ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၆/၁၅ စာ. ၁၅-၂၂
  • ယေဟောဝါသွန်သင်တော်မူသည့်အတိုင်း လိုက်လျှောက်လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသွန်သင်တော်မူသည့်အတိုင်း လိုက်လျှောက်လော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သွေးနှင့်ပတ်သက်၍သွန်သင်ခံရ
  • သွန်သင်ခံရရန်အခြားသူတို့အားကူညီပါ
  • မိဘများ—ကောင်းမွန်စွာသွန်သင်လော့
  • သွေးဖြင့်အသက်ကယ်ခြင်း—အဘယ်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • အသက်ကို အမှန်တကယ် ကယ်တင်သည့် သွေး
    သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း
  • သင်၏အသက်ဆုကျေးဇူးကို မှန်ကန်စွာတန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • သွေး–အသက်ရှင်ရေးအတွက် အချက်အချာ
    သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၆/၁၅ စာ. ၁၅-၂၂

ယေဟောဝါသွန်သင်တော်မူသည့်အတိုင်း လိုက်လျှောက်လော့

“အို [ယေဟောဝါ] ၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားပြညွှန် [သွန်သင်] တော်မူပါ။ ကိုယ်တော်၏သမ္မာတရားလမ်းသို့လိုက်သွားပါမည်။ နာမတော်ကိုကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်၏နှလုံးကိုစေ့စပ်စေတော်မူပါ။”—ဆာလံ ၈၆:၁၁။

၁၊ ၂။ သွေးသွင်းခြင်းကိုလက်မခံရန် ယေဟောဝါသက်သေများအားအဘယ်အရာကလှုံ့ဆော်သနည်း။

“သွေးမှထုတ်လုပ်သည့်ပစ္စည်းများကို ငြင်းပယ်သည့်နေရာတွင် ယေဟောဝါသက်သေတို့သည် မှန်ကောင်းမှန်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပေးသွင်းသည့်သွေးအားဖြင့် အရေးပါသောရောဂါဖြစ်ပွားစေတတ်သည့် ပစ္စည်းများအမှန်ပင် ကူးစက်နိုင်သောကြောင့်ဖြစ်သည်။”—ပြင်သစ်ဆေးပညာနေ့စဉ် Le Quotidien du Médecin, ၁၉၈၇၊ ဒီဇင်ဘာ ၁၅ ရက်။

၂ အထက်ပါဝေဖန်ချက်ကို ဖတ်မိသူအချို့အနေဖြင့် သွေးသွင်းခြင်းသည် အန္တရာယ်ရှိသည်သာမက အသက်ကိုပင် ရန်ရှာတတ်ကြောင်း လူတကာမသိမီ အချိန်ကြာမြင့်စွာကတည်းက သွေးသွင်းခြင်းကို ယေဟောဝါသက်သေများ လက်မခံဘဲနေခဲ့သည်မှာ ကြက်ကန်းဆန်အိုးတိုးခြင်းမျှသာဖြစ်သည်ဟုထင်မှတ်ကောင်းထင်မှတ်ကြပေမည်။ သို့ရာတွင်သွေးနှင့်ပတ်သက်သော ယေဟောဝါသက်သေတို့၏ရပ်တည်ချက်မှာ အမှတ်မထင်တိုက်ဆိုင်မှုမဟုတ်သကဲ့သို့ သွေးသည်စိတ်မချရဟူသော စိုးရိမ်စိတ်မှ ပေါက်ဖွားသည့် ရပ်တည်ချက်၊ ထူးဆန်းသည့်ဂိုဏ်းဂဏအချို့တီထွင်သည့် စည်းမျဉ်းမျိုးလည်းမဟုတ်ပေ။ သက်သေခံများသွေးကို လက်မခံဘဲနေရခြင်းမှာ သူတို့၏ကြီးမြတ်သောသွန်သင်ရှင် ဘုရားသခင်ရှေ့မှောက်တွင် နာခံမှုအပြည့်နှင့်လိုက်လျှောက်ရန် သန္နိဌာန်ချထားသောကြောင့်သာဖြစ်ပေသည်။

၃။ (က) ယေဟောဝါအပေါ် အားထားမှီခိုခြင်းနှင့်ပတ်သက်၍ ဒါဝိဒ်အဘယ်သဘောထားရှိသနည်း။ (ခ) ယေဟောဝါကို ကိုးစားခြင်းကြောင့်ဒါဝိဒ်အဘယ်အကျိုးကိုမျှော်လင့်ခဲ့သနည်း။

၃ ဘုရားသခင်ကိုမှီခိုအားထားသူ ရှင်ဘုရင်ဒါဝိဒ်သည် ဘုရားသခင့်သွန်သင်မှုကိုခံယူ၍ ‘ကိုယ်တော်၏သမ္မာတရားလမ်းသို့လိုက်သွား’ ရန်သန္နိဌာန်ချထားခဲ့သည်။ (ဆာလံ ၈၆:၁၁) တစ်ခါက ဒါဝိဒ်သည် ဘုရားသခင်မျက်မှောက်တွင် သွေးပြစ်ကျူးလွန်ခြင်းကို ရှောင်မည်ဆိုလျှင် ‘ယေဟောဝါအထံတော်တွင် သူ့အသက်ကိုအသက်ထုပ်၌နှောင်ဖွဲ့တော်မူလိမ့်မည်’ ဟုအကြံပေးခံရသည်။ [၁ ဓမ္မရာဇဝင် ၂၅:၂၁၊ ၂၂၊ ၂၅၊ ၂၉) အဖိုးတန်ပစ္စည်းများကို လူတို့ထိန်းသိမ်းကာကွယ်ကြသကဲ့သို့ ဒါဝိဒ်၏အသက်ကို ဘုရားသခင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်တော်မူမည်။ ပညာရှိသောထိုအကြံပေးချက်ကို လက်ခံ၍ဒါဝိဒ်သည် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဖြေရှင်းခြင်းမပြုဘဲ မိမိ၏အသက်သခင်ကိုကိုးစားခဲ့သည်။ “အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်။ အထံတော်၌ စုံလင်သောဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ယာတော်နားမှာအစဉ်အမြဲပျော်မွေ့ခြင်းအခွင့်ရှိပါ၏။”—ဆာလံ ၁၆:၁၁။

