တရားမမျှတမှုကို ဘုရားဘာမျှ မလုပ်ဘဲ ထာဝစဉ် နေမည်လော
“တရားကိုမတရားဘူး။” တရားမျှတမှုကို သရော်နေကြောင်း ထင်ရှားသည့်အဖြစ်ကို ကျောင်းသူလေးခံစားခဲ့ရသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ကာ ဒေါသထွက်နေကြောင်းထင်ရှားသည်။ “ဘုရားသခင်တကယ်ရှိတယ်ဆိုရင် ဒီလိုမတရားမှုမျိုးကို သူဘာကြောင့်ခွင့်ပြုရတာလဲ” ဟုသူမပြောသည်။ ဤအမျိုးသမီးငယ်ကို သင်ကိုယ်ချင်းစာနာနိုင်ပါသလော။ စာနာနိုင်ပေမည်။ သို့သော် သူ့ကန့်ကွက်ချက်ကိုသင်ဖြေဆိုပေးနိုင်ပါမည်လော။
ငယ်စဉ်က မတရားစွာပြုကျင့်ခံရခြင်းကို သင့်မိဘများခွင့်ပြုခဲ့ရပြီလောဟု တစ်ခါတစ်ရံသင်ခံစားမိမည်။ သို့သော် တရားမျှတမှုကင်းမဲ့စွာခံရသည့်အတွက် မိဘမရှိဟုသက်သေပြချက်မဟုတ်ပေ။ ထိုနည်းတူစွာ တရားမမျှတမှုကိုဘုရားသခင်ခွင့်ပြုထားသဖြင့် ကိုယ်တော်မတည်ရှိဟု သက်သေထူသည်မဟုတ်ပါ။
သို့ရာတွင် ကျောင်းသူလေးက ဤကိစ္စနှင့်ခြားနား၏ဟုဖြေဆိုသည်။ မစုံလင်သောဖခင်တစ်ဦးကိုယ်တိုင်ပင်လျှင် တရားမျှတမှုကင်းမဲ့ကောင်း ကင်းမဲ့နိုင်သည်ဟုသူတင်ပြသည်။ သို့မဟုတ် အကြောင်းစုံကိုမသိသည့်အတွက် တရားမမျှတမှုကို တွေ့မြင်သည့်တိုင် မတရားသည်ကိုမသိဘဲဖြစ်မည်။ ၄င်းပြင် လူ့အားနည်းချက်များကြောင့် တရားမမျှတမှုကိုဖြေရှင်းရန်တတ်နိုင်မည်မဟုတ်။ သို့သော် အနန္တတန်ခိုးရှင်၊ ထူးကဲသောဉာဏ်တော်ရှင်၊ တရားမျှတသောဘုရားသခင်ဖြစ်သည့်အတွက် ထိုသို့ဖြစ်စရာမလိုဟု သူမဆင်ခြေပေးသည်။
ဘုရားသခင့်အရည်အချင်းများနှင့် တရားမျှတမှုမရှိခြင်းကိုခွင့်ပြုထားခြင်းသည် မအပ်စပ်မဆီလျော်ဟု အသင်လည်းအထင်ရှိနေမည်။ သို့ဖြစ်လျက်ပင် ကိုယ်တော်၏အဆုံးမရှိဉာဏ်တော်ကြောင့် မတရားမှုကို အကြောင်းရှိ၍ ကာလတစ်ကာလခွင့်ပြုထားခြင်းမဖြစ်နိုင်ပေလော။
သမ္မာကျမ်းစာရေးသားသူတို့က ဘုရားသခင်သည် “ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းကိုနှစ်သက်တော်မူ၏” ဟုအသိအမှတ်ပြုကြသည်။ “စီရင်တော်မူသမျှသည် တရားနှင့်ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားဖြစ်တော်မူ၏” ဟုမောရှေရေးသားခဲ့သည်။—ဆာလံ ၃၃:၅။ တရားဟောရာ ၃၂:၄။ ယောဘ ၃၇:၂၃။
တရားမမျှတမှုကို နှစ်မြို့တော်မမူသည့် တရားမျှတသောဘုရားသခင်အဖြစ် ယေဟောဝါကိုယူမှတ်သည့်အပြင် ၄င်းကိုပယ်ဖျက်တော်မူမည်ဟု ကျမ်းရေးသူတို့သဘောတူညီကြသည်။ ဟေရှာယဤအခြေအနေကို ကြိုတင်ဟောထားသည်။ “ကြည့်ရှုလော့။ တရားသဖြင့်အုပ်စိုးသောရှင်ဘုရင်တစ်ပါးပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ်တို့သည် တရားသဖြင့်စီရင်ကြလိမ့်မည်။ ထိုအခါ တော၌ကား တရားသဖြင့်စီရင်ခြင်းတည်၍ အသီးအနှံများသောလယ်သည် တောအုပ်ကဲ့သို့မှတ်ရသောကာလမရောက်မီတိုင်အောင် ထိုသို့ဖြစ်ကြလိမ့်မည်။” (ဟေရှာယ ၃၂:၁၊ ၁၆) သို့သော် အဘယ်အချိန်တွင် ဖြစ်မည်နည်း။ တရားမမျှတမှုကို ဤလောကမှဘုရားသခင်ပပျောက်စေလိုလျှင် အစကတည်းက အဘယ်ကြောင့်ခွင့်ပြုရသနည်း။
