ဖတ်ရှုလေ့လာမှုအတွက် အချိန်ဝယ်ယူခြင်း
“ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို [“ဝယ်ယူ၊” ကဘ] ရွေးနုတ်ကြလော့။”—ဧဖက် ၅:၁၆။
၁။ ကျွန်ုပ်တို့၏အချိန်ကို လျာထားခြင်းက အဘယ်ကြောင့်ပညာရှိရာကျသနည်း၊ ကျွန်ုပ်တို့၏အချိန်ကို အသုံးပြုပုံက ကျွန်ုပ်တို့အကြောင်း အဘယ်အရာဖော်ပြနိုင်သနည်း။
“အချိန်ရွေးတတ်လျှင် အချိန်ကုန်သက်သာ၏” ဟုဆိုရိုးရှိသည်။ ပြုလုပ်ရန်လိုအပ်ရာများအတွက် အချိန်ပမာဏ အတိအကျခွဲဝေသတ်မှတ်မှုရှိသူသည် သူ၏အချိန်မှအကျိုးကို ပိုရတတ်သည်။ ပညာရှိရှောလမုန်က ဤသို့ရေးသားခဲ့သည်– “အရာခပ်သိမ်းအဖို့ဆိုင်ရာအချိန်ရှိ၏။ မိုးကောင်းကင်အောက်၌အမှုအရေးရှိသမျှကိုပြုရသောအချိန်ရှိ၏။” (ဒေ. ၃:၁၊ သမ္မာ) ကျွန်ုပ်တို့ပြုလိုရာကိုပြုလုပ်ရန် ကျွန်ုပ်တို့အားလုံး၌ရှိကြသော အချိန်ပမာဏမှာ အတူတူပင်; ယင်းကိုအသုံးပြုပုံမှာ ကျွန်ုပ်တို့အပေါ်တွင်မူတည်၏။ ကျွန်ုပ်တို့၏ဦးစားပေးချမှတ်ရာများ ထားရှိပုံနှင့် အချိန်ကို ခွဲဝေသတ်မှတ်ပုံတို့က ကျွန်ုပ်တို့၏စိတ်နှလုံး၌ တန်ဖိုးအထားဆုံးအရာကို ကြီးမားသည့်အတိုင်းအတာတစ်ခုအထိ ဖော်ပြပေးသည်။—မဿဲ ၆:၂၁။
၂။ (က) ကိုယ်တော်၏တောင်ပေါ်တရားတော်တွင် ယေရှုက ကျွန်ုပ်တို့၏ဝိညာဉ်ရေးလိုအပ်ချက်နှင့်ပတ်သက်ပြီး အဘယ်အရာကိုမိန့်မြွက်ခဲ့သနည်း။ (ခ) မိမိကိုယ်ကို အဘယ်သို့ဆန်းစစ်လျှင် ကောင်းမည်နည်း။
၂ ခန္ဓာကိုယ်လိုအပ်ချက်များကြောင့် ကျွန်ုပ်တို့သည် စားချိန်၊ အိပ်ချိန် ပေးရကြသည်။ သို့သော် ကျွန်ုပ်တို့၏ဝိညာဉ်ရေးလိုအပ်ချက်များအတွက်ကော။ ယင်းတို့ကိုလည်း ဖြည့်စွက်ပေးရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့သိထားကြ၏။ ယေရှု၏တောင်ပေါ်တရားတော်တွင် ကိုယ်တော်က ဤသို့မိန့်မြွက်ခဲ့သည်– “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏။” (မဿဲ ၅:၃၊ ကဘ) ထို့ကြောင့် ‘သစ္စာနှင့်သတိပညာရှိကျွန်’ သည် သမ္မာကျမ်းစာဖတ်ရှုလေ့လာမှုအတွက် အချိန်သီးသန့်ထားခြင်း၏အရေးပါမှုကို ကျွန်ုပ်တို့အား မှန်မှန်ဆော်သြပေးခြင်းဖြစ်သည်။ (မဿဲ ၂၄:၄၅) ယင်းသည် မည်မျှအရေးကြီးကြောင်း သင်သိမည်ဖြစ်သော်လည်း သင့်၌ သမ္မာကျမ်းစာ လေ့လာဖို့ သို့မဟုတ် ဖတ်ရှုဖို့ပင် အချိန်မရှိဟုခံစားရပေမည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့၏ဘဝအသက်တာ၌ ဘုရားသခင့်နှုတ်မြွက်စကားတော်ဖတ်ရှုခြင်း၊ ကိုယ်ပိုင်လေ့လာမှုနှင့် စဉ်းစားဆင်ခြင်မှုတို့အတွက် သာ၍အချိန်ရရန်ဖန်တီးနိုင်သည့်အခွင့်အလမ်းနှင့် နည်းလမ်းများကို ကျွန်ုပ်တို့ဆန်းစစ်ကြည့်ကြစို့။
ကျမ်းစာဖတ်ရှုလေ့လာမှုအတွက် အချိန်ကိုရှာဖွေခြင်း
၃၊ ၄။ (က) ကျွန်ုပ်တို့၏အချိန် အသုံးပြုပုံနှင့်ပတ်သက်၍ အဘယ်ဆုံးမစကားကို တမန်တော်ပေါလုပေးခဲ့သနည်း၊ ယင်းတွင် အဘယ်အရာပါဝင်သနည်း။ (ခ) ‘ကျွန်ုပ်တို့ကိုယ်နှိုက်အတွက် ကာလအချိန်ဝယ်ယူ’ ပါဟု ပေါလုအကြံပေးသောအခါ သူဘာကိုဆိုလိုသနည်း။
