အခန်း ဆယ့်ငါး
သားမဖွားသော အမြုံမ ဝမ်းမြောက်
၁။ စာရာသည် အဘယ်ကြောင့် ကလေး ရလိုခဲ့သနည်း၊ ယင်းနှင့်ပတ်သက်၍ သူ အဘယ်အရာ တွေ့ကြုံခဲ့ရသနည်း။
စာရာသည် ကလေး ရလိုခဲ့သည်။ ဝမ်းနည်းစရာမှာ၊ သူသည် မြုံနေပြီး ယင်းကြောင့် အလွန် စိတ်သောကရောက်ခဲ့သည်။ သူ့ခေတ်အခါက သားသမီး မထွန်းကားခြင်းကို ကဲ့ရဲ့ရှုတ်ချစရာအဖြစ် သဘောထားခဲ့ကြသည်၊ သို့သော် စာရာ၏ စိတ်သောကသည် ထိုမျှမကပါ။ သူ၏ ခင်ပွန်း ရရှိခဲ့သော ဘုရားသခင့် ကတိတော် ပြည့်စုံသည်ကို သူ အလွန် တွေ့မြင်လိုခဲ့သည်။ အာဗြဟံသည် မြေကြီးပေါ်ရှိ မိသားစုအားလုံး ကောင်းချီးခံစားရမည့် မျိုးနွယ်တော်၏ ဖခင် ဖြစ်လာရမည် ဖြစ်သည်။ (ကမ္ဘာဦး ၁၂:၁-၃) သို့ရာတွင် ဘုရားသခင် ကတိပြုချိန်မှ ဆယ်စုနှစ်ချီ ကြာခဲ့သည့်တိုင် ကလေး မရခဲ့ပါ။ စာရာသည် အသက်ကြီးလာပြီ ဖြစ်သော်လည်း ကလေး မရဘဲ ဖြစ်နေသည်။ သူ၏ မျှော်လင့်ချက်မှာ အချည်းနှီးသာ ဖြစ်တော့မည်ဟုပင် တွေးမိနိုင်သောအခါများ ရှိပေမည်။ သို့သော် တစ်နေ့တွင် သူမ၏ စိတ်သောကသည် ရွှင်လန်းမှုအဖြစ်သို့ ပြောင်းသွားလေသည်!
၂။ ဟေရှာယ အခန်းကြီး ၅၄ တွင် မှတ်တမ်းတင်ထားသော ပရောဖက်ပြုချက်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။
၂ စာရာ၏ အခြေအနေသည် ဟေရှာယ အခန်းကြီး ၅၄ တွင် မှတ်တမ်းတင်ထားသော ပရောဖက်ပြုချက်ကို နားလည်ရန် အထောက်အကူပြုသည်။ ထိုတွင် ယေရုရှလင်ကို သားမဖွားသော အမြုံမတစ်ဦးအဖြစ် ဖော်ပြထားပြီး သူသည် သားသမီးများစွာ ရမည်ဟူသော အလွန် ရွှင်လန်းဖွယ်အကြောင်း သိရှိလာသည်။ ယေဟောဝါသည် မိမိ၏ ရှေးလူမျိုးတော်အားလုံးကို စုပေါင်းကာ မိမိဇနီးအဖြစ် ပုံဖော်ပြပြီး သူတို့အပေါ် ကိုယ်တော်၏ သနားကြင်နာမှုကို တင်ပြတော်မူ၏။ ထို့ပြင် ဟေရှာယ၏ ဤအခန်းကြီးသည် “မြင့်မြတ်သော နက်နဲရာ” ဟု ကျမ်းစာတွင် ဖော်ပြထားသော နက်နဲသည့် အကြောင်းအရာတစ်ခုကို ရှင်းလင်းဖော်ပြရာတွင် အထောက်အကူပြုသည်။ (ရောမ ၁၆:၂၅၊ ၂၆၊ ကဘ) ဤပရောဖက်ပြုချက်၌ ဖော်ပြထားသော “မိန်းမ” နှင့် သူ ကြုံတွေ့ခဲ့ရာများကို ခွဲခြားသိမြင်ခြင်းက ယနေ့ စင်ကြယ်သော ဝတ်ပြုရေးအပေါ် အရေးပါသည့် အလင်း ဖြာပေးသည်။
“မိန်းမ” မည်သူ ဖြစ်ကြောင်း ဖော်ထုတ်ခံရ
၃။ မြုံနေသော “မိန်းမ” သည် အဘယ်ကြောင့် ရွှင်လန်းဝမ်းမြောက်စရာအကြောင်း ရှိသနည်း။
၃ အခန်းကြီး ၅၄ ကို ဝမ်းမြောက်ဖွယ် စကားများဖြင့် အစပြုထားသည်– “‘သားမဖွားသော အမြုံမ ဝမ်းမြောက်လော့။ သားဖွားခြင်း ဝေဒနာကို မခံသေးသော မိန်းမ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား စွန့်ထားသော မိန်းမသည် လင်ရှိသော မိန်းမထက် သာ၍ များသော သားတို့ကို ဖွားမြင်ပြီ’ ဟု ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာယ ၅၄:၁) ဟေရှာယသည် ဤစကားများကို ပြောဆိုချိန်တွင် အလွန် ရွှင်လန်းဝမ်းမြောက်ခဲ့ပေမည်! ယင်းပြည့်စုံချက်သည် ဗာဗုလုန်တွင် ပြည်နှင်ခံရသော ဂျူးများအတွက် အလွန် နှစ်သိမ့်မှု ဖြစ်မည်! ယင်းအချိန်တွင် ယေရုရှလင်မြို့သည် လူသူဆိတ်သုဉ်းနေဆဲ ဖြစ်မည်။ လူ့ရှုထောင့်မှ ကြည့်လျှင် တိုင်းသူပြည်သားများနှင့် ပြန်လည်စည်ပင်မည့် မျှော်လင့်ချက် မရှိ ဖြစ်နေသည်၊ မြုံနေသည့် မိန်းမတစ်ဦးသည် အသက်အရွယ် လွန်ချိန်တွင် ကလေး ရမည်ဟု မမျှော်လင့်သကဲ့သို့ ဖြစ်သည်။ သို့သော် ဤ “မိန်းမ” ၏ အနာဂတ်တွင် ကြီးမားသော ကောင်းချီးတစ်ခု ရှိသည်—သူသည် တစ်ဖန် ပြန်လည် စည်ပင်လာမည်။ ယေရုရှလင်သည် ရွှင်လန်းမှုဖြင့် စိတ်တက်ကြွမည့် အခြေအနေ ဖြစ်မည်။ သူသည် “သားတို့” သို့မဟုတ် မြို့သူမြို့သားများကို တစ်ဖန် မွေးဖွားမည်။
၄။ (က) ဟေရှာယ အခန်းကြီး ၅၄ သည် ဘီ.စီ.အီး. ၅၃၇ ခုနှစ်ထက် ပို၍ ကြီးသော ပြည့်စုံချက် ရှိရမည်ကို ကျွန်ုပ်တို့ သိနားလည်ရန် တမန်တော် ပေါလု မည်သို့ ကူညီပေးသနည်း။ (ခ) “အထက်ယေရုရှလင်” ကား အဘယ်နည်း။
၄ မိမိ၏ ပရောဖက်ပြုချက်သည် တစ်ကြိမ်ထက်မက ပြည့်စုံမည် ဖြစ်ကြောင်း ဟေရှာယ သိခဲ့မည် မဟုတ်ပါ။ တမန်တော် ပေါလုက ဟေရှာယ အခန်းကြီး ၅၄ ကို ကိုးကားကာ ထို “မိန်းမ” သည် မြေကြီးယေရုရှလင်မြို့ထက် ပို၍ အရေးကြီးသောအရာကို ကိုယ်စားပြုကြောင်း ရှင်းပြထားသည်။ သူ ဤသို့ ရေးထား၏– “အပေါ်မှာ ရှိသော ယေရုရှလင်မြို့ [“အထက်ယေရုရှလင်မြို့၊” ကဘ] မူကား ခပ်သိမ်းသော ငါတို့၏ အမိ . . . ဖြစ်သတည်း။” (ဂလာတိ ၄:၂၆) ဤ “အထက်ယေရုရှလင်” ကား အဘယ်နည်း။ ကတိထားရာ ပြည်တော်တွင် ရှိသော ယေရုရှလင်မြို့ မဟုတ်သည်မှာ ရှင်းနေပါသည်။ ထိုမြို့သည် မြေကြီးဆိုင်ရာ ဖြစ်သည်၊ “အထက်” ကောင်းကင်ဘုံတွင် မဟုတ်ချေ။ “အထက်ယေရုရှလင်” သည် ဘုရားသခင်၏ ကောင်းကင်ဆိုင်ရာ “မိန်းမ၊” ကိုယ်တော်၏ တန်ခိုးကြီး နာမ်ဝိညာဉ် သတ္တဝါ အဖွဲ့အစည်း ဖြစ်သည်။
