ဒုစရိုက်ပြည့်နှက်သောလောကတွင် မွန်မြတ်သောအကျင့်ကိုထိန်းသိမ်းခြင်း
“သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲပြုကြလော့။ သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍ မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏သားဖြစ်ကြလိမ့်မည်။” —ဖိလိပ္ပိ ၂:၁၄-၁၆။
၁၊ ၂။ ခါနာန်ပြည်သားများကို အကုန်အစင်သုတ်သင်ပယ်ရှင်းရန် ဘုရားသခင်အဘယ်ကြောင့်မိန့်မှာတော်မူသနည်း။
ယေဟောဝါ၏အမိန့်တော်သည် အလျှော့ပေးလိုက်လျောဖို့ရန် အခွင့်အလမ်းမရှိစေပါ။ ပရောဖက်မောရှေက “သူတို့ကိုလုပ်ကြံ၍ အကုန်အစင်သုတ်သင်ပယ်ရှင်းရမည်။ . . . ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့[ကို] . . . သင်၏ဘုရားသခင် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း . . . ရှင်းရှင်းဖျက်ဆီးရမည်” ဟုမိန့်တော်မူချိန်တွင် ဣသရေလလူမျိုးသည် ကတိထားရာပြည်ထဲ ဝင်လုဆဲဆဲရှိနေသည်။—တရားဟောရာ ၇:၂; ၂၀:၁၇၊ ၁၈။
၂ ယေဟောဝါသည် ကရုဏာပြတော်မူသောဘုရားသခင် ဖြစ်တော်မူရာ ခါနာန်ပြည်သားများကို အဘယ်ကြောင့် ရှင်းရှင်းဖျက်ဆီးပစ်ရန် မိန့်တော်မူရသနည်း။ (ထွက်မြောက်ရာ ၃၄:၆) တစ်ကြောင်းမှာ ‘ခါနာန်လူမျိုးတို့သည် မိမိတို့ဘုရားများ၌ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ဣသရေလလူမျိုးအားသွန်သင်၍ ဣသရေလလူမျိုးသည် ယေဟောဝါကို ပြစ်မှားခြင်းမပြု’ စေရန်ဖြစ်သည်။ (တရားဟောရာ ၂၀:၁၇၊ ၁၈) မောရှေက “ထိုလူမျိုးတို့၏ မကောင်းမှုကြောင့် ထာဝရဘုရားသည် သူတို့ကိုသင့်ရှေ့မှ နှင်ထုတ်တော်မူ” သည်ဟူ၍လည်းပြောသည်။ (တရားဟောရာ ၉:၄) ခါနာန်အမျိုးသားများသည် ဒုစရိုက်၏ပြယုဂ်ဖြစ်ကြသည်။ လိင်ဆိုင်ရာ ယိုယွင်းဖောက်ပြန်မှုနှင့် အရုပ်ကိုးကွယ်မှုတို့သည် ၎င်းတို့၏ဝတ်ပြုရေး အမှတ်အသားများဖြစ်ကြသည်။ (ထွက်မြောက်ရာ ၂၃:၂၄; ၃၄:၁၂၊ ၁၃; တောလည်ရာ ၃၃:၅၂; တရားဟောရာ ၇:၅) သွေးရင်းစပ်ယှက်မှု၊ ဖိုချင်းမေထုန်ပြုမှုနှင့် တိရစ္ဆာန်မေထုန်ပြုမှုတို့သည် “ခါနာန်ပြည်၏အကျင့်” များဖြစ်သည်။ (ဝတ်ပြုရာ ၁၈:၃-၂၅) မှားယွင်းသောဘုရားများထံ အပြစ်မဲ့သားသမီးများကို ရက်စက်စွာ ပူဇော်ပသခဲ့ကြသည်။ (တရားဟောရာ ၁၈:၉-၁၂) ထို့ကြောင့် ဤလူမျိုးများ ရှိနေရုံမျှဖြင့် မိမိလူမျိုးတော်၏ ကာယ၊ စာရိတ္တနှင့် ဝိညာဏကောင်းစားရေးအတွက် အန္တရာယ်ရှိသည်ဟု ယေဟောဝါယူမှတ်တော်မူခြင်းသည် အံ့ဩစရာမဟုတ်ပေ!—ထွက်မြောက်ရာ ၃၄:၁၄-၁၆။
၃။ ဣသရေလလူမျိုးသည် ခါနာန်ပြည်သားများကို ရှင်းရှင်းဖျက်ဆီးရန် ဘုရားသခင်၏အမိန့်တော်ကို အပြည့်အဝမလိုက်နာကြသောကြောင့် အဘယ်အကျိုးခံစားရသနည်း။
