ယေဟောဝါ၏ဝိညာဉ်တော်သည်လူမျိုးတော်အား ဦးဆောင်
“ကောင်းမြတ်သောဝိညာဉ်တော်သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကိုသွေးဆောင်တော်မူပါစေသော။”—ဆာလံ ၁၄၃:၁၀။
၁၊ ၂။ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များအား အဘယ်အရာကစိတ်ဆင်းရဲစေနိုင်မည်နည်း။
‘စိတ်ဓာတ်ကျလိုက်တာ။ စိတ်သက်သာမှုဘယ်ကရနိုင်မလဲ။ ငါ့ကိုများ ဘုရားစွန့်ပစ်ထားပြီလား’ ဟူ၍သင်ခံစားနေရပါသလော။ ဤသို့ခံစားနေရသည်ဆိုလျှင် သင်တစ်ဦးတည်းမဟုတ်ပါ။ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များသည် ဖွံ့ဖြိုးတိုးတက်သောဝိညာဏပရဒိသုတွင် နေထိုင်ကြသော်လည်း လူသားအပေါင်းကြုံတွေ့ခံစားရသည့် စိတ်ဆင်းရဲစရာပြဿနာများ၊ စုံစမ်းခြင်းနှင့်သွေးဆောင်မှုတို့ကို တစ်ခါတစ်ရံတွေ့ကြုံတတ်ကြသည်။—၁ ကောရိန္သု ၁၀:၁၃။
၂ ကြာရှည်ခံနေရသောစုံစမ်းခြင်းမျိုး၊ သို့မဟုတ် ကြီးမားသောစိတ်ဖိစီးမှုဒဏ်ကို သင်ခံနေရပေမည်။ ချစ်မြတ်နိုးရသူတစ်ဦးသေဆုံးသွားသည့်အတွက် ကြေကွဲပြီး အထီးကျန်စိတ်ရှိနေပေမည်။ သို့မဟုတ် ခင်မင်ရင်းနှီးသောမိတ်ဆွေတစ်ဦး ဖျားနာနေသည့်အတွက် စိတ်ဒုက္ခရောက်နေပေမည်။ ဤသို့သောအခြေအနေများကြောင့် သင်မပျော်ရွှင်နိုင်၊ စိတ်ငြိမ်သက်မှုမရှိဘဲဖြစ်နေရုံမက သင့်ယုံကြည်ခြင်းကိုပင် အန္တရာယ်ပြုနေပေမည်။ သင်ဘာလုပ်သင့်သနည်း။
ဘုရားသခင့်ဝိညာဉ်တော်အကူအညီတောင်းခံပါ
၃။ အကြောင်းတစ်ခုခုကြောင့် သင့်မှာငြိမ်သက်မှုနှင့်ပျော်ရွှင်မှု အစရှိသောအရည်အချင်းများမရှိလျှင် ပညာရှိစွာဖြင့်မည်သို့ပြုသင့်သနည်း။
၃ အကြောင်းတစ်ခုခုကြောင့် သင့်မှာငြိမ်သက်မှုမရှိ၊ ပျော်ရွှင်မှုနှင့် အခြားအခြားသောဘုရားရေးရာအရည်အချင်းတစ်ခုခုပပျောက်နေသည်ဆိုလျှင် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားသောစွမ်းအားအတွက် ဆုတောင်းခြင်းသည် ပညာရှိရာရောက်ပေမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား၊ ခရစ်ယာန်တစ်ဦးအား အခက်အခဲပြဿနာများ၊ စုံစမ်းခြင်းများနှင့် သွေးဆောင်မှုတို့ကိုခံရပ်သွားနိုင်ရန် အကူအညီပေးမည့် ဝိညာဉ်အသီးများကို ယေဟောဝါ၏ဝိညာဉ်တော်ကသီးစေမည်ဖြစ်သည်။ “ဇာတိပကတိအကျင့်များ” အကြောင်းသတိပေးပြီးနောက် တမန်တော်ပေါလု ဤသို့ရေးသားပါသည်။ “ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှမမြစ်တား။”—ဂလာတိ ၅:၁၉-၂၃။
၄။ စုံစမ်းခြင်း၊ သို့မဟုတ် သွေးဆောင်မှုတစ်မျိုးမျိုးကို သင်ခံနေရမည်ဆိုလျှင် အတိအကျဆုတောင်းရန် အဘယ်ကြောင့်လျောက်ပတ်သနည်း။
၄ သင်ကြုံတွေ့နေရသည့်စုံစမ်းခြင်းကြောင့် နူးညံ့သိမ်မွေ့ခြင်းမရှိနိုင်ဘဲ ဖြစ်ကောင်းဖြစ်နေပေမည်။ ဤသို့ဆိုလျှင် နူးညံ့သိမ်မွေ့ ခြင်းဝိညာဉ်အသီးကိုအထူးဖော်ပြ၍ ယေဟောဝါဘုရားသခင်ထံ ဆုတောင်းပါ။ သွေးဆောင်မှုခံနေရမည်ဆိုလျှင် ချုပ်တည်းခြင်းဝိညာဉ်အသီးကို သင်အထူးလိုအပ်နေပေမည်။ ယင်းသွေးဆောင်မှုကိုငြင်းဆန်နိုင်ရန်၊ စာတန်လက်မှ ကယ်နှုတ်ခြင်းရရန်၊ စုံစမ်းခြင်းကိုခံရပ်နိုင်ရန် လိုအပ်သောအသိဉာဏ်ပညာရရန် ဘုရားသခင့်အကူအညီအတွက်ဆုတောင်းနိုင်သည်။—မဿဲ ၆:၁၃။ ယာကုပ် ၁:၅၊ ၆။
၅။ အခြေအနေဆိုးရွားလွန်းလှ၍ အဘယ်ဝိညာဉ်အသီးလိုအပ်နေသည်ကိုပင် သင်မသိနိုင်ပါက ဘာလုပ်နိုင်သနည်း။