၅။ ဂလာတိ ၄:၂၂-၃၁ တွင် ဖော်ပြထားသော ပုံဆောင်ဇာတ်လမ်းတွင် (က) အာဗြဟံ (ခ) စာရာ (ဂ) ဣဇာက် (ဃ) ဟာဂရ (င) ဣရှမေလ တို့သည် မည်သူတို့ကို ကိုယ်စားပြုသနည်း။
၅ သို့သော် ယေဟောဝါတွင် ပုံဆောင် မိန်းမနှစ်ဦး—တစ်ဦးသည် ကောင်းကင်ဆိုင်ရာနှင့် အခြားတစ်ဦးသည် မြေကြီးဆိုင်ရာမိန်းမ—မည်သို့ ရှိနိုင်သနည်း။ ရှေ့နောက်မညီ ဖြစ်နေပါသလော။ မဖြစ်ပါ။ အဖြေကို တမန်တော် ပေါလုက အာဗြဟံမိသားစု၏ ပရောဖက်ပြုချက်ဆိုင်ရာ ပုံတင်ပြချက်နှင့် ဆက်စပ်ဖော်ပြသည်။ (ဂလာတိ ၄:၂၂-၃၁; စာမျက်နှာ ၁၀၁ ရှိ “အာဗြဟံ၏ မိသားစု—ပရောဖက်ပြုချက်ဆိုင်ရာ ပုံတင်ပြချက်တစ်ခု” ကိုရှု။) အာဗြဟံ၏ ဇနီး၊ “ကျွန်မ မဟုတ်သော မိန်းမ” ဖြစ်သူ စာရာသည် ယေဟောဝါ၏ ဇနီးကဲ့သို့သော နာမ်ဝိညာဉ် သတ္တဝါ အဖွဲ့အစည်းကို ပုံတင်ပြသည်။ အာဗြဟံ၏ ဒုတိယမိန်းမ သို့မဟုတ် မယားငယ် ဖြစ်သော ကျွန်မ ဟာဂရသည် မြေကြီးယေရုရှလင်ကို ပုံတင်ပြသည်။
၆။ ဘုရားသခင်၏ ကောင်းကင်အဖွဲ့အစည်းသည် အဘယ်သဘောဖြင့် ကာလအတန်ကြာ မြုံနေခဲ့သနည်း။
၆ ထိုနောက်ခံဖြင့် ဟေရှာယ ၅၄:၁ ၏ လေးနက်သော အဓိပ္ပာယ်ကို ကျွန်ုပ်တို့ တွေ့မြင်စပြုလာသည်။ ဆယ်စုနှစ်ချီ မြုံနေပြီးနောက် စာရာသည် အသက် ၉၀ အရွယ်တွင် ဣဇာက်ကို မွေးဖွားခဲ့သည်။ အလားတူပင်၊ ယေဟောဝါ၏ ကောင်းကင်အဖွဲ့အစည်းသည် နှစ်ကာလအတော်ကြာ မြုံနေခဲ့သည်။ လွန်လေပြီးသော ဧဒင်ဥယျာဉ်တွင် ကိုယ်တော်၏ “မိန်းမ” သည် ‘မျိုးနွယ်တော်’ ကို ဖွားမြင်မည်ဟု ယေဟောဝါ ကတိပြုခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) အနှစ် ၂,၀၀၀ ကျော် ကြာပြီးနောက် ယေဟောဝါသည် မျိုးနွယ်တော်ဆိုင်ရာ ကတိတော်နှင့်ပတ်သက်၍ အာဗြဟံနှင့် ပဋိညာဉ် ဖွဲ့ခဲ့သည်။ သို့သော် ဘုရားသခင်၏ ကောင်းကင်ဆိုင်ရာ “မိန်းမ” သည် မျိုးနွယ်တော် မပေါ်ထွန်းမီ ရာစုနှစ်ပေါင်းများစွာ စောင့်ခဲ့ရသည်။ သို့သော်လည်း တစ်ချိန်က “သားမဖွားသော အမြုံမ” ဖြစ်ခဲ့သူသည် ဇာတိဣသရေလထက် ပို၍ များသော သားသမီးများကို မွေးဖွားသည့်အချိန် ရောက်လာသည်။ ကြိုဟောထားသော မျိုးနွယ်တော် ရောက်ရှိလာခြင်းကို သက်သေခံရန် ကောင်းကင်တမန်များ အဘယ်ကြောင့် အလွန် စိတ်ထက်သန်ခဲ့ကြသည်ကို နားလည်ဖို့ သားမဖွားသော အမြုံမ ပုံဥပမာက အထောက်အကူပြုသည်။ (၁ ပေတရု ၁:၁၂) နောက်ဆုံးတွင် အဘယ်အချိန်၌ ထိုသို့ ဖြစ်ပျက်ခဲ့သနည်း။
၇။ ဟေရှာယ ၅၄:၁ တွင် ကြိုဟောထားသည့်အတိုင်း “အထက်ယေရုရှလင်” သည် အဘယ်အချိန်တွင် ရွှင်လန်းဝမ်းမြောက်ခဲ့သနည်း၊ ထိုသို့ သင် အဘယ်ကြောင့် ဆိုသနည်း။
၇ လူသားကလေးငယ်အဖြစ် ယေရှု မွေးဖွားခြင်းသည် ကောင်းကင်တမန်များအကြားတွင် ရွှင်လန်းဝမ်းမြောက်ရန် အခါသမယ အမှန် ဖြစ်ခဲ့သည်။ (လုကာ ၂:၉-၁၄) သို့သော် ယင်းသည် ဟေရှာယ ၅၄:၁ တွင် ကြိုဟောထားသည့် အဖြစ်အပျက် မဟုတ်ခဲ့ပါ။ စီ.အီး. ၂၉ တွင် ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် မွေးဖွားခံရသည့်အခါ၌သာ သူသည် “အထက်ယေရုရှလင်” ၏ ဝိညာဏသားတစ်ဦး ဖြစ်လာခဲ့ကာ ဘုရားသခင် ကိုယ်တော်တိုင်က မိမိ၏ “နှစ်သက်မြတ်နိုးရာ . . . ချစ်သား” အဖြစ် လူအများရှေ့ အသိအမှတ်ပြုခဲ့သည်။ (မာကု ၁:၁၀၊ ၁၁; ဟေဗြဲ ၁:၅; ၅:၄၊ ၅) သို့ဖြစ်၍ ထိုအချိန်တွင် ဟေရှာယ ၅၄:၁ ပြည့်စုံခဲ့၍ ဘုရားသခင့် ကောင်းကင်ဆိုင်ရာ “မိန်းမ” သည် ရွှင်လန်းရန် အကြောင်း ရှိခဲ့သည်။ နောက်ဆုံးတွင် သူသည် ကတိထားရာ မျိုးနွယ်တော် မေရှိယကို မွေးဖွားခဲ့သည်! သူ၏ မြုံနေသော ရာစုနှစ်များ အဆုံးတိုင်ခဲ့သည်။ သို့ရာတွင် ရွှင်လန်းဝမ်းမြောက်ခြင်းသည် ထိုအရာနှင့်သာ အဆုံးမသတ်ခဲ့ပါ။
သားမဖွားသော အမြုံမအတွက် များစွာသော သားများ
၈။ ဘုရားသခင်၏ ကောင်းကင်ဆိုင်ရာ “မိန်းမ” သည် ကတိထားရာ မျိုးနွယ်တော်ကို မွေးဖွားပြီးနောက်၌ ရွှင်လန်းဝမ်းမြောက်စရာအကြောင်း အဘယ်ကြောင့် ရှိခဲ့သနည်း။
၈ ယေရှု သေဆုံး၍ ရှင်ပြန်ထမြောက်ပြီးနောက် ဘုရားသခင့် ကောင်းကင်ဆိုင်ရာ “မိန်းမ” သည် ဤမျက်နှာသာ ရသော သားကို “သေသောသူတို့တွင် သားဦး” အဖြစ် ပြန်လည်တွေ့မြင်ရသောကြောင့် ရွှင်လန်းဝမ်းမြောက်ခဲ့သည်။ (ကောလောသဲ ၁:၁၈) ထို့နောက် သူသည် ပို၍ များသော ဝိညာဏသားများကို စတင် မွေးဖွားခဲ့သည်။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ယေရှု၏ နောက်လိုက် ၁၂၀ ကို သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခဲ့ပြီး ခရစ်တော်၏ တွဲဖက်အမွေခံများအဖြစ် မွေးစားခံခဲ့ရသည်။ ထိုနေ့နောက်ပိုင်းတွင် နောက်ထပ် ၃,၀၀၀ ထပ်တိုးလာခဲ့သည်။ (ယောဟန် ၁:၁၂; တမန်တော် ၁:၁၃-၁၅; ၂:၁-၄၊ ၄၁; ရောမ ၈:၁၄-၁၆) ဤသားများအုပ်စုအဝင်သည် ဆက်၍ တိုးပွားလာခဲ့သည်။ ခရစ်ယာန်ဘောင် အယူဖောက်ပြန်မှု အစောပိုင်း ရာစုနှစ်များအတွင်း တိုးပွားမှုသည် တဖြည်းဖြည်း လျော့နည်းသွားခဲ့သည်။ သို့ရာတွင် ၂၀ ရာစုတွင် အခြေအနေ ပြောင်းလဲသွားခဲ့သည်။
