လောဘရမက်ထောင်ချောက်ကို အောင်မြင်စွာရှောင်ကြဉ်ခြင်း
“ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း . . . ထဲသို့ ကျရောက်တတ်ကြ၏။” —၁ တိမောသေ ၆:၉။
၁ ထောင်ချောက်များကို အဘယ်ကြောင့် သတိပြုသင့်သနည်း။
“ထောင်ချောက်” ဟူသောစကားလုံးက သားကောင်ကို အမှတ်မထင်ဖမ်းမိရန် မုဆိုးတစ်ဦး ဖုံးဝှက်ထောင်ထားသည့် ကိရိယာတစ်ခုကို သတိရစေမည်။ သို့ရာတွင် ကျွန်ုပ်တို့အတွက် အန္တရာယ်အကြီးမားဆုံးထောင်ချောက်များမူကား ဤကဲ့သို့သော တကယ့်ကိရိယာများမဟုတ်ဘဲ ဝိညာဉ်ရေးအရ၊ သို့မဟုတ် စာရိတ္တရေးအရ ညွှတ်ကွင်းမိစေနိုင်သောအရာများဖြစ်သည်။—၂ ကောရိန္သု ၂:၁၁။ ၂ တိမောသေ ၂:၂၄-၂၆။
၂။ (က) အန္တရာယ်ရှိသောထောင်ချောက်များကို ရှောင်ကြဉ်နိုင်ရန် ယေဟောဝါမည်သို့ကူညီပေးသနည်း။ (ခ) ဤအချိန်တွင် အဘယ်ထောင်ချောက်မျိုးကို သတိပြုရန်လိုပါသနည်း။
၂ စာတန်၏ထူးထွေကွဲပြားမြားမြောင်သောထောင်ချောက်အချို့ကို ခွဲခြားသိမြင်စေခြင်းအားဖြင့် ကျွန်ုပ်တို့အား ယေဟောဝါအကူအညီပေးပါသည်။ ဥပမာ၊ ကျွန်ုပ်တို့၏နှုတ်ခမ်း၊ သို့မဟုတ် ပါးစပ်ဖြင့် ပညာကင်းမဲ့စွာ၊ မစဉ်းစားဘဲ မပြောဆိုသင့်ရာများကို ပြောဆိုလျှင် ယင်းသည် ထောင်ချောက်ဖြစ်နိုင်ကြောင်း ဘုရားသခင်သတိပေးထားတော်မူသည်။ (သု၊ ၁၈:၇။ ၂၀:၂၅) မာနထောင်လွှားခြင်းသည် ထောင်ချောက်ဖြစ်နိုင်သကဲ့သို့ အမျက်ထွက်တတ်သူများနှင့် ပေါင်းဖော်ခြင်းသည်လည်း ထိုနည်းတူဖြစ်နိုင်ပါသည်။ (သု၊ ၂၂:၂၄၊ ၂၅။ ၂၉:၂၅) သို့သော် အခြားထောင်ချောက်တစ်ခုကို ကြည့်ကြဦးစို့။ “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။” (၁ တိမောသေ ၆:၉) ယင်းထောင်ချောက်နောက်ဝယ်ရှိအရာ၊ သို့မဟုတ် ယင်းကိုအခြေခံသည့်အရာကို “လောဘရမက်” ဟူသောစကားလုံးဖြင့် အကျဉ်းချုပ်ဖော်ပြနိုင်ပါသည်။ စည်းစိမ်ရှိလိုသည့်သဘောက လောဘရမက်ရှိကြောင်း ထင်ရှားစေသည်မှန်သော်လည်း အမှန်တွင် လောဘရမက်သည် အသွင်အမျိုးမျိုးရှိသော ထောင်ချောက်တစ်ခုဖြစ်သည်။
အန္တရာယ်ရှိကြောင်း ယေဟောဝါသတိပေး
၃၊ ၄။ ရှေးခေတ်လူ့သမိုင်းက လောဘရမက်နှင့်စပ်လျဉ်း၍ အဘယ်သင်ခန်းစာရှိသနည်း။
၃ အမှန်ဆိုလျှင် လောဘရမက်မည်သည် ငွေကိုဖြစ်စေ၊ ပစ္စည်းဥစ္စာ၊ ဩဇာအာဏာ၊ လိင် သို့မဟုတ် အခြားအရာများကိုဖြစ်စေ တစ်ခုခုကို အတောမသတ်နိုင်အောင်၊ သို့မဟုတ် အလွန်အမင်း လိုချင်တမ်းတခြင်းဖြစ်သည်။ လောဘရမက်ထောင်ချောက်အန္တရာယ်ကို ကျွန်ုပ်တို့အဦးဆုံးကြုံတွေ့ခဲ့သည်မဟုတ်ပါ။ ရှေးအချိန်က ဧဒင်ဥယျာဉ်တွင် ဧဝသည် လောဘရမက်ညွှတ်ကွင်း၌ မိခဲ့ပြီးနောက် အာဒံပါ ထိုတွင်ဖမ်းမိခံခဲ့သည်။ သူတို့အတွက် ပရဒိသုနေအိမ်ကို ဘုရားသခင်ပြင်ဆင်ထားပေးတော်မူခဲ့သည်။ ဧဝ၏ကြင်ဖော်သည် သူမထက် ဘဝအတွေ့အကြုံများရုံမက ယေဟောဝါကိုယ်တော်တိုင်၏ သွန်သင်မှုကို ခံခဲ့ရ၏။ ညစ်ညမ်းမှုကင်းစင်သော မြေမှထွက်သည့် ကောင်းသောစားသောက်ဖွယ်ရာအမျိုးမျိုးကို အလျှံပယ်စားသုံးခွင့်ရှိကြသည်။ စုံလင်သောသားသမီးများနှင့်အတူ ဘုရားသခင့်အမှုတော်ဆောင်လျက် အစဉ်အမြဲအသက်ရှင်နိုင်ကြသည်။ (ကမ္ဘာဦး ၁:၂၇-၃၁။ ၂:၁၅) မည်သူမဆို ထိုမျှနှင့် ကျေနပ်ရောင့်ရဲနိုင်သည်မဟုတ်လော။
