ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၈/၁ စာ. ၁၆-၂၁
  • သူတစ်ပါးကို ဂုဏ်တင်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတစ်ပါးကို ဂုဏ်တင်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသည် လူသားများကိုဂုဏ်တင်
  • ယေရှုသည် သူတစ်ပါးကိုဂုဏ်တင်ခဲ့
  • ပေါလုသည် ဂုဏ်တင်မှုပြုခဲ့
  • ကျွန်ုပ်တို့ခေတ်တွင် ဂုဏ်တင်မှုပြုခြင်း
  • ယေဟောဝါအားဂုဏ်တင်ခြင်း
  • ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါအားဂုဏ်ပြုခြင်း—⁠အဘယ်ကြောင့်နည်း၊ အဘယ်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဂုဏ်တင်ထိုက်သူကို ဂုဏ်တင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ယုံကြည်သူချင်းများကို ဂုဏ်တင်ရာတွင် သင်ဦးဆောင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၈/၁ စာ. ၁၆-၂၁

သူတစ်ပါးကို ဂုဏ်တင်ပါ

“တစ်ဦးကိုတစ်ဦးဂုဏ်တင်ခြင်း၌ဦးဆောင်လော့။”—ရောမ ၁၂:၁၀၊ ကဘ။

၁၊ ၂။ (က) ကျွန်ုပ်တို့၏စိတ်နှိမ့်ချမှုကိုတင်ပြဖို့ အဘယ်အရာကိုကျွန်ုပ်တို့လေ့ကျင့်ရမည်နည်း။ (ခ) သမ္မာကျမ်းစာသည် “ဂုဏ်တင်” ဟူသောစကားလုံးကို မည်သို့အသုံးပြုလေ့ရှိပြီး ဂုဏ်တင်ရန် မည်သူတို့အတွက် လွယ်ကူသနည်း။

ရှေ့ဆောင်းပါးတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်၏ ဤသွန်သင်ချက်ကို အလေးပေးထားသည်– “အချင်းချင်းတစ်ယောက်အောက်တစ်ယောက်နှိမ့်ချလျက်နေ၍ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။” (၁ ပေတရု ၅:၅) စိတ်နှိမ့်ချခြင်းတန်ဆာကိုဆင်ယင်ရန်နည်းတစ်နည်းမှာ အခြားသူများကိုဂုဏ်တင်ခြင်းဖြစ်သည်။

၂ အခြားသူများအား ကျွန်ုပ်တို့ပြသင့်သည့် လေးစားမှု၊ အထင်ကြီးမှုနှင့် ထောက်ထားစာနာမှုကိုဖော်ညွှန်းရန် “ဂုဏ်တင်” ဟူသောစကားလုံးကို သမ္မာကျမ်းစာတွင် အသုံးပြုလေ့ရှိသည်။ ကျွန်ုပ်တို့သည် အခြားသူများကို ကြင်နာခြင်း၊ သူတို့၏ဂုဏ်သိက္ခာကိုလေးစားခြင်း၊ သူတို့၏ရှုမြင်ပုံကိုနားထောင်ခြင်း၊ ဆီလျော်သောတောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် အဆင်သင့်ရှိခြင်းတို့အားဖြင့် သူတစ်ပါးကိုဂုဏ်တင်ကြသည်။ စိတ်နှိမ့်ချသူတို့သည် ယင်းသို့ပြုရန်ခက်ခဲလေ့ရှိမည်မဟုတ်ချေ။ သို့ရာတွင် မာနထောင်လွှားသူတို့မူ စစ်မှန်စွာဂုဏ်တင်ရန် အခက်အခဲရှိနိုင်ပြီး မရိုးမသားမြှောက်ပင့်ခြင်းအားဖြင့် မျက်နှာသာရရန်နှင့် အမြတ်ထုတ်ရန် ကြိုးစားကြပေမည်။

ယေဟောဝါသည် လူသားများကိုဂုဏ်တင်

၃၊ ၄။ ယေဟောဝါသည် အာဗြဟံကိုမည်သို့ဂုဏ်တင်ခဲ့သနည်း။ အဘယ်ကြောင့်နည်း။

၃ ယေဟောဝါကိုယ်တော်တိုင် ဂုဏ်တင်ရာ၌ ပုံသက်သေချမှတ်သည်။ ကိုယ်တော်သည် လူကိုဖန်ဆင်းစဉ် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေးထား၍ စက်ရုပ်များအလား မဆက်ဆံချေ။ (၁ ပေတရု ၂:၁၆) သာဓကအနေနှင့် သောဒုံမြို့၏အလွန်ဆိုးသွမ်းမှုကြောင့် ထိုမြို့ကိုဖျက်ဆီးမည်ဟု အာဗြဟံအားမိန့်ဆိုသောအခါ အာဗြဟံက ဤသို့မေးခဲ့သည်– “ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့ကို၊ မတရားသောသူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော။ ထိုမြို့တွင်ဖြောင့်မတ်သောသူ ငါးဆယ်ရှိလျှင် ဖျက်ဆီးတော်မူမည်လော။ ဖြောင့်မတ်သောသူငါးဆယ်ပါသောမြို့ကို သူတို့အတွက် မနှမြောဘဲဖျက်ဆီးတော်မူမည်လော။” ဖြောင့်မတ်သောသူငါးဆယ်အတွက် ထိုမြို့ကိုမဖျက်ဆီးဘဲနေမည်ဟု ယေဟောဝါဖြေကြားခဲ့သည်။ သို့နှင့် အာဗြဟံသည် ၄၅ ရှိလျှင်ကော၊ ၄၀၊ ၃၀၊ ၂၀၊ ၁၀ သာရှိလျှင်ကောဟု နှိမ့်ချစွာအသနားခံခဲ့သည်။ ယေဟောဝါသည် ဖြောင့်မတ်သူ ဆယ်ယောက်သာတွေ့မည်ဆိုလျှင်ပင် သောဒုံမြို့ကိုမဖျက်ဆီးဟု အာဗြဟံကိုစိတ်ချစေခဲ့သည်။—ကမ္ဘာဦး ၁၈:၂၀-၃၃။