၉၊ ၁၀။ “တဲရာကို ကျယ်စေ” ရန် ညွှန်ကြားချက်သည် ရှေးအချိန်က တဲတွင် နေထိုင်သော အမျိုးသမီးတစ်ဦးအတွက် အဘယ် အဓိပ္ပာယ် ရှိမည်နည်း၊ ထိုအမျိုးသမီးအတွက် ယင်းအချိန်သည် အဘယ်ကြောင့် ရွှင်လန်းဖွယ်အချိန် ဖြစ်သနည်း။
၉ ဟေရှာယက ထူးခြားသော တိုးပွားမှု အချိန်ကာလအကြောင်း ဤသို့ ပရောဖက်ပြုထား၏– “သင်၏ တဲရာကို ကျယ်စေလော့။ သင်၏ နေရာ မျက်နှာကြက်ကို ကြက်ဦးလော့။ နှမြောသောစိတ် မရှိနှင့်။ ကြိုးတို့ကို ရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာ စိုက်လော့။ အကြောင်းမူကား သင်သည် လက်ယာဘက်၊ လက်ဝဲဘက်၌ တိုးပွားလိမ့်မည်။ သင်၏ အမျိုးအနွယ်သည် တစ်ပါးအမျိုးသားတို့ကို အမွေခံ၍ [“လူမျိုးခြားတို့ကို ပိုင်သဖြင့်၊” သမ္မာ] သူတို့၏ ဆိတ်ညံသော မြို့တို့၌ နေကြလိမ့်မည်။ မစိုးရိမ်နှင့်။ ရှက်ကြောက်ခြင်းသို့ မရောက်ရ။ မျက်နှာမပျက်နှင့်။ အရှက်ကွဲခြင်းကို မခံရ။ အသက်ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့လိမ့်မည်။ မုဆိုးမ ဖြစ်၍ ခံရသော ကဲ့ရဲ့ခြင်းကို နောက်တစ်ဖန် မအောက်မေ့ရ။”—ဟေရှာယ ၅၄:၂-၄။
၁၀ ဤတွင် ယေရုရှလင်ကို စာရာကဲ့သို့ တဲများတွင် နေထိုင်သော ဇနီးတစ်ဦး၊ မိခင်တစ်ဦးအဖြစ် ဖော်ပြထားသည်။ မိသားစု တိုးများလာခြင်း ကောင်းချီးကို ခံစားရသောအခါ ထိုကဲ့သို့သော မိခင်တစ်ဦးအဖို့ မိမိအိမ်ကို တိုးချဲ့ရန် အချိန်တန်ပေပြီ။ ပိုကြီးသော ရွက်ဖျင်များ၊ ကြိုးများကို တပ်ဆင်ခြင်း၊ နေရာသစ်တွင် တဲတံကျင်များကို မြဲမြံစွာ ရိုက်ခြင်းတို့ လိုအပ်သည်။ ယင်းသည် သူ့အတွက် ပျော်စရာအလုပ် ဖြစ်ပြီး ယင်းသို့သော အလုပ်များစဉ်အချိန်တွင် မိသားစုမျိုးနွယ် ဆက်ရန် ကလေး မွေးပေးနိုင်ပါမည်လောဟူသည့် စိုးရိမ်ပူပန်စွာ ကုန်ဆုံးခဲ့ရသည့် နှစ်များကို အလွယ်တကူ မေ့လျော့သွားပေမည်။
၁၁။ (က) ၁၉၁၄ တွင် ဘုရားသခင်၏ ကောင်းကင်ဆိုင်ရာ “မိန်းမ” သည် မည်သို့ ကောင်းချီး ခံစားခဲ့ရသနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။) (ခ) ၁၉၁၉ မှစ၍ မြေကြီးပေါ်ရှိ ဘိသိက်ခံများသည် အဘယ် ကောင်းချီးများ ခံစားခဲ့ရသနည်း။
၁၁ မြေကြီးယေရုရှလင်သည် ဗာဗုလုန်တွင် ပြည်နှင်ခံရပြီးနောက် ယင်းသို့သော အသစ်တည်ထောင်ချိန်ဖြင့် ကောင်းချီး ခံစားခဲ့ရသည်။ “အထက်ယေရုရှလင်” သည် ပို၍ပင် ကောင်းချီး ခံစားခဲ့ရသည်။a အထူးသဖြင့် ၁၉၁၉ မှစ၍ သူ၏ ဘိသိက်ခံ “အမျိုးအနွယ်” သည် သူတို့၏ အသစ်တည်ထောင်ထားသော ဝိညာဏ အခြေအနေတွင် တိုးပွားများပြားလာခဲ့သည်။ (ဟေရှာယ ၆၁:၄; ၆၆:၈) သူတို့သည် ဝိညာဏ မိသားစုတွင် မိမိတို့နှင့်အတူ ပါဝင်လာမည့်သူ အားလုံးကို ရှာဖွေရန် အရပ်ဒေသများစွာ နေရာအနှံ့ သွားခဲ့ခြင်းဖြင့် “လူမျိုးခြားတို့ကို ပိုင်” ဆိုင်ခဲ့ကြသည်။ ရလဒ်အနေနှင့် ဘိသိက်ခံသားများကို စုသိမ်းရာတွင် အလျင်အမြန် တိုးပွားခဲ့သည်။ ၁၄၄,၀၀၀ ၏ နောက်ဆုံး အရေအတွက်သည် ၁၉၃၀ ပြည့်လွန်နှစ်များ အလယ်လောက်တွင် ပြည့်သွားခဲ့ပုံရသည်။ (ဗျာဒိတ် ၁၄:၃) ထိုအချိန်တွင် ဘိသိက်ခံများကို အဓိကထား စုသိမ်းခြင်းနှင့်ဆိုင်သည့် ဟောပြောခြင်းလုပ်ငန်း ရပ်စဲခဲ့သည်။ သို့တိုင် တိုးချဲ့ခြင်းသည် ဘိသိက်ခံများနှင့်အတူ မရပ်တန့်သွားခဲ့ပါ။
၁၂။ ဘိသိက်ခံများအပြင် ၁၉၃၀ ပြည့်လွန်နှစ်များမှစ၍ မည်သူတို့ကို ခရစ်ယာန် အသင်းတော်သို့ စုသိမ်းခဲ့ကြသနည်း။
၁၂ ယေရှုက မိမိ၌ ဘိသိက်ခံ ညီတော် “သိုးစုငယ်” အပြင် စစ်မှန်သော ခရစ်ယာန် သိုးခြံအတွင်းသို့ ခေါ်ဆောင်ခံရမည့် “အခြားသိုး” လည်း ရှိမည် ဖြစ်ကြောင်း ကိုယ်တော်တိုင် ကြို၍ မိန့်တော်မူခဲ့သည်။ (လုကာ ၁၂:၃၂; ယောဟန် ၁၀:၁၆) “အထက်ယေရုရှလင်” ၏ ဝိညာဏသားများအဝင် မဟုတ်သော်လည်း ဘိသိက်ခံများ၏ ထိုသစ္စာရှိ အပေါင်းပါများသည် အရေးပါပြီး ကြာမြင့်စွာကတည်းက ပရောဖက်ပြုခဲ့သော အခန်းကဏ္ဍတွင် ပါဝင်ကြသည်။ (ဇာခရိ ၈:၂၃) ထို “လူအုပ်ကြီး” ကို ၁၉၃၀ ပြည့်လွန်နှစ်များမှစ၍ ယနေ့အချိန်အထိ စုသိမ်းခဲ့ပြီး ရလဒ်အနေနှင့် ခရစ်ယာန် အသင်းတော်ကို မကြုံစဖူးသော နှုန်းနှင့် တိုးချဲ့နေရသည်။ (ဗျာဒိတ် ၇:၉၊ ၁၀၊ ကဘ) ယနေ့အချိန်တွင် ထိုလူအုပ်ကြီး အရေအတွက်သည် သန်းနှင့်ချီ ရှိနေပြီ။ ယင်းသို့ တိုးများလာခြင်းကြောင့် ပို၍ များသော နိုင်ငံတော်ခန်းမများ၊ စည်းဝေးပွဲ ခန်းမများနှင့် ဌာနခွဲ အဆောက်အအုံများ အရေးတကြီး လိုအပ်ခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ ဟေရှာယ၏ စကားများသည် ယခု ပိုကိုက်ညီပုံရသည်။ ထိုကြိုဟောထားသော တိုးချဲ့မှုတွင် ပါဝင်နေရခြင်းသည် အခွင့်ထူးပင်!
