ခရစ်တော်၏ပညတ်တော်နှင့်အညီ အသက်ရှင်နေထိုင်ခြင်း
“ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရား [“ပညတ်တော်၊” ကဘ] ကို ကျင့်ကြလော့။”—ဂလာတိ ၆:၂။
၁။ ခရစ်တော်၏ပညတ်တော်သည် ယနေ့အချိန်တွင် ကောင်းကျိုးဖြစ်ထွန်းရန်အတွက် ကြီးမားသည့်တွန်းအားဖြစ်သည်ဟု အဘယ့်ကြောင့်ဆိုနိုင်သနည်း။
ရဝမ်ဒါနိုင်ငံရှိ ဟူတူနှင့် တွတ်စီ ယေဟောဝါသက်သေများသည် မကြာသေးမီက ထိုနိုင်ငံတွင် အနှံ့အပြားဖြစ်ခဲ့သည့် လူမျိုးစုသတ်ဖြတ်မှုမှ တစ်ဦးကိုတစ်ဦး အကာအကွယ်ပေးဖို့ အသက်စွန့်ခဲ့ရကြသည်။ ဂျပန်နိုင်ငံ ကိုဘေးမြို့ရှိ အကြီးအကျယ်ပျက်စီးစေသော ငလျင်ဒဏ်ကြောင့် မိသားစုဝင်များဆုံးရှုံးခဲ့ရသည့် ယေဟောဝါသက်သေတို့သည် မိမိတို့၏ဆုံးရှုံးမှုများအတွက် ယူကျုံးမရဖြစ်ကြရသည်။ သို့သော် သူတို့သည် အခြားဒုက္ခသည်များကိုကယ်တင်ရန် ချက်ချင်းလုပ်ဆောင်ခဲ့ကြသည်။ မှန်ပါသည်၊ ကမ္ဘာတစ်ဝန်းမှ နှလုံးနွေးထွေးဖွယ်ကောင်းသော ပုံသက်သေများက ယနေ့အချိန်တွင် ခရစ်တော်၏ပညတ်တော်သည် အကျိုးဖြစ်ထွန်းနေကြောင်း ဖော်ပြသည်။ ယင်းသည် ကောင်းကျိုးဖြစ်ထွန်းရန်အတွက် ကြီးမားသည့်တွန်းအားဖြစ်သည်။
၂။ ခရစ်ယာန်ဘောင်သည် မည်သို့အားဖြင့် ခရစ်တော်၏ပညတ်တော်၏ အဓိကအချက်ကို နားမလည်ဘဲ ဖြစ်နေသနည်း၊ ထိုပညတ်ကို ကျွန်ုပ်တို့မည်သို့ ကျင့်နိုင်မည်နည်း။
၂ တစ်ချိန်တည်းတွင် ခက်ခဲသော ဤ ‘နောက်ဆုံးကာလ’ နှင့်ပတ်သက်သည့် ကျမ်းစာပရောဖက်ပြုချက်တစ်ခု ပြည့်စုံနေသည်။ လူများစွာသည် “ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်” သော်လည်း ‘၎င်း၏တန်ခိုးကို ငြင်းပယ်’ ကြသည်။ (၂ တိမောသေ ၃:၁၊ ၅) အထူးသဖြင့် ခရစ်ယာန်ဘောင်တွင် ဘာသာတရားဟူသည် များသောအားဖြင့် ထုံးစံအရပြုသော ကိစ္စသာဖြစ်ပြီး နှလုံးပါ၍လုပ်ခြင်း မဟုတ်ပါ။ ခရစ်တော်၏ပညတ်တော်အတိုင်း အသက်ရှင်ရန်မှာ ခက်ခဲလွန်းသောကြောင့်လော။ မဟုတ်ပါ။ ယေရှုသည် ကျွန်ုပ်တို့မလိုက်နိုင်သည့်ပညတ်တစ်ခုကို ထုတ်ဆင့်မည်မဟုတ်ပေ။ ခရစ်ယာန်ဘောင်သည် ထိုပညတ်၏ အဓိကအချက်ကို နားမလည်ဘဲဖြစ်နေသည်။ သူမသည် ဤမှုတ်သွင်းခံစကားများကို လိုက်နာဖို့ပျက်ကွက်ခဲ့ပြီ– “ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရား [“ပညတ်တော်၊” ကဘ] ကို ကျင့်ကြလော့။” (ဂလာတိ ၆:၂) ကျွန်ုပ်တို့သည် ဖာရိရှဲများကိုမတုပ၊ မိမိတို့ညီအစ်များကိုခေါင်းမဖော်နိုင်အောင် ဝန်များထပ်တင်ခြင်းတို့ကိုမပြုဘဲ အချင်းချင်းတို့၏ဝန်များကို သယ်ပိုးပေးခြင်းအားဖြင့် ‘ခရစ်တော်၏ပညတ်တော်ကို ကျင့်ကြ’ သည်။
၃။ (က) ခရစ်တော်၏ပညတ်တော်တွင်ပါဝင်သည့် မိန့်မှာချက်အချို့ကားအဘယ်နည်း။ (ခ) ခရစ်ယာန်အသင်းတော်တွင် ခရစ်တော်တိုက်ရိုက်ညွှန်ကြားထားသော မိန့်မှာချက်များမှတစ်ပါးအခြားစည်းမျဉ်းများမရှိသင့်ဟု ကောက်ချက်ချခြင်းသည် အဘယ့်ကြောင့်မှားမည်နည်း။
၃ ခရစ်တော်၏ပညတ်တော်တွင် ခရစ်တော်ယေရှု၏ မိန့်မှာချက် အားလုံး—ဟောပြောခြင်းနှင့် သွန်သင်ခြင်း၊ မျက်စိကို ရိုးရှင်းစေခြင်း၊ အိမ်နီးချင်းများနှင့် သင့်တင့်နေရန် ကြိုးစားခြင်းဖြစ်စေ၊ အသင်းတော်မှ မသန့်ရှင်းမှုကို ဖယ်ရှားပစ်ခြင်းဖြစ်စေ အကျုံးဝင်သည်။ (မဿဲ ၅:၂၇-၃၀; ၁၈:၁၅-၁၇; ၂၈:၁၉၊ ၂၀; ဗျာဒိတ် ၂:၁၄-၁၆) အမှန်မှာ ခရစ်ယာန်များသည် ခရစ်တော်၏နောက်လိုက်များအား ညွှန်ကြားထားသော ကျမ်းစာပါ မိန့်မှာချက်အားလုံးကို စောင့်ထိန်းဖို့ တာဝန်ရှိသည်။ ထပ်ဆင့်အချက်များရှိသေးသည်။ ယေဟောဝါ၏ အဖွဲ့အစည်းသာမက အသင်းတော်တိုင်းတွင် အစီအစဉ်ကျနမှုကို ဆက်၍ထိန်းထားနိုင်ရန်အလို့ငှာ လိုအပ်သော စည်းမျဉ်းများနှင့် အစီအစဉ်များကို