၃ ကျွန်ုပ်တို့အသက်ရှင်နေသောအချိန်ကို ထောက်ရှုကာ ကျွန်ုပ်တို့အားလုံး တမန်တော်ပေါလု၏ ဤစကားများကို ဂရုစိုက်လိုက်နာရန်လိုအပ်သည်– “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို [“ဝယ်ယူ၊” ကဘ] ရွေးနုတ်ကြလော့။ ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏အလိုတော်ရှိရာကို ပိုင်းခြား၍သိသောသူဖြစ်ကြလော့။” (ဧဖက် ၅:၁၅-၁၇) မှန်ပါသည်၊ ဤလမ်းညွှန်ချက်သည် ဆုတောင်းခြင်း၊ လေ့လာခြင်း၊ အစည်းအဝေးတက်ခြင်းနှင့် ဖြစ်နိုင်သ၍ “[ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို” ဟောပြောခြင်း၌ အတတ်နိုင်ဆုံးပြည့်ဝစွာပါဝင်ခြင်းအပါအဝင် ဆက်ကပ်အပ်နှံပြီးသား ခရစ်ယာန်များအဖြစ် ကျွန်ုပ်တို့အသက်တာ၏ ကဏ္ဍအသီးသီးတွင်အကျုံးဝင်သည်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀။
၄ ယနေ့ ယေဟောဝါ၏ကျေးကျွန်များစွာသည် ကျမ်းစာဖတ်ရှုခြင်းနှင့် နက်နက်နဲနဲလေ့လာခြင်းတို့ကို သူတို့၏ဘဝအသက်တာတွင် အခြေတကျဖြစ်စေရန်လုပ်ဆောင်ဖို့ အခက်တွေ့နေပုံရသည်။ ကျွန်ုပ်တို့၏တစ်ရက်တာတွင် နာရီထပ်၍မဖြည့်နိုင်သည်မှာ ရှင်းပါသည်၊ သို့ဖြစ်၍ ပေါလု၏အကြံပေးချက်တွင် ခြားနားသောအဓိပ္ပာယ်ရှိရပေမည်။ ဂရိစကားတွင် “ကာလအချိန်ကိုဝယ်ယူ” ဟူသောစကားစုသည် အခြားအရာတစ်ခုခုကို ဆုံးရှုံးခံကာ ဝယ်ယူခြင်းဟူသည့် အဓိပ္ပာယ်ဆောင်သည်။ ဒဗလျူ. အီး. ဗိုင်း၏ ရှင်းလင်းဖော်ပြချက်အဘိဓာန်တွင် သူက ယင်း၏အဓိပ္ပာယ်ကို “အရာတစ်ခုကို လက်လွတ်သွားပြီဆိုလျှင် မည်သို့မျှပြန်မရနိုင်သောကြောင့် ရသမျှအခွင့်အလမ်းကိုအရယူ၍ အခွင့်အလမ်းတစ်ခုစီကို အကျိုးအရှိဆုံးအသုံးပြုခြင်း” ဟုဖော်ပြထားသည်။ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာရန်အတွက် ကာလအချိန်ကို အဘယ်အရာ သို့မဟုတ် မည်သည့်နေရာမှကျွန်ုပ်တို့ဝယ်ယူနိုင်သနည်း။
ဦးစားပေးရာများကို ချမှတ်ရမည်
၅။ ကျွန်ုပ်တို့သည် အဘယ်ကြောင့်နှင့် မည်သို့ “သာ၍အရေးကြီးသောအရာများကို . . . သေချာစေ” သင့်သနည်း။
၅ ကျွန်ုပ်တို့လုပ်ဆောင်ရမည့် လောကဆိုင်ရာတာဝန်ဝတ္တရားများအပြင် ကျွန်ုပ်တို့၌ ဂရုစိုက်ပေးရမည့် ဝိညာဉ်ရေးသဘောတရားဆိုင်ရာ ကိစ္စရပ်များစွာရှိသည်။ ယေဟောဝါ၏ ဆက်ကပ်အပ်နှံပြီးသားကျေးကျွန်များအနေဖြင့် ကျွန်ုပ်တို့တွင် “သခင်ဘုရား၏အမှုတော်၌လုပ်ကိုင်စရာများစွာ” ရှိသည်။ (၁ ကောရိန္သု ၁၅:၅၈၊ ကဘ) ဤအကြောင်းကြောင့် ပေါလုက ဖိလိပ္ပိရှိခရစ်ယာန်များအား “သာ၍အရေးကြီးသောအရာများကို . . . သေချာ” စေရန် ညွှန်ကြားခဲ့သည်။ (ဖိလိပ္ပိ ၁:၉၊ ၁၀၊ ကဘ) ယင်းက ဦးစားပေးရာများချမှတ်ရမည်ဟု ဆိုလိုခြင်းဖြစ်၏။ ဝိညာဉ်ရေးရာများသည် ရုပ်ပစ္စည်းရေးရာများအထက် ဦးစားပေးနေရာ၌ အမြဲရှိသင့်သည်။ (မဿဲ ၆:၃၁-၃၃) သို့တိုင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာတာဝန်များကို ဖြည့်ဆည်းဆောင်ရွက်ရာ၌ မျှတမှုလည်းလိုအပ်သည်။ ကျွန်ုပ်တို့၏ခရစ်ယာန်အသက်တာ၏ ကဏ္ဍအသီးသီးတွင် မိမိတို့၏အချိန်ကို မည်သို့ခွဲဝေသတ်မှတ်ပေးနေသနည်း။ ခရစ်ယာန်တစ်ဦး ဂရုစိုက်သင့်သည့် “သာ၍အရေးကြီးသောအရာများ” ထဲတွင် လျစ်လျူရှုမိတတ်သည့် ကိုယ်ပိုင်လေ့လာမှုနှင့် သမ္မာကျမ်းစာဖတ်ရှုခြင်းပါဝင်ကြောင်း နယ်လှည့်ကြီးကြပ်မှူးများက အစီရင်ခံသည်။