မိမိ၏ သားသမီးများကို ကြည့်ရှုစောင့်ရှောက်သော မိခင်တစ်ဦး
၁၃၊ ၁၄။ (က) ဘုရားသခင်၏ ကောင်းကင်ဆိုင်ရာ “မိန်းမ” နှင့် ဆိုင်သော ဖော်ပြချက်အချို့နှင့်ပတ်သက်၍ အဘယ်အချက်သည် နားလည်ရခက်ပုံပေါက်သနည်း။ (ခ) မိသားစု ဆက်ဆံရေးကို အသုံးပြုထားသော ဘုရားသခင့် ပုံဖော်ချက်မှ အဘယ် ထိုးထွင်းသိမြင်မှု ရရှိနိုင်သနည်း။
၁၃ သာ၍ ကြီးသော ပြည့်စုံချက်တွင် ပရောဖက်ပြုချက်ပါ “မိန်းမ” သည် ယေဟောဝါ၏ ကောင်းကင်အဖွဲ့အစည်းကို ကိုယ်စားပြုကြောင်း ကျွန်ုပ်တို့ သိရှိခဲ့ကြပြီ။ သို့သော် ဟေရှာယ ၅၄:၄ ကို ဖတ်ပြီးသည့်နောက် ထိုနာမ်ဝိညာဉ် သတ္တဝါ အဖွဲ့အစည်းသည် ရှက်ကြောက်ခြင်း သို့မဟုတ် ကဲ့ရဲ့ခြင်းကို ခံခဲ့ရဖူးသလောဟူ၍ ကျွန်ုပ်တို့ စဉ်းစားမိပေမည်။ ဆက်ဖော်ပြသော အခန်းငယ်များ၌ ဘုရားသခင့် “မိန်းမ” သည် ငြင်းပယ်၊ ညှဉ်းဆဲ၊ တိုက်ခိုက်ခံရမည်ဟု ဆိုထားသည်။ သူသည် ဘုရားသခင်အား အမျက်ထွက်အောင်ပင် လုပ်ဆောင်မည်။ တစ်ခါမျှ အပြစ်မလုပ်ဖူးသော စုံလင်သည့် နာမ်ဝိညာဉ် သတ္တဝါ အဖွဲ့အစည်းသည် ယင်းဖော်ပြချက်နှင့် မည်သို့ သက်ဆိုင်နိုင်သနည်း။ အဖြေမှာ မိသားစု ပင်ကိုစိတ်သဘောသဘာဝနှင့် ဆက်စပ်နေသည်။
၁၄ ယေဟောဝါသည် နက်နဲသော ဝိညာဏ သမ္မာတရားကို နားလည်သဘောပေါက်ရန် မိသားစု ဆက်ဆံရေး—ခင်ပွန်းနှင့် ဇနီး၊ မိခင်နှင့် သားသမီးများအကြားရှိ ဆက်ဆံရေး—ကို အသုံးပြုတော်မူ၏၊ အကြောင်းမှာ ထိုကဲ့သို့သော လက္ခဏာများသည် လူသားတို့အတွက် အဓိပ္ပာယ်ရှိသည်။ ကျွန်ုပ်တို့သည် ကိုယ်ပိုင်မိသားစု အတွေ့အကြုံများတွင် မည်မျှ ရှိပါစေ သို့မဟုတ် မည်သို့သော အရည်အသွေး ရှိပါစေ သာယာချမ်းမြေ့သည့် အိမ်ထောင် သို့မဟုတ် မိဘနှင့် သားသမီးအကြား ကောင်းသော ဆက်ဆံရေးဟူသည် မည်သို့ ရှိရမည်ကို သိရှိပေမည်။ သို့ဖြစ်၍ ယေဟောဝါနှင့် ကိုယ်တော်၏ အလွန် များပြားသော နာမ်ဝိညာဉ် ကျေးကျွန် အုပ်စုကြီးအကြားတွင် လှိုက်လှဲ၊ ရင်းနှီးပြီး ယုံကြည်စိတ်ချရသော ဆက်ဆံရေး ရှိကြောင်း ကျွန်ုပ်တို့ကို ကွင်းကွင်းကွက်ကွက် မြင်သာစေရန် သင်ကြားပေးခြင်း ဖြစ်သည်! ထို့ပြင် ကိုယ်တော်၏ ကောင်းကင်အဖွဲ့အစည်းသည် မြေကြီးပေါ်ရှိ ဝိညာဏ ဘိသိက်ခံသားများကို ကြည့်ရှုစောင့်ရှောက်ကြောင်း ကျွန်ုပ်တို့ အထူး စွဲမှတ်စရာ ဖြစ်လောက်အောင် ကိုယ်တော် သင်ကြားပေးခြင်းပင်! လူသားကျေးကျွန်များ ဒုက္ခဆင်းရဲ ခံရသည့်အခါ ကောင်းကင်ရှိ သစ္စာရှိကျေးကျွန် “အထက်ယေရုရှလင်” လည်း ထပ်တူ ခံစားရသည်။ အလားတူ ယေရှု ဤသို့ မိန့်တော်မူခဲ့၏– “သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူ တစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီ။”—မဿဲ ၂၅:၄၀။
၁၅၊ ၁၆။ ဟေရှာယ ၅၄:၅၊ ၆ ၏ ဦးဆုံးပြည့်စုံချက်နှင့် သာ၍ ကြီးသော ပြည့်စုံချက်ကား အဘယ်နည်း။
၁၅ သို့ဖြစ်၍ ယေဟောဝါ၏ ကောင်းကင်ဆိုင်ရာ “မိန်းမ” အား ပြောဆိုထားရာ များစွာသည် မြေကြီးပေါ်ရှိ သူ၏ သားသမီးများ ကြုံတွေ့သည့် အခြေအနေကို ရောင်ပြန်ဟပ်ခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ ဤစကားများကို သုံးသပ်ကြည့်ပါ– “‘သင့်ကို ဖန်ဆင်းသောသူသည် သင်၏ လင် ဖြစ်တော်မူ၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်း။ သင့်ကို ရွေးနုတ်သောသူသည် ဣသရေလအမျိုး၌ သန့်ရှင်းသော ဘုရား ဖြစ်တော်မူ၏။ မြေကြီးတစ်ပြင်လုံးကို အစိုးရသော ဘုရားဟူ၍ ခေါ်ရကြ၏။ စွန့်ပစ်၍ စိတ်ငြိုငြင်သော မိန်းမ ငယ်စဉ်တွင် မယား ဖြစ်၍ နောက်မှ ငြင်းပယ်သော မိန်းမကို တစ်ဖန် ခေါ်သကဲ့သို့ သင့်ကို ငါခေါ်မည်’ ဟု သင်၏ ဘုရားသခင် မိန့်တော်မူ၏။”—ဟေရှာယ ၅၄:၅၊ ၆။
၁၆ ဤတွင် ဖော်ပြထားသော မိန်းမသည် မည်သူနည်း။ ဦးဆုံး ပြည့်စုံချက်တွင် သူမသည် ဘုရားသခင့် လူမျိုးတော်ကို ကိုယ်စားပြုသော ယေရုရှလင် ဖြစ်သည်။ ဗာဗုလုန်တွင် အနှစ် ၇၀ ကြာ ပြည်နှင်ခံရချိန်အတွင်း ဘုရားသခင်သည် မိမိတို့ကို လုံးလုံး ငြင်းပယ်၊ စွန့်ပစ်ခဲ့သည့်အလား သူတို့ ခံစားရမည်။ သာ၍ ကြီးသော ပြည့်စုံချက်တွင် ထိုစကားများသည် “အထက်ယေရုရှလင်” ကို ရည်ညွှန်းပြီး ကမ္ဘာဦး ၃:၁၅ ပြည့်စုံသည့်အနေနှင့် နောက်ဆုံးတွင် “မျိုးနွယ်တော်” ကို မွေးဖွားပေးခြင်းဆိုင်ရာ သူ၏ အတွေ့အကြုံ ဖြစ်သည်။
တဒင်္ဂ ဆုံးမခံရခြင်း၊ ထာဝရ ကောင်းချီး
၁၇။ (က) မြေကြီးယေရုရှလင်သည် ဘုရားသခင်၏ အမျက်ဒေါသ “လွှမ်းမိုး” မှုကို မည်သို့ ခံစားရမည်နည်း။ (ခ) “အထက်ယေရုရှလင်” ၏ သားများသည် အဘယ် “လွှမ်းမိုး” မှုကို ခံစားခဲ့ရသနည်း။
၁၇ ပရောဖက်ပြုချက်က ဤသို့ ဆက်ဆို၏– “‘သင့်ကို ခဏသာ ငါစွန့်သည် ဖြစ်၍ များစွာသော ကရုဏာနှင့် တစ်ဖန် သိမ်းဆည်းဦးမည်။ ပြင်းစွာသော အမျက်ထွက် [“လွှမ်းမိုး၊” ကဘ] ၍ ခဏမျှ ငါမျက်နှာလွှဲသော်လည်း ထာဝရ မေတ္တာနှင့် သင့်ကို ကယ်မသနားဦးမည်’ ဟု သင့်ကို ရွေးနုတ်သော ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာယ ၅၄:၇၊ ၈) ဘီ.စီ.အီး. ၆၀၇ တွင် မြေကြီးယေရုရှလင်သည် ဗာဗုလုန်စစ်တပ်၏ တိုက်ခိုက်မှုခံရချိန်တွင် ဘုရားသခင့် အမျက်တော် “လွှမ်းမိုး” ခဲ့သည်။ ပြည်နှင်ခံရသည့် အနှစ် ၇၀ သည် အတော်ကြာသောအချိန် ဖြစ်ပုံရပေမည်။ သို့တိုင် ထိုကဲ့သို့သော စုံစမ်းမှုများသည် ဆုံးမခြင်းကို ကောင်းစွာ တုံ့ပြန်သူများအတွက် သိုမှီးထားသော ထာဝရ ကောင်းချီးများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် “ခဏသာ” ဖြစ်သည်။ အလားတူ၊ “အထက်ယေရုရှလင်” ၏ ဘိသိက်ခံသားများသည် မဟာဗာဗုလုန်၏ သွေးထိုးလှုံ့ဆော်မှုကြောင့် နိုင်ငံရေး အင်အားစုများ၏ တိုက်ခိုက်မှု ခံရရန် ယေဟောဝါ ခွင့်ပြုချိန်တွင် ဘုရားသခင်၏ အမျက်ဒေါသ “လွှမ်းမိုး” ခဲ့သည့်အလား ခံစားခဲ့ကြရသည်။ သို့သော် ဆုံးမခံရသည့် အချိန်အတိုင်းအတာသည် ၁၉၁၉ ခုနှစ်မှစ၍ ဝိညာဏ ကောင်းချီး ခံစားခဲ့ရသော အချိန်နှင့် နှိုင်းစာလျှင် အလွန်တိုသော အချိန် ဖြစ်ကြောင်း နောက်ပိုင်းတွင် တွေ့ရှိလာခဲ့ကြသည်!