ချမှတ်ဖို့တာဝန်ရှိသည်။ (၁ ကောရိန္သု ၁၄:၃၃၊ ၄၀) ခရစ်ယာန်များ၌ အစည်းအဝေးများကို မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်သို့မည်ပုံ ကျင်းပမည်နှင့်ပတ်သက်သည့် စည်းမျဉ်းများမရှိပါက သူတို့အတူတကွ စည်းဝေးနိုင်ကြမည်မဟုတ်! (ဟေဗြဲ ၁၀:၂၄၊ ၂၅) အဖွဲ့အစည်းတွင် အခွင့်အာဏာရရှိထားသူများက ချမှတ်ထားသည့် ကျိုးကြောင်းညီညွှတ်သော လမ်းညွှန်ချက်များကို ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်းသည်လည်း ခရစ်တော်၏ပညတ်တော်ကို ကျင့်ခြင်းတွင် ပါဝင်သည်။—ဟေဗြဲ ၁၃:၁၇။
၄။ စင်ကြယ်သောဝတ်ပြုရေး၏ နောက်ကွယ်တွင်ရှိသော စေ့ဆော်သည့်တွန်းအားကားအဘယ်နည်း။
၄ မည်သို့ပင်ဖြစ်ပါစေ ခရစ်ယာန်စစ်များသည် မိမိတို့ဝတ်ပြုမှုကို အဓိပ္ပာယ်မဲ့သော ပညတ်ဖွဲ့စည်းမှုတစ်ခုဖြစ်သွားခွင့် မပြုကြပါ။ ထိုသို့ပြုလုပ်ပါဟု လူတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုကပြောသောကြောင့် ယေဟောဝါကို သူတို့ဝတ်ပြုကြခြင်းမဟုတ်ပါ။ ယင်းအစား သူတို့ဝတ်ပြုမှု၏နောက်ကွယ်တွင်ရှိသည့် စေ့ဆော်သောတွန်းအားမှာ ချစ်ခြင်းမေတ္တာဖြစ်သည်။ ပေါလုက “ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက်သွေးဆောင် ၏” ဟုရေးခဲ့သည်။ (၂ ကောရိန္သု ၅:၁၅) ယေရှုက မိမိ၏နောက်တော်လိုက်များကို အချင်းချင်းချစ်ကြဖို့ မိန့်မှာတော်မူခဲ့သည်။ (ယောဟန် ၁၅:၁၂၊ ၁၃) ကိုယ်ကျိုးစွန့်မေတ္တာသည် ခရစ်တော်ပညတ်တော်၏ အခြေခံဖြစ်ပြီး မိသားစုတွင်ဖြစ်စေ၊ အသင်းတော်တွင်ဖြစ်စေ နေရာတိုင်းတွင်ရှိသည့် ခရစ်ယာန်စစ်တိုင်းကို ယင်းက အနိုင်အထက်သွေးဆောင် သို့မဟုတ် တွန်းအားပေးသည်။ မည်သို့မည်ပုံ စွမ်းဆောင်သည်ကိုကြည့်ကြစို့။
မိသားစုတွင်
၅။ (က) မိဘများသည် ခရစ်တော်၏ပညတ်တော်ကို အိမ်တွင် မည်သို့ကျင့်သုံးနိုင်သနည်း။ (ခ) သားသမီးများသည် သူတို့၏မိဘများထံမှ အဘယ်အရာလိုအပ်သနည်း၊ အချို့မိဘများသည် ယင်းကို ကျင့်သုံးနိုင်ဖို့ အဘယ်အတားအဆီးများကို ကျော်လွှားရမည်နည်း။
၅ တမန်တော်ပေါလုက “ခင်ပွန်းတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူ၍ အသင်းတော်အတွက် မိမိအသက်ကိုစွန့်တော်မူသည့်နည်းတူ သင်တို့၏ဇနီးများကို ချစ်ကြလော့” ဟု ရေးသားခဲ့သည်။ (ဧဖက် ၅:၂၅၊ သတင်းကောင်း) ခင်ပွန်းသည်ယောက်ျားဖြစ်သူတစ်ဦးသည် ခရစ်တော်ကို တုပကာ မိမိဇနီးသည်ကို ချစ်ခြင်းမေတ္တာ၊ နားလည်မှုတို့ဖြင့် ဆက်ဆံသောအခါ သူသည် ခရစ်တော်ပညတ်တော်၏ အရေးပါသောကဏ္ဍကို ကျင့်သုံးရာရောက်သည်။ ထို့အပြင် ယေရှုသည် ကလေးငယ်များကို ရင်ခွင်ထဲသို့သွင်း၊ သူတို့အပေါ်တွင် လက်ကိုတင်ပြီး ကောင်းချီးပေးကာ အကြင်နာမေတ္တာကို ပွင့်ပွင့်လင်းလင်း တင်ပြတော်မူခဲ့သည်။ (မာကု ၁၀:၁၆) ခရစ်တော်၏ပညတ်တော်ကို လိုက်လျှောက်ကြသောမိဘများသည်လည်း မိမိတို့၏သားသမီးများကို အကြင်နာမေတ္တာတင်ပြကြသည်။ ဤကိစ္စတွင် ယေရှု၏ပုံသက်သေကို တုပဖို့ အခက်တွေ့နေသည့် မိဘများရှိသည်တော့ မှန်ပါသည်။ အချို့သည် ပင်ကိုအားဖြင့် ပွင့်လင်းမှုမရှိကြပါ။ မိဘတို့၊ အဆိုပါအကြောင်းရင်းများကြောင့် သင့်သားသမီးများအပေါ် သင်တို့ထားသည့် မေတ္တာကို မပြဖြစ်အောင် အဟန့်အတားမဖြစ်စေပါနှင့်! သင့်သားသမီးကို သင်ချစ်ကြောင်း သင်သိရုံနှင့် မလုံလောက်ပါ။ သူတို့လည်း သိရမည်။ သင်၏မေတ္တာကိုတင်ပြနိုင်သည့်နည်းများ သင်မရှာကြံလျှင် သူတို့သိလိမ့်မည်မဟုတ်ပါ။—မာကု ၁:၁၁ နှိုင်းယှဉ်။
