ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထရ အခန်း ၁၃ စာ. ၁၁၂-၁၁၉
  • ဘုရားသခင့် ငြိမ်းချမ်းရေးအစိုးရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့် ငြိမ်းချမ်းရေးအစိုးရ
  • သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုင်ငံတော်၏ အရေးကြီးပုံကို အလေးအနက်ဖော်ထုတ်ခဲ့ခြင်း
  • ကမ္ဘာ့အစိုးရသစ်အတွက် အစီအစဉ်ပြုလုပ်ခြင်း
  • ယေဟောဝါသည် မိမိကတိတော်ကို သတိရတော်မူ၏
  • ဘုရားနိုင်ငံတော်ဆိုတာ ဘာလဲ။ နိုင်ငံတော်ကို လိုလားကြောင်း ဘယ်လို ပြမလဲ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • သမ္မာကျမ်းစာ၏အလုံးစုံ ဆီလျော်ညီညွတ်မှု
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • ဘုရားသခင့်နိုင်ငံတော် အုပ်စိုးပြီ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
နောက်ထပ် ကြည့်ပါ
သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
ထရ အခန်း ၁၃ စာ. ၁၁၂-၁၁၉

အခန်း ၁၃

ဘုရားသခင့် ငြိမ်းချမ်းရေးအစိုးရ

၁။ လူ့အစိုးရများ အဘယ်အရာများ မပြုလုပ်နိုင်ဘဲ ရှိခဲ့ကြသနည်း။

လူ့အစိုးရများ၊ စိတ်ရင်းကောင်းသောအစိုးရပင် ဖြစ်စေကာမူ၊ ပြည်သူတို့၏ တကယ့်လိုအပ်ချက်များကို မဖြည့်တင်းနိုင်ခဲ့ကြောင်း အသင်သတိပြုမိသလော။ အဘယ်အစိုးရမျှ ရာဇဝတ်မှုနှင့် လူမျိုးရေး မုန်းတီးမှုပြဿနာများကို မဖြေရှင်းနိုင်ခဲ့။ ပြည်သူပြည်သားအားလုံးအတွက် သင့်တော်သော အစားအသောက်နှင့် အိုးအိမ်များကိုလည်း စီမံမပေးနိုင်ခဲ့။ မိမိတို့နိုင်ငံသားများအား ရောဂါမှ လုံးဝကင်းဝေးအောင် မပြုနိုင်ချေ။ အိုခြင်း၊ သို့မဟုတ် သေခြင်းကို တားဆီး၍ သေသူကို ပြန်ရှင်အောင်လည်း အဘယ်အစိုးရကမျှ မစွမ်းဆောင်နိုင်သေးချေ။ မိမိနိုင်ငံသားများအတွက် တည်မြဲသော ငြိမ်းချမ်းရေးနှင့် လုံခြုံမှုကိုပင် ယူဆောင်ပေးနိုင်သော အစိုးရ မရှိချေ။ လူ့အစိုးရများသည် လူသားများ ရင်ဆိုင်နေရသော ပြဿနာကြီးများကို ဖြေရှင်း၍ကို မရနိုင်ချေ။

၂။ ကျမ်းစာပါ အဓိကသတင်းကား အဘယ်နည်း။

၂ လူအားလုံး ပြည့်ဝပျော်ရွှင်သောဘဝကို ခံစားစေနိုင်မည့် ဖြောင့်မတ်သောအစိုးရတစ်ခုကို ကျွန်ုပ်တို့ မည်မျှလိုအပ်ကြောင်း ကျွန်ုပ်တို့ ဖန်ဆင်းရှင် သိတော်မူ၏။ ယင်းကြောင့် ကျမ်းစာက ဘုရားသခင့်ညွှန်ကြားချက်အောက်ရှိ အစိုးရတစ်ဖွဲ့အကြောင်း ဖော်ပြထားရခြင်းဖြစ်သည်။ စင်စစ်ဆိုလျှင် ဘုရားသခင်ဖွဲ့စည်းတော်မူသော ကတိထားရာ ဤအစိုးရအကြောင်းသည် ကျမ်းစာ၏ အဓိကသတင်းပင်ဖြစ်သည်။