၄ သောဒုံမြို့တွင် ဖြောင့်မတ်သူဆယ်ယောက်မျှပင်မရှိကြောင်း ယေဟောဝါသိထားသော်လည်း အာဗြဟံ၏သဘောထားကိုနားထောင်ပြီး သူ့ကိုလေးစားစွာဆက်ဆံခြင်းဖြင့်ဂုဏ်တင်ခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ အာဗြဟံသည် “ထာဝရဘုရားကို ယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏။” အာဗြဟံသည် “ဘုရားသခင်၏အဆွေ” ဟုအခေါ်ခံခဲ့ရသည်။ (ကမ္ဘာဦး ၁၅:၆; ယာကုပ် ၂:၂၃) ထို့ပြင် အာဗြဟံသည် အခြားသူများကို ဂုဏ်တင်ခဲ့ကြောင်း ယေဟောဝါသိထား၏။ အာဗြဟံ၏သိုးထိန်းများနှင့် တူဖြစ်သူလောတ၏သိုးထိန်းများစပ်ကြား နယ်မြေအငြင်းပွားမှုဖြစ်ခဲ့သောအခါ သူသည် လောတအား စိတ်တိုင်းကျဦးဆုံးရွေးချယ်စေခြင်းဖြင့် သူ့ကိုဂုဏ်တင်ခဲ့သည်။ လောတသည် အကောင်းဆုံးနယ်မြေဟု သူယူမှတ်သည့်နယ်မြေကိုရွေးချယ်ခဲ့ပြီး အာဗြဟံမူ တခြားသို့ပြောင်းရွှေ့ခဲ့သည်။—ကမ္ဘာဦး ၁၃:၅-၁၁။

၅။ ယေဟောဝါသည် လောတကိုမည်သို့ဂုဏ်တင်ခဲ့သနည်း။

၅ အလားတူ ယေဟောဝါသည် ဖြောင့်မတ်သောလောတကို ဂုဏ်တင်ခဲ့သည်။ ကိုယ်တော်သည် သောဒုံမြို့ကိုမဖျက်ဆီးမီ လောတအား တောင်ပေါ်သို့ထွက်ပြေးစေခဲ့သည်။ သို့ရာတွင် လောတသည် ထိုနေရာသို့မသွားလိုကြောင်းပြောခဲ့၏; ဖျက်ဆီးခံရမည့်ဒေသတွင်ရှိသော ဇောရမြို့သို့ သူထွက်ပြေးလိုကြောင်းပြောခဲ့သည်။ ယေဟောဝါသည် လောတအား “ကြည့်ပါ။ ဤအမှုအရာ၌လည်း သင်၏စကားကိုငါနားထောင်စေခြင်းငှာ ထိုမြို့အတွက်တောင်းပန်သောကြောင့် ငါမဖျက်ဆီး” ဟုဆိုခဲ့သည်။ ယေဟောဝါသည် သစ္စာရှိသူလောတ တောင်းဆိုသောအရာကို ပြုလုပ်ခြင်းအားဖြင့် သူ့ကိုဂုဏ်တင်ခဲ့သည်။—ကမ္ဘာဦး ၁၉:၁၅-၂၂; ၂ ပေတရု ၂:၆-၁၀။

၆။ ယေဟောဝါသည် မောရှေကိုမည်သို့ ဂုဏ်တင်ခဲ့သနည်း။

၆ ယေဟောဝါသည် မိမိ၏လူမျိုးကို ကျွန်အဖြစ်မှလွတ်မြောက်စေရန် ဦးဆောင်ခေါ်ထုတ်ဖို့နှင့် ဘုရားသခင့်လူမျိုးတော်ကိုထွက်ခွင့်ပေးရန် ဖာရောထံတောင်းဆိုဖို့ အီဂျစ်သို့ မောရှေကိုစေလွှတ်သောအခါ မောရှေက “အိုဘုရားရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ” ဟုတုံ့ပြန်ခဲ့သည်။ ယေဟောဝါက မောရှေအား “သင်၏နှုတ်၌ငါရှိ၍ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်” ဟုစိတ်ချစေခဲ့သည်။ သို့သော် မောရှေသည် တွန့်ဆုတ်နေဆဲဖြစ်၏။ ထိုအခါ ယေဟောဝါသည် မောရှေကိုစိတ်ချစေပြီး စကားပြောဆိုပေးဖို့ အစ်ကိုအာရုန်ကို သူနှင့်အတူစေလွှတ်ရန်စီစဉ်ခဲ့သည်။—ထွက်မြောက်ရာ ၄:၁၀-၁၆။

၇။ ယေဟောဝါသည် အခြားသူများကိုဂုဏ်တင်ရန် အဘယ်ကြောင့် လိုလိုလားလားရှိတော်မူခဲ့သနည်း။