၆။ လောကအလုပ် သို့မဟုတ် အိမ်အလုပ်နှင့်ပတ်သက်လာသောအခါ ကာလအချိန်ကိုဝယ်ယူခြင်း၌ အဘယ်အရာပါဝင်နိုင်သနည်း။
၆ ကျွန်ုပ်တို့သိရှိခဲ့ပြီးသည့်အတိုင်း အချိန်ကိုဝယ်ယူခြင်းတွင် “ရသမျှအခွင့်အလမ်းကိုအရယူ၍ အခွင့်အလမ်းတစ်ခုစီကို အကျိုးအရှိဆုံးအသုံးပြုခြင်း” ပါဝင်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ကျမ်းစာဖတ်ရှုခြင်းနှင့် လေ့လာခြင်းအလေ့အထများတွင် ချို့တဲ့အားနည်းမှုများရှိနေမည်ဆိုလျှင် မိမိ၏အချိန်ကို မည်သို့အသုံးပြုနေကြောင်းသိရှိဖို့ ကိုယ်တိုင်ဆန်းစစ်မှုပြုရန် ကောင်းပေမည်။ ကျွန်ုပ်တို့၏လောကအလုပ်က လွန်ကြူးစွာတောင်းဆိုရာ ကျွန်ုပ်တို့၏အချိန်နှင့် ခွန်အားကို အကြီးအကျယ်ကုန်ခန်းစေမည်ဆိုလျှင် ယင်းကိစ္စနှင့်ပတ်သက်၍ ယေဟောဝါထံ ကျွန်ုပ်တို့ဆုတောင်းသင့်သည်။ (ဆာလံ ၅၅:၂၂) လေ့လာခြင်းနှင့် ကျမ်းစာဖတ်ရှုခြင်းအပါအဝင် ယေဟောဝါအားဝတ်ပြုကိုးကွယ်ခြင်းနှင့်စပ်လျဉ်းသည့် အရေးကြီးသောအရာများအတွက် အချိန်ပို၍ပေးနိုင်စေမည့် ပြုပြင်ပြောင်းလဲမှုများကို ကျွန်ုပ်တို့ပြုလုပ်နိုင်ပေမည်။ အမျိုးသမီးတစ်ဦး၏အလုပ်သည် ဘယ်သောအခါမျှပြီးပြတ်သည်မရှိဟု တော်မှန်စွာပြောကြသည်။ သို့ဖြစ်၍ ခရစ်ယာန်ညီအစ်မများသည် မိမိတို့၏ ဦးစားပေးရာများကို ချမှတ်၍ ကျမ်းစာဖတ်ရှုခြင်းနှင့် လေးလေးနက်နက်လေ့လာခြင်းအတွက် တိကျသောအချိန်ပိုင်းများကို ဖယ်ထားရမည်ဖြစ်သည်။
၇၊ ၈။ (က) ဖတ်ရှုလေ့လာခြင်းအတွက် အဘယ်လုပ်ဆောင်မှုများမှ အချိန်ကိုဝယ်ယူနိုင်လေ့ရှိသနည်း။ (ခ) အပန်းဖြေခြင်း၏ရည်ရွက်ချက်ကား အဘယ်နည်း၊ ယင်းကို သတိရခြင်းက ကျွန်ပ်တို့ဦးစားပေးရာများချမှတ်ရာတွင် မည်သို့အကူအညီဖြစ်စေနိုင်သနည်း။
၇ ယေဘုယျအားဖြင့် ကျွန်ုပ်တို့အများစုသည် မလိုအပ်သောလှုပ်ရှားဆောင်ရွက်မှုများကို လက်လွှတ်လိုက်ခြင်းဖြင့် လေ့လာမှုအတွက် အချိန်ကိုဝယ်ယူနိုင်ကြသည်။ ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးမြန်းကြရမည်၊ ‘လောကမဂ္ဂဇင်းတွေ ဒါမှမဟုတ် သတင်းစာဖတ်ရှုခြင်း၊ ရုပ်မြင်သံကြားအစီအစဉ်များကြည့်ရှုခြင်း၊ တေးဂီတနားထောင်ခြင်း ဒါမှမဟုတ် ဗီဒီယိုဂိမ်းကစားခြင်းမှာ ငါ့ရဲ့အချိန်ကို ဘယ်လောက်တောင်အသုံးပြုနေသလဲ။ သမ္မာကျမ်းစာဖတ်ရှုခြင်းထက် ကွန်ပျူတာရှေ့ထိုင်တဲ့အချိန်က ပိုပြီးများနေသလား။’ ပေါလုက ဤသို့ဆိုသည်– “သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏အလိုတော်ရှိရာကို ပိုင်းခြား၍သိသောသူဖြစ်ကြလော့။” (ဧဖက် ၅:၁၇) ရုပ်မြင်သံကြားကို သတိမရှိအလွန်အကျွံကြည့်ရှုခြင်းက များစွာသောသက်သေခံတို့ကို ကိုယ်ပိုင်လေ့လာမှုနှင့် ကျမ်းစာဖတ်ရှုခြင်းအတွက် အချိန်အလုံအလောက်မပေးနိုင်စေသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ဟန်ရှိသည်။—ဆာလံ ၁၀၁:၃; ၁၁၉:၃၇၊ ၄၇၊ ၄၈။