တရားမမျှတမှု—အဘယ်ကြောင့်ခွင့်ပြုထားရ
တစ်ချိန်တစ်ခါက တရားမမျှတမှုလုံးလုံးမရှိခဲ့ပါ။ စာတန်မာရ်နတ်၏ တိုက်တွန်းမှုကြောင့် အာဒံနှင့်ဧဝ ပုန်ကန်ပြီးနောက်မှသာလျှင် တရားမမျှတမှုကို လူသားတို့သိရှိလာသည်။ ပုန်ကန်ချိန်တွင် စာတန်ချက်ချင်းဖျက်ဆီးမခံရပါ။ ကိုယ်တော်၏ ရည်ရွယ်တော်မူချက်ကောင်းအတွက် လူသည်တရားမမျှတမှုများကို ပြုမူကျင့်ကြံရန်အချိန်ကို ဘုရားသခင်ခွင့်ပြုထားခြင်းဖြစ်သည်။ ယင်းသို့ပြုခြင်းအားဖြင့် ကိုယ်တော်ကိုမြတ်နိုးသူများ သစ္စာရှိ မရှိစမ်းသပ်ခံစေသည်။ သမာဓိစောင့်သိသူများဖြစ်ရန် သူတို့ရွေးချယ်ခြင်းအားဖြင့် လူသားအပေါင်းကို ဘုရားသခင်မှစာတန်ကျောမခိုင်းစေနိုင်ကြောင်း သက်သေထူစေမည်။ ဤနည်းဖြင့် ဘုရားသခင့်အချုပ်အခြာအာဏာသင်္ကာယနကင်းရှင်းသည့်နောက် စာတန့်လုပ်ရပ်များအားလုံး ဖျက်ဆီးခံရမည်။ တရားမမျှတမှု ဟူသ၍လည်းပျောက်ပျက်သွားလိမ့်မည်။
ဤအတောအတွင်း တရားမျှတမှုကင်းမဲ့စွာ လူတို့မကျင့်ကြံရန် ဘုရားသခင်အကြပ်ကိုင်မည်ဆိုလျှင် လူတို့၏လွတ်လပ်စွာရွေးချယ်ပြုမူခွင့်ကို ဘုရားသခင်ရုတ်သိမ်းရာရောက်ပေမည်။ ထို့ပြင် သူတစ်ပါးပြုသောအမှားတို့၏အကျိုးဆက်ကို လူတို့အားခံစားစေခြင်းအားဖြင့် ဘုရားသခင့်ပညတ်တော်ကို အာဒံနှင့်ဧဝသည် တရားမျှတမှုနှင့်မညီချိုးဖျက်ပြီး မိမိတို့၏ပျက်ယွင်းသောစံချိန်များနှင့်အစားထိုးသည့်အတွက် မည်မျှဆိုးရွားကြောင်း သဘောပေါက်နားလည်စေသည်။ လူသားစိုက်သည်အတိုင်းရိတ်စေခြင်းအားဖြင့် ကိုယ်တော်နည်းလမ်းတော်အတိုင်းပြုမူခြင်းသည် မည်မျှသာလွန်ကောင်းမြတ်သည်ကို စိတ်ရိုးရှင်းသူတို့အား အသိအမှတ်ပြုစေတော်မူသည်။—ယေရမိ ၁၀:၂၃။ ဂလာတိ ၆:၇။
၄င်းပြင် လူတို့ပြုသည့် တရားမျှတသော၊ သို့မဟုတ် တရားမျှတမှုမရှိသောအကျင့်များသည် တရားမျှတမှုအပြည့်အဝရှိမည့်ကမ္ဘာသစ်တွင် မြေကြီးပေါ်မည်သူနေထိုက်ကြောင်း တရားစီရင်ရန် ဘုရားသခင်အတွက် ခိုင်လုံသောသာဓကရှိစေသည်။ ယင်းနှင့်စပ်လျဉ်း၍ ဤသို့ဖတ်ရသည်။ “မတရားသောသူသည် မိမိပြုမိသမျှသောဒုစရိုက်တို့ကိုကြဉ်ရှောင်လျက် ငါစီရင်ထုံးဖွဲ့သမျှတို့ကိုစောင့်ရှောက်၍ တရားသောအမှု၊ ဟုတ်မှန်သောအမှုတို့ကိုပြုလျှင် သေခြင်းနှင့်လွတ်၍ စင်စစ်အသက်ရှင်ရလိမ့်မည်။”—ယေဇကျေလ ၁၈:၂၁။