၄။ ဒါဝိဒ်သည် ယေဟောဝါ၏သွန်သင်ခြင်းကို အဘယ်ကြောင့်ခံယူလိုသနည်း။

၄ ထိုသို့သောသဘောထားရှိသဖြင့် ဒါဝိဒ်သည်မည်သည့်ဘုရားပေးပညတ်များသည် အခြေအမြစ်ရှိ၍လိုက်နာရန်လိုကြောင်း မိမိသဘောဖြင့်ရွေးချယ်နိုင်သည်ဟုမထင်မှတ်ခဲ့ပေ။ သူ့သဘောထားမှာ အောက်ပါအတိုင်းဖြစ်သည်။ “အို [ယေဟောဝါ]၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားပြသသွန်သင်တော်မူပါ။ . . . ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ။” “အို [ယေဟောဝါ]၊ ကိုယ်တော်၏လမ်းကိုအကျွန်ုပ်အားပြညွှန် [သွန်သင်] တော်မူပါ။ ကိုယ်တော်၏သမ္မာတရားလမ်းသို့လိုက်သွားပါမည်။ နာမတော်ကို ကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်၏နှလုံးကိုစေ့စပ်စေတော်မူပါ။” (ဆာလံ ၂၇:၁၁။ ၈၆:၁၁၊ ၁၂) တစ်ခါတစ်ရံဘုရားသခင့်ရှေ့မှောက်တွင် သမ္မာတရား၌လိုက်လျှောက်ရသည်မှာ အဆင်မပြေ သို့မဟုတ် ကြီးစွာကိုယ်ကျိုးစွန့်လွှတ်ရသည်ဟုထင်ရတတ်သည်။ သို့နှင့်ပင်ဒါဝိဒ်သည် မှန်သောလမ်းတွင် သွန်သင်ခြင်းကိုခံယူ၍ ထိုလမ်း၌လိုက်လျှောက်ရန်ဆန္ဒရှိခဲ့သည်။

သွေးနှင့်ပတ်သက်၍သွန်သင်ခံရ

၅။ သွေးဆိုင်ရာဘုရားသခင့်ရပ်တည်ချက်နှင့်ပတ်သက်၍ ဒါဝိဒ်ဘာသိခဲ့မည်နည်း။

၅ ဒါဝိဒ်သည်ကလေးဘဝမှစ၍ သွေးနှင့်ပတ်သက်သော ဘုရားသခင့်အမြင်သဘောထားအကြောင်း သွန်သင်ခံရသည်ဟူသောအချက်ကို မှတ်သားထိုက်သည်။ ထိုအမြင်သဘောထားမှာ ဘာသာရေးနက်နဲရာမဟုတ်ပေ။ လူထုအားပညတ်တရားကို ဖတ်ပြသည့်အခါ၌ ဒါဝိဒ်သည်အောက်ပါပညတ်ချက်ကိုကြားခဲ့ပေမည်။ “ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။ သင်တို့ပြုသောအပြစ်ကိုဖြေစေခြင်းငှာ၊ ထိုအသွေးကိုသင်တို့အား ယဇ်ပလ္လင်ပေါ်မှာငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကား၊ အသွေးဖြစ်သတည်း။ ထိုကြောင့် ‘သင်တို့၌အဘယ်သူမျှအသွေးကိုမစားရ။ သင်တို့တွင်တည်းနေသောတစ်ပါးအမျိုးသားလည်း အသွေးကိုမစားရ’ ဟုဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။”—ဝတ်ပြုရာ ၁၇:၁၁၊ ၁၂။ တရားဟောရာ ၄:၁၀။ ၃၁:၁၁။

၆။ ဘုရားသခင့်အစေခံများအနေဖြင့် သွေးနှင့်ပတ်သက်၍ဆက်လက်သွန်သင်ခြင်းခံယူရန် အဘယ်ကြောင့်လိုအပ်သနည်း။

၆ ဣသရေလအမျိုးသားတို့သည် ဘုရားသခင့်လူမျိုးတော်အဖြစ် အသုံးတော်ခံနေသမျှကာလပတ်လုံး စိတ်တော်တွေ့လိုသူတို့အနေဖြင့် သွေးအကြောင်းသွန်သင်ခံယူရန်လိုအပ်သည်။ ဣသရေလယောက်ျားကလေး၊ မိန်းကလေး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဤအတိုင်းပင်သွန်သင်ခြင်းခံယူခဲ့ရကြသည်။ သို့ရာတွင် ခရစ်ယာန်အသင်းတော်ကို “ဘုရားသခင်၏ဣသရေလအမျိုး” အဖြစ်ဖွဲ့စည်းပြီးလျှင် သူတို့ကိုဘုရားသခင်လက်ခံတော်မူပြီးနောက် ထိုအတိုင်းဆက်လက်သွန်သင်ရန်လိုအပ်ပါသလော။ (ဂလာတိ ၆:၁၆) လိုအပ်ပါသည်။ သွေးနှင့်ပတ်သက်သောဘုရားသခင့်အမြင်သဘောထားမပြောင်းလဲပါ။ (မာလခိ ၃:၆) သွေးကိုအလွဲမသုံးရန်နှင့်ပတ်သက်သော ကိုယ်တော်၏အနေအထားသည် ပညတ်ပဋိညာဉ်အတည်မဖြစ်မီကတည်းက တည်ရှိနှင့်ခဲ့ပြီး ပညတ်တရားဖယ်ရှားခံရပြီးနောက်ဆက်လက်တည်ရှိခဲ့သည်။—ကမ္ဘာဦး ၉:၃၊ ၄။ တမန်တော် ၁၅:၂၈၊ ၂၉။

၇။ သွေးနှင့်ပတ်သက်၍ ဘုရားသခင့်သွန်သင်ခြင်းကိုခံယူရန် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးကြီးသနည်း။

၇ သွေးကိုလေးစားခြင်းသည် ခရစ်ယာန်ဘာသာ၏အချက်အချာဖြစ်သည်။ ‘ပုံကြီးချဲ့ပြောခြင်းမဖြစ်နိုင်သလော’ ဟူ၍အချို့သူတို့မေးကြမည်။ သို့သော်ခရစ်ယာန်ဘာသာ၏အချက်အချာသည် ယေရှု၏ပူဇော်သက္ကာမဟုတ်လျှင် အဘယ်အရာဖြစ်သနည်း။ တမန်တော်ပေါလုဤသို့ရေးသားခဲ့သည်။ “ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ [ယေရှု] ၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကိုငါတို့သည်ခံရကြ၏။” (ဧဖက် ၁:၇) လောဘက်ချ် (Frank C. Laubach) ဘာသာပြန်သည့် The Inspired Letters ၌၄င်းအခန်းငယ်ကို “ကျွန်ုပ်တို့အတွက်ခရစ်တော်၏အသွေးတော်ကိုပေးဆပ်လိုက်သဖြင့် ယခုကျွန်ုပ်တို့သည် ကိုယ်တော်ပိုင်ဆိုင်ရာဖြစ်ကြပြီ” ဟူ၍ပြန်ဆိုထားသည်။

