တိတု—‘သင်တို့အမှုကို ပေါင်းဖော်ဆောင်ရွက်သူချင်း’
ပထမရာစုရှိ ခရစ်ယာန်အသင်းတော်တွင် တစ်ခါတစ်ရံပြဿနာများပေါ်ပေါက်တတ်သည်။ ယင်းတို့ကို ဖြေရှင်းရန်လိုအပ်ခဲ့ပြီး ယင်းသို့ပြုရန် ရဲစွမ်းသတ္တိနှင့်နာခံမှုလိုအပ်ခဲ့သည်။ ဤကဲ့သို့အခက်အခဲတစ်ခုထက်မက အောင်မြင်စွာရင်ဆိုင်ခဲ့သူမှာ တိတုဖြစ်သည်။ တမန်တော်ပေါလုနှင့်အတူ ပူးပေါင်းဆောင်ရွက်သူဖြစ်သောကြောင့် သူသည် အခြားသူများကို ယေဟောဝါ၏နည်းလမ်းတော်အတိုင်း လုပ်ဆောင်ရန်ကူညီပေးရာ၌ အင်တိုက်အားတိုက်ကြိုးစားခဲ့သည်။ ထို့ကြောင့် တိတုသည် ‘သင်တို့အမှုကို ပေါင်းဖော်ဆောင်ရွက်သူချင်း’ ဖြစ်ကြောင်း ကောရိန္သုမြို့ရှိခရစ်ယာန်များကို ပေါလုပြောခဲ့သည်။—၂ ကောရိန္သု ၈:၂၃။
တိတုကားမည်သူနည်း။ သူသည် ပြဿနာများကို ဖြေရှင်းပေးရာတွင် အဘယ်အခန်းကဏ္ဍမှ ပါဝင်ခဲ့သနည်း။ သူ၏လုပ်ဆောင်မှုကို သုံးသပ်ခြင်းမှ ကျွန်ုပ်တို့မည်သို့အကျိုးခံစားနိုင်သနည်း။
အရေဖျားလှီးခြင်းပြဿနာ
တိတုသည် အရေဖျားမလှီးသော ဂရိအမျိုးသားတစ်ဦးဖြစ်သည်။ (ဂလာတိ ၂:၃)a ပေါလုက သူ့ကို “ဆက်ဆံသောယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သောတိတု” ဟူ၍ခေါ်ဆိုထားသောကြောင့် တိတုသည် တမန်တော်၏ဝိညာဉ်ရေးကလေးများအနက် တစ်ဦးဖြစ်ခဲ့ပေမည်။ (တိတု ၁:၄; ၁ တိမောသေ ၁:၂ နှိုင်းယှဉ်။) အရေဖျားလှီးခြင်းကိစ္စကိုဆွေးနွေးရန် စီ.အီး. ၄၉ ခုနှစ်၌ ယေရုရှလင်မြို့သို့သွားခဲ့စဉ် ပေါလု၊ ဗာနဗနှင့် ရှုရိပြည်၊ အန္တိအုတ်မြို့မှ အခြားသောသူများနှင့်အတူ တိတုလိုက်ပါခဲ့သည်။—တမန်တော် ၁၅:၁၊ ၂; ဂလာတိ ၂:၁။
ယေရုရှလင်မြို့တွင် အရေဖျားလှီးခြင်းမခံထားသောတစ်ပါးအမျိုးသားများ ဘာသာပြောင်းခြင်းကိစ္စကို ဆွေးနွေးနှီးနှောနေကြရာ ဂျူးများနှင့်ဂျူးမဟုတ်သူများသည် အရေဖျားလှီးသည်ဖြစ်စေ၊ မလှီးသည်ဖြစ်စေ ဘုရားသခင်၏မျက်နှာသာတော်ရရှိနိုင်သည်ဟု ထောက်ပြရန် တိတုကိုတစ်ပါတည်းခေါ်ဆောင်သွားခဲ့ခြင်းဖြစ်မည်။ ခရစ်ယာန်ဘာသာကို