၄ သို့ဖြစ်၍ပင် လောဘရမက်ထောင်ချောက်၌ မဖမ်းမိစေရန် ပြည့်စုံကုံလုံခြင်းက မတားဆီးနိုင်ပါ။ ဧဝသည် ဘုရားနှင့်တူနိုင်မည့်အလားအလာကြောင့် ထောင်ချောက်မိခဲ့သည်။ သူမသည် လွတ်လပ်ခွင့်ပိုရလိုသည်။ ကိုယ့်စံကိုယ်ထားလိုခဲ့သည်။ အာဒံမူကား ဘာပဲဆုံးရှုံးပါစေ သူ၏လှပသောကြင်ဖော်နှင့် အဆက်မပြတ်ပေါင်းဖော်လိုပုံရှိသည်။ စုံလင်သူများပင် လောဘရမက်ထောင်ချောက်၌ ဖမ်းမိနိုင်ကြသဖြင့် ကျွန်ုပ်တို့အတွက် မည်မျှအန္တရာယ်ကြီးမားကြောင်းကို သဘောပေါက်နိုင်ကြပါသည်။
၅။ လောဘရမက်ထောင်ချောက်ကို ရှောင်ကြဉ်ရန် မည်မျှအရေးကြီးသနည်း။
၅ လောဘရမက်ထောင်ချောက်တွင် မဖမ်းမိစေရန် သတိပြုကြရမည်။ အကြောင်းမူကား၊ “မတရားသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြသလော။ အလွဲမယူကြနှင့်။ မတရားသောမေထုန်၌မှီဝဲသောသူ၊ . . . ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ . . . တို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ” ဟုတမန်တော်ပေါလု သတိပေးထားပါသည်။ (၁ ကောရိန္သု ၆:၉၊ ၁၀) “မတရားသောမေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်းအမှုတို့ကို . . . စကားဖြင့်မျှ မဆက်ဆံကြနှင့်” ဟူ၍လည်း ပေါလုပြောပါသေးသည်။ (ဧဖက် ၅:၃) ထိုကြောင့် ဇာတိပကတိအသွေးအသားကို ဖြေသိမ့်လို၍ လောဘလွန်ကျူးခြင်းအကြောင်းကို စကားဖောင်ဖွဲ့ပြောဆိုစရာပင် မဖြစ်သင့်ပေ။
၆၊ ၇။ (က) လောဘရမက်သည် မည်မျှတန်ခိုးပါကြောင်း အဘယ်ကျမ်းစာဥပမာများက အလေးအနက်ဖော်ပြသနည်း။ (ခ) ထိုဥပမာများသည် အဘယ်ကြောင့် သတိပေးချက်ဖြစ်သင့်သနည်း။
၆ လောဘရမက်အန္တရာယ်ကို သတိပြုမူကြရန် ပုံသက်သေများစွာကို ယေဟောဝါမှတ်တမ်းတင်စေခဲ့သည်။ အာခန်၏ လောဘရမက်ကို သတိရပါ။ ယေရိခေါမြို့ကို ဖျက်ဆီးပစ်ရမည်။ သို့သော် ယင်း၏ရွှေ၊ ငွေ၊ ကြေးဝါနှင့်သံတန်ဆာရှိသမျှကို ဘဏ္ဍာတော်ထဲသွင်းရမည်ဟု ဘုရားသခင်အမိန့်တော်ရှိထားပါသည်။ ကနဦး၌ ထိုညွှန်ကြားချက်ကို အာခန်လိုက်နာရန် ရည်ရွယ်ခဲ့ပေမည်။ သို့သော် လောဘရမက်က သူ့အတွက် ထောင်ချောက်ဖြစ်လေသည်။ ယေရိခေါမြို့ရောက်သည်နှင့် အကြိုက်တွေ့သောလှပသည့်ဝတ်လုံအပါအဝင် မယုံနိုင်လောက်အောင် ဈေးနှုန်းသက်သာသောအရာများစွာရှိ ဈေးကွက်၌ သူရောက်သွားဘိသကဲ့သို့ ဖြစ်ခဲ့ပါသည်။ ဒေါ်လာထောင်ချီ၍ တန်ဖိုးရှိရွှေငွေထည်များကို ကောက်ယူကာ ‘ပွတာပဲ။ ခိုးယူလို့ရတာ ကျနေတာဘဲ’ ဟုသူစဉ်းစားမိမည်။ အမှန်မှာ ခိုးယူခြင်းပင်။ ဖျက်ဆီးရမည့်၊ သို့မဟုတ် သွင်းအပ်ရမည့်အရာကို တပ်မက်လိုက်ခြင်းဖြင့် ဘုရားသခင်ထံမှ ခိုးယူခဲ့ရာ ယင်းကြောင့် အာခန်အသက်ဆုံးရှုံးခဲ့ရသည်။ (ယောရှု ၆:၁၇-၁၉။ ၇:၂၀-၂၆) ဂေဟာဇိနှင့် ယုဒရှကာရုတ်တို့၏ ပုံသက်သေများကိုလည်း သုံးသပ်ပါလေ။—၄ ဓမ္မရာဇဝင် ၅:၈-၂၇။ ယောဟန် ၆:၆၄။ ၁၂:၂-၆။