၃။ ဘုရားသခင့်အစိုးရနှင့်ပတ်သက်၍ ဟေရှာယ ၉:၆၊ ၇ က မည်သို့ဆိုသနည်း။

၃ သို့သော် ‘ဘုရားသခင်ရဲ့အစိုးရအကြောင်းကို ကျမ်းစာ ဘယ်နေရာမှာ ဆိုထားလို့လဲ’ ဟု သင်မေးပေမည်။ ဆိုထားပါသည်။ ဥပမာ၊ ဂျိမ်းဘုရင်ဘာသာပြန်အရ ဟေရှာယ ၉:၆၊ ၇ ၌ဆိုထားသည်။ ထိုအခန်းငယ်များက ဤသို့ဆို၏– “အကြောင်းမူကား ငါတို့အဖို့ သူငယ်ကို ဖွားမြင်စေပြီ။ ငါတို့အား သားကို ပေးသနားပြီ။ သူ၏ပခုံးပေါ်တွင် အစိုးရတည်မည်။ နာမတော်ကို အံ့သြဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရား၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းမင်းသားဟု ခေါ်မည်။ သူ၏အစိုးရတိုးပွားခြင်းနှင့် ငြိမ်သက်ခြင်းသည် အဆုံးရှိမည်မဟုတ်။”

၄။ ဘုရားသခင့်အစိုးရ၏ အုပ်စိုးရှင် ဖြစ်လာသောသူငယ်ကား မည်သူနည်း။

၄ သူငယ်တစ်ယောက်၊ မင်းသားတစ်ပါး မွေးဖွားလာမည့်အကြောင်းကို ကျမ်းစာဆိုနေခြင်းဖြစ်သည်။ အချိန်တန်သော် ဤ ‘ဘုရင့်သားတော်’ သည် ကြီးမြတ်သော အုပ်စိုးရှင် “ငြိမ်သက်ခြင်းမင်းသား” ဖြစ်လာမည်။ ကိုယ်တော်သည် တကယ်ပင် ထူးမြတ်လှသော အစိုးရကို ကြိုးကိုင်ရလိမ့်မည်။ ၎င်းအစိုးရသည် မြေတစ်ပြင်လုံးပေါ် ငြိမ်းချမ်းရေးရရှိစေမည်။ ၎င်းငြိမ်းချမ်းရေးသည်လည်း ထာဝစဉ် တည်မြဲသွားမည်။ ဟေရှာယ ၉:၆၊ ၇ တွင် မွေးလာမည်ဟု ကြို၍ပြောထားသော ၎င်းသူငယ်မှာ ယေရှုဖြစ်သည်။ ကိုယ်တော်မွေးဖွားမည့်အကြောင်းကို မာရိအား ကောင်းကင်တမန် ဂါဗြေလ ကြေညာစဉ် ယေရှုနှင့်ပတ်သက်၍ ဤသို့ဆို၏– “သူသည် . . . အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရ။”​—လုကာ ၁:၃၀-၃၃။

နိုင်ငံတော်၏ အရေးကြီးပုံကို အလေးအနက်ဖော်ထုတ်ခဲ့ခြင်း

၅။ (က) နိုင်ငံတော်အရေးကြီးပုံကို ကျမ်းစာ မည်သို့ဖော်ပြသနည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း။ ၎င်းက ဘာကိုပြုလုပ်မည်နည်း။

၅ ယေရှုခရစ်နှင့် ကိုယ်တော်ကို ထောက်ခံသူများ ကမ္ဘာပေါ်ရှိစဉ် သူတို့၏ အဓိကလုပ်ငန်းမှာ လာမည့် ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောသင်ကြား ပြသခြင်းပင်ဖြစ်သည်။ (လုကာ ၄:၄၃; ၈:၁) သူတို့သည် ကျမ်းစာ၌ ထိုနိုင်ငံတော်နှင့်ပတ်သက်သော ရည်ညွှန်းချက် အကြိမ် ၁၄၀ ကို ပြုခဲ့ကြသည်။ ယေရှုဆိုလျှင် “နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော” ဟူ၍ပင် ဆုတောင်းရန် နောက်တော်လိုက်များအား သင်ကြားခဲ့သည်။ (မဿဲ ၆:၁၀) ခရစ်ယာန်များ ဆုတောင်းကြသော ဤနိုင်ငံတော်မှာ တကယ်ပင် အစိုးရအဖွဲ့ ဟုတ်သလော။ အသင် ထိုသို့တွေးမိချင်မှ တွေးမိမည်။ သို့သော် ၎င်းသည် တကယ်ပင် အစိုးရတစ်ဖွဲ့ ဖြစ်၏။ ဘုရားသခင့်သားတော် ယေရှုခရစ်သည် နိုင်ငံတော်၏ဘုရင်ဖြစ်၏။ မြေတစ်ပြင်လုံးလည်း ကိုယ်တော့်သြဇာခံနယ်ပယ် ဖြစ်လာမည်။ လူတို့သည် ခိုက်ရန် ဖြစ်ပွားသော နိုင်ငံများအဖြစ် မခွဲခြားတော့ဘဲ လူသားအပေါင်းတို့သည် ဘုရားသခင့်နိုင်ငံတော်အစိုးရအောက်တွင် ငြိမ်သက်ခြင်း၌ တစ်ပေါင်းတစ်စည်းတည်း ဖြစ်လာသောအခါ မည်မျှ ကောင်းလိုက်မည်ဖြစ်ခြင်း!