၈။ “လူအုပ်ကြီး” အနေဖြင့် အသက်ရှင်ခြင်းအတွက် သွေးအပေါ်မည်သို့အားထားမှီခိုရသနည်း။

၈ ကျရောက်အံ့ဆဲဆဲ “ကြီးစွာသောဒုက္ခ” ကိုကပ်ကျော်လျက် ပရဒိသုမြေကြီးပေါ်တွင်ဘုရားသခင့်ကောင်းချီးမင်္ဂလာခံစားရန် မျှော်လင့်သူအပေါင်းတို့သည် ယေရှုသွန်သင်တော်မူသောအသွေးတော်ကို အားထားမှီခိုကြရသည်။ ဗျာဒိတ် ၇:၉-၁၄ တွင်သူတို့အကြောင်းကိုဖော်ပြပြီး နောက်ကြောင်းပြန်၍ဤသို့ဆိုထားသည်။ “ဤသူတို့သည် ကြီးစွာသောဒုက္ခအထဲကထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ဖြူစေသောသူဖြစ်ကြသတည်း။” ဤတွင်အသုံးပြုထားသည့် သီးခြားစကားအသုံးအနှုန်းကိုသတိပြုပါ။ ‘ယေရှုကိုလက်ခံသည်’ ‘ကိုယ်တော်ကိုယုံကြည်သည်’ တို့မှာအရေးပါသည့် ကဏ္ဍများဖြစ်စေကာမူ ဆင်းရဲဒုက္ခမှကယ်တင်ခံရသူတို့သည် ယေရှုကိုလက်ခံသည်၊ ယုံကြည်သည်ဟူ၍မဆိုထားပေ။ သူတို့သည် “မိမိတို့ဝတ်လုံကို [ယေရှု] ၏အသွေး၌လျှော်၍ဖြူစေ” ကြကြောင်းတစ်ဆင့်တက်၍ဆိုထားသည်။ ကိုယ်တော်အသွေးတော်သည် ရွေးနှုတ်နိုင်သောတန်ခိုးရှိသောကြောင့်ဖြစ်သည်။

၉။ သွေးနှင့်ပတ်သက်၍ ယေဟောဝါကို နာခံခြင်းသည်အဘယ်ကြောင့်ဤမျှအရေးကြီးသနည်း။

၉ ဤတန်ဖိုးကိုလေးမြတ်ခြင်းက သွေးကိုအလွဲသုံးစားမပြုဟူသော ယေဟောဝါသက်သေတို့၏သန္နိဌာန်ကိုခိုင်မာစေသည်။ ဆရာဝန်တစ်ဦးက သွေးသွင်းရန်အရေးကြီးကြောင်းစိတ်ရင်းစေတနာနှင့် ပြောလာသည့်တိုင်အောင် သူတို့လက်ခံမည်မဟုတ်ပေ။ သွေးသွင်းခြင်းမှရရှိဖွယ်ရှိသောအကျိုးကျေးဇူးသည် သွေးကြောင့်ဖြစ်ပွားသည့် ကျန်းမာရေးအန္တရာယ်ထက်များကြောင်း သူယုံကြည်ကောင်းယုံကြည်ပေမည်။ သို့သော်ထိုခရစ်ယာန်အနေဖြင့် သာ၍ကြီးမားသည့် ဘေးအန္တရာယ်တစ်ခုကို ဥပေက္ခာမပြုနိုင်ပေ။ ထိုဘေးအန္တရာယ်မှာသွေးအလွဲသုံးစားပြုခြင်းကို သဘောတူလက်ခံခြင်းအားဖြင့် ဘုရားသခင့်မျက်နှာသာတော်ဆုံးရှုံးခြင်းပင်ဖြစ်သည်။ “သမ္မာတရားကို သိပြီးမှကိုယ်အလိုသို့လိုက်၍ပြစ်မှားပြန်” သူတို့အကြောင်းတစ်ခါကပေါလုပြောခဲ့ဖူးသည်။ ထိုသို့သောအပြစ်မျိုးသည် အဘယ်ကြောင့်ဤမျှကြီးလေးသနည်း။ အကြောင်းမှာ ထိုသို့သောသူသည် “ဘုရားသခင်၏သားတော်ကိုခြေဖြင့်ကျော်နင်းလျက် မိမိကိုစင်ကြယ်စေသောပဋိညာဉ်တရား၏အသွေးကို [တန်ဖိုးမဲ့သောအရာအဖြစ်မှတ်ယူ]” သောကြောင့်ဖြစ်သည်။—ဟေဗြဲ ၉:၁၆-၂၄၊ ၁၀:၂၆-၂၉။

သွန်သင်ခံရရန်အခြားသူတို့အားကူညီပါ

၁၀။ သွေးကိုကြဉ်ရှောင်ရန်ကျွန်ုပ်တို့ဓိဌာန်ရသည့် အခြေခံအကြောင်းကားအဘယ်နည်း။

၁၀ ယေရှု၏ရွေးနှုတ်ဖိုးပူဇော်သက္ကာကို လေးမြတ်တန်ဖိုးထားသော ကျွန်ုပ်တို့အနေဖြင့်ကိုယ်တော့်အသွေးတော်၏အသက်ကယ်နိုင်စွမ်းရှိသည့် တန်ဖိုးကိုငြင်းပယ်ခြင်းအားဖြင့် အပြစ်မပြုမိအောင်သတိထားဆင်ခြင်ကြသည်။ ဤကိစ္စကိုအပြန်ပြန်အလှန်လှန်စဉ်းစားသုံးသပ်ပြီးနောက် အသက်ရှင်ခြင်းအတွက် ဘုရားသခင်ကိုကျေးဇူးတင်သည့်စိတ်ရှိရုံမျှနှင့် ကိုယ်တော့်ဖြောင့်မတ်သောပညတ်တရားတော်များကို ဖောက်ဖျက်မည့်လုပ်ရပ်မှန်သမျှကို တွန်းလှန်နိုင်ရန် စေ့ဆော်ပေးသင့်ကြောင်းကျွန်ုပ်တို့သဘောပေါက်သည်။ ထိုတရားတော်များသည် ကျွန်ုပ်တို့၏ကောင်းကျိုးချမ်းသာအတွက် တစ်နည်းအားဖြင့်ကျွန်ုပ်တို့၏ရေရှည်ကောင်းချီးချမ်းသာအတွက် ရည်ရွယ်၍ပေးထားခြင်းဖြစ်ကြောင်းကျွန်ုပ်တို့စိတ်ချယုံကြည်ကြသည်။ (တရားဟောရာ ၆:၂၄။ သု၊ ၁၄:၂၇။ ဒေသနာ ၈:၁၂) သို့သော် ကျွန်ုပ်တို့၏သားသမီးများနှင့် ပတ်သက်၍မည်သို့ဆိုမည်နည်း။

