သင့်သွန်သင်ချက်ကိုအခြားသူများလက်ခံသလော
သင့်တော်သောသွန်သင်စကားကို လျောက်ပတ်စွာပေးတိုင်း ရလဒ်ကောင်းရစမြဲပင်။ မှန်ပါသလော။ မမှန်ပါ! ကျွမ်းကျင်စွာသွန်သင်တတ်သူတို့၏ အကောင်းဆုံးသွန်သင်စကားများပင် လျစ်လျူရှုခံရ သို့မဟုတ် ငြင်းပယ်ခံရတတ်သည်။—သု. ၂၉:၁၉။
မိမိ၏ညီအာဗေလအားမုန်းတီးခဲ့သူ ကာဣနကို ယေဟောဝါသွန်သင်ချိန်၌ ယင်းသို့ဖြစ်ပျက်ခဲ့သည်။ (ကမ္ဘာဦး ၄:၃-၅) ယင်းက ကာဣနအတွက်အန္တရာယ်ဖြစ်ပေါ်စေမည်ကိုသိလျက် ဘုရားသခင်က “သင်သည် အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက်သနည်း။ သင်သည် ကောင်းမွန်စွာပြုလျှင် အခွင့်မရသလော။ ကောင်းမွန်စွာမပြုလျှင်၊ အပြစ်ဖြေသောယဇ်ကောင်သည် တံခါးနားမှာဝပ်လျက်ရှိ၏။ သူသည် သင်၏အလိုသို့လိုက်၍၊ သင်သည်သူ့ကိုအုပ်စိုးရ၏” ဟုသူ့ကိုမိန့်တော်မူ၏။—ကမ္ဘာဦး ၄:၆၊ ၇။
ထိုနည်းဖြင့် ကာဣနသည် မိမိညီအပေါ်အငြိုးဆက်သိုနေမည်ဆိုလျှင် အပြစ်ကို သူ့အပေါ်ခုန်အုပ်မည့်သားရဲတစ်ကောင်နှင့် ယေဟောဝါနှိုင်းယှဉ်ခဲ့ခြင်းဖြစ်သည်။ (ယာကုပ် ၁:၁၄၊ ၁၅ နှိုင်းယှဉ်။) ကာဣနသည် ဘေးသင့်မည့်လမ်းစဉ်ကို ဆက်လိုက်နေမည့်အစား “ကောင်းမွန်စွာပြုရန်” သူ၏သဘောထားကိုပြောင်းလဲဖို့ အချိန်ရှိခဲ့သေးသည်။ ဝမ်းနည်းစရာမှာ ကာဣနထိုသို့မပြုခဲ့ပါ။ ယေဟောဝါ၏သွန်သင်မှုကို သူငြင်းပယ်ခဲ့သောကြောင့် ကြောက်မက်ဖွယ်ဆိုးကျိုးများကို ကြုံတွေ့ခဲ့ရသည်။
အချို့သူတို့သည် မည်သည့်သွန်သင်စကားမျိုးကိုမဆို မနှစ်သက်ငြင်းပယ်ကြသည်။ (သု. ၁:၂၂-၃၀) သွန်သင်စကားကို ငြင်းပယ်ခြင်းသည် သွန်သင်သူ၏အပြစ်ဟုဆိုနိုင်မည်လော။ (ယောဘ ၃၈:၂) အသင်သွန်သင်သူများသည် သွန်သင်စကားကို လက်မခံနိုင်ရန် ခက်ခဲစေသလော။ လူ့မစုံလင်မှုက ယင်းကို တကယ့်အန္တရာယ်ဖြစ်စေသည်။ သို့သော် ကျမ်းစာမူများကို ဂရုတစိုက်လိုက်လျှောက်လျှင် ထိုသို့ဖြစ်ဖို့အလားအလာနည်းစေနိုင်သည်။ အချို့တို့ကိုသုံးသပ်ကြည့်ကြစို့။
‘သိမ်မွေ့နူးညံ့သောစိတ်နှင့် သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့’
“ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိလျှင်ပင်၊ ဝိညာဉ်ပကတိသဘောရှိသော သင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောစိတ်နှင့် ထိုသို့သောသူကို၊ သူ၏နေရာ၌တည်မြဲတည်စေပြန်ကြလော့။” (ဂလာတိ ၆:၁၊ သမ္မာ) သို့ဖြင့် တမန်တော်ပေါလုက “ဝိညာဉ်ပကတိသဘောရှိ” သူတို့သည် “သတိလစ်၍ တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိ” သောခရစ်ယာန်တစ်ဦးအား သူ့နေရာ၌တည်မြဲတည်စေပြန်ဖို့ ကြိုးစားကူညီသင့်ကြောင်း ထောက်ပြခဲ့သည်။ တစ်ခါတစ်ရံ လူအချို့သည် သွန်သင်ရန်အရည်အချင်းမရှိဘဲ ဆုံးမလိုကြသည်။ ထို့ကြောင့် အခြားသူများကိုဆုံးမရန် စိတ်မစောပါနှင့်။ (သု. ၁၀:၁၉; ယာကုပ် ၁:၁၉; ၃:၁) ထိုသို့ပြုရန် ဝိညာဉ်ရေးရာအရည်အချင်းပြည့်မီသူများမှာ အဓိကအားဖြင့် အသင်းတော်အကြီးအကဲများဖြစ်ကြသည်။ ရင့်ကျက်သောမည်သည့်ခရစ်ယာန်မဆိုသည် ညီအစ်ကိုတစ်ဦး အန္တရာယ်ထဲလျှောက်လှမ်းနေသည်ကို သတိပြုမိလျှင် သတိပေးသင့်သည်မှာတော့ မှန်ပါသည်။
သင်သည် သွန်သင်မည်၊ သို့မဟုတ် အကြံပေးမည်ဆိုလျှင် သင်ပြောဆိုသမျှသည် လူ့အယူအဆနှင့် အတွေးအခေါ်များအပေါ်မဟုတ်ဘဲ ဘုရား [သခင်] ရေးရာဉာဏ်ပညာပေါ် အသေအချာအခြေပြုပါ။ (ကောလောသဲ ၂:၈) ချက်ပြုတ်ရာတွင်အသုံးပြုသော မည်သည့်ပစ္စည်းမဆိုသည် ကျန်းမာရေးနှင့်ညီညွတ်၍ အဆိပ်အတောက်ဖြစ်စေမည့်အရာများမဟုတ်ကြောင်း အသေအချာစစ်ဆေးသော ဂရုတစိုက်ရှိသည့် စားဖိုမှူးကဲ့သို့ဖြစ်ပါစေ။ သင့်သွန်သင်စကားသည် လူ့အယူအဆပေါ်လောက်သာမဟုတ်ဘဲ ဘုရားသခင့်နှုတ်မြွက်စကားတော်ပေါ် ခိုင်မြဲစွာအခြေပြုကြောင်း သေချာစေပါ။ (၂ တိမောသေ ၃:၁၆၊ ၁၇) သို့ပြုခြင်းဖြင့် သင်၏သွန်သင်စကားသည် သူတစ်ပါးကိုနစ်နာစေမည်မဟုတ်ကြောင်း စိတ်ချနိုင်ပါသည်။
သွန်သင်ရသည့်ရည်ရွယ်ချက်မှာ အပြစ်လုပ်သူကို စိတ်မပါဘဲပြောင်းလဲစေရန် အတင်းအဓမ္မတိုက်တွန်းဖို့မဟုတ်ဘဲ “သူ့နေရာ၌တည်မြဲတည်စေပြန်” ဖို့ဖြစ်သည်။ “သူ့နေရာ၌တည်မြဲတည်စေပြန်” ဟုပြန်ဆိုသော ဂရိဝေါဟာရသည် နေရာလွဲနေသောအရိုးတစ်ချောင်းကို ထပ်မံမပျက်ယွင်းစေရန် နေရာမှန်၌ပြန်ရှိစေခြင်းနှင့်ဆိုင်သည့် အသုံးအနှုန်းတစ်ခုနှင့် ဆက်စပ်နေသည်။ အဘိဓာန်ပြုစုသူ ဒဗ္ဗလျူ. အီး. ဗိုင်းက “သို့ဖြစ်လာရန် သည်းခံမှုနှင့် စွဲမြဲတည်ကြည်မှုလိုအပ်” ကြောင်းလည်းဖော်ပြ၏ဟုဆိုသည်။ မနာကျင်စေရန် ညင်သာစွာနှင့် ကျွမ်းကျင်စွာကိုင်တွယ်ပေးဖို့လိုသည်ကိုလည်း ထည့်တွက်ပါ။ အလားတူ သွန်သင်ခံရသူ၏စိတ်ကိုမထိခိုက်ရန် သတိထားဖို့လိုပါသည်။ တစ်စုံတစ်ဦးက သွန်သင်ချက်တောင်းခံသည့်အခါ၌ပင် ယင်းသည်အတော်ပင်ခက်ခဲပေသည်။ မတောင်းခံသည့်အခါ ပိုမိုကျွမ်းကျင်လိမ္မာပါးနပ်ဖို့လိုပေသည်။
