လောက
အဓိပ္ပာယ်သတ်မှတ်ချက်– ဂရိစာလုံး koʹsmos, (ကော့စမော့စ်) မှပြန်ဆိုသောအခါ “လောက” သည် အောက်ပါအဓိပ္ပာယ်ရှိနိုင်၏။ (၁) လူတို့၏အကျင့်သီလ၊ သို့မဟုတ် ဘဝလမ်းစဉ်ကိုထည့်မတွက်ဘဲသမုတ်သောလူသားတစ်ရပ်လုံး။ (၂) လူတစ်ယောက်မွေးဖွားကြီးပြင်းလာရာ လူ့ဘောင်။ သို့မဟုတ်၊ (၃) ယေဟောဝါစိတ်တော်တွေ့ကျေးကျွန်များမပါဝင်သော လူသားထု။ အချို့ဘာသာပြန်သူတို့က “ကမ္ဘာ၊” “လူနေထိုင်ရာမြေကြီး၊” “စနစ်” ဟူ၍အသီးသီးအဓိပ္ပာယ်ရှိသော ဂရိအသုံးအနှုန်းများနှင့် အနက်တူထားပြီး “လောက” ကိုသုံးစွဲသောကြောင့် မမှန်ကန်သောထင်မြင်ချက်များ ဖြစ်ပွားစေသည်။ အောက်ပါဆွေးနွေးချက်သည် “လောက” ၏တတိယအဓိပ္ပာယ်ကို အဓိကထား၍ တင်ပြလိုက်သည်။
လောကသည် မီးဖြင့်ဖျက်ဆီးခံရမည်လော
၂ ပေ. ၃:၇– “ယခုရှိသောမိုးကောင်းကင်နှင့်မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကိုဖျက်ဆီးသောနေ့ရက်တိုင်အောင် ထိုနှုတ်ကပါဌ်တော်အားဖြင့် သိုထားလျက်ရှိ၍ မီးရှို့ခြင်းအဖို့အလိုငှာ နေရစ်သတည်း။” (ဖျက်ဆီးခံရမည့်သူမှာ လူသားလောကတစ်ရပ်လုံးမဟုတ်၊ “အဓမ္မလူတို့” သာဖြစ်ကြောင်း သတိပြုပါ။ ထို့အတူ အခန်းငယ် ၆ က နောဧလက်ထက်က “လောက” ဖျက်ဆီးခံရသည်ဟုဆို၏။ လူဆိုးများသာဖျက်ဆီးခံရ၍ မြေကြီးနှင့်နောဧ၊ နောဧအိမ်ထောင်ကျန်ရစ်သည်။ လာမည့်တရားစီရင်ရာနေ့၏ “မီး” သည်ပကတိမီးလော၊ သို့မဟုတ်၊ အကြွင်းမဲ့ဖျက်ဆီးခြင်းကို ပုံဆောင်သလော။ ပကတိမီးဖြစ်လျှင် နဂိုက ချစ်ချစ်တောက် ပူနေပြီဖြစ်သော နေနှင့်ကြယ်များအပေါ် ဘာအကျိုးသက်ရောက်မည်နည်း။ ဤကျမ်းချက်ဆိုင်ရာ တစ်ဆင့်တက်သုံးသပ်ချက်ကို “မြေကြီး” ခေါင်းစဉ်အောက်၊ စာမျက်နှာ ၂၂၈-၂၃၀ ကိုရှု။)
သု. ၂:၂၁၊ ၂၂၊ သမ္မာ– “ဖြောင့်မတ်သူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ၌နေ၍ စုံလင်သူတို့သည် ကျန်ကြွင်းကြရလိမ့်မည်။ ဆိုးသောသူတို့မူကား ပြည်တော်မှပယ်ရှားခြင်း၊ သစ္စာဖျက်သောသူတို့လည်း နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။”
ဤလောကကို မည်သူအုပ်စိုးသနည်း—ဘုရားသခင်လော၊ စာတန်လော