၃ ဘုရားသခင်၏ နည်းဥပဒေသတို့ကို အပြည့်အဝ မလိုက်လျှောက်ကြသောကြောင့် ကတိထားရာပြည်ကို ဣသရေလလူမျိုးသိမ်းပိုက်ချိန်တွင် ခါနာန်ပြည်သားများစွာတို့သည် ကျန်ကြွင်းနေသည်။ (တရားသူကြီး ၁:၁၉-၂၁) အချိန်တန်လေသော် ခါနာန်လူမျိုး၏ ဩဇာလွှမ်းမိုးမှုသည် တရွေ့ရွေ့တိုးများလာရာ ဤသို့ဆိုနိုင်ပါသည်– “[ယေဟောဝါ၏] စီရင်တော်မူချက်၊ ဘိုးဘေးတို့နှင့်ဖွဲ့တော်မူသောပဋိညာဉ်၊ သူတို့၌သက်သေခံတော်မူသော သက်သေတို့ကိုပယ်၍ အနတ္တတရားကိုကျင့်လျက် အချည်းနှီးသက်သက်ဖြစ်ကြ၏။ အကြင်တစ်ပါးအမျိုးသား ကျင့်သကဲ့သို့ မကျင့်ကြနှင့်ဟု ထာဝရဘုရားပညတ်တော်မူ၏။ ပတ်လည်၌နေသော ထိုအမျိုးသားနောက်သို့ လိုက်ကြ၏။” (၄ ဓမ္မရာဇဝင် ၁၇:၁၅) မှန်ပါ၏၊ နှစ်ပေါင်းများစွာ ကုန်လွန်လေသော် ဣသရေလလူများစွာတို့သည် ခါနာန်လူမျိုးများကို ဘုရားသခင်ရှင်းရှင်းဖျက်ဆီးပစ်ခဲ့ရသော ဒုစရိုက်များဖြစ်သည့် အရုပ်ကိုးကွယ်မှု၊ လိင်ဆိုင်ရာဆိုးညစ်မှုများနှင့် မီးဖြင့်သားသမီးကိုပူဇော်ခြင်းတို့ကိုပင် ပြုလုပ်ကြပါသည်တကား!—တရားသူကြီး ၁၀:၆; ၄ ဓမ္မရာဇဝင် ၁၇:၁၇; ယေရမိ ၁၃:၂၇။
၄၊ ၅။ (က) သစ္စာမဲ့သောဣသရေလနှင့် ယုဒနိုင်ငံတို့သည် မည်သို့ဖြစ်သွားသနည်း။ (ခ) ဖိလိပ္ပိ ၂:၁၄၊ ၁၅ တွင်မည်သို့တိုက်တွန်းထားသနည်း။ အဘယ်မေးခွန်းများ ပေါ်လာသနည်း။
၄ ထို့ကြောင့် ပရောဖက်ဟောရှေက ဤသို့ကြေညာပါသည်– “အိုဣသရေလအမျိုးသားတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့နှင့် တရားတွေ့မှုရှိတော်မူ၏။ အကြောင်းမူကား၊ သူတို့သည် သစ္စာမရှိ၊ ကရုဏာမရှိ၊ ဘုရားသခင်ကိုမသိကြ။ ကျိန်ဆဲခြင်း၊ မုသားစကားကိုပြောခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ သူ့မယားကိုပြစ်မှားခြင်းတို့၌ အဆီးအတားမရှိ။ လူအသက်ကိုသတ်သောအပြစ် အထပ်ထပ်ရှိကြ၏။ ထို့ကြောင့်၊ ပြည်သည် ငြိုငြင်လိမ့်မည်။ ပြည်သားအပေါင်းနှင့်တကွ၊ တောသားရဲ၊ မိုးကောင်းကင်ငှက်တို့သည် အားလျော့ကြလိမ့်မည်။ ပင်လယ်ငါးတို့သည်လည်း ကုန်ကြလိမ့်မည်။” (ဟောရှေ ၄:၁-၃) ဘီ.စီ.အီး. ၇၄၀ တွင်ဖောက်ပြန်ယိုယွင်းသော ဣသရေလမြောက်ပိုင်းနိုင်ငံကို အာရှုရိနိုင်ငံက ဝင်ရောက်ဖျက်ဆီးပစ်ခဲ့ပါသည်။ အနှစ်တစ်ရာကျော်ခန့်တွင် သစ္စာမဲ့သော တောင်ပိုင်းယုဒနိုင်ငံကို ဗာဗုလုန်နိုင်ငံက လာရောက်သိမ်းပိုက်သွားလေသည်။
၅ ဒုစရိုက်၏လွှမ်းမိုးမှုကို ခံမည်ဆိုလျှင် မည်မျှအန္တရာယ်ရှိကြောင်း ယင်းအဖြစ်အပျက်တို့က ဖော်ပြပါသည်။ ဘုရားသခင်သည် မတရားသောအမှုကို မုန်းတော်မူ၍ မိမိလူမျိုးတွင် ယင်းကို သည်းခံခွင့်လွှတ်ထားတော်မူမည်မဟုတ်ပါ။ (၁ ပေတရု ၁:၁၄-၁၆) ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားလာကြလိမ့်မည့် “ဆိုးညစ်သောဤပစ္စုပ္ပန်” ကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေထိုင်ကြသည်ကား မှန်ပါ၏။ (ဂလာတိ ၁:၄; ၂ တိမောသေ ၃:၁၃) သို့တိုင် ဘုရားသခင့်နှုတ်ကပါဌ်တော်က ခရစ်ယာန်အားလုံးတို့သည် “ပြုလေသမျှတို့၌ . . . အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှမပြစ်မှားဘဲနေ၍၊ မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏သားဖြစ်ကြလိမ့်မည်။ . . . စကြဝဠာ၌ နေ၊ လ၊ ကြယ်၊ နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ” ရန်မှာကြားထားတော်မူသည်။ (ဖိလိပ္ပိ ၂:၁၄၊ ၁၅) သို့သော် ဒုစရိုက်ပြည့်နှက်သောလောကတွင် မွန်မြတ်သည့်အကျင့်ကို မည်သို့ထိန်းသိမ်းနိုင်မည်နည်း။ ထိုသို့ အမှန်တကယ်ပြုလုပ်နိုင်ပါမည်လော။
