စာရှုသူများထံမှ မေးခွန်းလွှာ
ဂလာတိ ၆:၈ (ကဘ) အရ “မိမိဇာတိပကတိအလို့ငှာ စိုက်ပျိုးသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်အလို့ငှာစိုက်ပျိုးသောသူသည် ဝိညာဉ်မှထာဝရအသက်ရှင်ခြင်းကိုရိတ်ရမည်။” အဘယ် “ဝိညာဉ်” ကိုဆိုလိုသနည်း။ သို့ဖြင့် အသက်ရှင်ခြင်းကို မည်သို့ရိတ်ရမည်နည်း။
“ဝိညာဉ်” ဟုပြန်ဆိုထားသည့် ဟေဗြဲနှင့်ဂရိစကားလုံးများသည် ဤကဲ့သို့အဓိပ္ပာယ်အမျိုးမျိုးရှိသည်– (၁) ဘုရားသခင်၏ တက်ကြွလှုပ်ရှားသောစွမ်းအား၊ (၂) လူသား သို့မဟုတ် တိရစ္ဆာန်များတွင်ရှိ အသက်စွမ်းအား၊ (၃) တစ်ဦးတစ်ယောက်ကို တွန်းအားပေးသည့် စိတ်ဓာတ် နှင့် (၄) နာမ်ဝိညာဉ်သတ္တဝါတစ်ဦး သို့မဟုတ် ကောင်းကင်တမန်တစ်ပါးကို ဆိုလိုခြင်းဖြစ်သည်။ ဂလာတိ ၆:၈ တွင် ကျွန်ုပ်တို့တွေ့ရသည့် အနက်အဓိပ္ပာယ်ကား ပထမဦးဆုံး—ဘုရားသခင်၏ တက်ကြွလှုပ်ရှားသောစွမ်းအား—ဖြစ်သည်။
နောက်ခံအကြောင်း အနည်းအကျဉ်းသိရှိရန် ဂလာတိ ၃:၂ ကိုမှတ်သားကာ ဤတွင် “ဝိညာဉ်” ဟူသောစကားလုံးကို ဂလာတိကျမ်း၌ ဦးဆုံးအကြိမ် အသုံးပြုထားကြောင်းတွေ့ရသည်။ ခရစ်ယာန်များအား ပေါလုက ဤသို့မေးလိုက်သည်– “ပညတ်တရား၏အကျင့်အားဖြင့် ဝိညာဉ်တော်ကို ခံရကြသလော။ သို့မဟုတ် ယုံကြည်ခြင်းတရားကို ကြားနာခြင်းအားဖြင့် ခံရကြသလော။” ထို့နောက် ဂလာတိ ၃:၅ တွင် တန်ခိုးများကိုပြခြင်းနှင့် ထို “ဝိညာဉ်” ကို သူကွင်းဆက်ပေးခဲ့သည်။ ယင်းကြောင့် သူပြောဆိုနေသည့် “ဝိညာဉ်” သည် သန့်ရှင်းသောဝိညာဉ်တော်၊ ဘုရားသခင်၏ မမြင်နိုင်သည့် တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်သည်။
နောက်ပိုင်း ဂလာတိ ၅:၁၆ တွင် ဝိညာဉ်ပကတိနှင့် ဇာတိပကတိကို ပေါလုနှိုင်းယှဉ်တင်ပြခဲ့သည်။ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့မလိုက်ဘဲ နေကြလိမ့်မည်။” “ဇာတိပကတိ” ဟုဆိုရာတွင် အပြစ်ရှိသော လူ့ဇာတိသဘောကို သူဆိုလိုနေခြင်းဖြစ်သည်။ သို့ဖြစ်၍ ဂလာတိ ၅:၁၉-၂၃ တွင် “ဇာတိပကတိအကျင့်များ” ကို “ဝိညာဉ်ပကတိ၏အကျိုးများ” နှင့် ခွဲခြားဖော်ပြထားသည်။
ယခုဂလာတိ ၆:၈ တွင်မူကား “မိမိဇာတိပကတိအလို့ငှာ စိုက်ပျိုးသောသူသည်” အပြစ်ပါသော လူ့စိတ်ဆန္ဒများ၏ညွှန်ကြားမှုကိုခံရပြီး “ဇာတိပကတိအကျင့်များ” ကိုကျင့်မည့်သူဖြစ်ရမည်။ ဤသို့ကျင့်ခြင်း၏ ဆိုးကျိုးများကို သူခံစားရပြီး သူသည် မပြောင်းလဲပါက ဘုရားသခင့်နိုင်ငံတော်အောက်တွင် အမှန်အသက်ရှင်နိုင်လိမ့်မည်မဟုတ်ပါ။—၁ ကောရိန္သု ၆:၉၊ ၁၀။
ဆက်ကပ်ထားသောခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ‘ဘုရားသခင်၏ဝိညာဉ်တော်အလို့ငှာစိုက်ပျိုး’ လိုကြသည်။ ထိုတွင် ကျွန်ုပ်တို့၏ဘဝအသက်တာ၌ သန့်ရှင်းသောဝိညာဉ်တော်ကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးရန် အသက်ရှင်နေထိုင်ခြင်းပါဝင်ရာ ယင်း၏အသီးအပွင့်ကို ထင်ရှားပြသရန် ထောက်ကူပေးသည်။ ကျွန်ုပ်တို့သည် အဘယ်စာပေကိုဖတ်မည်၊ သို့မဟုတ် အဘယ်ရုပ်မြင်သံကြားအစီအစဉ်ကိုကြည့်မည်ဟု ဆုံးဖြတ်ချက်ချရာတွင် ယင်းကိုစွဲမှတ်ထားသင့်သည်။ အသင်းတော်အစည်းအဝေးတွင် အာရုံပြုပြီး ဝိညာဉ်တော်ခန့်အပ်ထားသော အကြီးအကဲများ၏ ဩဝါဒကို လက်တွေ့ကျင့်သုံးရန် ကြိုးစားသည့်အခါ ဝိညာဉ်တော်အလို့ငှာ ကျွန်ုပ်တို့စိုက်ပျိုးကြသည်။—တမန်တော် ၂၀:၂၈။
ကျွန်ုပ်တို့သည် ဝိညာဉ်တော်နှင့်အညီ မျိုးစေ့ကြဲပါက “ဝိညာဉ်တော်မှထာဝရအသက်ရှင်ခြင်းကိုရိတ်ရ” မည့်အနေအထားတွင် ရှိမည်ဟူသော အာမခံချက်ဖြင့် ဂလာတိ ၆:၈ ကိုအဆုံးသတ်သည်မှာ စိတ်ဝင်စားစရာဖြစ်သည်။ မှန်ပါသည်၊ ခရစ်တော်၏ ရွေးနုတ်ဖိုးကိုအခြေပြု၍ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော် လုပ်ဆောင်မှုအားဖြင့် အဆုံးမဲ့အသက်တာကို တိုး၍ရှည်စေမည်ဖြစ်သည်။—မဿဲ ၁၉:၂၉; ၂၅:၄၆; ယောဟန် ၃:၁၄-၁၆; ရောမ ၂:၆၊ ၇; ဧဖက် ၁:၇။