၇ အဆိုပါဥပမာအားလုံးတွင် ယေဟောဝါသည် သူတစ်ပါးကို၊ အထူးသဖြင့် ကိုယ်တော်အားဝတ်ပြုသူတို့ကို ဂုဏ်တင်ရန်လိုလိုလားလားရှိကြောင်းဖော်ပြခဲ့သည်။ သူတို့၏တောင်းဆိုချက်သည် ကိုယ်တော်၏မူလရည်ရွယ်ချက်နှင့်မတူသည့်တိုင် ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်နှင့်မဆန့်ကျင်သော တောင်းဆိုချက်များကိုသုံးသပ်ပေးခဲ့သည်။

ယေရှုသည် သူတစ်ပါးကိုဂုဏ်တင်ခဲ့

၈။ ယေရှုသည် အသည်းအသန်ဖျားနေသောအမျိုးသမီးတစ်ဦးကို မည်သို့ဂုဏ်တင်ခဲ့သနည်း။

၈ ယေရှုသည် သူတစ်ပါးကိုဂုဏ်တင်ခြင်းတွင် ယေဟောဝါအားတုပခဲ့သည်။ တစ်ခါက ၁၂ နှစ်ပတ်လုံးသွေးသွန်နာစွဲသော အမျိုးသမီးတစ်ဦးသည် လူအုပ်ကြားတွင်ရှိနေခဲ့သည်။ သူ့ကို ဆရာဝန်များက မကုနိုင်ကြတော့ပေ။ မောရှေပညတ်အရ မသန့်ရှင်းသူဟုသတ်မှတ်ခံရ၍ လူအုပ်ထဲတွင်သူရှိမနေသင့်ချေ။ သူသည် ယေရှု၏နောက်မှ ကိုယ်တော့်ဝတ်လုံကိုတို့ခဲ့ရာ ရောဂါပျောက်ကင်းခဲ့သည်။ ယေရှုသည် သူပြုခဲ့သည့်အမှုအတွက် သူ့ကိုကြိမ်းမောင်းကာ ပညတ်နည်းစနစ်များကိုထောက်ပြမနေခဲ့ပါ။ ယင်းအစား အခြေအနေကိုသိကာ သူ့အားဤသို့ပြောဆို၍ဂုဏ်တင်ခဲ့သည်– “ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့်ကင်းလွတ်စေ။”—မာကု ၅:၂၅-၃၄; ဝတ်ပြုရာ ၁၅:၂၅-၂၇။

၉။ ယေရှုသည် တစ်ပါးအမျိုးသမီးကို မည်သို့ဂုဏ်တင်ခဲ့သနည်း။

၉ နောက်တစ်ချိန်တွင် ဖိုနီးရှားအမျိုးသမီးတစ်ဦးသည် ယေရှုကို “ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကိုပြင်းစွာခံရပါသည်” ဟုအသနားခံခဲ့သည်။ ကိုယ်တော်သည် တစ်ပါးအမျိုးသားများအတွက်မဟုတ်ဘဲ ဣသရေလလူမျိုးတို့အတွက် စေလွှတ်ခံရကြောင်းသိရှိကာ ယေရှုက “[ဣသရေလ] သား၏အစာကိုယူ၍ ခွေး [တစ်ပါးအမျိုးသား] ကလေးများအား မပေးမချအပ်” ဟုဆိုသော် ထိုအမျိုးသမီးက “မှန်ပါ၏သခင်၊ ခွေးကလေးများသည် မိမိသခင်၏စားပွဲမှကျသော စားနုပ်စားပေါက်ကိုစားမြဲထုံးစံရှိပါ၏။” သို့နှင့် ယေရှုက “အိုမိန်းမ၊ သင်သည်ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေ” ဟုမိန့်ဆိုခဲ့သည်။ သို့နှင့် သူ၏သမီးကောင်းသွားခဲ့သည်။ ယေရှုသည် ဤတစ်ပါးအမျိုးသမီး၏ယုံကြည်ခြင်းကြောင့် သူ့ကိုချီးမြှောက်ခဲ့သည်။ ခွေးဆိုးဟုခေါ်မည့်အစား “ခွေးကလေးများ” ဟူသောညင်သာသည့်အသုံးအနှုန်းကပင် ကိုယ်တော်သည် ထောက်ထားစာနာကြောင်းဖော်ပြခဲ့သည်။—မဿဲ ၁၅:၂၁-၂၈၊ ကဘ။

၁၀။ ယေရှုသည် တပည့်တော်များကို အဘယ်ထိရောက်သောသင်ခန်းစာသင်ပေးခဲ့သနည်း။ ယင်းသည် အဘယ်ကြောင့်လိုအပ်ခဲ့သနည်း။