ဒုစရိုက်ပြည့်နှက်သော ရောမလောက
၆။ ပထမရာစုရှိခရစ်ယာန်များသည် မွန်မြတ်သောအကျင့်ထိန်းသိမ်းခြင်း စိန်ခေါ်ချက်ကို အဘယ်ကြောင့်ရင်ဆိုင်ခဲ့ကြရသနည်း။
၆ ပထမရာစုနှစ်ခရစ်ယာန်များသည် ရောမလူမျိုး၏ အလွှာအသီးသီးတွင် အကျင့်ပျက်ပြားမှု ပြည့်နှက်နေသောကြောင့် မွန်မြတ်သောအကျင့်ထိန်းသိမ်းခြင်း စိန်ခေါ်ချက်ကို ရင်ဆိုင်ခဲ့ကြရသည်။ ရောမအတွေးအခေါ်ပညာရှင် စီနီကာက သူ၏တစ်ခေတ်တည်းသားများအကြောင်း ဤသို့ဆိုသည်– “လူတို့သည် ဆိုးညစ်မှုတွင် သူ့ထက်ငါသာဖို့ ရုန်းကန်ကြသည်။ ဒုစရိုက်ပြုလိုသော အာသာဆန္ဒသည် တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာ၏၊ ယင်းကိုကြောက်လန့်သောစိတ်မှာမူ လျော့နည်းလျက်သာရှိသည်။” ရောမလူ့ဘောင်လောကကို သူက “သားရဲလောက” နှင့်နှိုင်းယှဉ်ပါသည်။ ထို့ကြောင့် ရောမလူမျိုးသည် ဖျော်ဖြေမှုအတွက် ရက်စက်သည့် အသေခံဓားခုတ်ပြိုင်ပွဲများနှင့် မဖွယ်ရာသော ဇာတ်ပွဲများကိုကြည့်ကြခြင်းသည် အံ့ဩစရာမဟုတ်ပေ။
၇။ စီ.အီး. ပထမရာစုတွင် ရိုးနေသော ဒုစရိုက်အမှုများကို ပေါလုမည်သို့ဖော်ပြသနည်း။
၇ တမန်တော်ပေါလုက “ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကိုရှက်ကြောက်ဖွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍ ပကတိနှင့်ဆန့်ကျင်ဘက်ထုံးစံကိုလိုက်ကြ၏။ ထို့အတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့်ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်းကိလေသာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဖွယ်သောအမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့မှားယွင်းခြင်းနှင့်အလျောက် မိမိတို့အပြစ်ဒဏ်ကိုခံရကြ၏” ဟုရေးသားချိန်တွင် ပထမရာစုခေတ်သားတို့၏ ယုတ်ညံ့သောအပြုအမူကို ရည်စူးနေခြင်းဖြစ်ပေမည်။ (ရောမ ၁:၂၆၊ ၂၇) ညစ်ညမ်းသောဇာတိဆန္ဒများကို အာသာပြေဖို့ အရေးပေးကြလွန်းသည့် ရောမလူ့ဘောင်လောကသည် ဒုစရိုက်ပြည့်နှက်နေလေသည်။
၈။ ဂရိနှင့်ရောမလူ့ဘောင်လောကတွင် ကလေးများသည် မည်သို့အမြတ်ထုတ်ခံရသနည်း။
၈ ရောမလူမျိုးအလယ်တွင် လိင်တူဆက်ဆံခြင်းသည် မည်မျှပျံ့နှံ့ကြောင်း သမိုင်းက အတိအလင်းမဖော်ပြထားပါ။ သို့သော် ထိုအကျင့်ကိုလိုက်စားသော ရှေးဦးဂရိတို့၏သြဇာလွှမ်းမိုးမှုကို သူတို့ခံယူကြကြောင်း ထင်ရှားပါသည်။ လူကြီးများသည် ဆရာတပည့်ဆက်ဆံရေးမျိုးဖြင့် လူငယ်များကို စုစည်းပေါင်းရုံးပြီး လိင်ဖောက်ပြန်မှုပြုရန် လမ်းကြောင်းပေးသည့်ထုံးစံရှိကြပါသည်။ ဤကဲ့သို့သော ဒုစရိုက်အမှုမျိုးနှင့် ကလေးများကို မတော်မလျော်ပြုမူကျင့်ကြံခြင်းနောက်ဝယ် စာတန်နှင့်နတ်ဆိုးများ၏ မြှောက်ထိုးပင့်ကော်ပြုလုပ်မှုရှိကြောင်း သိသာထင်ရှားပါသည်။—ယောလ ၃:၃; ယုဒ ၆၊ ၇။