၆။ ယေရှု ကမ္ဘာပေါ်ရှိစဉ် နိုင်ငံတော် “နီးပြီ” ဟူ၍လည်းကောင်း၊ ‘သင်တို့အလယ်တွင် ရှိသည်’ ဟူ၍လည်းကောင်း အဘယ်ကြောင့်ဆိုခဲ့သနည်း။

၆ နှစ်ခြင်းဆရာယောဟန်သည် ထိုနိုင်ငံတော်အကြောင်းကို စတင်ဟောခဲ့သည်။ “ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။ ထို့ကြောင့် နောင်တရကြလော့” ဟု လူတို့အား ပြော၏။ (မဿဲ ၃:၁၊ ၂) ယောဟန် အဘယ်ကြောင့် ထိုသို့ပြောနိုင်သနည်း။ ဘုရားသခင့် ကောင်းကင်အစိုးရ အုပ်စိုးရှင်ဖြစ်လာမည့်သူ ယေရှုသည် မိမိလက်၌ နှစ်ခြင်းခံ၍ ဘုရားသခင့်သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဘိသိက်ခံရန် အချိန်နီးပြီဖြစ်သောကြောင့်တည်း။ ယင်းကြောင့် နောက်ပိုင်း၌ ယေရှုက ဖာရိရှဲတို့အား “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ ရှိသည်” ဟုမိန့်ဆိုခဲ့ရခြင်း ဖြစ်သည်။ (လုကာ ၁၇:၂၁) ဘုရင်အဖြစ် ဘုရားသခင်ခန့်အပ်ပြီးသော ယေရှုသည် သူတို့နှင့်အတူ ရှိနေတော်မူသောကြောင့် ဖြစ်၏။ ယေရှုသည် သုံးနှစ်ခွဲတိုင် ဟောပြောသွန်သင်ခဲ့စဉ် သေသည့်တိုင်အောင် ဘုရားသခင်အပေါ် သစ္စာစောင့်ခြင်းဖြင့် ဘုရင်ဖြစ်ထိုက်ကြောင်း သက်သေထူတော်မူ၏။

၇။ ယေရှု ကမ္ဘာပေါ်ရှိစဉ် နိုင်ငံတော်သည် အရေးကြီးသောပြဿနာတစ်ရပ်ဖြစ်ကြောင်း အဘယ်အချက်က ပြသနည်း။

၇ ခရစ်တော် အမှုဆောင်ရာကာလပိုင်းအတွင်း ဘုရားသခင့်နိုင်ငံတော်သည် အရေးကြီးသော အရေးအခင်းတစ်ရပ်ဖြစ်ကြောင်း ကျွန်ုပ်တို့ သိသာစေရန် ကိုယ်တော်အသေမခံမီ နောက်ဆုံးရက်၏အဖြစ်အပျက်ကို သုံးသပ်ကြစို့။ လူတို့က ယေရှုကို စွပ်စွဲလျက် “ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား၍ မိမိသည် ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ်ကြောင်းကိုဆိုလျက် ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကို အကျွန်ုပ်တို့တွေ့ပါပြီ” ဟုဆိုကြကြောင်း ကျမ်းစာဖော်ပြ၏။ ရောမမြို့ဝန် ပုန္တိပိလတ်က ဤအကြောင်းကိုကြားလျှင် ယေရှုအား “သင်သည် ယုဒရှင်ဘုရင်မှန်သလော” ဟုမေးလေသည်။​—လုကာ ၂၃:၁-၃။

