ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၃/၁၅ စာ. ၁၃-၁၈
  • ဘုရားပေးလွတ်လပ်မှုအတွက်ခိုင်မြဲစွာရပ်တည်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားပေးလွတ်လပ်မှုအတွက်ခိုင်မြဲစွာရပ်တည်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အချုပ်အနှောင်မှလွတ်မြောက်မှု
  • စွဲမှတ်စေသည့်ပုံဆောင်ဇာတ်လမ်း
  • ကျွန်ခံရာထမ်းပိုးကိုရှောင်ကြလော့
  • ဘုရားပေးလွတ်လပ်မှုတွင်ခိုင်မြဲစွာရပ်တည်ခြင်း
  • ခိုင်မြဲစွာရပ်တည်ပါ
  • ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကို လက်မလွတ်နှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • လွတ်လပ်သောလူမျိုးဖြစ်သော်လည်း စာရင်းရှင်းရန်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ကျွန်ုပ်တို့အတွက် “ပုံဆောင်ဇာတ်လမ်း”၏ အကျိုးကျေးဇူး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဘုရားပေးလွတ်လပ်မှုသည်ရွှင်လန်းမှုကိုဖြစ်စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၃/၁၅ စာ. ၁၃-၁၈

ဘုရားပေးလွတ်လပ်မှုအတွက်ခိုင်မြဲစွာရပ်တည်ပါ

“ထိုသို့သောလွတ်လပ်မှုအတွက် ခရစ်တော်သည်ငါတို့ကိုလွတ်လပ်စေပြီ။ ထို့ကြောင့်၊ ခိုင်မြဲစွာရပ်တည်ပါ။ သင့်ကိုယ်ကို ကျွန်ခံရာထမ်းပိုးအောက်တစ်ဖန်ပြန်မရောက်စေနှင့်။”—ဂလာတိ ၅:၁၊ ကဘ ။

၁၊ ၂။ ဘုရားပေးလွတ်လပ်မှုမည်သို့ဆုံးရှုံးခဲ့သနည်း။

ယေဟောဝါ၏လူများသည် လွတ်လပ်ကြသည်။ သို့သော် သူတို့သည် ဘုရားသခင်ထံမှကင်းကွာသွားကြရန်မကြိုးစားကြပါ။ အကြောင်းမှာ ထိုသို့ပြုခြင်းသည် စာတန်၏အချုပ်အနှောင်အောက်သို့ရောက်သွားစေသောကြောင့်ဖြစ်သည်။ သူတို့သည် ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးကို မြတ်နိုးကြပြီး ကိုယ်တော်ပေးသည့်လွတ်လပ်မှုတွင် ရွှင်လန်းကြသည်။

၂ ကျွန်ုပ်တို့၏ကနဦးမိဘများဖြစ်သောအာဒံနှင့်ဧဝတို့သည် အပြစ်ပြုပြီး အပြစ်၊ သေခြင်းနှင့်စာတန်တို့၏ကျေးကျွန်များဖြစ်သွားကြသဖြင့် ဘုရားပေးလွတ်လပ်မှုကို သူတို့ဆုံးရှုံးခဲ့ကြသည်။ (ကမ္ဘာဦး ၃:၁-၁၉။ ရောမ ၅:၁၂) ကြည့်ပါဦး။ စာတန်သည် လောကတစ်ခုလုံးကို ပျက်စီးခြင်းတွင်လမ်းဆုံးသောအပြစ်လမ်းသို့ ပို့ဆောင်ပေးလိုက်ပါသည်တကား။ သို့သော် ဘုရားပေးလွတ်လပ်မှုတွင် ခိုင်မြဲစွာရပ်တည်သူများမူ ထာဝရအသက်လမ်းပေါ်လျှောက်လှမ်းနေကြသည်။—မဿဲ ၇:၁၃၊ ၁၄။ ၁ ယောဟန် ၅:၁၉။

အချုပ်အနှောင်မှလွတ်မြောက်မှု

၃။ ဧဒင်တွင် မည်သည့်မျှော်လင့်ချက်ကို ဘုရားကတိပေးခဲ့သနည်း။

၃ ယေဟောဝါသည် မိမိနာမတော်ကိုချီးမွမ်းသောလူသားများအား စာတန်၊ အပြစ်နှင့် သေခြင်းတို့၏ချုပ်နှောင်မှုအောက်မှလွတ်မြောက်စေရန် ရည်ရွယ်ထားတော်မူသည်။ စာတန်အသုံးပြုသောမြွေကို ဘုရားသခင်က “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သင်သည် သူ၏ခေါင်းကိုကြိတ်လိမ့်မည်။ သူသည် သင်၏ဖနောင့်ကိုကြိတ်လိမ့်မည်” ဟုပြောခဲ့စဉ် ထိုမျှော်လင့်ချက်ကိုပေးခဲ့သည်။ (ကမ္ဘာဦး ၃:၁၄၊ ၁၅) ယေဟောဝါ၏ကောင်းကင်အဖွဲ့အစည်းမှ မျိုးနွယ်တော်ယေရှုခရစ်သည် နှက်တိုင်ပေါ်တွင်သေဆုံးချိန်တွင် ဖနောင့်ကြိတ်ခြင်းခံခဲ့ရသည်။ သို့သော် ဤနည်းဖြင့် ယုံကြည်သူလူသားများ အပြစ်နှင့်သေခြင်းမှလွတ်မြောက်ရန် ရွေးဖိုးပူဇော်သက္ကာကို ဘုရားသခင်ပြင်ဆင်ပေးတော်မူခဲ့သည်။ (မဿဲ ၂၀:၂၈။ ယောဟန် ၃:၁၆) အချိန်တန်သော် ယေရှုသည် ရှေးမြွေဟောင်းစာတန်၏ခေါင်းကို ကြိတ်လိမ့်မည်။—ဗျာဒိတ် ၁၂:၉။

၄။ အာဗြဟံသည် မည်သည့်လွတ်လပ်မှုတွင်ပျော်မွေ့ခဲ့ပြီး သူ့ကိုယေဟောဝါမည်သည့်ကတိတော်ပေးသနည်း။