၁၁-၁၃။ အချို့မိဘတို့သည် သူတို့သားသမီးများ၊ သွေးတို့နှင့်ပတ်သက်၍အဘယ်မှားယွင်းသောအမြင်သဘောထားရှိကြသနည်း။ အဘယ်ကြောင့်နည်း။

၁၁ ကျွန်ုပ်တို့၏သားမြေးတို့သည် နို့စို့ကလေး သို့မဟုတ် မသိတတ်သေးသည့်အရွယ်၌ရှိစဉ် ကျွန်ုပ်တို့၏ဘုရားတရားကြည်ညိုခြင်းကိုအကြောင်းပြု၍ သူတို့ကိုစင်ကြယ်သူများအဖြစ်ယေဟောဝါဘုရားသခင်မှတ်ယူတော်မူသည်။ (၁ ကောရိန္သု ၇:၁၄) ထို့ကြောင့်ခရစ်ယာန်အိမ်ထောင်စုတွင်ရှိသော နို့စို့သူငယ်တို့သည် သွေးဆိုင်ရာဘုရားသခင့်ပညတ်ကိုနားလည်သေးမည်မဟုတ်သကဲ့သို့ နာခံရန်လည်းရွေးတတ်ဦးမည်မဟုတ်ပေ။ သို့သော်ကျွန်ုပ်တို့သည် ဤအရေးကြီးသည့်ကိစ္စကို သူတို့အားအစွမ်းကုန်ကြိုးစားသွန်သင်ပေးနေပါသလော။ ဤအချက်ကိုခရစ်ယာန်မိဘများအလေးအနက်ထား စဉ်းစားသုံးသပ်အပ်သည်။ အဘယ်ကြောင့်ဆိုသော် မိဘဖြစ်သူအချို့တို့သည် မိမိတို့၏သားသမီးများနှင့်သွေးအကြောင်းအပေါ်မှားယွင်းသည့်သဘောထားရှိနေပုံရသည်။ အချို့ဆိုလျှင် မိမိတို့၏ငယ်ရွယ်သောသားသမီးများကို သွေးသွင်းရ၊ မသွင်းရနှင့်ပတ်သက်၍ အုပ်ထိန်းမှုအခွင့်အာဏာ တကယ်တမ်းမရှိဟုယူဆနေပုံပေါ်သည်။ မှားယွင်းသည့်ဤအမြင်မျိုးအဘယ်ကြောင့်ရှိရသနည်း။

၁၂ တိုင်းပြည်အများ၌ စွန့်ပစ်ခံရသောကလေးများနှင့် မတရားပြုကျင့်ခံရသောကလေးများကို ကာကွယ်သည့်ဥပဒေများနှင့်အစိုးရအေဂျင်စီများရှိကြသည်။ ယေဟောဝါသက်သေမိဘများက မိမိတို့၏ရင်နှစ်သည်းချာသားရတနာ၊ သမီးရတနာအား သွေးသွင်းခွင့်မပြုရန်ဆုံးဖြတ်၍ တစ်ချိန်တည်း၌ ခေတ်မီဆေးပညာဆောင်ရွက်ပေးနိုင်သည့် အခြားကုထုံးဖြင့် ကုသပေးရန်တောင်းဆိုခြင်းသည် မိမိတို့သားသမီးများစွန့်ပစ်ရာ၊ မတရားပြုရာမကျပါ။ ဆေးရှုထောင့်မှကြည့်လျှင် ဤသို့ပြုခြင်းသည် လျစ်လျူရှုခြင်း၊ မတရားပြုခြင်းမဟုတ်ကြောင်း သွေးသွင်းကုသမှု၏အန္တရာယ်များကိုထောက်ရှုခြင်းဖြင့် သိသာနိုင်သည်။ အကျုံးဝင်သည့်ဘေးအန္တရာယ်များကို ချင့်ချိန်ပြီး၊ နောက်ကုသမှုကိုရွေးချယ်ခြင်းသည် လုပ်ပိုင်ခွင့်ကျင့်သုံးခြင်းတစ်ရပ်ဖြစ်သည်။aသို့တစေအချို့ဆေးဝန်ထမ်းတို့သည် သွေးသွင်းခြင်းကိုလက်မခံသူအား အဓမ္မသွေးသွင်းနိုင်သည့် အခွင့်အာဏာရရှိရေးအတွက် တရားဥပဒေနည်းလမ်းများအရဆောင်ရွက်လာခဲ့ကြသည်။

၁၃ ငယ်ရွယ်သောကလေးကို သွေးသွင်းရန်တရားရုံး၏ထောက်ခံမှုအမိန့်ကို ဆေးဝန်ထမ်းများအလွယ်တကူရယူနိုင်ကြောင်းသိရှိသော မိဘအချို့တို့အနေဖြင့် ဤကိစ္စအတွက်မိမိတို့ဘာမျှမတတ်နိုင်ကြောင်း၊ ဘာမျှလုပ်၍မရကြောင်း၊ လုပ်စရာလည်းမလိုအပ်ကြောင်း ယူဆကြပေမည်။ ဤသို့သောအမြင်သဘောထားသည် မည်မျှမှားယွင်းလှသည်တကား။—သု၊ ၂၂:၃။

၁၄။ ဒါဝိဒ်နှင့်တိမောသေတို့သည် လူငယ်ဘဝ၌မည်သို့သွန်သင်ခြင်းခံရကြသနည်း။

၁၄ ဒါဝိဒ်သည် ငယ်စဉ်တောင်ကျေးကလေးဘဝမှစ၍ ဘုရားသခင့်တရားလမ်း၌သွန်သင်ခြင်းခံခဲ့ရကြောင်းကို ကျွန်ုပ်တို့ဂရုပြုမိခဲ့သည်။ ဤသို့ဖြင့်အသက်သည် ဘုရားပေးဆုလာဘ်ဖြစ်ကြောင်း၊ သွေးသည်အသက်ကို ကိုယ်စားပြုကြောင်း သူသိမြင်၍လေးမြတ်တတ်လာသည်။ (၂ ဓမ္မရာဇဝင် ၂၃:၁၄-၁၇ နှင့်နှိုင်းယှဉ်) တိမောသေသည်လည်း ‘နို့စို့အရွယ်’ မှစ၍ ဘုရားသခင့်အကြံတော်အတိုင်းသွန်သင်ခြင်းခံခဲ့ရသည်။ (၂ တိမောသေ ၃:၁၄၊ ၁၅) ဒါဝိဒ်နှင့်တိမောသေတို့သည် အရွယ်ရောက်သူအဖြစ် ယနေ့တရားဝင်သတ်မှတ်ထားသည့် အသက်မတိုင်မီကတည်းက ဘုရားသခင့်အလိုတော်နှင့်ပတ်သက်သောအရေးကိစ္စများ၌ သူတို့၏သဘောထားကို ကောင်းစွာထုတ်ဖော်တင်ပြနိုင်ခဲ့ကြမည်ကို သင်သဘောမတူပေလော။ ထိုနည်းတူယနေ့ငယ်ရွယ်သူခရစ်ယာန်တို့ကိုလည်း အရွယ်မရောက်မီစောစောကတည်းကပင် ဘုရားသခင့်နည်းလမ်းတော်အတိုင်းသွန်သင်ပေးထားအပ်သည်။