၁၀ တပည့်တော်များ၌ ငါသာပဓာနဟူသည့်ပြဿနာရှိဆဲဖြစ်သဖြင့် စိတ်နှိမ့်ချမှုနှင့် အခြားသူကို ဂုဏ်တင်ရန် ယေရှုဆက်၍သွန်သင်ပေးခဲ့သည်။ တစ်ချိန်တွင် သူတို့အငြင်းအခုံဖြစ်ခဲ့ကြရာ ယေရှုက “သင်တို့သည် လမ်း၌အဘယ်အမှုကိုအချင်းချင်းငြင်းခုံကြသနည်း” ဟုမေးခဲ့၏။ “အဘယ်သူသည် သာ၍ကြီးမြတ်သနည်းဟုလမ်း၌အချင်းချင်းငြင်းခုံကြ” သောကြောင့် သူတို့ဆိတ်ဆိတ်နေခဲ့ကြသည်။ (မာကု ၉:၃၃၊ ၃၄) ယေရှုမသေမီည၌ပင် “မိမိတို့တွင်အဘယ်သူသည် သာ၍ကြီးမြတ်သနည်းဟုအချင်းချင်းငြင်းခုံ” ခဲ့ကြသေး၏။ (လုကာ ၂၂:၂၄) ထို့ကြောင့် ပသခါပွဲခံချိန်တွင် ယေရှုသည် “ရေကိုအင်တုံ၌လောင်း၍တပည့်တော်တို့၏ခြေကိုဆေး . . . တော်မူ၏။” တကယ်ထိရောက်သောသင်ခန်းစာပါတကား! စကြဝဠာတစ်ခွင်တွင် ယေဟောဝါပြီးလျှင် ဘုရားသခင့်သားတော်ယေရှုသည် အကြီးမြတ်ဆုံးဖြစ်၏။ သို့တိုင် ကိုယ်တော်သည် တပည့်တော်တို့၏ခြေများကိုဆေးပေးခြင်းဖြင့် ဂုဏ်တင်ဖွယ်သင်ခန်းစာတစ်ခုကို သင်ပေးခဲ့သည်။ ကိုယ်တော်က “ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ” ဟုဆိုခဲ့သည်။—ယောဟန် ၁၃:၅-၁၅။

ပေါလုသည် ဂုဏ်တင်မှုပြုခဲ့

၁၁၊ ၁၂။ ပေါလုသည် ခရစ်ယာန်တစ်ဦးဖြစ်လာပြီးနောက် အဘယ်အရာကိုသင်ယူခဲ့ပြီး ဖိလေမုန်နှင့်စပ်လျဉ်း၍ ယင်းကို မည်သို့တင်ပြခဲ့သနည်း။

၁၁ ခရစ်တော်ကိုတုပသူတစ်ဦးအနေနှင့် တမန်တော်ပေါလုသည် အခြားသူများကို ဂုဏ်တင်ခဲ့သည်။ (၁ ကောရိန္သု ၁၁:၁) သူက ဤသို့ဆိုခဲ့သည်– “လူပေးသောဘုန်းအသရေကို သင်တို့တွင်မရှာ။ အခြားသူတို့တွင်လည်းမရှာဘဲ သင်တို့တွင် ဖြည်းညင်းစွာပြုကြ၏။ . . . နို့ထိန်းသည် မိမိသူငယ်ကိုကျွေးမွေးပြုစုသကဲ့သို့” ပြု၏။ (၁ သက်သာလောနိတ် ၂:၆-၈) နို့ထိန်းမိခင်သည် မိမိ၏ကလေးငယ်များကိုဂရုစိုက်၏။ ပေါလုသည် ခရစ်ယာန်တစ်ဦးဖြစ်လာပြီးနောက် စိတ်နှိမ့်ချခြင်းကိုသင်ယူခဲ့ပြီး ခရစ်ယာန်ချင်းတို့နှင့် ဖြည်းညင်းစွာဆက်ဆံခြင်းဖြင့် သူတို့ကိုဂုဏ်တင်ခဲ့သည်။ သို့ပြုခြင်းဖြင့် သူတို့၏လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုလည်း လေးစားကြောင်းတင်ပြခဲ့သည်။ ရောမပြည်တွင် အကျဉ်းကျစဉ်အဖြစ်အပျက်တစ်ခုက ယင်းကိုဖော်ပြခဲ့သည်။

၁၂ ဩနေသိမ်အမည်ရှိသော ကျွန်ပြေးတစ်ဦးသည် ပေါလု၏သွန်သင်ချက်ကိုနားထောင်ခဲ့သည်။ သူသည် ခရစ်ယာန်တစ်ဦးဖြစ်လာသည်သာမက ပေါလု၏မိတ်ဆွေလည်းဖြစ်လာခဲ့၏။ ထိုကျွန်၏သခင်၊ အာရှမိုင်းနားတွင်နေထိုင်သူ ဖိလေမုန်သည်လည်း ခရစ်ယာန်တစ်ဦးဖြစ်ခဲ့၏။ ဖိလေမုန်ထံရေးသောစာတွင် ဩနေသိမ်သည် မည်မျှအကူအညီဖြစ်ကြောင်း ပေါလုက ဤသို့ရေးသားခဲ့သည်– “ငါ့ကိုပြုစုစေမည်အကြောင်း သူ့ကိုငါထားချင်” ၏။ သို့သော် ပေါလုသည် ဖိလေမုန်ထံ ဩနေသိမ်ကိုပြန်ပို့ခဲ့သည်၊ အကြောင်းရင်းကို သူဤသို့ရေး၍ဖော်ပြခဲ့သည်– “သင်သည် ငါ၌ကျေးဇူးပြုရာတွင် အနိုင်ပြုရသကဲ့သို့မဟုတ် အလိုအလျောက်ပြုစေချင်သောစိတ်ရှိသည်ဖြစ်၍ သင်၏အခွင့်မရှိလျှင် အလျှင်းမပြုလို။” ပေါလုသည် တမန်တော်တစ်ပါးအခွင့်အရာဖြင့် အမြတ်မထုတ်ခဲ့ချေ၊ သို့သော် ရောမပြည်တွင် ဩနေသိမ်ကိုထားရန်မတောင်းဆိုခြင်းအားဖြင့် ဖိလေမုန်ကိုဂုဏ်တင်ခဲ့သည်။ ထို့ပြင် ဖိလေမုန်အား ဩနေသိမ်ကိုဂုဏ်တင်ပြီး ‘ကျွန်ထက်သာသည့် ချစ်သောညီကဲ့သို့’ ဆက်ဆံရန်တိုက်တွန်းခဲ့သည်။—ဖိလေမုန် ၁၃-၁၆။

