ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁/၁၅ စာ. ၂၁-၂၄
  • စာတန်ကို အခွင့်မပေးကြနှင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာတန်ကို အခွင့်မပေးကြနှင့်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မဟာရှုတ်ချဂုဏ်ဖျက်သူကိုအတုမယူကြနှင့်
  • ကနဦးလူသတ်သမား၏လမ်းစဉ်များကို ရှောင်လော့
  • မုသာကောင်ကြီးကို ကြံ့ကြံ့ခံဆီးတားကြလော့
  • ဦးဆုံးအယူဖောက်ပြန်သူကို တွန်းလှန်လော့
  •  လောကမင်း၏ ဩဇာလွှမ်းမိုးမှုကိုဘယ်တော့မျှမခံနှင့်
  • စာတန်ကို အခွင့်မပေးကြနှင့်
  • စာတန် အယူသီးမှု မျှမဟုတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • စာတန်ကို ဆီးတားလော့၊ ထွက်ပြေးသွားလိမ့်မည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ထာဝရအသက်၏ ရန်သူတစ်ပါး
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ယေရှုပြုတော်မူခဲ့သကဲ့သို့ ‘စာတန်ကို ဆီးတားကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁/၁၅ စာ. ၂၁-၂၄

စာတန်ကို အခွင့်မပေးကြနှင့်

‘စာတန်ကို အခွင့်မပေးကြနှင့်။’—ဧဖက် ၄:၂၇။

၁။ လူများစွာသည် စာတန်တည်ရှိခြင်းကို အဘယ်ကြောင့် သံသယဖြစ်လာကြသနည်း။

၁ စာတန်သည် ချိုပါပြီး ခွာကွဲ၍ အင်္ကျီအနီရောင်ဝတ်ထားကာ ခက်ရင်းခွဖြင့် လူဆိုးများကို မီးငရဲထဲ ထိုးချနေသည့် သတ္တဝါဟု လူတို့ ရှုမြင်လာခဲ့ကြသည်မှာ ရာစုနှစ်ချီရှိပြီ။ သမ္မာကျမ်းစာက ထိုယူဆချက်ကို မထောက်ခံချေ။ အမည်ခံခရစ်ယာန်များ ဤသို့တလွဲယူဆထားခြင်းကြောင့် လူသန်းပေါင်းများစွာသည် စာတန်တည်ရှိခြင်းကို သံသယဖြစ်လာကြသည်။ စာတန်သည် မကောင်းမှုမျှသာဖြစ်၏ဟုလည်း ယူဆလာကြသည်။

၂။ စာတန်အကြောင်း သမ္မာကျမ်းစာ၏ဖော်ပြချက်အချို့ကား အဘယ်နည်း။

၂ စာတန်တည်ရှိကြောင်း မျက်မြင်သက်သေနှင့် ရှင်းလင်းသောအထောက်အထားတို့ကို သမ္မာကျမ်းစာက ဖော်ပြထားသည်။ ယေရှုခရစ်သည် ကောင်းကင်ဝိညာဉ်ဘုံတွင် စာတန်ကို မြင်တွေ့ခဲ့ပြီး မြေကြီးပေါ်တွင်လည်း သူနှင့်စကားပြောခဲ့သည်။ (ယောဘ ၁:၆; မဿဲ ၄:၄-၁၁) အဆိုပါဝိညာဉ်သတ္တဝါ၏ အမည်ရင်းကို သမ္မာကျမ်းစာက မဖော်ပြထားသော်လည်း ဘုရားသခင်အား ရှုတ်ချဂုဏ်ဖျက်ခဲ့သောကြောင့် သူ့ကို (“ရှုတ်ချဂုဏ်ဖျက်သူ” အဓိပ္ပာယ်ရှိသည့်) သူဟု ခေါ်ဆို၏။ ယေဟောဝါကို ခုခံသောကြောင့် (“ခုခံသူ” အဓိပ္ပာယ်ရှိသည့်) စာတန်ဟုလည်း အမည်တွင်၏။ ဧဝကို လှည့်ဖြားရန် မြွေတစ်ကောင်ကို စာတန်အသုံးပြုခဲ့သောကြောင့် သူ့ကို “ရှေးမြွေဟောင်း” ဟုရည် ညွှန်းခေါ်ဆိုသည်။ (ဗျာ. ၁၂:၉; ၁ တိမောသေ ၂:၁၄) ‘ဆိုးညစ်သူ’ ဟုလည်း လူသိများကြသည်။။—မဿဲ ၆:၁၃။a