လက်မခံမီ ဖာရိရှဲများဖြစ်ခဲ့ကြသော ယေရုရှလင်အသင်းသားအချို့က ဘာသာပြောင်းလာသောတစ်ပါးအမျိုးသားများသည် အရေဖျားလှီးခြင်းခံယူ၍ ပညတ်တော်ကိုစောင့်ထိန်းရန် တာဝန်ရှိသည်ဟု ငြင်းခုံခဲ့သည်။ တိတုနှင့်အခြားတစ်ပါးအမျိုးသားများသည် အရေဖျားလှီးခြင်းခံယူရမည်ဟု အကြပ်ကိုင်ခြင်းကား ကယ်တင်ခြင်းသည် ပညတ်တော်ကို လိုက်လျှောက်ခြင်းထက် ယေဟောဝါ၏မခံစားထိုက်သောကရုဏာနှင့် ယေရှုခရစ်ကိုယုံကြည်ခြင်းအပေါ်မူတည်သည်ကို ငြင်းပယ်ရာရောက်သည်။ တစ်ပါးအမျိုးသားများ သို့မဟုတ် လူမျိုးအပေါင်းမှသူတို့သည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခံရကြောင်းကို ငြင်းဆိုရာလည်းကျပေမည်။—တမန်တော် ၁၅:၅-၁၂။
ကောရိန္သုမြို့သို့စေလွှတ်ခံခဲ့ရ
အရေဖျားလှီးခြင်းပြဿနာကို ဖြေရှင်းပြီးနောက်တွင် လူမျိုးများကိုဟောပြောရန် ပေါလုနှင့်ဗာနဗကို အာဏာအပြည့်ပေးအပ်ခဲ့သည်။ တစ်ချိန်တည်းတွင် ဆင်းရဲသောသူများကို သတိရဖို့လည်း သူတို့ကြိုးစားခဲ့ကြသည်။ (ဂလာတိ ၂:၉၊ ၁၀) အမှန်အားဖြင့် နောက်ပိုင်းခြောက်နှစ်ခန့်တွင် မှုတ်သွင်းခံမှတ်တမ်း၌ တိတုကို တစ်ဖန်ဖော်ပြသောအခါ သူသည် သန့်ရှင်းသူအတွက် အလှူခံခြင်းကိုစီစဉ်ပေးသူ ပေါလု၏သံတမန်အဖြစ် ကောရိန္သုမြို့တွင်ရောက်ရှိနေသည်။ သို့သော် တိတုသည် ၎င်းလုပ်ငန်းကိုလုပ်ကိုင်နေစဉ်မှာပင် တင်းမာသောအခြားအခြေအနေတစ်မျိုးနှင့်ရင်ဆိုင်နေရကြောင်း သူတွေ့ရှိခဲ့၏။
ကောရိန္သုမြို့သားများထံ ပေါလုရေးသောစာတွင် “မတရားသောမေထုန်၌ မှီဝဲသောသူတို့နှင့်မပေါင်းဖော်” ဖို့ဦးဆုံးရေးသားခဲ့ကြောင်း သိရှိရသည်။ နောင်တမရသောမတရားမေထုန်ပြုသူတစ်ဦးကို သူတို့အထဲမှနှင်ထုတ်ရန် သူပြောခဲ့ရ၏။ မှန်ပါသည်၊ ပေါလုသည် “မျက်ရည်အများကျလျက်” အားမာန်ပါသောစာတစ်စောင်ကို ရေးသားခဲ့ရသည်။ (၁ ကောရိန္သု ၅:၉-၁၃; ၂ ကောရိန္သု ၂:၄) ထိုအတောအတွင်း ချို့တဲ့သောယုဒခရစ်ယာန်များအတွက် အလှူကောက်ခံခြင်းတွင် ကူညီပေးရန် တိတုကို ကောရိန္သုမြို့သို့ စေလွှတ်ခဲ့သည်။ ပေါလု၏စာကို ကောရိန္သုအသင်းသားများမည်သို့တုံ့ပြန်ကြောင်း သတိပြုရန်အတွက်လည်း သူ့အားစေလွှတ်ခဲ့ခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်သည်။—၂ ကောရိန္သု ၈:၁-၆။