၇ အထက်ပါလူသုံးဦးတို့သည် ယေဟောဝါ၏စံချိန်များကို မသိနားမလည်သော တိတ္ထိများမဟုတ်ကြောင်း သတိပြုသင့်သည်။ အမှန်မှာ သူတို့သည် ဘုရားသခင်အား ဆက်ကပ်အပ်နှံခံ ဆက်ဆံရေးရထားသူများဖြစ်ကြသည်။ ဘုရားသခင့်တန်ခိုးတော်ကိုလည်းကောင်း၊ ကိုယ်တော့်မျက်နှာသာနှင့်တွေ့ရန် အရေးကြီးကြောင်းကိုလည်းကောင်း စွဲမှတ်စရာဖြစ်စေခဲ့သော အံ့ဖွယ်ရာများကို တွေ့မြင်ခဲ့သူများဖြစ်ကြသည်။ သို့ဖြစ်လျက်ပင် လောဘရမက်ထောင်ချောက်ကြောင့် သူတို့ပျက်စီးသွားခဲ့ကြရသည်။ ကျွန်ုပ်တို့လည်း မည်သည့်ပုံစံမျိုးဖြင့်ပင် လောဘရမက်ထောင်ချောက်၌ ဖမ်းမိခံရမည်ဆိုလျှင် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး ပျက်စီးစေနိုင်ပါသည်။ လောဘရမက်၏ မည်သည့်အမျိုးအစား၊ ပုံစံများသည် အထူးအန္တရာယ်ရှိပါသနည်း။
စည်းစိမ်ချမ်းသာ၊ သို့မဟုတ် ပစ္စည်းဥစ္စာကို လောဘရမက်ကြီးခြင်းအားဖြင့် ကျော့မိခြင်း
၈။ စည်းစိမ်ချမ်းသာနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက မည်သို့သတိပေးထားသနည်း။
၈ စည်းစိမ်ကိုမြတ်နိုးခြင်း၊ ဥစ္စာမက်ခြင်းတို့ကို ရှောင်ကြဉ်ရန် သမ္မာကျမ်းစာက ခရစ်ယာန်အများစုကို အတိအလင်းသတိပေးထားပါသည်။ မဿဲ ၆:၂၄-၃၃၊ လုကာ ၁၂:၁၃-၂၁၊ နှင့် ၁ တိမောသေ ၆:၉၊ ၁၀ ပါယင်းတို့အနက် အချို့ကို ပြန်လည်သုံးသပ်ကြည့်ကြစို့။ ဤဆုံးမစကားများကို အသင်လက်ခံနာယူပါသည်ဟု ထင်မှတ်နေမည်ဖြစ်သော်လည်း အာခန်၊ ဂေဟာဇိနှင့်ယုဒတို့ပါ ယင်းသြဝါဒများကို လက်ခံခဲ့မည်ဟု မထင်သလော။ ဆင်ခြင်ဉာဏ်ဖြင့်သာမက သဘောတူလက်ခံဖို့လိုကြောင်း ထင်ရှားနေပါသည်။ စည်းစိမ်ချမ်းသာ၊ သို့မဟုတ် ပစ္စည်းဥစ္စာကို လောဘရမက်တက်ခြင်း ထောင်ချောက်သည် နေ့စဉ်ဘဝအသက်တာတွင် ခေါင်းမထောင်စေရန် အမြဲသတိပြုရမည်။
၉။ ဈေးဝယ်ခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သဘောထားကို အဘယ်ကြောင့်စစ်ဆေးသင့်သနည်း။
၉ နေ့စဉ်ပင် အိမ်အတွက် ဝယ်ခြမ်းစရာ—အစားအသောက်၊ အဝတ်အစား၊ ပစ္စည်းကိရိယာ—များရှိပါသည်။ (ကမ္ဘာဦး ၄၂:၁-၃။ ၄ ဓမ္မရာဇဝင် ၁၂:၁၁၊ ၁၂။ သု၊ ၃၁:၁၄၊ ၁၆။ လုကာ ၉:၁၃၊ ၁၇:၂၈၊ ၂၂:၃၆) သို့သော် စီးပွားရေးလောကသည် အသစ်အဆန်းများကို တိုး၍တိုး၍လိုချင်ရန် မြှောက်ထိုးပင့်ကော်ပြုတတ်ပါသည်။ သတင်းစာများ၊ မဂ္ဂဇင်းများနှင့် တီဗွီတို့တွင်ပါသော ကြော်ငြာမြောက်မြားစွာတို့သည် လောဘရမက် စွဲမက်စရာများသာဖြစ်သတည်း။ ဤစွဲမက်ဖွယ်ရာများမှာ ချိတ်ဆွဲပြသထားသည့် ဘလောက်စ်အင်္ကျီများ၊ ကုတ်အင်္ကျီများ၊ ဂါဝန်များနှင့် ဆွယ်တာများ၊ စင်ပေါ်တွင် ဖိနပ်အသစ်အဆန်းများ၊ အီလက်ထရောနစ်ပစ္စည်းနှင့် ကင်မရာများ ပြထားသည့် စတိုးဆိုင်များလည်း ရှိပါသည်။ ခရစ်ယာန်များ ကိုယ်ကိုယ်ကိုမေးသင့်သည်ကား ‘ဈေးထဲ လျှောက်သွားကြည့်ခြင်းဟာ ငါ့ဘဝပျော်ရွှင်ရာ ဖြစ်နေသလား၊’ ‘တွေ့လိုက်တဲ့ ပစ္စည်းအသစ်အဆန်းတစ်ခုကို ငါတကယ် လိုအပ်နေလို့လား။ ဒါမှမဟုတ် စီးပွားရေးလောကက လောဘရမက်မျိုးစေ့ကို ငါ့စိတ်ထဲမှာ ပွားနေစေသလား’ ဟူ၍ဖြစ်သည်။—၁ ယောဟန် ၂:၁၆။
