ယေဟောဝါ၏သိုးတော်စုကို စောင့်ရှောက်ရန် “လူတို့တွင်ဆုလာဘ်များ”
“မြင့်သောအရပ်သို့တက်ကြွတော်မူသဖြင့် များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍ လူတို့တွင်ဆုလာဘ်များကိုပေးတော်မူပြီ။”—ဧဖက် ၄:၈၊ ကဘ။
၁။ ခရစ်ယာန်ညီအစ်မတစ်ဦးသည် သူ၏အသင်းတော်ရှိအကြီးအကဲများအကြောင်း မည်သို့ထုတ်ဖော်ပြောဆိုခဲ့သနည်း။
“ကျွန်မတို့ကို ဒီလောက်ဂရုစိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှင်တို့ရဲ့အပြုံးတွေ၊ လှိုက်လှဲပျူငှာမှုနဲ့ ပူပန်မှုတွေဟာ ဟန်ဆောင်မှုမရှိဘူး၊ ကျွန်မတို့ရဲ့စကားကိုနားထောင်ဖို့ အမြဲအသင့်ရှိပြီး ကျမ်းစာနဲ့အားပေးကြတယ်။ ရှင်တို့ကို အရေးမစိုက်တဲ့သဘော ဘယ်တော့မှမရှိဖို့ ဆုတောင်းပါတယ်။” ခရစ်ယာန်ညီအစ်မတစ်ဦးက သူ၏အသင်းတော်ရှိအကြီးအကဲများထံ ထိုသို့ရေးသားခဲ့သည်။ ခရစ်ယာန်သိုးထိန်းများပြသခဲ့သည့်မေတ္တာသည် သူ၏နှလုံးကိုထိမိခဲ့သည်မှာ ရှင်းပါသည်။—၁ ပေတရု ၅:၂၊ ၃။
၂၊ ၃။ (က) ဟေရှာယ ၃၂:၁၊ ၂ အရ စာနာထောက်ထားသောအကြီးအကဲများသည် ယေဟောဝါ၏သိုးများကို မည်သို့ကြည့်ရှုစောင့်ရှောက်ကြသနည်း။ (ခ) အကြီးအကဲတစ်ဦးကို အဘယ်အချိန်တွင် ဆုလာဘ်ဟုသဘောထားနိုင်သနည်း။
၂ အကြီးအကဲများသည် ယေဟောဝါ၏သိုးများကိုကြည့်ရှုစောင့်ရှောက်ရန် ကိုယ်တော့်ပြင်ဆင်ပေးချက်တစ်ရပ်ဖြစ်သည်။ (လုကာ ၁၂:၃၂; ယောဟန် ၁၀:၁၆) ယေဟောဝါ၏သိုးများကို ကိုယ်တော်အလွန်ချစ်မြတ်နိုးသည်။ ယေရှု၏အသွေးတော်မြတ်ဖြင့် သူတို့ကိုဝယ်ယူထားသည့်အထိ သူတို့ကိုကိုယ်တော်ချစ်မြတ်နိုး၏။ ထို့ကြောင့် ယေဟောဝါ၏သိုးတော်စုကို အကြီးအကဲများက နူးညံ့စွာဆက်ဆံကြခြင်းကို ကိုယ်တော်ကျေနပ်ခြင်းမှာ အံ့ဩစရာမဟုတ်ပါ။ (တမန်တော် ၂၀:၂၈၊ ၂၉) ဤအကြီးအကဲများ သို့မဟုတ် “မင်းသားမှူးမတ်တို့” နှင့်ပတ်သက်သည့် ပရောဖက်ပြုဖော်ပြချက်ကိုသတိပြုပါ– “ထိုမင်းတို့သည် လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။” (ဟေရှာယ ၃၂:၁၊ ၂) မှန်ပါသည်၊ သူတို့သည် ကိုယ်တော့်သိုးတော်စုကို ကာကွယ်ပေး၍ လန်းဆန်းစေပြီး နှစ်သိမ့်ပေးသူတို့ဖြစ်ကြသည်။ ထို့ကြောင့် သိုးတော်စုကို စာနာထောက်ထားစွာ ထိန်းကျောင်းပေးသည့် အကြီးအကဲများသည် သူတို့ကိုဘုရားသခင်တောင်းဆိုသည့်အတိုင်း အသက်ရှင်နေထိုင်ရန်ကြိုးပမ်းခဲ့ကြသည်။
၃ ထိုသို့သောအကြီးအကဲများကို “လူတို့တွင်ဆုလာဘ်များ” အဖြစ် သမ္မာကျမ်းစာ၌ဖော်ပြထား၏။ (ဧဖက် ၄:၈၊ ကဘ) ဆုဟုဆိုသည်နှင့် လိုအပ်ရာကိုဖြည့်ဆည်းပေးရန် သို့မဟုတ် လက်ခံရရှိသူကိုပျော်ရွှင်စေရန် ပေးသည့်ပစ္စည်းတစ်ခုခုဟု သင်စဉ်းစားမိပေမည်။ အကြီးအကဲတစ်ဦးသည် လိုအပ်သည့်အကူအညီပေးဖို့ သို့မဟုတ် သိုးတော်စုကိုပျော်ရွှင်စေဖို့ သူ၏စွမ်းရည်များကိုအသုံးပြုသောအခါ ဆုအဖြစ်ယူဆနိုင်သည်။ ယင်းကို သူမည်သို့ပြုနိုင်သနည်း။ ဧဖက် ၄:၇-၁၆ ပါပေါလု၏စကားများတွင် တွေ့ရသည့်အဖြေက ယေဟောဝါ၏သိုးတော်စုအပေါ် ကိုယ်တော်၏မေတ္တာပါသောစိုးရိမ်မှုကို အကျယ်တဝင့်ဖော်ပြထားသည်။
“လူတို့တွင်ဆုလာဘ်များ”—အဘယ်နေရာမှနည်း