၈။ (က) ဘုရင် ဟုတ် မဟုတ် အမေးခံရသောအခါ ယေရှု မည်သို့ဖြေကြားတော်မူသနည်း။ (ခ) မိမိနိုင်ငံတော်သည် “ဤအရပ် ဤဒေသနှင့်မစပ်ဆိုင်” ဟုမိန့်ဆိုရာ၌ ယေရှု ဘာကိုဆိုလိုသနည်း။

၈ ယေရှုက ပိလတ်အမေးကို တိုက်ရိုက်မဖြေဘဲ “ငါ၏နိုင်ငံသည် ဤလောကနှင့် မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်လျှင် ငါသည် ယုဒလူတို့လက်သို့ မရောက်စေခြင်းငှာ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့်မစပ်ဆိုင်” ဟုမိန့်ဆိုလိုက်သည်။ ထိုသို့ ယေရှုဖြေရခြင်းမှာ ကိုယ်တော်၏နိုင်ငံသည် မြေကြီးနိုင်ငံဖြစ်မည်မဟုတ်သောကြောင့်တည်း။ ကိုယ်တော်သည် ကမ္ဘာပေါ်ရှိ ရာဇပလ္လင်တစ်ခုခုမှနေ၍ လူအနေနှင့် မအုပ်စိုးဘဲ ကောင်းကင်မှ အုပ်စိုးတော်မူမည်။ ပြဿနာမှာ ယေရှုသည် ဘုရင်အနေနှင့် အုပ်စိုးပိုင်ခွင့်ရှိ မရှိဟူ၍ဖြစ်သောကြောင့် ပိလတ်က “သို့ဖြစ်လျှင် သင်သည် ရှင်ဘုရင်မှန်သလော” ဟုမေးပြန်၏။

၉။ (က) အဘယ်အံ့ချီးဖွယ် အမှန်တရားကို ယေရှု ကြေညာခဲ့သနည်း။ (ခ) ယနေ့ အဘယ်မေးခွန်းသည် အရေးကြီးသနည်း။

၉ ယေရှုသည် အစိုးရအသစ်အကြောင်း ဟောပြောသွန်သင်ခဲ့သောကြောင့် သေရေးရှင်ရေးအတွက် စစ်ကြောခြင်း ခံနေရသည်မှာ ထင်ရှားလှ၏။ ထို့ကြောင့် ယေရှုက ပိလတ်အား “မင်းကြီးမေးသည်အတိုင်း ငါသည် ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှာ ငါသည် မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ ကြွလာပြီ” ဟု ဖြေကြားတော်မူ၏။ (ယောဟန် ၁၈:၃၆၊ ၃၇) မှန်သည်၊ ယေရှုသည် ကမ္ဘာပေါ်တွင် မိမိဘဝကို သုံးကာ ဘုရားသခင့်နိုင်ငံတော်အစိုးရနှင့်ပတ်သက်သော အမှန်တရားကို လူတို့အား ဟောပြောလာခဲ့သည်။ ၎င်းသည် ကိုယ်တော် အဓိကထား၍ ကြေညာသော သတင်းပင်တည်း။ ယနေ့တိုင် နိုင်ငံတော်သည် အရေးအကြီးဆုံးသော အရေးအခင်း ဖြစ်နေသည်။ သို့တစေ၊ အောက်ပါမေးခွန်းများကို ဖြေဆိုရန် ကျန်နေသေးသည်– လူတစ်ဦး၏ဘဝတွင် အဘယ်အစိုးရသည် အရေးအကြီးဆုံး ဖြစ်သနည်း။ လူ့အစိုးရ တစ်ခုခုလော။ သို့မဟုတ် ဘုရင်အဖြစ် ခရစ်တော် အုပ်ချုပ်သော ဘုရားသခင့်နိုင်ငံတော်လော။

ကမ္ဘာ့အစိုးရသစ်အတွက် အစီအစဉ်ပြုလုပ်ခြင်း

၁၀။ (က) အစိုးရအသစ်တစ်ဖွဲ့လိုအပ်ကြောင်း ဘုရားသခင် မည်သည့်အချိန်က သိရှိတော်မူသနည်း။ (ခ) ထိုအစိုးရအကြောင်းကို ကျမ်းစာ၌ အဘယ်နေရာတွင် ဦးဆုံး ဆိုခဲ့သနည်း။ (ဂ) မြွေသည် မည်သူ့ကို ကိုယ်စားပြုသနည်း။