လူတစ်ဦးနှင့် စိမ်းနေလျှင် “သူ့နေရာ၌တည်မြဲတည်စေပြန်” နိုင်မည်မဟုတ်သည်ကား သေချာသည်။ ထိုသို့မဖြစ်စေရန် “မေတ္တာကရုဏာနှင့်ဆိုင်သော သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို” တင်ပြဖို့လိုကြောင်း စွဲမှတ်ထားပါ။ (ကောလောသဲ ၃:၁၂) ဆရာဝန်တစ်ဦးသည် စိတ်တို၍ မလိုအပ်ဘဲကြမ်းတမ်းမည်ဆိုလျှင် လူနာဖြစ်သူသည် သူ၏အကြံပေးချက်ကို လျစ်လျူရှုကာ လိုအပ်သောကုသမှုအတွက် သူ့ထံသို့ပြန်လာတော့မည်မဟုတ်ပေ။
ယင်းက သွန်သင်ချက်သည် ခိုင်မာမှုမရှိသင့်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ ယေရှုခရစ်သည် အာရှိပြည်ရှိအသင်းတော် ခုနစ်ခုကိုသွန်သင်ခဲ့ရာတွင် ခိုင်မာပြတ်သားခဲ့သည်။ (ဗျာဒိတ် ၁:၄; ၃:၁-၂၂) ကိုယ်တော်သည် ကြားနာကာ လိုက်နာကျင့်သုံးဖို့လိုသည့် ဆုံးမစကားကိုတဲ့တိုးပေးခဲ့သည်။ သို့သော် ယေရှုသည် ကောင်းကင်ခမည်းတော်၏ နှစ်လိုဖွယ်စိတ်သဘောထားကို ထင်ဟပ်ကာ သူ၏ခိုင်မာပြတ်သားမှုသည် ထောက်ထားစာနာမှု၊ ကြင်နာမှုစသည့် အရည်အချင်းများနှင့် အစဉ်မျှတလျက်ရှိသည်။—ဆာလံ ၂၃:၁-၆; ယောဟန် ၁၀:၇-၁၅။
တင့်တယ်လျောက်ပတ်စွာဆုံးမခြင်း
“လူအသီးသီးတို့အား အဘယ်သို့ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံလျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။” (ကောလောသဲ ၄:၆) ဆားသည် စားစရာကိုအရသာပိုရှိစေနိုင်ပြီး စားချင်စဖွယ်ဖြစ်စေသည်။ သင့်သွန်သင်စကားကို သဘောကျစေလိုလျှင် “ဆားအားဖြင့်ငန်သောအရသာနှင့် ပြည့်စုံလျက်၊ . . . တင့်တယ်လျောက်ပတ်” စွာပေးရမည်။ သို့ရာတွင် အကောင်းဆုံးပစ္စည်းများကိုအသုံးပြုလျက်ပင် အရသာရှိရှိမချက်မပြုတ်ဘဲ၊ စားချင်စဖွယ်မရှိဘဲ တည်ခင်းထားနိုင်သည်။ ယင်းက မည်သူ့ခံတွင်းကိုမျှလိုက်စေမည်မဟုတ်ပေ။ အမှန်ဆိုလျှင် အရသာမရှိသောအစာတစ်လုပ်စာကိုပင် မျိုချရန်ခက်နေပေမည်။
သွန်သင်မှုပေးသည့်အခါ အခန့်သင့်သောစကားလုံးများကို ရွေးချယ်ဖို့အရေးကြီးသည်။ ပညာရှိရှောလမုန်က “အခန့်သင့်ပြောဆိုသောစကားတစ်ခွန်းသည် ငွေထည်တွင်ရှိသော ရွှေပန်းသီးများနှင့်တူသည်” ဟုဆိုခဲ့သည်။ (သု. ၂၅:၁၁၊ ကဘ) သူသည် လှပစွာထွင်းထားသောငွေထည့်စရာတွင် တည်ခင်းထားသည့် လက်ရာပြောင်မြောက်စွာပြုလုပ်ထားသော ရွှေပန်းသီးများကိုမြင်ယောင်ခဲ့ပေမည်။ ယင်းသည် မည်မျှမျက်စိပသာဒဖြစ်ပြီး ယင်းကို လက်ဆောင်တစ်ခုအဖြစ်ရရှိလျှင် မည်မျှကျေးဇူးတင်လိုက်မည်ဖြစ်ခြင်း! ထပ်တူပင်၊ ကောင်းစွာရွေးချယ်ထားသော သင့်တော်သည့်စကားများသည် သင်ကြိုးစားကူညီပေးနေသူအတွက် အလွန်နှစ်လိုဖွယ်ဖြစ်ပေမည်။—ဒေ. ၁၂:၉၊ ၁၀။