၄။ ဆာလံ ၆၈:၁၈ ပြည့်စုံမှုတွင် ယေဟောဝါသည် မည်သည့်နည်းဖြင့် ‘မြင့်သောအရပ်သို့တက်ကြွ’ ခဲ့သနည်း၊ မည်သူများသည် “လူ့အသွင်ဆုလာဘ်များ” ဖြစ်ကြသနည်း။
၄ “လူတို့တွင်ဆုလာဘ်များ” ဟူသည့်စကားကို ပေါလုအသုံးပြုသောအခါ ယေဟောဝါနှင့်ပတ်သက်၍ ဤသို့ဆိုခဲ့သော ဘုရင်ဒါဝိဒ်၏စကားကို ကိုးကားနေခြင်းဖြစ်သည်– “ကိုယ်တော်သည် မြင့်သောအရပ်သို့တက်ကြွတော်မူသဖြင့် များစွာသောသူတို့ကိုဖမ်းသွားတော်မူ၍ . . . လူတို့အဖို့ [“လူ့အသွင်၊” ကဘ] ဆုလာဘ်များကိုခံရတော်မူပြီ။” (ဆာလံ ၆၈:၁၈) ကတိထားရာပြည်တော်တွင် ဣသရေလလူတို့ရောက်ပြီး နှစ်အနည်းငယ်ကြာသော် ယေဟောဝါသည် ပုံဆောင်သဘောဖြင့် ဇိအုန်တောင်ပေါ်သို့ “တက်ကြွတော်မူ” ခဲ့ပြီး ယေရုရှလင်မြို့ကို ဣသရေလနိုင်ငံ၏မြို့တော်အဖြစ်တည်ထောင်ကာ ယင်း၏ဘုရင်အဖြစ်ဒါဝိဒ်ကို ခန့်အပ်ခဲ့သည်။ သို့သော် မည်သူများသည် “လူ့အသွင်ဆုလာဘ်များ” ဖြစ်ခဲ့ကြသနည်း။ ပြည်တော်ကိုသိမ်းပိုက်ချိန်က သုံ့ပန်းများအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံရသူများဖြစ်ကြ၏။ ဤသုံ့ပန်းအချို့သည် နောက်ပိုင်း၌ တဲတော်လုပ်ငန်းတွင် လေဝိအမျိုးသားများကို ကူညီပေးခဲ့ကြရသည်။—ဧဇရ ၈:၂၀။
၅။ (က) ဆာလံ ၆၈:၁၈ သည်ခရစ်ယာန်အသင်းတော်တွင် ပြည့်စုံကြောင်း ပေါလုမည်သို့ဖော်ပြသနည်း။ (ခ) ယေရှုသည် မည်သည့်နည်းဖြင့် ‘မြင့်သောအရပ်သို့’ တက်ကြွခဲ့သနည်း။
၅ ဧဖက်မြို့သားများထံရေးသည့် ပေါလု၏စာတွင် ဆာလံဆရာ၏စကားများသည် ခရစ်ယာန်အသင်းတော်တွင် သာ၍ကြီးမားစွာပြည့်စုံကြောင်းဖော်ပြသည်။ ဆာလံ ၆၈:၁၈ ကိုစကားပြေပြန်ဆိုကာ ပေါလုက ဤသို့ရေးခဲ့သည်– “ခရစ်တော်သည်အခမဲ့ဆုပေးတော်မူသည်အတိုင်း ငါတို့သည်ကျေးဇူးတော်ကိုအသီးအသီး ကိုယ်စီခံရကြပြီ။ ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား ‘မြင့်သောအရပ်သို့တက်ကြွတော်မူသဖြင့် များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍ လူတို့တွင်ဆုလာဘ်များကိုပေးတော်မူပြီ။” (ဧဖက် ၄:၇၊ ၈၊ ကဘ) ဤဆာလံကျမ်းသည် ယေရှုအား ဘုရားသခင်၏ကိုယ်စားလှယ်အဖြစ်ဖော်ညွှန်းသည်ဟု ပေါလုကဆိုသည်။ ယေရှုသည် သစ္စာရှိသောလမ်းစဉ်အားဖြင့် “လောကကိုအောင်” ခဲ့၏။ (ယောဟန် ၁၆:၃၃) ယေရှုကိုသေခြင်းမှ ဘုရားသခင်ထမြောက်စေခဲ့ခြင်းကြောင့် သေခြင်းနှင့် စာတန်ကိုလည်း သူအောင်နိုင်ခဲ့သည်။ (တမန်တော် ၂:၂၄; ဟေဗြဲ ၂:၁၄၊ ၁၅) စီ.အီး. ၃၃ တွင်ရှင်ပြန်ထမြောက်သောယေရှုသည် အခြားကောင်းကင်သတ္တဝါအားလုံးထက်ပိုမြင့်မားသည့် “ခပ်သိမ်းသောကောင်းကင်တို့၏အထွတ်ကိုလွန်၍” တက်ကြွခဲ့သည်။ (ဧဖက် ၄:၉၊ ၁၀; ဖိလိပ္ပိ ၂:၉-၁၁) အောင်ပွဲခံသူတစ်ဦးအနေနှင့် ယေရှုသည် ရန်သူများထံမှ “သုံ့ပန်းများ” ကိုရလာခဲ့သည်။ မည်သို့နည်း။
၆။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲတွင်အစပြု၍ အထက်သို့တက်ကြွသွားသောယေရှုသည် စာတန်၏အိမ်တော်ကို မည်သို့စတင်တိုက်ယူခဲ့သနည်း၊ ‘သုံ့ပန်းများ’ ကိုကိုယ်တော် မည်သို့ပြုခဲ့သနည်း။
