“ဥပဓိရုပ်သစ်ကိုယူတင်ဝတ်ဆောင်လော့”
၁ ခရစ်ယာန်များသည် သမ္မာတရားသိရှိရခြင်းကို လေးမြတ်ကြသည်! လောကသားများ၏လမ်းစဉ်ကိုရှောင်ကြဉ်ရန် မည်သို့နေထိုင်ရမည်ကို ကျွန်ုပ်တို့သိရှိခဲ့ရပြီ။ “ဘုရားသခင်၏အသက်နှင့်ကွာရှင်းလျက်ရှိ” ရာသူတို့သည် “ဉာဏ်အလင်းကွယ်” နေကြသည်။ (ဧ. ၄:၁၈) ကျွန်ုပ်တို့သည် ဥပဓိရုပ်ဟောင်းကိုချွတ်၍ အသစ်ကိုဝတ်ဆင်ခြင်းအားဖြင့် လောကစဉ်းစားတွေးခေါ်ပုံမှ ကျွန်ုပ်တို့၏စိတ်ကိုပြောင်းလဲရန် သင်ကြားခံရကြသည်။—ဧ. ၄:၂၂-၂၄။
၂ ဥပဓိရုပ်ဟောင်းသည် စာရိတ္တယိုယွင်းမှုလမ်းစဉ်သို့ အဆက်မပြတ်ကျဆင်းစေကာ ညစ်ညမ်းမှုနှင့်သေခြင်းကိုဖြစ်စေ၏။ ထို့ကြောင့် နိုင်ငံတော်သတင်းတရားကို နားထောင်မည့်သူများအား အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ အဆိုးပြုခြင်း၊ ရင့်သီးစွာပြောဆိုခြင်းနှင့် ညစ်ညူးသောစကားကိုသုံးခြင်းတို့ကို ပယ်ရှားရန် ကျွန်ုပ်တို့အထူးတောင်းဆိုပါသည်။ ဘုရားသခင့်မျက်နှာသာတော်ကိုရလိုသူများသည် ဥပဓိရုပ်ဟောင်းကို—ညစ်ပေသောအဝတ်ကိုချွတ်ပစ်သကဲ့သို့—ပြတ်ပြတ်သားသား၊ လုံးလုံးလျားလျားချွတ်ပယ်ပစ်ရမည်။—ကော. ၃:၈၊ ၉။
၃ စိတ်ကိုလှုံ့ဆော်ပေးသည့် စွမ်းအားသစ်– ဥပဓိရုပ်သစ်ကိုဝတ်ဆင်ခြင်းတွင် ကျွန်ုပ်တို့၏စိတ်ကိုလှုံ့ဆော်ပေးသည့်စွမ်းအားကို အသစ်ဖြစ်စေခြင်းပါဝင်သည်။ (ဧ. ၄:၂၃) လူတစ်ဦးသည် မှန်ကန်သောလမ်းကြောင်းသို့ရောက်ရှိရန် ထိုစွမ်းအား သို့မဟုတ် စိတ်နေသဘောထားကို မည်သို့အသစ်ဖြစ်စေသနည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်နှင့် ဝီရိယရှိရှိလေ့လာကာ ယင်း၏ဆိုလိုရင်းကို ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ယင်းကိုပြုလုပ်ပါသည်။ ထို့နောက် စဉ်းစားတွေးတောမှုပုံစံအသစ်ကိုရရှိကာ ထိုသူသည် ကိစ္စရပ်များကို ဘုရားသခင်နှင့်ခရစ်တော်တို့၏ရှုထောင့်မှ ရှုမြင်သည်။ လူတစ်ဦးသည် ထောက်ထားစာနာမှု၊ ကြင်နာမှု၊ စိတ်နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှု၊ စိတ်ရှည်မှုနှင့် ချစ်ခြင်းမေတ္တာအပါအဝင် ခရစ်တော်ကဲ့သို့သောအရည်အသွေးများစွာကို ဝတ်ဆင်သည်နှင့်အမျှ သူ၏အသက်တာသည် ပြောင်းလဲသွားသည်။—ကော. ၃:၁၀၊ ၁၂-၁၄။
၄ ဥပဓိရုပ်သစ်ကိုဝတ်ဆင်ခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို လောကနှင့်သီးခြားဖြစ်စေကြသည်။ ကျွန်ုပ်တို့၏အသက်တာလမ်းစဉ်က ကျွန်ုပ်တို့ကို ခြားနားစေသည်။ ကျွန်ုပ်တို့သည် အခြားသူများအားတည်ဆောက်ရန် အမှန်တရားကိုပြောပြီး အကျိုးပြုသောစကားကို ပြောဆိုအသုံးပြုကြသည်။ ကျွန်ုပ်တို့သည် မိမိတို့၏အမျက်ဒေါသ၊ နာကြည်းမှု၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ ဆဲရေးတိုင်းထွာခြင်းနှင့် ဆိုးသွမ်းမှုအားလုံးကိုထိန်းချုပ်ပြီး ယင်းတို့ကို ဖြောင့်မတ်မှန်ကန်သော ဘုရားရေးရာအရည်အသွေးများနှင့် အစားထိုးကြသည်။ ကျွန်ုပ်တို့သည် ခွင့်လွှတ်ခြင်းဖြင့် ကျွန်ုပ်တို့ထံမှယေဘုယျတောင်းဆိုထားရာထက်မက ပြုကြသည်။ ယင်းတို့အားလုံးကို နှလုံးမှ လိုလိုလားလားလုပ်ဆောင်သည်။—ဧ. ၄:၂၅-၃၂။
၅ ဥပဓိရုပ်သစ်ကို မည်သည့်အခါမျှမချွတ်ပစ်ပါနှင့်။ ၎င်းမပါဘဲနှင့် ကျွန်ုပ်တို့သည် ယေဟောဝါနှစ်သက်လက်ခံအောင် ဝတ်မပြုနိုင်ပါ။ ယင်းက လူတို့အား သမ္မာတရားသို့ဆွဲဆောင်ရန် ကူညီကာ ကျွန်ုပ်တို့၏ အံ့မခန်းဖွယ်ဥပဓိရုပ်သစ်၏ဖန်ဆင်းရှင်၊ ယေဟောဝါဘုန်းတော်ကို ထင်ရှားစေသည်။—ဧ. ၄:၂၄။