၄ ဧဒင်တွင် ဘုရားသခင်ကတိပေးပြီးနောက်နှစ်ပေါင်း ၂,၀၀၀ လောက်တွင် “ယေဟောဝါ၏မိတ်ဆွေ” အာဗြဟံသည် ဘုရားသခင်ကိုနာခံပြီး ဥရမြို့မှ အခြားမြို့သို့ထွက်သွားခဲ့သည်။ (ယာကုပ် ၂:၂၃။ ဟေဗြဲ ၁၁:၈) ထို့ကြောင့် ဘုရားပေးလွတ်လပ်မှုကိုသူရရှိပြီး စာတန့်လောကအောက်တွင် ကျွန်ခံမနေရတော့ပေ။ ဧဒင်ပရောဖက်ပြုချက်နောက်ပိုင်းထပ်ဆင့်၍ အာဗြဟံနှင့်သူ၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းကောင်းချီးခံစားရမည်ဟူသောကတိတော်ကို ဘုရားသခင်ထပ်ဆင့်ပေးခဲ့သည်။ (ကမ္ဘာဦး ၁၂:၃။ ၂၂:၁၇၊ ၁၈) အာဗြဟံသည် အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ‘အာဗြဟံသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်ယူတော်မူ’ သောကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၁၅:၆) ယနေ့လည်းအလားတူစွာ ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးသည် အပြစ်တင်ခွင့်နှင့်စာတန့်ဩဇာအောက်ရောက်နေသော ဤလောက၏ကျွန်အဖြစ်မှလွတ်မြောက်သည့် ဘုရားပေးလွတ်လပ်မှုကို ရရှိစေသည်။

စွဲမှတ်စေသည့်ပုံဆောင်ဇာတ်လမ်း

၅။ ဣဇာက်မွေးဖွားလာခြင်းသည် မည်သည့်အဖြစ်အပျက်နှင့်ဆက်စပ်နေသနည်း။

၅ အာဗြဟံ၌အမျိုးအနွယ်ရှိလာရန် သူ၏မြုံနေသောမိန်းမစာရာသည် အိမ်ဖော်မိန်းကလေးဟာဂရကို ကလေးမွေးပေးရန် သူ့အားပေးခဲ့သည်။ သူမအားဖြင့် ဣရှမေလကို အာဗြဟံရလာသော်လည်း ထိုကလေးကို ကတိထားရာမျိုးနွယ်အဖြစ် ဘုရားသခင်မရွေးချယ်ပါ။ အာဗြဟံအသက် ၁၀၀ နှင့် စာရာအသက် ၉၀ ရောက်သောအခါ ဣဇာက်အမည်ရှိသောသားကိုရခွင့်ဘုရားသခင်ပေးခဲ့သည်။ ဣရှမေလသည် ဣဇာက်ကိုပြောင်လှောင်သဖြင့် ဟာဂရနှင့်သူ့သားတို့ အဝေးသို့နှင်ခြင်းခံခဲ့ရသည်။ လွတ်လပ်သောမိန်းမစာရာအားဖြင့်ရသော အာဗြဟံ၏အငြင်းပွားဖွယ်မရှိသောမျိုးနွယ်တော်ကျန်ရစ်ခဲ့သည်။ ဣဇာက်လည်း အာဗြဟံကဲ့သို့ပင် ယုံကြည်ခြင်းကိုတင်ပြခဲ့ပြီး ဘုရားပေးလွတ်လပ်မှုတွင်ပျော်မွေ့ခဲ့သည်။—ကမ္ဘာဦး ၁၆:၁-၁၆၊ ၂၁:၁-၂၁၊ ၂၅:၅-၁၁။

၆၊ ၇။ မှားယွင်းသောဆရာများသည် ဂလာတိခရစ်ယာန်များအား မည်သည့်အရာကိုအယုံသွင်းကြသနည်း။ သို့သော် ပေါလုဘာကိုရှင်းပြသနည်း။

၆ ဤအဖြစ်အပျက်များသည် ဘုရားပေးလွတ်လပ်မှုကိုချစ်မြတ်နိုးသူများအတွက် အလွန်အရေးကြီးသည့်အရာများကို ကြိုတင်ပုံဆောင်သည်။ ယင်းကို စီအီး ၅၀ မှ ၅၂ ခုနှစ်အတွင်း ဂလာတိအသင်းတော်များသို့ တမန်တော်ပေါလုရေးလိုက်သောစာတွင် မှတ်တမ်းတင်ထားသည်။ ထိုအချိန်နောက်ပိုင်းတွင် ခရစ်ယာန်များအတွက် အရေဖျားလှီးခြင်းမလိုအပ်တော့ကြောင်း အုပ်ချုပ်ရေးအဖွဲ့ကဆုံးဖြတ်ခဲ့သည်။ သို့သော် မှားယွင်းသောဆရာများက ယင်းသည် ခရစ်ယာန်ဘာသာတွင် အရေးကြီးသောကဏ္ဍဖြစ်သည်ဟု ဂလာတိအသင်းသားအချို့ကို သွေးဆောင်၍အယုံသွင်းခဲ့ကြသည်။

၇ ဂလာတိမြို့သားများကို ပေါလုဤသို့ပြောခဲ့သည်။ လူတစ်ဦးသည် မောရှေပညတ်၏အကျင့်အားဖြင့်မဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်သည်ဟုကြေညာခံရသည်။ (၁:၁–၃:၁၄) ပညတ်တရားသည် အာဗြဟံနှင့်ဖွဲ့သောပဋိညာဉ်နှင့်ဆက်နွယ်သည့် ကတိတော်ကိုမပယ်ဖျက်သော်လည်း အပြစ်များကိုထင်ရှားစေပြီး ခရစ်တော်သို့ပို့ဆောင်သောအထိန်းအဖြစ် လုပ်ဆောင်သည်။ (၃:၁၅-၂၅) မိမိ၏သေခြင်းအားဖြင့် ယေရှုသည် ပညတ်အောက်ရှိသူများကို လွတ်မြောက်စေပြီး ဘုရားသခင့်သားများဖြစ်ခွင့်ကိုရစေသည်။ ထို့ကြောင့် နှစ်၊ လ၊ နေ့ရက်၊ အချိန်ကာလများကိုပြန်စောင့်လျှင် တစ်ဖန်ကျွန်ပြန်ခံသည့်အဓိပ္ပာယ်ရောက်သည်။ (၄:၁-၂၀) ထို့နောက်ပေါလုရေးသည်မှာ၊—