၈ အချို့က မိမိတို့အနေဖြင့် တစ်ချိန်လုံးမလေ့လာနိုင်၊ အပန်းဖြေမှုအတော်အတန်လိုသည်ဟု ပြောကြပေလိမ့်မည်။ ယင်းသည် မှန်သော်လည်း အနားယူခြင်းအတွက် ကျွန်ုပ်တို့အသုံးပြုလိုက်သည့် အချိန်ပမာဏနှင့် ကျမ်းစာကို အမှန်တကယ်လေ့လာဖတ်ရှုရာတွင် အသုံးပြုသည့်အချိန်တို့ကို နှိုင်းယှဉ်သုံးသပ်သင့်ပေသည်။ ထွက်ပေါ်လာသည့်အဖြေမှာ အံ့အားသင့်လောက်ပေလိမ့်မည်။ အပန်းဖြေအနားယူခြင်းလိုအပ်သော်လည်း ယင်းကို သူနေရာနှင့်သူ ထားရမည်ဖြစ်သည်။ ယင်းတို့၏ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့အား ဝိညာဉ်ရေးရာဆောင်ရွက်မှုများကို အားသစ်လောင်းလုပ်ဆောင်ရန်အတွက် လန်းဆန်းစေရန်ဖြစ်သည်။ များစွာသောရုပ်မြင်သံကြားအစီအစဉ်များနှင့် ဗီဒီယိုဂိမ်းများသည် လူတစ်ဦးကို အားအင်ကုန်ခန်းမှုသာအဖတ်တင်စေပြီး တစ်ဖက်ကကြည့်ပြန်လျှင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖတ်ရှုခြင်းနှင့် လေ့လာခြင်းမူ လန်းဆန်းမှုဖြစ်စေ၍ အားအင်တိုးစေသည်။—ဆာလံ ၁၉:၇၊ ၈။
အချို့သူများ လေ့လာမှုပြုရန် အချိန်ပေးကြပုံ
၉။ ၁၉၉၉—ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်း စာအုပ်၌ပေးထားသောအကြံဉာဏ်ကို လိုက်လျှောက်ခြင်း၏အကျိုးကျေးဇူးများကား အဘယ်နည်း။
၉ ၁၉၉၉ ခုနှစ်အတွက်ထုတ်ဝေထားသော ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်း စာအုပ်၏ကျမ်းဦးစကားတွင် ဤသို့ဖော်ပြထားသည်– “နံနက်ပိုင်းအချိန်တွင် ဤစာအုပ်ငယ်မှ နေ့စဉ်ကျမ်းချက်နှင့်မှတ်ချက်များကို ဆင်ခြင်သုံးသပ်ခြင်းသည် အကျိုးအရှိဆုံးဖြစ်မည်။ မဟာသွန်သင်ရှင်ဖြစ်သည့် ယေဟောဝါသည် မိမိ၏သွန်သင်ချက်များဖြင့် သင့်ကိုလှုံ့ဆော်တိုက်တွန်းပေးနေသကဲ့သို့ သင်ခံစားရပေမည်။ ယေရှုခရစ်သည် နံနက်တိုင်း ယေဟောဝါ၏သွန်သင်ချက်များမှ အကျိုးကျေးဇူးခံရမည်အကြောင်းကို ဤသို့ပရောဖက်ပြုပြောဆိုထားသည်– ‘နံနက်အစဉ်အတိုင်း [ယေဟောဝါ] ငါ့ကိုနှိုးဆော်တော်မူ၏။ စာသင်သောသူကဲ့သို့နားထောင်စေမည်အကြောင်း ငါ့နားကိုနှိုးဆော်တော်မူ၏။’ ထိုသွန်သင်ချက်များက ယေရှုကို ‘ပင်ပန်းသောသူအားမစခြင်းငှာ စကားပြောတတ်မည်အကြောင်း’ ‘လူတတ်၏နှုတ်သတ္တိကို’ ရရှိစေခဲ့သည်။ (ဟေရှာ. ၃၀:၂၀; ၅၀:၄; မ. ၁၁:၂၈-၃၀) နံနက်တိုင်း ဘုရားသခင့်နှုတ်မြွက်စကားတော်မှ အချိန်တန်ဆုံးမစကားအတွက် နိုးနိုးကြားကြားရှိခြင်းက သင်၏ကိုယ်ပိုင်အခက်အခဲများကိုဖြေရှင်းရန် အကူအညီဖြစ်စေသည်သာမက အခြားသူများကိုကူညီပေးရန် ‘လူတတ်၏နှုတ်သတ္တိကို’ ပါရရှိစေမည်ဖြစ်သည်။”a
၁၀။ အချို့တို့သည် ကျမ်းစာဖတ်ရှုခြင်းနှင့် လေ့လာခြင်းအတွက် မည်သို့အချိန်ပေးကြသနည်း၊ အဘယ်အကျိုးကျေးဇူးရရှိသနည်း။