ယင်းနှင့်ဆန့်ကျင်လျက် “ကြမ်းတမ်းသောစကားမူကား၊ အမျက်ကိုနှိုးဆော်တတ်၏။” (သု. ၁၅:၁) မလျောက်ပတ်သောစကားများကြောင့် ကျေးဇူးတင်ခံရမည့်အစား အလွယ်တကူစိတ်နာစရာ၊ ဒေါသထွက်စရာဖြစ်စေနိုင်သည်။ အမှန်ဆိုလျှင် မလျောက်ပတ်သောစကားသာမက အသံနေအသံထားကလည်း အမှန်တကယ်ကောင်းမွန်သောသွန်သင်ချက်ကို လက်မခံနိုင်စရာဖြစ်စေပေမည်။ လိမ္မာပါးနပ်မှုမရှိ၊ စာနာထောက်ထားမှုမရှိဘဲသွန်သင်ခြင်းသည် တစ်စုံတစ်ဦးကို ထားလက်နက်နှင့်တိုက်ခိုက်သကဲ့သို့ ထိခိုက်နစ်နာစေနိုင်သည်။ နယပုံပြင် ၁၂:၁၈ က “သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သောလူတချို့ရှိ၏” ဟုဆိုသည်။ မဆင်မခြင်ပြောဆို၍ သွန်သင်ချက်ကိုနားထောင်ဖို့ အဘယ်ကြောင့်ခက်ခဲစေရမည်နည်း။—သု. ၁၂:၁၅။
ရှောလမုန်ပြောသကဲ့သို့ သွန်သင်ချက်သည် “အခန့်သင့်ပြောဆိုသောစကား” ဖြစ်သင့်သည်။ သွန်သင်ချက်ကိုအောင်မြင်စေလိုလျှင် အချိန်အခါသည်အလွန်အရေးပါသည်! ခံတွင်းပျက်နေသူတစ်ဦးသည် အစားအသောက်ကို အလေးထားမည်မဟုတ်သည်မှာသိသာသည်။ မကြာသေးမီက အဝစားထားသောကြောင့် သို့မဟုတ် ဖျားနေသောကြောင့်ဖြစ်ကောင်းဖြစ်ပေမည်။ အစာမစားလိုသူတစ်ဦးကို အတင်းအဓမ္မကျွေးခြင်းသည် ပညာရှိရာမကျသကဲ့သို့ လက်ခံနိုင်ဖွယ်လည်းမဟုတ်ပါ။
နှိမ့်ချသောစိတ်နှင့်ဆုံးမခြင်း
“သင်တို့သည် . . . ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့။ ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်ဇောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှမပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်ထင်မှတ်ကြလော့။ ကိုယ့်အမှုအရာကိုသာမရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။” (ဖိလိပ္ပိ ၂:၂-၄) ကောင်းစွာသွန်သင်ပေးသူတစ်ဦးဖြစ်မည်ဆိုလျှင် သူတစ်ပါးအကျိုးကို ‘စိတ်ဝင်စားခြင်း’ ၏လှုံ့ဆော်မှုကိုခံရပေမည်။ ထို့ပြင် အခြားသူများသည် မိမိထက်သာသည်ဟုထင်မှတ်ကာ ဝိညာဉ်ရေးရာညီအစ်ကို၊ ညီအစ်မများနှင့်ဆက်ဆံရာတွင် “နှိမ့်ချသောစိတ်” ကိုတင်ပြပေမည်။ ယင်းက အဘယ်အရာကိုဆိုလိုသနည်း။