၁၅၊ ၁၆။ (က) အရွယ်မရောက်သေးသောကလေးများ၏အခွင့်အရေးနှင့် ပတ်သက်၍အချို့ဒေသများ၌ အဘယ်အမြင်သဘောထားမျိုးရှိလာကြသနည်း။ (ခ) အရွယ်မရောက်သူတစ်ဦးမည်သည့်အတွက်ကြောင့် သွေးသွင်းခြင်းခံရသနည်း။

၁၅ အချို့ဒေသများ၌အရွယ်မရောက်သေးသော်လည်း ရင့်ကျက်မှုရှိသောကလေးဆိုသူတို့ကို လူကြီးများနှင့်တန်းတူအခွင့်အရေးပေးထားသည်။ အသက်အရွယ် သို့မဟုတ် ရင့်ကျက်သောအတွေးအခေါ်၊ သို့တည်းမဟုတ်နှစ်မျိုးစလုံးပေါ်မူတည်၍ လူငယ်တစ်ဦးကိုဆေးကုသမှုနှင့်ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်နိုင်လောက်အောင် ရင့်ကျက်မှုရှိသည်ဟုယူမှတ်ကောင်းယူမှတ်ပေမည်။ ဤသို့တရားဥပဒေပြဌာန်းချက်မရှိသည့် နေရာများ၌ပင် သွေးနှင့်ပတ်သက်သောမိမိ၏ခိုင်မာပြတ်သားသည့်ဆုံးဖြတ်ချက်ကို ရှင်းလင်းစွာထုတ်ဖော်နိုင်စွမ်းရှိသော လူငယ်တစ်ဦး၏ဆန္ဒကို တရားသူကြီး သို့မဟုတ် အစိုးရအရာရှိများက များစွာအလေးဂရုပြုတတ်ကြသည်။ ပြောင်းပြန်အားဖြင့် လူငယ်တစ်ဦးသည် မိမိ၏ယုံကြည်ချက်များကို ရှင်းလင်းပြတ်သား၊ ရင့်ကျက်စွာမရှင်းပြနိုင်ပါက တရားရုံးသည် နို့စို့ကလေးအတွက်ဆုံးဖြတ်ချက်ချပေးသကဲ့သို့ အကောင်းဆုံးဖြစ်မည်ထင်သောဆုံးဖြတ်ချက်ကိုချမှတ်ပေလိမ့်မည်။

၁၆ လူငယ်တစ်ယောက်သည် သမ္မာကျမ်းစာကိုနှစ်အတန်ကြာပြတ်တောင်းပြတ်တောင်း သင်အံခဲ့သော်လည်း နှစ်ခြင်းမခံရသေးပေ။ သူသည် “မိမိကိုယ်တိုင်အတွက် ဆေးကုသမှုကိုငြင်းပယ်နိုင်ခွင့်” ရနိုင်သည့်အရွယ်ရောက်ရန် ခုနစ်ပတ်သာလိုတော့သော်လည်း သူ့အားကင်ဆာရောဂါကုသပေးသည့်ဆေးရုံက သူ့မိဘနှင့်သူ့ဆန္ဒကိုဆန့်ကျင်လျက် သွေးသွင်းပေးရန်အတွက် တရားရုံး၏ထောက်ခံမှုကိုတောင်းခံခဲ့သည်။ တော်မှန်ဖြောင့်မတ်သောတရားသူကြီးက သွေးနှင့်ပတ်သက်သောထိုသူ၏ယုံကြည်ချက်များအကြောင်းအဖြေရတတ်သည့် မေးခွန်းများနှင့်သမ္မာကျမ်းစာမှ ပထမကျမ်းငါးစောင်၏အမည်များကဲ့သို့သောအခြေခံမေးခွန်းများကို မေးမြန်းသည်။ ထိုလူငယ်သည် ထိုအမည်များကိုမဖြေနိုင်၊ သွေးကိုအဘယ်ကြောင့်လက်မခံရသည့်အကြောင်းကိုလည်း သူနားလည်ကြောင်းယုံကြည်လောက်သည့် သက်သေလည်းမပြနိုင်ခဲ့ပေ။ ဝမ်းနည်းစရာကောင်းသည်မှာ သူ့အားသွေးသွင်းရန်အမိန့်ချမှတ်သည့် တရားသူကြီးကအောက်ပါအတိုင်းဝေဖန်ပြောကြားလိုက်သည်။ “သွေးသွင်းရန်သူသဘောမတူရခြင်းမှာ သူ၏ဘာသာရေးယုံကြည်ချက်များကို စေ့စေ့ငုငုနားလည်ခြင်းအပေါ်တွင်မူမတည်ပါ။”

၁၇။ သွေးသွင်းခြင်းနှင့်ပတ်သက်၍ ၁၄ နှစ်အရွယ်မိန်းကလေးတစ်ယောက်မည်သို့ရပ်တည်ခဲ့သနည်း။ အဘယ်အကျိုးရလဒ်ရရှိသနည်း။