၆ မြေကြီးပေါ်ရှိချိန်က နတ်ဆိုးစွဲသူများကို ကယ်လွှတ်ပေးခြင်းဖြင့် ယေရှုသည် စာတန်ထက်တန်ခိုးကြီးကြောင်း ဖော်ပြခဲ့သည်။ ယင်းက စာတန်၏အိမ်ကိုဝင်ရောက်တိုက်ခိုက်ကာ သူ၏ဥစ္စာများကို သိမ်းသွားသည့်နှယ်ဖြစ်ခဲ့သည်။ (မဿဲ ၁၂:၂၂-၂၉) စဉ်းစားကြည့်ပါ၊ ရှင်ပြန်ထမြောက်ပြီး ‘ကောင်းကင်နှင့် မြေကြီးပေါ်ရှိအခွင့်အာဏာရှိသမျှ’ အပ်နှင်းခံရပြီးသည်နှင့် ယေရှုသည် ကြီးမားလှစွာတိုက်ယူနိုင်ပါမည်တကား! (မဿဲ ၂၈:၁၈) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲမှစတင်ပြီး ဘုရားသခင့်ကိုယ်စားလှယ်အဖြစ် တက်ကြွခဲ့သောယေရှုသည် ကြာမြင့်စွာကတည်းက အပြစ်နှင့်သေခြင်း၏ကျွန်ဖြစ်နေပြီး စာတန်၏ထိန်းချုပ်မှုအောက်ရှိသူများကို ‘သုံ့ပန်းများအဖြစ်ဖမ်းဆီးသွားခြင်း’ ဖြင့် စာတန်၏အိမ်ကိုစတင်လုယူဖျက်ဆီးခဲ့သည်။ ဤ ‘သုံ့ပန်းများ’ သည် စိတ်လိုကိုယ်လျောက် ‘စိုးလ်အကြွင်းမဲ့ ဘုရားသခင်၏အလိုတော်ဆောင်သည့် ခရစ်တော်၏ကျွန်များ’ ဖြစ်လာခဲ့ကြသည်။ (ဧဖက် ၆:၆၊ ကဘ) ဤသို့ဖြင့် ယေရှုသည် စာတန်၏ထိန်းချုပ်မှုအောက်မှ သူတို့ကိုဆွဲထုတ်ခဲ့ပြီး ယေဟောဝါ၏အကျိုးအတွက် “လူတို့တွင်ဆုလာဘ်များ” အဖြစ် အသင်းတော်ထံပေးအပ်ခဲ့သည်။ စာတန်၏မျက်စိအောက် သူတို့ဆွဲနုတ်ယူဆောင်ခံခဲ့ရစဉ် စာတန်မည်မျှဒေါသထွက်လိုက်မည်ဖြစ်ခြင်း!
၇။ (က) “လူတို့တွင်ဆုလာဘ်များ” သည် အဘယ်အနေအထားများ၌ အသင်းတော်များတွင် အမှုထမ်းဆောင်ကြသနည်း။ (ခ) ယေဟောဝါသည် အကြီးအကဲတစ်ဦးအဖြစ် အမှုထမ်းသူတစ်ဦးချင်းစီကို အဘယ်အခွင့်အရေးပေးအပ်ခဲ့သနည်း။
၇ ယနေ့ အသင်းတော်များတွင် ထိုသို့သော “လူတို့တွင်ဆုလာဘ်များ” ကိုကျွန်ုပ်တို့တွေ့ရပါသလော။ တွေ့ရသည်မှာ အမှန်! ကမ္ဘာချီ ဘုရားသခင့်လူများ၏ အသင်းတော် ၈၇,၀၀၀ ကျော်တွင် အကြီးအကဲများအဖြစ်အမှုထမ်းနေကြကာ ‘ဧဝံဂေလိသတင်းဟောသူများ၊ သိုးထိန်းများနှင့် ဆရာများ’ အဖြစ်ကြိုးစားလုပ်ဆောင်နေကြသည်ကို တွေ့ရ၏။ (ဧဖက် ၄:၁၂) သိုးတော်စုကို သူတို့မတရားပြုမူဆက်ဆံစေရန် စာတန်အလွန်လိုလား၏။ သို့သော် ထိုသို့ပြုမူရန် အသင်းတော်ထံ၌ ခရစ်တော်မှတစ်ဆင့် သူတို့ကိုဘုရားသခင်ပေးအပ်ခဲ့ခြင်းမဟုတ်ချေ။ ယင်းအစား ယေဟောဝါသည် အသင်းတော်၏ကောင်းကျိုးအတွက် ဤသူများကိုခန့်အပ်ထားရာ သူတို့အားအပ်နှင်းထားသည့် သိုးများအတွက် ကိုယ်တော်ထံ သူတို့စာရင်းရှင်းကြရမည်။ (ဟေဗြဲ ၁၃:၁၇) သင်သည် အကြီးအကဲတစ်ဦးအဖြစ် အမှုထမ်းဆောင်နေလျှင် သင့်ညီအစ်ကိုများအတွက် သင်သည် ဆုလာဘ် သို့မဟုတ် ကောင်းချီးဖြစ်ကြောင်း မိမိကိုယ်ကိုဖော်ပြရန် အခွင့်ထူးကို ယေဟောဝါပေးထား၏။ အရေးကြီးသောတာဝန်လေးရပ်ကို ကျေပြွန်စေခြင်းဖြင့် ထိုသို့သင်ပြုနိုင်သည်။
“တည့်မတ်ပေး” ရန်လိုသည့်အခါဝယ်
၈။ ရံဖန်ရံခါ ကျွန်ုပ်တို့အားလုံးသည် အဘယ်နည်းများဖြင့် တည့်မတ်ပေးခြင်းခံရရန်လိုသနည်း။
၈ ပထမအနေနှင့် “လူတို့တွင်ဆုလာဘ်များ” ကို “သန့်ရှင်းသူများကိုတည့်မတ်ပေးရန်” ပေးသနားခဲ့သည်ဟု ပေါလုကဆိုသည်။ (ဧဖက် ၄:၁၂၊ ကဘ) “တည့်မတ်ပေး” ဟုပြန်ဆိုထားသည့်ဂရိနာမ်သည် တစ်စုံတစ်ခုကို “ပြန်ချိန်ညှိပေးခြင်း” ကိုဆိုလို၏။ မစုံလင်သောလူသားများအနေနှင့် ကျွန်ုပ်တို့အားလုံးသည် အတွေးအခေါ်၊ သဘောထားများ သို့မဟုတ် အကျင့်အကြံတို့ကို ဘုရားသခင့်အတွေးအခေါ်၊ ဘုရားသခင့်အလိုတော်နှင့် ကိုက်ညီစေရန် အခါအားလျော်စွာ “ပြန်ချိန်ညှိပေး” ဖို့လိုသည်။ ယေဟောဝါသည် လိုအပ်သောတည့်မတ်မှုများကိုပြုပေးရန် အကူအညီရဖို့အတွက် “လူတို့တွင်ဆုလာဘ်များ” ကိုမေတ္တာပါစွာပေးသနားခဲ့သည်။ ယင်းကို သူတို့ မည်သို့လုပ်ဆောင်ကြသနည်း။
