ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၃/၁ စာ. ၁၃-၁၈
  • အလင်း၏သားသမီးများအဖြစ် ဆက်လက်လျှောက်လှမ်းလေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလင်း၏သားသမီးများအဖြစ် ဆက်လက်လျှောက်လှမ်းလေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်တော်အကြောင်းကိုသင်ယူလေ
  • “ဥပဓိရုပ်ဟောင်းကိုစွန့်ပစ်လော့”
  • “စိတ်၏သဘော” အသစ်
  • “ဥပဓိရုပ်သစ်ကိုဝတ်ဆင်”
  • “အလင်း၏သားသမီးများကဲ့သို့ဆက်လက်လျှောက်လှမ်းကြ”
  • “ဥပဓိရုပ်သစ်ကိုယူတင်ဝတ်ဆောင်လော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • “အလင်း၏ လက်နက်စုံကိုဝတ်ဆင်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ‘ဘုရားသခင့်နှုတ်မြွက်စကားတော်သည် အသက်ရှင်၏’
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • နှစ်ခြင်းခံပြီးနောက် “စရိုက်သစ်” ကို ဆက်ဝတ်ဆင်နေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၃/၁ စာ. ၁၃-၁၈

အလင်း၏သားသမီးများအဖြစ် ဆက်လက်လျှောက်လှမ်းလေ

“စစ်မှန်သောဖြောင့်မတ်ခြင်းနှင့်သစ္စာစောင့်ခြင်းအားဖြင့် ဘုရားသခင်၏အလိုတော်နှင့်အညီ ဖန်ဆင်းခံရသော ဥပဓိရုပ်သစ်ကို ဝတ်ဆင်ကြလော့။”—ဧဖက် ၄:၂၄၊ ကဘ။

၁ ယေဟောဝါအားဝတ်ပြုသူများသည် မည်သည့်အရာဖြင့်ကောင်းချီးခံစားနေကြရသနည်း။ အဘယ့်ကြောင့်နည်း။

ယေဟောဝါသည် “အလင်းတို့၏အဘ” ဖြစ်တော်မူပြီး“ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။” (ယာကုပ် ၁:၁၇။ ၁ ယောဟန် ၁:၅၊ ကဘ) ကိုယ်တော့်သားတော်ယေရှုခရစ်က မိမိကိုယ်ကို ဤသို့ဆိုခဲ့သည်။ “ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌မသွားမလာ၊ အသက်၏အလင်းကိုရလိမ့်မည်။” (ယောဟန် ၈:၁၂) ယေဟောဝါအားဝတ်ပြုကိုးကွယ်သူအစစ်အမှန်များ၊ ကိုယ်တော့်သားတော်၏နောက်တော်လိုက်များသည် စိတ်ပိုင်း၊ စာရိတ္တပိုင်းနှင့် ဝိညာဏပိုင်းဆိုင်ရာအလင်းထွန်းလင်းပေးခြင်းခံရကြကာ သူတို့သည် “ဤလောကတွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေကြသည်။”—ဖိလိပ္ပိ ၂:၁၅၊ ကဘ။

၂။ ဘုရားသခင်၏လူများနှင့် လောက၏ကွာခြားမှုကို မည်သို့ကြိုတင်ဟောပြောထားသနည်း။

၂ ရှေးအချိန်က ပရောဖက်ဟေရှာယသည် ဤဆန့်ကျင်ဘက်အကြောင်းကို တင်ကူးပြောကြားရန် မှုတ်သွင်းခံခဲ့ရသည်။ “ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကိုဖုံးလွှမ်းလိမ့်မည်။ ထူထပ်သောမှောင်မိုက်သည် လူများကိုဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း သင်၏အပေါ်မှာ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ပေါ်ထွန်းတော်မူ၍ ဘုန်းတော်သည် သင်၏အပေါ်မှာထင်ရှားလျက်ရှိလိမ့်မည်။” အမှန်မူ လူသားတစ်ရပ်လုံးသည် ဘုရားသခင်နှင့်ကင်းကွာနေခြင်းဟုပြောရာတွင် “လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်း” တို့၏ တန်ခိုးနှင့်ဩဇာအောက်တွင်ရောက်နေသည့်အဖြစ်ကို ဖော်ပြခြင်းပင်ဖြစ်သည်။—ဟေရှာယ ၆၀:၂။ ဧဖက် ၆:၁၂။

၃။ မည်သည့်အကြောင်းကြောင့် ပေါလု၏အချိန်တန်ဆုံးမစကားကို ကျွန်ုပ်တို့ထက်သန်စွာစိတ်ဝင်စားကြသနည်း။

၃ တမန်တော်ပေါလုသည် ထိုမှောင်မိုက်မှ မိမိ၏ခရစ်ယာန်ချင်းတို့လွတ်မြောက်နေရေးအတွက် အလွန်ရတက်မအေးဖြစ်ခဲ့ရသည်။ “လူမျိုးများလျှောက်သည့်လမ်းစဉ်အတိုင်း မလိုက်လျှောက်ကြတော့” ဘဲ “အလင်း၏သားသမီးများအဖြစ်ဆက်လက်လျှောက်လှမ်း” ကြရန် ပေါလုတိုက်တွန်းခဲ့သည်။ (ဧဖက် ၄:၁၇။ ၅:၈၊ ကဘ) ယင်းကိုပြုရာတွင် မည်သို့အောင်မြင်နိုင်ကြောင်းကိုပါ သူရှင်းပြခဲ့သည်။ ယနေ့တွင် လူမျိုးများကိုဖုံးအုပ်သောအမှောင်နှင့်အရိပ်ကျခြင်းသည် ပို၍ထူထပ်လာသည်။ လောကသည် စာရိတ္တနှင့်ဝိညာဏဆိုင်ရာဖောက်ပြန်ယိုယွင်းမှုနွံထဲတွင် နစ်သထက်နစ်လာသည်။ ယေဟောဝါကိုဝတ်ပြုသူများသည် တိုး၍တိုး၍ကြောက်မက်ဖွယ်ကောင်းသောစစ်ပွဲကို တိုက်ခိုက်ရန်ရှိသည်။ ထို့ကြောင့် ပေါလုပြောသည့်စကားကို ကျွန်ုပ်တို့အလွန်အမင်းစိတ်ဝင်စားနေကြခြင်းဖြစ်သည်။