၉၊ ၁၀။ (က) ၁ ကောရိန္သု ၆:၉၊ ၁၀ ကဒုစရိုက်အမှုအမျိုးမျိုးကို အဘယ်နည်းဖြင့်ရှုတ်ချသနည်း။ (ခ) ကောရိန္သုအသင်းတော်ရှိသူအချို့၏နောက်ခံကား အဘယ်နည်း။ သူတို့တွင် အဘယ်ပြောင်းလဲမှု တွေ့ရှိရသနည်း။
၉ ပေါလုသည် ဝိညာဉ်တော်မှုတ်သွင်းခံရခြင်းအားဖြင့် ကောရိန္သုမြို့ရှိ ခရစ်ယာန်များကို ဤသို့စာရေးလိုက်သည်– “မတရားသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြသလော။ အလွဲမယူကြနှင့်။ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ ယောက်ျားချင်း မေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကို ခိုးသောသူ၊ လောဘ လွန်ကျူးသောသူ၊ သေရည်သေရက်နှင့် ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက် လုယူသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။ အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင် သခင်ယေရှု၏နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်ကြပြီ။”—၁ ကောရိန္သု ၆:၉-၁၁။
၁၀ သို့ဖြစ်၍ ပေါလု၏မှုတ်သွင်းခံစာစောင်က လိင်စာရိတ္တယိုယွင်းခြင်းကို ရှုတ်ချပြီး “မတရားသောမေထုန်၌ မှီဝဲသောသူ” တို့သည် “ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရ” ဟုဆိုသည်။ သို့ရာတွင် ဒုစရိုက်အချို့ကို စာရင်းတင်ပြပြီးနောက် ပေါလုက “အထက်က သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူ ဖြစ်ကြသော်လည်း၊ ယခုတွင် . . . ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်ကြပြီ” ဟုဆိုသည်။ ပြစ်မှားသူတို့သည် ဘုရားသခင့်အကူအညီဖြင့် ကိုယ်တော့်ရှေ့မှောက်တော်တွင် သန့်ရှင်းသူများ ဖြစ်လာနိုင်ကြပါသည်။
၁၁။ ပထမရာစုရှိခရစ်ယာန်များသည် သူတို့ခေတ်ရှိ ဆိုးသွမ်းသောဝန်းကျင်တွင် မည်သို့နေထိုင်ခဲ့ကြသနည်း။
၁၁ မှန်ပါသည်၊ မွန်မြတ်သောခရစ်ယာန်အကျင့်သည် ပထမရာစုအချိန်က ဒုစရိုက်ပြည့်နှက်သောလောကတွင်ပင် ရှင်သန်ခဲ့ပါသည်။ ယုံကြည်သူများသည် “စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြ” ၏။ (ရောမ ၁၂:၂) “အထက်ကကျင်လည်ကြသည်အရာ” များကို သူတို့စွန့်လွှတ်လိုက်ကြပြီး “စိတ်နှလုံးသဘောသစ်ကိုရ” ခဲ့ကြသည်။ ဤနည်းဖြင့် လောက၏ဒုစရိုက်များကိုစွန့်ပြီး “မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင် [ကြသည်]။”—ဧဖက် ၄:၂၂-၂၄။
ဒုစရိုက်ပြည့်နှက်သော မျက်မှောက်လောက
၁၂။ ၁၉၁၄ ခုနှစ်ကတည်းက ဤလောကတွင် အဘယ်ပြောင်းလဲမှုကို တွေ့ရှိနေရသနည်း။
