သင့်အတွက် ပညတ်တော်ဆယ်ပါးသည် အဘယ်အဓိပ္ပာယ်ရှိသနည်း
ဘီ စီအီး ၁၅၁၃ ခုနှစ်တွင် အီဂျစ်ပြည်မှ လွတ်မြောက်လာပြီး၊ သုံးလအတွင်း ဣသရေလလူမျိုးတို့သည် တောအရပ် သိနာတောင်ရှေ့တွင် တပ်ချခဲ့ကြသည်။ ယေဟောဝါအမိန့်တော်ရှိသည်အတိုင်း တောင်ထိပ်သို့ ပရောဖက်မောရှေတက်သွားခဲ့ရာ ဣသရေလလူမျိုးကို ‘အခြားသောလူမျိုးတကာတို့ထက် ကိုယ်တော်၏ပိုင်ထိုက်သောဘဏ္ဍာတော်ဖြစ်ရမည်’ ဟူသောဘုရားသခင်၏ကတိတော်ကို ကြားခဲ့ရသည်။ ဤမိန့်မှာချက်ကို လူမျိုးရှိအသက်ကြီးသူများမှတစ်ဆင့် လူတို့အားအသိပေးခဲ့သည်။ “လူအပေါင်းတို့ကလည်း ‘ယေဟောဝါမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်’ ဟုတညီတညွတ်တည်း ပြန်ပြောကြ၏။”—ထွက်မြောက်ရာ ၁၉:၁-၈။
ထိုနောက် မောရှေအား ပညတ်တော်ဆယ်ပါးကို ဘုရားသခင်ရှင်းလင်းပြတ်သားစွာ မိန့်တော်မူခဲ့သည်။ ပညတ်တော်များမပေးမီ ဤမိန့်တော်မူချက်ဖြင့် နိဒါန်းပျိုးခဲ့သည်။ “ငါသည် သင့်ကိုကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ယေဟောဝါဖြစ်တော်မူ၏။” (ထွက်မြောက်ရာ ၂၀:၂) ပထမပညတ်တော်အရ “ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်” ဟုမိန့်မှာခံရသော ဣသရေလလူမျိုးအတွက် ဤပညတ်တော်ဆယ်ပါးကို ပေးထားတော်မူသည်။—ထွက်မြောက်ရာ ၂၀:၃။
အခြားပညတ်တော်များကို မောရှေမှတစ်ဆင့် ယေဟောဝါညွှန်ကြားတော်မူသည်။ (ထွက်မြောက်ရာ ၂၀:၄–၂၃:၁၉) ပညတ်ချက်စုစုပေါင်း ၆၀၀ ခန့်ရှိပေသည်။ ကတိထားရာပြည်တော်သို့ လမ်းပြင်ဆင်ပေးရန် လူမျိုးတစ်မျိုးလုံး၏ရှေ့ပြေး၊ ဘုရားသခင့်ကောင်းကင်တမန်ရှိကြောင်း သိရခြင်းကား ဘဝင်လှိုက်စရာပါတကား။ (ထွက်မြောက်ရာ ၂၃:၂၀-၂၂) ယေဟောဝါဤသို့ကြွေးကြော်တော်မူသည်။ “မြေကြီးပေါ်မှာ လူမျိုး၌မပြုစဖူးသော အံ့ဖွယ်သောအမှုတို့ကို သင်၏လူမျိုးရှေ့မှာ ငါပြုမည်။ သင်တို့အဖို့ ငါယေဟောဝါပြုရသောအမှုသည် ကြောက်မက်ဖွယ်သောအမှုဖြစ်ကြောင်းကို သင်ပေါင်းဖေါ်သောလူအပေါင်းတို့သည် မြင်ရကြလိမ့်မည်။” ကိုယ်တော်၏လူမျိုးမှ ဘုရားသခင်အဘယ်အရာပြန်တောင်းဆိုသနည်း။ “ယနေ့ငါမှာထားသောစကားကို မှတ်လော့။” မှန်ပေသည်။ ယေဟောဝါ၏ပညတ်တော်နှင့် ဥပဒေသတ်မှတ်ချက်အားလုံးကို လိုက်နာဆောင်ရွက်ရကြမည်ဖြစ်သည်။—ထွက်မြောက်ရာ ၃၄:၁၀၊ ၁၁။
ဣသရေလလူမျိုးအတွက် ပညတ်တော်ဆယ်ပါးကား အဘယ်အဓိပ္ပာယ်ရှိ