ခရစ်တော်အကြောင်းကိုသင်ယူလေ

၄။ “ထိုသို့ဖြစ်စေခြင်းငှာ သင်တို့သည် ခရစ်တော်တရားကိုသင်ကြပြီမဟုတ်” ဟုပေါလုပြောရာတွင် သူဘာကိုရည်မှတ်၍ပြောနေခြင်းဖြစ်သနည်း။

၄ အကျိုးမပေးသောလိုက်စားမှုများနှင့် လောက၏ညစ်ညူးမှုများအကြောင်းပြောဆိုပြီးသောအခါ တမန်တော်ပေါလုသည် ဧဖက်မြို့ရှိခရစ်ယာန်ချင်းတို့ထံ အာရုံပြန်လှည့်လိုက်သည်။ (ဧဖက် ၄:၂၀၊ ၂၁ ကိုကျေးဇူးပြု၍ဖတ်ပါ) ထိုမြို့တွင် ပေါလုသည် သုံးနှစ်ကြာဟောပြောသွန်သင်မှုပြုခဲ့ရာ အသင်းတော်ရှိလူများစွာနှင့် ပုဂ္ဂိုလ်ရေးအရ သူအကျွမ်းတဝင်ဖြစ်ခဲ့ပေမည်။ (တမန်တော် ၂၀:၃၁-၃၅) ထို့ကြောင့် “ထိုသို့ဖြစ်စေခြင်းငှာ သင်တို့သည် ခရစ်တော်တရားကိုသင်ကြပြီမဟုတ်ဘဲ” ဟုပြောရာတွင် အခန်းငယ် ၁၇ မှ ၁၉ တွင်ဖော်ပြထားသည့် ကြီးလေးသောအကျင့်ဖောက်ပြန်မှုများကို ခွင့်ပြုသည်းခံသည့် ပေါက်လွတ်ပဲစားဖြစ်သော၊ ရေထိုးထားသော သမ္မာတရားမျိုးကို ဧဖက်မြို့ရှိခရစ်ယာန်များသွန်သင်မခံခဲ့ရကြောင်း သူ၏ကိုယ်တွေ့အဖြစ်ကိုဖော်ပြနေခြင်းဖြစ်သည်။ သူတို့သည် ခရစ်တော်ယေရှုပုံတင်ပြခဲ့သော စစ်မှန်သည့်ခရစ်ယာန်လမ်းစဉ်ကို တိကျမှန်ကန်စွာသွန်သင်ခံခဲ့ရကြောင်း သူသိခဲ့သည်။ ထိုအကြောင်းကြောင့် သူတို့သည် လူမျိုးများလျှောက်သည့်လမ်းစဉ်အတိုင်း မလိုက်လျှောက်ကြတော့ဘဲ အလင်း၏သားသမီးများဖြစ်ခဲ့ကြသည်။

၅။ သမ္မာတရားတွင်အပေါ်ယံကြောရှိနေခြင်းနှင့် ကျွန်ုပ်တို့အထဲတွင်သမ္မာတရားရှိခြင်းက မည်သို့ကွာခြားသနည်း။

၅ တော်လျော်သည့်သဘောဖြင့် “ခရစ်တော်အကြောင်းကိုသင်ယူ” ရန် မည်မျှအရေးကြီးလှသည်တကား။ ခရစ်တော်အကြောင်းမှားယွင်းစွာသင်ယူရန် နည်းများရှိပါသလော။ အမှန်ပင်ရှိပါသည်။ အစောပိုင်းတွင် ဧဖက် ၄:၁၄ ၌ “သူတစ်ပါးတို့သည် လူ့ပရိယာယ်နှင့် အပြစ်သို့သွေးဆောင်ခြင်းငှာ လှည့်ဖြားပြောဆိုသဖြင့် ငါတို့သည် နောက်တစ်ဖန်ခပ်သိမ်းသောသြဝါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားသောသူငယ်မဖြစ်” ရန် ညီအစ်ကိုများအား ပေါလုသတိပေးခဲ့သည်။ ခရစ်တော်၏အကြောင်းကိုသင်ယူခဲ့ရသော်လည်း လောကလမ်းစဉ်အတိုင်းလျှောက်မြဲလျှောက်ကာ အခြားသူများကိုလည်း ထိုအတိုင်းလိုက်လျှောက်ရန် သွေးဆောင်သောသူအချို့ရှိခဲ့သည်မှာ ထင်ရှားသည်။ အချို့သူများပြောသကဲ့သို့ ကျွန်ုပ်တို့အထဲတွင်သမ္မာတရားရှိခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့သည်သမ္မာတရားထဲတွင်ရှိရုံမျှရှိခြင်းသည် အန္တရာယ်ရှိကြောင်းယင်းကဖော်ပြပါသလော။ ပေါလုအချိန်က အပေါ်ယံကြောအသိပညာမျှသာရှိသူများသည် အခြားသူများ၏ဆွဲဆောင်မှုနောက်သို့ အလွယ်တကူလျင်မြန်စွာလိုက်ပါတတ်ကြသည်။ ယနေ့လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ ယင်းကိုတားဆီးရန် ဧဖက်မြို့သားများသည် ‘ခရစ်တော်အကြောင်းကြားနာရပြီး ယေရှုအားဖြင့်သွန်သင်ခံရ’ ရန် လိုအပ်ခဲ့ကြောင်း ပေါလုဆက်ပြောသည်။—ဧဖက် ၄:၂၁။