ပေါလု၏ဆုံးမစကားကို ကောရိန္သုအသင်းသားများ မည်သို့တုံ့ပြန်ကြမည်နည်း။ ယင်းကို အလွန်သိလိုသောကြောင့် ပေါလုသည် တိတုကို အေဂျင်ပင်လယ်တစ်ဖက်ရှိဧဖက်မြို့မှ ကောရိန္သုမြို့သို့စေလွှတ်ပြီး ချက်ချင်းပြန်သတင်းပို့ရန် မှာကြားခဲ့ပေမည်။ (နိုဝင်ဘာလလယ်ခန့်) ဆောင်းတွင်း၌ ရေကြောင်းခရီးမပိတ်မီ သူဆောင်ရွက်ရန် လွှဲအပ်ခံရသည့်တာဝန်ကို ပြီးစီးခဲ့ပါက တိတုသည် တရောမြို့သို့ သင်္ဘောဖြင့်ရောက်နိုင်ခဲ့မည် သို့မဟုတ် ဟဲလစပါ့န်တ်ရေလက်ကြားမှတစ်ဆင့် ရှည်လျားသောကုန်းကြောင်းခရီးလမ်းဖြင့် သွားဖို့ဖြစ်သည်။ ငွေပန်းထိမ်သမားများဖြစ်ပွားစေခဲ့သည့်အဓိကရုဏ်းကြောင့် မျှော်လင့်ထားသည်ထက်ပိုစောပြီး ဧဖက်မြို့မှ ပေါလုထွက်ခွာခဲ့ရာ တွေ့ဆုံရန်သဘောတူထားသော တရောမြို့သို့ သူစောစောရောက်ရှိနိုင်ဖွယ်ရှိသည်။ ပေါလုသည် တရောမြို့တွင် စိုးရိမ်တကြီးဖြင့်စောင့်နေစဉ် ရေလမ်းခရီးဖြင့် တိတုလာနိုင်မည်မဟုတ်ကြောင်းကို သူသဘောပေါက်ခဲ့သည်။ ထို့ကြောင့် ပေါလုသည် ကုန်းလမ်းခရီးတစ်လျှောက်တွင် သူနှင့်တွေ့ဆုံရန်မျှော်လင့်၍ ခရီးနှင်ခဲ့သည်။ ဥရောပသို့ရောက်လေသော် ပေါလုသည် ဗီအာ အက်နေတီးအာလမ်းအတိုင်းဆက်သွားကာ နောက်ဆုံးတွင် တိတုကို မာကေဒေါနိမြို့တွင် တွေ့ဆုံခဲ့လေသည်။ ကောရိန္သုမြို့သားများ၏သတင်းသည် ကောင်းသောကြောင့် ပေါလုသည် လွန်စွာစိတ်သက်သာရာရကာ ဝမ်းမြောက်ခဲ့သည်။ အသင်းတော်သည် ပေါလု၏ဆုံးမစကားကို တလိုတလားတုံ့ပြန်ခဲ့၏။—၂ ကောရိန္သု ၂:၁၂၊ ၁၃; ၇:၅-၇။