၅ သို့ရာတွင် တစ်ခါတစ်ရံအခြေအနေဆိုးရွားလွန်းလှသည်၊ သို့မဟုတ် အလွန်စိတ်ရှုပ်ထွေးစရာဖြစ်လှသည့်အတွက် အဘယ်ဝိညာဉ်အသီးလိုအပ်နေသည်ကိုပင် သင်မသိနိုင်ဘဲဖြစ်ပေလိမ့်မည်။ သင့်ပျော်ရွှင်မှု၊ ငြိမ်သက်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်းနှင့် အခြားသောဘုရားရေးရာအရည်အချင်းများအားလုံး ပျောက်လွင့်သွားနိုင်စရာအကြောင်းပင်ရှိနေပေမည်။ ထိုသို့ဆိုလျှင် မည်သို့ပြုမည်နည်း။ ဘုရားသခင်ထံ သန့်ရှင်းသောဝိညာဉ်တော်ကိုတောင်းခံပါလေ။ ယင်းက သင်လိုအပ်နေသောဝိညာဉ်အသီးများကို သီးပွင့်စေပါလိမ့်မည်။ လိုအပ်နေသည့်အသီးများမှာ ချစ်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်း၊ သို့မဟုတ် ငြိမ်သက်ခြင်း သို့မဟုတ် တစ်ခုထက်မကသောဝိညာဉ်အသီးများဖြစ်နိုင်ပါသည်။ ဝိညာဉ်တော်ကိုအသုံးပြုကာ မိမိလူမျိုးကို ဘုရားသခင်လမ်းပြညွှန်ကြားပေးသည့်အတွက် ယင်း၏လမ်းညွှန်မှုကိုခံယူတတ်ရန် သင့်အားဘုရားသခင်အကူအညီပေးဖို့လည်း ဆုတောင်းနိုင်ပါသည်။
ကူညီပေးရန် ယေဟောဝါအလိုတော်ရှိ
၆။ မရပ်မနားဆုတောင်းဖို့လိုကြောင်းကို တပည့်နောက်လိုက်များအား ယေရှုမည်သို့စွဲမှတ်စေသနည်း။
၆ ယေရှုခရစ်တော်၏တပည့်တော်များသည် ဆုတောင်းနည်းတတ်မြောက်လိုသည့်အခါ ဘုရားသခင့်ဝိညာဉ်တော်အတွက်ဆုတောင်းရန် ကိုယ်တော်တိုက်တွန်းခဲ့ပါသည်။ အဆက်မပြတ်ဆုတောင်းကြရန် လှုံ့ဆော်မှုဖြစ်စေသည့်ဥပမာတစ်ခုကို ဤသို့ယေရှုဦးဆုံးသွန်သင်ပေးပါသည်။ “သင်တို့တွင် တစ်စုံတစ်ယောက်သောသူ၌ အဆွေခင်ပွန်းရှိသည်ဖြစ်၍ သန်းခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း၏အိမ်သို့သွားပြီးလျှင် ‘အဆွေ၊ အကျွန်ုပ်အဆွေခင်ပွန်းတစ်ယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ။ သူ့ကိုကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေးနှင့်ပါ’ ဟုဆိုသော် အိမ်ရှင်ကလည်း ‘ငါ့ကိုမနှောင့်ယှက်နှင့်။ တံခါးပိတ်လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့်အိပ်လျက်ရှိကြ၏။ ငါထ၍ သင့်အားမပေးနိုင်’ ဟုအိမ်ထဲကပြန်ပြောသည်အရာမှာ ငါဆိုသည်ကား၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက်၍မထ၊ မပေးသော်လည်း အားမလျော့ဘဲတောင်း၍နေသောကြောင့် ထ၍လိုချင်သမျှကိုပေးလိမ့်မည်။”—လုကာ ၁၁:၅-၈။
၇။ လုကာ ၁၁:၁၁-၁၃ ပါယေရှုစကား၏လိုရင်းချက်ကား အဘယ်နည်း။ ဘုရားသခင်နှင့်ဝိညာဉ်တော်အကြောင်း ထိုစကားများက အဘယ်အာမခံချက်ပေးသနည်း။
၇ ယေဟောဝါ၏သစ္စာရှိ ဆက်ကပ်အပ်နှံထားသောကျေးကျွန်တိုင်းကို ကိုယ်တော်ကူညီပေးလိုတော်မူသည်ဖြစ်၍ သူတို့၏တောင်းဆိုချက်တို့ကို နားညောင်းတော်မူသည်။ သို့သော် ဤသို့သောသူသည် ယေရှုတိုက်တွန်းသည့်အတိုင်း ‘အဆက်မပြတ်တောင်းနေမည်’ ဆိုလျှင် စိတ်နှလုံးလှိုက်လှဲစွာလိုချင်တမ်းတကြောင်း၊ ယုံကြည်ခြင်းရှိကြောင်း ထင်ရှားသည်။ (လုကာ ၁၁:၉၊ ၁၀) ခရစ်တော် ဤသို့ဆက်မိန့်တော်မူသည်။ “သင်တို့တွင်အဘဖြစ်သောသူ၌ သားသည်မုန့်ကိုတောင်းလျှင် အဘသည် ကျောက်ကိုပေးမည်လော။ ငါးကိုတောင်းလျှင် ငါးအစား၌မြွေကိုပေးမည်လော။ ဥကိုတောင်းလျှင် ကင်းမြီးကောက်ကိုပေးမည်လော။ သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အားကောင်းသောအရာကိုပေးတတ်လျှင် ထိုမျှမကကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်မဟုတ်လော။” (လုကာ ၁၁:၁၁-၁၃) မြေကြီးသားမိဘတို့သည် မွေးရာပါအပြစ်ကြောင့်အဆိုးဖြစ်လျက်ပင် မိမိသားအား ကောင်းသောအရာကိုပေးတတ်လျှင် သန့်ရှင်းသောဝိညာဉ်တော်ကိုနှိမ့်ချစွာတောင်းဆိုသည့် သစ္စာရှိကျေးကျွန်မည်သူမဆိုအား ကောင်းကင်ခမည်းတော်အမှန်ပေးတော်မူလိမ့်မည်။