၆။ ယနေ့ကျွန်ုပ်တို့သည် ခရစ်တော်အားဖြင့် မည်သို့သင်ယူ၊ ကြားနာ၊ သွန်သင်ခံရနိုင်ကြသနည်း။

၆ ပေါလုအသုံးပြုသော “သင်ယူရန်”၊ “ကြားနာရန်” နှင့် “သင်ကြားခံရရန်” ဟူသည့်အသုံးအနှုန်းများသည် ကျောင်းတစ်ကျောင်းတွင်ကဲ့သို့ လေ့လာခြင်းနှင့်သင်ကြားပို့ချခြင်းအစီအစဉ်များနှင့်သက်ဆိုင်သည်။ ယနေ့ကျွန်ုပ်တို့သည် ယေရှုကိုယ်တော်တိုင်ထံမှ တိုက်ရိုက် မကြားနာ၊ မသင်ယူ၊ သင်ကြားမခံရနိုင်ပါ။ သို့သော် ကိုယ်တော်သည် မိမိ၏ “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် အပြည်ပြည်ဆိုင်ရာကျမ်းစာပညာပေးအစီအစဉ်ကို ပြုလုပ်နေသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ။ ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့သည် ကျွန်အတန်းအစားမှကျွေးမွေးသော ဝိညာဏအစာများကိုမှန်မှန်စားသုံးခြင်း၊ တစ်ဦးချင်းသော်လည်းကောင်း၊ အသင်းတော်၌သော်လည်းကောင်း မှန်မှန်လေ့လာမှုပြုခြင်း၊ ယင်းတို့ကိုတွေးတောဆင်ခြင်ခြင်း၊ သင်ယူသိရှိရသည့်အရာများကို လက်တွေ့ကျင့်သုံးခြင်းများအားဖြင့် နည်းမှန်လမ်းကျနှင့် တိကျမှန်ကန်စွာ “ခရစ်တော်အကြောင်းသင်ယူ” နိုင်ကြသည်။ “ကိုယ်တော်အားကြားနာ၍ ကိုယ်တော်အားဖြင့်သွန်သင်ခံရ” သည်ဟုကျွန်ုပ်တို့ရိုးသားစွာပြောနိုင်ရန်အတွက် ပြင်ဆင်ကျွေးမွေးထားသည့်အရာများကို ကျွန်ုပ်တို့အပြည့်အဝအသုံးပြုကြောင်းသေချာစေကြစို့။

၇။ “ယေရှု၌သမ္မာတရားရှိသည်” ဟူသောပေါလု၏စကားတွင် မည်သည့်ထင်ရှားချက်ကိုတွေ့နိုင်သနည်း။

၇ သင်ယူမှုအစီအစဉ်အကြောင်းအထူးပြုဖော်ပြပြီးနောက် ဧဖက် ၄:၂၁ (ယုဒသန်၌ အငယ် ၂၄) တွင် “ယေရှု၌သမ္မာတရားရှိသည်နှင့်အညီ” ဟုပေါလုဆက်ပြောသည့်စကားမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ အချို့သောကျမ်းစာဝေဖန်သုံးသပ်သူများက ပေါလု၏အရေးအသားများတွင် ယေရှု၏ကိုယ်ပိုင်အမည်ကိုသူသုံးခဲကြောင်း အာရုံပြုစေကြသည်။ ယင်းသည် ဧဖက်မြို့သို့ရေးသည့်စာတွင် တစ်ခုတည်းသောဥပမာဖြစ်သည်။ ယင်းတွင် ထူးခြားသောဝိသေသရှိပါသလော။ ပေါလုက လူသားအဖြစ်တွင်တင်ပြခဲ့သောယေရှု၏ပုံသက်သေကို အာရုံစိုက်ရန်ပြောခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။ တစ်ခါက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏” ဟု မိမိနှင့်ပတ်သက်၍ယေရှုပြောခဲ့သည်ကို ပြန်သတိရပါ။ (ယောဟန် ၁၄:၆။ ကောလောသဲ ၂:၃) ယေရှုက “ငါသည် . . . သမ္မာတရားလည်း ဖြစ် ၏” ဟုပြောရခြင်းမှာ ယင်းကို ကိုယ်တော်ပြောရုံ၊ သွန်သင်ရုံမျှမဟုတ်ဘဲ ယင်းနှင့်အညီအသက်ရှင်ခဲ့ပြီး ယင်းကိုကိုယ်တိုင်ပြုမူကျင့်ကြံပြခဲ့သည်။ မှန်ပါသည်။ စစ်မှန်သောခရစ်ယာန်လမ်းစဉ်သည် အတွေးအခေါ်သက်သက်မျှသာမဟုတ်ဘဲ ဘဝလမ်းစဉ်ဖြစ်သည်။ “ခရစ်တော်အကြောင်းသင်ယူခြင်း” တွင် သမ္မာတရားနှင့်အညီကိုယ်တော်နေထိုင်ခဲ့ခြင်းကို တုပရန်သင်ယူခြင်းပါဝင်သည်။ သင့်အသက်တာကို ခရစ်တော်၏နောက်လိုက်ရန်ချမှတ်ထားသလော။ နေ့စဉ် ကိုယ်တော့်ခြေတော်ရာများကို သင်အနီးကပ်လိုက်လျှောက်နေပါသလော။ သို့ပြုခြင်းအားဖြင့်သာလျှင် အလင်း၏သားသမီးများအဖြစ် ကျွန်ုပ်တို့ဆက်လက်လျှောက်လှမ်းနိုင်ကြမည်ဖြစ်သည်။

“ဥပဓိရုပ်ဟောင်းကိုစွန့်ပစ်လော့”

၈။ ဧဖက် ၄:၂၂၊ ၂၄ တွင် ပေါလုမည်သည့်ပုံဥပမာကိုသုံးပြီး ယင်းသည် အဘယ့်ကြောင့်ဆီလျော်သနည်း။