၁၈။ မိမိလူမျိုးအပေါ် ယေဟောဝါ၏ အမျက်ဒေါသနှင့်ပတ်သက်၍ အဘယ် အရေးကြီးသော မူကို သိရှိနိုင်သနည်း၊ ယင်းသည် ကျွန်ုပ်တို့ တစ်ဦးချင်းစီနှင့် မည်သို့ သက်ဆိုင်မည်နည်း။
၁၈ ထိုအခန်းငယ်များသည် နောက်ထပ် အရေးကြီးသော အမှန်တရားကို ဖော်ပြသည်—ဘုရားသခင့် အမျက်ဒေါသသည် တိုတောင်းပြီး ကိုယ်တော်၏ ကရုဏာတော်သည် ထာဝစဉ် တည်တော်မူ၏။ ကိုယ်တော်၏ ဒေါသသည် အမှားပြုလုပ်သူများအပေါ် သက်ရောက်သော်လည်း ယင်းသည် အစဉ် ထိန်းထိန်းသိမ်းသိမ်း ရှိပြီး အစဉ် ရည်ရွယ်ချက် ရှိသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ယေဟောဝါ၏ ဆုံးမမှုကို လက်ခံမည်ဆိုလျှင် ကိုယ်တော်၏ ဒေါသသည် “ခဏသာ” တည်ပြီးနောက် ပျောက်ကွယ်သွားသည်။ ယင်းနေရာတွင် ကိုယ်တော်၏ “များစွာသော ကရုဏာ”—ခွင့်လွှတ်မှု၊ ချစ်ခင်ကြင်နာမှုတို့ဖြင့် အစားထိုးတော်မူ၏။ ယင်းတို့သည် “ထာဝရ” တည်၏။ ကျွန်ုပ်တို့သည် အပြစ်တစ်ခု ကျူးလွန်မိပါက နောင်တယူပြီး ဘုရားသခင် စိတ်ကျေနပ်အောင် ပြုလုပ်ဖို့ ဘယ်တော့မျှ မတွန့်ဆုတ်သင့်ပါ။ ကြီးလေးသော အပြစ် ဖြစ်မည် ဆိုပါက ကျွန်ုပ်တို့သည် အသင်းတော် အကြီးအကဲများထံ ချက်ချင်း ချဉ်းကပ်သင့်သည်။ (ယာကုပ် ၅:၁၄) ဆုံးမခံဖို့ အမှန် လိုအပ်ပေမည်၊ ယင်းကို လက်ခံဖို့ ခက်ခဲနိုင်ပါသည်။ (ဟေဗြဲ ၁၂:၁၁) သို့သော် ယေဟောဝါ ဘုရားသခင်၏ ခွင့်လွှတ်ခံရခြင်းမှ လာသော ထာဝရ ကောင်းချီးများနှင့် နှိုင်းစာကြည့်မည်ဆိုလျှင် ယင်းသည် ခဏသာ ဖြစ်မည်!
၁၉၊ ၂၀။ (က) သက်တံပဋိညာဉ်မှာ အဘယ်နည်း၊ ယင်းသည် ဗာဗုလုန်တွင် ပြည်နှင်ခံခြင်းနှင့် မည်သို့ ဆက်စပ်သနည်း။ (ခ) “ငြိမ်သက်ခြင်း ပဋိညာဉ်” သည် ယနေ့အချိန်ရှိ ဘိသိက်ခံ ခရစ်ယာန်များအား အဘယ် အာမခံချက် ပေးသနည်း။
၁၉ ယခု ယေဟောဝါသည် လူမျိုးတော်အား နှစ်သိမ့်မှု ဖြစ်စေသော အာမခံချက်ကို ပေးတော်မူ၏– “‘နောဧလက်ထက်၌ လွှမ်းမိုးသော ရေကို ငါသည် မှတ်၍ ထိုရေသည် မြေကြီးကို နောက်တစ်ဖန် မလွှမ်းမိုးရဟု ကျိန်ဆိုခြင်းကို ပြုသည်နည်းတူ သင့်ကို အမျက်မထွက်၊ မဆုံးမဟု ကျိန်ဆိုခြင်းကို ပြုပြီ။ တောင်ကြီးတို့သည် ရွေ့၍ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း ငါ၏ မေတ္တာသည် သင်မှ မရွေ့ရ။ ငါ၏ ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရ’ ဟု သင်၌ သနားခြင်း ကရုဏာစိတ် ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာယ ၅၄:၉၊ ၁၀) ရေလွှမ်းမိုးဘေးပြီးနောက် ဘုရားသခင်သည် နောဧ၊ အခြားသက်ရှိစိုးလ်အားလုံးနှင့် ပဋိညာဉ်တစ်ခု ဖွဲ့ခဲ့၏—ယင်းကို သက်တံပဋိညာဉ်ဟုလည်း သိခဲ့ကြသည်။ ကမ္ဘာချီ ရေလွှမ်းမိုးဘေးအားဖြင့် မြေကြီးကို နောက်ဘယ်တော့မျှ မဖျက်ဆီးတော့ဟု ယေဟောဝါ ကတိပြုခဲ့သည်။ (ကမ္ဘာဦး ၉:၈-၁၇) ယင်းသည် ဟေရှာယနှင့် လူမျိုးတော်အတွက် အဘယ် အဓိပ္ပာယ် ရှိသနည်း။
၂၀ သူတို့ ကြုံတွေ့ခံစားရမည့် အပြစ်ဒဏ်—ဗာဗုလုန်တွင် အနှစ် ၇၀ ပြည်နှင်ခံရခြင်း—ကို တစ်ကြိမ်သာ ခံစားရမည် ဖြစ်ကြောင်း သိရခြင်းက နှစ်သိမ့်မှု ဖြစ်သည်။ ယင်းကို ခံရပြီးလျှင် နောက်ဘယ်တော့မျှ ထိုသို့ ထပ်၍ မခံရတော့ပါ။ ၎င်းနောက် ဘုရားသခင်၏ “ငြိမ်သက်ခြင်း ပဋိညာဉ်” ကို ခံစားရမည်။ “ငြိမ်သက်ခြင်း” အတွက် ဟေဗြဲ စကားလုံးသည် စစ်မရှိတော့ခြင်းမျှသာမကပါ၊ အရာရာ ကောင်းမွန်ပြည့်စုံခြင်းကို ဆိုလိုသည်။ ဤပဋိညာဉ်သည် ဘုရားသခင့်အပိုင်းမှ ထာဝရ ဖြစ်သည်။ တောင်ကြီးတောင်ငယ်တို့ ဦးစွာ မပျောက်ကွယ်သရွေ့ သစ္စာရှိ လူမျိုးအပေါ် ထားသော ကိုယ်တော်၏ ချစ်ခင်ကြင်နာမှု ကုန်ဆုံးမည် မဟုတ်ပါ။ ဝမ်းနည်းစရာမှာ ကိုယ်တော်၏ မြေကြီးအဖွဲ့အစည်းသည် ပဋိညာဉ်တရားနှင့်ပတ်သက်သော မိမိတို့၏ အခန်းကဏ္ဍနှင့်အညီ နေထိုင်ရန် လုံးလုံး ပျက်ကွက်ကြမည် ဖြစ်ကာ မေရှိယကို ငြင်းပယ်ခြင်းဖြင့် မိမိတို့၏ ငြိမ်သက်ခြင်းကို ပျောက်ဆုံးစေကြမည်။ သို့သော် “အထက်ယေရုရှလင်” ၏ သားများသည် ပို၍ ကောင်းသော အခြေအနေ၌ ရှိခဲ့ကြသည်။ တစ်ချိန်က သူတို့ ဆုံးမခံခဲ့ရသည့် ခက်ခဲသော ကာလ ကျော်လွန်သွားပြီးနောက် သူတို့သည် ဘုရားသခင်၏ ကာကွယ်ပေးမှု အာမခံချက်ကို ရရှိခဲ့ကြသည်။
ဘုရားသခင့် လူမျိုးတော်၏ ဝိညာဏ လုံခြုံမှု
၂၁၊ ၂၂။ (က) “အထက်ယေရုရှလင်” သည် ညှဉ်းဆဲခြင်းနှင့် မိုးသက်မုန်တိုင်း တိုက်ခြင်း ခံရသည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။ (ခ) ဘုရားသခင့် ကောင်းကင်ဆိုင်ရာ “မိန်းမ” ၏ ကောင်းချီးခံ အခြေအနေသည် မြေကြီးပေါ်ရှိ သူ၏ “အမျိုးအနွယ်” နှင့် ပတ်သက်၍ အဘယ် အဓိပ္ပာယ် ရှိမည်နည်း။