၃။ အဘယ်မေးခွန်းကို သုံးသပ်ကြမည်နည်း။

၃ ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် စစ်မှန်သော ဘုရားသခင်၏ မဟာရန်သူ စာတန်ကို အဘယ်နည်းနှင့်မျှ တုပလိုကြမည်မဟုတ်ချေ။ ထို့ကြောင့် ‘စာတန်ကို အခွင့်မပေးကြနှင့်’ ဟူသော ပေါလု၏ဆုံးမစကားကို ကျွန်ုပ်တို့ လိုက်နာကြရမည်။ (ဧဖက် ၄:၂၇) သို့ဖြစ်၍ ကျွန်ုပ်တို့ အတုမယူရမည့် စာတန်၏စရိုက်အချို့ကား အဘယ်နည်း။

မဟာရှုတ်ချဂုဏ်ဖျက်သူကိုအတုမယူကြနှင့်

၄။ ‘ဆိုးညစ်သူ’ သည် ဘုရားသခင်ကို မည်သို့ရှုတ်ချဂုဏ်ဖျက်ခဲ့သနည်း။

၄ ‘ဆိုးညစ်သူ’  သည်  ရှုတ်ချဂုဏ်ဖျက်သူဖြစ်သောကြောင့် ယင်းသို့ ခေါ်ထိုက်၏။ ရှုတ်ချဂုဏ်ဖျက်ခြင်းဟူသည် တစ်ဦးတစ်ယောက်အကြောင်းကို မဟုတ်မမှန်၊ မလိုတမာစိတ်နှင့် အသရေဖျက်ပြောဆိုခြင်းမည်၏။ ဘုရားသခင်က အာဒံကို ဤသို့ပညတ်ထားတော်မူခဲ့သည်– “ကောင်းမကောင်းကို သိကျွမ်းရာအပင်မှာတစ်ပါး ထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်။” (ကမ္ဘာဦး ၂:၁၆၊ ၁၇) ဤပညတ်ကို ဧဝသိရှိထားသော်လည်း စာတန်သည် မြွေမှတစ်ဆင့် သူ့ကို ဤသို့ဆို၏– “သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင်သိတော်မူသည်။” (ကမ္ဘာဦး ၃:၄၊ ၅) ယေဟောဝါဘုရားသခင်ကို မလိုတမာစိတ်ဖြင့် ထိုသို့ရှုတ်ချဂုဏ်ဖျက်ရက်လေခြင်း။

၅။ ဒယောတရပ်သည် ရှုတ်ချဂုဏ်ဖျက်ခဲ့သည့်အတွက် အဘယ်ကြောင့် စာရင်းရှင်းခံထိုက်သနည်း။

၅ ဣသရေလလူတို့သည် ဤသို့မိန့်မှာခံရ၏– “သူ့အသရေပျက်သောသတင်းကို ကြားပြောခြင်းငှာ ကိုယ့်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။” (ဝတ်ပြုရာ ၁၉:၁၆) တမန်တော်ယောဟန်သည် သူ့ခေတ်က ရှုတ်ချဂုဏ်ဖျက်သူတစ်ဦးနှင့်စပ်လျဉ်း၍ ဤသို့ဖော်ပြခဲ့သည်– “အသင်းတော်ထံသို့ မှာစာကို ငါရေး၍ပေးလိုက်လေပြီ။ သို့သော်လည်း အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အား အခွင့်မပေး။ ထို့ကြောင့် ငါလာသောအခါ သူသည် မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှာ ငါပြုမည်။ ထိုသူသည် ငြူစူသောစကားနှင့် ငါတို့ကို ကဲ့ရဲ့သည်။” (၃ ယောဟန် ၉၊ ၁၀) ဒယောတရပ်သည် ယောဟန်ကို ရှုတ်ချဂုဏ်ဖျက်ခဲ့သည့်အတွက် စာရင်းရှင်းခံထိုက်၏။ အဘယ်သစ္စာရှိခရစ်ယာန်တစ်ဦးမျှ ဒယောတရပ်ကဲ့သို့ မဟာရှုတ်ချဂုဏ်ဖျက်သူ စာတန်ကို အတုယူလိုကြမည်မဟုတ်။

၆၊ ၇။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် မည်သူ့ကိုမျှ ရှုတ်ချဂုဏ်ဖျက်ခြင်း မပြုလိုကြသနည်း။

၆ ယေဟောဝါ၏ကျေးကျွန်များသည် မကြာခဏ ရှုတ်ချဂုဏ်ဖျက်ခံရပြီး မဟုတ်မမှန်စွပ်စွဲခံကြရ၏။ “ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့သည် ထ၍ [ယေရှုကို] ပြင်းထန်စွာ အပြစ်တင်ကြ၏။” (လုကာ ၂၃:၁၀) ယဇ်ပုရောဟိတ်မင်း အာနနိနှင့် အခြားသူတို့၏ မဟုတ်မမှန်စွပ်စွဲမှုကို ပေါလုခံခဲ့ရ၏။ (တမန်တော် ၂၄:၁-၈) ထို့ပြင် စာတန်သည် “ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညမပြတ်အပြစ်တင်သော” သူဖြစ်သည်ဟု သမ္မာကျမ်းစာကဆို၏။ (ဗျာ. ၁၂:၁၀) ဤနောက်ဆုံးကာလတွင် မဟုတ်မမှန်စွပ်စွဲခံရသော အဆိုပါညီအစ်ကိုများမှာ မြေကြီးပေါ်ရှိ ဝိညာဉ်တော်ဖွားခရစ်ယာန်များဖြစ်ကြသည်။