၁၀ အာဒံနှင့် ဧဝကို မိမိဘက်ပါအောင် စာတန်ဆွယ်၍ ရသွားသောအချိန်မှာပင် လူသားများကို အုပ်စိုးရန် အစိုးရသစ်တစ်ခု လိုအပ်ကြောင်း ယေဟောဝါမြင်တော်မူခဲ့သည်။ သို့နှင့် ထိုသို့သောအစိုးရကို တည်ထောင်မည်ဟူသော မိမိရည်ရွယ်ချက်ကို ချက်ချင်းပင် ထုတ်ဖော်မိန့်ကြားလေ၏။ မြွေ (စာတန်မာရ်နတ်) ကို ဒဏ်စီရင်ချက်ချ၍ အောက်ပါအတိုင်း မိန့်တော်မူသောအခါ ၎င်းအစိုးရကို ညွှန်းဆိုခဲ့သည်– “သင်နှင့် မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်။”​—ကမ္ဘာဦး ၃:၁၄၊ ၁၅။

၁၁။ မည်သူတို့စပ်ကြား အမုန်းပွားကြမည်နည်း။

၁၁ သို့သော် ‘အဲ့ဒီမှာ အစိုးရတစ်ခုအကြောင်း ဘယ်မှာ ပြောထားလို့လဲ’ ဟု အသင်မေးမည်။ အထက်ပါစကားကို သေချာဆန်းစစ်ကြည့်ကြစို့။ တွေ့ရပါလိမ့်မည်။ ကျမ်းစာက စာတန်နှင့် “မိန်းမ” စပ်ကြား ရန်ငြိုးရှိမည်။ ၎င်းပြင် စာတန့် “အမျိုးအနွယ်” သို့မဟုတ် သားသမီးများနှင့် မိန်းမ၏ “အမျိုးအနွယ်” သားသမီးများစပ်ကြားမှာလည်း ရန်ငြိုးရှိမည်ဖြစ်ကြောင်း ဆိုထားသည်။ “မိန်းမ” ကား မည်သူဖြစ်သည်ကို ဦးဆုံးရှာရန်လိုသည်။

၁၂။ ဗျာဒိတ် အခန်းကြီး ၁၂ မှ မိန်းမနှင့်စပ်လျဉ်း၍ မည်သို့ဆိုထားသနည်း။

၁၂ သူမသည် မြေကြီးသား မိန်းမတစ်ဦးမဟုတ်။ စာတန်သည် အဘယ်မိန်းမကိုမျှ အထူးမုန်းတီးခဲ့သည်မဟုတ်။ ပုံဆောင်သောမိန်းမသာ ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်း “မိန်းမ” သည် အရာတစ်ခုခုကို ကိုယ်စားပြု၏။ ယင်းအချက်ကို နောက်ဆုံးကျမ်းစောင် ဗျာဒိတ်ကျမ်းတွင် ပြဆိုထားသည်။ သူမနှင့်ပတ်သက်၍လည်း ပို၍ပြည့်စုံစွာ ဖော်ပြထားသည်။ ထိုတွင် အဆိုပါ “မိန်းမ” သည် “နေကိုဝတ်လျက် လကိုခြေဖြင့်နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ့်နှစ်လုံးဖြင့်ပြီးသော သရဖူကိုဆောင်းလျက်” နေကြောင်း ဖော်ပြထားသည်။ ထို “မိန်းမ” သည် မည်သူ့ကို ပုံဆောင်ကြောင်း သိရှိနိုင်ရန် သူ့ကလေးနှင့်ပတ်သက်၍ ဗျာဒိတ်ကျမ်းဆက်ရေးသားပုံကို သတိပြုပါ– “ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတ္တံ့သော သားယောက်ျားကို ဖွားမြင်၏။ ထိုသားကို ဘုရားသခင်ထံသို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီယူတော်မူ၏။”​—ဗျာဒိတ် ၁၂:၁-၅။

၁၃။ “သားယောက်ျား” နှင့် “မိန်းမ” တို့သည် အဘယ်သူ၊ သို့မဟုတ် အဘယ်အရာကို အသီးသီးပုံဆောင်ကြသနည်း။