၈၊ ၉။ (က) ဂလာတိ ၄:၂၁-၂၆ တွင် ပေါလုပြောသောစကားကို သင့်စကားဖြင့် အတိုချုပ်ရှင်းပြပါ။ (ခ) ဤပုံဆောင်ဇာတ်လမ်းတွင် အာဗြဟံနှင့်စာရာတို့သည် မည်သူသို့မဟုတ် မည်သည့်အရာကိုပုံဆောင်သနည်း။ ကတိထားရာမျိုးနွယ်တော်ကား မည်သူနည်း။

၈ “ပညတ်တရားအောက်တွင်နေလိုသူတို့၊ ငါ့အားပြောကြပါ။ သင်တို့သည် ပညတ်တရားကိုမခံယူကြသလော။ ဥပမာအားဖြင့်၊ အာဗြဟံသည် သားနှစ်ယောက်ကိုရ၏။ တစ်ယောက် [ဣရှမေလ] ကား အစေခံမိန်းကလေး [ဟာဂရ] ဖြင့်ရ၍ တစ်ယောက် [ဣဇာက်] ကား လွတ်လပ်သောမိန်းမ [စာရာ] အားဖြင့်ရ၏ဟု ရေးသားထားသည်။ သို့သော် အစေခံမိန်းကလေးမှရသောသားသည် အမှန်အားဖြင့် ဇာတိသဘောအရမွေးဖွားလာသူဖြစ်၏။ လွတ်လပ်သောမိန်းမမှမွေးသော အခြားတစ်ယောက်မှာမူ ကတိတော်အားဖြင့်ဖြစ်၏။ ဤအရာတို့သည် ပုံဆောင်ပြဇာတ်အနေနှင့် တည်ရှိနေသည်။ အကြောင်းမှာ ဤမိန်းမနှစ်ဦးသည် ပဋိညာဉ်နှစ်ခုကိုဆိုလိုပြီး တစ်ခု [ပညတ်ပဋိညာဉ်] မှာ ကျွန်ခံရန်အတွက် သားများမွေးဖွားပေးသော ဟာဂရဖြစ်သော သိနာတောင် [ထိုပဋိညာဉ်ကို ဣသရေလလူမျိုးနှင့်ဘုရားသခင်ဖွဲ့ဆိုခဲ့သည့်နေရာ] မှဖြစ်သည်။ [အခြားတစ်ခုမှာ အာဗြဟံ၏မျိုးနွယ်နှင့်ပတ်သက်ပြီး သူနှင့်ဖွဲ့ဆိုသောပဋိညာဉ်ဖြစ်သည်] ယခုဤဟာဂရသည် အာရပ်ပြည်ရှိ သိနာတောင်ကိုဆိုလိုပြီး ယနေ့ယေရုရှလင်နှင့်တူသည်။ အကြောင်းမှာ သူမသည် သူမ၏ကလေးများ [အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့မှ ဆင်းသက်လာသူများ] နှင့် ကျွန်အဖြစ်တွင်ရှိနေသည်။ သို့သော် အထက်ယေရုရှလင်မူကား လွတ်လပ်ပြီး ငါတို့၏မိခင်ဖြစ်သတည်း။”—ဂလာတိ ၄:၂၁-၂၆၊ ကဘ ။

၉ ဤပုံဆောင်ဇာတ်လမ်းတွင် အာဗြဟံသည် ယေဟောဝါကို ကိုယ်စားပြုသည်။ “လွတ်လပ်သောမိန်းမ” စာရာမူကား ဘုရားသခင်၏ “မိန်းမ” သို့မဟုတ် သန့်ရှင်းသောစကြဝဠာအဖွဲ့အစည်းဖြစ်သည်။ ယင်းသည် ထိုပုံဆောင်မိန်းမနှင့် ကြီးမြတ်သောအာဗြဟံတို့၏မျိုးနွယ်တော်ဖြစ်သော ခရစ်တော်ကိုဖြစ်ပွားစေသည်။ (ဂလာတိ ၃:၁၆) မသန့်ရှင်းသောဝတ်ပြုရေး၊ အပြစ် နှင့် စာတန်တို့၏လက်အောက်မှလွတ်မြောက်ရန် ယေရှုသည် သမ္မာတရားကိုသွန်သင်ပြီး မှောက်မှားသောဘာသာကို ဖော်ထုတ်ခဲ့သည်။ သို့သော် ယေရုရှလင်နှင့်သူမ၏သားသမီးများသည် ကိုယ်တော်ကိုငြင်းပယ်ကြသောကြောင့် ဘာသာရေးအချုပ်အနှောင်အောက်တွင် ရှိမြဲရှိနေကြသည်။ (မဿဲ ၂၃:၃၇၊ ၃၈) ယေရှု၏ဂျူးနောက်တော်လိုက်များသည် မစုံလင်မှု၊ အပြစ် နှင့်သေခြင်းအချုပ်အနှောင်များကိုဖော်ပြသော ပညတ်တရားအောက်မှ လွတ်မြောက်ခဲ့ကြသည်။ ယေရှုသည် မေရှိယဘုရင်ဖြစ်ရန် ဘုရားသခင့် “မိန်းမ” မှမွေးဖွားလာသူနှင့် ‘ချုပ်နှောင်ခံရသူများကို လွတ်မြောက်မှုအကြောင်းကြေညာ’ သည့်ကယ်နှုတ်သူအဖြစ် လက်ခံသောလူသားအားလုံးသည် အမှန်လွတ်လပ်ကြသည်။—ဟေရှာယ ၆၁:၁၊ ၂။ လုကာ ၄:၁၈၊ ၁၉၊ ကဘ ။

ကျွန်ခံရာထမ်းပိုးကိုရှောင်ကြလော့

၁၀၊ ၁၁။ ယေရှုခရစ်သည် မိမိ၏နောက်တော်လိုက်များကို မည်သည့်ကျွန်ခံရာထမ်းပိုးအောက်မှ လွတ်မြောက်စေခဲ့ပြီး ယနေ့ မည်သည့်အလားတူအဖြစ်အပျက်ရှိသနည်း။