၆။ (က) သားသမီးများသည် မိဘများချမှတ်သည့် စည်းမျဉ်းများ လိုအပ်ပါသလော၊ အဘယ်ကြောင့် သင်ဤသို့ဖြေသနည်း။ (ခ) မိသားစုစည်းမျဉ်းများချမှတ်ခြင်းအတွက် မည်သည့်အခြေခံအကြောင်းကို သားသမီးများ နားလည်ဖို့လိုသနည်း။ (ဂ) ခရစ်တော်၏ပညတ်တော်သည် မိသားစုတွင် လွှမ်းမိုးနေသောအခါ မည်သည့်အန္တရာယ်များမှ လွတ်ကင်းသနည်း။
၆ တစ်ချိန်တည်းတွင် ကလေးများကို ကန့်သတ်မှုထားပေးဖို့လိုသည်၊ ဆိုလိုသည်မှာ သူတို့၏မိဘများသည် စည်းမျဉ်းများချမှတ်ပေးဖို့နှင့် တစ်ခါတစ်ရံတွင် အဆိုပါစည်းမျဉ်းကို ဆုံးမမှုဖြင့် ကြပ်မတ်ပေးဖို့လိုသည်။ (ဟေဗြဲ ၁၂:၇၊ ၉၊ ၁၁) သို့တစေ အဆိုပါစည်းမျဉ်းများအတွက် အခြေခံအကြောင်းဖြစ်သော သူတို့၏မိဘများက သူတို့ကိုချစ်ကြောင်း သားသမီးများ တွေ့မြင်ရန် တဖြည်းဖြည်းချင်း ကူညီပေးပါ။ မိမိတို့ဘက်မှ မိဘများကိုနာခံဖို့အတွက် အကောင်းဆုံးအကြောင်းရင်းမှာ မေတ္တာဖြစ်ကြောင်း သူတို့သိရှိရမည်။ (ဧဖက် ၆:၁; ကောလောသဲ ၃:၂၀; ၁ ယောဟန် ၅:၃) ပိုင်းခြားဝေခွဲတတ်သော မိဘတစ်ဦး၏ပန်းတိုင်မှာ သားသမီးများသည် မိမိတို့၏ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကိုအသုံးပြုရန် သင်ကြားပို့ချပေးဖို့ဖြစ်သည်။ သို့မှသာ နောင်တွင် သူတို့ဘာသာမှန်ကန်သော ဆုံးဖြတ်ချက်များကို ချနိုင်မည်ဖြစ်သည်။ (ရောမ ၁၂:၁; ၁ ကောရိန္သု ၁၃:၁၁ နှိုင်းယှဉ်။) တစ်ဖက်တွင်မူ စည်းမျဉ်း များလွန်းခြင်း သို့မဟုတ် ဆုံးမမှု ပြင်းထန်လွန်းခြင်း မဖြစ်သင့်ပါ။ “အဘတို့ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာမပြုကြနှင့်၊ ထိုသို့ပြုလျှင် သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟု ပေါလု ဆိုထားသည်။ (ကောလောသဲ ၃:၂၁; ဧဖက် ၆:၄) ခရစ်တော်၏ပညတ်တော်သည် အိမ်ထောင်စုတွင် လွှမ်းမိုးနေသောအခါတွင် အထိန်းအကွပ်မရှိသောဒေါသဖြင့်ဆုံးမမှု သို့မဟုတ် နာကြည်းစေသော ထေ့လုံးငေါ့လုံးများအတွက် နေရာမရှိပါ။ ဤကဲ့သို့သောအိမ်မျိုးတွင်နေရသည့် သားသမီးများသည် လုံခြုံပြီး တည်ဆောက်မှုဖြစ်စေသည်ဟု ခံစားကြရပြီး ဝန်လေးသည်၊ သိက္ခာအချခံရသည်ဟု မခံစားရပါ။—ဆာလံ ၃၆:၇ နှိုင်းယှဉ်။
၇။ မိသားစုစည်းမျဉ်းများ ချမှတ်ခြင်းကိစ္စနှင့်ပတ်သက်လာလျှင် ဗေသလအိမ်များသည် မည်သည့်နည်းများဖြင့် စံနမူနာတစ်ခုကို ပြသသနည်း။
၇ ကမ္ဘာတစ်ဝန်းရှိ ဗေသလအိမ်များသို့ သွားရောက်လည်ပတ်ခဲ့ကြသူတချို့က ဗေသလအိမ်များသည် မိသားစုတစ်စုအတွက် စည်းမျဉ်းချမှတ်သည့်ကိစ္စတွင် မျှတမှုရှိခြင်းနှင့်ပတ်သက်၍ စံနမူနာကောင်းများဖြစ်သည်ဟု ပြောကြသည်။ အရွယ်ရောက်သူများဖြင့် ဖွဲ့စည်းထားသော်လည်း ဖွဲ့စည်းလည်ပတ်မှုသည် မိသားစုများကဲ့သို့ပင်ဖြစ်သည်။a ဗေသလလုပ်ငန်းစဉ်များသည် ခက်ခဲရှုပ်ထွေးပြီး စည်းမျဉ်းအတော်အတန်လိုအပ်သည်—သာမန်မိသားစုလိုအပ်သည်ထက် ပို၍လိုအပ်မည်မှာ သေချာသည်။ မည်သို့ပင်ဖြစ်ပါစေ ဗေသလအိမ်များ၊ ရုံးများနှင့် စက်ရုံလုပ်ငန်းစဉ်များတွင် ဦးဆောင်နေကြသည့် အကြီးအကဲများသည် ခရစ်တော်၏ပညတ်တော်ကို လိုက်နာကျင့်သုံးဖို့ကြိုးစားကြသည်။ သူတို့က မိမိတို့၏တာဝန်သည် လုပ်ငန်းစီမံဆောင်ရွက်ဖို့လောက်သာမကဘဲ လုပ်ဖော်ဆောင်ဖက်များအလယ်တွင် ဝိညာဉ်ရေးတိုးတက်မှုကို မြှင့်တင်ပေးရန်နှင့် “ထာဝရဘုရား၌ဝမ်းမြောက်ခြင်း” တိုးလာစေရန်အတွက်ပါဖြစ်ကြောင်း ယူမှတ်ထားကြသည်။ (နေဟမိ ၈:၁၀၊ သမ္မာ) ထို့ကြောင့် သူတို့သည် ကိစ္စရပ်များကို အပြုသဘောရှိရှိ အားပေးတိုက်တွန်းမှုဖြစ်စေသောနည်းဖြင့် လုပ်ဆောင်ဖို့ကြိုးစားကြပြီး အကျိုးသင့်အကြောင်းသင့်ဖြစ်ဖို့ ကြိုးစားကြသည်။ (ဧဖက် ၄:၃၁၊ ၃၂) ဗေသလမိသားစုများသည် သူတို့တွင်ရှိသော ရွှင်လန်းသည့်စိတ်ဓာတ်ကြောင့် လူသိများရခြင်းမှာ အံ့အားသင့်စရာမဟုတ်ပေ!