မိမိ၏သံတမန်အား မည်သို့ကြိုဆိုကြမည်ကို ပေါလုစိုးရိမ်ခဲ့ရသော်လည်း တိတုသည် လွှဲအပ်ခံရသောတာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်ရန် ဘုရားသခင်၏မစမှုကိုရရှိခဲ့သည်။ တိတုကို “ကြောက်ရွံ့တုန်လှုပ်ခြင်း” နှင့်လက်ခံခဲ့ကြသည်။ (၂ ကောရိန္သု ၇:၈-၁၅) ကျမ်းအဖွင့်ဆရာ ဒဗ္ဗလျူ. ဒီ. သောမတ်၏စကားကို အသုံးပြုလျှင် “ပေါလု၏လေးပင်သောပြစ်တင်မှုကို မပေါ့ပျက်စေဘဲ [တိတုသည်] ကောရိန္သုအသင်းသားများကို ကျွမ်းကျင်လိမ္မာစွာ တောင်းပန်ခဲ့သည်ဟု ကျွန်ုပ်တို့ယူဆနိုင်၏; ပေါလုသည် ထိုကဲ့သို့ပြောဆိုရခြင်းမှာ သူတို့၏ဝိညာဉ်ရေးအကျိုးအတွက်သာဖြစ်ကြောင်း သူတို့ကိုသဘောပေါက်စေခဲ့သည်။” ဤအတောအတွင်း တိတုသည် ကောရိန္သုခရစ်ယာန်များ၏ နာခံတတ်သောစိတ်ဓာတ်နှင့် အကျိုးရှိသော ပြောင်းလဲမှုများကြောင့် သူတို့ကို ခင်တွယ်လာခဲ့သည်။ သူတို့၏ချီးကျူးထိုက်သောစိတ်ထားက သူ့အတွက်အားပေးမှုဖြစ်ခဲ့သည်။
ယုဒပြည်မှသန့်ရှင်းသူများအတွက် အလှူခံခြင်းကိုစီစဉ်ပေးခြင်းဖြစ်သည့် ကောရိန္သုမြို့သို့ တိတုသွားခဲ့ရသည့် အခြားအကြောင်းနှင့်ပတ်သက်၍ကော အသို့နည်း။ တိတုသည် ၂ ကောရိန္သုတွင် တွေ့ရသည့်အချက်အလက်မှ သိရှိရသည့်အတိုင်း ယင်းကိစ္စကိုလည်း ကြိုးစားဆောင်ရွက်ခဲ့သည်။ ထိုစာစောင်ကို တိတုနှင့်ပေါလုတွေ့ဆုံကြပြီးနောက်မကြာမီ စီ.အီး. ၅၅ ခုနှစ်အကုန်ပိုင်းအတွင်း မာကေဒေါနိပြည်၌ ရေးသားခဲ့ပုံရှိ၏။ အလှူငွေကောက်ခံခြင်းကို အစပြုပေးခဲ့သူတိတုအား အမည်မဖော်ပြသော ကူညီပေးမည့်သူနှစ်ဦးနှင့် ယင်းလုပ်ငန်းပြီးမြောက်စေရန် ယခုပြန်စေလွှတ်လိုက်ကြောင်း ပေါလုစာရေးခဲ့သည်။ တိတုသည် ကောရိန္သုအသင်းသားများကို အမှန်တကယ်စိတ်ဝင်စားသဖြင့် အလွန်ပြန်သွားလိုခဲ့၏။ တိတုသည် ကောရိန္သုမြို့သို့ ပြန်သွားစဉ် ကောရိန္သုအသင်းသားများထံ ပေါလုရေးသည့် သူ၏ဒုတိယမှုတ်သွင်းခံစာကို ယူဆောင်သွားဖွယ်ရှိသည်။—၂ ကောရိန္သု ၈:၆၊ ၁၇၊ ၁၈၊ ၂၂။