နှိမ့်ချသောစိတ်က အထက်စီးသဘောထားမျိုးတင်ပြခြင်း၊ ထိုသို့သောလေသံမျိုးအသုံးပြုခြင်းကို ရှောင်ရှားစေမည်။ ယုံကြည်သူချင်းတို့ထက်သာသည်ဟု ထင်စရာအခြေခံအကြောင်း ကျွန်ုပ်တို့တစ်ဦး၌မျှမရှိချေ။ ကျွန်ုပ်တို့အားလုံး အခါအားလျော်စွာ မှားတတ်ကြသည်။ သူတစ်ပါး၏နှလုံးကို မမြင်နိုင်သောကြောင့် သင်သွန်သင်ချက်ပေးသောသူ၏သဘောထားများကို မစီရင်မိဖို့အလွန်အရေးကြီးသည်။ သူ့တွင် မကောင်းသောရည်ရွယ်ချက် တစ်စုံတစ်ရာမျှမရှိဘဲ မှားယွင်းသည့်သဘောထား သို့မဟုတ် လုပ်ရပ်တစ်စုံတစ်ခုကိုမျှ သတိမပြုမိဘဲဖြစ်နိုင်သည်။ သူသည် ဘုရားသခင့်တောင်းဆိုချက်များနှင့် မကိုက်ညီနေကြောင်းသတိပြုမိလျှင်ပင် သူ၏ဝိညာဉ်ရေးကောင်းကျိုးကို အမှန်စိတ်ဝင်စားသည့်သဘောမျိုးဖြင့် နှိမ့်ချစွာသွန်သင်ခဲ့မည်ဆိုလျှင် လက်ခံဖို့အမှန်လွယ်ကူပေလိမ့်မည်။
သင့်ကိုထမင်းစားဖိတ်ထားပြီး အိမ်ရှင်ဖြစ်သူက အေးတိအေးစက်၊ အထင်သေးသည့်အမူအရာဖြင့်ဆက်ဆံမည်ဆိုလျှင် သင်မည်သို့ခံစားရမည်ကိုစဉ်းစားကြည့်ပါ! စားကောင်းမည်မဟုတ်သည်မှာသေချာသည်။ အမှန်အားဖြင့် “ဆူအောင်ကျွေးသောနွားတစ်ကောင်လုံးကို အချင်းချင်းအငြိုးထားသောစိတ်နှင့်စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တစ်နပ်စာသည် သာ၍ကောင်း၏။” (သု. ၁၅:၁၇) ထိုနည်းတူ သွန်သင်သူသည် မိမိသွန်သင်နေသူကိုမနှစ်သက်၍ သူ့ကိုနှိမ်မည်၊ အရှက်ရစေမည်ဆိုလျှင် အကောင်းဆုံးသွန်သင်ချက်ကိုပင်လျှင် လက်ခံနိုင်ဖို့ခက်ခဲပေလိမ့်မည်။ သို့ရာတွင် ချစ်ခြင်းမေတ္တာ၊ အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုတို့က ဆုံးမမှုကို အပေးအယူပြုရန်လွယ်ကူစေပါလိမ့်မည်။—ကောလောသဲ ၃:၁၄။
လက်ခံခဲ့သောဆုံးမစကား
ပရောဖက်နာသန်သည် ဒါဝိဒ်မင်းကြီးကိုသွန်သင်ခဲ့သောအခါ နှိမ့်ချသည့်စိတ်ကိုတင်ပြခဲ့သည်။ နာသန်ပြောဆိုပြုမူပုံက ဒါဝိဒ်ကိုမေတ္တာရှိရုံမက လေးစားကြောင်းပေါ်လွင်သည်။ သွန်သင်မှုကို ဒါဝိဒ်နားထောင်ရန် ခဲယဉ်းကောင်းခဲယဉ်းနိုင်မည့်ကိစ္စကိုထည့်တွက်ကာ နာသန်သည် ပုံဥပမာတစ်ခုဖြင့်စကားစတင်ခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၂:၁-၄) ဗာသရှေဘနှင့်ပတ်သက်သောကိစ္စတွင် မတွေ့ရသော်ငြားလည်း