၁၀ သာ၍ကြီးမြတ်သောဣဇာက်ဖြစ်သူခရစ်တော်နှင့်အတူ အာဗြဟံ၏မျိုးနွယ်တော်တွင်ပါဝင်သူများနှင့်ပတ်သက်၍ ပေါလုက “အထက်ယေရုရှလင်မူကား လွတ်လပ်ပြီး ငါတို့၏မိခင်ဖြစ်သတည်း။ . . . ညီအစ်ကိုတို့ ငါတို့သည် ဣဇာက်ကဲ့သို့ပင် ကတိတော်နှင့်ဆိုင်သောသားများဖြစ်ကြ၏။ သို့သော် နောင်တွင် ဇာတိသဘောအရမွေးဖွားလာသူ [ဣရှမေလ] သည် ဝိညာဉ်သဘောအရမွေးဖွားလာသူ [ဣဇာက်] ကို ညှဉ်းဆဲလာသကဲ့သို့ ယခုလည်းထိုသို့ပင်ဖြစ်၏ . . . ငါတို့သည် အစေခံမိန်းကလေး၏သားများ မဟုတ်ကြဘဲ လွတ်လပ်သောမိန်းမ၏သားများဖြစ်ကြ၏။ ထို [ပညတ်တရားအောက်မှ] လွတ်လပ်မှုအတွက် ခရစ်တော်သည် ငါတို့ကိုလွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် ခိုင်မြဲစွာရပ်တည်ကြပါ။ ကျွန်ခံရာထမ်းပိုးအောက်သို့ တစ်ဖန်ပြန်ချုပ်နှောင်ခံရရန် သင်တို့ကိုယ်ကို ခွင့်မပြုကြနှင့်။—ဂလာတိ ၄:၂၆–၅:၁၊ ကဘ ။

၁၁ ယေရှု၏မည်သည့်တပည့်တော်မဆို ပညတ်တရားကိုလက်အောက်ခံခဲ့လျှင် သူတို့သည် ကျွန်ခံရာထမ်းပိုးအောက်တွင်ရောက်နေခဲ့ကြပေမည်။ မဟာဗာဗုလုန်သည် မျက်မှောက်ခေတ်ကျွန်ခံရာထမ်းပိုးဖြစ်ပြီး ခရစ်ယာန်ဘောင်သည် ရှေးခေတ်ယေရုရှလင်နှင့်သူ၏သားသမီးများနှင့် အလားတူပင်ဖြစ်သည်။ သို့ရာတွင် ဘိသိက်ခံများသည် ဘုရားသခင်၏ လွတ်လပ်သောကောင်းကင်အဖွဲ့အစည်းတည်းဟူသော အထက်ယေရုရှလင်၏ သားသမီးများဖြစ်ကြသည်။ သူတို့နှင့် မြေကြီးမျှော်လင့်ချက်ရှိသောသူတို့၏ယုံကြည်သူချင်းတို့သည် ဤလောက၏အစိတ်အပိုင်းများမဟုတ်ကြသဖြင့် စာတန့်ချုပ်နှောင်မှုအောက်တွင်မရှိကြချေ။ (ယောဟန် ၁၄:၃၀။ ၁၅:၁၉။ ၁၇:၁၄၊ ၁၆) သမ္မာတရားနှင့် ယေရှု၏ရွေးဖိုးပူဇော်သက္ကာကြောင့် လွတ်ခြင်းခံရသောကျွန်ုပ်တို့သည် မိမိတို့၏ဘုရားပေးလွတ်လပ်မှုတွင် တည်ကြည်မြဲမြံကြစို့။

ဘုရားပေးလွတ်လပ်မှုတွင်ခိုင်မြဲစွာရပ်တည်ခြင်း

၁၂။ ယုံကြည်သူများသည် မည်သည့်လမ်းစဉ်ကိုလိုက်လျှောက်ကြပြီး ယခု မည်သည့်အကြောင်းကို ဆွေးနွေးမည်နည်း။

၁၂ သန်းပေါင်းများစွာသောသူတို့သည် ယေဟောဝါသက်သေများအနေနှင့် စစ်မှန်သောလွတ်လပ်မှုကို ယခုခံစားနေကြရသည်။ အခြားသန်းပေါင်းများစွာလည်းကျမ်းစာလေ့လာနေကြပြီး သူတို့အများမှာ “ထာဝရအသက်ရရန် မှန်ကန်စွာခန့်ထားခံရသူများ” ဖြစ်ကြသည်။ ယုံကြည်သူများဖြစ်လာကြသည့်အပြင် နှစ်ခြင်းခံခြင်းအားဖြင့် ဘုရားပေးလွတ်လပ်မှုတွင်ခိုင်မြဲစွာရပ်တည်ကြသည်။ (တမန်တော် ၁၃:၄၈။ ၁၈:၈) သို့သော် ခရစ်ယာန်နှစ်ခြင်းမတိုင်မီ မည်သည့်ခြေလှမ်းများလှမ်းရမည်နည်း။

၁၃။ အသိပညာနှင့်နှစ်ခြင်းယူခြင်းသည် မည်သို့ဆက်စပ်မှုရှိသနည်း။

၁၃ လူတစ်ယောက်နှစ်ခြင်းမခံမီ ကျမ်းစာ၏တိကျမှန်ကန်သောအသိပညာကိုရရှိထားပြီး ထိုအတိုင်းကျင့်သုံးနေသူဖြစ်ရမည်။ (ဧဖက် ၄:၁၃) ထို့ကြောင့် ယေရှုကနောက်တော်လိုက်များအား “သင်တို့သွား၍လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေခြင်းငှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ နှစ်ခြင်းကိုပေးကြလော့။ ငါသည်သင်တို့အားပေးသမျှသောပညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။”—မဿဲ ၂၈:၁၉၊ ၂၀။

၁၄။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့၏နာမ၌ နှစ်ခြင်းခံရာတွင် မည်သည့်အသိပညာလိုအပ်သနည်း။