၁၀။ အဘယ်လောဘရမက်ထောင်ချောက်သည် အထူးသဖြင့်အမျိုးသားများအတွက် အန္တရာယ်ဖြစ်သနည်း။
၁၀ အမျိုးသမီးများအတွက် ဈေးဝယ်ခြင်းသည့် ထောင်ချောက်ဖြစ်နေပုံရှိမည်ဆိုလျှင် အမျိုးသားမြောက်မြားစွာတို့အတွက် ငွေများများရှာဖွေခြင်းသည် ထောင်ချောက်ဖြစ်နေပေသည်။ ‘မိမိတိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကို တည်ဆောက်ပြီးမှ သူ၏အသီးအနှံ၊ ဥစ္စာရှိသမျှတို့ကို သိုထားမည်’ ဟုကြံစည်သော ဝင်ငွေကောင်းသည့်သူဌေးပုံဥပမာတွင် ဤထောင်ချောက်ကို ယေရှုဖော်ပြခဲ့သည်။ အန္တရာယ်ကို သတိပေးလို၍ ယေရှုက “လောဘလွန်ကျူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့” ဟုအတိအလင်းဆိုသည်။ (လုကာ ၁၂:၁၅-၂၁) ချမ်းသာသည်ဖြစ်စေ၊ မချမ်းသာသည်ဖြစ်စေ ထိုသြဝါဒစကားများကို လိုက်နာကျင့်သုံးသင့်ပါသည်။
၁၁။ ငွေရတတ်ခြင်းငှာ လောဘရမက်ကြီးခြင်း၌ ခရစ်ယာန်တစ်ဦး မည်သို့ထောင်ချောက်မိနိုင်သနည်း။
၁၁ ငွေများများရရှိရန်၊ သို့မဟုတ် ငွေဖြင့်ဝယ်ခြမ်းနိုင်သည့်အရာများကို လောဘရမက်ကြီးခြင်းအားဖြင့် မသိမသာ တိုးပွားစေတတ်သည်။ အလျင်အမြန်ချမ်းသာနည်း—စွန့်စားပြီး ငွေအရင်းအနှီးမြှပ်နှံခြင်းအားဖြင့် တစ်သက်မှာတစ်ခါတည်းပင် ချမ်းသာသွားနိုင်ခြင်း—ကိုကြံဖန်ကြမည်။ သို့မဟုတ် သံသယဖြစ်ဖွယ်၊ ဥပဒေပြင်ပနည်းဖြင့် စီးပွားလုပ်၍ ငွေရတတ်ခြင်းငှာ သွေးဆောင်ခံရပေမည်။ ဤလိုချင်တပ်မက်စိတ်သည် အလွန်ပြင်းထန်လာ၍ ကျော့မိသွားနိုင်ပါသည်။ (ဆာလံ ၆၂:၁၀။ သု၊ ၁၁:၁။ ၂၀:၁၀) ခရစ်ယာန်အသင်းတော်ရှိအချို့တို့၏ အဓိကဖောက်သည်များမှာ ယုံကြည်အားထားရသော မိမိညီအစ်ကိုများဖြစ်လိမ့်မည်အမြော်အမြင်နှင့် လုပ်ငန်းများ စတင်ခဲ့ကြပါသည်။ သူတို့၏မျှော်မှန်းချက်သည် လိုအပ်သောပစ္စည်း၊ သို့မဟုတ် လုပ်ငန်းတစ်ခုကို ‘မိမိလက်နှင့် ကောင်းသောအလုပ်ကို ကြိုးစားအားထုတ် လုပ်ဆောင်’ ခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်ယာန်ချင်းတို့ကို အခွင့်အရေးယူကာ အလျင်အမြန်ငွေရရန်ဖြစ်မည်ဆိုလျှင် လောဘရမက်ကြီးစွာ စီးပွားရှာနေခြင်းဖြစ်သည်။ (ဧဖက် ၄:၂၈။ သု၊ ၂၀:၂၁။ ၃၁:၁၇-၁၉၊ ၂၄။ ၂ သက်သာလောနိတ် ၃:၈-၁၂) ငွေရတတ်ခြင်းငှာ အချို့သူတို့သည် မဲဖောက်ခြင်း၊ တစ်ချီတည်းနှင့်ပွနည်း၊ သို့မဟုတ် ထီထိုးခြင်းအစရှိသည့် လောင်းကစားခြင်းအကျင့်ရသွားကြသည်။ အခြားသူများမှာမူ ကိုယ်ချင်းစာနာမှုနှင့် စဉ်းစားဆင်ခြင်မှုကို ဥပေက္ခာပြုကာ ဆုငွေ၊ သို့မဟုတ် လျော်ကြေးများများရရန် အလျင်အမြန်တရားရေးအမှုဖွင့်ကြပါသည်။
၁၂။ ကြွယ်ဝရန် လောဘကြီးခြင်းကို အောင်မြင်နိုင်ကြောင်း အဘယ်ကြောင့်ကျွန်ုပ်တို့သိသနည်း။