၉။ အကြီးအကဲတစ်ဦးသည် အမှားပြုမိသောသိုးကိုတည့်မတ်ပေးရန် မည်သို့ကူညီနိုင်သနည်း။
၉ ရံဖန်ရံခါ အကြီးအကဲတစ်ဦးသည် အမှားပြုသည့်၊ ‘သတိလစ်၍ ခြေလှမ်းမှားမိသည့်’ သိုးကိုကူညီပေးရန် တောင်းဆိုခံရပေမည်။ အကြီးအကဲတစ်ဦးသည် မည်သို့ကူညီပေးနိုင်သနည်း။ “သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍ သူ၏နေရာ၌တည်မြဲတည်စေပြန်ကြလော့” ဟုဂလာတိ ၆:၁ ကဆို၏။ ထို့ကြောင့် ဆုံးမသောအခါ အကြီးအကဲတစ်ဦးသည် အမှားပြုသူကိုကြိမ်းမောင်းမည်မဟုတ်၊ ကြမ်းတမ်းသောစကားများကိုသုံးမည်မဟုတ်ချေ။ ဆုံးမမှုသည် ဆုံးမခံရသူအတွက် “ကြောက်လန့်” မှုမဖြစ်သင့်ဘဲ အားပေးမှုဖြစ်သင့်သည်။ (၂ ကောရိန္သု ၁၀:၉၊ ကဘ; ယောဘ ၃၃:၇ နှိုင်းယှဉ်။) အမှားပြုသူသည် ရှက်နေမည်ဖြစ်ရာ မေတ္တာပြည့်ဝသောသိုးထိန်းသည် ထိုသူ၏စိတ်ကို ကြေမွစေမည်မဟုတ်ချေ။ ဆုံးမစကားအပြင် ခိုင်မာစွာပဲ့ပြင်မှုကို မေတ္တာ၏လှုံ့ဆော်မှုဖြင့်ပေးကြောင်းရှင်းနေလျှင် အမှားပြုသူ၏အတွေးအခေါ် သို့မဟုတ် အပြုအမူကိုချိန်ညှိပေးဖို့အလားအလာရှိရာ ထိုသူကိုနာလန်ပြန်ထစေသည်။—၂ တိမောသေ ၄:၂။
၁၀။ အခြားသူများကိုတည့်မတ်ပေးခြင်း၌ အဘယ်အရာပါဝင်သနည်း။
၁၀ ကျွန်ုပ်တို့ကိုတည့်မတ်ပေးရန် “လူတို့တွင်ဆုလာဘ်များ” ကိုပြင်ဆင်ပေးရာ၌ အကြီးအကဲများသည် ဝိညာဉ်ရေးဘက်လန်းဆန်းစေပြီး ယေဟောဝါ၏လူများ တုပထိုက်သူတို့ဖြစ်စေရန် ကိုယ်တော်ရည်ရွယ်ခဲ့သည်။ (၁ ကောရိန္သု ၁၆:၁၇၊ ၁၈; ဖိလိပ္ပိ ၃:၁၇) အခြားသူများကို တည့်မတ်ပေးခြင်းတွင် မှားယွင်းသည့်လမ်းစဉ် လျှောက်လှမ်းနေသူတို့ကို တည့်မတ်ပေးခြင်းမျှသာမဟုတ်ဘဲ ဖြောင့်မှန်သည့်လမ်းစဉ်ကိုစွဲကပ်နေစေရန် သစ္စာရှိသူများကို ကူညီပေးခြင်းလည်းပါဝင်သည်။a ယနေ့ စိတ်ဓာတ်ကျစေသည့်ပြဿနာမြားမြောင်လှရာ လူအများသည် အားပေးမှုလိုကြသည်။ လူတချို့သည် ဘုရားသခင့်အတွေးအခေါ်နှင့် သူတို့၏အတွေးအခေါ်ကိုချိန်ညှိပေးရန် နူးညံ့သည့်အကူအညီလိုကြပေမည်။ ဥပမာ၊ သစ္စာရှိခရစ်ယာန်တချို့သည် မပြည့်မစုံ၊ မထိုက်မတန်ဟူသော ခံစားချက်များကိုတွန်းလှန်နေကြရ၏။ ထိုသို့ ‘စိတ်အားငယ်သူတို့’ ကမိမိတို့ကို ယေဟောဝါဘယ်တော့မျှမချစ်နိုင်၊ ဘုရားသခင်အားဝတ်ပြုရန် မိမိတို့၏အကောင်းဆုံးကြိုးစားမှုများကိုပင် ကိုယ်တော်ဘယ်တော့မျှလက်မခံနိုင်ဟု ယူဆကြပေမည်။ (၁ သက်သာလောနိတ် ၅:၁၄) သို့သော် ယင်းသို့တွေးတောခြင်းသည် ဘုရားသခင်အားဝတ်ပြုသူများကို ကိုယ်တော်တကယ်ယူမှတ်ပုံနှင့် မကိုက်ညီပါ။
၁၁။ မထိုက်တန်ဟုခံစားနေရသူများကို အကြီးအကဲများမည်သို့ကူညီပေးနိုင်သနည်း။