၁၄ ခမည်းတော်၏နာမ၌နှစ်ခြင်းခံခြင်းမည်သည် ဘုရားသခင်၊ ဖန်ဆင်းရှင်နှင့် စကြဝဠာပိုင်သအုပ်စိုးရှင်အဖြစ် ယေဟောဝါ၏ရာထူးနှင့်အခွင့်အာဏာကို အသိအမှတ်ပြုခြင်းဖြစ်သည်။ (ကမ္ဘာဦး ၁၇:၁။ ၄ ဓမ္မရာဇဝင် ၁၉:၁၅။ ဗျာဒိတ် ၄:၁၁) သားတော်၏နာမ၌နှစ်ခြင်းခံခြင်းမည်သည် ခရစ်တော်သည် ချီးမြှင့်ခံရသောနာမ်ဝိညာဉ်သတ္တဝါ၊ မေရှိဘုရင်ဖြစ်ပြီး ကိုယ်တော်မှတစ်ဆင့် “ညီမျှသောရွေးနှုတ်ဖိုး” ကိုဘုရားသခင်ပြင်ဆင်ပေးကြောင်းစသည့် ခရစ်တော်၏ရာထူးနှင့်အခွင့်အာဏာတို့ကို အသိအမှတ်ပြုခြင်းဖြစ်သည်။ (၁ တိမောသေ ၂:၅၊ ၆။ ဒံယေလ ၇:၁၃၊ ၁၄။ ဖိလိပ္ပိ ၂:၉-၁၁) လူတစ်ဦးသည် သန့်ရှင်းသောဝိညာဉ်တော်၌နှစ်ခြင်းခံလျှင် ဝိညာဉ်တော်ဟူသည် ဖန်ဆင်းခြင်း၊ ကျမ်းရေးသူများကိုမှုတ်သွင်းခြင်းနှင့် အခြားကိစ္စများတွင်ယေဟောဝါအသုံးပြုသော ကိုယ်တော်၏လှုပ်ရှားသည့်စွမ်းအားဖြစ်သည်ကို ထိုလူသဘောပေါက်ကြောင်းဆိုလိုသည်။ (ကမ္ဘာဦး ၁:၂။ ၂ ပေတရု ၁:၂၁) မှန်ပါသည်။ ဘုရားသခင်၊ ခရစ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့နှင့်ပတ်သက်ပြီး လေ့လာစရာများစွာရှိပါသေးသည်။

၁၅။ လူတစ်ဦးသည် နှစ်ခြင်းမခံမီ အဘယ်ကြောင့်ယုံကြည်ခြင်းကိုတင်ပြရမည်နည်း။

၁၅ လူတစ်ဦးနှစ်ခြင်းမခံမီ တိကျမှန်ကန်သောအသိပညာအပေါ်အခြေပြုသည့်ယုံကြည်ခြင်းကို တင်ပြနေရမည်။ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင် [ယေဟောဝါ] ၏စိတ်တော်နှင့်မတွေ့နိုင်။” (ဟေဗြဲ ၁၁:၆) ဘုရားသခင်၊ ခရစ်တော်နှင့် ဘုရားသခင့်ရည်ရွယ်တော်မူချက်များကို ယုံကြည်ကြောင်းတင်ပြသူသည် ယေဟောဝါသက်သေတစ်ဦးဖြစ်လိုပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့်အညီ အသက်ရှင်နေထိုင်ကာ သတင်းကောင်းဟောပြောခြင်းတွင် အထူးတလည်ပါဝင်နေပေမည်။ သူသည် ယေဟောဝါ၏ဘုရင့်အာဏာတော်ကိုပြောကြားနေမည်ဖြစ်သည်။—ဆာလံ ၁၄၅:၁၀-၁၃။ မဿဲ ၂၄:၁၄။

၁၆။ နောင်တဟူသည်အဘယ်နည်း။ ယင်းသည် ခရစ်ယာန်နှစ်ခြင်းနှင့်မည်သို့ဆက်စပ်သနည်း။

၁၆ နောင်တယူခြင်းသည် နှစ်ခြင်းမခံမီလိုအပ်သောအရာနောက်တစ်ခုဖြစ်သည်။ နောင်တရခြင်းမည်သည် “အတိတ်မှ (သို့မဟုတ် ကြံရွယ်ထားသော) လုပ်ရပ်၊ အကျင့်အကြံတို့နှင့်ပတ်သက်၍ ဝမ်းနည်းခြင်း သို့မဟုတ် စိတ်အလိုမကျခြင်းတို့ကြောင့် စိတ်ကိုပြောင်းလဲလိုက်ခြင်း” သို့မဟုတ် “လုပ်ခဲ့မိသောအရာ သို့မဟုတ် လုပ်ရန်ပျက်ကွက်သောအရာအတွက် ဝမ်းနည်းခြင်း၊ နောင်ကြဉ်ခြင်း သို့မဟုတ် ဩတ္တပ္ပစိတ်မကြည်လင်ခြင်း” ဖြစ်သည်။ ပထမရာစုဂျူးများသည် ယေရှုခရစ်ကိုပြစ်မှားခြင်းအတွက် နောင်တယူရန်လိုအပ်ခဲ့ကြသည်။ (တမန်တော် ၃:၁၁-၂၆) ကောရိန္သုမြို့ရှိယုံကြည်သူအချို့တို့သည် မတရားမေထုန်၊ သူ့မယားကိုပြစ်မှားခြင်း၊ လိင်တူဆက်ဆံခြင်း၊ ခိုးခြင်း၊ လောဘကြီးခြင်း၊ သေသောက်ကြူးခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ လုယက်ခြင်းအပြစ်များမှ နောင်တယူခဲ့ကြသည်။ အကျိုးရလဒ်အနေနှင့် သူတို့သည် ယေရှု၏အသွေးတော်အားဖြင့် “ဆေးကြောသန့်ရှင်းခြင်း” ခံရပြီး ယေဟောဝါ၏လုပ်ငန်းတော်အတွက် “သန့်စင်” ခြင်းခံရ၍ ယေရှုနှင့်ဝိညာဉ်တော်တို့၏နာမဖြင့် “ဖြောင့်မတ်သည်ဟုကြေညာခြင်းခံရ” ကြသည်။ (၁ ကောရိန္သု ၆:၉-၁၁) ထို့ကြောင့် နောင်တယူခြင်းသည် ကောင်းသောသြတ္တပ္ပစိတ်နှင့် ဘုရားသခင်ပေးသည့် အပြစ်ဘေးဒဏ်သင့်ရောက်ခြင်းမှလွတ်မြောက်မှုတို့ရရန် အကြိုခြေလှမ်းများဖြစ်သည်။—၁ ပေတရု ၃:၂၁။

၁၇။ ပြုပြင်ပြောင်းလဲခြင်းကားအဘယ်နည်း။ ယင်းသည် နှစ်ခြင်းခံရန်စီစဉ်ထားသူအား မည်သည့်အရာများပြုရန်တောင်းဆိုသနည်း။