တရားမျှတမှုမရှိခြင်း မည်သည့်အခါ ကွယ်ပျောက်မည်နည်း
လူသားအပေါ် ယေဟောဝါဘုရားသခင်သည် တရားသဖြင့်အမြဲပြုတော်မူခဲ့ပြီ။ မေတ္တာကရုဏာတော်လည်း တင်ပြတော်မူခဲ့ပြီ။ ယင်းကိုသဘောပေါက်စေရန် ဘုရားသခင့်အမှုတော်ကိုသစ္စာရှိသူအာဗြဟံ နားမလည်နိုင်သည့်အခါ ကိုယ်တော်အားပြောဆိုခဲ့သည့်စကားများကိုကြည့်ပါ။ “ထိုသို့ပြု၍ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင့်ဝေးပါစေသတည်း။ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့ကဲ့သို့ခံစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေသတည်း။ မြေကြီးလုံးကိုစီရင်တော်မူသောသခင်သည် တရားသဖြင့်ပြုတော်မူမည်မဟုတ်လော။” (ကမ္ဘာဦး ၁၈:၂၅) ခရစ်တော်ကြွလာသည်နှင့် ဘုရားသခင်၏တရားမျှတမှုနှင့် မေတ္တာကရုဏာတော်သည် ပိုမိုထင်ရှားလာလေသည်။ ခရစ်တော်ယေရှုအားဖြင့် ရွေးနှုတ်ဖိုးအစီအစဉ်သည် ဂျူးနှင့်ဂျူးမဟုတ်သူ၊ လူတိုင်းအတွက် ထာဝရအသက်ရရှိရန်လမ်းကို ဖွင့်ပေးစေသည်။ ယင်းကြောင့် တမန်တော်ပေတရုဤသို့မိန့်တော်မူခဲ့သည်။ “အကယ်စင်စစ် ဘုရားသခင်သည်လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကိုငါသိမြင်၏။”—တမန်တော် ၁၀:၃၄၊ ၃၅။
ဘုရားသခင့်မေရှိယဘုရင်စိုးစံနေတော်မူပြီဖြစ်၍ ကမ္ဘာပေါ်တွင်တရားမျှတမှုအပြည့်အဝရှိမည့်အချိန် ရောက်လုနီးပြီဖြစ်ကြောင်း ယေဟောဝါသက်သေများသည်တက်ကြွစွာကြေညာနေသည်။aထိုအမှုသည် လက်ရှိတရားမျှတမှုမရှိသောလောကကို အဆိုပါမင်းမြတ်ဖျက်ဆီးပြီး လောက၏မျက်မြင်မရဘုရား စာတန်မာရ်နတ်တန်ခိုးကိုချိုးဖျက်ခြေမှုန်းသည့်အခါ ဖြစ်ပျက်လာမည်။ အာမဂေဒုန်ဟုအများသိသော “အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ကြီးစစ်ပွဲ” တွင် ထိုသို့ဖြစ်ပျက်ရမည်ဟု သမ္မာကျမ်းစာဖေါ်ပြထားသည်။—ဗျာဒိတ် ၁၆:၁၄၊ ၁၆။
“ဘုရားသခင်သည် ဒဏ်ပေးသောအမှုကိုပြုတော်မူလျှင် မတရားသောအမှုကိုပြုတော်မမူ” သည့်အတွက် အာမဂေဒုန်သည် တရားမျှတသောစစ်ပွဲဖြစ်လိမ့်မည်။ (ရောမ ၃:၅) ထို့နောက် ခရစ်တော်ယေရှုနှင့် တမန်တော်များအပါအဝင် ကိုယ်တော်၏အမွေခံအစိုးရသူများသည် ကောင်းကင်မှအနှစ်တစ်ထောင်အုပ်ချုပ်တော်မူမည်။ (ဗျာဒိတ် ၂၀:၄) လွန်လေပြီးသောကာလက တရားမျှတမှုမရှိသည့်ဆိုးကျိုးများကိုခံခဲ့ရသူ သန်းပေါင်းများစွာတို့သည် လူသား၏ အစကနဦးနေအိမ်၊ ဖြောင့်မတ်သောကမ္ဘာ့အစီအစဉ်စနစ်သို့ ရှင်ပြန်ထမြောက်လာကြမည်။ ထိုအခါ ပြည့်ဝစုံလင်သောတရားမျှတမှုကို သူတို့ဘဝအသက်တာတွင် ပထမဦးဆုံးအကြိမ်တွေ့ကြုံခံစားရကြလိမ့်မည်။
‘ဘုရားသခင်သည် မတရားသောအမှုကိုပြုတော်မူသည်ဟု ပြောရမည်လော’