၁၂ ကျွန်ုပ်တို့ခေတ်ကော အသို့နည်း။ ကျွန်ုပ်တို့အသက်ရှင်နေကြသောလောကသည် ယခင်ကထက်ပို၍ ဒုစရိုက်ပြည့်နှက်နေပါသည်။ အထူးသဖြင့် ၁၉၁၄ ခုနှစ်မှစ၍ ကမ္ဘာချီကိုယ်ကျင့်ယိုယွင်းမှုကို တွေ့မြင်နေကြရသည်။ (၂ တိမောသေ ၃:၁-၅) လူများစွာတို့သည် မွန်မြတ်သောအကျင့်၊ ကိုယ်ကျင့်တရား၊ နာမည်ကောင်းရှိခြင်းနှင့် ကျင့်ဝတ်များတို့နှင့်ပတ်သက်သည့် ထုံးတမ်းစဉ်လာအယူအဆများကို ငြင်းပယ်ကြပြီး သူတို့စဉ်းစားပုံမှာ ကိုယ်ကျိုးအတွက်သာဖြစ်ကြ၍ “ရှက်ကြောက်ခြင်းမရှိ” ဘဲဖြစ်ချေပြီ။ (ဧဖက် ၄:၁၉) နယူးစ်ဝိခ်မဂ္ဂဇင်းက ဤသို့ဆိုသည်– “ကျွန်ုပ်တို့သည် ကိုယ်ကျင့်ဆိုင်ရာခြွင်းချက်အမှန်တရားဝါဒ နှံ့ပြားသောခေတ်တွင် နေထိုင်ကြပါသည်။” ကိုယ်ကျင့်နှင့်ပတ်သက်၍ လူတို့ကိုလွှမ်းမိုးသောစိတ်ထားသည် “မိမိစိတ်ကြိုက်၊ စိတ်လှုပ်ရှားမှုအရ ပိုနှစ်သက်ရာ၊ သို့မဟုတ် ယဉ်ကျေးမှုအရ ရွေးချယ်ကာ အမှားအမှန်ကို ဆုံးဖြတ်ပြုလုပ်ကုန်ကြပေပြီ” ဟုဆက်လက်ဖော်ပြသည်။
၁၃။ (က) မျက်မှောက်ခေတ်ဖျော်ဖြေမှုများစွာတို့သည် ဒုစရိုက်ကို မည်သို့တိုးပွားစေသနည်း။ (ခ) မတော်လျော်သော ဖျော်ဖြေမှုသည် တစ်ဦးချင်းအပေါ် အဘယ်ဆိုးကျိုးပြုနိုင်သနည်း။
၁၃ ပထမရာစုကကဲ့သို့ ယနေ့ ယိုယွင်းပျက်ပြားသော အပန်းဖြေမှုကို တွေ့ရလေ့ရှိသည်။ ရုပ်မြင်သံကြား၊ ရေဒီယို၊ ရုပ်ရှင်နှင့် ဗီဒီယိုတို့မှ လိင်ဆိုင်ရာဇာတ်ကွက်များကို အဆက်မပြတ် တွေ့မြင်ကြားသိနေကြရသည်။ ဒုစရိုက်သည် ကွန်ပျူတာကွန်ရက်အတွင်းအထိပင် စိမ့်ဝင်လာလေပြီ။ တက္ကသိုလ်သုတေသနပြုချက်တစ်ခုအရ ယခု ကွန်ပျူတာအပြာပုံသည် “ကွန်ပျူတာကွန်ရက်ကို အသုံးပြုသူများအတွက် ဖျော်ဖြေမှုရှာယူသည့် (အဓိကနည်းမဟုတ်သည့်တိုင်) အဓိကကျသောနည်းများတွင် တစ်နည်းဖြစ်ချေပြီ။” ယင်းတို့အားလုံး၏ အကျိုးသက်ရောက်မှုကား အဘယ်နည်း။ သတင်းစာပင်တိုင်ဆောင်းပါးရှင်တစ်ဦးက ဤသို့ဆိုသည်– “ကျွန်ုပ်တို့၏ယဉ်ကျေးမှုတွင် လူ့အသက်သတ်ခြင်း၊ မင်းမဲ့အခြေအနေနှင့် အပေါစားအချစ်ဇာတ်လမ်းများသည် လူအများကြိုက်ဖြစ်လာသည့်အခါ ကျွန်ုပ်တို့သည် လူ့အသက်သတ်ခြင်း၊ မင်းမဲ့အခြေအနေ၊ အပေါစားအချစ်ဇာတ်လမ်းများတို့နှင့် အကျွမ်းတဝင်ဖြစ်လာကြပါသည်။ ယင်းတို့ကို ရိုးရိုးကိစ္စအဖြစ်သာ ယူမှတ်လာတတ်ကြပြီး ညစ်ပတ်ယုတ်ညံ့မှုသည် အဆန်းမဟုတ်တော့ဘဲ သည်းခံခွင့်ပြုထားနိုင်စရာ ဖြစ်လာလေသည်။”—၁ တိမောသေ ၄:၁၊ ၂ နှိုင်းယှဉ်။
၁၄၊ ၁၅။ ကမ္ဘာတစ်ခွင်၌ လိင်ဆိုင်ရာစာရိတ္တစံနှုန်းများ ကျဆင်းနေကြောင်း အဘယ်သာဓကရှိသနည်း။
၁၄ နယူးယောက်တိုင်းမ်စ်ပါ ဤသတင်းတစ်ရပ်ကို သတိပြုပါ– “လွန်ခဲ့သော ၂၅ နှစ်က ကျော်မကောင်း ကြားမကောင်းကိစ္စဟု ယူမှတ်ရာကို ယခု လက်သင့်ခံနိုင်သော နေမှုထိုင်မှုအစီအစဉ်တစ်ရပ်အဖြစ် သတ်မှတ်ထားကြပေပြီ။ လက်မထပ်ဘဲ တွဲဖက်နေထိုင်ကြသော မောင်နှံစုံများ၏ အရေအတွက်သည် [အမေရိကန်နိုင်ငံတွင်] ၁၉၈၀ နှင့် ၁၉၉၁ ခုနှစ်အတွင်း ၈၀ ရာခိုင်နှုန်းတက်သွားပါသည်။” ယင်းသည် မြောက်အမေရိကန်၏ ထူးခြားချက်တစ်ခုမျှ မဟုတ်ပေ။ အေးရှားဝိခ် မဂ္ဂဇင်းက သတင်းပေးပို့သည်– “[အာရှ] နိုင်ငံများတစ်လျှောက် ယဉ်ကျေးမှုနှင့်ပတ်သက်သော အငြင်းအခုံတစ်ရပ်ဖြစ်ပွားနေပါသည်။ ပြဿနာကား လိင်ဆိုင်ရာလွတ်လပ်မှုလော၊ ဆက်ခံလာသောစံချိန်များလောဖြစ်ပြီး အပြောင်းအလဲကို လိုလားသူများ၏ အရေအတွက်သည်လည်း တဖြည်းဖြည်းတိုးများလာနေပါသည်။” နိုင်ငံများစွာတွင် မတရားမေထုန်ပြုကျင့်ခြင်းနှင့် အိမ်ထောင်မပြုမီ သံဝါသပြုခြင်းတို့ကို တိုး၍တိုး၍လက်ခံနေကြကြောင်း သုတေသနပြုချက်က ဖော်ပြသည်။