တိတုသည် ကောင်းစွာဖွဲ့စည်းစီမံတတ်သူဖြစ်ရုံမကဘဲ ခက်ခဲသောအခြေအနေများတွင် ပိုင်းခြားလုပ်ဆောင်ရမည့်တာဝန်များကို ထမ်းဆောင်နိုင်သူလည်းဖြစ်သည်။ သူသည် ရဲရင့်ပြီး ရင့်ကျက်သည့်အပြင် တည်ကြည်သောသူတစ်ဦးလည်းဖြစ်သည်။ ကောရိန္သုမြို့၏ “အကြီးဆုံးသောတမန်တော်များ” ကြောင့်အမြဲဖြစ်ပေါ်သည့် ပြဿနာများကို တိတုဖြေရှင်းနိုင်လိမ့်မည်ဟု ပေါလုယူမှတ်ကြောင်း ထင်ရှားသည်။ (၂ ကောရိန္သု ၁၁:၅) အခြားခက်ခဲသောတာဝန်တစ်ခုကို ထမ်းဆောင်ခဲ့ခြင်းနှင့်ပတ်သက်၍ တိတုအကြောင်း ကျမ်းစာကနောက်တစ်ကြိမ်ဖော်ပြရာတွင် ယင်းကိုခိုင်မာစေသည်။
ခရိကျွန်းပေါ်၌
မြေထဲပင်လယ်ရှိခရိကျွန်းပေါ်တွင် အမှုထမ်းနေသောတိတုထံ စီ.အီး. ၆၁ နှင့် ၆၄ ကြားတစ်ချိန်ချိန်တွင် ပေါလုစာရေးခဲ့ပေမည်။ ပေါလုသည် သူ့အား “မစုံလင်သမျှတို့ကို ပြင်ဆင်” ဖို့နှင့် “မြို့ရွာများ၌ သင်းအုပ်တို့ကို ခန့်ထားစေ” ဖို့ထိုနေရာ၌ထားခဲ့သည်။ အများအားဖြင့် ခရိကျွန်းသားများသည် ‘မုသာစွဲလမ်း၊ သားရဲကြမ်းကြုတ်၊ စားကြူးတုတ်တုတ်၊ လူယုတ်ပေများ’ ဖြစ်လေ့ဖြစ်ထရှိသည်။ ထို့ကြောင့် တိတုသည် ခရိကျွန်းပေါ်တွင် သတ္တိရှိရှိတည်တည်ကြည်ကြည်ဖြင့် လုပ်ဆောင်ဖို့ တစ်ဖန်လိုအပ်ပါလိမ့်မည်။ (တိတု ၁:၅၊ ၁၀-၁၂) ၎င်းသည် အလွန်ကြီးလေးသောတာဝန်တစ်ရပ်ဖြစ်သည်၊ အကြောင်းမှာ ယင်းသည် ထိုကျွန်းပေါ်တွင် ခရစ်ယာန်ဘာသာတရား၏အနာဂတ်ကို အဆုံးအဖြတ်ပေးဖွယ်ရှိသောကြောင့်ဖြစ်သည်။ ပေါလုသည် မှုတ်သွင်းခံရခြင်းအားဖြင့် ကြီးကြပ်မှူးများဖြစ်လာနိုင်သူများတွင် အဘယ်အရည်အချင်းကိုရှာဖွေရန် အတိအကျတင်ပြကာ တိတုကိုကူညီပေးခဲ့သည်။ ခရစ်ယာန်အကြီးအကဲများကို ခန့်အပ်ရာတွင် ထိုအရည်အချင်းများကိုအရေးပေးဆဲရှိသည်။
တိတုသည် အဘယ်အချိန်တွင် ခရိကျွန်းမှထွက်ခွာခဲ့ကြောင်းကို ကျမ်းစာက မဖော်ပြထားချေ။ သို့သော် အတိအကျမဖော်ပြခဲ့သော အချိန်တစ်ချိန်တွင် ခရီးတစ်ထောက်နားခဲ့ကြသော ဇေနနှင့်အာပေါလုတို့ကို ကူညီပေးရန် ပေါလုမှာကြားနိုင်သည့်အထိ ထိုတွင်သူရှိခဲ့သည်။ သို့ရာတွင် တိတုသည် ထိုကျွန်းပေါ်တွင် ကြာရှည်နေရတော့မည်မဟုတ်ချေ။ ပေါလုသည် ထိုနေရာသို့ အာတေမကိုလည်းကောင်း၊ တုခိတ်ကိုလည်းကောင်း စေလွှတ်ဖို့စီစဉ်နေ၍ တိတုမူကား ဂရိနိုင်ငံ၏အနောက်မြောက်ဘက်တွင်တည်ရှိသော နိကောပလိမြို့တွင် ပေါလုနှင့်တွေ့ဆုံရမည်ဖြစ်သည်။—တိတု ၃:၁၂၊ ၁၃။