၁၃ ထို “သားယောက်ျား” သည် မည်သူ၊ သို့မဟုတ် မည်သည့်အရာကို ပုံဆောင်ကြောင်း သိရလျှင် ထို “မိန်းမ” သည် မည်သူ့ကို သို့မဟုတ် မည်သည့်အရာကို ပုံဆောင်ကြောင်းကိုလည်း သိရှိနိုင်မည်။ ထိုမိန်းမသည် တကယ့်လူမိန်းမ မဟုတ်သကဲ့သို့ ထိုကလေးသည်လည်း ပကတိ လူတစ်ဦးမဟုတ်။ ကျမ်းစာက ထို “သားယောက်ျား” သည် “လူမျိုးတကာတို့ကို . . . အုပ်စိုး” သည်ဟု ဆိုထားသည်ဖြစ်၍ ၎င်းသည် ဘုရင်အနေနှင့် ယေရှုခရစ် အုပ်စိုးသည့် ဘုရားသခင့်အစိုးရကို ပုံဆောင်၏။ ယင်းကြောင့် ထို “မိန်းမ” သည် သစ္စာရှိ ကောင်းကင်သတ္တဝါများဖြင့် ဖွဲ့စည်းထားသော ဘုရားသခင့်အဖွဲ့အစည်းကို ပုံဆောင်၏။ “သားယောက်ျား” သည် “မိန်းမ” မှ ပေါက်ဖွားလာသည့်နည်းတူ ဘုရင်ယေရှုခရစ်လည်း ကောင်းကင်အဖွဲ့အစည်းမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းအဖွဲ့အစည်းသည် ဘုရားသခင့်ရည်ရွယ်ချက်ကို တညီတညွတ်တည်းဆောင်ရွက်ကြသော သစ္စာရှိ ကောင်းကင်နာမ်ဝိညာဉ် သတ္တဝါအဖွဲ့ ဖြစ်သည်။ ဂလာတိ ၄:၂၆ က ၎င်းအဖွဲ့အစည်းကို ‘အထက်ယေရုရှလင်’ ဟူ၍ ခေါ်ထားသည်။ ထို့ကြောင့် အာဒံနှင့် ဧဝတို့ ဘုရားသခင့်အုပ်ချုပ်မှုကို ဦးစွာ ပုန်ကန်သည်နှင့် ယေဟောဝါသည် ဖြောင့်မတ်ခြင်းတရား မြတ်နိုးသူများအတွက် မျှော်လင့်စရာအဖြစ် နိုင်ငံတော်အစိုးရတစ်ဖွဲ့ ဖွဲ့စည်းရန် စီစဉ်တော်မူခဲ့သည်။

ယေဟောဝါသည် မိမိကတိတော်ကို သတိရတော်မူ၏

၁၄။ (က) စာတန်ကို ကြိတ်မည့် “အမျိုးအနွယ်” တစ်ဦးနှင့်ပတ်သက်သော မိမိကတိတော်ကို မိမိသတိရကြောင်း ယေဟောဝါ မည်သို့ ပြတော်မူသနည်း။ (ခ) ကတိထားရာ “အမျိုးအနွယ်” ကား မည်သူနည်း။

၁၄ ယေဟောဝါသည် မိမိအစိုးရအဖွဲ့၏ အုပ်စိုးရှင်ဖြစ်လာမည့် “အမျိုးအနွယ်” တစ်ဦးကို စေလွှတ်မည်ဟူသော ကတိတော်ကို မေ့တော်မမူ။ ဤအုပ်စိုးရှင်သည် စာတန်၏ ခေါင်းကို ကြိတ်ခြင်းဖြင့် သူ့ကို ဖျက်ဆီးပစ်မည်။ (ရောမ ၁၆:၂၀; ဟေဗြဲ ၂:၁၄) ယေဟောဝါက ကတိထားရာ အမျိုးအနွယ်သည် သစ္စာရှိသူ အာဗြဟံမှတစ်ဆင့် ပေါက်ဖွားလာမည်ဟု မိန့်ဆိုတော်မူသည်။ ယေဟောဝါက အာဗြဟံအား ဤသို့မိန့်တော်မူ၏– “သင်၏ အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။” (ကမ္ဘာဦး ၂၂:၁၈) အာဗြဟံ၏ သားစဉ်မြေးဆက်မှ ပေါက်ဖွားလာမည်ဟု ကတိထားတော်မူသော ဤ “အမျိုးအနွယ်” ကား မည်သူနည်း။ နောက်ပိုင်းတွင် ကျမ်းစာက အဖြေပေး၏– “ကတိတော်တို့ကို အာဗြဟံနှင့် သူ၏ အမျိုးအနွယ်၌ ထားတော်မူ၏။ အမျိုးအနွယ်တို့ဟု အများသောသူတို့ကို ရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။ သင်၏အမျိုးအနွယ်ဟု တစ်ယောက်သောသူကိုရည်မှတ်၍ မိန့်တော်မူ၏။ ထိုတစ်ယောက်သောသူကား ခရစ်တော်ဖြစ်သတည်း။” (ဂလာတိ ၃:၁၆) ဘုရားသခင့် “မိန်းမ” ၏ “အမျိုးအနွယ်” သည် အာဗြဟံ၏သား ဣဇာက်နှင့် မြေး ယာကုပ်တို့၏ သားစဉ်မြေးဆက်မှတစ်ဆင့် ပေါက်ဖွားလာမည်ဟုလည်း ထိုသူတို့အား ယေဟောဝါမိန့်တော်မူ၏။​—ကမ္ဘာဦး ၂၆:၁-၅; ၂၈:၁၀-၁၄။