ဘုရားသခင့်အမှုတော်တစ်ခုနှင့်စပ်လျဉ်း၍ တမန်တော်ပေါလုထိုသို့မေးမြန်းခဲ့သည်။ အဖြေကော။ “ထိုသို့မပြောရ” ဟုပေါလုရေးသားသည်။ အမျက်တော် သို့မဟုတ်ကရုဏာတော်ခံထိုက်သည့် ရွှံ့မှမြေအိုးများပြုလုပ်သူ ပုံသွင်းထားသည့်မြေအိုးများနှင့် လူသားကိုနှိုင်းကာ ပေါလုဤသို့ရှင်းပြသည်။ “ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ၍ တန်ခိုးတော်ကိုအလွန်သည်းခံခြင်းခန္တီနှင့် သည်းခံတော်မူသည်မှန်လျှင် အဘယ်ပြောဖွယ်ရှိအံ့နည်း။ . . . ငါတို့၌ ဘုန်းအာနုဘော်တော် ကြွယ်ဝခြင်းကိုထင်ရှားစေခြင်းငှာ ပြုတော်မူသည်မှန်လျှင် အဘယ်ပြောဖွယ်ရှိအံ့နည်း။”—ရောမ ၉:၁၄၊ ၂၀-၂၄။
ယေဘုယျအားဖြင့် တရားမျှတမှုမရှိခြင်းကိုလည်းကောင်း၊ အပြစ်တစ်ခုခုကိုလည်းကောင်း ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုထားရကြောင်း အထက်တွင်ဖေါ်ပြသော ကျောင်းသူမလေးနည်းတူ အသင်လည်းနားလည်ရခက်သည့်အချိန်များရှိမည်။ သို့သော် ကိုယ်တော်ပုံသွင်းပြုလုပ်ထားသည့် ကျွန်ုပ်တို့သည် ကိုယ်တော်၏သည်းခံခြင်းတရားနှင့် ဉာဏ်ပညာတော်ကို မေးမြန်းရရန် မည်သူဖြစ်၍နည်း။ ယောဘအားယေဟောဝါ ဤသို့မေးမြန်းတော်မူသည်။ “သင်သည်ငါ့တရားစီရင်ချက်ကိုပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှာ ငါ့ကိုအပြစ်ရှိသည်ဟုစီရင်မည်လော။”—ယောဘ ၄၀:၈။
ထိုအပြစ်ကို ကျွန်ုပ်တို့ဘယ်သောအခါမျှမပြုလိုပါ။ ထိုသို့ဖြစ်မည့်အစား တရားမျှတမှုမရှိခြင်းသည် ယနေ့တိုင်တည်ရှိသေးသော်လည်း တရားမျှတသောဘုရားသခင်သည် မြေကြီးတစ်ပြင်လုံးပေါ်မှ ၄င်းကိုများမကြာမီပပျောက်စေတော်မူမည်ကို သိရှိထားရ၍ ဝမ်းမြောက်လိုကြမည်။
[အောက်ခြေမှတ်ချက်များ]
a ၁၉၁၄ ခုနှစ်တွင် ကမ္ဘာပေါ်မျက်မြင်မရအုပ်ချုပ်မှုကို ဘုရားသခင့်နိုင်ငံတော်စတင်ခဲ့ကြောင်း သာဓကများအတွက် ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်းထုတ်ဝေထားသည် သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင် စာအုပ်၊ စာမျက်နှာ ၁၃၄-၄၁ ကိုကြည့်ပါ။ “ဆိုးသွမ်းမှုကို ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုသနည်း” အကြောင်း ယင်းစာအုပ်တွင်ပါသည်။
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
တရားမျှတမှုမရှိခြင်းကို ခွင့်ပြုထားသည့်အတွက် ဘုရားသခင်မရှိဟု အဘယ်နည်းနှင့်မျှသက်သေမထူ
သောက်ကြူးသောကားမောင်းသူတစ်ဦး အသိဉာဏ်၊ ချုပ်တည်းမှုနှင့်စာနာမှု အစရှိသောအရည်အချင်းများကို အသုံးမပြုသည့်အတွက် ဘုရားသခင်ကိုအပြစ်ဆိုမည်လော
ကမ္ဘာပေါ်တရားမျှတမှုအပြည့်အဝရှိလာမည့်အချိန် ရောက်လုနီးပြီ