၇ တစ်ဦးတစ်ယောက်အား ရှုတ်ချဂုဏ်ဖျက်ခြင်း သို့မဟုတ် မဟုတ်မမှန်စွပ်စွဲခြင်းကို အဘယ်ခရစ်ယာန်မျှ မပြုလိုကြချေ။ သို့ သော် တစ်ဦးတစ်ယောက်၏တစ်ဖက် သက်သေထွက်ဆိုရာတွင် အကြောင်းစုံမသိလျှင် ထိုသို့ဖြစ်သွားနိုင်၏။ မောရှေပညတ်တရားအရ စွပ်စွဲသူသည် တမင်တကာ မဟုတ်မမှန်သက်သေထွက်ဆိုလျှင် သေပြစ်သင့်နိုင်၏။ (ထွက်မြောက်ရာ ၂၀:၁၆; တရားဟောရာ ၁၉:၁၅-၁၉) ထို့ပြင် ယေဟောဝါ အလွန်မုန်းသောအရာများတွင် “မုသာစကားကိုပြော၍ မမှန်သောသက်သေတစ်ပါး” လည်းပါဝင်၏။ (သု. ၆:၁၆-၁၉) သို့ဖြစ်၍ ကနဦးရှုတ်ချဂုဏ်ဖျက်သူ၊ မဟုတ်မမှန်စွပ်စွဲသူကို ကျွန်ုပ်တို့ အတုယူလိုကြမည်မဟုတ်ချေ။

ကနဦးလူသတ်သမား၏လမ်းစဉ်များကို ရှောင်လော့

၈။ စာတန်သည် အဘယ်နည်းဖြင့် “ရှေးဦးစွာမှစ၍ လူအသက်ကိုသတ်သောသူ” ဖြစ်ခဲ့သနည်း။

၈ စာတန်သည် လူသတ်သမားတစ်ဦးဖြစ်၏။ ယေရှုက ‘စာတန်သည် ရှေးဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏’ ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၈:၄၄) စာတန်သည် အာဒံနှင့်ဧဝတို့ကို ဘုရားသခင်ထံမှ ဝေးကွာသွားစေရန် ဦးဆုံးပြုလုပ်ချိန်မှစ၍ လူသတ်သမားဖြစ်ခဲ့၏။ ကနဦးလူသားမောင်နှံနှင့် သူတို့၏သားစဉ်မြေးဆက်များသည် သူ့ကြောင့် သေကြရ၏။ (ရောမ ၅:၁၂) ၎င်းလုပ်ရပ်ကို မကောင်းမှုကမဟုတ်ဘဲ ပုဂ္ဂိုလ်တစ်ဦးကသာ ပြုလုပ်နိုင်သည်ကို သတိပြုပါ။

၉။ ၁ ယောဟန် ၃:၁၅ တွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့သည် လူသတ်သမားများ မည်သို့ဖြစ်သွားနိုင်သနည်း။

၉ ဣသရေလလူမျိုးကိုပေးခဲ့သော ပညတ်တော်ဆယ်ပါးထဲမှ တစ်ပါးက “လူအသက်ကိုမသတ်နှင့်” ဟုဆိုသည်။ (တရားဟောရာ ၅:၁၇) တမန်တော်ပေတရုသည် ခရစ်ယာန်များထံ ဤသို့စာရေးခဲ့၏– “လူအသက်ကိုသတ်သောအပြစ် . . . သင်တို့တွင် အဘယ်သူမျှမခံစေနှင့်။” (၁ ပေတရု ၄:၁၅) ထို့ကြောင့် ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် လူသတ်မှုကျူးလွန်ကြမည်မဟုတ်ချေ။ သို့ရာတွင် ကျွန်ုပ်တို့သည် ခရစ်ယာန်ချင်းမှတစ်ဦးကို မုန်းတီးပြီး သေစေလိုလျှင် ဘုရားသခင်ရှေ့တွင် ကျွန်ုပ်တို့ အပြစ်ရှိကြ၏။ တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “မိမိညီအစ်ကိုကို မုန်းသောသူမည်သည်ကား လူအသက်ကိုသတ်သောသူဖြစ်၏။ လူအသက်ကိုသတ်သောသူ တစ်စုံတစ်ယောက်မျှ ထာဝရအသက်မတည်သည်ကို သင်တို့သိကြ၏။” (၁ ယောဟန် ၃:၁၅) ညီအစ်ကိုကို မမုန်းရဟူ၍ ဣသရေလလူတို့ မှာကြားခံရသည်။ (ဝတ်ပြုရာ ၁၉:၁၇) ကျွန်ုပ်တို့၏ခရစ်ယာန်စည်းလုံးမှုကို လူသတ်သမားစာတန် မဖြိုဖျက်နိုင်ရန် ကျွန်ုပ်တို့အချင်းချင်းစပ်ကြား ဖြစ်ပေါ်လာသော အဘယ်ပြဿနာကိုမဆို အမြန်ဆုံးဖြေရှင်းနိုင်ကြပါစေ။—လုကာ ၁၇:၃၊ ၄။

