နာကြည်းချက်ကို တေးမထား ပါနှင့်
တစ်စုံတစ်ဦးက ထိပါးလာသောအခါ နာကြည်းစိတ်ဖြစ်မလာအောင် ရှောင်ကြဉ်ရန်မှာ ပို၍စိန်ခေါ်ချက်ဖြစ်ဟန်ရှိပေမည်။ သမ္မာကျမ်းစာတွင် ထိုကဲ့သို့သောအခြေအနေများအတွက် လက်တွေ့ကျသောသြဝါဒရှိပါသည်။ “အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။”—ဧဖက် ၄:၂၆၊ ၂၇။
တစ်စုံတစ်ဦး ကျွန်ုပ်တို့ကို ပြစ်မှားသောအခါ အတော်အသင့်ဒေါသဖြစ်ခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ပင်ဖြစ်သည်။ ပေါလုက “အမျက်ထွက်ရာတွင်” ဟု ပြောရာ၌ ဒေါသဖြစ်ခြင်းသည် တစ်ခါတစ်ရံတွင် လျောက်ပတ်ကြောင်းဆိုလိုပေမည်—မတရားသော အပြုအမူ သို့မဟုတ် မမျှတမှုကို တုံ့ပြန်ရာ၌ဖြစ်ကောင်းဖြစ်မည်။ (၂ ကောရိန္သု ၁၁:၂၉ နှိုင်းယှဉ်။) သို့သော် မဖြေရှင်းဘဲထားသောအခါ တရားမျှတသည့်အမျက်ဒေါသပင်လျှင် ကြီးလေးသောအပြစ်သို့ ဦးတည်စေသည့် ဘေးအန္တရာယ်ဖြစ်စေတတ်သောအကျိုးရလဒ်ကို ဖြစ်စေနိုင်သည်။ (ကမ္ဘာဦး ၃၄:၁-၃၁; ၄၉:၅-၇; ဆာလံ ၁၀၆:၃၂၊ ၃၃) ထို့ကြောင့် ဒေါသဖြစ်လာသောအခါ သင်ဘာလုပ်နိုင်သနည်း။
အသေးအဖွဲအပြစ်တို့ပါဝင်သော ကိစ္စအများတွင် အခြေအနေကို သင့်စိတ်ထဲတွင် ဖြေရှင်းလိုက်ပြီး “ဆိတ်ငြိမ်စွာ” နေလိုက်နိုင်သည် သို့မဟုတ် ပြစ်မှားသူထံ ချဉ်းကပ်၍ ပြဿနာကိုဆွေးနွေးလိုက်နိုင်သည်။ (ဆာလံ ၄:၄၊ သတင်းကောင်း; မဿဲ ၅:၂၃၊ ၂၄) နှစ်နည်းထဲမှ တစ်နည်းနည်းဖြင့် အရေးကိစ္စကို မြန်မြန်ဆန်ဆန်ကျေအေးလိုက်လျှင် ကောင်းပေမည်။ သို့မှသာ နာကြည်းမှုသည် ဒေါသပွားပြီး ဝမ်းနည်းဖွယ်ရလဒ်ကို ဖြစ်ပေါ်စေမည်မဟုတ်တော့ပေ။—ဧဖက် ၄:၃၁။
ယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်များ၊ အသိပညာမဲ့၍ ကျူးလွန်မိကြောင်းသတိမထားမိသည့် အပြစ်များကိုပင် ရှောရှောရှူရှူခွင့်လွှတ်ပေးတော်မူသည်။ လူသားချင်း၏ အသေးအဖွဲအပြစ်ကို ထို့နည်းတူ ခွင့်မလွှတ်နိုင်သလော။—ကောလောသဲ ၃:၁၃; ၁ ပေတရု ၄:၈။
စိတ်ဝင်စားစရာမှာ “ခွင့်လွှတ်သည်” ဟူသည့် ဂရိစကားလုံးသည် စာသားအတိုင်းဆိုလျှင် “ထွက်သွားခွင့်ပြုသည်” ဟု အဓိပ္ပာယ်ရသည်။ ခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့က အမှားကိုသေးငယ်အောင်လုပ်ရန် သို့မဟုတ် လျစ်လျူရှုပစ်ရန် မတောင်းဆိုပါ။ နာကြည်းချက်ကို တေးထားခြင်းဖြင့် ကိုယ့်ဝန်ထုပ်ကို ထပ်တင်ခြင်းနှင့် ခရစ်ယာန်အသင်းတော်၏စည်းလုံးမှုကို ဖြိုဖျက်ခြင်းသာဖြစ်လိမ့်မည်ကို သိမှတ်၍ အချို့အချိန်များ၌ အခြေအနေကို ‘ထွက်သွားခွင့်ပြု’ လိုက်ရန်အတွက်သာဖြစ်သည်။ ထို့အပြင် နာကြည်းချက်ကို တေးထားခြင်းသည် သင့်ကျန်းမာရေးကို ထိခိုက်နိုင်သည်!—ဆာလံ ၁၀၃:၉။