ဒါဝိဒ်၏တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းကိုမြတ်နိုးမှုကိုအခြေပြု၍ ပရောဖက်မေတ္တာရပ်ခံခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၁:၂-၂၇) ပုံဥပမာ၏အဓိကအချက်ကို အလေးအနက်ဖော်ပြခဲ့သောအခါ ဒါဝိဒ်က “ငါသည် ထာဝရဘုရားကိုပြစ်မှားပါပြီ” ဟုနှလုံးပါစွာတုံ့ပြန်ခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၂:၇-၁၃) ယေဟောဝါအားနားမထောင်ခဲ့သော ကာဣနနှင့်မတူဘဲ ဒါဝိဒ်သည် ပဲ့ပြင်မှုကိုနှိမ့်ချစွာလက်ခံခဲ့သည်။
ယေဟောဝါသည် ဒါဝိဒ်၏မစုံလင်မှုနှင့် မလိုလားဖွယ်တုံ့ပြန်နိုင်သည့်အလားအလာကို ထည့်တွက်စေရန် နာသန်အားလမ်းညွှန်ပေးခဲ့မည်မှာသေချာသည်။ နာသန်သည် အလွန်လိမ္မာပါးနပ်စွာ ဆောင်ရွက်ခဲ့ပြီး ယေဟောဝါ၏ခန့်အပ်ခံဘုရင်ဖြစ်သည့် ဒါဝိဒ်၏အဆင့်ရာထူးကြောင့် သူ့ကိုမိမိထက်သာသည်ဟု အမှန်ပင်ယူမှတ်ခဲ့သည်။ သင်သည် အခွင့်အာဏာရှိမည်ဆိုလျှင် သင့်လျော်စွာဆုံးမပေးရပေမည်၊ သို့သော် နှိမ့်ချမှုမရှိပါက ဆုံးမခြင်းကိုခံယူဖို့ခက်ခဲနိုင်သည်။
နာသန်သည် နူးညံ့သောသဘောနှင့် ဒါဝိဒ်ကိုတည့်မတ်ပေးခဲ့သည်။ ပရောဖက်၏စကားများသည်တင့်တယ်လျောက်ပတ်၍ ဒါဝိဒ်အတွက်အကျိုးအရှိဆုံးဖြစ်နိုင်သည့်နည်းဖြင့် သူတုံ့ပြန်နိုင်စေရန် အသေအချာပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ နာသန်သည် ကိုယ်ကျိုးမရှာခဲ့သကဲ့သို့ ဒါဝိဒ်ထက် ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးဘက်သာသည့်အနေအထားမျိုးယူရန်လည်း မကြိုးစားခဲ့ချေ။ သင့်တော်သည့်စကားကို လျော်ကန်သည့်နည်းဖြင့်ပြောဆိုခြင်းအတွက် အလွန်ကောင်းသောပုံသက်သေပါတကား! အလားတူစိတ်ဓာတ်ကို တင်ပြမည်ဆိုလျှင် သင်၏သွန်သင်ချက်ကို သူတစ်ပါးလက်ခံနိုင်စရာအကြောင်းများစွာရှိသည်။
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
သင်၏သွန်သင်ချက်သည်အာဟာရရှိသောအစားအစာကဲ့သို့ အကျိုးပြုသင့်သည်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
သင်၏သွန်သင်ချက်ကိုငွေလင်ပန်းထဲမှရွှေပန်းသီးများကဲ့သို့ အလွန်နှစ်လိုဖွယ်ဖြစ်စေသလော
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ပရောဖက်နာသန်သည် နှိမ့်ချစွာဖြင့် ဒါဝိဒ်၏တရားမျှတမှုနှင့်ဖြောင့်မတ်ခြင်းအားမြတ်နိုးမှုကိုအခြေပြု၍ မေတ္တာရပ်ခံခဲ့