အသင်းတော်တွင်
၈။ (က) အသင်းတော်တွင် ကျွန်ုပ်တို့၏ပန်းတိုင်မှာ အမြဲတမ်း မည်သည့်အရာဖြစ်သင့်သနည်း။ (ခ) မည်သည့်အခြေအနေများအောက်တွင် အချို့သူများသည် စည်းမျဉ်းများထုတ်ပေးဖို့တောင်းဆိုကြ သို့မဟုတ် စည်းမျဉ်းများထုတ်ဖို့ ကြိုးစားကြသနည်း။
၈ အသင်းတော်တွင်လည်း အလားတူ ကျွန်ုပ်တို့၏ပန်းတိုင်မှာ မေတ္တာစိတ်ဓာတ်ဖြင့် တစ်ဦးကိုတစ်ဦး တည်ဆောက်ပေးရန်ဖြစ်သည်။ (၁ သက်သာလောနိတ် ၅:၁၁) ထို့ကြောင့် ကိုယ်ရေးကိုယ်တာ ရွေးချယ်ဆုံးဖြတ်ရမည့် ကိစ္စရပ်များ၌ ကိုယ်ပိုင်အယူအဆများကို အခြားသူများအပေါ်တွင် ရိုက်သွင်းပေးခြင်းအားဖြင့် ဝန်များထပ်မတင်မိစေဖို့ ခရစ်ယာန်အားလုံး ဂရုစိုက်သင့်သည်။ တစ်ခါတစ်ရံတွင် အချို့တို့သည် ကင်းမျှော်စင်အသင်းသို့ စာရေးကာ အချို့သော ရုပ်ရှင်ကားများ၊ စာအုပ်များနှင့် ကစားစရာအရုပ်များပင်ပါဝင်သောအရာများအပေါ် သူတို့ထားရှိရမည့်သဘောထားနှင့်ပတ်သက်၍ စည်းမျဉ်းများချမှတ်ပေးဖို့ တောင်းဆိုကြသည်။ သို့သော် အဖွဲ့အစည်းသည် ဤကိစ္စများကို စိစစ်ပေးဖို့၊ ယင်းတို့နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်များချပေးဖို့ အခွင့်အာဏာမရှိပါ။ များသောအားဖြင့် ယင်းတို့သည် ကျမ်းစာမူများကို မိမိ၏ချစ်မြတ်နိုးမှုပေါ်တွင် အခြေခံကာ တစ်ဦးချင်းအနေနှင့်ဖြစ်စေ၊ အိမ်ထောင်ဦးစီးကဖြစ်စေ ဆုံးဖြတ်သင့်သည့် ကိစ္စများဖြစ်သည်။ အခြားသူများမူ အဖွဲ့အစည်း၏ အကြံပြုချက်များနှင့် လမ်းညွှန်ချက်များကို စည်းမျဉ်းများအဖြစ်သို့ ပြောင်းပစ်လိုကြသည်။ ဥပမာ ၁၉၉၆၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင်တွင် အကြီးအကဲများသည် အသင်းတော်သားများထံ သိုးထိန်းလည်ပတ်မှု မှန်မှန်လုပ်ရန် အားပေးသည့် ဆောင်းပါးကောင်းတစ်ခုပါလာသည်။ စည်းမျဉ်းများချမှတ်ရန် ရည်ရွယ်ချက်ဖြင့်လော။ မဟုတ်ပါ။ ဤအကြံပြုချက်များကို လိုက်နာနိုင်သည့် သူများသည် အကျိုးကျေးဇူးများစွာကို တွေ့ရှိခံစားရကြသော်လည်း အချို့အကြီးအကဲများမူ ထိုသို့လုပ်နိုင်သည့် အနေအထားတွင်မရှိကြပါ။ အလားတူစွာ ဧပြီလ ၁ ရက်၊ ၁၉၉၅ ထုတ် ကင်းမျှော်စင်တွင်ပါသော “စာရှုသူများထံမှမေးခွန်းလွှာ” ဆောင်းပါးက စည်းမဲ့ကမ်းမဲ့ ဆင်နွှဲကျင်းပသည့်အောင်ပွဲခံအခမ်းအနားများကဲ့သို့ အစွန်းရောက်သွားခြင်းဖြင့် နှစ်ခြင်းခံသည့် အခါသမယ၏ သိက္ခာကို မထိခိုက်စေရန် သတိပေးခဲ့သည်။ အချို့သူများသည် ချင့်ချိန်တိုင်းထွာတင်ပြသော အဆိုပါသြဝါဒကို အစွန်းရောက်လုပ်ဆောင်ခဲ့ကြသည်၊ ဤအချိန်အခါတွင် အားပေးသည့်ကတ်တစ်ခု ပေးပို့လျှင် မှားလိမ့်မည်ဖြစ်ကြောင်း စည်းမျဉ်းထုတ်လိုက်ကြသည့်အထိပင်တည်း!