၁၂ အထက်ဖော်ပြပါကိစ္စများနှင့်စပ်လျဉ်း၍ ကိုယ်ကိုယ်တိုင် လောဘရမက်ရှိနေမနေ ရိုးသားမှန်ကန်စွာ စစ်ဆေးသုံးသပ်ကြည့်ရန် သင့်တော်ပါသည်။ ရှိနေပါမူ ပြောင်းလဲနိုင်ပါသည်။ ဇက္ခဲ ပြောင်းလဲခဲ့ကြောင်းကို သတိရပါ။ (လုကာ ၁၉:၁-၁၀) စည်းစိမ်ချမ်းသာ၊ သို့မဟုတ် ပစ္စည်းဥစ္စာအတွက် လောဘရမက်တက်ခြင်းပြဿနာသည် မိမိ၏ပြဿနာဖြစ်နေကြောင်း သတိပြုမိပါက ဇက္ခဲကဲ့သို့ ထိုထောင်ချောက်ကိုရှောင်ကွင်းရန် စိတ်ဆုံးဖြတ်သင့်ပါသည်။—ယေရမိ ၁၇:၉။
အသက်တာ၏အခြားကဏ္ဍများတွင် လောဘရမက်တက်ခြင်း
၁၃။ ဆာလံ ၁၀:၁၈ ကအခြားအဘယ်လောဘရမက်ထောင်ချောက်ကို သတိပြုစေသနည်း။
၁၃ အချို့သူများမှာ ငွေ သို့မဟုတ် စည်းစိမ်ဥစ္စာအန္တရာယ်ကို အခြားအရာများထက် ပိုမိုလွယ်ကူစွာ တွေ့မြင်ကြသည်။ ဂရိအဘိဓာန်တစ်ခုက “လောဘရမက်” သို့မဟုတ် “တပ်မက်ခြင်း” ဟုပြန်ဆိုသည့် စကားစုသည် ဥစ္စာပစ္စည်းနှင့်တကွ အခွင့်အာဏာအစရှိသည်တို့ကို “များစွာလိုချင်ခြင်း” သဘောသက်ရောက်သည်ဟု ဆိုသည်။ မှန်သည်။ သူတစ်ပါးကို ဩဇာညောင်းလိုခြင်း၊ မိမိ၏သြဇာလွှမ်းမိုးမှုအောက် တုန်လှုပ်နေစေလိုပေမည်။—ဆာလံ ၁၀:၁၈။
၁၄။ အဘယ်နေရာမျိုးတွင် အာဏာမက်ခြင်းသည် အန္တရာယ်ရှိသနည်း။
၁၄ ရှေးအချိန်ကတည်းက မစုံလင်သူတို့သည် သူတစ်ပါးကို ဩဇာလွှမ်းမိုးလိုခဲ့ကြသည်။ လူသားတို့၏အပြစ်တရားမှ ဝမ်းနည်းဖွယ်ရလဒ်တစ်ခုမှာ လင်ယောက်ျားများစွာတို့သည် ဇနီးသည်များကို “အုပ်စိုး” ကြမည်ဖြစ်ကြောင်း ဘုရားသခင်ကြိုတင်မြင်ခဲ့သည်။ (ကမ္ဘာဦး ၃:၁၆) သို့ရာတွင် ဤချွတ်ယွင်းချက်သည် အိမ်ထောင်ရေး၌သာမက အခြားနေရာ၌လည်း ထင်ရှားနေပါသည်။ နောင်နှစ်ပေါင်းများစွာအကြာတွင် ကျမ်းရေးသူတစ်ဦးသည် ဤသို့သတိပြုစေပါသည်။ “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုး” ကြပြီ။ (ဒေသနာ ၈:၉) နိုင်ငံရေးနှင့် စစ်ရေး၌ ယင်းစကားများ မည်မျှတိကျမှန်ကန်ကြောင်းကို သင်သတိပြုမိခဲ့မည်။ သို့သော် ကိုယ်ကိုယ်တိုင်၏အသိုင်းအဝိုင်းတွင် ပုဂ္ဂိုလ်ရေးအရ အခွင့်အာဏာ၊ သို့မဟုတ် ဩဇာပိုများလာရန် ကြိုးစားနေပါသလော။
၁၅၊ ၁၆။ ဩဇာအာဏာကို မက်မောခြင်းကြောင့် အဘယ်နည်းဖြင့် ခရစ်ယာန်တစ်ဦး ကျော့မိနိုင်သနည်း။ (ဖိလိပ္ပိ ၂:၃)
၁၅ ကျွန်ုပ်တို့အားလုံးသည် အခြားသူများဖြစ်သည့် ကိုယ့်မိသားစု၊ သို့မဟုတ် အခြားမိသားစုအတွင်း၊ မိမိအလုပ်ခွင်တွင်၊ ကျောင်းတွင်၊ မိတ်ဆွေများကြားနှင့် အသင်းတော်အတွင်းတွင်ဆက်နွယ်နေကြပါသည်။ တစ်ခါတစ်ရံ၊ သို့မဟုတ် မကြာခဏဆိုသလို အဘယ်အမှုကိုအဘယ်အချိန်တွင်မည်သို့ပြုလုပ်မည်အကြောင်း ပြောဆိုခွင့်ရှိကောင်းရှိပေမည်။ ယင်းကိုယ်နှိုက်သည် မမှား၊ ဆိုးကျိုးလည်းမဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့ရရှိထားသည့် အခွင့်အာဏာထက် ပိုမိုလွန်ကဲစွာသုံးစွဲနေပါသလော။ နောက်ဆုံးတွင် မိမိ၏စကားကို အတည်ဖြစ်စေလိုကာ ထိုသို့ပိုမိုဖြစ်စေလိုပါသလော။ အထက်အရာရှိများကို မကန့်ကွက်၊ သူတို့၏ ဩဇာလွှမ်းမိုးလိုစိတ် (လောဘရမက်) ကိုမယှဉ်ပြိုင်ကြသည့် ဟုတ်ကဲ့ဟုသာ ပြောဆိုမည့်သူများနှင့် မိမိတို့အား ဝိုင်းဝိုင်းလည်နေစေခြင်းအားဖြင့် လောကီရေးဆိုင်ရာ မန်နေဂျာ၊ သို့မဟုတ် အလုပ်ရှင်များသည် ယင်းသဘောထားကိုတင်ပြကြပါသည်။