၁၅၊ ၁၆။ “အမျိုးအနွယ်” သည် အုပ်စိုးမည့်ဘုရင်ဖြစ်လာမည်ကို အဘယ်အချက်က ပြသနည်း။

၁၅ ၎င်း “အမျိုးအနွယ်” သည် အုပ်စိုးသောမင်းဖြစ်မည်ကို သိသာစေရန် ယာကုပ်က သားယုဒအား ဤသို့ဆိုခဲ့သည်– “ရှိလောမရောက်မီတိုင်အောင် ရာဇလှံတံ [သို့မဟုတ်၊ အုပ်စိုးခြင်းအာဏာ] သည် ယုဒထံမှလည်းကောင်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှလည်းကောင်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။ [လူမျိုးတို့၏ နာခံမှုကို ထိုသူ ပိုင်ဆိုင်လိမ့်မည်။ ကဘ]” (ကမ္ဘာဦး ၄၉:၁၀) ယေရှုခရစ်သည် ယုဒအနွယ်မှ ဆင်းသက်လာ၏။ ကိုယ်တော်ပင်လျှင် ‘လူမျိုးတို့၏ နာခံမှုကို ပိုင်ဆိုင်’ သော “ရှိလော” ဖြစ်ကြောင်း ထင်ရှားလာသည်။​—ဟေဗြဲ ၇:၁၄။

၁၆ ယုဒအား ထိုသို့ပြော၍ အနှစ် ၇၀၀ လွန်ခဲ့သောအခါ ယုဒအနွယ်ဝင် ဒါဝိဒ်နှင့် ပတ်သက်၍ ယေဟောဝါ ဤသို့ဆို၏– “ငါ၏ကျွန် ဒါဝိဒ်ကို ငါတွေ့၍ . . . သူ၏အမျိုးအနွယ်ကို အစဉ်အမြဲတည်စေ [လျက်] သူ၏ပလ္လင် [ကို] ကောင်းကင်ကာလကဲ့သို့ နိစ္စထာဝရ ဖြစ် [စေ] လိမ့်မည်။” (ဆာလံ ၈၉:၂၀၊ ၂၉) ဒါဝိဒ်၏ “အမျိုးအနွယ်” သည် “အစဉ်အမြဲတည်” ၍ “သူ၏ပလ္လင်သည် ကောင်းကင်ကာလကဲ့သို့” တည်တံ့မည်ဟု ဘုရားသခင်မိန့်ဆိုရာ၌ ဘာကိုဆိုလိုသနည်း။ မိမိခန့်အပ်သော အုပ်စိုးရှင် ယေရှုခရစ်၏လက်တော်ရှိ နိုင်ငံတော်အစိုးရသည် ထာဝစဉ်တည်မည်ကို ယေဟောဝါရည်ညွှန်းနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့ မည်သို့သိနိုင်သနည်း။