၈။ ဆာလံ ၁၄၃:၁၀ သည်ဒါဝိဒ်၊ ယေရှုနှင့် ဘုရားသခင့်မျက်မှောက်ခေတ်ကျေးကျွန်များနှင့် မည်သို့သက်ဆိုင်သနည်း။
၈ ဘုရားသခင့်ဝိညာဉ်တော်အကျိုးကျေးဇူးကိုခံစားရရန် ဒါဝိဒ်နည်းတူပင် ယင်း၏လမ်းပြညွှန်ကြားမှုကိုလိုက်လျှောက်လိုသူဖြစ်ရမည်။ သူဤသို့ဆုတောင်းခဲ့သည်။ “အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကောင်းမြတ်သောဝိညာဉ်တော်သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကိုသွေးဆောင်တော်မူပါစေသော။” (ဆာလံ ၁၄၃:၁၀) ဣသရေလဘုရင်ရှောလုကြောင့် ဝရမ်းပြေးဖြစ်နေသောဒါဝိဒ်သည် မိမိသွားရာလမ်း ဖြောင့်နေစေရန် ဘုရားသခင့်ဝိညာဉ်တော်ပို့ဆောင်ပေးစေလို၏။ အချိန်တန်လေသော် အဗျာသာသည် ဘုရားသခင့်အလိုတော်ကိုခွဲခန့်ပေးရာတွင်အသုံးပြုသော ယဇ်ပုရောဟိတ်၏သင်တိုင်းတော်ကို ယူဆောင်လာသည်။ ဘုရားသခင်၏ယဇ်ပုရောဟိတ်အနေနှင့် အဗျာသာသည် ယေဟောဝါအလိုရှိတော်မူသည့်လမ်းကို ဒါဝိဒ်အားပြညွှန်ပေးသည်။ (၁ ဓမ္မရာဇဝင် ၂၂:၁၇–၂၃:၁၂။ ၃၀:၆-၈) ဒါဝိဒ်နည်းတူပင် ယေဟောဝါ၏ဝိညာဉ်တော်လမ်းပြမှုကို ယေရှုခံခဲ့ရသည်။ ခရစ်တော်၏ဘိသိက်ခံနောက်လိုက်များလည်း အဖွဲ့လိုက်အနေနှင့် ဤသို့ပင်လမ်းပြမှုခံရကြသည်။ ၁၉၁၈-၁၉ တွင်လူ့ဘောင်မှသူတို့ပယ်ထုတ်ခံရသည့်အခြေအနေ၌ရှိခဲ့ကြပြီး သူတို့ကိုဖျက်ဆီးပစ်နိုင်မည်ဟု သူတို့၏ဘာသာရေးရန်သူများယူမှတ်ကြသည်။ ဘိသိက်ခံတို့သည် သူတို့၏မလှုပ်မရှားသောအဖြစ်မှ လွတ်မြောက်ရာလမ်းရရန် ဆုတောင်းကြလေသော် ၁၉၁၉ ခုနှစ်တွင် သူတို့၏ဆုတောင်းချက်များကို ဘုရားသခင်နားညောင်းတော်မူသည်အလျောက် လွတ်မြောက်စေခဲ့ပြီးနောက် လုပ်ငန်းတော်၌ ပြန်လှုပ်ရှားစေတော်မူခဲ့သည်။ (ဆာလံ ၁၄၃:၇-၉) ယနေ့ထိတိုင် လူမျိုးတော်အားလမ်းပြကူညီပေးသကဲ့သို့ပင် ထိုစဉ်က ယေဟောဝါ၏ဝိညာဉ်တော်သည် အမှန်လမ်းပြညွှန်ကြားခဲ့သည်။
ဝိညာဉ်တော်မည်သို့ကူညီ
၉။ (က) သန့်ရှင်းသောဝိညာဉ်တော်သည် “ထောက်မသူ” အဖြစ်မည်သို့ဆောင်ရွက်သနည်း။ (ခ) သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ဦးမဟုတ်ကြောင်း မည်သို့သိရှိနိုင်သနည်း။ (အောက်ခြေမှတ်ချက်ရှု။)
၉ သန့်ရှင်းသောဝိညာဉ်တော်ကို ယေရှုခရစ်က “ထောက်မသူ” ဟုခေါ်ခဲ့ပါသည်။ ဥပမာအနေနှင့် တပည့်နောက်လိုက်တို့အား ကိုယ်တော်ဤသို့မိန့်ဆိုသည်။ “ငါလည်း ခမည်းတော်ထံတောင်းလျှောက်၍ သင်တို့နှင့်အစဉ်တည်နေစေရန် သမ္မာတရားဆိုင်ရာဝိညာဉ်တော်တည်းဟူသောအမှုဆောင် [ထောက်မသူ၊ ကဘ] တစ်ပါးကို သနားတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်ကို ဤလောကသားတို့သည် မမြင်မသိသောကြောင့် မခံမယူနိုင်ကြ။ သင်တို့မူကား သင်တို့နှင့်ကိန်းဝပ်၍အတွင်း၌တည်နေတော်မူမည်ဖြစ်သောကြောင့် သိရကြသတည်း။” ခရစ်တော်ဤသို့ကတိပြုထားသည်အတွက် အခြားအမှုများအနက် ထို “ထောက်မသူ” သည်သွန်သင်ပို့ချလိမ့်မည်။ “ငါ့နာမ၌ခည်းတော်စေလွှတ်တော်မူမည့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောအမှုဆောင် [ထောက်မသူ၊ ကဘ] လည်း သင်တို့အား စုံလင်စွာသွန်သင်လျက် ငါဟောခဲ့သမျှကို သတိရစေတော်မူလိမ့်မည်။” ဝိညာဉ်တော်သည် ခရစ်တော်အကြောင်းလည်းသက်သေခံလိမ့်မည်။ တပည့်တော်များအား ဤသို့အာမခံခဲ့သည်။ “အမှန်အတိုင်းငါဆိုသည်မှာ ငါမသွားလျှင် အမှုဆောင်အရှင် [ထောက်မသူ၊ ကဘ] သည် သင်တို့ထံကြွရောက်တော်မူမည်မဟုတ်။ သွားလျှင်မူကား ငါစေလွှတ်မည်ဖြစ်သောကြောင့် သင်တို့အဖို့ငါသွားခြင်းကောင်း၏။”—ယောဟန် ၁၄:၁၆၊ ၁၇၊ ၂၆၊ ၁၅:၂၆၊ ၁၆:၇၊ သမ။a
၁၀။ စီအီး ပထမရာစုနှင့် ယနေ့ပင် သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်နည်းများဖြင့် ထောက်မသူဖြစ်ကြောင်းထင်ရှားခဲ့ပြီနည်း။
၁၀ စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ယေရှု၏နောက်လိုက်များအပေါ် သန့်ရှင်းသောဝိညာဉ်တော်ကို ကောင်းကင်မှယေရှုသွန်းလောင်းပေးတော်မူခဲ့သည်။ (တမန်တော် ၁:၄၊ ၅၊ ၂:၁-၁၁) ထောက်မသူအနေနှင့် ဝိညာဉ်တော်သည် ဘုရားသခင့်အလိုတော်နှင့်ရည်ရွယ်တော်မူချက်ကို သူတို့အား တိုးသိနားလည်စေ၍ ကိုယ်တော်၏ပရောဖက်ပြုချက်ဆိုင်ရာနှုတ်ကပါဌ်တော်ကို ဖွင့်ပြခဲ့သည်။ (၁ ကောရိန္သု ၂:၁၀-၁၆။ ကောလောသဲ ၁:၉၊ ၁၀။ ဟေဗြဲ ၉:၈-၁၀) မြေကြီးတစ်ခွင်သက်သေများဖြစ်ကြရန် ယေရှု၏တပည့်များအား ထိုထောက်မသူကကူညီစွမ်းဆောင်ပေးခဲ့သည်။ (လုကာ ၂၄:၄၉။ တမန်တော် ၁:၈။ ဧဖက် ၃:၅၊ ၆) “သစ္စာသမာဓိရှိကျေးကျွန်” မှတစ်ဆင့်ဘုရားသခင်ပြင်ဆင်ပေးတော်မူသည့် ဝိညာဏပြင်ဆင်ချက်များကိုသာ လက်ခံယူမည်ဆိုလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် ဆက်ကပ်အပ်နှံထားသောခရစ်ယာန်တစ်ဦးအား အသိပညာတိုးပွားစေရန် ကူညီပေးနိုင်ပါသည်။ (မဿဲ ၂၄:၄၅-၄၇) ယေဟောဝါ၏ကျေးကျွန်တစ်ဦးအဖြစ် သက်သေခံရန် လိုအပ်သောသတ္တိနှင့်ခွန်အားပေးခြင်းအားဖြင့် ဘုရားသခင့်ဝိညာဉ်တော်ကူညီပေးနိုင်ပါသည်။ (မဿဲ ၁၀:၁၉၊ ၂၀။ တမန်တော် ၄:၂၉-၃၁) သို့ရာတွင် အခြားနည်းများဖြင့်လည်း ဘုရားသခင့်လူများကို သန့်ရှင်းသောဝိညာဉ်တော်ကူညီပေးပါသေးသည်။
“နှုတ်မမြွက်နိုင်သောညည်းတွားခြင်းအားဖြင့်”
၁၁။ စုံစမ်းခြင်း၏လွှမ်းမိုးမှုကို ခရစ်ယာန်ဖြစ်သူခံနေရမည်ဆိုလျှင် သူဘာလုပ်သင့်သနည်း။
၁၁ စုံစမ်းခြင်း၏လွှမ်းမိုးမှုကို ခရစ်ယာန်တစ်ဦးခံနေရမည်ဆိုလျှင် သူဘာလုပ်သင့်သနည်း။ သန့်ရှင်းသောဝိညာဉ်တော်ရရန်ဆုတောင်းပြီး ယင်းကလုပ်ဆောင်စရာရှိသည်ကိုလုပ်သွားပါလေစေ။ ပေါလုဤသို့ဆိုသည်။ “မည်သို့ပတ္ထနာပြုသင့်သည်ကိုငါတို့မသိကြသဖြင့် ဝိညာဉ်တော်လည်း ငါတို့၏အားနည်းခြင်းကိုလုပ်ဆောင်ဖက်ပြုလျက် မြွက်သံမပြုသောညည်းတွားခြင်းများဖြင့် ငါတို့အဖို့ အသနားခံတော်မူရာ ဘုရားသခင့်သဘောတော်အတိုင်း သီးသန့်ထားတော်မူသူတို့အဖို့ ဝိညာဉ်တော်အသနားခံလျက်စွဲလမ်းကြောင်း စိတ်နှလုံးများကိုစိစစ်သောအရှင် သိမှတ်တော်မူ၏။”—ရောမ ၈:၂၆၊ ၂၇၊ သမ။
၁၂၊ ၁၃။ (က) အထူးသဖြင့်ခက်ခဲသောအခြေအနေများ၌ပြုသောဆုတောင်းချက်များနှင့် ရောမ ၈:၂၆၊ ၂၇ သည်မည်သို့သက်ဆိုင်သနည်း။ (ခ) အာရှပြည်နယ်တွင် အတိဒုက္ခကြုံတွေ့ခဲ့ရစဉ်က ပေါလုနှင့်သူ၏အပေါင်းအသင်းများသည် ဘာပြုလုပ်ခဲ့သနည်း။