ကျွန်ုပ်တို့ခေတ်တွင် ဂုဏ်တင်မှုပြုခြင်း

၁၃။ ရောမ ၁၂:၁၀ တွင်အဘယ်အရာကိုပြုရန် ကျွန်ုပ်တို့အားမှာထားသနည်း။

၁၃ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့သွန်သင်၏– “တစ်ဦးကိုတစ်ဦးဂုဏ်တင်ခြင်း၌ ဦးဆောင်လော့။” (ရောမ ၁၂:၁၀၊ ကဘ) ဆိုလိုသည်မှာ မိမိကိုအခြားသူများဂုဏ်တင်ရန် စောင့်မနေဘဲ မိမိကအစပြုဂုဏ်တင်သင့်သည်။ “ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကိုလူတိုင်းရှာစေ။” (၁ ကောရိန္သု ၁၀:၂၄; ၁ ပေတရု ၃:၈၊ ၉) ထို့ကြောင့် ယေဟောဝါ၏ကျေးကျွန်များသည် မိသားစုအတွင်း၊ အသင်းတော်ရှိခရစ်ယာန်ချင်းများနှင့် အသင်းတော်ပြင်ပရှိသူတို့ကိုပင် ဂုဏ်တင်ဖို့ အခွင့်အလမ်းများရှာကြံကြမည်ဖြစ်သည်။

၁၄။ လင်မယားစပ်ကြား မည်သို့ဂုဏ်တင်မည်နည်း။

၁၄ သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည် . . .၊ မိန်းမ၏ခေါင်းကားယောက်ျားဖြစ်သည်။” (၁ ကောရိန္သု ၁၁:၃) အသင်းတော်ကို ခရစ်တော်ဆက်ဆံသည့်နည်းတူ မိမိ၏ဇနီးကိုဆက်ဆံဖို့ ယေဟောဝါမိန့်မှာ၏။ ၁ ပေတရု ၃:၇ [ကဘ] တွင် ဇနီးကို “အားနည်းသောတန်ဆာကဲ့သို့မှတ်လျက် ဂုဏ်တင်ကြ” ရန်ညွှန်ကြားခဲ့သည်။ အမှန်တကယ်နားထောင်လိုစိတ်ရှိခြင်းနှင့် ဇနီးဖြစ်သူ၏အကြံပြုချက်များကို ထည့်စဉ်းစားပေးခြင်းအားဖြင့် ယင်းသို့ပြုနိုင်သည်။ (ကမ္ဘာဦး ၂၁:၁၂) ကျမ်းမူများနှင့်ငြိစွန်းခြင်းမဟုတ်လျှင် သူ့ကိုဦးစားပေးပြီး သူ့အတွက်ပြုလုပ်ပေးကာ ကြင်နာစွာဆက်ဆံပေမည်။ တစ်ဖန် “မိန်းမသည်လည်း ကိုယ့်ခင်ပွန်းကိုအလွန့်အလွန်ရိုသေခြင်းရှိ” မည်။ (ဧဖက် ၅:၃၃၊ ကဘ) မိန်းမသည် မိမိအလိုပြည့်ဖို့သာအမြဲမကြိုးစား၊ သူ့ကိုမထီမဲ့မြင်မပြု၊ တဗျစ်တောက်တောက်မပြုဘဲ နားထောင်ပေမည်။ တချို့ကဏ္ဍများတွင် ပို၍တတ်စွမ်းသည့်တိုင် ခင်ပွန်းဖြစ်သူကိုစိုးမိုးဖို့မကြိုးစားခြင်းအားဖြင့် စိတ်နှိမ့်ချမှုပြသည်။

၁၅။ အသက်ကြီးသူများကို မည်သို့ထောက်ထားစာနာရမည်နည်း၊ သူတို့သည် မည်သို့တုံ့ပြန်သင့်သနည်း။

၁၅ ခရစ်ယာန်အသင်းတော်အတွင်း အသက်ကြီးသူများအစရှိသည့် အထူးရိုသေထိုက်သူများရှိသည်။ “ဆံပင်ဖြူသောသူရှေ့မှာထရမည်။ အသက်ကြီးသောသူ၏မျက်နှာကိုရိုသေရမည်။” (ဝတ်ပြုရာ ၁၉:၃၂) ယင်းသည် နှစ်ပေါင်းများစွာ ယေဟောဝါအားသစ္စာရှိစွာဝတ်ပြုသူတို့နှင့် အထူးသက်ဆိုင်သည်၊ အကြောင်းမှာ “ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင် ဘုန်းကြီးသောသရဖူဖြစ်” သောကြောင့်ပင်။ (သု. ၁၆:၃၁) ကြီးကြပ်မှူးများသည် မိမိတို့ထက်အသက်ကြီးသူ ခရစ်ယာန်ချင်းများကိုရိုသေမှုပြခြင်းဖြင့် ပုံသက်သေပြသင့်သည်။ မှန်ပါသည်၊ အသက်ကြီးသူများသည်လည်း လူငယ်များ၊ အထူးသဖြင့် သိုးတော်စုကိုထိန်းကျောင်းရန် တာဝန်ရထားသူများကို လေးစားသည့်သဘောပြရန်လိုသည်။—၁ ပေတရု ၅:၂၊ ၃။

