမည်သည်ကား၊ ထုံးတမ်း [“စည်းမျဉ်းများ၊” ကဘ] အတိုင်းမတိုက်လျှင် ပန်းဦးရစ်ကိုမရ။” (၂ တိမောသေ ၂:၄၊ ၅) အုပ်ချုပ်ရေးအဖွဲ့ဝင်များအပါအဝင် ရင့်ကျက်သောခရစ်ယာန်တို့သည် မိမိတို့၏ခေါင်းဆောင်ယေရှုခရစ်၏စေစားခြင်းကိုခံဖို့ လုံးဝအသင့်ရှိနေကြပြီး ထာဝရအသက်ဆုကိုရနိုင်ကြစေရန် “စည်းမျဉ်းများ” ကို စောင့်ကြသည်။—ယောဟန် ၁၇:၃; ဗျာဒိတ် ၂:၁၀။
၁၉။ ခရစ်ယာန်ဆက်ကပ်အပ်နှံခြင်းနှင့်စပ်လျဉ်း၍ အချက်အလက်များကို ဆန်းစစ်ပြီးဖြစ်၍ ကျွန်ုပ်တို့ အဘယ်အရာကို သေချာနိုင်သနည်း။
၁၉ ဤအချက်အလက်များက ယေဟောဝါသက်သေတို့သည် လူ့ကျွန်မဟုတ်ဘဲ ဘုရားသခင်၏ကျေးကျွန်များဖြစ်ကြကြောင်း မရှင်းပေလော။ ခရစ်တော်လွှတ်ပေးခဲ့သည့် လွတ်လပ်ခွင့်ကို ခံစားရသောခရစ်ယာန်များအနေနှင့် သူတို့သည် ဘုရားသခင်၏အသင်းတော်ရှိ ညီအစ်ကိုများနှင့်အတူ စည်းလုံးစွာအမှုဆောင်စဉ် မိမိတို့၏အသက်တာကို ဘုရားသခင်၏ဝိညာဉ်တော်နှင့် ကိုယ်တော့်နှုတ်ထွက်စကားတို့၏ ဩဇာလွှမ်းမှုကို ခံကြသည်။ (ဆာလံ ၁၃၃:၁) ယင်း၏အထောက်အထားများက သူတို့၏ခွန်အားပင်ရင်းနှင့်ပတ်သက်ပြီး ဇဝေဇဝါဖြစ်မှုမှန်သမျှကို ထုတ်ပစ်သင့်သည်။ သူတို့သည် ဆာလံဆရာနှင့်အတူ ဤသို့ ကျူးဧနိုင်ကြသည်– “ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏အကွယ်အကာဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကိုကိုးစား၍၊ ငါ့ကိုစောင့်မတော်မူသောကြောင့်၊ ငါ့နှလုံးသည် ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက် ဂုဏ်တော်ကိုငါချီးမွမ်းမည်။”—ဆာလံ ၂၈:၇။
[အောက်ခြေမှတ်ချက်များ]
a ၁၉၉၃ ခုနှစ်တွင် နယူးယောက်မြို့ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည်။
သင်မည်သို့ဖြေမည်နည်း
◻ ကင်းမျှော်စင်အသင်းနှင့် အလားတူအေဂျင်စီများသည် ယေဟောဝါသက်သေများကို မည်သို့အကူအညီပေးသနည်း။
◻ ခရစ်ယာန်များသည် ယေဟောဝါသက်သေတို့၏အုပ်ချုပ်ရေးအဖွဲ့၏အခန်းကဏ္ဍမှ မည်သို့အကျိုးရရှိကြသနည်း။
◻ ယေဟောဝါ၏လူမျိုးတော်သည် သူတို့၏ဟောပြောခြင်းလုပ်ငန်းကို အဘယ်ကြောင့် မှတ်တမ်းသွင်းကြသနည်း။
◻ အဘယ်အခြေအနေများအောက်တွင် ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်တစ်ဦးကို နှင်ထုတ်ခြင်းသည် သင့်လျော်သနည်း။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ပထမရာစုအုပ်ချုပ်ရေးအဖွဲ့သည် အယူဝါဒညီညွတ်မှုကို သေချာစေခဲ့
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကမ္ဘာတစ်ခွင်တွင် ယေဟောဝါသက်သေများသည် သူတို့အားခရစ်တော်လွတ်မြောက်စေသောလွတ်လပ်မှုကို ပျော်မွေ့ ကြသည်