မုသာကောင်ကြီးကို ကြံ့ကြံ့ခံဆီးတားကြလော့

၁၀၊ ၁၁။ မုသာကောင်ကြီးကို ကြံ့ကြံ့ခံဆီးတားနိုင်ရန် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်ကြရမည်နည်း။

၁၀ စာတန်သည် မုသာကောင်ဖြစ်၏။ “သူသည် မုသာစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသာစကား၌ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏” ဟုယေရှုမိန့်ဆိုသည်။ (ယောဟန် ၈:၄၄) စာတန်သည် ဧဝကို မုသာစကားပြောခဲ့သည်။ ယေရှုမူကား အမှန်တရားကို သက်သေခံရန် ဤကမ္ဘာမြေသို့ ကြွလာတော်မူ၏။ (ယောဟန် ၁၈:၃၇) ခရစ်တော်၏နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့သည် စာတန်ကို ကြံ့ကြံ့ခံဆီးတားကြရမည်ဆိုလျှင် လိမ်လည်လှည့်စားသည့်စကားကို ပြောဆို၍မရချေ။ “မှန်သောစကားကိုပြောကြ” ရမည်။ (ဇာခရိ ၈:၁၆; ဧဖက် ၄:၂၅) ‘အမှန်တရား၏ဘုရားသခင်သည်’ ဟုတ်မှန်ရာကိုပြောဆိုသော မိမိ၏သက်သေများကိုသာ ကောင်းချီးပေးတော်မူ၏။ ဆိုးညစ်သူများမှာမူ ကိုယ်တော့်အား ကိုယ်စားပြုခွင့်မရှိကြချေ။—ဆာလံ ၃၁:၅; ၅၀:၁၆; ဟေရှာယ ၄၃:၁၀။

၁၁ စာတန်၏လိမ်လည်မှုများမှ ဝိညာဉ်ရေးအရ လွတ်မြောက်မှုကို ကျွန်ုပ်တို့ တန်ဖိုးထားကြမည်ဆိုလျှင် ‘အမှန်တရားလမ်း’ ဖြစ်သည့် ခရစ်ယာန်ဘာသာတရားကို ဆည်းကပ်နေလိမ့်မည်။ (၂ ပေတရု ၂:၂; ယောဟန် ၈:၃၂) ခရစ်ယာန်သွန်သင်ချက်ရှိသမျှသည် “မှန်သောဧဝံဂေလိတရား” ပေါ်၌တည်၏။ (ဂလာတိ ၂:၅၊ ၁၄) ‘အမှန်တရား၌’ စွဲစွဲမြဲမြဲ ‘လျှောက်လှမ်း’ ပြီး “မုသာ၏အဘ” ကိုကြံ့ကြံ့ခံဆီးတားလျှင် ကျွန်ုပ်တို့ ကယ်တင်ခြင်းရနိုင်၏။—၃ ယောဟန် ၃၊ ၄၊ ၈။

ဦးဆုံးအယူဖောက်ပြန်သူကို တွန်းလှန်လော့

၁၂၊ ၁၃။ အယူဖောက်ပြန်သူများကို မည်သို့ဆက်ဆံသင့်သနည်း။

၁၂ စာတန်ဖြစ်လာသော ဝိညာဉ်သတ္တဝါသည် တစ်ချိန်က အမှန်တရား၌တည်ရှိခဲ့သည်။ သို့သော် ယေရှုက ‘သူ၌ အမှန်တရားမရှိသောကြောင့် အမှန်တရား၌မတည်မနေ’ ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၈:၄၄) အဆိုပါဦးဆုံးအယူဖောက်ပြန်သူသည် ‘အမှန်တရား၏ဘုရားသခင်’ အား ပုန်ကန်သည့်လမ်းစဉ်ကို တစိုက်မတ်မတ်လိုက်ခဲ့သည်။ ပထမရာစုခရစ်ယာန်အချို့သည် လှည့်စားခံရပြီး အမှန်တရားလမ်းမှ သွေဖည်သွားခြင်းဖြင့် ‘စာတန်၏ကျော့ကွင်း’ တွင်သားကောင်များ ဖြစ်သွားရှာသည်။ သို့ဖြစ်၍ သူတို့သည် ဝိညာဉ်ရေးပြန်ကောင်းလာပြီး စာတန်၏ကျော့ကွင်းမှ ရုန်းထွက်လာနိုင်ရန် သူတို့ကို နူးညံ့သိမ်မွေ့စွာ သွန်သင်ပေးဖို့ မိမိ၏လုပ်ဖော်ဆောင်ဖက် တိမောသေအား ပေါလုတိုက်တွန်းခဲ့သည်။ (၂ တိမောသေ ၂:၂၃-၂၆) အစကတည်းက အမှန်တရားကို မြဲမြံစွာစွဲကိုင်ထားပြီး အယူဖောက်ပြန်သူ၏အမြင်မျိုးမရှိလျှင် သာ၍ကောင်းပေသည်။