၂၁ ယေဟောဝါသည် မိမိ၏ သစ္စာရှိ ကျေးကျွန်များ၏ လုံခြုံမှုနှင့်ပတ်သက်၍ ဤသို့ ကြိုဟော၏– “အို ညှဉ်းဆဲခြင်းနှင့် မိုးသက်မုန်တိုင်း တိုက်ခြင်းကို ခံရ၍ သက်သာမရနိုင်သောသူ သင်၏ တိုက်ကို ဟင်္သပဒါးသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ်ကို နီလာဖြင့်လည်းကောင်း၊ ပြအိုးတို့ကို ကျောက်နီဖြင့်လည်းကောင်း၊ တံခါးတို့ကို ပတ္တမြားဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင် တန်ဆာများ [“နယ်နိမိတ်များ၊” ကဘ] ကို ကျောက်မြတ်အမျိုးမျိုးဖြင့်လည်းကောင်း ငါပြီးစေမည်။ သင်၏ သားသမီးအပေါင်းတို့သည် ထာဝရဘုရား ဆုံးမသွန်သင်တော်မူသောသူ ဖြစ်၍ များစွာသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြလိမ့်မည်။ သင်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့် တည်လိမ့်မည်။ ညှဉ်းဆဲခြင်းနှင့် ဝေးသည် ဖြစ်၍ မကြောက်ရ။ ထိတ်လန့်ခြင်းသည်လည်း ဝေး၍ သင့်အနီးသို့ မရောက်ရ။ ငါ၏ အခွင့် မရှိဘဲ သင့်တစ်ဖက်၌ အဘယ်သူမျှ နေရာမကျရ။ နေရာကျဖူးသောသူတို့သည် သင့်ဘက်သို့ ဝင်စားကြလိမ့်မည်။”—ဟေရှာယ ၅၄:၁၁-၁၅။
၂၂ နာမ်ဝိညာဉ်ဘုံရှိ ယေဟောဝါ၏ “မိန်းမ” သည် ညှဉ်းဆဲခြင်းနှင့် မိုးသက်မုန်တိုင်းတိုက်ခြင်းကို တစ်ခါမျှ တိုက်ရိုက်မခံခဲ့ဖူးသည်မှာ မှန်ပါသည်။ သို့သော် မြေကြီးပေါ်ရှိ သူမ၏ ဘိသိက်ခံ “အမျိုးအနွယ်” သည် အထူးသဖြင့် ၁၉၁၈-၁၉ ကာလအတွင်း ဝိညာဏသုံ့ပန်း၊ ဆင်းရဲဒုက္ခ ခံရချိန်တွင် သူမ ခံစားခဲ့ရသည်။ တစ်ဖက်မှ ကြည့်ပြန်လျှင် ကောင်းကင်ဆိုင်ရာ “မိန်းမ” ချီးမြှောက်ခံရသောအခါ သူမ၏ သားသမီးများဘောင်တွင် တည်ရှိနေသော ထပ်တူ အခြေအနေကို ရောင်ပြန်ဟပ်သည်။ သို့ဖြစ်၍ “အထက်ယေရုရှလင်” နှင့်ပတ်သက်၍ အလွန် နှစ်သက်ဖွယ် သရုပ်ဖော်ချက်ကို သုံးသပ်ကြည့်ပါ။ ဂိတ်တံခါးများပေါ်တွင် အဖိုးတန် ကျောက်မျက်များဖြင့်၊ အုတ်မြစ်ကို တန်ဖိုးကြီး “ဟင်္သပြဒါးသရွတ်” ဖြင့် စေ့စပ်ပြီး နယ်နိမိတ်များကိုပင် “လှပတင့်တယ်၊ ခမ်းနား၊ သန့်ရှင်း၊ တောင့်တင်း၊ ခိုင်ခံ့” စွာ ပြုလုပ်ထားကြောင်း ဖော်ပြထားသည်။ ဘိသိက်ခံ ခရစ်ယာန်များသည် ထိုကဲ့သို့ လုံခြုံမှု ရှိပြီး ကောင်းမွန်သည့် အခြေအနေသို့ ရောက်အောင် အဘယ်အရာက ဖြစ်စေမည်နည်း။
၂၃။ (က) “ထာဝရဘုရား ဆုံးမသွန်သင်တော်မူ” ခြင်း ခံရခြင်းက နောက်ဆုံးသောကာလတွင် ဘိသိက်ခံ ခရစ်ယာန်များအပေါ် အဘယ် အကျိုးသက်ရောက်ခဲ့သနည်း။ (ခ) ဘုရားသခင့် လူမျိုးတော်သည် အဘယ်သဘောဖြင့် ‘ကျောက်မြတ်အမျိုးမျိုးဖြင့် ပြီးသော နယ်နိမိတ်များ’ ဖြင့် ကောင်းချီး ခံစားရသနည်း။
၂၃ ဟေရှာယ အခန်းကြီး ၅၄၊ အခန်းငယ် ၁၃ က အဓိကအချက် ဖော်ပြ၏—အားလုံးသည် “ထာဝရဘုရား ဆုံးမသွန်သင်တော်မူ” ခြင်း ခံရမည်။ ယေရှုကိုယ်တော်တိုင်က ဤအခန်းငယ်ပါ စကားများကို မိမိ၏ ဘိသိက်ခံ နောက်လိုက်များနှင့် ဆက်စပ်ဖော်ပြခဲ့သည်။ (ယောဟန် ၆:၄၅) ပရောဖက် ဒံယေလက ဤ “နောက်ဆုံးသောကာလ” အတွင်း ဘိသိက်ခံများသည် အလျှံပယ် ပေါများသော စစ်မှန်သော အသိပညာ၊ ဝိညာဏ ထိုးထွင်းသိမြင်မှုတို့ဖြင့် ကောင်းချီး ခံစားရမည်အကြောင်း ကြိုဟောခဲ့သည်။ (ဒံယေလ ၁၂:၃၊ ၄၊ ကဘ) ထိုကဲ့သို့သော ထိုးထွင်းသိမြင်မှုက သူတို့ကို သမိုင်းတွင် အကြီးမားဆုံးသော ပညာပေးလုပ်ငန်းကို ဦးဆောင်ဦးရွက် ပြုစေပြီး ဘုရားသခင့် သွန်သင်ချက်များကို ကမ္ဘာတစ်ဝန်းလုံး ပျံ့နှံ့စေခဲ့သည်။ (မဿဲ ၂၄:၁၄) တစ်ချိန်တည်းတွင် ထိုထိုးထွင်းသိမြင်မှုက သူတို့အား စစ်မှန်သော ဘာသာနှင့် မှောက်မှားသော ဘာသာ၏ ကွဲပြားခြားနားမှုကို တွေ့မြင်စေခဲ့သည်။ ဟေရှာယ ၅၄:၁၂ ၌ ‘ကျောက်မြတ်အမျိုးမျိုးဖြင့် ပြီးသော နယ်နိမိတ်များ’ အကြောင်း ဖော်ပြထားသည်။ ၁၉၁၉ မှစ၍ ယေဟောဝါသည် ဘိသိက်ခံ ခရစ်ယာန်များအား မှောက်မှားသော ဘာသာရေးနှင့် ဘုရားတရားမဲ့ လောကအစိတ်အပိုင်းများမှ သူတို့ကို သီးခြားဖြစ်စေသော နယ်နိမိတ်—ဝိညာဏ နယ်အပိုင်းအခြား—နှင့်ပတ်သက်၍ ယခင်ကထက် သာ၍ ရှင်းလင်းပြတ်သားသည့် သိနားလည်မှုတစ်ရပ်ကို ပေးခဲ့သည်။ (ယေဇကျေလ ၄၄:၂၃; ယောဟန် ၁၇:၁၄; ယာကုပ် ၁:၂၇) သို့ဖြင့် သူတို့သည် ဘုရားသခင့် လူမျိုးတော်အဖြစ် ခွဲခြားသတ်မှတ်ခံရသည်။—၁ ပေတရု ၂:၉။
၂၄။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ သွန်သင်မှုကို လက်ခံရရှိကြောင်း မည်သို့ သေချာစေမည်နည်း။
၂၄ သို့ဖြစ်၍ ကျွန်ုပ်တို့တစ်ဦးစီသည် မိမိကိုယ်ကို ဤသို့ မေးသင့်သည်– ‘ကျွန်ုပ်သည် ယေဟောဝါ၏ သွန်သင်မှုကို ခံနေရပါသလော။’ ကျွန်ုပ်တို့သည် ထိုသွန်သင်ချက်များကို အလိုအလျောက် လက်ခံရရှိမည် မဟုတ်ပါ။ ကြိုးစားအားထုတ်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့် နှုတ်ကပါဌ်တော်ကို မှန်မှန် ဖတ်ရှုပြီး ဆင်ခြင်သုံးသပ်ခြင်း၊ “သစ္စာနှင့် သတိပညာရှိသော ကျွန်” အတန်းအစားက ထုတ်ဝေသော ကျမ်းစာအခြေပြု စာပေများကို ဖတ်ရှုခြင်း၊ ခရစ်ယာန် အစည်းအဝေးများကို ပြင်ဆင်တက်ရောက်ခြင်း စသည်တို့ဖြင့် သွန်သင်ချက်များကို ခံယူမည်ဆိုပါက ကျွန်ုပ်တို့သည် ယေဟောဝါ၏ သွန်သင်ခြင်းကို အမှန်ပင် ခံရမည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ကျွန်ုပ်တို့သည် သင်ယူခဲ့ရာများကို လက်တွေ့ကျင့်သုံးပြီး ဝိညာဉ်ရေးတွင် နိုးနိုးကြားကြား ရှိရန် ကြိုးစားအားထုတ်မည်ဆိုပါက ဘုရားသခင့် သွန်သင်ချက်များသည် ဤဘုရားတရားမဲ့ လောကမှသူများနှင့် ကျွန်ုပ်တို့ကို သီးခြားဖြစ်စေမည်။ (၁ ပေတရု ၅:၈၊ ၉) ထိုထက် ကောင်းသည်မှာ ယင်းသည် ကျွန်ုပ်တို့အား “ဘုရားသခင်၌ ချဉ်းကပ်ကြ” ရန် အထောက်အကူပြုမည်။—ယာကုပ် ၁:၂၂-၂၅; ၄:၈။