စီ.အီး. ၆၅ ခန့်လောက်တွင် နောက်ထပ်တာဝန်တစ်ခုကိုထမ်းဆောင်ရန် သူ့ကို ပေါလုစေလွှတ်လိုက်ကြောင်း တိတုကိုရည်ညွှန်း၍ ကျမ်းစာ၏နောက်ဆုံးအကျဉ်းဖော်ပြချက်မှသိရှိရသည်။ ယင်းကြောင့် သူသည် မျက်မှောက်ခေတ် ခရိုအေးရှားနိုင်ငံရှိ အေဒရီအက်တစ်ပင်လယ်အရှေ့ဘက် ဒဲလ်မေရှာဒေသသို့ရောက်သွားခဲ့သည်။ (၂ တိမောသေ ၄:၁၀) ထိုတွင် တိတုလုပ်ကိုင်ရမည့်အလုပ်အကြောင်းကို မသိရသော်လည်း အသင်းတော်ကိစ္စများကိုစီမံပေးဖို့နှင့် သာသနာပြုလုပ်ငန်းထမ်းဆောင်ဖို့ဖြစ်သည်ဟူ၍ဆိုကြသည်။ သို့ဖြစ်လျှင် တိတုသည် ခရိကျွန်းတွင် သူဆောင်ရွက်ခဲ့သောအမှုမျိုး ထမ်းဆောင်ခဲ့မည်ဖြစ်သည်။
တိတုကဲ့သို့ ရင့်ကျက်သောကြီးကြပ်မှူးများရှိသည့်အတွက် မည်မျှကျေးဇူးတင်စရာပါတကား! ကျမ်းစာမူများကို သူတို့ရှင်းလင်းပြတ်သားစွာ နားလည်ခြင်းနှင့် ယင်းတို့ကို သတ္တိရှိရှိကြိုးစားကျင့်သုံးခြင်းသည် အသင်းတော်၏ဝိညာဉ်ရေးကို ကာကွယ်ရန် ထောက်ကူပေးသည်။ သူတို့၏ယုံကြည်ခြင်းကိုတုပပြီး ယုံကြည်သူချင်းများ၏ဝိညာဉ်ရေးရာကို ပံ့ပိုးပေးခြင်းဖြင့် တိတုကဲ့သို့သူများဖြစ်ကြောင်း သက်သေထူကြပါစို့။—ဟေဗြဲ ၁၃:၇။
[အောက်ခြေမှတ်ချက်များ]
a ဂလာတိ ၂:၃ တွင်တိတုကို ဂရိအမျိုးသား (ဟယ်လင်) တစ်ဦးအဖြစ် ဖော်ပြထားသည်။ ယင်းကြောင့် သူသည် ဂရိလူမျိုးမှဆင်းသက်လာသူဖြစ်ပေမည်။ သို့သော် ဂရိဘာသာစကားပြော၍ ဂရိယဉ်ကျေးမှု ကိုခံယူသော ဂရိလူမျိုးမဟုတ်သူများကို ရည်ညွှန်းရာတွင် ဗဟုဝုစ်ကိန်းပုံစံ (ဟယ်လင်နက်စ်) ကိုဂရိစာရေးဆရာအချို့ကအသုံးပြုတတ်သည်ဟု ဆိုကြသည်။ ဤသဘောမျိုးဖြင့် တိတုသည် ဂရိတစ်ဦးဖြစ်နိုင်စရာအကြောင်းရှိသည်။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
တိတုသည် ကောရိန္သုမြို့နှင့်အခြားနေရာများရှိ ခရစ်ယာန်များ၏အကျိုးအတွက် ရဲစွမ်းသတ္တိရှိသော လုပ်ဖော်ဆောင်ဖက်ဖြစ်ခဲ့