၁၃ ကနဦးလူသားမောင်နှံသည် စာတန်၏မုသာစကားကို နားထောင်ပြီး လက်ခံလိုက်သည့်အတွက် အယူဖောက်ပြန်သွားကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် အယူဖောက်ပြန်သူများ၏စကားကို နားထောင်ပြီး သူတို့၏စာပေများကို ဖတ်ရှုကာ အင်တာနက်ပေါ်မှ သူတို့၏ဝက်ဘ်ဆိုက်များကို စူးစမ်းသင့်သလော။ ဘုရားသခင်နှင့် အမှန်တရားကို ကျွန်ုပ်တို့ အမှန်တကယ် ချစ်မြတ်နိုးမည်ဆိုလျှင် ထိုသို့ပြုလုပ်ကြမည်မဟုတ်ချေ။ အယူဖောက်ပြန်သူများကို ကျွန်ုပ်တို့၏အိမ်ထဲ အဝင်မခံသင့်သည့်အပြင် သူတို့ကို နှုတ်ပင်မဆက်သင့်ချေ။ အကြောင်းမှာ လက်ခံနှုတ်ဆက်မည်ဆိုလျှင် ကျွန်ုပ်တို့သည် ‘သူတို့၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာရောက်’ သွားလိမ့်မည်။ (၂ ယောဟန် ၉-၁၁) ‘ဖျက်ဆီးတတ်သော အယူမှားများကိုသွင်း’ ပြီး “ချော့မော့သောစကား” ဖြင့်အမြတ်ထုတ်ရန် ကြိုးစားကြသည့် အတုအယောင်ဆရာများနောက်သို့လိုက်၍ ခရစ်ယာန် ‘အမှန်တရားလမ်း’ မှသွေဖည်သွားခြင်းဖြင့် စာတန်၏ကျော့ကွင်းထဲ ဘယ်တော့မျှ မကျသွားပါစေနှင့်။—၂ ပေတရု ၂:၁-၃။

၁၄၊ ၁၅။ ပေါလုသည် ဧဖက်မြို့မှအကြီးအကဲများနှင့် မိမိ၏လုပ်ဖော်ဆောင်ဖက် တိမောသေကို အဘယ်သို့သတိပေးခဲ့သနည်း။

၁၄ ဧဖက်မြို့မှ ခရစ်ယာန်အကြီးအကဲများကို ပေါလုဤသို့ပြောခဲ့သည်– “ထိုကြောင့် သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့် ရှု ကြလော့။ ဘုရားသခင်သည် မိမိသားတော်၏အသွေးတော်ဖြင့်ဝယ်ယူတော်မူသော အသင်းတော်ကို ထိန်းသိမ်းစေခြင်းငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ်ခန့်ထားတော်မူသော သိုးစုတစ်စုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။ အကြောင်းမူကား ငါမရှိသည်နောက် ကြမ်းတမ်းသောတောခွေးတို့သည် သိုးများကိုမသနားဘဲ သင်တို့အထဲသို့ဝင်မည်ကိုလည်းကောင်း၊ တပည့်တော်များကို သွေးဆောင်ခြင်းငှာ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကိုလည်းကောင်း ငါသိ၏။” (တမန်တော် ၂၀:၂၈-၃၀၊ ကဘ) အတန်ကြာသော် အယူဖောက်ပြန်သူများ ပေါ်ပေါက်လာပြီး “မှားသောစကားကိုပြော” ကြလေသည်။

၁၅ အေဒီ ၆၅ ခုနှစ်ခန့်တွင် တမန်တော်က တိမောသေအား ‘အမှန်တရားကို မှန်ကန်စွာပိုင်းခြားတတ်’ ရန်တိုက်တွန်းခဲ့၏။ တစ်ချိန်တည်းတွင် ‘တရားမဲ့ဖြစ်သောအချည်းနှီးစကားကို ရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသောအမှုတို့ကို ပွားများစေလိမ့်မည်။ သူတို့၏စကားသည် ခူနာကဲ့သို့စားလိမ့်မည်။ ထိုသူတို့တွင် ဟုမေနဲနှင့် ဖိလက်ပါသတည်း။ သူတို့က သေလွန်သောသူတို့သည် ထမြောက်ကြပြီဟုပြောလျက် အမှန်တရားလမ်းမှလွဲသွား၍ အချို့သောသူတို့၏ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ၏’ ဟုပေါလုရေးသားခဲ့သည်။ အယူဖောက်ပြန်ခြင်း စလေပြီ။ “သို့သော်လည်း . . . ဘုရားသခင်၏တိုက်မြစ်သည် ခိုင်ခံ့၍တည်၏” ဟုပေါလု ထပ်ဆင့်ဆိုသည်။—၂ တိမောသေ ၂: ၁၅-၁၉။