၂၅။ ငြိမ်သက်ခြင်းနှင့်ပတ်သက်သော ဘုရားသခင့် ကတိတော်သည် မျက်မှောက်ခေတ် ကိုယ်တော့် လူမျိုးတော်အတွက် အဘယ် အဓိပ္ပာယ် ရှိသနည်း။
၂၅ ဟေရှာယ ပရောဖက်ပြုချက်က ဘိသိက်ခံများသည် များပြားသော ငြိမ်သက်ခြင်း ကောင်းချီး ခံစားရကြောင်းကိုလည်း တင်ပြထားသည်။ ယင်းက သူတို့သည် ဘယ်သောအခါမျှ တိုက်ခိုက်မခံရဟု ဆိုလိုပါသလော။ မဟုတ်ပါ၊ သို့သော် ဘုရားသခင်သည် ထိုတိုက်ခိုက်မှုကို ဖြစ်စေမည် မဟုတ်သကဲ့သို့ ယင်းက သူတို့အပေါ် အနိုင်ယူသွားရန် ခွင့်ပြုမည် မဟုတ်ကြောင်း အာမခံထား၏။ ကျွန်ုပ်တို့ ဤသို့ ဖတ်ရ၏– “‘မီးကို မှုတ်၍ မိမိအလုပ်တည်းဟူသော လက်နက်ကို လုပ်တတ်သော ပန်းပဲကိုလည်းကောင်း၊ ဖျက်ဆီးစေခြင်းငှာ ဖျက်ဆီးသောသူကိုလည်းကောင်း ငါဖန်ဆင်း၏။ သင့်တစ်ဖက်၌ လုပ်သော လက်နက် တစ်စုံတစ်ခုမျှ အထမမြောက်ရ။ သင့်ကို တရားတွေ့သောသူ မည်သည်ကား အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ ကျွန်တို့သည် ထိုသို့သော အမွေကို ခံရ၍ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်’ ဟု ထာဝရဘုရား မိန့်တော်မူ၏။”—ဟေရှာယ ၅၄:၁၆၊ ၁၇။
၂၆။ ယေဟောဝါသည် လူသားအားလုံး၏ ဖန်ဆင်းရှင် ဖြစ်ကြောင်း သိထားခြင်းက အဘယ်ကြောင့် ယုံကြည်စိတ်ချမှု ဖြစ်စေသနည်း။
၂၆ ဟေရှာယကျမ်း၏ ဤအခန်းကြီးထဲတွင် ယေဟောဝါက မိမိသည် ဖန်ဆင်းရှင် ဖြစ်ကြောင်း ကျေးကျွန်များကို ဒုတိယကြိမ်အဖြစ် သတိပေးထားသည်။ အစပိုင်းတွင် ကိုယ်တော်သည် မိမိ၏ ပုံဆောင် မိန်းမအား မိမိသည် သူမကို “ဖန်ဆင်းသောသူ” ဖြစ်သည်ဟု ဖော်ပြထားသည်။ ယခု ကိုယ်တော်က မိမိသည် လူသားအားလုံး၏ ဖန်ဆင်းရှင် ဖြစ်သည်ဟု မိန့်တော်မူ၏။ အခန်းငယ် ၁၆ ၌ ဖျက်ဆီးတတ်သော လက်နက်များကို လုပ်ရန် မိမိ၏ ပန်းပဲဖိုကို မီးမှုတ်သော ပန်းပဲလုပ်သားတစ်ဦးအကြောင်းနှင့် “ဖျက်ဆီးစေခြင်းငှာ ဖျက်ဆီးသောသူ၊” စစ်သူရဲတစ်ဦးအကြောင်း ဖော်ပြထား၏။ ထိုသို့သောသူများကို ကြောက်မက်ဖွယ်ကောင်းသော သူများအဖြစ် ပုံဖော်ကြမည် ဖြစ်သော်လည်း သူတို့သည် သူတို့ကိုယ်နှိုက်၏ ဖန်ဆင်းရှင်ကို တိုက်ခိုက်အနိုင်ယူနိုင်မည်ဟု မည်သို့ မျှော်လင့်နိုင်မည်နည်း။ ယနေ့လည်း ထိုနည်းတူပင် ဤလောကရှိ အင်အားအကြီးဆုံး စစ်တပ်များက ယေဟောဝါ၏ လူမျိုးကို တိုက်ခိုက်လျှင်ပင် သူတို့သည် လုံးလုံး အောင်မြင်စရာအကြောင်း မရှိပါ။ မည်သို့ ဖြစ်နိုင်မည်နည်း။
၂၇၊ ၂၈။ ကျွန်ုပ်တို့သည် ဤဒုက္ခကာလအတွင်း အဘယ်အရာကို ယုံကြည်စိတ်ချနိုင်သနည်း၊ ကျွန်ုပ်တို့အား စာတန်တိုက်ခိုက်မှုသည် ထိရောက်မည် မဟုတ်ကြောင်း အဘယ်ကြောင့် သိရှိကြသနည်း။
၂၇ ဘုရားသခင့် လူမျိုးတော်ကိုလည်းကောင်း၊ နာမ်ဝိညာဉ်၊ သမ္မာတရားတို့ဖြင့် ကိုးကွယ်သော သူတို့၏ ဝတ်ပြုရေးကိုလည်းကောင်း ပျက်စီးစေရန် တိုက်ခိုက်ခြင်းသည် အတိတ်တွင် ကျန်ခဲ့ပြီ။ (ယောဟန် ၄:၂၃၊ ၂၄) ယေဟောဝါသည် မဟာဗာဗုလုန်အား ခဏတာ အောင်မြင်မှု ဖြစ်ကြောင်း သက်သေထူသည့် တိုက်ခိုက်မှုတစ်ခု ပြုရန် ခွင့်ပြုခဲ့သည်။ “အထက်ယေရုရှလင်” သည် မိမိ၏ သားသမီးများ မြေကြီးပေါ် ဟောပြောခြင်းလုပ်ငန်း အချိန်အခိုက်အတန့် လုံးဝ ရပ်တန့်လုနီးပါး ဖြစ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ ယင်းသို့ နောက်ဘယ်တော့မျှ မဖြစ်တော့ပါ! ယခု သူမသည် သူ၏ သားများအပေါ် ဝမ်းမြောက်သည်၊ အကြောင်းမှာ သူတို့သည် ဝိညာဉ်ရေးသဘောအရ မည်သူမျှ မအောင်မြင်နိုင်သော အခြေအနေတွင် ရှိနေကြသည်။ (ယောဟန် ၁၆:၃၃; ၁ ယောဟန် ၅:၄) သူတို့ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် လက်နက်များ ရှိခဲ့ကာ ပို၍ ရှိလာဦးမည်။ (ဗျာဒိတ် ၁၂:၁၇) သို့သော် ယခင် မအောင်မြင်ခဲ့သကဲ့သို့ နောင်တွင်လည်း အောင်မြင်မည် မဟုတ်ပါ။ ဘိသိက်ခံများနှင့် သူတို့၏ အပေါင်းပါတို့၏ ယုံကြည်ခြင်း၊ ထက်သန်သော ဇွဲတို့ကို ဖျောက်ဖျက်အနိုင်ယူနိုင်သည့် လက်နက်မျိုး စာတန်၌ မရှိပါ။ ဤဝိညာဏ ငြိမ်သက်ခြင်းကို ‘ယေဟောဝါ၏ ကျေးကျွန်တို့ အမွေခံရ’ ပြီး ယင်းကို သူတို့ထံမှ မည်သူမျှ အတင်းအဓမ္မ ဖယ်ရှားနိုင်မည် မဟုတ်ပါ။—ဆာလံ ၁၁၈:၆; ရောမ ၈:၃၈၊ ၃၉။
၂၈ ဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားသော ကျေးကျွန်များ၏ လုပ်ဆောင်မှုနှင့် သန့်ရှင်းစင်ကြယ်သော ဝတ်ပြုရေး တည်မြဲမှုကို ရပ်တန့်သွားအောင် ဘာကိုမျှ စာတန့်လောက မလုပ်ဆောင်နိုင်ပါ။ “အထက်ယေရုရှလင်” ၏ ဘိသိက်ခံ သားသမီးများသည် ထိုအာမခံချက်မှ ကြီးစွာ နှစ်သိမ့်မှု ရခဲ့ကြသည်။ လူအုပ်ကြီး အဖွဲ့ဝင်များလည်း အလားတူပင် လုပ်ဆောင်သည်။ ယေဟောဝါ၏ ကောင်းကင်အဖွဲ့အစည်းနှင့် မြေကြီးပေါ် ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်သူတို့အပေါ် ယင်း၏ ဆက်ဆံရေးအကြောင်း ပို၍ သိလာလေလေ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ပိုမို ခိုင်ခံ့လာမည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း ခိုင်မြဲနေသရွေ့ ကျွန်ုပ်တို့ကို တိုက်ခိုက်သည့် စာတန်၏ လက်နက်များ အချည်းနှီး ဖြစ်ကြောင်း သက်သေထူမည်!