၁၇ လူတစ်ဦးသည် ယေဟောဝါသက်သေတစ်ဦးအဖြစ်နှစ်ခြင်းခံနိုင်ရန် ပြုပြင်ပြောင်းလဲမှုကိုလည်း တင်ပြရမည်။ လူတစ်ဦးသည် သူ၏မှားယွင်းသောလမ်းစဉ်ကိုငြင်းပယ်ပြီး မှန်ရာကိုလုပ်ရန်ဆုံးဖြတ်လျှင် ပြုပြင်ပြောင်းလဲမှုကိုပြုလုပ်သည်။ ပြုပြင်ပြောင်းလဲခြင်းကိုဖော်ပြသော ဟေဗြဲနှင့်ဂရိစာလုံးသည် “နောက်ပြန်ဆုတ်သည်၊ ပြန်လှည့်သည်၊ ပြန်လာသည်” ဟုအဓိပ္ပာယ်ရသည်။ ယင်းကိုဝိညာဏသဘောအရသုံးလျှင် မှားသောလမ်းစဉ်မှဘုရားသခင်ထံပြန်လှည့်ခြင်းကို ရည်ညွှန်းသည်။ (၃ ဓမ္မရာဇဝင် ၈:၃၃၊ ၃၄) ပြုပြင်ပြောင်းလဲရာတွင် ဘုရားသခင်မိန့်တော်မူသည့်အရာများကိုပြုလုပ်ခြင်း၊ မဟာဗာဗုလုန်ကိုစွန့်လွှတ်ခြင်း၊ ယေဟောဝါတစ်ပါးတည်းကိုဝတ်ပြုရန် ကျွန်ုပ်တို့၏နှလုံးကို မသွေဖည်တမ်း ကိုယ်တော့ထံလှည့်ခြင်း များဖြစ်သော “နောင်တနှင့်စပ်ဆိုင်သောအကျင့်များ” လိုအပ်သည်။ (တမန်တော် ၂၆:၂၀။ တရားဟောရာ ၃၀:၂၊ ၈၊ ၁၀။ ၁ ဓမ္မရာဇဝင် ၇:၃) “စိတ်နှလုံးသဘောသစ်” ကိုယူခြင်း၊ အတွေးအခေါ်၊ စိတ်နေသဘောထားနှင့် ဘဝရည်ရွယ်ချက်များကို ပြောင်းလဲခြင်းတို့လိုအပ်သည်။ (ယေဇကျေလ ၁၈:၃၁) ဥပဓိရုပ်သစ်ပြုပြင်ပြောင်းလဲခြင်း၏အကျိုးရလဒ်က ဘုရားရေးရာမဆန်သောအမူအကျင့်များကို ဘုရားရေးရာအရည်အချင်းတို့ဖြင့် အစားထိုးပေးသည်။ (ကောလောသဲ၃:၅-၁၄) မှန်ပါသည်၊ စစ်မှန်သောနောင်တသည် လူတစ်ဦးအား “ပြန်လှည့်” စေပါသည်။—တမန်တော် ၃:၁၉။

၁၈။ အဘယ့်ကြောင့် ဆုတောင်းခြင်းအားဖြင့်ဘုရားသခင်ထံဆက်ကပ်အပ်နှံရမည်နည်း။ ဤအဆင့်၏ထူးခြားထင်ရှားသည့်အချက်ကားအဘယ်နည်း။

၁၈ နှစ်ခြင်းမခံမီ ဘုရားသခင်ထံဆုတောင်းဆက်ကပ်အပ်နှံခြင်းကို အလျှင်ပြုရမည်။ (လုကာ ၃:၂၁၊ ၂၂ နှင့်နှိုင်းယှဉ်ပါ) ဆက်ကပ်အပ်နှံခြင်းသည် ဘုရားရေးရာရည်မှန်းချက်တည်ဆောက်ခြင်းဖြစ်သည်။ ဤအဆင့်သည်အရေးကြီးသောကြောင့် ကိုယ်တော်အားသီးသန့်ဝတ်ပြုရန်နှင့် အစဉ်အမြဲအလိုတော်ကိုဆောင်သွားရန်ကျွန်ုပ်တို့ဆုံးဖြတ်ချက်ကို ဆုတောင်းခြင်းအားဖြင့်တင်ပြသင့်သည်။ (တရားဟောရာ ၅:၈၊ ၉။ ၁ ရာဇဝင်ချုပ် ၂၉:၁၀-၁၃) ကျွန်ုပ်တို့သည် အလုပ်တစ်ခုကိုမဟုတ်ဘဲ ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင်ကို ဆက်ကပ်အပ်နှံသည်မှာ မှန်ပါသည်။ ကင်းမျှော်စင်အသင်း၏ပထမဥက္ကဌ ချားလ်စ်တေဇ်ရပ်စယ်လ်၏အသုဘအခန်းအနားတွင် ယင်းအချက်ရှင်းလင်းတင်ပြခံရသည်။ ၁၉၁၆ ခုနှစ်တွင် အသင်းမ၏အတွင်းရေးမှူးနှင့်ဘဏ္ဍာရေးမှူးဖြစ်သူ ဒဗလျူအီးဗဲန်အန်ဘာ့ဂ် က “ဤကြီးကျယ်သောကမ္ဘာချီလုပ်ငန်းသည် လူတစ်ဦးတစ်ယောက်၏လုပ်ငန်းမဟုတ်ပါ။ ယင်းသို့ဖြစ်ရန်ဝေးစွ။ ယင်းသည် ဘုရားသခင်၏အလုပ်ဖြစ်ပြီး ပြောင်းလဲမှုမရှိပါ။ ဘုရားသခင်သည် အတိတ်က ကျေးကျွန်တော်များစွာကိုအသုံးပြုခဲ့သည်နည်းတူ အနာဂတ်တွင်လည်း ယင်းသို့ပင်အသုံးပြုတော်မူမည်။ ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံခြင်းသည် လူတစ်ဦးသို့မဟုတ် လူတစ်ဦး၏လုပ်ငန်းကိုမဟုတ်ဘဲ ကိုယ်တော့်နှုတ်ကပါဌ်တော်နှင့် ဘုရားသခင်၏ဖေးမသည့်လမ်းညွှန်မှုတို့မှလာသော ဘုရားသခင်၏အလိုတော်ကိုထမ်းဆောင်ရန် ဖြစ်သည်။ ဘုရားသခင်သည် ဆက်၍ဦးစီးဦးဆောင်နေသည်” ဟုပြောခဲ့သည်။ သို့သော် ဘုရားသခင်ကိုဆက်ကပ်အပ်နှံခြင်းနှင့်ပတ်သက်၍ အခြားမည်သည့်အရာများလုပ်ရဦးမည်နည်း။