၁၆။ ဦးဆုံးအယူဖောက်ပြန်သူ၏ နည်းပရိယာယ်များကြားမှ ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ် အဘယ်ကြောင့်သစ္စာရှိပြီး ကိုယ်တော်၏နှုတ်ထွက်စကားကို အဘယ်ကြောင့် စွဲမြဲစွာဆုပ်ကိုင်ထားကြသနည်း။

၁၆ စာတန်သည် အယူဖောက်ပြန်သူများကို ခုတုံးလုပ်ပြီး စစ်မှန်သောဝတ်ပြုရေး  ပျက်စီးသွားရန်  ကြိုးစားသော်လည်း မအောင်မြင်ခဲ့ချေ။ ၁၈၆၈ ခုနှစ်ခန့်တွင် ချားလ်စ် တေ့ဇ် ရပ်စယ်လ်သည် ကြာမြင့်စွာကတည်းက လက်ခံခဲ့သော ခရစ်ယာန်ဘောင်ချာ့ချ်အယူဝါဒများကို အသေအချာဆန်းစစ်လိုက်ရာ သမ္မာကျမ်းစာကို တလွဲအနက်ဖွင့်ဆိုထားကြောင်း တွေ့ရှိခဲ့လေသည်။ ရပ်စယ်လ်နှင့် အမှန်တရားရှာဖွေသူအချို့သည် အမေရိကန်ပြည်ထောင်စု၊ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့တွင် ကျမ်းစာသင်တန်းတစ်ခုကို ဖွင့်လှစ်ခဲ့၏။ ထိုအချိန်မှစ၍ နောက်အနှစ် ၁၄၀ နီးပါးတစ်လျှောက်လုံး ယေဟောဝါ၏ကျေးကျွန်များသည် ဘုရားသခင်ကို ပိုမိုချစ်မြတ်နိုးလာပြီး သမ္မာကျမ်းစာ အသိပညာကို တိုးသိနားလည်လာကြသည်။ ဦးဆုံးအယူဖောက်ပြန်သူ၏ နည်းပရိယာယ်များကြားမှ သစ္စာနှင့်သတိပညာရှိကျေးကျွန်၏ ဝိညာဉ်ရေးနိုးကြားမှုကြောင့် ခရစ်ယာန်စစ်များသည် ယေဟောဝါအပေါ် သစ္စာရှိပြီး ကိုယ်တော်၏နှုတ်ထွက်စကားကို စွဲမြဲစွာဆုပ်ကိုင်ထားနိုင်ကြသည်။—မဿဲ ၂၄:၄၅။

 လောကမင်း၏ ဩဇာလွှမ်းမိုးမှုကိုဘယ်တော့မျှမခံနှင့်

၁၇-၁၉။ စာတန်အုပ်ချုပ်နေသည့် ဤလောကကား အဘယ်နည်း။ ယင်းကို အဘယ်ကြောင့် မချစ်သင့်သနည်း။

၁၇ ကျွန်ုပ်တို့ကို ထောင်ချောက်ဆင်ရန် စာတန်ကြိုးစားသည့် နောက်တစ်နည်းမှာ ဘုရားသခင်နှင့်ဝေးကွာနေသည့် မဖြောင့်မတ်သော ဤလောကအဖွဲ့အစည်းကို ချစ်လာဖို့ သွေးဆောင်ခြင်းအားဖြင့်ဖြစ်သည်။ စာတန်ကို ယေရှုက “ဤလောကကို အစိုးရသောမင်း” ဟုခေါ်ပြီး သူသည် “ငါ၌အဘယ်အခွင့်အရာကိုမျှ မတွေ့ရ” ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၄:၃၀) ကျွန်ုပ်တို့လည်း စာတန်၏သြဇာလွှမ်းမိုးမှုကို ဘယ်တော့မျှမခံရပါစေနှင့်။ ‘လောကသားအပေါင်းတို့သည် စာတန်၏လက်၌ရှိကြသည်ကို’ ကျွန်ုပ်တို့ အမှန်ပင် သိရှိကြ၏။ (၁ ယောဟန် ၅:၁၉) သို့ဖြစ်၍သာ စာတန်သည် မိမိကို အယူဖောက်ပြန်သောနည်းဖြင့် ညွတ်ပျပ်ကိုးကွယ်လျှင် “ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကို” ပေးမည်ဟု ယေရှုအား ကမ်းလှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏သားတော်သည် ထိုသို့မပြုနိုင်ဟု ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။ (မဿဲ ၄:၈-၁၀) စာတန်အုပ်ချုပ်နေသော ဤလောကသည် ခရစ်တော်၏နောက်လိုက်များကို မုန်းတီး၏။ (ယောဟန် ၁၅:၁၈-၂၁) သို့ဖြစ်၍လည်း ဤလောကကိုမချစ်ကြရန် တမန်တော်ယောဟန် သတိပေးခဲ့ရခြင်းဖြစ်သတည်း။