[အောက်ခြေမှတ်ချက်]
a ဗျာဒိတ် ၁၂:၁-၁၇ အရ၊ ဘုရားသခင့် “မိန်းမ” သည် အရေးအကြီးဆုံးသော “အမျိုးအနွယ်”—ဝိညာဏသားတစ်ဦး မဟုတ်ဘဲ ကောင်းကင်တွင် မေရှိယ နိုင်ငံတော်—မွေးဖွားခြင်းအားဖြင့် ကြီးမားသော ကောင်းချီး ခံစားခဲ့ရသည်။ ယင်းကို ၁၉၁၄ တွင် မွေးဖွားခဲ့သည်။ (ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ် နီးပြီ! ဘရိုရှာ အခန်း ၂၇ ကိုရှု။) ဟေရှာယ ပရောဖက်ပြုချက်သည် မြေကြီးပေါ်ရှိ ဘိသိက်ခံသားများအပေါ် ဘုရားသခင် ကောင်းချီးပေးခြင်းမှ သူမ ရရှိသော ရွှင်လန်းမှုကို အဓိကထား ဖော်ပြသည်။
[စာမျက်နှာ ၁၀၁ ပါ လေးထောင့်ကွက်]
အာဗြဟံ၏ မိသားစု —ပရောဖက်ပြုချက်ဆိုင်ရာ ပုံတင်ပြချက်တစ်ခု
ယေဟောဝါသည် မိမိ၏ ကောင်းကင်အဖွဲ့အစည်းနှင့် မောရှေပညတ်ပဋိညာဉ်အောက်ရှိ မြေကြီးဆိုင်ရာ ဣသရေလလူမျိုးတို့နှင့် ဆက်ဆံပုံကို ပရောဖက်ပြုချက်ဆိုင်ရာ ပုံတင်ပြချက်တစ်ခုအနေဖြင့် အာဗြဟံ မိသားစုကို ပုံဆောင် ဇာတ်လမ်းတစ်ခုအဖြစ် အသုံးပြုကာ တမန်တော် ပေါလု ရှင်းပြခဲ့သည်။—ဂလာတိ ၄:၂၂-၃၁။
အာဗြဟံ၊ မိသားစု၏ ဦးစီးအဖြစ် ယေဟောဝါ ဘုရားသခင်ကို ကိုယ်စားပြုသည်။ မိမိ ချစ်မြတ်နိုးသောသား ဣဇာက်ကို ယဇ်သကာအဖြစ် ပူဇော်ရန် အာဗြဟံ၏ တလိုတလား စိတ်ဓာတ်သည် ကိုယ်တော် ချစ်မြတ်နိုးသော သားကို လူသားများ၏ အပြစ်အတွက် ယဇ်သကာအဖြစ် ပူဇော်ရန် ယေဟောဝါ၏ တလိုတလား ရှိမှုကို အရိပ်ပြခြင်း ဖြစ်သည်။—ကမ္ဘာဦး ၂၂:၁-၁၃; ယောဟန် ၃:၁၆။
စာရာသည် ဘုရားသခင်၏ ကောင်းကင်ဆိုင်ရာ “မိန်းမ၊” ကိုယ်တော်၏ နာမ်ဝိညာဉ် အဖွဲ့အစည်းကို ပုံတင်ပြသည်။ ထိုကောင်းကင်အဖွဲ့အစည်းကို ယေဟောဝါ၏ မိန်းမအဖြစ် သင့်လျော်စွာ ပုံဖော်ပြသည်၊ အကြောင်းမှာ ၎င်းသည် ယေဟောဝါနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကိုယ်တော်၏ ဦးစီးမှုကို လက်အောက်ခံကာ ကိုယ်တော်၏ ရည်ရွယ်ချက်များ ပြည့်စုံစေရာတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် ဖြစ်သည်။ ယင်းကို “အထက်ယေရုရှလင်” ဟူ၍လည်း ခေါ်သည်။ (ဂလာတိ ၄:၂၆၊ ကဘ) ထို “မိန်းမ” ထပ်တူကို ကမ္ဘာဦး ၃:၁၅ တွင် ဖော်ပြထားကာ ဗျာဒိတ် ၁၂:၁-၆၊ ၁၃-၁၇ တွင် ရူပါရုံဖြင့် ရုပ်လုံးဖော်ပြထားသည်။
ဣဇာက်သည် ဘုရားသခင့် မိန်းမ၏ ဝိညာဏ မျိုးနွယ်တော် ရှေ့ပြေးအရိပ် ဖြစ်သည်။ အဓိကအားဖြင့် ယေရှုခရစ် ဖြစ်သည်။ သို့ရာတွင် မျိုးနွယ်တော်တွင် ခရစ်တော်၏ ဘိသိက်ခံ ညီတော်များလည်း ပါဝင်လာပြီး သူတို့သည် ဝိညာဏသားများအဖြစ် မွေးစားခံရကာ ခရစ်တော်နှင့်အတူ တွဲဖက် အမွေခံများ ဖြစ်လာသည်။—ရောမ ၈:၁၅-၁၇; ဂလာတိ ၃:၁၆၊ ၂၉။
ဟာဂရသည် အာဗြဟံ၏ ဒုတိယ မိန်းမ သို့မဟုတ် မယားငယ် ဖြစ်သည့် ကျွန်မတစ်ဦး ဖြစ်သည်။ သူသည် အပြစ်နှင့် သေခြင်းအောက်တွင် ပြည်သူပြည်သားများ ကျွန်ခံနေရကြောင်းကို ထင်ရှားစွာ ဖော်ပြသည့် မောရှေပညတ် ထိန်းချုပ်မှုအောက်ရှိ မြေကြီးယေရုရှလင်ကို ပုံတင်ပြသည်။ ပေါလုက “ဟာဂရသည် အာရပ်ပြည်၌ ရှိသော သိနာတောင် ဖြစ်၏” ဟု ဖော်ပြထားသည်၊ အကြောင်းမှာ ပညတ်ပဋိညာဉ်ကို ထိုနေရာတွင် ဖွဲ့ခဲ့သောကြောင့် ဖြစ်သည်။—ဂလာတိ ၃:၁၀၊ ၁၃; ၄:၂၅။
ဟာဂရ၏ သားဖြစ်သူ ဣရှမေလသည် မောရှေပညတ်ကို ဆက်လိုက်လျှောက်နေဆဲ ဖြစ်သော ပထမရာစုရှိ ဂျူးများ၊ ယေရုရှလင်မြို့သားများကို ပုံတင်ပြသည်။ ဣရှမေလသည် ဣဇာက်ကို နှိပ်စက်ညှဉ်းပန်းခဲ့သကဲ့သို့ ထိုဂျူးများသည် ပုံဆောင်စာရာ၊ “အထက်ယေရုရှလင်” ၏ ဘိသိက်ခံသားများ ဖြစ်သည့် ခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းခဲ့သည်။ အာဗြဟံသည် ဟာဂရနှင့် ဣရှမေလကို အဝေးသို့ စေလွှတ်ခဲ့သကဲ့သို့ ယေဟောဝါသည် ယေရုရှလင်နှင့် သူ၏ ပုန်ကန်သော သားများကို လုံးလုံး စွန့်ပစ်ခဲ့သည်။—မဿဲ ၂၃:၃၇၊ ၃၈။