အီဂျစ်ပြည်တွင် ကျွန်ခံရသောအဖြစ်မှ ဘုရားသခင့်ကာကွယ်စောင့်ရှောက်မှုအောက် လွတ်မြောက်ရခြင်း၏အကျိုးကျေးဇူးကြောင့် ဣသရေလလူမျိုးသည် ဘုရားသခင့်နာမတော်ကို အနက်အဓိပ္ပာယ်အသစ်အရ သိရှိလာလေသည်။ (ထွက်မြောက်ရာ ၆:၂၊ ၃) ယင်းကြောင့် နာမတော်ကို အချည်းနှီးမခံမယူရန် တားမြစ်ခံရသည့်အတွက် တတိယပညတ်တော်သည် သူတို့အတွက်အထူးအဓိပ္ပာယ်လေးနက်လာလေသည်။—ထွက်မြောက်ရာ ၂၀:၇။
ဥပုသ်နေ့နှင့်ဆိုင်သော စတုတ္ထပညတ်သည် မန္နမုန့်စုသိမ်းခြင်းနှင့်ပတ်သက်၍ “ဥပုသ်စောင့်ထိန်း” ရန်ပညတ်ကို အတည်ပြုချိန်က တင်ပြခဲ့သကဲ့သို့ မြင့်မြတ်သောအရာများကို လေးစားတန်ဖိုးထားခြင်းကို အထူးသဘောပေါက်စေသည်။ (ထွက်မြောက်ရာ ၁၆:၂၂-၂၆) ဣသရေလလူမျိုးမှအချို့သူများ ချက်ချင်းနားမထောင်ကြသဖြင့် ထိုအမိန့်တော်ကို သူတို့အားပေးထားတော်မူကြောင်း ယေဟောဝါသတိပေးတော်မူခဲ့သည်။ “ယေဟောဝါသည် ဥပုသ်နေ့ကိုသင်တို့အား ပေးတော်မူပြီ။ . . . ထိုကြောင့် လူများတို့သည် ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေကြ၏။” (ထွက်မြောက်ရာ ၁၆:၂၉၊ ၃၀) နောင်တွင် ဤအစီစဉ်သည် မည်မျှတိုင်သီးသန့်ဖြစ်သည်ကို ယေဟောဝါဤသို့တင်ပြခဲ့သည်။ “ငါနှင့်ဣသရေလအမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေဖြစ်လိမ့်မည်။”—ထွက်မြောက်ရာ ၃၁:၁၇။
ထိုနောက် ထူးခြားလှသည့် တပ်မက်လိုချင်စိတ်ကိုတားမြစ်သော ဒသမပညတ်တော်ကို သတိပြုပါ။ ဤပညတ်ချက်ကား မည်သည့်လူသားမျှ မကြပ်မတ်နိုင်သောပညတ်ဖြစ်သည်။ ရည်ရွယ်ချက်ကိုသိရှိတော်မူရန် စိတ်နှလုံးကိုစစ်ဆေးတော်မူသော ဘုရားသခင်ယေဟောဝါ၏စီရင်ချက်ကို ဣသရေလအမျိုးသားတိုင်း ခံရမည်ဖြစ်သည်။—ထွက်မြောက်ရာ ၂၀:၁၇။ ၁ ဓမ္မရာဇဝင် ၁၆:၇။ ယေရမိ ၁၇:၁၀။
ပြုပြင်ခံ ကြည့်မြင်ချက်
ဣသရေလအမျိုးသားတစ်ဦးအဖြစ် ဖွားမြင်လာသောယေရှုခရစ်သည် တပည့်တော်များအား ဤသို့မိန့်တော်မူခဲ့သည်။ “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ပယ်ဖျက်ခြင်းငှာ ငါလာသည်ဟုမထင်ကြနှင့်။ ပယ်ဖျက်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ လာသတည်း။” (မ၊ ၅:၁၇) ဟေဗြဲခရစ်ယာန်များအား တမန်တော်ပေါလုဤသို့ရေးသားခဲ့သည်။ “ပညတ်တရားသည် နောက်ဖြစ်လတံ့သောမင်္ဂလာအကျိုးတို့၏ သေချာသောပုံသဏ္ဌာန်ကိုမပြ၊ အရိပ်ကိုသာပြသည်။” (ဟေဗြဲ ၁၀:၁) သင်သည် ခရစ်ယာန်ဘာသာဝင် ဟေဗြဲလူမျိုးတစ်ဦးဖြစ်ပါက ဤစကားများကို မည်သို့သဘောသက်ဝင်မည်နည်း။ ရှေးခရစ်ယာန်အသင်းတော်သားအချို့က မောရှေမှတစ်ဆင့် ဘုရားသခင်ပေးတော်မူခဲ့သော ပညတ်တော်ဆယ်ပါးပါအပါအဝင် ပညတ်တော်ရာပေါင်းများစွာတို့ကို လိုက်လျှောက်နာခံရဦးမည်ဟုယူမှတ်ကြသည်။ သို့သော် ဤသည်ကား မှန်သောကြည့်မြင်ပုံဖြစ်သလော။
ဂလာတိပြည်နယ်ရှိ ခရစ်ယာန်ဖြစ်လာသူ ဂျူးများအား ပေါလုပြောဆိုခဲ့သောစကားများကို သုံးသပ်ကြည့်ပါ။ “လူတို့သည် ပညတ်တရား၏အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်။ ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်ကို အပြစ်ထင်ရှားသော တစ်ပါးအမျိုးသားမဟုတ်ဘဲ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သော ငါတို့သည် အမှန်သိသည်နှင့်အညီ ပညတ်တရား၏အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ခြင်းငှာ ငါတို့ပင်ယေရှုခရစ်ကိုယုံကြည်ကြပြီ။” (ဂလာတိ ၂:၁၅၊ ၁၆) ဘုရားသခင့်ရှေ့ဖြောင့်မတ်သောအနေအထားသည် မောရှေပညတ်ကိုစောင့်ရှောက်နာခံခြင်းအပေါ်မတည်။ အကြောင်းမူကား၊ မစုံလင်သောလူ့အဖြစ်တွင် ထိုသို့မဖြစ်နိုင်။ ပေါလုဤသို့ထပ်ဆင့်ခဲ့သည်။ “ပညတ်တရား၏အကျင့်ကိုအမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ‘ပညတ္တိကျမ်းစာ၌ပါသမျှသောစကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကိုခံစေသတည်း’ ဟုကျမ်းစာလာသည်နှင့်အညီ ခရစ်တော်သည်ငါတို့အတွက်ကြောင့် ကျိန်ခြင်းကိုခံရသောသူဖြစ်၍ ငါတို့ကိုပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ။”—ဂလာတိ ၃:၁၀-၁၃။
ယေရှု၏ဂျူးတပည့်နောက်လိုက်များသည် ပညတ်တရား၏ကျိန်ခြင်းအောက်မရှိတော့လျှင် ဣသရေလလူမျိုးအားပေးခဲ့သော အမိန့်တော်အားလုံးကိုစောင့်ရှောက်ကျင့်ကြံရန် ခရစ်ယာန်များတာဝန်ရှိပါဦးမည်လော။ ကောလောသဲမြို့သားများအား ပေါလုဤသို့ရေးသားခဲ့သည်။ “သင်တို့အပြစ်ရှိသမျှတို့ကို [ဘုရားသခင်] လွှတ်တော်မူ၏။ ငါတို့နှင့်ဆန့်ကျင်ဘက် ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော လက်မှတ်ကိုချေ၍ [ခရစ်တော်၏] နှက်တိုင်ပေါ်မှာရိုက်ထားလျက် ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။” (ကောလောသဲ ၂:၁၃၊ ၁၄) “ပညတ်တရားလက်မှ လွတ်ခြင်းသို့ရောက်ကြပြီ” ဖြစ်ကြောင်း အသိအမှတ်ပြုကြရန် ရှေးခရစ်ယာန်များစွာတို့သည် သူတို့အတွေးအခေါ်ကိုပြုပြင်ပြောင်းလဲပေးခဲ့ရမည်။ (ရောမ ၇:၆) ပညတ်တရားကို ကုန်ဆုံးစေပြီး၊ ကြိုတင်ဟောထားသော “ပဋိညာဉ်အသစ်” အတည်ဖြစ်လာရန် လမ်းခင်းပေးသည့် ယေရှု၏ယဇ်ပူဇော်သက္ကာသေခြင်းကို ယုံကြည်ခြင်းအားဖြင့် သူတို့သည် ယေဟောဝါရှေ့မှောက်တော်တွင် ဖြောင့်မတ်သောအနေအထားကိုရခွင့်ရှိနိုင်ပေသည်။—ယေရမိ ၃၁:၃၁-၃၄။ ရောမ ၁၀:၄။
၄င်းတို့ကား ကျွန်ုပ်တို့အတွက်အဘယ်အဓိပ္ပာယ်ရှိ
ယင်းကြောင့် ပညတ်တရား၏ အခြေခံတစ်ရပ်ဖြစ်သော ပညတ်တော်ဆယ်ပါးသည် ခရစ်ယာန်များအတွက် အဓိပ္ပာယ်ကင်းမဲ့လေပြီဟုဆိုမည်လော။ လုံးဝမဟုတ်ပါ။ ပညတ်တော်ဆယ်ပါးသည် ခရစ်ယာန်များကို တရားဝင်မချည်နှောင်ထားတော့သော်လည်း မောရှေပညတ္တိကျမ်းပါအခြားပညတ်များနည်းတူ ဤပညတ်တော်များသည် ကောင်းသောလမ်းပြများဖြစ်ဆဲပင်။ ဥပမာ၊ အကြီးမြတ်ဆုံးပညတ်ချက်နှစ်ခုမှာ ဘုရားသခင်နှင့် ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းတို့ဖြစ်ကြောင်း ယေရှုမိန့်တော်မူခဲ့သည်။ (ဝတ်ပြုရာ ၁၉:၁၈။ တရားဟောရာ ၆:၅။ မဿဲ ၂၂:၃၇-၄၀) ရောမခရစ်ယာန်များကိုဆုံးမသြဝါဒပေးရာတွင် ပေါလုသည် ဆဌမ၊ သတ္တမ၊ အဌမ နှင့် ဒသမပညတ်တို့ကိုကိုးကားပြီး ဤသို့ထပ်ဆင့်သည်။ “အခြားသောပညတ်ရှိသမျှတို့သည် ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့’ ဟူသောပညတ်တစ်ခု၌ အပါအဝင်ဖြစ်ကြ၏။”—ရောမ ၁၃:၈၊ ၉။
သို့ဖြစ်၍ ဘုရားသခင်၏မှုတ်သွင်းခံနှုတ်ကပတ်တော်အဝင်ဖြစ်သောကြောင့် ပညတ်တော်ဆယ်ပါးသည် ယနေ့အဘယ်ရည်ရွယ်ချက်ကို ဖြည့်စွက်သနည်း။ ယေဟောဝါ၏ကြည့်မြင်ပုံကို တင်ပြပေးသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ယင်းကိုသုံးသပ်ကြည့်စို့။
ပထမပညတ်လေးခုကား ယေဟောဝါအပေါ် ကျွန်ုပ်တို့၏တာဝန်ကိုပေါ်လွင်စေသည်။ (ပထမ) ကိုယ်တော်သည် သီးသန့်ဝတ်ပြုမှုကို တောင်းဆိုတော်မူသည့်ဘုရားဖြစ်ဆဲပင်။ (မဿဲ ၄:၁၀) (ဒုတိယ) ကိုယ်တော်ကိုဝတ်ပြုသူ မည်သူမျှ ရုပ်တုဆင်းတုအသုံးမပြုရ။ (၁ ယောဟန် ၅:၂၁) (တတိယ) ဘုရားသခင့်နာမတော်ကို ကျွန်ုပ်တို့အသုံးပြုပုံသည် သင့်လျော်၍ဂုဏ်တင်စေရမည်။ မည်သည့်အခါမျှ မလေးမခန့်မဖြစ်သင့်။ (ယောဟန် ၁၇:၂၆။ ရောမ ၁၀:၁၃) (စတုတ္ထ) ကျွန်ုပ်တို့ဘဝတစ်ခုလုံးသည် မြင့်မြတ်သောအရာများနှင့်ပတ်သက်နေသင့်သည်။ ယင်းသို့ပြုခြင်းဖြင့် ကိုယ်ကိုယ်ကိုဖြောင့်မတ်သည်ဟုအထင်ရှိသောလမ်းစဉ်မှနားစေသည်။ သို့မဟုတ် ‘ဥပုသ်စောင့်’ စေသည်။—ဟေဗြဲ ၄:၉၊ ၁၀။