၁၆ ခရစ်ယာန်ချင်းနှင့်ဆက်ဆံရာတွင် ယင်းသည် ရှောင်ကြဉ်ရမည့် ထောင်ချောက်တစ်ခုဖြစ်ပါသည်။ ယေရှုက “လူမျိုးခြားမင်းတို့သည် အစိုးတရပြုတတ်ကြသည်ကိုလည်းကောင်း၊ ကြီးမြင့်သူတို့လည်း အာဏာထားတတ်ကြသည်ကိုလည်းကောင်း သင်တို့သိကြ၏။ သင်တို့တွင်မူကား ထိုသို့မဖြစ်စေရ။ မည်သူမဆို ကြီးမြင့်လိုလျှင် သင်တို့အစေကိုခံစေ။” (မဿဲ ၂၀:၂၅၊ ၂၆၊ သမ) ခရစ်ယာန်အကြီးအကဲများသည် အချင်းချင်းနှင့်လည်းကောင်း၊ ဓမ္မအမှုထမ်းများနှင့်လည်းကောင်း၊ သိုးတော်စုနှင့်လည်းကောင်း ဆက်ဆံရာတွင် ဤကဲ့သို့သော နှိမ့်ချမှုမျိုးကို တင်ပြသင့်သည်။ ဥပမာ၊ အသေးအဖွဲကိစ္စများကိုသာ အကြီးအကဲချင်းနှင့် ဆွေးနွေးတိုင်ပင်ပြီး အရေးပါသောဆုံးဖြတ်ချက်များကိုကား ကိုယ်တိုင်ပြုခြင်းအားဖြင့် ဦးစီးကြီးကြပ်မှူးသည် ဩဇာအာဏာကို မက်မောကြောင်း တင်ပြနေပါသလော။ တာဝန်များကို လွှဲအပ်လိုစိတ် အမှန်တကယ်ရှိပါသလော။ လယ်ကွင်းလုပ်ငန်းအတွက် အစည်းအဝေးတစ်ခုကို ဦးစီးသည့် ဓမ္မအမှုထမ်းတစ်ဦးသည် အစီအစဉ်များကို အဆင်အခြင်မရှိ ကြပ်မတ်မည်၊ စည်းမျဉ်းများပင်ထုတ်မည်ဆိုလျှင် ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါသည်။—၁ ကောရိန္သု ၄:၂၁၊ ၉:၁၈။ ၂ ကောရိန္သု ၁၀:၈၊ ၁၃:၁၀။ ၁ သက်သာလောနိတ် ၂:၆၊ ၇။
၁၇။ လောဘရမက်ထောင်ချောက်အကြောင်း ဆွေးနွေးရာတွင် အစားအသောက်ကို ထည့်တွက်ရန် အဘယ်ကြောင့်သင့်တော်သနည်း။
၁၇ အစားအသောက်နှင့်ပတ်သက်၍လည်း လောဘရမက်ကျော့ကွင်းထဲကျသူ များစွာရှိပါသည်။ စားသောက်ခြင်းအမှု၌ပျော်မွေ့ခြင်းသည် သဘာဝကျပါသည်။ ယင်းအမှုကို သမ္မာကျမ်းစာတွင် အပြစ်မတင်ပါ။ (ဒေသနာ ၅:၁၈) သို့ဖြစ်လျက်ပင် ယင်းနှင့်စပ်လျဉ်းသည့်စိတ်ဆန္ဒသည် ကာလအတန်ကြာလေသော် တိုးပွားလာရာ တော်ရုံသင့်ရုံပျော်မွေ့ခြင်းထက်မက ဖြစ်သွားနိုင်ပါသည်။ ဤကိစ္စကို ဘုရားသခင့်ကျေးကျွန်များ ထည့်တွက်စိုးရိမ်စရာမဖြစ်လျှင် သု၊ ၂၃:၂၀ က “စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစားကြူးသောသူတို့ကို အပေါင်းအဖော်မလုပ်နှင့်” ဟုယေဟောဝါ၏နှုတ်ကပါဌ်တော်က အဘယ်ကြောင့်ဆိုရသနည်း။ သို့တိုင် ဤထောင်ချောက်ကို မည်သို့ရှောင်ကြဉ်နိုင်သနည်း။
၁၈။ အစားအသောက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ကိုယ်ကို မည်သို့စစ်ဆေးသင့်သနည်း။