ဒံ. ၄:၃၅– “[အမြင့်ဆုံးသောဘုရားသခင် ယေဟောဝါသည်] ကောင်းကင်ဗိုလ်ခြေတို့၌လည်းကောင်း၊ မြေကြီးသားတို့၌လည်းကောင်း အလိုတော်ရှိသည်အတိုင်းစီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှမဆီးတားနိုင်။ အဘယ်သို့ပြုသနည်းဟု ကိုယ်တော်ကိုဆိုနိုင်သောသူမရှိ။” (ယေရမိ ၁၀:၆၊ ၇ လည်း ယေဟောဝါကို “လူအမျိုးမျိုးတို့၏ဘုရင်” ဟုခေါ်ဆို၏။ ကိုယ်တော်သည် အထွတ်မြတ်ဆုံးဘုရင်ဖြစ်၍ လူသားဘုရင်များနှင့် သူတို့အုပ်ချုပ်သောလူမျိုးများကို စစ်ကြောနိုင်၊ စစ်ကြောမည့်အရှင်ဖြစ်သောကြောင့်တည်း။ ယေဟောဝါသည် မြေကြီးဖန်ဆင်းရှင်ဖြစ်သဖြင့် မြေကြီးကိုအုပ်စိုးထိုက်သူဖြစ်သည်။ ထိုရာထူးကို ကိုယ်တော်တစ်ခါကမျှ စွန့်တော်မမူ။)
ယော. ၁၄:၃၀– “ဤလောကကိုအစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌ အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။” (ထိုမင်းသည် ယေဟောဝါဘုရားသခင်မဖြစ်နိုင်။ ယေရှုသည် ယေဟောဝါအလိုတော်ကို သစ္စာရှိရှိ အမြဲဆောင်ရွက်၏။ “ဤလောကကိုအစိုးရသောမင်း” သည် “ဆိုးယုတ်သူ” စာတန်မာရ်နတ်ဖြစ်ရမည်။ ၁ ယောဟန် ၅:၁၉ (ကဘ) ဆိုသည့်အတိုင်း “တစ်လောကလုံး” သူ့လက်၌ရှိကြ၏။ လူသားတို့သည် ဘုရားသခင်ပိုင်ဆိုင်ရာဂြိုဟ်ပေါ် နေထိုင်ကြသော်လည်း ယေဟောဝါ၏သြဇာခံ ကျေးကျွန်မဟုတ်သူတို့ဖြင့်ဖွဲ့စည်းသော ဤလောကမူကား စာတန်ကိုနာခံသောကြောင့် စာတန့်လက်ခုပ်တွင်း၌ရှိ၏။ ယေဟောဝါ၏အုပ်စိုးမှုကို နှလုံးအကြွင်းမဲ့နာခံသူတို့သည် ဤလောက၏အစိတ်အပိုင်းမဟုတ်။ ၂ ကောရိန္သု ၄:၄ နှင့်နှိုင်းယှဉ်။)
ဗျာ. ၁၃:၂– “နဂါး [မာရ်နတ်စာတန်] သည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကိုလည်းကောင်း၊ ကြီးစွာသောအာဏာစက်ကိုလည်းကောင်း သားရဲ၌ အပ်ပေး၏။” (ဤ “သားရဲ” ဆိုင်ရာဖော်ပြချက်ကို ဒံယေလ အခန်းကြီး ၇ နှင့်နှိုင်းယှဉ်လိုက်သောအခါ ၎င်းသည် လူ့အစိုးရကိုပုံခိုင်းကြောင်း သိနိုင်သည်။ အစိုးရတစ်ခုသာမဟုတ်၊ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးအုပ်ချုပ်မှုဖြစ်သည်။ စာတန်သည် ဤလောက၏မင်းဖြစ်၏ဟူသည့်အချက်က လုကာ ၄:၅-၇၊ ဗျာဒိတ် ၁၆:၁၄၊ ၁၅ တို့နှင့် ကိုက်ညီ၏။ ဗျာဒိတ် ၁၆:၁၄၊ ၁၅ က နတ်ဆိုးတို့နှုတ်ထွက်စကားများသည် တစ်ကမ္ဘာလုံးရှိမင်းများကို အာမဂေဒုန်၌ ဘုရားသခင်နှင့်စစ်တိုက်ရန် ပို့ဆောင်သည်ဟုဆို၏။ ဘုရားသခင်သည် စကြဝဠာအချုပ်အခြာအာဏာဆိုင်ရာ အငြင်းအခုံဖြေရှင်းရန် မိမိချိန်းချက်သည့်အချိန် မလာမချင်း အောင့်အည်းလျက် စာတန်အား လောကကိုအုပ်စိုးခွင့် ပေးထားခြင်းသာဖြစ်သည်။)
ဗျာ. ၁၁:၁၅– “ကောင်းကင်ဘုံ၌ ကြီးသောအသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင် [ယေဟောဝါ] ၏နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟုပြောဆိုကြ၏။” (၁၉၁၄ ခု၌ ထိုသို့ဖြစ်ပျက်သောအခါ လက်ရှိစနစ်ဆိုး၏ “နောက်ဆုံးကာလ” အစပြုလေသည်။ ယေဟောဝါ၏အချုပ်အခြာအာဏာ အသစ်သောပုံစံဖြင့်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် သားတော်မေရှိယမင်းမှတစ်ဆင့်ဖြစ်သည်။ မကြာမီ လောကဆိုးဖျက်ဆီးခံရတော့မည်။ လောက၏ဝိညာဉ်မင်းယုတ် စာတန်လည်း တွင်းနက်သို့ပစ်ချခံရ၍ လူသားတို့အပေါ် ဩဇာလွှမ်းမိုးနိုင်တော့မည်မဟုတ်။)
ခရစ်ယာန်စစ်တို့သည် လောကနှင့်လောကအစိတ်အပိုင်းဖြစ်သူတို့အပေါ် မည်သို့သဘောထားသနည်း
ယော. ၁၅:၁၉၊ သမ– “သင်တို့ [ယေရှုနောက်တော်လိုက်များ] ကို ဤလောကထဲမှ ငါရွေးချယ်၍ [သင်တို့သည်] ဤလောကနှင့်မစပ်ဆိုင်ကြ။” (သို့ဖြစ်၍ ခရစ်ယာန်စစ်တို့သည် ဘုရားသခင်နှင့်စိမ်းကားသော လူ့ဘောင်အဖွဲ့အစည်း၏ အစိတ်အပိုင်းမဟုတ်။ သူတို့သည် သာမန်လူ့လုပ်ငန်းများကို အရေးပေးသော်လည်း လောက၏ကြန်အင်ဖြစ်သောစိတ်သဘောထား၊ အပြောအဆို၊ အကျင့်အကြံတို့ကို ရှောင်၏။ ထိုအရာများသည် ယေဟောဝါ၏ဖြောင့်မတ်သောနည်းလမ်းနှင့် ဆန့်ကျင်၏။) (စာမျက်နှာ ၅၆-၆၂ နှင့် ၂၉၆-၂၉၉ တို့ကိုလည်းရှု။)
ယာ. ၄:၄၊ သမ– “အချင်းမျောက်မထားသူတို့ ဤလောကနှင့် မိတ်ဖွဲ့ခြင်းသည် ဘုရားသခင်ကို ရန်ဖက်ပြုခြင်းဖြစ်ကြောင်း မသိကြလော။ သို့ဖြစ်၍ မည်သူမဆို ဤလောကနှင့်မိတ်ဖြစ်လိုလျှင် ဘုရားသခင်ကိုရန်ဖက်ပြုသူဖြစ်လိမ့်မည်။” (ခရစ်ယာန်တို့သည် မစုံလင်သောကြောင့် လောကနှင့်ထိတွေ့ရာမှ တစ်ခါတစ်ရံ ညစ်စွန်းတတ်၏။ သို့သော် ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ဆုံးမခြင်းကိုခံရသောအခါ နောင်တရ၍ပြုပြင်ကြ၏။ သို့ရာတွင် အချို့က လောကဘက်ပါလျှင်ဖြစ်စေ၊ လောကီစိတ်ဓာတ်ကိုတုပလျှင်ဖြစ်စေ၊ မိမိတို့သည် ခရစ်ယာန်စစ်များမဟုတ်တော့ဘဲ ဘုရားသခင်နှင့်ရန်ဖက်ပြုသော လောက၏အစိတ်အပိုင်းတစ်ခုဖြစ်သွားကြောင်း ပြသကြ၏။)
ရော. ၁၃:၁၊ သက– “လူတိုင်းပင် အစိုးရမင်းတို့၏ အမိန့်အာဏာကို လိုက်နာကြရမည်။ အဘယ်အစိုးရမျှ ထာဝရဘုရား၏ခွင့်ပြုချက်မရဘဲ မရပ်မတည်နိုင်။ အာဏာရအစိုးရမင်းသည် ထာဝရဘုရား၏ခွင့်ပြုချက်ရ၍သာ အုပ်စိုးရ၏။” (ဤသြဝါဒကိုလိုက်နာသူတို့သည် လောကအစိုးရများကို မှောက်လှန်သော သူပုန်များ မလုပ်ကြ။ နိုင်ငံရေးမင်းများ၏အာဏာကို နာခံကြ၏။ ထိုမင်းတို့၏တောင်းဆိုချက်သည် ဘုရားသခင့်ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် သူတို့ကိုနာခံ၏။ ဤအစိုးရများ ပေါ်လာမည်ကို ဘုရားသခင်ကြိုမြင်၍ ကြိုပြောခဲ့၏။ ၎င်းတို့အာဏာကျင့်သုံးကြခြင်းမှာ ဘုရားသခင်အာဏာပေး၍မဟုတ်၊ အခွင့်ပြု၍သာဖြစ်၏။ သတ်မှတ်ချိန်တွင် ၎င်းတို့ကိုလည်း ပယ်ရှင်းတော်မူမည်။)
ဂလ. ၆:၁၀– “ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။” (ထို့ကြောင့် ခရစ်ယာန်စစ်တို့သည် လူလူချင်းတို့၏အကျိုးကို မသယ်ပိုးဘဲမနေပါ။ လူဆိုးလူကောင်းနှစ်ပါးစလုံးအပေါ် နေကိုထွန်းလင်းစေတော်မူသောဘုရားသခင်အား တုပကြပေသည်။—မ. ၅:၄၃-၄၈။)
မ. ၅:၁၄-၁၆– “သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။ . . . သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့ ၌ သင်တို့အလင်းကို လင်းစေကြလော့။” (ခရစ်ယာန်တို့သည် မိမိတို့ပြုမူပုံကြောင့် အခြားသူများ ဘုရားသခင့်ဘုန်းတော်ကိုချီးမွမ်းလာနိုင်ရန် လောကရှေ့ ဘုရားသခင့်နာမတော်နှင့် ရည်ရွယ်ချက်အကြောင်း တက်ကြွစွာ သက်သေခံသူများ ဖြစ်ဖို့လိုသည်မှာ သိသာလှ၏။ ခရစ်ယာန်စစ်တို့သည် ဤလုပ်ငန်းကို ပဓာနထား၍ ဆောင်ရွက်ကြသည်။)
လက်ရှိလောကအခြေအနေ အဘယ်အဓိပ္ပာယ်ရှိသနည်း
“နောက်ဆုံးကာလ” အဓိကခေါင်းစဉ်ကိုရှု။