၁၂ ဘုရားသခင့်ဝိညာဉ်တော်အသနားခံပေးသည့် ထိုသီးသန့်ထားတော်မူသူတို့သည် ကောင်းကင်မျှော်လင့်ချက်ရှိသော ဘိသိက်ခံတပည့်နောက်လိုက်များဖြစ်ကြသည်။ သို့သော် အသင်သည် ကောင်းကင်ခေါ်တော်မူခြင်းခံရသူဖြစ်စေ၊ မြေကြီးပေါ်နေထိုင်ရန် မျှော်လင့်သူဘဲဖြစ်စေ ခရစ်ယာန်တစ်ဦးအနေနှင့် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်အကူအညီကို သင်ခံစားရမည်။ ဆုတောင်းချက်တစ်ခုကို ယေဟောဝါရှင်သည် တစ်ခါတစ်ရံ တိုက်ရိုက်အဖြေပေးတော်မူသည်။ သို့ရာတွင် သင်စိတ်ဆင်းရဲလွန်းလှသဖြင့် သင့်ခံစားချက်များကိုနှုတ်ဖြင့်မမြွက်တတ်ဘဲဖြစ်ရာ ယေဟောဝါရှေ့ညည်းတွားချက်များဖြင့်သာ အသနားခံတတ်ပေမည်။ အမှန်တွင် သန့်ရှင်းသောဝိညာဉ်တော်ရရန် မတောင်းခံလျှင် ကိုယ်အတွက်အကောင်းဆုံးကား အဘယ်မည်သောအရာဖြစ်သည်ကိုမသိဘဲ အမှားအယွင်းတောင်းဆိုမိပေလိမ့်မည်။ ဘုရားသခင့်အလိုတော်အတိုင်း အသင်ဖြစ်စေလိုကြောင်းကို ကိုယ်တော်သိတော်မူ၏။ အဘယ်အရာကို သင်အမှန်လိုအပ်နေကြောင်း ကိုယ်တော်သိတော်မူ၏။ ထို့ပြင်ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ဆုတောင်းချက်ပေါင်းများစွာကို မှတ်တမ်းတင်ထားစေပြီး ယင်းတို့သည် ခက်ခဲသောအခြေအနေများနှင့်သက်ဆိုင်သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇။ ၂ ပေတရု ၁:၂၁) သို့ဖြစ်၍ ဤမှုတ်သွင်းခံဆုတောင်းချက်များပါ ခံစားချက်အချို့ကို ဘုရားသခင့်ကျေးကျွန်တစ်ဦးအနေနှင့် အသင်လည်း ပြောဆိုလိုပေလိမ့်မည်ဟု ယေဟောဝါယူမှတ်ကာ သင့်အကျိုးအလိုငှာ ယင်းဆုပန်ချက်ကိုဖြေဆိုပေးတော်မူလိမ့်မည်။
၁၃ အာရှပြည်နယ်တွင် အတိဒုက္ခကြုံတွေ့ခဲ့ရစဉ်က ပေါလုနှင့်သူ၏အပေါင်းအသင်းများသည် အဘယ်အရာအတွက်ဆုတောင်းရကြမည်အကြောင်း သိချင်မှသိကြလိမ့်မည်။ ‘မခံနိုင်အောင် အတိုင်းထက်အလွန်လေးသောဆင်းရဲကိုခံရသဖြင့် အသက်မလွတ်နိုင်ဟုသူတို့ထင်’ ကြသည်။ သို့သော်သူတို့အတွက်ဆုတောင်းပေးရန် တောင်းဆိုကြပြီး လူသေကိုပင်ရှင်ပြန်ထမြောက်စေနိုင်တော်မူသောဘုရားသခင်ကို အားထားကြပြီး ကိုယ်တော်ကလည်း သူတို့ကိုကယ်နှုတ်တော်မူသည်။ (၂ ကောရိန္သု ၁:၈-၁၁) ယေဟောဝါဘုရားသခင်သည် ကိုယ်တော်၏သစ္စာရှိကျေးကျွန်များ၏ဆုတောင်းချက်တို့ကို နားညောင်းတော်မူ၍ ကူညီ,မစပေးကြောင်းသိရှိရခြင်းသည် သက်သာရာအမှန်ဖြစ်သည်တကား။
၁၄။ ယေဟောဝါရှင်သည် စုံစမ်းခြင်းတစ်ခုကို အတန်ကြာဆက်ခံစေတော်မူလျှင် အဘယ်အကျိုးကျေးဇူးဖြစ်ထွန်းနိုင်သနည်း။
၁၄ ဘုရားသခင့်လူများသည် အဖွဲ့အစည်းလိုက် စုံစမ်းခြင်းများကို မကြာခဏကြုံတွေ့ကြရသည်။ ရှေ့တွင်ဖော်ပြသည်အတိုင်းပင် ပထမကမ္ဘာစစ်အတွင်း သူတို့ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကြသည်။ ထိုစဉ်က သူတို့အခြေအနေကို ရှင်းလင်းပြတ်သားစွာသဘောမပေါက်ကြသဖြင့် အဘယ်အရာအတွက်ဆုတောင်းကြရန် အတိအကျမသိကြငြားလည်း ယေဟောဝါဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ပရောဖက်ပြုချက်ဆိုင်ရာဆုပတ္ထနာများပါရှိနေ၍ ယင်းတို့ကို သူတို့အကျိုးအလိုငှာ ကိုယ်တော်ဖြေဆိုပေးတော်မူခဲ့သည်။ (ဆာလံ ၆၉၊ ၁၀၂၊ ၁၂၆၊ ဟေရှာယ၊ အခန်းကြီး ၁၂) သို့သော် ယေဟောဝါရှင်သည် စုံစမ်းခြင်းတစ်ခုကို အတန်ကြာဆက်ခံစေတော်မူလျှင်ကော။ ယင်းကြောင့် သက်သေခံချက်ဖြစ်နိုင်သည်၊ အချို့သူတို့အား သမ္မာတရားကိုလက်ခံစေမည်၊ ဆုတောင်းခြင်းအားဖြင့် ညီအစ်ကိုချင်းမေတ္တာပြသရန် ခရစ်ယာန်များအတွက် အခွင့်အရေးရရှိစေမည်၊ သို့မဟုတ် ဆင်းရဲဒုက္ခခံနေရသောယုံကြည်သူချင်းများကို ကူညီပေးခွင့်ရရှိစေမည်။ (ယောဟန် ၁၃:၃၄၊ ၃၅။ ၂ ကောရိန္သု ၁:၁၁) ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မိမိလူများကို ကိုယ်တော်လမ်းပြညွှန်ကြားပြီး သူတို့အတွက် အကောင်းဆုံးအမှုကိုပြုပေးတော်မူကြောင်း၊ မိမိ၏နာမတော်မြတ်သင်္ကာယနကင်းရှင်း၍ ဂုဏ်ထင်ရှားစေမည့်နည်းလမ်းအတိုင်း အရာရာကို အမြဲစီရင်တော်မူကြောင်း သတိရပါ။—ထွက်မြောက်ရာ ၉:၁၆။ မဿဲ ၆:၉။
ဝိညာဉ်တော်ကိုစိတ်မနာစေနှင့်
၁၅။ မိမိတို့အကျိုးအလိုငှာ ယေဟောဝါ၏ဝိညာဉ်တော်သည် အဘယ်အမှုကိုဆောင်ရွက်ပေးမည်ဟု ခရစ်ယာန်များစိတ်ချနိုင်သနည်း။
၁၅ ထိုကြောင့်သင်သည်ယေဟောဝါ၏ကျေးကျွန်တစ်ဦးဖြစ်မည်ဆိုလျှင် စုံစမ်းသွေးဆောင်ခံရသည့်အခါနှင့် အခြားအချိန်များတွင် သန့်ရှင်းသောဝိညာဉ်တော်အတွက် ဆုတောင်းပါ။ ထိုနောက် ယင်း၏လမ်းပြမှုကိုလိုက်ဖြစ်အောင်လိုက်ပါ။ အကြောင်းမူကား၊ “ရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင် သင်တို့ကိုတံဆိပ်ခတ်တော်မူသော ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်” ဟုပေါလုရေးသားခဲ့ပါသည်။ (ဧဖက် ၄:၃၀) သစ္စာရှိဘိသိက်ခံခရစ်ယာန်များအတွက် ဘုရားသခင့်ဝိညာဉ်တော်သည် တံဆိပ် သို့မဟုတ် မသေနိုင်သောကောင်းကင်အသက်တာဖြစ်သည့် ‘လာလတ္တံ့သောအရာ၏စရန်’ ဖြစ်ခဲ့၍ ဖြစ်ဆဲလည်းရှိသည်။ (၂ ကောရိန္သု ၁:၂၂။ ရောမ ၈:၁၅။ ၁ ကောရိန္သု ၁၅:၅၀-၅၇။ ဗျာဒိတ် ၂:၁၀) ဘိသိက်ခံခရစ်ယာန်များနှင့် မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိသူများပါ မိမိတို့အကျိုးကို ယေဟောဝါ၏ဝိညာဉ်တော် ဆောင်ရွက်ပေးမည်ဟု စိတ်ချယုံကြည်နိုင်ပါသည်။ ယင်းသည် သစ္စာတည်မြဲသွားရန် လမ်းပြညွှန်ကြားသွားနိုင်ရုံသာမက ဘုရားသခင့်မျက်နှာသာနှင့်မတွေ့သော အပြစ်များကိုရှောင်ကြဉ်ရန်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဆုံးရှုံးသွားသည့်အတွက် ထာဝရအသက်မရသည့်အဖြစ်မျိုးမရောက်စေရန် ကူညီပေးပါလိမ့်မည်။—ဂလာတိ ၅:၁၉-၂၁။
၁၆၊ ၁၇။ ခရစ်ယာန်တစ်ဦးသည် ဝိညာဉ်တော်ကို မည်သို့စိတ်နာစေနိုင်မည်နည်း။
၁၆ ခရစ်ယာန်တစ်ဦးသည် သိ၍သော်လည်းကောင်း၊ အမှတ်မထင်ဘဲနှင့်သော်လည်းကောင်း ဝိညာဉ်တော်ကို မည်သို့စိတ်နာစေနိုင်မည်နည်း။ အသင်းတော်တွင် စည်းလုံးမှုရှိမြဲရှိနေစေရန်နှင့် တာဝန်သိတတ်သောသူများကိုခန့်အပ်ရန် ယေဟောဝါသည် ဝိညာဉ်တော်ကိုအသုံးပြုပါသည်။ ထိုကြောင့်အသင်းသားတစ်ဦးသည် ခန့်အပ်ခံအကြီးအကဲများကို မကျေမနပ်ဖြစ်မည်၊ အသရေဖျက်လို၍ အတင်းအဖျင်းစကားများလိုက်လံပြောဆိုမည်၊ အစရှိသည်တို့ကိုပြုမည်ဆိုလျှင် စည်းလုံးညီညွတ် ငြိမ်သက်မှုရှိစေရန် ဘုရားသခင့် ဝိညာဉ်တော်၏ညွှန်ကြားမှုကို လိုက်လျှောက်နေရာကျမည်မဟုတ်ပါ။ ယေဘုယျအားဖြင့် ဤသို့ပြုသူသည် ဝိညာဉ်တော်ကိုစိတ်နာစေနေပါသည်။—၁ ကောရိန္သု ၁:၁၀။ ၃:၁-၄၊ ၁၆၊ ၁၇။ ၁ သက်သာလောနိတ် ၅:၁၂၊ ၁၃။ ယုဒ ၁၆။