၁၆။ မိဘများနှင့် သားသမီးများသည် အချင်းချင်းတစ်ဦးကိုတစ်ဦးမည်သို့ဂုဏ်တင်ကြသနည်း။

၁၆ လူငယ်များသည် မိဘများကိုဂုဏ်တင်သင့်သည်– “သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ ‘မိဘကိုရိုသေစွာပြု [“ဂုဏ်တင်၊” ကဘ] လော့။’ ဤပညတ်တော်ကား ‘သင်သည်ပြည်တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်း’ ဟူ၍ ကတိတော်နှင့်ဆိုင်သောပထမပညတ်ဖြစ်၏။” တစ်ဖန် မိဘများကို “ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းခြင်းတို့နှင့်အညီ သူတို့ကို ဆက်၍ပြုစုပျိုးထောင်ပေးကြလော့” ဟုမှာထားသောကြောင့် သူတို့၏ကလေးများကိုဂုဏ်တင်ကြသည်။—ဧဖက် ၆:၁-၄၊ ကဘ; ထွက်မြောက်ရာ ၂၀:၁၂။

၁၇။ “နှစ်ဆသောဂုဏ်တင်မှု” ကိုခံထိုက်သူများကား မည်သူများနည်း။

၁၇ အသင်းတော်အကျိုးသယ်ပိုးရာတွင် ကြိုးစားသူတို့ကိုလည်း ဂုဏ်တင်ဖို့ဖြစ်သည်– “ကောင်းမွန်စွာအုပ်သောသင်းအုပ်တို့သည် အလှူနှစ်ဆ [“နှစ်ဆသောဂုဏ်တင်မှု၊” ကဘ] ကိုခံထိုက်သောသူဖြစ်သည်ဟူ၍လည်းကောင်း၊ တရားဟောခြင်း၊ ဆုံးမ . . . ခြင်းအမှုကိုကြိုးစားအားထုတ်သောသူတို့သည် အလှူနှစ်ဆ [“နှစ်ဆသောဂုဏ်တင်မှု၊” ကဘ] ကို အထူးသဖြင့်ခံထိုက်သောသူဖြစ်သည်ဟူ၍လည်းကောင်းမှတ်ရမည်။” (၁ တိမောသေ ၅:၁၇) ဤရိုသေမှုကိုပြနိုင်သည့်နည်းတစ်နည်းမှာ ဟေဗြဲ ၁၃:၁၇ တွင်ဖော်ပြထားသည့်အတိုင်းပြုလုပ်ခြင်းအားဖြင့်ဖြစ်သည်– “သင်တို့ကိုအုပ်သောသူတို့၏စကားကို နားထောင်၍နှိမ့်ချလျက်နေကြလော့။”

၁၈။ အသင်းတော်ပြင်ပရှိသူတို့ကို ကျွန်ုပ်တို့မည်သို့ပြုရမည်နည်း။

၁၈ အသင်းတော်ပြင်ပရှိသူတို့ကိုကော ကျွန်ုပ်တို့ဂုဏ်တင်ရမည်လော။ ဂုဏ်တင်ရမည်။ ဥပမာ၊ ကျွန်ုပ်တို့ ဤသို့သွန်သင်ခံရကြသည်– “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။” (ရောမ ၁၃:၁) ၎င်းသည် ဘုရားသခင့်နိုင်ငံတော်အစားထိုးအုပ်စိုးမည့်အချိန်မတိုင်မချင်း အုပ်စိုးရန် ယေဟောဝါခွင့်ပြုထားသည့် လောကအာဏာပိုင်များဖြစ်သည်။ (ဒံယေလ ၂:၄၄၊ ၄၅) ထို့ကြောင့် ကျွန်ုပ်တို့သည် ‘လူအသီးအသီးခံထိုက်သည်အတိုင်း ပေးကြ၏။ အခွန်ခံထိုက်သူအား အခွန်၊ အကောက်ခံထိုက်သူအား အကောက်ကိုပေးကြ၏။ ကြောက်ထိုက်သူကိုကြောက်ကြ၏။ ဂုဏ်တင်ထိုက်သူကို ဂုဏ်တင်ကြ၏။’ (ရောမ ၁၃:၇) ကျွန်ုပ်တို့သည် ‘ခပ်သိမ်းသောသူတို့ကို ဂုဏ်တင်’ ကြရမည်ဖြစ်သည်။—၁ ပေတရု ၂:၁၇၊ ကဘ။

၁၉။ အခြားသူများကို မည်သို့ “ကျေးဇူးပြု” ပြီးဂုဏ်တင်မှုပြနိုင်သနည်း။

၁၉ ကျွန်ုပ်တို့သည် အသင်းတော်ပြင်ပရှိသူတို့ကိုပင် ဂုဏ်တင်ရမည်မှန်သော်လည်း ဘုရားသခင့်နှုတ်မြွက်စကားတော် အလေးပေးမှုကိုသတိပြုပါ– “ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက် ခပ်သိမ်းသောသူတို့အားကျေးဇူးပြုကြကုန်အံ့။” (ဂလာတိ ၆:၁၀) မှန်ပါသည်၊ အခြားသူတို့၏ဝိညာဉ်ရေးလိုအပ်ရာများကို ပျိုးထောင်ပေး၍ ရောင့်ရဲစေခြင်းသည် “ကျေးဇူးပြု” သည့်အကောင်းဆုံးနည်းဖြစ်သည်။ (မဿဲ ၅:၃) တမန်တော်ပေါလု၏ ဤသတိပေးချက်ကိုနာခံခြင်းအားဖြင့် ယင်းကိုကျွန်ုပ်တို့ပြုနိုင်သည်– “သင်မူကား ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်သောဆရာသမားဖြစ်လျက် ဘုရားသခင့်ရှေ့၌ ကိုယ်ကိုဆက်သခြင်းငှာကြိုးစားအားထုတ်လော့။” သက်သေခံခွင့်ရသမျှကို လိမ္မာပါးနပ်စွာအသုံးပြုပြီး “ဓမ္မဆရာအရာ၌ . . . ပြုရသောဝတ်များကို အကုန်အစင်ပြု” သောအခါ ကျွန်ုပ်တို့သည် ခပ်သိမ်းသောသူတို့အားကျေးဇူးပြုနေရုံသာမက သူတို့ကိုဂုဏ်တင်နေကြသည်။—၂ တိမောသေ ၂:၁၅; ၄:၅။