၉။ ကျွန်ုပ်တို့သည် အခြားသူများအား အလွန်အကျွံအပြစ်တင်ဝေဖန်ခြင်းနှင့် စီရင်ဆုံးဖြတ်ခြင်းကို ရှောင်ဖို့အဘယ့်ကြောင့် အရေးကြီးသနည်း။
၉ “လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား [“ပညတ်တော်၊” ကဘ]” သည် ကျွန်ုပ်တို့အလယ်တွင် လွှမ်းမိုးရန် ခရစ်ယာန်အားလုံး၏သြတ္တပ္ပစိတ်တို့သည် တစ်ထပ်တည်းမကျကြောင်း ကျွန်ုပ်တို့လက်ခံရမည်ဆိုသည်ကိုလည်း ထည့်တွက်ပါလေ။ (ယာကုပ် ၁:၂၅) လူတို့တွင် ကျမ်းစာမူများကို မချိုးဖောက်သည့် ကိုယ်စီကိုယ်ငရွေးချယ်စရာများရှိလျှင် ယင်းကို ကျွန်ုပ်တို့ပြဿနာလုပ်သင့်ပါသလော။ မလုပ်သင့်ပါ၊ ကျွန်ုပ်တို့က ဤသို့လုပ်လိုက်လျှင် စိတ်ဝမ်းကွဲစရာဖြစ်သွားလိမ့်မည်။ (၁ ကောရိန္သု ၁:၁၀) ခရစ်ယာန်ချင်းများအပေါ်တွင် စီရင်ချက်မချဖို့ ကျွန်ုပ်တို့အား သတိပေးသောအခါ ပေါလုက “သူသည် မိမိသခင်စီရင်သောအားဖြင့်သာ အပြစ်လွှတ်ခြင်း၊ အပြစ်ခံခြင်းသို့ရောက်ရ၏။ သူသည် အပြစ်လွှတ်ခြင်းသို့ရောက်လိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ၏အပြစ်ကို လွှတ်ခြင်းငှာ တတ်နိုင်တော်မူ၏” ဟု ပြောခဲ့သည်။ (ရောမ ၁၄:၄) တစ်ဦးစီ၏သြတ္တပ္ပစိတ်အတွက် ထားပေးသင့်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် တစ်ဦးကိုတစ်ဦး ဆန့်ကျင်ပြောဆိုလျှင် ဘုရားသခင်ကို စိတ်တော်ငြိုငြင်အောင်လုပ်ရာကျပေမည်။—ယာကုပ် ၄:၁၀-၁၂။
၁၀။ မည်သူများသည် အသင်းတော်တွင် ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ပေးထားခြင်း ခံရသနည်း၊ ကျွန်ုပ်တို့သည် သူတို့ကို မည်သို့ ထောက်ကူသင့်သနည်း။
၁၀ အကြီးအကဲများသည် ဘုရားသခင့်သိုးတော်စုကို ကြည့်ရှုစောင့်ရှောက်ပေးရန် ခန့်အပ်ထားခြင်းခံရကြောင်းကိုလည်း မမေ့ကြစို့နှင့်။ (တမန်တော် ၂၀:၂၈) သူတို့သည် အကူအညီပေးဖို့အသင့်ရှိနေသည်။ သူတို့သည် ကျမ်းစာကျောင်းသားများဖြစ်ကြပြီး ကင်းမျှော်စင်အသင်း၏စာပေများတွင် ဆွေးနွေးခဲ့ဖူးသည့် အကြောင်းအရာများနှင့် အကျွမ်းတဝင်ရှိသောကြောင့် ကျွန်ုပ်တို့သည် အကြံဉာဏ်တောင်းခံဖို့အတွက် သူတို့ကို လွတ်လွတ်လပ်လပ်ချဉ်းကပ်သင့်သည်။ ကျမ်းစာမူများကို ချိုးဖောက်မှုသို့ ဦးတည်သွားစေနိုင်သည့် အမူအကျင့်တစ်ခုကို အကြီးအကဲများ သိရှိလျှင် လိုအပ်သောသွန်သင်ချက်ကို မကြောက်မရွံ့ဘဲပေးကြသည်။ (ဂလာတိ ၆:၁) အသင်းတော်သားများသည် မိမိတို့အလယ်တွင် ဦးဆောင်နေကြသည့် ချစ်မြတ်နိုးဖွယ်ကောင်းသော ဤသိုးထိန်းများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ခရစ်တော်၏ပညတ်တော်ကို လိုက်လျှောက်ကြသည်။—ဟေဗြဲ ၁၃:၇။
အကြီးအကဲများ ခရစ်တော်၏ပညတ်တော်ကို လက်တွေ့ကျင့်
၁၁။ အကြီးအကဲများသည် ခရစ်တော်၏ပညတ်တော်ကို အသင်းတော်တွင် မည်သို့လက်တွေ့ကျင့်သုံးကြသနည်း။
၁၁ အကြီးအကဲများသည် အသင်းတော်တွင် ခရစ်တော်၏ပညတ်တော်ကို ကျင့်ကြံလိုစိတ်ပြင်းပြကြသည်။ သူတို့သည် သတင်းကောင်းဟောပြောရာတွင် ဦးဆောင်ကြပြီး နှလုံးထဲသို့ရောက်စေရန်အလို့ငှာ ကျမ်းစာမှသွန်သင်ပေးကြကာ မေတ္တာပြည့်ဝသော နူးညံ့သည့်သိုးထိန်းများအနေနှင့် “စိတ်ငယ်သောသူတို့” နှင့် စကားပြောကြသည်။ (၁ သက်သာလောနိတ် ၅:၁၄) သူတို့သည် ခရစ်ယာန်ဘောင် ဘာသာတရားများစွာတွင် ဖြစ်တည်နေသည့် ခရစ်ယာန်မဆန်သော စိတ်ထားများကိုရှောင်ကြသည်။ ဤလောက၏အခြေအနေသည် အလျင်အမြန် ယုတ်လျော့ကျဆင်းလာနေရာ အကြီးအကဲများသည် ပေါလုနည်းတူ သိုးတော်စုအတွက် ပူပန်သောကရောက်ကြမည်အမှန်; သို့သော် သူတို့သည် အဆိုပါစိုးရိမ်မကင်းဖြစ်စရာများကို ကိုင်တွယ်သောအခါ မျှတမှုကို ဆက်ထိန်းထားကြသည်။—၂ ကောရိန္သု ၁၁:၂၈။
၁၂။ ခရစ်ယာန်တစ်ဦးသည် အကြီးအကဲတစ်ဦးထံ အကူအညီတောင်းခံလာသောအခါ ထိုအကြီးအကဲသည် မည်သို့တုံ့ပြန်နိုင်သနည်း။