၁၀ ခရစ်ယာန်များစွာသည် နံနက်စောစောတွင် နေ့စဉ်ကျမ်းချက်နှင့် မှတ်ချက်များကို ဖတ်ရှုခြင်းဖြင့်လည်းကောင်း၊ သမ္မာကျမ်းစာကိုဖတ်ရှုခြင်း သို့မဟုတ် လေ့လာခြင်းအားဖြင့်လည်းကောင်း ဤအကြံပေးချက်ကိုလိုက်နာကြသည်။ ပြင်သစ်နိုင်ငံတွင် သစ္စာရှိသောရှေ့ဆောင်တစ်ဦးသည် နံနက်တိုင်းစောစောထ၍ သမ္မာကျမ်းစာကိုသီးသန့်မိနစ် ၃၀ ဖတ်ရှုသည်။ နှစ်များတစ်လျှောက် ဤသို့ သူ့ကို အဘယ်အရာကပြုလုပ်စေနိုင်ခဲ့သနည်း။ သူကဤသို့ပြောပြသည်– “ကျွန်မဟာ အတော့်ကိုစေ့ဆော်ခံရပြီး ဘာကြီးပဲဖြစ်နေပါစေ ကျွန်မရဲ့ဖတ်ရှုခြင်းဇယားအတိုင်း ထက်ကြပ်မကွာလိုက်တယ်!” တစ်နေ့တာအတွင်း ကျွန်ုပ်တို့မည်သည့်အချိန်ကိုပင်ရွေးချယ်ပါစေ၊ အရေးကြီးသည်မှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဇယားအတိုင်း ထက်ကြပ်မကွာလိုက်ရန်ဖြစ်သည်။ ဥရောပနှင့် မြောက်အာဖရိကရှိ ရှေ့ဆောင်လုပ်ငန်းတွင် နှစ်ပေါင်း ၄၀ ကျော်ထမ်းဆောင်ခဲ့သော ရီနာ မစ်ကာက ဤသို့ပြောပြသည်– “၁၉၅၀ ပြည့်နှစ်ကတည်းက နှစ်စဉ် သမ္မာကျမ်းစာတစ်အုပ်လုံးကို ဖတ်ရှုပြီးစီးရေးဟာ ကျွန်တော့်ရဲ့ပန်းတိုင်ဖြစ်ခဲ့ပြီး အခုဆိုရင် ကျွန်တော်ဟာ ၄၉ ခေါက်လောက်ဖတ်ပြီးနေပါပြီ။ ကျွန်တော့်ရဲ့ ဖန်ဆင်းရှင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ထိန်းထားပေးရာမှာ ဒါဟာ မရှိမဖြစ်အလွန်အရေးပါတယ်လို့ ကျွန်တော်ခံစားမိတယ်။ ဘုရားသခင့်စကားတော်ကို စဉ်းစားဆင်ခြင်ခြင်းက ယေဟောဝါရဲ့တရားမျှတမှုနဲ့ ကိုယ်တော်ရဲ့အခြားအရည်အချင်းတွေကို ပိုပြီးနားလည်စေဖို့ ကျွန်တော့်ကိုကူညီပေးသလို မယုံနိုင်လောက်တဲ့ အစွမ်းခွန်အားရင်းမြစ်တစ်ခုပါပဲ။”b
‘အချိန်တန်အစာကို ပြင်ဆင်ပေး’
၁၁၊ ၁၂။ (က) ‘သစ္စာရှိသောကျွန်’ အားဖြင့် အဘယ်ဝိညာဉ်ရေးရာ “အစားအသောက်တို့” ကို ပြင်ဆင်ပေးလာခဲ့သနည်း။ (ခ) အခန့်သင့်အချိန်တွင် “အစားအသောက်တို့” ကို မည်သို့ပြင်ဆင်ပေးထားသနည်း။
၁၁ အစားအစာမှန်မှန်စားသည့်အကျင့်သည် ခန္ဓာကိုယ်ကျန်းမာရေးကောင်းစေရန် ထောက်ကူပေးသကဲ့သို့ လေ့လာခြင်းနှင့် ကျမ်းစာဖတ်ရှုခြင်းအတွက် ပုံမှန်ဇယားတစ်ခုသည်လည်း ဝိညာဉ်ရေးဆိုင်ရာ ကျန်းမာရေးကောင်းရှိစေသည်။ လုကာခရစ်ဝင်ကျမ်းတွင် ယေရှု၏စကားများကို ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင် အစားအသောက်တို့ကိုဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကားအဘယ်သူနည်း။” (လုကာ ၁၂:၄၂) ကင်းမျှော်စင်အပြင် အခြားကျမ်းစာအခြေခံစာအုပ်စာပေများဖြင့် ယခုထိ နှစ်ပေါင်း ၁၂၀ တိုင် ဝိညာဉ်ရေးရာ ‘အချိန်တန်အစာကို ပြင်ဆင်ပေး’ လာခဲ့သည်။
၁၂ “အချိန်တန်” ဟူသောအသုံးအနှုန်းကို သတိပြုပါ။ အခန့်သင့်အချိန်၌ ကျွန်ုပ်တို့၏ ‘မဟာသွန်သင်ပေးရှင်’ ယေဟောဝါသည် မိမိ၏သားတော်နှင့် ကျွန်အတန်းအစားအားဖြင့် အယူဝါဒနှင့် အမူအကျင့်ဆိုင်ရာ ကိစ္စရပ်များ၌ မိမိ၏လူတို့ကို လမ်းပြညွှန်ကြားပေးခဲ့သည်။ ယင်းက ကျွန်ုပ်တို့အား ပြောသောဤစကားသံကို တစ်ခဲနက်တည်းကြားကြရသကဲ့သို့ ဖြစ်ချေသည်– “သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင် ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့။” (ဟေရှာယ ၃၀:၂၀၊ ၂၁) ထိုထက်ကား တစ်ဦးချင်းစီအနေဖြင့် သမ္မာကျမ်းစာနှင့် ကျမ်းစာစာပေအားလုံးကို