၁၁ အကြီးအကဲတို့၊ ထိုသို့သောသူများကို သင်တို့မည်သို့ကူညီပေးနိုင်သနည်း။ ယေဟောဝါသည် မိမိကျေးကျွန်တစ်ဦးချင်းကိုဂရုစိုက်ကြောင်း ကျမ်းစာအထောက်အထားများဖြင့် ကြင်နာစွာဖော်ပြပြီး ယင်းကျမ်းချက်များသည် တစ်ဦးချင်းစီနှင့်သက်ဆိုင်ကြောင်းစိတ်ချစေပါ။ (လုကာ ၁၂:၆၊ ၇၊ ၂၄) ယေဟောဝါအားဝတ်ပြုရန် သူတို့ကို ကိုယ်တော် “သွေးဆောင်” တော်မူခဲ့ရာ သူတို့ကို ကိုယ်တော်တန်ဖိုးထားမည်မှာ အမှန်။ (ယောဟန် ၆:၄၄) သူတို့သည် အထီးကျန်မဟုတ်ကြောင်း—ယေဟောဝါ၏ကျေးကျွန်များစွာသည် အလားတူခံစားကြကြောင်း—ကိုစိတ်ချစေပါ။ တစ်ချိန်က ပရောဖက်ဧလိယသည် သေချင်လောက်အောင် စိတ်ဓာတ်အလွန်ကျဆင်းခဲ့၏။ (၃ ဓမ္မရာဇဝင် ၁၉:၁-၄) ပထမရာစုရှိဘိသိက်ခံခရစ်ယာန်တချို့သည် သူတို့နှလုံး၏ ‘အပြစ်တင်ခြင်း’ ကိုခံခဲ့ကြသည်။ (၁ ယောဟန် ၃:၂၀) ကျမ်းစာခေတ်မှသစ္စာရှိသူများသည် ‘ငါတို့ကဲ့သို့ခံစား’ ခဲ့ကြကြောင်းသိခြင်းက နှစ်သိမ့်မှုပေးသည်။ (ယာကုပ် ၅:၁၇) စိတ်ဓာတ်ကျသူများနှင့်အတူ ကင်းမျှော်စင်၊ နိုးလော့!တို့ပါအားရှိစေသည့် ဆောင်းပါးများကိုလည်း သင်ပြန်လည်သုံးသပ်နိုင်သည်။ ထိုသို့သောသူများ မိမိတို့ကိုယ်ကိုယုံကြည်စိတ်ချမှု ပြန်ရှိလာရန် သင့်မေတ္တာပါသောလုပ်ရပ်များကို “လူတို့တွင်ဆုလာဘ်များ” အဖြစ်သင့်ကိုခန့်ထားသည့် ဘုရားသခင် သတိမပြုဘဲနေလိမ့်မည်မဟုတ်ချေ။—ဟေဗြဲ ၆:၁၀။
သိုးတော်စုကို ‘တည်ဆောက်ပေးခြင်း’
၁၂။ “ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်ခြင်း” ဟူသောစကားသည် အဘယ်အရာကိုဖော်ပြပြီး သိုးတော်စုကိုတည်ဆောက်ပေးရန် သော့ချက်ကားအဘယ်နည်း။
၁၂ ဒုတိယအနေနှင့် “လူတို့တွင်ဆုလာဘ်များ” သည် “ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်” ရန် ပေးအပ်ခံခဲ့ကြသည်။ (ဧဖက် ၄:၁၁၊ ၁၂) ဤတွင် ပေါလုသည် ဥပစာသဘောကို အသုံးပြုသည်။ ‘တည်ဆောက်ခြင်း’ ကဆောက်လုပ်ခြင်းကိုသတိရစေပြီး “ခရစ်တော်၏ကိုယ်တော်” သည် လူတို့—ဘိသိက်ခံခရစ်ယာန်အသင်းတော်သားများ—ကိုဆိုလို၏။ (၁ ကောရိန္သု ၁၂:၂၇; ဧဖက် ၅:၂၃၊ ၂၉၊ ၃၀) အကြီးအကဲများသည် မိမိတို့ညီအစ်ကိုများကို ဝိညာဉ်ရေးဘက် သန်မာစေရန် ကူညီပေးဖို့လိုသည်။ သူတို့၏ရည်ရွယ်ချက်မှာ သိုးတော်စုကို “ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှာမဟုတ်။ တည်ဆောက်ခြင်းအလိုငှာ” ဖြစ်၏။ (၂ ကောရိန္သု ၁၀:၈) သိုးတော်စုကိုတည်ဆောက်ရန်သော့ချက်မှာ မေတ္တာဖြစ်၏၊ အကြောင်းမှာ “မေတ္တာသည်တည်ဆောက်တတ်” သောကြောင့်ဖြစ်သည်။—၁ ကောရိန္သု ၈:၁။
၁၃။ စာနာမှုဟူသည် အဘယ်အရာကိုဆိုလိုသနည်း၊ အကြီးအကဲများသည် စာနာမှုပြရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၃ သိုးတော်စုကိုတည်ဆောက်ပေးရန် အကြီးအကဲများအားအကူအညီဖြစ်စေသည့် မေတ္တာ၏လက္ခဏာတစ်ရပ်မှာ စာနာမှုဖြစ်သည်။ စာနာမှုဟူသည် အခြားသူများအတွက်ခံစားပေးခြင်း—သူတို့၏အတွေးအခေါ်နှင့် ခံစားချက်များကိုသိမြင်ကာ သူတို့၏ကန့်သတ်မှုများကိုထောက်ထားခြင်း—ဖြစ်သည်။ (၁ ပေတရု ၃:၈) အကြီးအကဲများသည် စာနာမှုရှိရန် အဘယ်ကြောင့်အရေးကြီးရသနည်း။ အကြောင်းမှာ “လူတို့တွင်ဆုလာဘ်များ” ကိုပေးသည့်ယေဟောဝါသည် စာနာတတ်သည့်ဘုရားသခင်ဖြစ်သောကြောင့်ပင်။ ကိုယ်တော့်ကျေးကျွန်များသည် ဆင်းရဲမှု သို့မဟုတ် နာကျင်မှုခံရသောအခါ ကိုယ်တော်တိုင်ခံစားရ၏။ (ထွက်မြောက်ရာ ၃:၇; ဟေရှာယ ၆၃:၉) သူတို့၏ကန့်သတ်မှုများကို ကိုယ်တော်ထောက်ထား၏။ (ဆာလံ ၁၀၃:၁၄) သို့ဆိုလျှင် အကြီးအကဲများသည် စာနာမှုကိုမည်သို့ပြနိုင်သနည်း။