၁၇ ဧဖက်မြို့ရှိခရစ်ယာန်များထံစာရေးရာတွင် မုသာစကားပြောတတ်သည့်အကျင့်၊ အမျက်ကိုမငြိမ်းစေသည့်၊ ခိုးတတ်သည့်၊ မတော်မလျော်စကားများပြောတတ်သည့်၊ မတရားမေထုန်ကို စိတ်ဝင်စားရန်နှိုးဆွတတ်သည့်အကျင့်များအပြင် ရှက်ဖွယ်သောအမူအကျင့်နှင့် ညစ်ညူးစွာပြက်လုံးထုတ်တတ်သည့်အကျင့်တို့ကိုမပြုရန် ပေါလုသတိပေးခဲ့သည်။ ဤအကျင့်များကို ခရစ်ယာန်တစ်ဦးသည် မချိုးနှိမ်ဘဲ ပြုမြဲပြုနေမည်ဆိုလျှင် ဝိညာဉ်တော်မှုတ်သွင်းခံသမ္မာကျမ်းစာ၏သြဝါဒကို သူဖီဆန်နေပါလိမ့်မည်။ (ဧဖက် ၄:၁၇-၂၉၊ ၅:၁-၅) ထိုသို့ပြုသောကြောင့် တစ်နည်းအားဖြင့် ဘုရားသခင့်ဝိညာဉ်တော်ကို စိတ်နာစေပါလိမ့်မည်။
၁၈။ ဘုရားသခင်၏ဝိညာဉ်တော်မှုတ်သွင်းခံနှုတ်ကပါဌ်တော်၏သြဝါဒကို ခရစ်ယာန်တစ်ဦးတစ်ယောက်သည် စတင်၍ဥပေက္ခာပြုမည်ဆိုလျှင် ဘာဖြစ်နိုင်သနည်း။
၁၈ အမှန်သော်ကား၊ ယေဟောဝါ၏ဝိညာဉ်တော်မှုတ်သွင်းခံနှုတ်ကပါဌ်တော်၏သြဝါဒကို ခရစ်ယာန်တစ်ဦးတစ်ယောက်သည် စတင်၍ဥပေက္ခာပြုလျှင် တမင်တကာပြစ်မှားခြင်းနှင့် မျက်နှာသာတော်ဆုံးရှုံးရခြင်း၌ လမ်းဆုံးစေမည့် စိတ်သဘောထားများ၊ သို့မဟုတ် ဝသီများကိုစတင်မွေးမြူပေးနေပါသည်။ ထိုအချိန်၌ပင် ပြစ်မှားတတ်သည့်အကျင့်မရှိဦးတော့ ယင်းလမ်းစဉ်သို့ဦးတည်နေနိုင်သည်။ ဤသို့ပြုခြင်းဖြင့် ဝိညာဉ်တော်၏လမ်းပြမှုနောက်မလိုက်သောခရစ်ယာန်သည် ဝိညာဉ်တော်ကိုစိတ်နာစေပါသည်။ ဤနည်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏မူလအမြစ်ဖြစ်သော ယေဟောဝါရှင်ကိုလည်း ဖီလာဆန့်ကျင်၍ စိတ်နာကြည်းစေပါလိမ့်မည်။ ဘုရားသခင်ကိုချစ်မြတ်နိုးသူတစ်ဦးသည် ထိုသို့ဘယ်သောအခါမျှပြုလိုမည်မဟုတ်သည်ကားအမှန်။
သန့်ရှင်းသောဝိညာဉ်တော်အတွက်အဆက်မပြတ်ဆုတောင်းနေ
၁၉။ ယေဟောဝါ၏လူများသည် ကိုယ်တော်၏ဝိညာဉ်တော်အကူအညီကို ယနေ့အဘယ်ကြောင့်အထူးသဖြင့်လိုအပ်သနည်း။
၁၉ သင်သည် ယေဟောဝါ၏ကျေးကျွန်တစ်ဦးဖြစ်မည်ဆိုလျှင် သန့်ရှင်းသောဝိညာဉ်တော်အတွက် ဆက်ဆုတောင်းနေပါ။ အထူးသဖြင့်ဤခဲယဉ်းဆိုးယုတ်သော “နောက်ဆုံးကာလ” တွင် ဘုရားသခင့်ဝိညာဉ်တော်အကူအညီကို ခရစ်ယာန်များလိုအပ်နေပါသည်။ (၂ တိမောသေ ၃:၁-၅) ကောင်းကင်မှနှင်ချခံရပြီးနောက် ယခုမြေကြီးဝန်းကျင်တွင်ရောက်နေသော မာရ်နတ်နှင့်သူ၏နတ်ဆိုးများသည် ယေဟောဝါ၏အဖွဲ့အစည်းကို ဒေါသပုန်ထနေပါသည်။ ယင်းကြောင့် ယခင်ကထက်ယခုအချိန်တွင် ဘုရားသခင့်လူများသည် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြညွှန်ကြားမှုကို လိုအပ်နေပါသည်။ သို့မှသာ အခက်အခဲဒုက္ခနှင့်ညှဉ်းပန်းနှိပ်စက်မှုများကို သူတို့ခံရပ်နိုင်ပါလိမ့်မည်။—ဗျာဒိတ် ၁၂:၇-၁၂။
၂၀၊ ၂၁။ ယေဟောဝါ၏နှုတ်ကပါဌ်တော်၊ ဝိညာဉ်တော်နှင့် အဖွဲ့အစည်း၏လမ်းပြညွှန်ကြားမှုကို အဘယ်ကြောင့်လိုက်လျှောက်သင့်သနည်း။