၁၈ ဘုရားသခင်၏လူမျိုးသည် ရိုးရိုးစင်းစင်း စားသောက်နည်းစနစ်အတိုင်းသာ အသက်ရှင်ရမည်ဟု ကိုယ်တော်မညွှန်ကြားထားပါ။ (ဒေသနာ ၂:၂၄၊ ၂၅) တစ်ကြိမ်တည်းတွင်လည်း အစားအသောက်ကို အဓိကထား ပြောဆိုစီမံနေခြင်းကို ကိုယ်တော်မနှစ်သက်ပါ။ ထိုကြောင့် ကိုယ်ကိုယ်ကိုမေးသင့်သည်ကား ‘စားသုံးခဲ့သောအစာ၊ သို့မဟုတ် စားသုံးရန် ကြံစည်နေသောအစာအကြောင်း အကျွန်ုပ်ပြောပြသည့်အခါ အလွန်အမင်းအားပါးတရဖြစ်တတ်ပါသလော။’ ‘အစားအသောက်အကြောင်းသာ တစ်ချိန်လုံးပြောဆိုနေတတ်ပါသလော။’ ဧည့်သည်ဖြစ်သည့်အခါမျိုး၊ သို့မဟုတ် ခရစ်ယာန်စည်းဝေးပွဲတွင် ကျွေးမွေးသည့်အစာမျိုး အစရှိသည့် ကိုယ်တိုင်မချက်မပြုတ်သည့်၊ သို့မဟုတ် ကိုယ်တိုင်အခမပေးရသည့်အစာမျိုးကို စားသုံးသည့်အခါ မိမိ၏တုံ့ပြန်ပုံကပြသမှုတစ်ခု ဖြစ်နိုင်ပါသည်။ ထိုအချိန်အခါမျိုးတွင် ခါတိုင်းထက် ပိုစားတတ်ပါသလော။ ဧသောသည် အစာကိုပိုအရေးထားခဲ့သည့်အတွက် ထာဝရဆိုးကျိုးခံခဲ့ရကြောင်း သတိရကြပေမည်။—ဟေဗြဲ ၁၂:၁၆။
၁၉။ လိင်ဆိုင်ရာသာယာမှုနှင့်ပတ်သက်၍ လောဘရမက်သည် အဘယ်နည်းဖြင့် ပြဿနာဖြစ်နိုင်သနည်း။
၁၉ အခြားထောင်ချောက်တစ်ခုအကြောင်း ပေါလုသိနားလည်စေသည်ကား၊ “မတရားသောမေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည် . . . စကားဖြင့်မျှ မဆက်ဆံကြနှင့်” ဟူ၍ဖြစ်သည်။ (ဧဖက် ၄:၁၇-၁၉၊ ၅:၃) မှန်ပါသည်။ အတွေ့အာရုံ၏သာယာမှုကို လောဘရမက်တက်သွားနိုင်ပါသည်။ ဤသာယာမှုသည် အိမ်ထောင်နှောင်ကြိုး ဖွဲ့စည်းထားသူတို့စပ်ကြား သင့်တော်လျောက်ပတ်ပေသည်။ ဤသာယာမှုမှရရှိသည့် ရင်းနှီးတွယ်တာမှုက အိမ်ထောင်သက်တမ်းကြာရှည်စွာ လင်နှင့်မယား တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးစေနိုင်ပါသည်။ ယနေ့ ကမ္ဘာအရပ်ရပ်တွင် လိင်ကိုအလွန်အမင်း အသားပေးနေခြင်းသည် ပေါလုဖော်ပြခဲ့သည့် လောဘလွန်ကြူးခြင်းကို သာမန်ကိစ္စအဖြစ် တင်ပြခြင်းမျှဖြစ်ကြောင်း လူအများ သဘောတူဝန်ခံပါမည်။ ယနေ့ ရုပ်ရှင်၊ ဗွီဒီယို၊ မဂ္ဂဇင်းများအပြင် ဖျော်ဖြေရာနေရာအများတွင် စာရိတ္တယိုယွင်းခြင်းနှင့် ဝတ်လစ်စလစ်အခြေအနေများကို ရှုစားသူတို့သည် အထူးသဖြင့်လိင်ဆိုင်ရာသာယာမှုကို မှားယွင်းစွာကြည့်မြင်ခြင်းဖြစ်သည်။
၂၀။ သံဝါသပြုခြင်းနှင့်စပ်လျဉ်း၍ လောဘရမက်အန္တရာယ်ကို ခရစ်ယာန်များ သတိထားကြောင်း မည်သို့တင်ပြနိုင်မည်နည်း။
၂၀ ဘုရားသခင်၏ကျေးကျွန်တစ်ဦးသည် လိင်ဆိုင်ရာလောဘရမက်ထောင်ချောက်တွင် ကျော့မိနိုင်ကြောင်း ဗေသရှေဘနှင့် ဒါဝိဒ်ပြစ်မှားခဲ့သည့်အကြောင်းက ဖော်ပြပါသည်။ မိမိအိမ်ထောင်တွင် သာယာမှုရယူနိုင်ခွင့်ရှိလျက်ပင် ဒါဝိဒ်သည် မတော်မလျော်သော ရာဂစိတ်နှိုးဆွခံခဲ့သည်။ ဥရိယဇနီး၏စွဲမက်ဖွယ်ရာကို သတိပြုကာ သူမနှင့် တဒင်္ဂအတွေ့အာရုံကိုခံစားရန် မချုပ်တည်းမစဉ်းစားဘဲ—ပြုမူ—လေသည်။ (၂ ဓမ္မရာဇဝင် ၁၁:၂-၄။ ယာကုပ် ၁:၁၄၊ ၁၅) ဤကဲ့သို့သောလောဘရမက်မျိုးကို ကျွန်ုပ်တို့အမှန်ရှောင်ကြဉ်ရမည်။ အိမ်ထောင်ရေးတွင်ပင် ယင်းနှင့်စပ်လျဉ်း၍ လောဘရမက်ကြီးခြင်းကို ရှောင်သင့်ပါသည်။ ဤတွင် မတော်မလျော်သော သံဝါသပြုနည်းများကို ငြင်းပယ်ခြင်းပါဝင်သည်။ ယင်းကိစ္စတွင် လောဘရမက်ကို ရှောင်ကြဉ်လိုသော လင်ယောက်ျားသည် မိမိကြင်ဖော်၏အကျိုးကို အမှန်လိုလားမည်။ သို့ဖြစ်၍ သားသမီးမည်မျှယူမည်ဟု သူတို့နှစ်ဦးရွေးချယ်ဆုံးဖြတ်ရာတွင် ဇနီးသည်၏ လက်ရှိနှင့် အနာဂတ်ကျန်းမာရေးထက် မိမိ၏ သာယာမှုကို ဦးစားထားမည်မဟုတ်ပါ။—ဖိလိပ္ပိ ၂:၄။