၁၈ ယောဟန်ဤသို့ရေးခဲ့သည်– ‘လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့်လောကတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား ထာဝရတည်၏။’ (၁ ယောဟန် ၂:၁၅-၁၇) လောက၏ဘဝပုံစံသည် အပြစ်သားများအတွက် နှစ်သက်စရာဖြစ်သော်လည်း ယေဟောဝါဘုရားသခင်၏စံနှုန်းများနှင့် လုံးဝဆန့်ကျင်သောကြောင့် ဤလောကကို ကျွန်ုပ်တို့ ချစ်၍မရပါ။

၁၉ ဤလောကကို ချစ်သည့်စိတ်ရှိနေလျှင်ကော။ သို့ဆိုလျှင် ဤလောကကို ချစ်သည့်စိတ်နှင့် ယင်းနှင့်ဆက်နွှယ်နေသည့် တပ်မက်မှုများကို ချိုးနှိမ်နိုင်ရန် ဘုရားသခင်၏အကူအညီကို တောင်းခံကြစို့။ (ဂလာတိ ၅:၁၆-၂၁) “နတ်ဆိုးတို့” သည် မဖြောင့်မတ်သောလူ့အဖွဲ့ အစည်း၏ မျက်မြင်မရ ‘ဤလောက၏မင်းများ’ ဖြစ်ကြောင်း ကျွန်ုပ်တို့ စွဲမှတ်ထားမည်ဆိုလျှင် ‘လောကအညစ်အကြေးနှင့်ကင်းစင်’ နေရန် အမှန်ပင်ကြိုးစားကြမည်။—ဧဖက် ၆:၁၁၊ ၁၂; ယာကုပ် ၁:၂၇; ၂ ကောရိန္သု ၄:၄။

၂၀။ ကျွန်ုပ်တို့သည် “ဤလောကနှင့်မဆက်ဆံ” ပါဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၂၀ ယေရှုက တပည့်များနှင့်ပတ်သက်၍ ဤသို့မိန့်ဆိုခဲ့သည်– “အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။” (ယောဟန် ၁၇:၁၆) ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့် သူတို့၏အပ်နှံထားသောအပေါင်းအဖော်များသည် ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးဘက် သန့်ရှင်းစင်ကြယ်စေခြင်းဖြင့် ဤလောကနှင့်သီးခြားနေထိုင်ရန် ကြိုးစားအားထုတ်ကြသည်။ (ယောဟန် ၁၅:၁၉; ၁၇:၁၄; ယာကုပ် ၄:၄) ကျွန်ုပ်တို့သည် မဖြောင့်မတ်သောဤလောကနှင့် သီးခြားနေထိုင်ပြီး “ဖြောင့်မတ်ခြင်းတရားကိုဟော” နေသောကြောင့် အမုန်းခံကြရ၏။ (၂ ပေတရု ၂:၅) အမှန်ဆိုသော် မတရားမေထုန်ပြုသူများ၊ သူ့သားအိမ်ရာပြစ်မှားသူများ၊ အနိုင်အထက်ပြုသူများ၊ ရုပ်ပုံကိုးကွယ်သူများ၊ ခိုးဝှက်သူများ၊ မုသာစကားပြောသူများနှင့် သောက်ကြူးသူများပါဝင်သည့် လူ့အဖွဲ့အစည်းအလယ်တွင် ကျွန်ုပ်တို့ နေထိုင်လျက်ရှိကြသည်။ (၁ ကောရိန္သု ၅:၉-၁၁; ၆:၉-၁၁; ဗျာ. ၂၁:၈) သို့သော် အပြစ်ပြုရန် သွေးထိုးပေးသော ‘ဤလောက၏စိတ်ဓာတ်’ ကို ကျွန်ုပ်တို့ မခံယူကြချေ။—၁ ကောရိန္သု ၂:၁၂။

စာတန်ကို အခွင့်မပေးကြနှင့်

၂၁၊ ၂၂။ ဧဖက် ၄:၂၆၊ ၂၇ တွင်မှတ်တမ်းတင်ထားသည့် ပေါလု၏ဆုံးမစကားကို သင်မည်သို့လိုက်လျှောက်နိုင်သနည်း။