၈ ကျွန်ုပ်တို့သည် မည်သို့အောင်မြင်စွာ “ခရစ်တော်အကြောင်းသင်ယူ” ပြီး အလင်း၏သားသမီးများအဖြစ်လျှောက်လှမ်းနိုင်ကြောင်းကို တင်ပြရန် ဧဖက် ၄:၂၂-၂၄ တွင် ပေါလုက ကျွန်ုပ်တို့လိုက်နာရမည့်အဆင့်သုံးဆင့်ရှိကြောင်းဆက်ပြောသည်။ ပထမအဆင့်မှာ “ယခင်အကျင့်လမ်းစဉ်ဟောင်းနှင့် လှည့်ဖြားတတ်သောအလိုရမ္မက်များဖြင့် ပုပ်ပျက်သည့်ပုံစံဝင်စေသော ဥပဓိရုပ်ဟောင်းကို စွန့်ပစ်သင့်သည်။” (ဧဖက် ၄:၂၂၊ ကဘ) “စွန့်ပစ်” (ချွတ်ပစ်၊ Kingdom Interlinear) နှင့် “ဝတ်ဆင်” (အခန်းငယ် ၂၄) ဟူသောဖော်ပြချက်သည် အဝတ်တစ်ခုကိုချွတ်ခြင်း၊ ဝတ်ခြင်းကို စိတ်တွင်မြင်ယောင်လာစေသည့်အချက်ဖြစ်သည်။ ယင်းသို့တင်စားမှုကို ပေါလု မကြာခဏအသုံးပြုလေ့ရှိပြီး အလွန်ထိရောက်သောအသုံးအနှုန်းဖြစ်သည်။ (ရောမ ၁၃:၁၂၊ ၁၄။ ဧဖက် ၆:၁၁-၁၇။ ကောလောသဲ ၃:၈-၁၂။ ၁ သက်သာလောနိတ် ၅:၈) အစာစားချိန်တွင်ကဲ့သို့ ကျွန်ုပ်တို့၏အဝတ်အထည်ညစ်ပေသွားသည် သို့မဟုတ် စွန်းထင်းသွားသည်ဆိုလျှင် အခွင့်အရေးရသည်နှင့် ယင်းကိုကျွန်ုပ်တို့လဲလိုက်ပေမည်။ ကျွန်ုပ်တို့၏ဝိညာဏအခြေအနေညစ်ပေမှုတစ်ခုခုအတွက်လည်း ထပ်တူကြောင့်ကြမှုမပြသင့်ပေလော။

၉။ လူတစ်ဦးသည် မည်သည့်နည်းဖြင့် ဥပဓိရုပ်ဟောင်းကို စွန့်ပယ်ပစ်သနည်း။

၉ သို့ဆိုလျှင် လူတစ်ဦးသည် ဥပဓိရုပ်ဟောင်းကို မည်သို့ချွတ်ပစ်နိုင်သနည်း။ မူရင်းဘာသာစကားတွင် “စွန့်ပစ်” ဟူသောကြိယာကို တစ်ကြိမ်တည်းနှင့်အပြီးဖြစ်သည့်ကာလပုံစံနှင့် အသုံးပြုထားသည်။ ယင်းက တစ်ကြိမ်တည်းသော၊ တစ်ကြိမ်တည်းနှင့်အပြီးဖြစ်စေသောလုပ်ရပ်ကို ညွှန်ပြသည်။ ယင်းက “ယခင်အကျင့်ဟောင်းလမ်းစဉ်” နှင့်အတူ “ဥပဓိရုပ်ဟောင်း” (“လူဟောင်း”၊ Kingdom Interlinear) ကို တိကျခိုင်မာပြတ်သားသောဆုံးဖြတ်ချက်ဖြင့် တစ်ခုမကျန်၊ အကြွင်းမဲ့စွန့်ပစ်ရန်ပြောနေခြင်းဖြစ်သည်။ ယင်းသည် ကျွန်ုပ်တို့တွေးတွေးဆဆ သို့မဟုတ် နှေးကွေးလေးကန်စွာဖြင့် အောင်မြင်စွာပြုနိုင်သည့်အရာမဟုတ်ပါ။ အဘယ့်ကြောင့်နည်း။

၁၀။ ဥပဓိရုပ်ဟောင်းကိုစွန့်ပစ်ရာတွင် လူတစ်ဦးသည် အဘယ့်ကြောင့်ခိုင်မာပြတ်သားရမည်နည်း။

၁၀ “ပုပ်ပျက်စေသော” ဟူသည့်အသုံးအနှုန်းက “လူဟောင်း” သည် အဆိုးဆုံးအခြေအနေသို့တိုး၍ဆိုးလာသော၊ ဆက်လက်၍တိုးတက်ဖြစ်ပေါ်သော အကျင့်စာရိတ္တကျဆင်းမှုလမ်းစဉ်တွင် ရှိနေကြောင်းကိုဖော်ပြသည်။ အမှန်မှာ ဝိညာဏထွန်းလင်းမှုကိုလက်မခံကြသောကြောင့် လူသားတစ်ရပ်လုံးသည် အောက်သို့ထိုးဆင်းနေသည့်အခြေတွင်ရှိနေကြသည်။ ယင်းကား “လှည့်ဖြားတတ်သောအလိုရမ္မက်” များ၏ရလဒ်ဖြစ်သည်ဟု ပေါလုပြောခဲ့သည်။ သွေးသားရမ္မက်များသည် လှည့်ဖြားတတ်သည်။ အကြောင်းမှာ ယင်းတို့သည် ဘေးကင်းပုံပေါက်နိုင်သော်လည်း အဆုံးတွင် ပျက်စီးစေတတ်သောကြောင့်ဖြစ်သည်။ (ဟေဗြဲ ၃:၁၃) သတိမထားပါက ယုတ်ညံ့ညစ်ညမ်းမှုနှင့်သေခြင်းတွင် နိဂုံးချုပ်ရမည်သာဖြစ်သည်။ (ရောမ ၆:၂၁။ ၈:၁၃) ထို့ကြောင့် ဟောင်းနွမ်းညစ်ထည်းနေသောအဝတ်ဟောင်းကို ချွတ်ပစ်သကဲ့သို့ ဥပဓိရုပ်ဟောင်းကို အကြွင်းမဲ့ပြတ်ပြတ်သားသားစွန့်ပစ်၊ ခွာချွတ်ပစ်ရမည်။