၁၂ ဥပမာ ခရစ်ယာန်တစ်ဦးသည် ကျမ်းအကိုးအကားဖြင့်တိုက်ရိုက် ပြ၍မရသည့် သို့မဟုတ် ကွဲပြားသည့်ခရစ်ယာန်မူများ မျှတမှုရှိရှိလိုက်လျှောက်ရန် လိုအပ်သည့် အရေးကြီးကိစ္စတစ်ခုအကြောင်း အကြီးအကဲတစ်ဦးနှင့် ဆွေးနွေးလိုပေမည်။ သူသည် အလုပ်တွင် လခများလာသော်လည်း တာဝန်ပိုကြီးလာသည့် ရာထူးတစ်ခုကို ကမ်းလှမ်းခံထားရသည်ဆိုပါစို့။ သို့မဟုတ် ခရစ်ယာန်လူငယ်တစ်ဦး၏ မယုံကြည်သူဖခင်က မိမိသားအပေါ်တွင် ဓမ္မအမှုကို ထိခိုက်စေနိုင်သည့် တောင်းဆိုချက်များကို တောင်းဆိုနေပေမည်။ ဤကဲ့သို့သောအခြေအနေများတွင် အကြီးအကဲဖြစ်သူသည် ကိုယ်ပိုင်အယူအဆများပေးခြင်းကို ရှောင်သည်။ သို့အစား သူသည် ကျမ်းစာကိုဖွင့်ကာ သက်ဆိုင်ရာမူများနှင့်ပတ်သက်၍ ဆင်ခြင်စဉ်းစားနိုင်ရန် ထိုသူကို ကူညီပေးလိုမည်။ ဖြစ်နိုင်မည်ဆိုလျှင် သူသည် ကင်းမျှော်စင် နှင့် အခြားစာပေများတွင် ထိုအကြောင်းနှင့်ပတ်သက်ပြီး “သစ္စာနှင့်သတိပညာရှိသောကျွန်” ပြောဆိုထားသည့်အရာကို ရှာဖွေရန် Watch Tower Publications Index ကို အသုံးပြုပေမည်။ (မဿဲ ၂၄:၄၅၊ သမ) သို့ပြီးခါမှ ထိုခရစ်ယာန်သည် အကြီးအကဲအတွက် ပညာရှိရာမကျဟု ယူဆရသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လျှင်ကော အသို့နည်း။ အဆိုပါဆုံးဖြတ်ချက်သည် ကျမ်းစာမူများ သို့မဟုတ် ပညတ်များကို တိုက်ရိုက်မချိုးဖောက်လျှင် အကြီးအကဲဖြစ်သူက “လူအသီးအသီးတို့သည် မိမိတို့ဝန်ကိုဆောင်ရွက်ရကြမည်” ကိုသိရှိကာ အဆိုပါဆုံးဖြတ်ချက်သည် တစ်ဦးချင်း၏ဆုံးဖြတ်ပိုင်ခွင့်အဖြစ် အသိအမှတ်ပြုကြောင်း အဆိုပါခရစ်ယာန် တွေ့ရှိရလိမ့်မည်။ သို့သော် အဆိုပါခရစ်ယာန်သည် “လူသည် မျိုးစေ့ကြဲသည်အတိုင်းအသီးအနှံကို ရိတ်ရလိမ့်မည်” ဟူသောအချက်ကို သတိရသင့်သည်။—ဂလာတိ ၆:၅၊ ၇။
၁၃။ အကြီးအကဲများသည် မေးခွန်းများအတွက် အဖြေများကို တိုက်ရိုက်ပေးခြင်း သို့မဟုတ် ကိုယ်ပိုင်အယူအဆများကို တင်ပြခြင်းပြုမည့်အစား ကိစ္စရပ်များပေါ်တွင် ဆင်ခြင်စဉ်းစားလာဖို့ အခြားသူများကို အဘယ်ကြောင့် ကူညီပေးကြသနည်း။
၁၃ အတွေ့အကြုံရှိသော ထိုအကြီးအကဲသည် အဘယ်ကြောင့် ဤနည်းအတိုင်း ပြုမူရသနည်း။ အနည်းဆုံးအကြောင်းနှစ်ခုကြောင့်ဖြစ်သည်။ ပထမတစ်ခုမှာ ပေါလုက မိမိသည် ‘သူတို့၏ယုံကြည်ခြင်းကို အစိုး’ မရကြောင်း အသင်းတော်တစ်ခုအား ပြောခဲ့သည်။ (၂ ကောရိန္သု ၁:၂၄) အကြီးအကဲဖြစ်သူသည် မိမိ၏ညီအစ်ကိုကို ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ရန်နှင့် မိမိသိရှိထားရာများအပေါ်အခြေပြုကာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ရန် အကူအညီပေးရာတွင် ပေါလု၏သဘောထားကို တုပနေခြင်းဖြစ်သည်။ ယေရှုက မိမိ ၏အခွင့်အာဏာ၌ အကန့်အသတ်ရှိသည်ကို အသိအမှတ်ပြုတော်မူသကဲ့သို့ သူ၏အခွင့်အာဏာသည် အကန့်အသတ်ရှိကြောင်း ထိုအကြီးအကဲအသိအမှတ်ပြုသည်။ (လုကာ ၁၂:၁၃၊ ၁၄; ယုဒ ၉) တစ်ချိန်တည်းမှာပင် အကြီးအကဲများသည် လိုအပ်သောနေရာများ၌ အကူအညီဖြစ်စေပြီး ခိုင်မာသည့် ကျမ်းစာသွန်သင်ချက်ပင် ပေးဖို့အသင့်ရှိကြသည်။ ဒုတိယအကြောင်းမှာ သူသည် မိမိ၏ ခရစ်ယာန်လုပ်ဖော်ဆောင်ဖက်ကို လေ့ကျင့်ပေးနေခြင်းဖြစ်သည်။ တမန်တော်ပေါလုက “ကြေခဲသောအစာမူကား ကိုယ့်အာရုံများကိုအသုံးပြုသဖြင့် ကောင်းမကောင်းကိုပိုင်းခြားသိမြင်တတ်သောအရွယ်ရောက်သူတို့အဖို့ဖြစ်၏” ဟု ဆိုထားသည်။ (ဟေဗြဲ ၅:၁၄၊ ကဘ) ထို့ကြောင့် ကျွန်ုပ်တို့သည် အရွယ်ရောက်သည်အထိ ကြီးပြင်းလာဖို့ ကိုယ့်အာရုံများကို အသုံးပြုကြရမည်ဖြစ်သည်၊ အခြားသူတစ်ဦးဦး မိမိတို့ကိုပေးမည့် အဖြေပေါ်တွင် အမြဲမှီခိုနေဖို့မဟုတ်ပါ။ အကြီးအကဲဖြစ်သူသည် မိမိ၏ခရစ်ယာန်ချင်းအား ကျမ်းစာဆင်ခြင်နည်းကို ပြသခြင်းဖြင့် သူ့ကို တိုးတက်အောင်ကူညီပေးနေခြင်းဖြစ်သည်။
၁၄။ အရွယ်ရောက်သောသူများသည် ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း မည်သို့ပြသနိုင်သနည်း။