၁၇ ဘုရားသခင့်နည်းလမ်းတော်အတိုင်း ကောင်းစွာသွန်သင်၍ ကိုယ်တော်၏သမ္မာတရား၌ တက်ကြွစွာလိုက်လျှောက်သည့်အရွယ်မရောက်သူတစ်ဦးအတွက် အခြေအနေမှာတစ်မျိုးတစ်မည်ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်။ ငယ်ရွယ်သောခရစ်ယာန်တစ်ဦးသည် အထက်ပါလူငယ်ကဲ့သို့သော ရှားပါးသည့်ကင်ဆာရောဂါမျိုးစွဲကပ်သည်။ ဤမိန်းကလေးနှင့်မိဘဖြစ်သူတို့သည် နာမည်ကြီးဆေးရုံတစ်ရုံမှ အထူးကုတစ်ဦးထံပြုပြင်ထားသော ဓာတုကုထုံးဖြင့်ကုသမှုခံယူရန်လက်ခံလိုက်သည်။ သို့နှင့်ပင်ဤအမှုသည် တရားရုံးသို့ရောက်သွားသည်။ တရားသူကြီးက အောက်ပါအတိုင်းရေးသားခဲ့သည်။ “D.P. ကသွေးသွင်းခြင်းကို စွမ်းအားရှိသမျှခုခံသွားမည်ဟုထွက်ဆိုသွားသည်။ သဘောမတူဘဲ သွေးသွင်းခြင်းကို မိမိကိုယ်ခန္ဓာအားစော်ကားခြင်းသဘောထားကြောင်း၊ မုဒိမ်းကျင့်ခြင်းနှင့်နှိုင်းယှဉ်တင်ပြသည်။ သူမ၏ရွေးချယ်ပိုင်ခွင့်ကိုရုံးတော်က လေးစားပါရန် တရားရုံးအမိန့်ဖြင့်သွေးသွင်းခြင်းမပြုဘဲ (ဆေးရုံတွင်) ဆက်လက်ကုသမှုခံယူခွင့်ပြုပါရန်ပန်ကြားခဲ့သည်။” သူမခံယူရရှိခဲ့သည့်ခရစ်ယာန်သွန်သင်ခြင်းသည် ယခုကဲ့သို့ခက်ခဲသောအချိန်အခါမျိုး၌ သူမအားအထောက်အကူပေးခဲ့သည်။—သီးခြားဖော်ပြချက်ရှု။

၁၈။ (က) ဝေဒနာရှင်မိန်းကလေးတစ်ယောက် သွေးသွင်းခြင်းနှင့်ပတ်သက်၍ မည်သို့ခိုင်မာစွာရပ်တည်ခဲ့သနည်း။ (ခ) သူမ၏ဆေးကုသမှုနှင့် ပတ်သက်၍တရားသူကြီးမည်သို့ဆုံးဖြတ်ချက်ချမှတ်သနည်း။

၁၈ အသက် ၁၂ နှစ်မိန်းကလေးတစ်ယောက်သည် သွေးကင်ဆာရောဂါကုသမှုခံယူနေသည်။ ကလေးစောင့်ရှောက်ရေးအေဂျင်စီတစ်ခုက သူမကိုသွေးသွင်းပေးနိုင်ရန်အတွက် ဤအမှုကိုတရားရုံးသို့တင်ပို့လိုက်သည်။ တရားသူကြီးက အောက်ပါအတိုင်းကောက်ချက်ချခဲ့သည်။ “L. ကအကယ်၍သူမကိုအတင်းအဓမ္မသွေးသွင်းဖို့ကြိုးစားလာမည်ဆိုလျှင် သွေးသွင်းခြင်းကိုစုစည်းရရှိသမျှခွန်အားနှင့် တိုက်ခိုက်တွန်းလှန်မည်ဖြစ်ကြောင်း ဤရုံးတော်သို့ရှင်းလင်းပြတ်သားစွာ အမှန်အတိုင်းလျှောက်ထားခဲ့ပြီးဖြစ်သည်။ သူမသည်ငယ်သံပါအောင်အော်ဟစ်၍ ရုန်းကန်မည့်အပြင် သွေးသွင်းအပ်နှင့်ပိုက်တို့ကို ဆွဲထုတ်ပြီး သွေးအိတ်ထဲမှသွေးကိုလည်းဖျက်ဆီးပစ်မည်ဟုပြောခဲ့သည်။ ပြောသည့်အတိုင်းလုပ်မည်ကို ကျွန်ုပ်ယုံကြည်သည်။ ဤကလေးမကို ဤမျှခံနိုင်ရန်ခက်ခဲသော စမ်းသပ်မှုမျိုးကို ခံစေခြင်းငှာအမိန့်ပေးရန်ကျွန်ုပ်ငြင်းပယ်သည်။ . . . ဤလူမမာအတွက် ဆေးရုံကအလေးပေးတင်ပြသည့် ကုသမှုမှာကိုယ်ကာယနှင့်ဆိုင်သော ရောဂါသာဖြစ်သည်။ သူမ၏စိတ်လှုပ်ရှားမှုဆိုင်ရာလိုအပ်ချက်များနှင့် ဘာသာရေးယုံကြည်ချက်များကိုအလေးပေးခြင်းမရှိချေ။”

မိဘများ—ကောင်းမွန်စွာသွန်သင်လော့

၁၉။ သားသမီးများအပေါ် မိဘများအဘယ်အထူးဝတ္တရားကျေပွန်အပ်သနည်း။

၁၉ မိသားစုအတွင်းရှိသူအားလုံး သွေးနှင့်ပတ်သက်သောဘုရားသခင့်ပညတ်တော်နှင့်အညီ နေထိုင်စေလိုသောဆန္ဒရှိသူ မိဘများအတွက်အထက်ပါတွေ့ကြုံမှုများက ဩဇာလေးနက်သောအဓိပ္ပာယ်ပါရှိသည်။ အာဗြဟံသည် ဘုရားသခင့်အဆွေတော်ဖြစ်ရသည့်အကြောင်းတစ်ခုမှာသူသည် “[ယေဟောဝါ] ၏နည်းလမ်းကို နောင်လာနောက်သားအိမ်သူအိမ်သားတို့စောင့်ရှောက်၍ တရားသဖြင့်ဖြောင့်မှန်စွာဆောင်ရွက်ကြရမည့်အကြောင်းပညတ်ထား” မည်ကိုကိုယ်တော်သိတော်မူ၍ဖြစ်သည်။ (ကမ္ဘာဦး ၁၈:၁၉၊ သမ) ယခုခေတ်ခရစ်ယာန်မိဘတို့လည်း ဤအတိုင်းမဖြစ်သင့်ပေလော။ သင်မိဘတစ်ဦးဖြစ်လျှင် သင့်ရင်နှစ်သည်းချာသားသမီးများကို ယေဟောဝါ၏နည်းလမ်းအတိုင်းလိုက်လျှောက်၍သူတို့ “မျှော်လင့်ခြင်း၏အကြောင်းကိုမေးမြန်းသောသူရှိသမျှတို့အား နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့်ပြန်ပြောခြင်းငှာ ကာလအစဉ်မပြတ်အသင့်ရှိနေကြ” ရန်သွန်သင်ပေးနေပါသလော။—၁ ပေတရု ၃:၁၅။