၁၉။ (က) လူတစ်ဦးစီသည် ယေဟောဝါထံဆက်ကပ်အပ်နှံကြောင်း လူအများရှေ့မည်သို့တင်ပြသနည်း။ (ခ) ရေနှစ်ခြင်းသည် မည်သည့်အထိမ်းအမှတ်ဖြစ်သနည်း။

၁၉ လူတစ်ဦးနှစ်ခြင်းခံသောအခါ ယေဟောဝါထံဆက်ကပ်အပ်နှံကြောင်းကို လူအများရှေ့တင်ပြရာရောက်သည်။ ရေအောက်သို့နှစ်မြုပ်သွားခြင်းဖြင့်တင်ပြသော နှစ်ခြင်းခံခြင်းသည် ယေရှုခရစ်အားဖြင့် ယေဟောဝါဘုရားသခင်ထံ ချွင်းချက်မရှိဆက်ကပ်အပ်နှံခြင်း၏အထိမ်းအမှတ်ဖြစ်သည်။ (မဿဲ ၁၆:၂၄ နှင့်နှိုင်းယှဉ်။) နှစ်ခြင်းခံမည့်သူသည် ရေအောက်တွင်နှစ်မြုပ်ခံရပြီး ပေါ်ထလာသောအခါ ပုံဆောင်သဘောအားဖြင့် သူသည် ယခင်လမ်းစဉ်ဟောင်းမှသေလွန်ပြီး ဘုရားသခင့်အလိုတော်ကိုအကြွင်းမဲ့ထမ်းဆောင်ရန် ဘဝလမ်းစဉ်သစ်သို့ထမြောက်ခံရသည်။ (ရောမ ၆:၄-၆ နှင့်နှိုင်းယှဉ်။) ယေရှုနှစ်ခြင်းခံသောအခါ မိမိကိုယ်ကိုကောင်းကင်ခမည်းတော်ထံ အကြွင်းမဲ့ဆက်သခဲ့သည်။ (မဿဲ ၃:၁၃-၁၇) ကျမ်းစာကလည်း အရည်အချင်းပြည့်မီသောယုံကြည်သူသည် နှစ်ခြင်းခံသင့်သည်ဟုဖော်ပြသည်။ (တမန်တော် ၈:၁၃။ ၁၆:၂၇-၃၄။ ၁၈:၈) ယနေ့လည်း လူတစ်ဦးသည် ယေဟောဝါသက်သေဖြစ်လာရန် ယုံကြည်ခြင်းကိုလက်တွေ့တင်ပြပြီး နှစ်ခြင်းခံသည့် ယုံကြည်သူဖြစ်ရမည်။—တမန်တော် ၈:၂၆-၃၉ နှင့်နှိုင်းယှဉ်ပါ။

ခိုင်မြဲစွာရပ်တည်ပါ

၂၀။ ကျွန်ုပ်တို့သည် နှစ်ခြင်းခံပြီးယေဟောဝါသက်သေများအဖြစ်နှင့် ဘုရားပေးလွတ်လပ်မှုတွင် ခိုင်မြဲစွာရပ်တည်ခြင်းအားဖြင့် ကောင်းချီးခံစားရမည်ဖြစ်ကြောင်း မည်သည့်ကျမ်းစာဥပမာများရှိသနည်း။

၂၀ နှစ်ခြင်းခံပြီးယေဟောဝါသက်သေတစ်ဦးဖြစ်လာခြင်းဖြင့် ဘုရားပေးလွတ်လပ်မှုတွင်ခိုင်မြဲစွာရပ်တည်လျှင် ကိုယ်တော်သည် ရှေးခေတ်ကကျေးကျွန်များကဲ့သို့ သင့်အားကောင်းချီးပေးမည်။ ဥပမာအားဖြင့် သက်ကြီးရွယ်အိုအာဗြဟံနှင့်စာရာတို့အား ဘုရားကိုကြောက်ရွံ့သောသားဣဇာက်ဖြင့် ဘုရားသခင်ကောင်းချီးပေးခဲ့သည်။ ပရောဖက်မောရှေသည် “အပြစ်ရှိသောခဏတာပျော်ပါးမှုကိုခံစားရန်ထက် ဘုရားသခင့်လူတို့နှင့်အတူညှဉ်းဆဲခြင်းကို ရွေးချယ်ခဲ့သည်။ အကြောင်းမှာ အီဂျစ်စည်းစိမ်များထက် [ရှေးခေတ်ပုံစံဖြစ်သော] ခရစ်တော် [သို့မဟုတ် ဘိသိက်ပေးခြင်းခံရသူ] အဖြစ်ကဲ့ရဲ့ခြင်းကိုသာ၍ခံလိုသည်ဖြစ်သောကြောင့်တည်း။” (ဟေဗြဲ ၁၁:၂၄-၂၆၊ကဘ ) မောရှေသည် အီဂျစ်တို့၏ချုပ်နှောင်မှုအောက်မှ ဣသရေလူမျိုးကိုကယ်နှုတ်ရန် ဘုရားသခင်အသုံးပြုသည့်အခွင့်ထူးကို ရရှိခဲ့သည်။ ထို့အပြင် ဘုရားသခင်ကိုသစ္စာရှိစွာအမှုထမ်းခဲ့သဖြင့် သူသည် ရှင်ပြန်ထမြောက်ခြင်းကိုခံရပြီး သာ၍ကြီးမြတ်သောမောရှေဖြစ်သည့်ယေရှုခရစ်၏လက်အောက်တွင် “မြေကြီးတစ်ပြင်လုံးရှိမင်းသားများ” ထဲမှ တစ်ယောက်အပါအဝင်ဖြစ်ခွင့်ရမည်။—ဆာလံ ၄၅:၁၆။ တရားဟောရာ ၁၈:၁၇-၁၉။