ဂရုတစိုက်ဖတ်ရှုကြသောအခါ ထိုထဲတွင်ပါရှိသောရည်စူးချက်များမှာ အထူးသဖြင့် သူတို့ကိုရည်ညွှန်း၍ပြောနေသည်ဟု ခံစားကြရသည်။ မှန်ပါသည်၊ ဘုရားသခင့်ရေးရာဆုံးမစကားနှင့် ညွှန်ကြားချက်သည် ကျွန်ုပ်တို့အတွက် သင့်တော်သောအချိန်တွင်ရရှိလာမည်ဖြစ်ပြီး ကျွန်ုပ်တို့အား စုံစမ်းမှုများကိုတွန်းလှန်ရန်နှင့် ပညာရှိသောဆုံးဖြတ်ချက်ချရန် ကူညီပေးနိုင်သည်။
အစာကောင်းကောင်းစားသည့်အကျင့်ရရန် တဖြည်းဖြည်းလုပ်ယူခြင်း
၁၃။ ဝိညာဉ်အစာ ကောင်းစွာမစားသုံးသည့်အကျင့်အချို့ကား အဘယ်နည်း။
၁၃ အခန့်သင့်အချိန်တွင် ပြင်ဆင်ပေးထားသော ထို “အစားအသောက်တို့” မှ အကျိုးကျေးဇူးအပြည့်အဝရရှိရန် ကျွန်ုပ်တို့တွင် ကောင်းကောင်းစားသည့်အကျင့်ရှိရန်လိုအပ်သည်။ သမ္မာကျမ်းစာဖတ်ရှုခြင်းနှင့် ကိုယ်ပိုင်လေ့လာမှုအတွက် ပုံမှန်ဇယားတစ်ခုထားရှိပြီး ယင်းကို ထက်ကြပ်မကွာလိုက်ရန် မရှိမဖြစ်လိုအပ်သည်။ သင့်၌ ဝိညာဉ်ရေးရာအစာကောင်းကောင်းစားသည့်အကျင့်များနှင့် နက်နက်နဲနဲကိုယ်ပိုင်လေ့လာမှုပြုလုပ်သည့် ပုံမှန်အချိန်များရှိပါသလော။ သို့မဟုတ် သင့်အတွက် ဂရုတစိုက်ပြင်ဆင်ပေးထားသည့်အကြောင်းအရာကို အပြေးအလွှားစားသည်ဟုဆိုဘိသကဲ့သို့ သာမန်ကာလျှံကာမျှသာ ဖတ်သွားခြင်းလော သို့မဟုတ် နပ်ကျော်၍ ရောပေါင်းစားသလော။ ဝိညာဉ်အစာ ကောင်းကောင်းမစားသည့်အကျင့်များကြောင့် အချို့တို့သည် သူတို့၏ယုံကြည်ခြင်း၌ အားနည်းသွားစေသည်—လဲကျသွားသည့်အထိပင်။—၁ တိမောသေ ၁:၁၉; ၄:၁၅၊ ၁၆။
၁၄။ ရင်းနှီးကျွမ်းဝင်နှင့်ပြီးသားရှိပုံရသည့် အကြောင်းအရာတို့ကို ဂရုတစိုက်လေ့လာခြင်းက အဘယ်ကြောင့်အကျိုးရှိသနည်း။
၁၄ အချို့သူတို့က မိမိတို့သည် အခြေခံအယူဝါဒများကိုသိထားပြီး ဆောင်းပါးတိုင်းသည် အသစ်စက်စက်တင်ဆက်ခြင်းမဟုတ်ပါဟု ယူဆကြပေမည်။ သို့ဖြစ်၍ စနစ်တကျလေ့လာခြင်းနှင့် အစည်းအဝေးတက်ရောက်ခြင်းတို့မှာ မလိုအပ်ဟုထင်ပေမည်။ သို့သော် ကျွန်ုပ်တို့သိနှင့်ပြီးသားအရာများကို ထပ်မံ၍သတိပေးရန်လိုကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ (ဆာလံ ၁၁၉:၉၅၊ ၉၉; ၂ ပေတရု ၃:၂; ယုဒ ၅) စားဖိုမှူးကောင်းတစ်ယောက်သည် တူညီသော အခြေခံပစ္စည်းအမည်များကို အရသာရှိစေသည့်နည်းအမျိုးမျိုးဖြင့် ချက်ပြုတ်ပြင်ဆင်ပေးသကဲ့သို့ ကျေးကျွန်အတန်းအစားက အာဟာရဖြစ်စေသောဝိညာဉ်အစာကို နည်းအမျိုးမျိုးဖြင့် စီမံပေးလေသည်။ သည့်မတိုင်မီက အကြိမ်ကြိမ်ရေးသားဖော်ပြလာခဲ့သည့် အကြောင်းအရာများပါသော ဆောင်းပါးများတွင်ပင် ကျွန်ုပ်တို့လွတ်လိုမည်မဟုတ်သည့် အဓိကကျသောအချက်များ ပါရှိတတ်၏။ အမှန်မှာ ဖတ်ရှုသည့်အကြောင်းအရာမှ ကျွန်ုပ်တို့ရရှိရာသည် ယင်းကို လေ့လာခြင်း၌ ကျွန်ုပ်တို့အချိန်မည်မျှပေး၍ ကြိုးစားအားထုတ်ခြင်းပေါ်တွင် များစွာမူတည်သည်။
ဖတ်ရှုလေ့လာခြင်းမှရသည့် ဝိညာဉ်အကျိုးကျေးဇူးများ
၁၅။ သမ္မာကျမ်းစာဖတ်ရှုလေ့လာခြင်းက ဘုရားသခင့်နှုတ်မြွက်စကားတော်၏ သာ၍ကောင်းသောခရစ်ယာန်ဓမ္မအမှုဆောင်များဖြစ်လာရန် ကျွန်ုပ်တို့ကို မည်သို့ကူညီပေးသနည်း။