၁၄ ယေဟောဝါဘုရားသခင်သည် မိမိ၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စစ်မှန်သောဝတ်သူများ၏နှလုံးကို ဩဇာလွှမ်းတော်မူမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်နိုင်ပါသည်။ ထို့ကြောင့် အရွယ်ရောက်သောခရစ်ယာန်များသည် တမန်တော်ပေါလုကဲ့သို့ပင် ညီအစ်ကိုများ၏နှလုံးကို ဆွဲဆောင်ပြီး သူတို့ကိုအနူးအညွှတ်တောင်းပန်သည်။ (၂ ကောရိန္သု ၈:၈; ၁၀:၁; ဖိလေမုန် ၈၊ ၉) တော်လျော်စွာပြုမူကျင့်ကြံနိုင်ရန် အသေးစိတ်ပညတ်ချက်များ လိုအပ်သူတို့မှာ အဓိကအားဖြင့်ဖြောင့်မတ်သောသူများမဟုတ်ဘဲ မဖြောင့်မတ်သောသူများဖြစ်သည်။ (၁ တိမောသေ ၁:၉) ညီအစ်ကိုများကို ယုံမှားသံသယမရှိဘဲ ယုံကြည်စိတ်ချကြောင်း သူတင်ပြခဲ့သည်။ “သခင်ဘုရားကိုအမှီပြု၍ ငါတို့သည်ယုံမှားခြင်းမရှိ” ဟု အသင်းတော်တစ်ခုသို့ သူစာရေးခဲ့သည်။ (၂ သက်သာလောနိတ် ၃:၄) ပေါလု၏စိတ်ချမှု၊ အားထားမှု၊ ယုံကြည်မှုတို့သည် အဆိုပါညီအစ်ကိုများကို အကြီးအကျယ်လှုံ့ဆော်ပေးခဲ့မည်မှာ သေချာသည်။ ယနေ့အချိန်ရှိ အကြီးအကဲများနှင့် နယ်လှည့်ကြီးကြပ်မှူးများတွင် အလားတူရည်ရွယ်ချက်များ ရှိထားကြသည်။ ဤသစ္စာရှိအမျိုးသားများသည် ဘုရားသခင့်သိုးတော်စုကို မေတ္တာပါပါထိန်းကျောင်းပေးသောအခါ အလွန့်အလွန်လန်းဆန်းမှုဖြစ်စေသည်တကား!—ဟေရှာယ ၃၂:၁၊ ၂; ၁ ပေတရု ၅:၁-၃။
သင်သည် ခရစ်တော်၏ပညတ်တော်အတိုင်း အသက်ရှင်နေပါသလော
၁၅။ ကျွန်ုပ်တို့ညီအစ်ကိုများနှင့် ဆက်ဆံရာတွင် ခရစ်တော်၏ပညတ်တော်ကို မိမိတို့ကျင့်သုံးနေမနေသိမြင်ရန် ကျွန်ုပ်တို့ကိုယ်ကို မေးနိုင်သည့်မေးခွန်းအချို့ကား အဘယ်နည်း။
၁၅ ကျွန်ုပ်တို့သည် ခရစ်တော်၏ပညတ်တော်အတိုင်း အသက်ရှင်ကာ ယင်းကို ထောက်ခံအားပေးခြင်းရှိမရှိ သိမြင်ရန် ကျွန်ုပ်တို့အားလုံး မိမိတို့ကိုယ်ကို မှန်မှန်စစ်ဆေးဖို့လိုသည်။ (၂ ကောရိန္သု ၁၃:၅) ကျွန်ုပ်တို့အားလုံးသည် ဤသို့မေးခြင်းဖြင့် အမှန်ပင် အကျိုးရယူနိုင်ပါသည်– ‘ကျွန်ုပ်သည် တည်ဆောက်နေသလော သို့မဟုတ် အပြစ်ရှာဝေဖန်နေပါသလော။ ကျွန်ုပ်သည် မျှတမှုရှိသူလော သို့မဟုတ် အစွန်းရောက်သူလော။ ကျွန်ုပ်သည် အခြားသူများကို ထောက်စာမှုပြသလော သို့မဟုတ် ကိုယ့်လုပ်ပိုင်ခွင့်များကို ဇွတ်အတင်းတောင်းဆိုသလော။’ ခရစ်ယာန်တစ်ဦးသည် ကျမ်းစာတွင်အတိအကျမပါသည့် ကိစ္စရပ်များ၌ မိမိညီအစ်ကိုသည် မည်သည့်လုပ်ရပ်ကိုလုပ်သင့်သည်မလုပ်သင့်ဟူ၍ ညွှန်ကြားချက်ပေးဖို့ မကြိုးစားပါ။—ရောမ ၁၂:၁; ၁ ကောရိန္သု ၄:၆။
၁၆။ မိမိတို့ကိုယ်ကို အပျက်သဘောရှုမြင်နေသူများကို မည်သို့ကူညီခြင်းဖြင့် ခရစ်တော်ပညတ်တော်၏ အရေးကြီးသည့်ကဏ္ဍကို ကျင့်သုံးနိုင်သနည်း။
၁၆ ဤခက်ခဲသောကာလတွင် ကျွန်ုပ်တို့သည် တစ်ဦးကိုတစ်ဦး အားပေးနိုင်သည့်နည်းများကို ရှာကြံရန် အရေးကြီးသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅; မဿဲ ၇:၁-၅ နှိုင်းယှဉ်။) ကျွန်ုပ်တို့ညီအစ်ကို ညီအစ်မများကို ကြည့်လိုက်လျှင် ကျွန်ုပ်တို့အတွက် သူတို့၏အရည်အသွေးကောင်းများသည် သူတို့၏အားနည်းမှုများထက် များစွာသာပါသလော။ ယေဟောဝါရှင်အတွက် တစ်ဦးစီသည် အဖိုးတန်သည်။ ဝမ်းနည်းစရာမှာ မိမိကိုယ်တိုင်နှင့် ပတ်သက်၍ပင် ဤသဘောထားမျိုး အားလုံး၌မရှိကြခြင်းဖြစ်သည်။ များစွာသောသူတို့သည် မိမိတို့၏ အပြစ်အနာအဆာများနှင့် မစုံမလင်ချို့တဲ့မှုများကိုသာ ရှာတတ်ကြသည်။ ကျွန်ုပ်တို့သည် ဤကဲ့သို့သောသူများ—နှင့် အခြားသောသူများ—ကို အားပေးရန် အစည်းအဝေးတိုင်းတွင် တစ်ဦးနှစ်ဦးနှင့် စကားပြောနိုင်ပါသလော၊ သူတို့တက်ရောက်လာခြင်းနှင့် အသင်းတော်တွင် သူတို့ပါဝင်သည့် အရေးပါသောကဏ္ဍကို ကျွန်ုပ်တို့ အဘယ်ကြောင့် တန်ဖိုးထားကြောင်းတို့ကို သူတို့အား သိရှိစေပါသလော။ ဤနည်းဖြင့် သူတို့၏ဝန်ကိုပေါ့သွားစေကာ ခရစ်တော်၏ပညတ်တော်ကို ကျင့်ရခြင်းသည် အလွန်ပျော်စရာပင်!—ဂလာတိ ၆:၂။
ခရစ်တော်၏ပညတ်တော် အကျိုးသက်ရောက်နေ!