ယေဟောဝါအားဂုဏ်တင်ခြင်း

၂၀။ ဖာရောနှင့် သူ၏ဗိုလ်ခြေသည် မည်သို့ဖြစ်ခဲ့သနည်း။ အဘယ်ကြောင့်နည်း။

၂၀ ယေဟောဝါသည် မိမိ၏သတ္တဝါများကိုဂုဏ်တင်သည်။ ယင်းကြောင့် ကိုယ်တော်အားပြန်၍ဂုဏ်တင်ခြင်းသည် ကျိုးကြောင်းဆီလျော်ပါသည်။ (သု. ၃:၉; ဗျာဒိတ် ၄:၁၁) ယေဟောဝါ၏နှုတ်မြွက်စကားတော်ကလည်း ဤသို့ဖော်ပြသည်– “ငါ့ကိုချီးမြှောက်သောသူတို့ကို ငါချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် ဂုဏ်အသရေပျက်ရကြလိမ့်မည်။” (၁ ဓမ္မရာဇဝင် ၂:၃၀) အီဂျစ်ပြည့်ရှင်ဖာရောသည် ဘုရားသခင့်လူတို့ကိုလွှတ်ဖို့ ပြောဆိုခံရသောအခါ သူကဤသို့မောက်မာစွာတုံ့ပြန်ခဲ့သည်– “ထာဝရဘုရား၏စကားကိုနားထောင်၍၊ ဣသရေလအမျိုးသားတို့ကို ငါလွှတ်စေခြင်းငှာ ထိုဘုရားကားအဘယ်သူနည်း။” (ထွက်မြောက်ရာ ၅:၂) ဖာရောသည် ဣသရေလလူတို့ကိုဖျက်ဆီးရန် မိမိ၏တပ်ကိုစေလွှတ်သောအခါ ယေဟောဝါသည် ဣသရေလလူတို့အတွက် ပင်လယ်နီကိုနှစ်ခြမ်းကွဲစေခဲ့သည်။ သို့သော် အီဂျစ်လူတို့လိုက်ကြသောအခါ ယေဟောဝါသည် ရေကိုပြန်လာစေခဲ့သည်။ “ဖာရော၏ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းတို့ကိုလွှမ်းမိုးသဖြင့် တစ်ယောက်မျှမကျန်ရစ်ရ။” (ထွက်မြောက်ရာ ၁၄:၂၆-၂၈; ၁၅:၄) ထို့ကြောင့် ယေဟောဝါအားဂုဏ်တင်ရန်ငြင်းဆန်သည့် ဖာရော၏မာနထောင်လွှားမှုကြောင့် သူသည်ဝမ်းနည်းဖွယ်ဘဝဆုံးခဲ့ရသည်။—ဆာလံ ၁၃၆:၁၅။

၂၁။ ယေဟောဝါသည် ဗေလရှာဇာကို အဘယ်ကြောင့် အတိုက်အခံပြုခဲ့သနည်း၊ အဘယ်ရလဒ်ရခဲ့သနည်း။

၂၁ ဗာဗုလုန်ဘုရင် ဗေလရှာဇာသည် ယေဟောဝါအားဂုဏ်တင်ရန်ငြင်းဆန်ခဲ့သည်။ စားသောက်ပွဲကျင်းပနေစဉ် ယေရုရှလင်ဗိမာန်တော်မှယူလာသည့် မြင့်မြတ်သောရွှေဖလား၊ ငွေဖလားများကိုသုံးကာ သောက်စားခဲ့ခြင်းဖြင့် ယေဟောဝါအားလှောင်ပြောင်ခဲ့၏။ ထိုသို့ပြုရင်း သူ၏မှားယွင်းသောဘုရားများကိုအမွှမ်းတင်ခဲ့သည်။ သို့သော် ယေဟောဝါ၏ကျွန်ဒံယေလက သူ့အား ‘သင်သည် စိတ်နှလုံးမနှိမ့်ချဘဲ ကောင်းကင်ဘုံ၏အရှင်ကိုဆန့်ကျင်ဘက်ပြု၍ မိမိကိုယ်ကိုချီးမြှောက်ခဲ့ပြီ’ ဟုပြောဆိုခဲ့သည်။ ထိုည၌ပင် ဗေလရှာဇာသည် လုပ်ကြံခံရကာ သူ၏နိုင်ငံလည်း သိမ်းယူခံခဲ့ရသည်။—ဒံယေလ ၅:၂၂-၃၁။

၂၂။ (က) ယေဟောဝါ၏အမျက်တော်သည် ဣသရေလခေါင်းဆောင်များနှင့် ထိုလူမျိုးအပေါ် အဘယ်ကြောင့်ကျရောက်ခဲ့သနည်း။ (ခ) မည်သူတို့သည် ယေဟောဝါ၏မျက်နှာသာရခဲ့ကြပြီး အဘယ်ရလဒ်ရခဲ့သနည်း။