၂၀ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ယေဟောဝါဘုရားသခင်ပြင်ဆင်ပေးသောအကူအညီအတွက် လေးမြတ်မှုအမြဲပြပါ။ ဝိညာဉ်တော်မှုတ်သွင်းခံနှုတ်ကပါဌ်တော်၏ ညွှန်ကြားမှုကိုလိုက်လျှောက်ပါ။ ဘုရားသခင့်ဝိညာဉ်တော်လမ်းပြမှုအောက်ရှိ မြေကြီးဆိုင်ရာအဖွဲ့အစည်းနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ပါ။ သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်နာစေရာရောက်မည့် ကျမ်းစာနှင့်မညီညွတ်သောလမ်းစဉ်ပေါ်သို့ လမ်းလွဲလှည့်ထွက်သွားရန် ခြေလှမ်းမမှားစေပါနှင့်။ သို့ပြုပါက နောက်ဆုံးသင့်ထံမှဝိညာဉ်တော်ဆုတ်ခွာသွားပြီး ဝိညာဏပျက်စီးခြင်းသို့ရောက်သွားစေပါလိမ့်မည်။—ဆာလံ ၅၁:၁၁။
၂၁ ယေဟောဝါ၏ဝိညာဉ်တော်လမ်းပြခံခြင်းသည် ကိုယ်တော့်စိတ်တော်နှင့်တွေ့နိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်၍ ငြိမ်းချမ်းသာယာမှုရရှိစေမည်။ သန့်ရှင်းသောဝိညာဉ်တော်ကို ယေရှုက “ထောက်မသူ”(ကဘ) သို့မဟုတ် “သက်သာစေသူ” ဟုခေါ်ဆိုခဲ့သည်ကိုသတိရပါ။ (ယောဟန် ၁၄:၁၆၊ ကဘ။ အောက်ခြေမှတ်ချက်) ဝိညာဉ်တော်ဖြင့် ခရစ်ယာန်များကို ဘုရားသခင်သက်သာစေ၍ စုံစမ်းခံရစဉ် ခွန်အားပေးတော်မူသည်။ (၂ ကောရိန္သု ၁:၃၊ ၄) ဝိညာဉ်တော်သည် ယေဟောဝါ၏လူများအား သတင်းကောင်းဟောပြောစေ၍ ကောင်းစွာသက်သေခံနိုင်ရန် ကျမ်းချက်များကိုလိုအပ်သလို ပြန်သတိရစေသည်။ (လုကာ ၁၂:၁၁၊ ၁၂။ ယောဟန် ၁၄:၂၅၊ ၂၆။ တမန်တော် ၁:၄-၈။ ၅:၃၂) ဆုတောင်းခြင်းနှင့်ဝိညာဉ်တော်၏လမ်းပြမှုအားဖြင့် ယုံကြည်ခြင်းစမ်းသပ်ခံရသည့်အခါ ကောင်းကင်မှလာသောဉာဏ်ပညာဖြင့် ခရစ်ယာန်များရင်ဆိုင်နိုင်မည်။ ထိုကြောင့်ဘဝအခြေအနေအမျိုးမျိုး၌ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်အတွက် သူတို့အဆက်မပြတ်ဆုတောင်းနေကြပါသည်။ သို့ဖြစ်သောကြောင့် ယေဟောဝါ၏ဝိညာဉ်တော်သည် လူမျိုးတော်ကို လမ်းပြညွှန်ကြားတော်မူ၏။
[အောက်ခြေမှတ်ချက်များ]
a “ထောက်မသူ” အဖြစ်ဖော်ပြထားသော်လည်း သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ဦးမဟုတ်ပါ။ အကြောင်းမူကားနပုလ္လိင်ဖြစ်သောဂရိနာမ်စား (“it”) ကိုဝိညာဉ်တော်အတွက်အသုံးပြုထားပါသည်။ ထပ်တူပင် ဉာဏ်ပညာကိုတင်စား၍ ဟေဗြဲနပုလ္လိင်နာမ်စားများကိုအသုံးပြုထား၏။ (သု၊ ၁:၂၀-၃၃။ ၈:၁-၃၆) ထို့ပြင် ပုဂ္ဂိုလ်တစ်ဦးအားမပြုနိုင်သည့်အမှုဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်ကို “သွန်းလောင်း” ပေးခဲ့သည်။—တမန်တော် ၂:၃၃။
သင့်အဖြေများကားအဘယ်နည်း
▫ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်အတွက် အဘယ်ကြောင့်ဆုတောင်းသင့်သနည်း။
▫ သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်နည်းဖြင့် ထောက်မသူဖြစ်သနည်း။
▫ သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်နာစေသည်ဟုဆိုရာတွင် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ယင်းသို့မပြုမိရန် မည်သို့ရှောင်ကြဉ်နိုင်မည်နည်း။
▫ သန့်ရှင်းသောဝိညာဉ်တော်အတွက် အဘယ်ကြောင့်အဆက်မပြတ်ဆုတောင်းသင့်ပြီး၊ ယင်း၏လမ်းပြမှုကို အဘယ်ကြောင့် အဆက်မပြတ်လိုက်လျှောက်သင့်သနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ကောင်းမွန်ရာများကို သားအားပေးသည့်မေတ္တာရှိဖခင်နည်းတူ သန့်ရှင်းသောဝိညာဉ်တော်အတွက် ဆုတောင်းကြသည့်ကျေးကျွန်များအား ယေဟောဝါပေးတော်မူ၏
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဆုတောင်းသောခရစ်ယာန်များအတွက် ဘုရားသခင့်ဝိညာဉ်တော်သည် မည်သို့တောင်းလျှောက်ပေးကြောင်း သိပါသလော