၁၅ သမ္မာကျမ်းစာဖတ်ရှုလေ့လာခြင်းမှ ရရှိသောအကျိုးကျေးဇူးများမှာ အလွန်များပြားသည်။ ကျွန်ုပ်တို့၏အခြေခံခရစ်ယာန်တာဝန်ထဲမှ တစ်ခုကိုမီနိုင်ရန် ကျွန်ုပ်တို့ကူညီပေးခံရသည်၊ ကျွန်ုပ်တို့ယောက်တိုင်းသည် တစ်နည်းပြောရလျှင် “ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ [အမှန်] တရားကို မှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမားဖြစ်” လာနိုင်သည်။ (၂ တိမောသေ ၂:၁၅) သမ္မာကျမ်းစာကို ကျွန်ုပ်တို့ သာ၍ဖတ်ရှုလေ့လာလေလေ ကျွန်ုပ်တို့စိတ်နှလုံးသည် ဘုရားသခင့်အကြံတော်များနှင့် သာ၍ပြည့်လေလေဖြစ်လိမ့်မည်။ ထိုအခါ တမန်တော်ပေါလုကဲ့သို့ ကျွန်ုပ်တို့သည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်ဆိုင်ရာ အံ့ချီးဖွယ်အမှန်တရားကို ‘ကျမ်းစာပေါ်အမှီပြု၍ လူတို့နှင့်ဆွေးနွေးနှီးနှောကာ အကြောင်းအရာတို့ကို ရှင်းလင်းစွာဖွင့်ပြ’ နိုင်စွမ်းရှိလာလိမ့်မည်။ (တမန်တော် ၁၇:၂၊ ၃) ကျွန်ုပ်တို့၏သွန်သင်ခြင်းအရည်အသွေး တိုးတက်လာကာ ကျွန်ုပ်တို့၏ စကားစမြည်ပြောဆိုမှုများ၊ ဟောပြောချက်များနှင့် သွန်သင်ချက်တို့သည် ဝိညာဉ်ရေးဘက် သာ၍တည်ဆောက်မှုဖြစ်စေပေလိမ့်မည်။—သု. ၁:၅၊ ၆။
၁၆။ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာခြင်းမှ အဘယ်ကိုယ်ပိုင်နည်းလမ်းများဖြင့် ကျွန်ုပ်တို့ အကျိုးရသနည်း။
၁၆ ထို့အပြင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဆန်းစစ်ရန် သီးသန့်အချိန်ပေးခြင်းက ကျွန်ုပ်တို့အသက်တာတွင် ယေဟောဝါ၏နည်းလမ်းတော်များအတိုင်း သာ၍အပြည့်အဝလိုက်နာနိုင်စေပေမည်။ (ဆာလံ ၂၅:၄; ၁၁၉:၉၊ ၁၀; သု. ၆:၂၀-၂၃) နှိမ့်ချမှု၊ သစ္စာစောင့်သိမှုနှင့် ပျော်ရွှင်မှုကဲ့သို့သော ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာအရည်အသွေးများကို ယင်းက သန်စွမ်းစေလိမ့်မည်။ (တရားဟောရာ ၁၇:၁၈-၂၀; ဗျာဒိတ် ၁:၃) သမ္မာကျမ်းစာဖတ်ရှုလေ့လာခြင်းမှ ရရှိသောအသိပညာကို ကျွန်ုပ်တို့လက်တွေ့ကျင့်သုံးသောအခါ ကျွန်ုပ်တို့၏အသက်တာတွင် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် အတားအဆီးမရှိစီးဆင်းမည်ဖြစ်ပြီး ရလဒ်အနေဖြင့် ကျွန်ုပ်တို့ပြုလုပ်သမျှတွင် ဝိညာဉ်အသီးများ လှိုင်လှိုင်သီးပွင့်လာမည်ဖြစ်သည်။—ဂလာတိ ၅:၂၂၊ ၂၃။
၁၇။ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ကိုယ်ပိုင်ဖတ်ရှုလေ့လာခြင်း၏ အရေအတွက်နှင့် အရည်အသွေးတို့က ကျွန်ုပ်တို့နှင့် ယေဟောဝါ၏ဆက်ဆံရေးအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။