၂၀။ ကျွန်ုပ်တို့၏သားသမီးများအား သွေးနှင့်ပတ်သက်၍အဘယ်အကြောင်းကို သိရှိယုံကြည်ရန် ကျွန်ုပ်တို့အဓိကလိုလားသင့်သနည်း။ (ဒံယေလ ၁:၃-၁၄)

၂၀ ကျွန်ုပ်တို့၏သားသမီးများအား သွေးသွင်းခြင်းကြောင့်ဖြစ်ပွားသည့်ရောဂါအန္တရာယ်များနှင့် အခြားသေဘေးအန္တရာယ်များအကြောင်းကို သိအောင်ပြောပြထားခြင်းသည်ကောင်းသော်လည်း သွေးနှင့်ပတ်သက်သောဘုရားသခင့်စုံလင်သော ပညတ်တရားအကြောင်း သားသမီးများကို သင်ကြားပေးခြင်းသည် အဓိကအားဖြင့်သွေးကိုကြောက်ရွံ့သောစိတ်ဖြစ်ပေါ်အောင်ရည်ရွယ်ခြင်းမဟုတ်ပေ။ ဥပမာအားဖြင့်၊ တရားသူကြီးတစ်ဦးက မိန်းကလေးတစ်ဦးအားအဘယ်ကြောင့်သွေးသွင်းခြင်းကိုမလိုလားသနည်းဟုမေးသည့်အခါ သူမ၏အဖြေမှာအနှစ်သာရအားဖြင့် သွေးသည်ဘေးအန္တရာယ်များကြောင်း၊ ကြောက်စရာကောင်းကြောင်းဖြစ်နေပါက မည်သည့်အကျိုးဆက်ဖြစ်ပေါ်လာမည်နည်း။ မိဘတို့ကကောင်းမည်ထင်သော အူအတက်ခွဲစိတ်ဖြတ်တောက်ခြင်းကို ကြောက်ရွံ့သဖြင့် သူမငိုယို၍အကြောက်အကန်ငြင်းဆန်တတ်သကဲ့သို့ သူမသည်ရင့်ကျက်မှုမရှိဘဲအကြောက်လွန်ခြင်းသက်သက်ဖြစ်မည်ဟု တရားသူကြီးကကောက်ချက်ချမိပေလိမ့်မည်။ ထိုမျှမက ကျွန်ုပ်တို့စောစောကသတိပြုမိသည့်အတိုင်း ခရစ်ယာန်များသွေးသွင်းခြင်းကို အဘယ်ကြောင့်ငြင်းပယ်ရသည့်အခြေခံအကြောင်းတရားမှာ သွေးညစ်ညမ်း၍မဟုတ်ဘဲ သွေးသည်ကျွန်ုပ်တို့၏ဘုရားသခင်နှင့်အသက်သခင်အဖို့ တန်ဖိုးအနဂ္ဃထိုက်တန်သောကြောင့်သာဖြစ်သည်။ ဤအချက်ကိုကျွန်ုပ်တို့သားသမီးများသိထားသင့်သည်။ ၄င်းပြင်သွေးကြောင့်ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များအကြောင်းကိုလည်း သိထားမည်ဆိုလျှင်ကျွန်ုပ်တို့၏ဘာသာရေးရပ်တည်ချက်ကို ပိုမိုခိုင်မာစေနိုင်ပေသည်။

၂၁။ (က) မိဘတို့သည် မိမိတို့၏သားသမီးများနှင့် သွေးဆိုင်ရာသမ္မာကျမ်းစာအမြင်နှင့်ပတ်သက်၍ အဘယ်အကြောင်းကိုသိရှိသင့်သနည်း။ (ခ) သွေးနှင့်စပ်လျဉ်း၍သားသမီးများအား မိဘများမည်သို့ကူညီပေးနိုင်သနည်း။

၂၁ သင်၌သားသမီးများရှိလျှင် သူတို့သည်သွေးနှင့်ပတ်သက်သောသမ္မာကျမ်းစာအခြေပြုရပ်တည်ချက်ကို သဘောတူကြောင်း၊ ရှင်းပြနိုင်ကြောင်း သင်အသေအချာပြောနိုင်သလော။ ဤရပ်တည်ချက်မှာ ဘုရားသခင့်အလိုတော်ဖြစ်ကြောင်း သူတို့အမှန်ပင်ယုံကြည်ပါသလော။ ဘုရားသခင့်ပညတ်တော်များကို ချိုးဖောက်လျှင်ခရစ်ယာန်တစ်ဦး၏ထာဝရအသက်မျှော်လင့်ချက်ကို ထိခိုက်နိုင်သည်အထိအပြစ်ကြီးလေးကြောင်းကို သူတို့ကောင်းစွာသဘောပေါက်ပါသလော။ ပညာရှိသောမိဘတို့သည် မိမိတို့သားသမီးများအလွန်ငယ်ရွယ်သည်ဖြစ်စေ၊ အရွယ်ရောက်နှင့်ပြီးဖြစ်စေ သူတို့နှင့်ဤအကြောင်းတို့ကို ပြန်လည်စဉ်းစားသုံးသပ်ကြပေမည်။ မိဘတို့အနေဖြင့် တရားသူကြီး သို့မဟုတ် ဆေးရုံဝန်ထမ်းတစ်ဦးမေးတတ်သည့်မေးခွန်းများကို လူငယ်တစ်ဦးစီအား ရင်ဆိုင်ဖြေရှင်းစေသည့် လက်တွေ့လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပေသည်။ ပန်းတိုင်မှာရွေးချယ်ထားသောအချက်အလက်များ၊ အဖြေများကိုလူငယ်တစ်ဦး အလွတ်ကျက်၍လိုက်ဆိုခြင်းမဟုတ်ပေ။ သူတို့ ဘာကိုယုံကြည်၍ အဘယ်ကြောင့်ထိုသို့ယုံကြည်ကြောင်းကို သိရှိထားရန်ပိုအရေးကြီးသည်။ သို့သော်အမှုကြားနာစစ်ဆေးစဉ်တွင် မိဘ သို့မဟုတ် အခြားသူတို့အနေဖြင့်သွေးကြောင့်ဖြစ်ပွားသည့်အန္တရာယ်များအကြောင်းနှင့် ရွေးချယ်နိုင်သည့်အခြားကုထုံးများအကြောင်းတို့ကို တင်ပြနိုင်သည်မှာမှန်ပါသည်။ သို့ရာတွင်တရားသူကြီး သို့မဟုတ် ဝန်ထမ်းတစ်ဦး ကျွန်ုပ်တို့သားသမီးများနှင့်စကားပြောဆိုရာမှ သူတို့သိလိုသည့်အချက်မှာ ကျွန်ုပ်တို့သားသမီးများ၏အခြေအနေ၊ ရွေးချယ်မှုနှင့်ပတ်သက်၍ သူတို့ကိုယ်တိုင်စေ့စေ့ငုငု နားလည်မလည်၊ ကိုယ်ပိုင်အာဘော်နှင့်ခံယူချက်အခိုင်အမာရှိမရှိ ဟူသောအချက်ဖြစ်သည်။—၄ ဓမ္မရာဇဝင် ၅:၁-၄ နှင့်နှိုင်းယှဉ်။