“စိတ်၏သဘော” အသစ်

၁၁။ ဝိညာဉ်ရေးအရအသစ်ဖြစ်ခြင်းသည် မည်သည့်နေရာမှအစပြုရမည်နည်း။

၁၁ ဗွက်အိုင်ထဲမှတက်လာသူသည် ညစ်ပေနေသောအင်္ကျီကိုချွတ်ရန်သာမက သန့်ရှင်းစင်ကြယ်သောအဝတ်ကိုမဝတ်မီ ကိုယ်ကိုကောင်းမွန်စွာဆေးကြောသန့်စင်ရန်လိုအပ်သည်။ ဝိညာဏထွန်းလင်းမှုအတွက်ဒုတိယခြေလှမ်းအဖြစ် ထိုအတိုင်းပင်ပေါလုပေါ်လွင်စေခဲ့သည်။ “သင်တို့စိတ်ကိုလှုံ့ဆော်သောစွမ်းအား,အားဖြင့် အသစ်ပြုပြင်ခံသင့်သည်။” (ဧဖက် ၄:၂၃၊ကဘ) အပိုဒ် ၁၇ နှင့် ၁၈ တွင်သူထောက်ပြခဲ့သည့်အတိုင်း လူမျိုးများသည် “သူတို့စိတ်၏အကျိုးမပေးမှု” ဖြင့်လျှောက်လှမ်းနေကြပြီး “စိတ်ပိုင်းဆိုင်ရာအမှောင်” တွင်ကျရောက်နေကြသည်။ ဆင်ခြင်တုံတရားအရ ပိုင်းခြားဝေဖန်မှုနှင့် သိနားလည်မှု၏အချက်အချာဖြစ်သော စိတ်သည်သာလျှင် အသစ်တစ်ဖန်စတင်ရမည့်နေရာဖြစ်သည်။ ယင်းကိုမည်သို့ပြုလုပ်နိုင်မည်နည်း။ ကျွန်ုပ်တို့၏စိတ်အားလှုံ့ဆော်သောစွမ်းအားကို အသစ်ပြုခြင်းအားဖြင့်ဖြစ်ကြောင်း ပေါလုရှင်းပြသည်။ ထိုစွမ်းအားကားအဘယ်နည်း။

၁၂။ စိတ်ကိုလှုံ့ဆော်သောစွမ်းအားကား အဘယ်နည်း။

၁၂ ပေါလုဖော်ပြသည့် ကျွန်ုပ်တို့၏စိတ်ကိုလှုံ့ဆော်သည့်စွမ်းအားကား သန့်ရှင်းသောဝိညာဉ်တော်လော။ မဟုတ်ပါ။ “သင်တို့စိတ်ကိုလှုံ့ဆော်သောစွမ်းအား” ဟူသော ပေါလုပြောသည့်စကားစုသည် စာသားအရ “သင့်စိတ်၏သဘောထား” ဟူ၍ကျွန်ုပ်တို့ဖတ်ရသည်။ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် လူသားတစ်ဦးတစ်ယောက် သို့မဟုတ် လူ့အစိတ်အပိုင်းတစ်ရပ်ရပ်၏ ပိုင်ဆိုင်ရာအဖြစ် သမ္မာကျမ်းစာတွင် မည်သည့်နေရာ၌မျှဖော်ပြထားခြင်းမရှိပါ။“ဝိညာဉ်” ဟူသည့်ဝေါဟာရသည် အခြေခံအားဖြင့် “အသက်” ဟူသောအဓိပ္ပာယ်ရသည်။ သို့သော် သမ္မာကျမ်းစာတွင် “လူတစ်ဦးကို သဘောထား၊ စိတ်သဘော သို့မဟုတ် စိတ်လှုပ်ရှားမှုတစ်ခုခုကိုဖော်ပြစေသော သို့မဟုတ် လုပ်ရပ်တစ်ခု သို့မဟုတ် အစီအစဉ်တစ်ခုကိုပြုလုပ်စေသော စွမ်းအားကိုသတ်မှတ်ဖော်ပြရန်” လည်း အသုံးပြုသည်။ (Insight on the Scriptures, အတွဲ ၂၊ စာမျက်နှာ ၁၀၂၆) ထို့ကြောင့် “စိတ်၏သဘော” သည် ကျွန်ုပ်တို့၏စိတ်ဦးတည်ခြင်းနှင့်တိမ်းညွှတ်ခြင်းကို တွန်းအားပေးသော သို့မဟုတ် လှုံ့ဆော်သောစွမ်းအားဖြစ်သည်။