၁၅ ကျွန်ုပ်တို့ခေတ်တွင် စာတန်သည် အလွန်အလုပ်များလိမ့်မည်ဟု သမ္မာကျမ်းစာက ကြိုတင်ဟောထားပါသည်။ (ဗျာဒိတ် ၁၂:၁၂) ယင်းကြောင့် ဒုစရိုက်သည် ထိတ်လန့်ဖွယ်ကောင်းအောင် ပျံ့နှံ့နေခြင်းကို မအံ့သြသင့်ပါ။ ဥပမာ၊ ကလေးသူငယ်များအပေါ် လိင်ဆိုင်ရာ အမြတ်ထုတ်ခြင်းသည် ကူးစက်ရောဂါသဖွယ် ဖြစ်ချေပြီ။a ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က “ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတိုင်းနီးပါး၌ စီးပွားဖြစ် လိင်ဆိုင်ရာ အမြတ်ထုတ်ခြင်းသည် ကလေးများကို ထိခိုက်နေကြောင်း” သတင်းရသည်။ နှစ်စဉ်၊ “ကမ္ဘာတစ်ဝန်းတွင် ကလေး ၁ သန်းကျော်သည် ပြည့်တန်ဆာလုပ်ငန်းသို့ မတရားသွတ်သွင်းခံနေရကြကြောင်း၊ သံဝါသပြုဖို့အတွက် ရောင်းဝယ်ဖောက်ကားပြုခံနေရကြကြောင်းနှင့် ကလေးအပြာပုံထုတ်လုပ်ရေးတွင် အသုံးပြုခံနေရကြကြောင်း” ဖြစ်သည်။ လိင်တူမေထုန်သည် ရိုးနေပါပြီ။ နိုင်ငံရေးသမားများနှင့် ဘာသာရေးခေါင်းဆောင်အချို့ပင်လျှင် ယင်းကို “သီးခြားဘဝပုံစံ” တစ်ခုအဖြစ် ကိုယ်တိုင်လိုက်စားပြီး အားပေးနေကြပါသည်။
ဤလောက၏ဒုစရိုက်ကို ငြင်းပယ်ခြင်း
၁၆။ လိင်ဆိုင်ရာစာရိတ္တစံနှုန်းနှင့်ပတ်သက်၍ ယေဟောဝါသက်သေများ၏ရပ်တည်ချက်ကား အဘယ်နည်း။
၁၆ ယေဟောဝါသက်သေများသည် လိင်စာရိတ္တနှင့်ပတ်သက်၍ အထိန်းအကွပ်မရှိသည့်စံနှုန်းများကို ထောက်ခံအားပေးသူ လူတန်းစားတွင် မပါဝင်ကြပါ။ တိတု ၂:၁၃ ကဤသို့ဆိုသည်– “ဘုရားတရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကိုဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှားပေါ်ထွန်းလျက်ရှိ၏။” မှန်ပါသည်၊ မထိမ်းမြားမီ သံဝါသပြုခြင်း၊ သူ့မယားပြစ်မှားခြင်းနှင့် လိင်တူဆက်ဆံခြင်းအမှု အစရှိသောဒုစရိုက်များကို တကယ်ရွံမုန်းသောစိတ် မွေးမြူကြရပါမည်။b (ရောမ ၁၂:၉; ဧဖက် ၅:၃-၅) ပေါလုက ဤသို့ဆုံးမသည်– “သခင်ဘုရား၏နာမတော်ကို ဝန်ခံသောသူမည်သည်ကား၊ မတရားသောအမှုကိုရှောင်ရမည်။”—၂ တိမောသေ ၂:၁၉။
၁၇။ အရက်ယမကာသုံးစွဲမှုကို စစ်မှန်သောခရစ်ယာန်များ မည်သို့သဘောထားသနည်း။
၁၇ စစ်မှန်သောခရစ်ယာန်များသည် အသေးအဖွဲမျှဟုထင်ရသော ဒုစရိုက်များအပေါ် လောကအမြင်ကို ငြင်းပယ်ကြသည်။ ဥပမာ၊ ယနေ့ လူအများသည် အရက်သေစာအလွဲသုံးစားပြုမှုကို အပျော်အပျက်သဘော ယူမှတ်ထားကြသည်။ သို့သော် ယေဟောဝါ၏လူမျိုးသည် ဧဖက် ၅:၁၈ ပါဆုံးမစကားကို နာခံကြပါသည်– “လွန်ကျူးစေတတ်သော စပျစ်ရည်နှင့်ယစ်မျိုးကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့။” ခရစ်ယာန်တစ်ဦးသည် အရက်သုံးစွဲလိုလျှင် တော်သင့်ရုံသာ သောက်သုံးပါသည်။—သု. ၂၃:၂၉-၃၂။
၁၈။ မိသားစုဆက်ဆံရေးတွင် ယေဟောဝါ၏ကျေးကျွန်များကို ကျမ်းစာမူများက မည်သို့လမ်းပြညွှန်ကြားသနည်း။