၂၂ စီ.အီး. ပထမရာစုတွင် ဘုရင်ဟေရုဒ်သည် လူအများရှေ့မိန့်ခွန်းပြောဆိုခဲ့ရာ လူတို့က “ဤအသံသည် လူ၏အသံမဟုတ်။ ဘုရားသခင်၏အသံဖြစ်၏” ဟုကြွေးကြော်ခဲ့ကြသည်။ စိတ်ကြီးဝင်နေသော ဘုရင်သည် ဂုဏ်အသရေရလို၍ မငြင်းဆိုခဲ့ပါ။ ထိုအခါ “ဘုရားသခင်၏ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့် . . . ထာဝရဘုရား၏ကောင်းကင်တမန်သည် ဒဏ်ခတ်” ခဲ့၏။ (တမန်တော် ၁၂:၂၁-၂၃) ဟေရုဒ်သည် ယေဟောဝါအားဂုဏ်တင်မည့်အစား မိမိကိုယ်ကိုဂုဏ်တင်ခဲ့ရာ သေဒဏ်စီရင်ခံခဲ့ရသည်။ ထိုခေတ်ရှိဘာသာရေးခေါင်းဆောင်များသည် ကိုယ်တော့်သားတော်ယေရှုကိုသတ်ရန် မကောင်းကြံခြင်းအားဖြင့် ဘုရားသခင်၏ဂုဏ်အသရေတော်ကို ရှုတ်ချခဲ့ကြသည်။ ယေရှုသည် အမှန်တရားကိုသွန်သင်ကြောင်း အာဏာပိုင်တချို့သိခဲ့ကြသော်လည်း “ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေထက် လူတို့ပေးသောဘုန်းအသရေကို သာ၍နှစ်သက်ကြ” သောကြောင့် ကိုယ်တော်နောက်သို့မလိုက်ကြချေ။ (ယောဟန် ၁၁:၄၇-၅၃; ၁၂:၄၂၊ ၄၃) လူမျိုးတစ်မျိုးအနေနှင့် ယေဟောဝါ သို့မဟုတ် ကိုယ်တော့်ခန့်အပ်ခံကိုယ်စားလှယ်ယေရှုကို ထိုလူမျိုးဂုဏ်တင်ခြင်းမပြုခဲ့ပါ။ ယင်းကြောင့် ယေဟောဝါသည် သူတို့ကိုဆက်၍ ဂုဏ်မတင်တော့ဘဲ သူတို့နှင့် သူတို့၏ဗိမာန်တော်ကိုဖျက်ဆီးခံရစေရန် စွန့်ခဲ့သည်။ သို့သော် ကိုယ်တော်နှင့် ကိုယ်တော်၏သားတော်အား ဂုဏ်တင်သူတို့ကိုမူကား အသက်ရှင်ကျန်ရစ်စေခဲ့သည်။—မဿဲ ၂၃:၃၈; လုကာ ၂၁:၂၀-၂၂။

၂၃။ ကျွန်ုပ်တို့သည် ဘုရားသခင့်ကမ္ဘာသစ်တွင် နေထိုင်ရန် အဘယ်အရာကို ပြုလုပ်ရမည်နည်း။ (ဆာလံ ၃၇:၉-၁၁; မဿဲ ၅:၅)

၂၃ ဤလက်ရှိစနစ်ဖျက်ဆီးခံရပြီးနောက် ဘုရားသခင့်ကမ္ဘာသစ်တွင်နေထိုင်လိုသူအားလုံးသည် ဘုရားသခင်နှင့် သားတော်ယေရှုခရစ်ကိုဂုဏ်တင်ပြီးနာခံကြရမည်။ (ယောဟန် ၅:၂၂၊ ၂၃; ဖိလိပ္ပိ ၂:၉-၁၁) ထိုသို့သောဂုဏ်တင်ခြင်းကို မပြုသူတို့သည် “ပြည်တော်မှပယ်ရှင်းခြင်း . . . ခံရကြလိမ့်မည်။” တစ်ဖက်တွင်မူ ဘုရားသခင်နှင့် ခရစ်တော်အား ဂုဏ်တင်ပြီး နာခံသည့်ဖြောင့်မတ်မှန်ကန်သူတို့မူကား “ပြည်တော်၌နေ . . . ကြလိမ့်မည်။”—သု. ၂:၂၁၊ ၂၂။

ပြန်လည်သုံးသပ်ခြင်း

◻ သူတစ်ပါးကိုဂုဏ်တင်ခြင်းကား အဘယ်အရာကိုဆိုလိုသနည်း၊ ယင်းကို ယေဟောဝါမည်သို့ပြုခဲ့သနည်း။

◻ ယေရှုနှင့်ပေါလုသည် အခြားသူများကို မည်သို့ဂုဏ်တင်ခဲ့ကြသနည်း။

◻ ကျွန်ုပ်တို့ခေတ်တွင် မည်သူတို့သည် ဂုဏ်တင်မှုခံထိုက်ကြသနည်း။

◻ ကျွန်ုပ်တို့သည် ယေဟောဝါနှင့်ယေရှုအား အဘယ်ကြောင့်ဂုဏ်တင်ရမည်နည်း။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယေဟောဝါသည် အာဗြဟံ၏အသနားခံချက်ကိုသုံးသပ်ခြင်းအားဖြင့် သူ့ကိုဂုဏ်တင်ခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အောင်မြင်သောအိမ်ထောင်များတွင် လင်နှင့်မယားတို့သည် တစ်ဦးကိုတစ်ဦးဂုဏ်တင်ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