၁၇ အရေးကြီးဆုံးအရာမှာ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖတ်ရှုလေ့လာနိုင်ရန် အခြားဆောင်ရွက်မှုများမှဝယ်ယူလိုက်သည့်အချိန်က ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးနှင့်ပတ်သက်၍ ကြွယ်ဝသောအကျိုးကျေးဇူးများ ဖြစ်ထွန်းလာစေခြင်းဖြစ်သည်။ ပေါလုက သူ၏ခရစ်ယာန်ချင်းတို့အနေဖြင့် “ဉာဏ်ပညာအမျိုးမျိုးနှင့် ဝိညာဉ်ရေးသဘောပေါက်မှုဖြင့် [ဘုရားသခင့်] အလိုတော်ကို သိကျွမ်းခြင်းပညာမှန်နှင့်ပြည့်စုံ၍ . . . စိတ်တော်နှင့်တွေ့ခြင်းငှာ ယေဟောဝါနှင့်ထိုက်တန်စွာလျှောက်” နိုင်စေရန် ဆုတောင်းပေးခဲ့သည်။ (ကောလောသဲ ၁:၉၊ ၁၀၊ ကဘ) အလားတူ ကျွန်ုပ်တို့လည်း “ယေဟောဝါနှင့်ထိုက်တန်စွာလျှောက်” လှမ်းရန်အတွက် “ဉာဏ်ပညာအမျိုးမျိုးနှင့် ဝိညာဉ်ရေးသဘောပေါက်မှုဖြင့် ကိုယ်တော်၏အလိုတော်ကို သိကျွမ်းခြင်းပညာမှန်နှင့်ပြည့်စုံ” ရမည်ဖြစ်သည်။ ယေဟောဝါ၏ကောင်းချီးမင်္ဂလာနှင့် မျက်နှာသာတော်ကို ကျွန်ုပ်တို့ရရှိမှုသည် သမ္မာကျမ်းစာကို ကျွန်ုပ်တို့ကိုယ်ပိုင်ဖတ်ရှုလေ့လာခြင်း၏ အရေအတွက်နှင့် အရည်အသွေးတို့ပေါ်တွင် များစွာမူတည်နေကြောင်း ထင်ရှားပါသည်။
၁၈။ ယောဟန် ၁၇:၃ တွင်မှတ်တမ်းတင်ထားသည့် ယေရှု၏စကားအတိုင်း ကျွန်ုပ်တို့လိုက်နာလျှင် အဘယ်ကောင်းချီးများကို ပိုင်ဆိုင်နိုင်သနည်း။
၁၈ “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ယင်းသည် ဘုရားသခင့်နှုတ်မြွက်စကားတော်အား လေ့လာခြင်း၏အရေးကြီးမှုကို အခြားသူတို့လေးမြတ်တတ်စေဖို့ကူညီပေးရန် ယေဟောဝါသက်သေများ အတွင်ကျယ်ဆုံးအသုံးပြုသည့်ကျမ်းချက်များမှ တစ်ချက်ဖြစ်သည်။ ကျွန်ုပ်တို့တစ်ဦးစီလည်း ထိုသို့ပြုကြရန် ထပ်တူအရေးကြီးသည်မှာ အမှန်ပင်။ ကျွန်ုပ်တို့၏ ထာဝစဉ်အသက်ရှင်ရေးမျှော်လင့်ချက်သည် ယေဟောဝါနှင့် ကိုယ်တော်၏သားတော်ယေရှုခရစ်အား သိကျွမ်းခြင်းပညာတိုးပွားလာရေးပေါ်မူတည်သည်။ ထို့ပြင် ယင်း၏ဆိုလိုရင်းကို စဉ်းစားကြည့်ပါ။ ယေဟောဝါနှင့်ပတ်သက်၍ ကျွန်ုပ်တို့ သင်ယူစရာမှာ ဘယ်တော့မျှကုန်ဆုံးလိမ့်မည်မဟုတ်သကဲ့သို့ ကိုယ်တော်အကြောင်းသင်ယူရန် ထာဝရအချိန်ကာလလည်းရှိမည်ဖြစ်သည်။—ဒေ. ၃:၁၁; ရောမ ၁၁:၃၃။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသည်။
b ကင်းမျှော်စင် ၁၉၉၅၊ မေ ၁ စာမျက်နှာ ၂၀-၁ မှ “အဘယ်အချိန်တွင် သူတို့ဖတ်ရှုကြ၍ ခံစားရသောအကျိုးကျေးဇူး” ဆောင်းပါးကိုရှု။
ပြန်လည်သုံးသပ်ရန်မေးခွန်းများ
• ကျွန်ုပ်တို့၏အချိန်ကိုအသုံးပြုပုံက အဘယ်အရာကိုဖော်ပြသနည်း။
• သမ္မာကျမ်းစာဖတ်ရှုလေ့လာခြင်းအတွက် အဘယ်လှုပ်ရှားဆောင်ရွက်မှုများမှ အချိန်ကိုဝယ်ယူနိုင်သနည်း။
• ကျွန်ုပ်တို့၏ဝိညာဉ်ရေးဆိုင်ရာအစာစားသုံးခြင်းအကျင့်များကို အဘယ်ကြောင့်ဂရုပြုသင့်သနည်း။
• ကျမ်းစာကိုဖတ်ရှုလေ့လာခြင်းမှ အဘယ်အကျိုးကျေးဇူးများရရှိသနည်း။
[စာမျက်နှာ ၂၀, ၂၁ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုလေ့လာခြင်းက ကျွန်ုပ်တို့အား ‘အမှန်တရားကို မှန်ကန်စွာပိုင်းခြားတတ်’ စေနိုင်မည်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အလုပ်များနေသော ကျွန်ုပ်တို့အသက်တာ၏ အခြားလှုပ်ရှားဆောင်ရွက်မှုများနှင့် ဝိညာဉ်ရေးရာလိုက်စားမှုတို့ကို မျှမျှတတရှိစေခြင်းသည် ကြွယ်ဝသောအကျိုးကျေးဇူးများကို ဖြစ်ထွန်းစေ