၁၃။ ကျွန်ုပ်တို့၏စိတ်တိမ်းညွှတ်ရာကို အဘယ့်ကြောင့်အသစ်ပြုခံရမည်နည်း။

၁၃ မစုံလင်သောစိတ်၏ ဦးတည်ခြင်းနှင့်တိမ်းညွှတ်ခြင်းတို့သည် ကိုယ်ကာယနှင့် ရုပ်ပစ္စည်းများအပေါ်တွင်သာဖြစ်သည်။ (ဒေသနာ ၇:၂၀။ ၁ ကောရိန္သု ၂:၁၄။ ကောလောသဲ ၁:၂၁။ ၂:၁၈) လူတစ်ဦးသည် ဥပဓိရုပ်ဟောင်း၏အကျင့်ဆိုးများကို စွန့်ပစ်သည့်တိုင် သူ၏အပြစ်ပြုလိုသောစိတ်အလိုလိုက်ခြင်းကို မပြောင်းလဲပစ်ပါက အနှေးနှင့်အမြန် ယင်းသည် စွန့်လွှတ်ခဲ့သည့်အရာများသို့တစ်ဖန်ပြန်ကျင်လည်ရန် သူ့အားတွန်းပို့လိမ့်မည်။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ကြူးခြင်း သို့မဟုတ် အခြားသောအကျင့်ဆိုးများကို ဖြတ်တောက်ရန်ကြိုးစားနေသူများစွာ ထိုသို့ပင်တွေ့ကြုံရသည်မဟုတ်ပါလော။ သူတို့စိတ်ကိုလှုံ့ဆော်သည့်စွမ်းအားကို အသစ်ပြုရန်အားမထုတ်ပါက မလွဲမရှောင်သာပြန်ကျသွားမည်သာဖြစ်သည်။ မည်သည့်စစ်မှန်သောပြောင်းလဲမှုမဆို စိတ်ကိုလုံးလုံးလျားလျားပြောင်းလဲပစ်ခြင်းပါဝင်ရမည်။—ရောမ ၁၂:၂။

၁၄။ စိတ်ကိုလှုံ့ဆော်သောစွမ်းအားကို မည်သို့အသစ်ပြုနိုင်မည်နည်း။

၁၄ သို့ဆိုလျှင် လူတစ်ဦး၏စိတ်ကို မှန်ကန်သောဦးတည်ချက်သို့တိမ်းညွှတ်စေရန် ထိုစွမ်းအားကို မည်သို့အသစ်ပြုရမည်နည်း။ “အသစ်ပြုပြင်ခံရခြင်း” ဟူသောကြိယာသည် ဂရိစာပေတွင် ဆက်လက်ပြုလုပ်သည့်လုပ်ရပ်အဖြစ်ဖော်ပြသည့် ပစ္စုပ္ပန်ကာလဖြစ်သည်။ ထို့ကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားကို ဆက်လက်လေ့လာခြင်းနှင့် လှုံ့ဆော်သောစွမ်းအားသည် ဘာကိုဆိုလိုကြောင်း ဆင်ခြင်သုံးသပ်ခြင်းများအားဖြင့် အသစ်ပြုပြင်ခံရနိုင်သည်။ ကျွန်ုပ်တို့၏ဦးနှောက်ထဲတွင် အကြောင်းအရာအချက်အလက်များသည် လျှပ်စစ် သို့မဟုတ် ဓာတုအချက်ပြသင်္ကေတများကဲ့သို့ အာရုံကြောတစ်ခုမှတစ်ခုသို့ကူးပြောင်းကာ စင်နက်ပ်စစ္စခေါ် အာရုံကြောအဆက်များစွာတို့ကို ဖြတ်ကျော်သွားကြသည်ဟု သိပ္ပံပညာရှင်များကဆိုသည်။ The Brain ဟူသောစာအုပ်က “အချို့သောမှတ်ဉာဏ်အမျိုးအစားများသည် အချက်ပြသင်္ကေတများက အာရုံကြောဆက်များဖြတ်သွားသောအခါ ယင်းတစ်ခုစီ၌ အရာထင်ကျန်စေခဲ့ခြင်းအားဖြင့် ဖြစ်ပေါ်သည်” ဟုဆိုသည်။ ယင်းအချက်ပြသင်္ကေတပင်လျှင် နောက်တစ်ကြိမ်ဖြတ်သန်းသွားပါက အာရုံခံဆဲလ်များသည် ယင်းကိုမှတ်မိပြီး သာ၍လျင်မြန်စွာတုံ့ပြန်ကြသည်။ အချိန်တန်သော် ယင်းက လူတစ်ဦး၏စဉ်းစားမှုပုံစံအသစ်ကို ဖြစ်ပေါ်စေသည်။ ကျွန်ုပ်တို့သည် ဝိညာဏအကြောင်းအချက်များကို တစိုက်မတ်မတ်ထည့်သွင်းသွားပါက စဉ်းစားမှုပုံစံအသစ်တစ်ခု တည်ဆောက်ခံရပြီး ကျွန်ုပ်တို့စိတ်ကိုလှုံ့ဆော်သောစွမ်းအားသည် အသစ်ပြုပြင်ခြင်းခံရသည်။—ဖိလိပ္ပိ ၄:၈။

“ဥပဓိရုပ်သစ်ကိုဝတ်ဆင်”

၁၅။ ဥပဓိရုပ်သစ်သည် မည်သည့်သဘောဖြင့်သစ်လွင်သနည်း။

၁၅ နောက်ဆုံးတွင် ပေါလုက “[သင်တို့သည်] စစ်မှန်သောဖြောင့်မတ်ခြင်းနှင့် သစ္စာစောင့်ခြင်းအားဖြင့် ဘုရားသခင်၏အလိုတော်နှင့်အညီဖန်ဆင်းခြင်းခံရသော ဥပဓိရုပ်သစ်ကို ဝတ်ဆင်သင့်သည်” ဟုပြောသည်။ (ဧဖက် ၄:၂၄) မှန်ပါသည်။ ခရစ်ယာန်တစ်ဦးသည် ဥပဓိရုပ်သစ်ကို ဝတ်ဆင်သည်။ “အသစ်” ဟူသောစကားလုံးသည် ဤနေရာတွင် အချိန်ကိုမဟုတ်ဘဲ အရည်အသွေးကိုရည်ညွှန်းနေခြင်းဖြစ်သည်။ ဆိုလိုသည်မှာ နောက်ဆုံးပေါ်ကျင့်ကြံပြောဆိုပုံအားဖြင့် အသစ်ဖြစ်ခြင်းမဟုတ်ပါ။ “ဘုရားသခင်၏အလိုတော်နှင့်အညီဖန်ဆင်းခံရသော” လုံးဝသစ်လွင်သော၊ သန့်စင်သော ဥပဓိရုပ်ဖြစ်သည်။ ကောလောသဲ ၃:၁၀ တွင် ဆင်တူအသုံးအနှုန်းကို ပေါလုသုံးထားပြီး “ယင်းကိုဖန်ဆင်းတော်မူသောသူ၏ပုံသဏ္ဌာန်တော်နှင့်အညီ အသစ်ပြုပြင်ခံရခြင်း” ဟုဆိုထားသည်။ ထိုဥပဓိရုပ်သစ်မည်သို့ဖြစ်လာသနည်း။

၁၆။ ဥပဓိရုပ်သစ်သည် “ဘုရားသခင်၏အလိုတော်နှင့်အညီဖန်ဆင်းခံရသည်” ဟု အဘယ့်ကြောင့်ပြောနိုင်သနည်း။

၁၆ ယေဟောဝါဘုရားသခင်သည် ကနဦးလူသားမောင်နှံအာဒံနှင့်ဧဝကို မိမိ၏ပုံသဏ္ဌာန်နှင့်တူညီမှုဖြင့် ဖန်ဆင်းတော်မူခဲ့သည်။တိရစ္ဆာန်များနှင့်ကွာခြားကာ ယင်းတို့ထက်သာလွန်ထူးကဲစေသည့် စိတ်ပိုင်းနှင့်ဝိညာဏအရည်အချင်းများထည့်သွင်းခံခဲ့ရကြသည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) သူတို့၏ပုန်ကန်မှုကြောင့် လူသားတစ်ရပ်လုံး အပြစ်နှင့်မစုံလင်မှုတွင်းသို့ကျဆင်းခဲ့ရသော်လည်း အာဒံမှဆင်းသက်လာသူများဖြစ်သောကျွန်ုပ်တို့သည် စိတ်ပိုင်းနှင့်ဝိညာဏပိုင်းဆိုင်ရာအရည်အချင်းများကို တင်ပြနိုင်သည့်အစွမ်းရှိနေကြဆဲဖြစ်သည်။ ဘုရားသခင်၏အလိုတော်မှာ ရွေးဖိုးပူဇော်သက္ကာကိုယုံကြည်သူသည် ဥပဓိရုပ်ဟောင်းကိုစွန့်ပယ်သင့်ပြီး “ဘုရားသခင်သားတို့၏ထူးမြတ်သောလွှတ်ခြင်းချမ်းသာ” ၌မွေ့လျော်ရန်ဖြစ်သည်။—ရောမ ၆:၆။ ၈:၁၉-၂၁။ ဂလာတိ ၅:၁၊ ၂၄။

၁၇။ ဖြောင့်မတ်ခြင်းနှင့် သစ္စာစောင့်ခြင်းတို့သည် အဘယ့်ကြောင့် ဥပဓိရုပ်သစ်၏ပေါ်လွင်သောအမှတ်လက္ခဏာများ ဖြစ်ကြသနည်း။

၁၇ စစ်မှန်သောဖြောင့်မတ်ခြင်းနှင့်သစ္စာစောင့်ခြင်းသည် ဥပဓိရုပ်သစ်၏အမှတ်လက္ခဏာအဖြစ် ပေါလုခွဲထုတ်ပြသောအရည်အချင်းနှစ်ခုဖြစ်သည်။ ယင်းက ဥပဓိရုပ်သစ်သည် ဖန်ဆင်းတော်မူသောသူ၏ပုံသဏ္ဌာန်တော်နှင့်အညီ အသစ်ပြုပြင်ခံရခြင်းကို ထင်ရှားပြသည်။ ဆာလံ ၁၄၅:၁၇ (ကဘ) က “ယေဟောဝါသည် နည်းလမ်းတော်အားလုံးတွင်ဖြောင့်မတ်တော်မူပြီး လုပ်ဆောင်မှုအားလုံးတွင် သစ္စာစောင့်တော်မူ၏” ဟုဖော်ပြထားသည်။ ဗျာဒိတ် ၁၆:၅ က ယေဟောဝါနှင့်ပတ်သက်၍ “ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလအစဉ်ရှိတော်မူသောအရှင်၊ ကိုယ်တော်သည် ဤသို့တရားစီရင်တော်မူသည့်အမှုမှာ ဖြောင့်မတ်တော်မူ၏” ဟုဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရသည်နှင့်အညီ အသက်ရှင်ပြီး ကိုယ်တော့်ဘုန်းတော်ကို ရောင်ပြန်ဟပ်လိုပါက ဖြောင့်မတ်ခြင်းနှင့်သစ္စာစောင့်ခြင်းသည် မရှိမဖြစ်လိုအပ်သောအရည်အချင်းများဖြစ်ကြသည်။ မိမိလူမျိုးတော်ကို “သစ္စာနှင့်ဖြောင့်မတ်ခြင်းအားဖြင့် ရဲရင့်စွာဘုရားဝတ်ကိုပြုရသောအခွင့်” ပေးတော်မူသောဘုရားသခင်ကို ချီးမွမ်းရန် သန့်ရှင်းသောဝိညာဉ်တော်လှုံ့ဆော်ခြင်းခံရသော နှစ်ခြင်းဆရာယောဟန်၏ဖခင်ဇာခရိကဲ့သို့ ကျွန်ုပ်တို့ဖြစ်ကြပါစေ။—လုကာ ၁:၇၄၊ ၇၅။

“အလင်း၏သားသမီးများကဲ့သို့ဆက်လက်လျှောက်လှမ်းကြ”

၁၈။ ဤလောက၏ အရှိကိုအရှိအတိုင်းအခြေအနေကို ကျွန်ုပ်တို့သိမြင်အောင် ပေါလုကမည်သို့အကူအညီပေးထားသနည်း။