၂၂။ ကျွန်ုပ်တို့သည် သွေးနှင့်စပ်လျဉ်း၍ ဘုရားရှင်၏သွန်သင်မှုခံရခြင်းက မည်သည့်ထာဝရရလဒ်ကိုဖြစ်စေနိုင်သနည်း။

၂၂ သွေးအပေါ်ဘုရားသခင်ထားရှိသော အမြင်သဘောထားကို ကျွန်ုပ်တို့အပေါင်းလေးမြတ်၍ ဦးလည်မသုန်ထောက်ခံဖို့လိုသည်။ ဗျာဒိတ် ၁:၅ ၌ခရစ်တော်အား ‘ငါတို့ကိုချစ်၍အသွေးတော်ဖြင့်ငါတို့ကိုအပြစ်များမှလွှတ်’ တော်မူသောအရှင်အဖြစ်ဖော်ပြထားသည်။ ယေရှု၏အသွေးတော်တန်ဖိုးကို လက်ခံမှသာလျှင် ကျွန်ုပ်တို့၏အပြစ်များ ထာဝစဉ်အကြွင်းမဲ့ဖြေလွှတ်ခြင်းရရှိနိုင်သည်။ “သို့ဖြစ်၍ ယခုတွင်အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သဖြင့် ထိုအရှင်ကြောင့်အမျက်တော်မှ ကယ်ချွတ်တော်မူခြင်းသို့ သာ၍ရောက်ကြလိမ့်မည်” ဟူ၍ရောမ ၅:၉ ၌ရှင်းလင်းစွာဆိုထား၏။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏သားသမီးတို့အနေဖြင့် ဤကိစ္စတွင်ယေဟောဝါ၏သွန်သင်ခြင်းကို ခံယူ၍ကိုယ်တော့်နည်းလမ်းတော်တွင် ထာဝစဉ်လိုက်လျှောက်ရန်ဓိဌာန်ကြလျှင်မည်မျှ ပညာရှိရာရောက်မည်တကား။

[အောက်ခြေမှတ်ချက်များ]

a နယူးယောက်ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသည့် How Can Blood Save Your Life စာစောင်၊ စာမျက်နှာ ၂၁-၂၊ ၂၈-၃၁ ရှု။

သွန်သင်ခြင်းသော့ချက်များ

▫ ယေဟောဝါ၏သွန်သင်မှု ခံယူခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့အဘယ်အမြင်သဘောထားရှိအပ်သနည်း။

▫ သွေးဆိုင်ရာဘုရားသခင့်ပညတ်တော်နာခံခြင်းသည် အဘယ်ကြောင့်ဤမျှအရေးကြီးသနည်း။

▫ လူငယ်များအနေဖြင့် သွေးနှင့်ပတ်သက်သောမိမိတို့၏ခံယူချက်ကို ရှင်းလင်းပြတ်သားခိုင်မာစွာရှင်းပြတတ်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။

▫ ခရစ်ယာန်မိဘများအနေဖြင့် မိမိတို့သားသမီးများအား သွေးဆိုင်ရာယေဟောဝါ၏ပညတ်တော်အကြောင်း ကောင်းစွာသွန်သင်မှုခံယူနိုင်ရန် မည်သို့ကူညီပေးနိုင်သနည်း။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]

တရားရုံးကအံ့သြချီးမွမ်း

အပိုဒ် ၁၇ ၌ဖော်ပြသော D.P. နှင့်ပတ်သက်၍တရားရုံးဆုံးဖြတ်ချက်၌မည်သို့ဆိုထားသနည်း။

“တရားရုံးသည် ဤ ၁၄ နှစ်ခွဲရှိသောကလေးမ၏ဉာဏ်ထက်မြက်မှု၊ တည်ငြိမ်မှု၊ ဣန္ဒြေရှိမှုနှင့် အားမာန်ပြည့်ဝမှုတို့ကြောင့် အံ့သြချီးမွမ်းမိသည်။ သူမသည် အသက်အန္တရာယ်ရှိသော ကင်ဆာရောဂါရှိကြောင်းသိရှိခြင်းဖြင့် မခံမရပ်နိုင်အောင်စိတ်ဆင်းရဲခဲ့ပေမည်။ . . . သို့တစေ၊ ရင့်ကျက်မှုရှိသော ဤကလေးမသည် သက်သေခံရန်ရုံးတော်သို့အရောက်လာခဲ့သည်။ သူမသည် အကြံပေးစက်ရှင်အားလုံးကို တက်ရောက်ခဲ့သည်။ ကုသနည်းတစ်မျိုးကို ခံယူရန်သဘောတူခဲ့သည်။ ပုထုဇဉ်လူသားတစ်ယောက်အနေနှင့် ဤဆေးကုသမှုဆိုင်ရာစိန်ခေါ်မှုကို သူမမည်သို့ရင်ဆိုင်မည့်အကြောင်း ရှေ့နောက်ညီညွတ်စွာဓမ္မဓိဌာန်ကျကျ တင်ပြသွားသည့်ပြင် ‘ကျွန်မ၏ဆုံးဖြတ်ချက်ကိုလေးစားပါ’ ဟူသောထိခိုက်စူးရှသောတောင်းဆိုချက်ဖြင့် ရုံးတော်သို့လာခဲ့သည်. . .

“D.P. သည်ရင့်ကျက်မှုရှိသည့်အပြင် သူမ၏ဆုံးဖြတ်ချက်ကို ရုံးတော်က လေးစားရအောင်လည်း ယုတ္တိယုတ္တာအလုံအလောက်တင်ပြခဲ့သည်။ သွေးသွင်းခြင်းပါဝင်သည့် ကုသနည်းဖြင့် ကုသပါကသူမသည် ဝိညာဏ၊ စိတ္တ၊ စာရိတ္တနှင့် စိတ်လှုပ်ရှားမှုဘက်တွင် ထိခိုက်နစ်နာမှုဖြစ်ပွားနိုင်သည်။ သူမရွေးချယ်သည့် ကုသနည်းကိုရုံးတော်က လေးစားပါမည်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