၁၈ မိမိ၏အိမ်ထောင်ဖက်နှင့် သားသမီးများကို အော်ဟစ်ငေါက်ငေါ်ခြင်း၊ သို့မဟုတ် ဆဲဆိုပြစ်တင်ခြင်းသည် မမှားပါဟုသဘောထားသည့် လောကီသားအချို့၏အမြင်ကိုလည်း ယေဟောဝါ၏ကျေးကျွန်များ ငြင်းပယ်ကြပါသည်။ မွန်မြတ်သောလမ်းစဉ်ကို လိုက်လျှောက်ရန် စိတ်ပိုင်းဖြတ်လျက် ခရစ်ယာန်ယောက်ျား၊ မိန်းမများသည် ပေါလု၏ ဆုံးမစကားကို အတူတကွလိုက်နာကျင့်သုံးရန် ကြိုးစားကြသည်– “ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေကိုပျက်အောင် ပြောဆိုခြင်းတို့ကိုလည်းကောင်း၊ ခပ်သိမ်းသောမနာလိုခြင်းကိုလည်းကောင်း၊ သင်တို့မှ ပယ်ရှားကြလော့။ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်ကိုလွှတ်ခြင်းရှိကြလော့။”—ဧဖက် ၄:၃၁၊ ၃၂။
၁၉။ စီးပွားရေးလောကတွင် ဒုစရိုက်သည် မည်မျှပျံ့နှံ့နေသနည်း။
၁၉ မရိုးသားမှု၊ လိမ်လည်မှု၊ မုသားသုံးခြင်း၊ ဘယ်သူသေသေ ငတေမာပြီးရောဆိုသည့် စီးပွားရေး နည်းပရိယာယ်များနှင့် ခိုးမှုတို့သည်လည်း ယနေ့ ရိုးနေပါသည်။ စီအက်ဖ်အိုခေါ် စီးပွားရေးမဂ္ဂဇင်းပါ ဆောင်းပါးတစ်ခုက “လုပ်သား ၄,၀၀၀ ကိုသုံးသပ်ခဲ့ရာ စစ်ဆေးမေးမြန်းခံရသူ ၃၁ ရာခိုင်နှုန်းသည် ယခင်နှစ်အတွင်း ‘ကြီးလေးသော အကျင့်ပျက်ပြားမှု’ ကိုတွေ့ရှိခဲ့ကြကြောင်း” သတင်းပေးပို့သည်။ ဤအကျင့်ပျက်မှုများတွင် မုသားသုံးမှု၊ စာရင်းလိမ်လည်မှု၊ လိင်ဆိုင်ရာ သွေးဆောင်နှောင့်ယှက်မှုနှင့် ခိုးမှုတို့ပါဝင်သည်။ ယေဟောဝါရှေ့ ကိုယ်ကျင့်သန့်ရှင်းမှုရှိနေလိုလျှင် ဤကဲ့သို့သော အကျင့်များကို ရှောင်ကြဉ်ပြီး ငွေရေးကြေးရေးကိစ္စတွင် ရိုးသားမှုရှိကြရမည်။—မိက္ခာ ၆:၁၀၊ ၁၁။
၂၀။ ခရစ်ယာန်များသည် “ငွေကိုတပ်မက်ခြင်း” နှင့်အဘယ်ကြောင့်ကင်းရှင်းဖို့လိုသနည်း။
၂၀ ငွေရင်းနှီးမြှုပ်နှံမှုတစ်ခုမှ ပွပေါက်တိုးလျှင် ဘုရားသခင့်လုပ်ငန်းအတွက် အချိန်ပိုရရှိမည်ဟု ယူမှတ်ခဲ့သူတစ်ဦး၏အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ ရရှိနိုင်စရာရှိသည့် အမြတ်ငွေကို အကြီးအကျယ်ချဲ့ထွင်ပြောဆိုခြင်းဖြင့် ငွေရင်းနှီးမြှုပ်နှံမှုတစ်ခုတွင် ပါဝင်ရန် အခြားသူများကိုပါ သူမြှူဆွယ်ခဲ့၏။ မှန်းချက်နှင့် နှမ်းထွက်မကိုက်သောအခါ အရှုံးမပေါ်စေရန် သူ့ထံအပ်နှံထားသည့်ငွေကို သူခိုးယူလေသည်။ သူ၏အပြုအမူနှင့် နောင်တမယူသော သဘောထားကြောင့် ခရစ်ယာန်အသင်းတော်မှ သူသည် နှင်ထုတ်ခံခဲ့ရ၏။ “ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ခြင်းခပ်အောင်ထိုးကြပြီ” ဟူသော ကျမ်းစာသတိပေးချက်သည် မှန်လိုက်လေခြင်း!—၁ တိမောသေ ၆:၁၀။
၂၁။ အခွင့်အာဏာရှိ လောကီသားများတွင် အဘယ်အကျင့်စရိုက်များ ရိုးနေပြီနည်း။ သို့သော် ခရစ်ယာန်အသင်းတော်တွင် တာဝန်ရှိအနေအထားကို ရယူထားသူများသည် မည်သို့ကျင့်ကြံပြုမူကြရမည်နည်း။