၁၄။ အကြီးအကဲများသည် အခြားသူများကို အဘယ်နည်းများဖြင့် စာနာမှုပြနိုင်သနည်း။
၁၄ စိတ်ဓာတ်ကျနေသူသည် သူတို့ထံလာသောအခါ ထိုသူ၏ခံစားချက်များကို နားထောင်ပေးကာ နားလည်ပေးကြ၏။ သူတို့ညီအစ်ကိုများ၏နောက်ခံ၊ ဥပဓိရုပ်နှင့် အခြေအနေများကို နားလည်ပေးရန်ကြိုးစားကြသည်။ ထိုသို့ပြုသဖြင့် အကြီးအကဲများသည် ကျမ်းစာနှင့်အညီ တည်ဆောက်မှုဖြစ်စေသော အကူအညီကိုပေးသည့်အခါ သူတို့ကိုအမှန်တကယ်နားလည်ဂရုစိုက်သည့် သိုးထိန်းများထံမှဖြစ်သောကြောင့် သိုးများအလွယ်တကူလက်ခံကြပါလိမ့်မည်။ (သု. ၁၆:၂၃) စာနာမှုသည် အခြားသူများ၏ကန့်သတ်မှုများနှင့် ယင်းမှဖြစ်ပေါ်တတ်သည့်ခံစားချက်များကိုထောက်ထားဖို့ အကြီးအကဲများကိုလှုံ့ဆော်သည်။ ဥပမာ၊ အသိစိတ်ရှိသောခရစ်ယာန်တချို့သည် သူတို့၏အသက်အရွယ် သို့မဟုတ် ကျန်းမာရေးချူချာမှုကြောင့် ဘုရားသခင်အမှုဆောင်ရာ၌ ပို၍မလုပ်ဆောင်နိုင်သည့်အတွက် စိတ်မသိုးမသန့်ဖြစ်ပေမည်။ တစ်ဖက်တွင်မူ မိမိ၏ဓမ္မအမှုကိုတိုးတက်စေဖို့ အားပေးမှုလိုပေမည်။ (ဟေဗြဲ ၅:၁၂; ၆:၁၊ ၂) စာနာမှုသည် အခြားသူများကိုတည်ဆောက်ပေးသည့် ‘နှစ်သက်ဖွယ်သောစကားများ’ ကိုပြောဖို့ အကြီးအကဲများကိုလှုံ့ဆော်ပါလိမ့်မည်။ (ဒေ. ၁၂:၁၀) ယေဟောဝါ၏သိုးတော်စုသည် တည်ဆောက်လှုံ့ဆော်ပေးခံရသောအခါ ဘုရားသခင်အားချစ်သည့် သူတို့၏မေတ္တာက ကိုယ်တော့်အမှုဆောင်ရာ၌ သူတို့တတ်နိုင်သမျှကိုလုပ်ဆောင်ရန် လှုံ့ဆော်ပေးပါလိမ့်မည်!
စည်းလုံးမှုတိုးပွားစေသည့်အမျိုးသားများ
၁၅။ ‘ယုံကြည်ခြင်း၌တညီတညွတ်တည်း’ ဟူသောစကားသည် အဘယ်အရာကိုဖော်ပြသနည်း။
၁၅ တတိယအနေနှင့် “ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏သားတော်ကိုသိကျွမ်းခြင်းသို့လည်းကောင်း တညီတညွတ်တည်းရောက်” ကြရန် “လူတို့တွင်ဆုလာဘ်များ” ကိုပေးသနားခဲ့သည်။ (ဧဖက် ၄:၁၃) ‘ယုံကြည်ခြင်း၌ တညီတညွတ်တည်း’ ဟူသည့်စကားစုသည် ယုံကြည်ချက်များကိုသာမကဘဲ ယုံကြည်သူများ၏စည်းလုံးမှုကိုဆိုလို၏။ ထို့ကြောင့် “လူတို့တွင်ဆုလာဘ်များ” ကိုဘုရားသခင်ပေးရသည့် နောက်အကြောင်းတစ်ရပ်မှာ ကိုယ်တော့်လူမျိုးတွင် စည်းလုံးမှုတိုးပွားစေရန်ဖြစ်သည်။ ယင်းကို သူတို့မည်သို့ ပြုကြသနည်း။
၁၆။ အကြီးအကဲများသည် အချင်းချင်းစည်းလုံးမှုကိုထိန်းသိမ်းရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၆ ဦးဆုံးအနေနှင့် သူတို့အချင်းချင်းစည်းလုံးမှုရှိရန် ထိန်းသိမ်းရမည်။ သိုးထိန်းများ စိတ်ဝမ်းကွဲပြားမည်ဆိုလျှင် သိုးများသည် လျစ်လျူရှုခံရကြပေမည်။ သိုးတော်စုကိုထိန်းကျောင်းရာ၌ အသုံးပြုနိုင်သည့် တန်ဖိုးရှိသောအချိန်ကို အမှတ်မထင်ပေါ်လာသောကိစ္စများ ဆွေးနွေးတိုင်ပင်၊ အငြင်းပွားခြင်းဖြင့် မလိုအပ်ဘဲကုန်လွန်စေကြပေမည်။ (၁ တိမောသေ ၂:၈) အကြီးအကဲများသည် ဥပဓိရုပ်အမျိုးမျိုးရှိသူများဖြစ်ကြရာ သူတို့ဆွေးနွေးသည့်ကိစ္စရပ်တိုင်းကို သဘောတိုက်ဆိုင်ချင်မှတိုက်ဆိုင်မည်။ စည်းလုံးခြင်းတွင် အယူအဆကွဲပြားမှု သို့မဟုတ် ၎င်းတို့ကိုပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြမှု မရှိစေနိုင်ဟုမဆိုလိုပါ။ အကြီးအကဲများသည် ကြိုတင်မဆုံးဖြတ်ဘဲ အချင်းချင်းလေးစားစွာနားထောင်ခြင်းအားဖြင့် သူတို့၏စည်းလုံးမှုကိုထိန်းသိမ်းကြသည်။ ကျမ်းစာမူကိုချိုးဖောက်ခြင်းမရှိလျှင် အကြီးအကဲအဖွဲ့၏နောက်ဆုံးဆုံးဖြတ်ချက်ကို ယောက်စီယောက်တိုင်းက တလိုတလားလိုက်လျောထောက်ခံသင့်သည်။ ဤလိုက်လျောသည့်စိတ်သဘောက ‘အသင့်အတင့်ရှိသော၊ အကျိုးသင့်အကြောင်းသင့်ရှိသော အထက်အရပ်မှဉာဏ်ပညာ’ ၏လမ်းညွှန်မှုကိုခံယူကြောင်းထင်ရှားစေသည်။—ယာကုပ် ၃:၁၇၊ ၁၈၊ ကဘ။
၁၇။ အကြီးအကဲများသည် အသင်းတော်တွင်စည်းလုံးမှုထိန်းသိမ်းရန် မည်သို့ကူညီပေးနိုင်သနည်း။
၁၇ အကြီးအကဲများသည် အသင်းတော်၌ စည်းလုံးမှုတိုးပွားစေရန်လည်း နိုးကြားကြသည်။ ထိခိုက်စေသောအတင်းအဖျင်း၊ ရည်ရွယ်ချက်မှားသည်ဟုယိုးစွပ်တတ်ခြင်း သို့မဟုတ် ရန်လိုသည့်စိတ်သဘောထားစသော စိတ်ဝမ်းကွဲပြားစေသည့်သြဇာများသည် ငြိမ်သက်မှုကိုခြိမ်းခြောက်သောအခါ အကူအညီဖြစ်စေသည့် သွန်သင်ချက်ကိုပေးရန်အသင့်ရှိကြသည်။ (ဖိလိပ္ပိ ၂:၂၊ ၃) ဥပမာ၊ အကြီးအကဲများသည် အလွန်အပြစ်တင်ဝေဖန်တတ်သူ သို့မဟုတ် အခြားသူများ၏ကိစ္စများ၌ ဝင်ရောက်စွက်ဖက်လေ့ရှိသူတို့ကို သတိထားမိကြပေမည်။ (၁ တိမောသေ ၅:၁၃; ၁ ပေတရု ၄:၁၅) အကြီးအကဲများသည် ထိုသို့သောသူများကို သူတို့၏လမ်းစဉ်သည် ဘုရားသခင်၏သွန်သင်ချက်နှင့်ဆန့်ကျင်ကြောင်း၊ တစ်ဦးစီသည် “မိမိတို့ဝန်ကိုဆောင်ရွက်ရမည်” ဖြစ်ကြောင်းအသိအမှတ်ပြုစေဖို့ ကြိုးစားကူညီကြပေမည်။ (ဂလာတိ ၆:၅၊ ၇; ၁ သက်သာလောနိတ် ၄:၉-၁၂) ကျမ်းစာကိုအသုံးပြုကာ ယေဟောဝါသည် ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်ကို လွှတ်ပေးထားရာ ထိုသို့သောကိစ္စများနှင့်ပတ်သက်၍ အခြားသူများကို မည်သူမျှမစီရင်သင့်ကြောင်း သူတို့ရှင်းပြကြပါလိမ့်မည်။ (မဿဲ ၇:၁၊ ၂; ယာကုပ် ၄:၁၀-၁၂) စည်းစည်းလုံးလုံးဆောင်ရွက်ရန် အသင်းတော်တွင် ယုံကြည်လေးစားမှုရှိစေရမည်။ လိုအပ်သည့်အခါ ကျမ်းစာဆိုင်ရာသွန်သင်ချက်ပေးခြင်းဖြင့် “လူတို့တွင်ဆုလာဘ်များ” သည် ကျွန်ုပ်တို့၏ငြိမ်သက်မှုနှင့် စည်းလုံးမှုကိုထိန်းသိမ်းပေးရန်ကူညီကြသည်။—ရောမ ၁၄:၁၉။
သိုးတော်စုကိုကာကွယ်ခြင်း
၁၈၊ ၁၉။ (က) “လူတို့တွင်ဆုလာဘ်များ” သည်မည်သူများထံမှ ကျွန်ုပ်တို့ကိုကာကွယ်ပေးကြသနည်း။ (ခ) သိုးများသည် အခြားသောအဘယ်အန္တရာယ်များမှ ကာကွယ်ခံရရန်လိုသနည်း၊ အကြီးအကဲများသည် သိုးများကိုမည်သို့ကာကွယ်ကြသနည်း။
၁၈ စတုတ္ထအနေနှင့် ယေဟောဝါသည် “လူပရိယာယ်နှင့်အပြစ်သို့သွေးဆောင်ခြင်းငှာ လှည့်ဖြားပြောဆို” ခြင်းသြဇာမှ ကျွန်ုပ်တို့ကိုကာကွယ်ပေးရန် “လူတို့တွင်ဆုလာဘ်များ” ကိုပေးထား၏။ (ဧဖက် ၄:၁၄) “ပရိယာယ်” အတွက်မူရင်းစကားလုံးသည် “အံစာတုံးလိမ်ကစားခြင်း” သို့မဟုတ် “အံစာတုံးကစားကျွမ်းကျင်ခြင်း” ကိုဆိုလိုသည်။ ယင်းက ပါးနပ်သည့် သင်းခွဲဖောက်ပြန်သူများ လှုပ်ရှားပုံကို သတိမထားမိစေပေလော။ နှုတ်သွက်ကာ သူတို့သည် ကျမ်းချက်များကို ကျွမ်းကျင်စွာအသုံးပြုပြီး စစ်မှန်သောခရစ်ယာန်များကို ယုံကြည်ခြင်းမှလွဲစေဖို့ ကြိုးပမ်းကြသည်။ အကြီးအကဲများသည် ယင်းသို့သော “ကြမ်းတမ်းသောတောခွေးတို့” ကိုသတိထားကြရမည်တကား!—တမန်တော် ၂၀:၂၉၊ ၃၀။