(ပဉ္စမ) မိဘများကိုသားသမီးများနာခံမှုပြခြင်းသည် မိသားစုစည်းလုံးမှု၏အုတ်မြစ်ဖြစ်ဆဲပင်။ ၄င်းနှင့်ယေဟောဝါကောင်းချီးများသည် ဒွန်တွဲပါလာသည်။ “ကတိတော်နှင့်ဆိုင်သောပထမပညတ်” ကမ်းလှမ်းသည့် မျှော်လင့်ချက်သည် ကောင်းမြတ်လှသည်တကား။ ယင်းကား “သင်သည်ပြည်တော်၌ကောင်းစား” ရုံမက “အသက်တာရှည်မည်အကြောင်း” တည်း။ (ဧဖက် ၆:၁-၃) လက်ရှိဆိုးသွမ်းသောစနစ်၏ “နောက်ဆုံးကာလတွင်” ကျွန်ုပ်တို့အသက်ရှင်နေကြသောကြောင့် ဤကဲ့သို့သော ဘုရားဝတ်၌မွေ့လျော်၍ နာခံမှုပြခြင်းသည် လူငယ်များအား ဘယ်တော့မျှမသေရတော့သည့် မျှော်လင့်ချက်ကိုရှိစေသည်။—၂ တိမောသေ ၃:၁။ ယောဟန် ၁၁:၂၆။
ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ခြင်းကြောင့် ဆိုးသွမ်းသောအကျင့်များဖြစ်သည့် (ဆဌမ) လူ့အသက်သတ်ခြင်း၊ (သတ္တမ) မတရားမေထုန်ပြုခြင်း၊ (အဌမ) ခိုးမှု နှင့် (နဝမ) မုသာစကားပြောဆိုခြင်းဖြင့် သူတစ်ပါးအကျိုးယုတ်စေရာများမပြုရန် ကျွန်ုပ်တို့ကိုတားဆီးပေးသည်။ (၁ ယောဟန် ၃:၁၀-၁၂။ ဟေဗြဲ ၁၃:၄။ ဧဖက် ၄:၂၈။ မဿဲ ၅:၃၇။ သု၊ ၆:၁၆-၁၉) သို့သော် ကျွန်ုပ်တို့ရည်ရွယ်ချက်များကားအဘယ်နည်း။ ကျွန်ုပ်တို့ရည်ရွယ်ချက်များသည် မျက်မှောက်တော်ရှေ့ အမြဲမှန်ကန်ဖြောင့်မတ်နေရန် ယေဟောဝါတောင်းဆိုတော်မူကြောင်း တပ်မက်ခြင်းကိုတားမြစ်သည့် (ဒသမ) ပညတ်တော်ကား သတိပေးပါသည်။—သု၊ ၂၁:၂။
ပညတ်တော်ဆယ်ပါးတွင် အဓိပ္ပာယ်မြားမြောင်လှသည်တကား။ ဘယ်တော့မျှခေတ်နောက်ကျသွားမည်မဟုတ်သည့် ဘုရားသခင့်မူများပေါ်အခြေခံထားသည့်အတွက် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်နှင့်စပ်ဆိုင်သူကိုလည်းကောင်း ချစ်ရန် ကျွန်ုပ်တို့၌တာဝန်ရှိကြောင်း အဖိုးမဖြတ်နိုင်သည့်သတိပေးချက်များအဖြစ် ယင်းတို့ကိုတန်ဖိုးထားလေးမြတ်သင့်သည်။—မဿဲ ၂၂:၃၇-၃၉။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
သိနာတောင်ပေါ်တွင် ဣသရေလလူမျိုးအားပေးခဲ့သော ပညတ်တော်ဆယ်ပါးပါအပါအဝင် ပညတ်တရားတော်ကို ယေရှု၏သေခြင်းကပြည့်စုံစေခဲ့သည်