၁၇။ ခရစ်တော်၏ပညတ်တော်သည် သင့်အသင်းတော်တွင် အဘယ်ခြားနားသည့်နည်းများဖြင့် အကျိုးသက်ရောက်နေသည်ကို သင်တွေ့ရှိရသနည်း။
၁၇ ခရစ်တော်၏ပညတ်တော်သည် ခရစ်ယာန်အသင်းတော်တွင် အကျိုးသက်ရောက်နေပြီ။ ကျွန်ုပ်တို့သည် ယင်းကို နေ့စဉ်တွေ့မြင်နေရသည်—သက်သေခံချင်းများ သတင်းကောင်းကို ထက်သန်စွာ ကြေညာနေသည့်အခါ၊ သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး နှစ်သိမ့်အားပေးနေသည့်အခါ၊ သူတို့သည် အခက်ခဲဆုံးပြဿနာများရှိသည့်ကြားမှ ယေဟောဝါ၏အမှုတော်ကို ကြိုးစားပမ်းစားထမ်းဆောင်နေကြသောအခါ၊ မိဘများသည် မိမိတို့သားသမီးများ ရွှင်လန်းသောနှလုံးဖြင့်ယေဟောဝါကို ချစ်မြတ်နိုးကြဖို့ အားကြိုးမာန်တက် ပြုစုပေးနေသောအခါ၊ ကြီးကြပ်မှူးများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မေတ္တာပါပါနှင့် လှိုက်လှိုက်လှဲလှဲ သွန်သင်ကာ ယေဟောဝါထံ ထာဝစဉ်အမှုဆောင်ဖို့ တောက်လောင်သောဇွဲရှိလာစေရန် သိုးတော်စုကို တိုက်တွန်းလှုံ့ဆော်ပေးနေသည့်အခါ တို့တွင်ဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀; ၁ သက်သာလောနိတ် ၅:၁၁၊ ၁၄) ကျွန်ုပ်တို့သည် တစ်ဦးစီအနေနှင့် ခရစ်တော်၏ပညတ်တော်ကို မိမိ၏အသက်တာတွင် အလုပ်လုပ်စေပါက ယေဟောဝါ၏ နှလုံးတော်မည်မျှရွှင်ပြုံးလိုက်မည်ဖြစ်ခြင်း! (သု. ၂၃:၁၅) ကိုယ်တော်သည် မိမိ၏စုံလင်သော ပညတ်တော်ကို ချစ်မြတ်နိုးသူအားလုံးအား ထာဝစဉ် အသက်ရှင်စေလိုတော်မူသည်! လာမည့်ပရဒိသုတွင် လူသားများစုံလင်လာကာ ဥပဒေချိုးဖောက်သူများမရှိသည့်အချိန်နှင့် ကျွန်ုပ်တို့၏နှလုံးသားအလိုဆန္ဒများ အထိန်းအချုပ်အောက်တွင်ရှိမည့်အချိန်ကို ကျွန်ုပ်တို့တွေ့မြင်ရကြမည်။ ခရစ်တော်၏ပညတ်တော်အတိုင်း အသက်ရှင်ခြင်းကြောင့်ရရှိလာသည့် အလွန်ခမ်းနားထည်ဝါသော ဆုလာဘ်ပါတကား!
[အောက်ခြေမှတ်ချက်များ]
a ဗေသလအိမ်များသည် ခရစ်ယာန်ဘောင်ဘုရားရှိခိုးကျောင်းများနှင့်မတူပါ။ “ဓမ္မဆရာများ” သို့မဟုတ် ‘ဖာသာများ’ မရှိပါ။ (မဿဲ ၂၃:၉) တာဝန်ရှိညီအစ်ကိုများသည် ရိုသေလေးစားမှုကို ခံရကြသော်လည်း သူတို့၏လုပ်ငန်းကိုမူ အကြီးအကဲအားလုံးကို ညွှန်ကြားသည့် တူညီသောမူများဖြင့် လမ်းညွှန်သည်။
သင်မည်သို့ ထင်သနည်း
◻ ခရစ်ယာန်ဘောင်သည် ခရစ်တော်ပညတ်တော်၏ အဓိကအချက်ကို အဘယ်ကြောင့် နားမလည်ဘဲနေသနည်း။
◻ ကျွန်ုပ်တို့သည် ခရစ်တော်၏ပညတ်တော်ကို မိသားစုတွင် မည်သို့ကျင့်သုံးနိုင်သနည်း။
◻ ခရစ်တော်၏ပညတ်တော်ကို အသင်းတော်တွင် လက်တွေ့ကျင့်သုံးရန် မည်သည့်အရာကို ရှောင်ပြီး မည်သည့်အရာကို လုပ်ရမည်နည်း။
◻ အကြီးအကဲများသည် အသင်းတော်သားများနှင့်ဆက်ဆံရာတွင် ခရစ်တော်၏ပညတ်ကို မည်သို့လိုက်နာနိုင်သနည်း။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
သင့်ကလေးသည် မေတ္တာအကြီးအကျယ်လိုအပ်သည်
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့၏မေတ္တာပြည့်ဝသော သိုးထိန်းများသည် အလွန့်အလွန်လန်းဆန်းမှုဖြစ်စေသည်တကား!