၁၇။ ကတိထားရာမင်းသည် ယေရှုခရစ်ဖြစ်ကြောင်း မည်သို့သိရသနည်း။

၁၇ မွေးလာမည့် ကလေးနှင့်ပတ်သက်၍ မာရိအား ယေဟောဝါ၏ ကောင်းကင်တမန် ဂါဗြေလပြောခဲ့သည့်စကားကို ပြန်သတိရပါ။ “ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်” ဟုပြော၏။ သို့သော် ယေရှုသည် ကမ္ဘာပေါ်တွင် ကလေးဘဝဖြင့် နေသွားမည်မဟုတ်။ လူကြီးတစ်ယောက်အနေနှင့်ပင် ဆက်လက်နေသွားမည်မဟုတ်။ ဂါဗြေလ ဤသို့ဆက်ပြော၏– “ထိုသားသည်ကား ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။ သူ့အဘ ဒါဝိဒ်၏ရာဇပလ္လင်ကို [ယေဟောဝါ] ဘုရားသခင်သည် သူ့အား ပေးတော်မူမည်။ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရ။” (လုကာ ၁:၃၁-၃၃) မိမိကိုချစ်၍ ကိုးစားသောသူတို့၏ ထာဝရကောင်းကျိုးအတွက် ဖြောင့်မတ်သော အစိုးရတစ်ဖွဲ့တည်ထောင်ရန် ယေဟောဝါ အစီအစဉ် ပြုလုပ်တော်မူခဲ့သည်မှာ တကယ်ပင် ထူးကဲ မွန်မြတ်လှသည်မဟုတ်လော။

၁၈။ (က) လောကီအစိုးရများ ကုန်ဆုံးခြင်းနှင့်ပတ်သက်၍ ကျမ်းစာ မည်သို့ဖော်ပြသနည်း။ (ခ) ဘုရားသခင့်အစိုးရသည် လူတို့အဖို့ ဘာပြုလုပ်ပေးမည်နည်း။

၁၈ လောကအစိုးရအားလုံးကို ဘုရားသခင့်နိုင်ငံတော်အစိုးရ အရေးယူဖျက်ဆီးရန် အချိန်နီးပြီ၊ ထိုအခါ၌ ယေရှုခရစ်သည် အောင်ပွဲခံဘုရင်အနေနှင့် တိုက်ပွဲဝင်မည်။ ထိုစစ်ပွဲနှင့်ပတ်သက်၍ ကျမ်းစာ ဤသို့ဆို၏– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် . . . အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၄၊ ၄၅; ဗျာဒိတ် ၁၉:၁၁-၁၆) အခြားအစိုးရအားလုံး ပပျောက်ပြီဖြစ်၍ ဘုရားသခင့်အစိုးရသည် လူတို့ တကယ်လိုအပ်ရာများကို ဖြည့်တင်းပေးလိမ့်မည်။ သစ္စာရှိ နိုင်ငံတော်သားတစ်ဦးမျှ ဖျားနာခြင်း၊ အိုမင်းခြင်း၊ သေခြင်း မရှိရအောင် အုပ်စိုးရှင် ယေရှုခရစ်က စောင့်ရှောက်တော်မူမည်။ ရာဇဝတ်မှု၊ စုတ်ချာသော အိုးအိမ်၊ ငတ်ပြတ်မှုနှင့် အခြားအလားတူ ပြဿနာများလည်း ပြေလည်သွားမည်။ ကမ္ဘာတစ်ခွင်လုံး စစ်မှန်သောငြိမ်းချမ်းရေးနှင့် လုံခြုံမှုရှိလာမည်။ (၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၃-၅) သို့ရာတွင် ဘုရားသခင်၏ ၎င်းနိုင်ငံတော်အစိုးရတွင် မင်းပြုအုပ်ချုပ်မည့် ပုဂ္ဂိုလ်များအကြောင်းကို တိုး၍သိရန် လိုပါသေးသည်။

[စာမျက်နှာ ၁၁၃ ပါ ရုပ်ပုံ]

ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောခြင်းတည်းဟူသော အရေးကြီးသည့်အလုပ်ကို လုပ်ရန် နောက်လိုက်များအား ယေရှု စေလွှတ်ခဲ့၏

[စာမျက်နှာ ၁၁၄ ပါ ရုပ်ပုံ]

သေရေးရှင်ရေးအတွက် စစ်ဆေးခံနေရစဉ် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ယေရှု ဆက်လက် ဟောကြားတော်မူ၏

[စာမျက်နှာ ၁၁၉ ပါ ရုပ်ပုံ]

ယေရှုကို သင်မည်သို့ မြင်သနည်း​—အောင်ပွဲခံ ဘုရင်အဖြစ်လော ဘာမျှ မလုပ်တတ်သည့် လူမမည်အဖြစ်လော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