၁၉ ယေဟောဝါ၏သိုးများကို အခြားအန္တရာယ်များမှလည်း ကာကွယ်ပေးရန်လိုသည်။ ရှေးခေတ်သိုးထိန်းဒါဝိဒ်သည် ဖခင်ဖြစ်သူ၏သိုးစုကို သားရဲများ၏ရန်မှ အကြောက်အလန့်မရှိကာကွယ်ပေးခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၇:၃၄-၃၆) ယနေ့လည်း ပူပန်တတ်သောခရစ်ယာန်သိုးထိန်းများသည် ယေဟောဝါ၏သိုးများ၊ အထူးသဖြင့် ပို၍အကာအကွယ်မဲ့သူများကို လမ်းလွဲစေမည့် သို့မဟုတ် ဖိနှိပ်မည့်သူမှန်သမျှ၏ရန်မှ သိုးတော်စုကိုကာကွယ်ရန် ရဲရင့်ရမည့်အချိန်အခါများပေါ်ပေါက်နိုင်ပေသည်။ အကြီးအကဲများသည် ပရိယာယ်၊ မုသာနှင့် မကောင်းမှုကျူးလွန်ရန်ကြံစည်သည့် အပြစ်သားများကိုအသင်းတော်မှ ဖယ်ရှားရန်လျင်မြန်ကြပါမည်။b—၁ ကောရိန္သု ၅:၉-၁၃; ဆာလံ ၁၀၁:၇ နှိုင်းယှဉ်။
၂၀။ “လူတို့တွင်ဆုလာဘ်များ” ၏ကြည့်ရှုစောင့်ရှောက်မှု၌ ကျွန်ုပ်တို့သည် အဘယ်ကြောင့်လုံခြုံမှုခံစားနိုင်သနည်း။
၂၀ ကျွန်ုပ်တို့သည် “လူတို့တွင်ဆုလာဘ်များ” အတွက် မည်မျှကျေးဇူးတင်ကြသည်တကား! သူတို့၏မေတ္တာပါသောကြည့်ရှုစောင့်ရှောက်မှုအောက်၌ လုံခြုံမှုရှိနိုင်သည်၊ အကြောင်းမှာ ကျွန်ုပ်တို့ကိုနူးညံ့စွာတည့်မတ်ပေးခြင်း၊ မေတ္တာပါစွာတည်ဆောက်ပေးခြင်း၊ ကျွန်ုပ်တို့၏စည်းလုံးမှုကို ထိန်းသိမ်းပေးခြင်းနှင့် ကျွန်ုပ်တို့ကိုရဲရင့်စွာကာကွယ်ပေးခြင်းတို့ကို သူတို့ပြုကြသည်။ သို့သော် “လူတို့တွင်ဆုလာဘ်များ” သည်အသင်းတော်တွင် သူတို့၏တာဝန်ကို မည်သို့သဘောထားသင့်သနည်း။ သူတို့ကို လေးမြတ်ကြောင်း ကျွန်ုပ်တို့မည်သို့ဖော်ပြနိုင်သနည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် ဆွေးနွေးကြပါမည်။
[အောက်ခြေမှတ်ချက်များ]
a ဂရိစက်ပ်တွားဂျင့်ဘာသာပြန်ကျမ်းတွင် “တည့်မတ်ပေး” ဟုပြန်ဆိုထားသော ဤကြိယာကို ဆာလံ ၁၇[၁၆]:၅ တွင်အသုံးပြုထားသည်၊ ထိုတွင် သစ္စာရှိသောဒါဝိဒ်က မိမိ၏ခြေလှမ်းများ ဘုရားသခင့်လမ်းစဉ်ပေါ် စွဲမြဲနိုင်ဖို့ ဆုတောင်းခဲ့သည်။
b ဥပမာ၊ နိုဝင်ဘာ ၁၅၊ ၁၉၇၉ ခုနှစ်ထုတ် ကင်းမျှော်စင်[လိပ်] စာမျက်နှာ ၃၁-၂ နှင့် ဇန်နဝါရီ ၁၊ ၁၉၉၇ ခုနှစ်ထုတ် စာမျက်နှာ ၂၆-၉ ပါ “ဆိုးညစ်သောအမှုကိုစက်ဆုပ်ရွံရှာကြစို့” တို့ကိုရှု။
သင်မှတ်မိသလော
◻ “လူတို့တွင်ဆုလာဘ်များ” ကားမည်သူများနည်း၊ ဘုရားသခင်သည် ခရစ်တော်မှတစ်ဆင့် အသင်းတော်အတွက် သူတို့ကို အဘယ်ကြောင့်ပေးအပ်ခဲ့သနည်း။
◻ အကြီးအကဲများသည် သိုးတော်စုကိုတည့်မတ်ပေးဖို့တာဝန်ကို မည်သို့ကျေပွန်ကြသနည်း။
◻ အကြီးအကဲများသည် ယုံကြည်သူချင်းများကို မည်သို့တည်ဆောက်ပေးနိုင်ကြသနည်း။
◻ အကြီးအကဲများသည် အသင်းတော်စည်းလုံးမှုကို မည်သို့ထိန်းသိမ်းနိုင်သနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
စာနာမှုသည် အကြီးအကဲများအားစိတ်ပျက်အားလျော့သူများကို အားပေးရန်ထောက်ကူ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အကြီးအကဲများစပ်ကြားစည်းလုံးမှုသည်အသင်းတော်တွင် စည်းလုံးမှုကိုမြှင့်တင်ပေး