လောဘရမက်ကိုရှောင်ကြဉ်ရန် အမြဲဆုံးဖြတ်
၂၁။ လောဘရမက်အကြောင်း ဆွေးနွေးခြင်းသည် ကျွန်ုပ်တို့အား အဘယ်ကြောင့် စိတ်ဓာတ်မကျစေသင့်သနည်း။
၂၁ ယေဟောဝါရှင်သည် မယုံသင်္ကာဖြစ်သည့်အတွက် သတိပေးတော်မူသည်မဟုတ်။ ကိုယ်တော်၏သစ္စာနှံကျေးကျွန်များသည် သစ္စာရှိလိုကြကြောင်း ကိုယ်တော်သိတော်မူ၍ အများစုသည် သစ္စာစောင့်သိလိမ့်မည်ဟု ကိုယ်တော်ယုံကြည်စိတ်ချပါသည်။ ကိုယ်တော်၏လူစု တစ်စုလုံးအနေနှင့် စာတန်အား ယောဘအကြောင်း မိန့်တော်မူခဲ့သည့် “ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်” ဟူသောစကားများကို မိန့်ဆိုနိုင်တော်မူသည်။ (ယောဘ ၁:၈) ကျွန်ုပ်တို့ကိုချစ်မြတ်နိုး၍ စိတ်ချယုံကြည်သော ကောင်းကင်ခမည်းတော်သည် လောဘရမက်တက်တတ်ခြင်းနှင့်ဆိုင်သော အရာများ အစရှိသည့် အန္တရာယ်ထူပြောသောထောင်ချောက်များကို သတိပြုစေပါသည်။ အကြောင်းမူကား၊ ကျွန်ုပ်တို့အား အညစ်အကြေးမရှိ ဆက်လက်သစ္စာတည်ကြည်စေလိုသောကြောင့်ဖြစ်သည်။
၂၂။ ဤသို့လေ့လာသုံးသပ်ခြင်းကြောင့် ကိုယ်တိုင် အန္တရာယ်ရှိကြောင်း၊ သို့မဟုတ် အားနည်းချက်တွေ့ရှိပါက ဘာလုပ်သင့်သနည်း။
၂၂ ကျွန်ုပ်တို့ယောက်စီယောက်တိုင်း လောဘရမက်စိတ်ကို အမွေရရှိထားကြ၍ ဤဆိုးသွမ်းသောလောက၏ ဩဇာကြောင့် ယင်းစိတ်ထား ပိုပြင်းပြနေပေမည်။ လောဘရမက်အကြောင်း—စည်းစိမ်ချမ်းသာ၊ ပစ္စည်းဥစ္စာနှင့်အခွင့်အာဏာ၊ အစားအသောက်၊ သို့မဟုတ် လိင်ဆိုင်ရာသာယာမှုနှင့်စပ်လျဉ်း၍—လေ့လာနေစဉ် မိမိအားနည်းသည့်အချက်တစ်ချက်ကို သတိပြုမိသည်ဆိုပါစို့။ သို့ဆိုလျှင် ယေရှု၏ဆုံးမစကားကို နှလုံးသွင်းပါ။ “သင့်လက်သည် သင့်ကိုတိုက်လဲစေလျှင် ဖြတ်ပစ်လော့။ ဂေဟင်္နာအရပ်သို့ လက်နှစ်ဘက်စုံနှင့်ဝင်ခြင်းထက် ချို့တဲ့ကာ အသက်ရှင်ခြင်းသို့ဝင်ခြင်းသည် သာ၍ကောင်း၏။” (မာကု ၉:၄၃၊ ကဘ) စိတ်သဘောထား၊ သို့မဟုတ် စိတ်ဝင်စားရာများနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲစရာများကို ပြုပြင်ပါ။ သေစေတတ်သော လောဘရမက်ထောင်ချောက်ကို ရှောင်ကြဉ်ပါ။ သို့ဖြင့် ဘုရားသခင့်အကူအညီနှင့် သင်သည် “အသက်ရှင်ခြင်းသို့ဝင်” ကောင်းဝင်ပါလိမ့်မည်။
အကျွန်ုပ် ဘာတတ်သိလာသနည်း
◻ လောဘရမက်ထောင်ချောက်ကို အဘယ်ကြောင့် သတိပြုသင့်သနည်း။
◻ စည်းစိမ်ချမ်းသာ၊ သို့မဟုတ် ဥစ္စာပစ္စည်းရှိရန် လောဘရမက်ကြီးခြင်းသည် ကျွန်ုပ်တို့အတွက် ကျော့ကွင်းမည်သို့ဖြစ်နိုင်သနည်း။
◻ ဘဝအသက်တာ၏ အခြားကဏ္ဍများတွင် လောဘရမက် ကြီးခြင်းသည် မည်သို့အန္တရာယ်ဖြစ်နိုင်သနည်း။
◻ လောဘရမက်နှင့်စပ်လျဉ်း၍ မိမိ၌ရှိသောအားနည်းချက်ကို မည်သို့သဘောထားသင့်သနည်း။