၂၁ ‘ဤလောကစိတ်ဓာတ်’ ၏သွေးထိုးမှုကို ခံယူမည့်အစား ဘုရားသခင်၏ဝိညာဉ်တော် ဦးဆောင်မှုကို ခံယူမည်ဆိုလျှင် ချစ်ခြင်းနှင့် ချုပ်တည်းခြင်းအစရှိသော အရည်အသွေးများကို သီးပွင့်နိုင်မည်။ (ဂလာတိ ၅:၂၂၊ ၂၃) ၎င်းတို့က ကျွန်ုပ်တို့၏ယုံကြည်ခြင်းအပေါ် စာတန်၏တိုက်ခိုက်မှုကို ကြံ့ကြံ့ခံတွန်းလှန်စေနိုင်သည်။ စာတန်သည် ကျွန်ုပ်တို့ကို ‘ပြစ်မှားစေခြင်းငှာ အမျက်ထွက်စေ’ လို၏။ ဘုရားသခင်၏ဝိညာဉ်တော်မှာမူ “ဒေါသစိတ်ကိုစွန့်” စေနိုင်၏။ (ဆာလံ ၃၇:၈) တစ်ခါတစ်ရံ အမျက်ထွက်သင့်၍ ထွက်မည်ဖြစ်သော်လည်း ပေါလုက ဤသို့ဆုံးမသည်– ‘အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။ စာတန်ကို အခွင့်မပေးကြနှင့်။’—ဧဖက် ၄:၂၆၊ ၂၇။

၂၂ ကျွန်ုပ်တို့သည် အမျက်မပြေလျှင် အပြစ်ပြုမိနိုင်၏။ ဤသို့သောစိတ်ထားရှိမည်ဆိုပါက အသင်းတော်တွင် စိတ်ဝမ်းကွဲစေရန် သို့မဟုတ် ကျွန်ုပ်တို့ အပြစ်ပြုမိစေရန် စာတန်ကို အခွင့်ပေးလိုက်ရာကျပေမည်။ သို့ဖြစ်၍ သဘောထားကွဲလွဲမှုများကို ဘုရားသခင်ရေးရာနည်းဖြင့် ချက်ချင်းဖြေရှင်းလိုက်ဖို့လိုသည်။ (ဝတ်ပြုရာ ၁၉:၁၇၊ ၁၈; မဿဲ ၅:၂၃၊ ၂၄; ၁၈:၁၅၊ ၁၆) ထို့ကြောင့် ဘုရားသခင့်ဝိညာဉ်တော်၏ လမ်းညွှန်မှုကိုခံယူ၍ ချုပ်တည်းကြပါစို့။ အမျက်ထွက်သင့်လျှင်ပင် နာကြည်းပြီး အငြိုးထားကာ မုန်းတီးသွားသည့်အဖြစ်မျိုးသို့ ဘယ်တော့မျှ မရောက်ပါစေနှင့်။

၂၃။ နောက်ဆောင်းပါးတွင် အဘယ်မေးခွန်းများကို သုံးသပ်ကြမည်နည်း။

၂၃ ကျွန်ုပ်တို့ အတုမယူသင့်သည့် စာတန်၏စရိုက်အချို့ကို ဆွေးနွေးခဲ့ကြပြီ။ သို့သော် စာဖတ်ပရိသတ်တချို့သည် ဤသို့မေးကြပေမည်– စာတန်ကို ကြောက်ရွံ့သင့်သလော။ ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်ရန် အဘယ်ကြောင့် သူသွေးထိုးပေးသနည်း။ ကျွန်ုပ်တို့ ကို စာတန် အနိုင်မယူစေရန် မည်သို့ပြုရမည်နည်း။

[အောက်ခြေမှတ်ချက်]

a ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်ထုတ် ကင်းမျှော်စင်ပါ “စာတန်တကယ်ရှိသလော” ဆောင်းပါးတွဲများကိုရှု။

သင်၏အဖြေကား အဘယ်နည်း

• ကျွန်ုပ်တို့သည် အဘယ်ကြောင့် မည်သူ့ကိုမျှ ရှုတ်ချဂုဏ်ဖျက်ခြင်း မပြုသင့်သနည်း။

• ၁ ယောဟန် ၃:၁၅ အရ ကျွန်ုပ်တို့သည် လူသတ်သမားမဖြစ်ရန် မည်သို့ရှောင်နိုင်မည်နည်း။

• အယူဖောက်ပြန်သူများကို မည်သို့ယူဆသင့်သနည်း။ အဘယ်ကြောင့်နည်း။

• ဤလောကကို အဘယ်ကြောင့် မချစ်သင့်သနည်း။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့ ၏ခရစ်ယာန်စည်းလုံးမှု ပြိုကွဲသွားစေရန်စာတန်ကို ဘယ်တော့မျှ အခွင့်ပေးမည်မဟုတ်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဤလောကကို မချစ်ကြရန်ယောဟန် အဘယ်ကြောင့်တိုက်တွန်းခဲ့သနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