၂၁။ ရှေးခေတ်က ဘုရားရေးရာဆန်သောအမျိုးသမီးများနှင့်ပတ်သက်၍ မည်သည့်အားရှိဖွယ်ပုံသက်သေများရှိသနည်း။

၂၁ ယနေ့ ဆက်ကပ်အပ်နှံထားသည့်ခရစ်ယာန်များလည်း စစ်မှန်သောလွတ်လပ်မှုနှင့်ရွှင်လန်းမှုကိုရလာသော အမျိုးသမီးများအကြောင်းကို ဆင်ခြင်သုံးသပ်ကြည့်ခြင်းအားဖြင့် အားယူနိုင်သည်။ သူတို့အထဲမှတစ်ယောက်မှာ မောဘအမျိုးသမီးရုသဖြစ်သည်။ သူမသည် မုဆိုးမအဖြစ်ကြောင့် စိတ်ဝေဒနာခံစားရသကဲ့သို့ ဘုရားသခင်ပေးသော မဟာဗာဗုလုန်မှလွတ်လပ်မှုကိုရခြင်းအားဖြင့် ပျော်ရွှင်မှုကိုလည်းခံစားခဲ့ရသည်။ သူမ၏လူမျိုးနှင့်ဘုရားကိုစွန့်ပြီး ယောက္ခမဖြစ်သူမုဆိုးမနောမိကို တွယ်ကပ်နေခဲ့သည်။ “ကိုယ်တော်သွားလေရာရာသို့ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ကျွန်မအိပ်ပါမည်။ ကိုယ်တော်၏အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်၏ဘုရားသည် ကျွန်မဘုရားဖြစ်ပါစေ” ဟုရုသပြောခဲ့သည်။ (ရုသ ၁:၁၆) ဗောဇ၏မယားအဖြစ်နှင့် ရုသသည် ဒါဝိဒ်၏အဖိုးဖြစ်သူသြဗက်၏မိခင်ဖြစ်လာခဲ့သည်။ (ရုသ ၄:၁၃-၁၇) ယေဟောဝါသည် နှိမ့်ချသောဤတစ်ပါးအမျိုးသမီးကို မေရှိယယေရှု၏ဘိုးဘေးဘီဘင်ဖြစ်ခွင့်ပြုခြင်းအားဖြင့် “စုံလင်သောအဖိုးအခ” ကိုပေးတော်မူ၏။ (ရုသ ၂:၁၂၊ ကဘ ) ရုသရှင်ပြန်ထမြောက်လာသောအခါ ဤအခွင့်ထူးကိုရခဲ့ကြောင်းသူမ,သိရှိလျှင် မည်မျှဝမ်းသာလိုက်မည်ဖြစ်ခြင်း။ အကျင့်ပျက်မှုနှင့်မှားယွင်းသောဝတ်ပြုမှုမှလွတ်မြောက်လာသော ပြည့်တန်ဆာဖြစ်ခဲ့ဖူးသူရာခပ်နှင့်၊ မှားယွင်းသော်လည်းနောင်တယူခဲ့သောဗာသရှေဘတို့လည်း ရှင်ပြန်ထမြောက်လာကြသောအခါ သူတို့အား ခရစ်တော်ယေရှု၏ဘိုးဘေးဘီဘင်ဖြစ်ခွင့်ကို ယေဟောဝါပေးတော်မူကြောင်းသိရသောအခါ အလားတူရွှင်လန်းမှုမျိုးကိုခံစားကြရမည်မလွဲပေ။—မဿဲ ၁:၁-၆၊ ၁၆။

၂၂။ နောက်ဆောင်းပါးတွင် မည်သည့်အကြောင်းများကို ဆင်ခြင်သုံးသပ်မည်နည်း။

၂၂ ဘုရားပေးလွတ်လပ်မှုကိုလက်ခံရရှိသူမြောက်မြားစွာတို့ ဆက်၍ဆက်၍ရှိသွားမည်သာဖြစ်သည်။ ဥပမာအားဖြင့် ဟေဗြဲအခန်းကြီး ၁၁ တွင် ဖော်ပြထားသော ယုံကြည်သူယောက်ျားမိန်းမများပါဝင်သည်။ သူတို့သည် ဘေးဒုက္ခနှင့်ညှဉ်းဆဲခြင်းများကိုခံစားကြရပြီး “ဤလောကသည် ထိုသူတို့နှင့်မထိုက်မတန်” ပါ။ ပထမရာစုတွင် ခရစ်တော်၏သစ္စာရှိနောက်တော်လိုက်များနှင့် အခြားသစ္စာစောင့်သူများ၊ ယခုခေတ်ယေဟောဝါ၏သက်သေများအဖြစ် ကိုယ်တော်ကိုဝတ်ပြုနေသူသန်းပေါင်းများစွာတို့ ပေါင်းစည်းပါဝင်လာသည်။ သင်လည်းသူတို့နှင့်အတူ ဘုရားပေးလွတ်လပ်မှုတွင်ခိုင်မြဲစွာရပ်တည်ပါက လာမည့်အခန်းတွင်တွေ့ရမည့်အတိုင်း ရွှင်လန်းစရာအကြောင်းများစွာရှိပေမည်။

သင်မည်သို့ဖြေဆိုမည်နည်း

▫ ဘုရားပေးလွတ်လပ်မှုပျောက်ဆုံးသွားသောအခါ မည်သည့်မျှော်လင့်ချက်ကို ဘုရားသခင်ကတိပြုခဲ့သနည်း။

▫ ယေရှုသည် မိမိ၏နောက်တော်လိုက်များအား မည်သည့် “ကျွန်ခံရာထမ်းပိုး” အောက်မှ လွတ်မြောက်စေခဲ့သနည်း။

▫ ယေဟောဝါသက်သေတစ်ဦးအဖြစ်နှစ်ခြင်းမခံမီ အဘယ်ခြေလှမ်းများလှမ်းရမည်နည်း။

▫ ကျွန်ုပ်တို့သည် ဘုရားပေးလွတ်လပ်မှုတွင်ခိုင်မြဲစွာရပ်တည်ခြင်းအတွက် ကောင်းချီးခံစားရမည်ဖြစ်ကြောင်း၊ မည်သည့်ကျမ်းစာဥပမာရှိသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