၁၈ ဧဖက် ၄:၁၇-၂၄ တွင်ပါဝင်သော ပေါလု၏စကားများကို နှိုက်နှိုက်ချွတ်ချွတ်ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ကျွန်ုပ်တို့စဉ်းစားစရာများစွာရှိလာသည်။ အခန်းငယ် ၁၇ မှ ၁၉ တွင် လောက၏နည်းလမ်းများအား အရှိကိုအရှိအတိုင်းကျွန်ုပ်တို့သိမြင်ရန် ပေါလုကူညီပေးသည်။ ဘုရားသခင်၏အသိပညာကိုငြင်းပယ်ပြီး ကိုယ်တော်နှင့်ပတ်သက်၍ မိမိတို့၏နှလုံးကိုခိုင်မာစေခြင်းအားဖြင့် လောကတွင်ရှိနေဆဲသူများသည် မှန်သောအသက်၏ပင်ရင်းအမြစ်နှင့် မိမိတို့ကိုယ်ကို အဆက်ဖြတ်ကြသည်။ အဆုံးတွင် စစ်မှန်သောရည်ရွယ်ချက်နှင့် ဦးတည်ချက်မရှိသော သူတို့၏ကြိုးစားအားထုတ်မှုများသည် မိုက်မဲမှုနှင့်အကျိုးမဲ့ခြင်း၌သာ နိဂုံးချုပ်သည်။ သူတို့သည် စာရိတ္တနှင့်ဝိညာဏဆိုင်ရာဖောက်ပြန်ယိုယွင်းမှုနွံထဲတွင် နစ်သထက်နစ်လာနေသည်။ မည်မျှရင်နာဖွယ်ကောင်းသောအခြေအနေပါတကား။ ကျွန်ုပ်တို့သည် အလင်း၏သားသမီးများအဖြစ် ဆက်လက်လျှောက်လှမ်းရန် စိတ်ဒုံးဒုံးချဖို့ မည်မျှအားပါသည့်အကြောင်းတစ်ရပ်ပါတကား။

၁၉။ ကျွန်ုပ်တို့သည် အလင်း၏သားသမီးများအဖြစ် ဆက်လက်လျှောက်လှမ်းရန် မည်သည့်နောက်ဆုံးအားပေးချက်ကို ရရှိကြသနည်း။

၁၉ အခန်းငယ် ၂၀ နှင့် ၂၁ တို့တွင် ကျွန်ုပ်တို့သည် သမ္မာတရားနှင့်ဆက်ဆံရုံမျှသာမက ယေရှုကဲ့သို့ ယင်းနှင့်အညီအသက်ရှင်နိုင်ရန် သမ္မာတရားကို ထက်ထက်သန်သန်လေ့လာဆည်းပူးရန် အရေးကြီးပုံကို ပေါလုထင်ရှားပြသည်။ နောက်ဆုံး အခန်းငယ် ၂၂ မှ ၂၄ တွင် ပြတ်သားခိုင်မာစွာသန္နိဌာန်ချကာ ဥပဓိရုပ်ဟောင်းကိုချွတ်ပယ်ပြီး ဥပဓိရုပ်သစ်ကိုဝတ်ဆင်ရန် ကျွန်ုပ်တို့အား သူတိုက်တွန်းထားသည်။ တစ်ချိန်တည်းတွင် ကျွန်ုပ်တို့၏စိတ်ဦးတည်ချက်ကို ကျန်းမာစေသောဝိညာဏလမ်းညွှန်မှုပေါ်တွင် လမ်းကြောင်းပေးထားရမည်။ အလင်း၏သားသမီးများအဖြစ်ကျွန်ုပ်တို့ဆက်လက်လျှောက်လှမ်းရာတွင် ယေဟောဝါ၏အကူအညီတောင်းခံခြင်းကို အားလုံးအပေါ်ထပ်ဆင့်ရမည်။ “မှောင်မိုက်ထဲကအလင်းထွန်းလင်းမည်အကြောင်း မိန့်တော်မူသောဘုရားသခင်သည် ယေရှုခရစ်၏မျက်နှာ၌ထွန်းလင်းသော ဘုရားသခင်၏ဘုန်းတော်ကို သိသောဉာဏ်၏အရောင်ကိုပေးလိုသောငှာ ငါတို့စိတ်နှလုံးထဲကအလင်းကို ထွန်းလင်းစေတော်မူ၏။”—၂ ကောရိန္သု ၄:၆။

သင်သတိရသလော

▫ ယနေ့ ကျွန်ုပ်တို့သည် မည်သည့်နည်းဖြင့် “ခရစ်တော်အကြောင်းကိုလေ့လာ” နိုင်သနည်း။

▫ ဥပဓိရုပ်ဟောင်းကို လုံးလုံးလျားလျားစွန့်ပစ်ရန် အဘယ်ကြောင့်လိုအပ်သနည်း။

▫ စိတ်ကိုလှုံ့ဆော်သောစွမ်းအားသည် မည်သည့်အရာဖြစ်ပြီး ယင်းသည် မည်သို့အားဖြင့် အသစ်ပြုပြင်ခံရသနည်း။

▫ မည်သည့်အရည်အချင်းများက ဥပဓိရုပ်သစ်ကိုမှတ်သားဖော်ပြသနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏ . . . ဟု မိန့်တော်မူ၏”

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ ဆိုးသွမ်းခြင်း၊ မတော်မတရားပြောဆိုခြင်း၊ ညစ်ညူးသောစကားကိုသုံးခြင်း၊ လိမ်လည်ခြင်းတို့ဖြစ်သော—“ဥပဓိရုပ်ဟောင်း၏အကျင့်များကို ခွာချွတ်ပစ်လော့”—ကောလောသဲ ၃:၈၊ ၉၊ ကဘ။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

“စစ်မှန်သောဖြောင့်မတ်ခြင်းနှင့် သစ္စာစောင့်ခြင်းအားဖြင့် ဘုရားသခင်၏အလိုတော်နှင့်အညီဖန်ဆင်းခြင်းခံရသော ဥပဓိရုပ်သစ်ကို ဝတ်ဆင်ကြလော့။”—ဧဖက် ၄:၂၄၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