၂၁ အခွင့်အာဏာနှင့် ဩဇာရှိသော လောကီသားများတွင် များသောအားဖြင့် မွန်မြတ်သောအကျင့်ကင်းမဲ့ပြီး ‘အာဏာသည် ယိုယွင်းစေ၏’ ဟူသောဆိုရိုးစကား မှန်ကန်ကြောင်းသာ ထင်ရှားစေသည်။ (ဒေသနာ ၈:၉) အချို့နိုင်ငံများတွင် လာဘ်ပေးလာဘ်ယူမှုနှင့် အမျိုးမျိုးသောအဂတိလိုက်စားမှုများသည် တရားသူကြီးများ၊ ပုလိပ်များနှင့် နိုင်ငံရေးသမားများ၏ ဘဝပုံစံပင်ဖြစ်ချေပြီ။ သို့သော် ခရစ်ယာန်အသင်းတော်တွင် ဦးစီးနေသူများသည် မွန်မြတ်သောအကျင့်ရှိရမည်၊ သူတစ်ပါးကို အစိုးတရမပြုရပါ။ (လုကာ ၂၂:၂၅၊ ၂၆) အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများပါ “မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်” အမှုထမ်းသည်မဟုတ်။ ကြွယ်ဝချမ်းသာရန်အလားအလာကြောင့် မိမိ၏ဆုံးဖြတ်စီရင်ချက်ကို မှောက်လှန်ရန် သို့မဟုတ် ဩဇာလွှမ်းရန် မည်သို့သောသွေးဆောင်မှုကိုမဆိုမမှုသင့်ချေ။—၁ ပေတရု ၅:၂; ထွက်မြောက်ရာ ၂၃:၈; သု. ၁၇:၂၃; ၁ တိမောသေ ၅:၂၁။
၂၂။ နောက်ဆောင်းပါးက အဘယ်အကြောင်းကို ဆွေးနွေးမည်နည်း။
၂၂ ခြုံ၍ကြည့်လျှင် ခရစ်ယာန်များသည် ဒုစရိုက်ပြည့်နှက်နေသောလောကတွင် မွန်မြတ်သောအကျင့်ကို ထိန်းသိမ်းထားခြင်းဆိုင်ရာ မျက်မှောက်ခေတ်စိန်ခေါ်ချက်ကို အောင်မြင်စွာရင်ဆိုင်နေကြပါသည်။ သို့တိုင် မွန်မြတ်သောအကျင့်တွင် ဆိုးသွမ်းမှုကို ရှောင်ကြဉ်ရုံထက်မက ပါဝင်သည်။ မွန်မြတ်သောအကျင့်ကိုမွေးမြူခြင်းငှာ အဘယ်အရာလိုအပ်ကြောင်း နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။
[အောက်ခြေမှတ်ချက်များ]
a ၁၉၉၃၊ အောက်တိုဘာ ၈ ရက်ထုတ် နိုးလော့! (လိပ်) တွင်ပါသော “သင့်ကလေးများကို ကာကွယ်ပေးလော့!” ဆောင်းပါးများကိုရှု။
b ယခင်က လိင်တူမေထုန်ပြုခဲ့ဖူးသူများသည် ပထမရာစုက အချို့သူများနည်းတူ သူတို့၏အကျင့်ကို ပြောင်းလဲနိုင်ခဲ့ကြပြီ။ (၁ ကောရိန္သု ၆:၁၁) ၁၉၉၅၊ မတ် ၂၂ နိုးလော့! [လိပ်] စာမျက်နှာ ၂၁-၃ တွင်အကူအညီဖြစ်စေသည့် အကြောင်းအရာများကို ဖော်ပြထားပါသည်။
ပြန်လည်စစ်ဆေးရန်အချက်အလက်များ
◻ ယေဟောဝါသည် ခါနာန်ပြည်သားများကို ရှင်းရှင်းဖျက်ဆီးရန် အဘယ်ကြောင့်မိန့်တော်မူသနည်း။
◻ ပထမရာစုတွင် အဘယ်ဒုစရိုက်များသည် ရိုးနေသနည်း။ ထိုသို့သောဝန်းကျင်တွင် ခရစ်ယာန်များ မည်သို့နေထိုင်ခဲ့ကြသနည်း။
◻ ၁၉၁၄ ခုနှစ်ကတည်းက ကမ္ဘာချီကိုယ်ကျင့်ယိုယွင်းမှုကို တွေ့ရှိနေရကြောင်း အဘယ်သာဓကက ဖော်ပြသနည်း။
◻ ရိုးနေသော အဘယ်ဒုစရိုက်အမှုများကို ယေဟောဝါ၏လူများ ငြင်းပယ်ကြရမည်နည်း။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ပထမရာစုခရစ်ယာန်များသည် ဒုစရိုက်ပြည့်နှက်သောလောကတွင် နေထိုင်ကြသော်လည်း မွန်မြတ်သောအကျင့်ရှိကြ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဒုစရိုက်သည် ကွန်ပျူတာကွန်ရက်အတွင်းပင် စိမ့်ဝင်နေပြီဖြစ်ရာ လူငယ်များစွာနှင့် အခြားသူများအား အပြာပုံနှင့်စပ်လျဉ်းသောစာပေများကို ထိတွေ့စေ
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် အခြားသူများ၏ မရိုးသားသော နည်းပရိယာယ်များကို အတုမယူဘဲ မွန်မြတ်သောအကျင့်ကို ထိန်းသိမ်းရမည်