ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၂/၁၅ စာ. ၂၃-၂၅
  • အိမ်ထောင်တွင် လက်အောက်ခံခြင်းကား မည်သို့အဓိပ္ပာယ် ရှိသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ထောင်တွင် လက်အောက်ခံခြင်းကား မည်သို့အဓိပ္ပာယ် ရှိသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုင်လိုမင်းထက်ပြုသူမဟုတ်
  • လက်အောက်ခံမှုသည်အကန့်အသတ်ရှိ
  • နှိမ့်ချ၍စဉ်းစားဆင်ခြင်မှုရှိပါ
  • “မိန်းမရဲ့ ဦးခေါင်းဟာ ယောက်ျား”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ဇနီးသည်တို့—⁠သင်တို့၏လင်ယောက်ျားကို အလွန်ရိုသေကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ရိုသေလေးစားခံရသော လင်ယောက်ျား
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခု
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၂/၁၅ စာ. ၂၃-၂၅

အိမ်ထောင်တွင် လက်အောက်ခံခြင်းကား မည်သို့အဓိပ္ပာယ် ရှိသနည်း

ခရစ်ယာန်အမျိုးသမီးတစ်ဦးလက်ထပ်လိုက်သောအခါ သူမအနေနှင့်ပြုပြင်ပြောင်းလဲစရာများစွာပေါ်လာသည်။ ယင်းတို့အထဲမှအကြီးကျယ်ဆုံးမှာ သူမ၏လွတ်လပ်မှုကိုထိခိုက်ခြင်းဖြစ်နိုင်သည်။ အရွယ်ရောက်သည့်တစ်ကိုယ်ရေသမားတစ်ဦးအနေဖြင့် မည်သူ့ကိုမျှမတိုင်ပင်ဘဲ လွတ်လပ်စွာကိုယ်ပိုင်ဆုံးဖြတ်ချက်များစွာချနိုင်ပေမည်။ သို့သော် ယခုသူမ၌ခင်ပွန်းရှိလာပြီဖြစ်သဖြင့် ယခင်ကကဲ့သို့ကိစ္စများစွာတွင် ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်မည့်အစား ခင်ပွန်းသည်ကိုတိုင်ပင်ပြီးခွင့်ပြုချက်ရယူရန် တာဝန်ရှိလာသည်။ အဘယ်ကြောင့်နည်း။

အကြောင်းမှာ လူ့ဖန်ဆင်းရှင်သည် ဦးဆုံးလူမိန်းမကို ဦးဆုံးလူယောက်ျားနှင့်လက်ထပ်ပေးခဲ့စဉ်က ဇနီးသည်နှင့်ရလာမည့်ကလေးများအပေါ်ဦးစီးရမည့်တာဝန်ကို ယောက်ျားအားပေးခဲ့သည်။ ယင်းသည်ကျိုးကြောင်းလျော်ကန်ပါသည်။ မည်သည့်လူ့အဖွဲ့အစည်းမဆို ဦးစီးဦးဆောင်ရန်နှင့်အပြီးသတ်ဆုံးဖြတ်ချက်ချသူတစ်ဦးရှိရမည်။ အိမ်ထောင်ပြုခြင်းကိစ္စတွင် “ယောက်ျားသည်မိန်းမ၏ခေါင်းဖြစ်၏” ဟုဖန်ဆင်းရှင်မိန့်တော်မူ၏။—ဧဖက် ၅:၂၃။

ထပ်ဆင့်၍ ဘုရားသခင့်ညွှန်ကြားချက်ကဤသို့ဆိုသည်။ “အချင်းမိန်းမတို့ . . . ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။” (ဧဖက် ၅:၂၂) ဤအစီအစဉ်မှဇနီးသည်တစ်ဦးအကျိုးခံစားရရန် အချက်နှစ်ချက်ပေါ်မူတည်သည်။ ပထမအချက်မှာ ဤအစီအစဉ်ကိုလက်အောက်ခံရန်သူမမည်မျှဆန္ဒရှိသနည်း။ ဒုတိယအနေနှင့် သူမ၏ခင်ပွန်းသည် အခွင့်အာဏာကိုမည်သို့အသုံးချနေသနည်း။ အမှန်အားဖြင့် အိမ်ထောင်ဖက်နှစ်ဦးစလုံးက ဤအစီအစဉ်ကိုအမြင်မှန်ရှိလျှင် ဇနီး၊ ခင်ပွန်းနှင့်ကလေးများအတွက်ပါကောင်းချီးတစ်ရပ်ဖြစ်ပေသည်။

နိုင်လိုမင်းထက်ပြုသူမဟုတ်

ခင်ပွန်းသည် မိမိအခွင့်အာဏာကို မည်သို့အသုံးချသင့်သနည်း။ ဘုရားသခင့်သားတော်၏ပုံသက်သေကိုလိုက်လျှောက်ခြင်းအားဖြင့်ဖြစ်သည်။ “ခရစ်တော်သည် အသင်းတော်၏ဦးခေါင်းဖြစ်သကဲ့သို့ ခင်ပွန်းတစ်ဦးသည် သူ့ဇနီး၏ဦးခေါင်းဖြစ်သည်။ ခင်ပွန်းသည်တို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်၍ ယင်းအတွက်မိမိကိုယ်ကိုပေးဆက်သကဲ့သို့ သင်တို့၏ဇနီးသည်များကိုချစ်မြဲချစ်နေကြလော့” ဟုကျမ်းစာကဆိုသည်။ (ဧဖက် ၅:၂၃၊ ၂၅။ ကဘ) အသင်းတော်ကိုယေရှုဦးဆောင်ခဲ့ခြင်းကား ကောင်းချီးတစ်ရပ်ဖြစ်ခဲ့သည်။ ကိုယ်တော်သည်နိုင်လိုမင်းထက်ပြုသူမဟုတ်ပါ။ ကန့်သတ်ချုပ်ချယ်မှု၊ နိုင်ထက်စီးနင်းပြုမှုခံရသည်ဟုတပည့်တော်များခံစားရအောင်ကိုယ်တော်မပြုခဲ့ပါ။ သို့အစား မေတ္တာနှင့်ကြင်နာမှုပါသောဆက်ဆံရေးအားဖြင့် လူအများ၏ရိုသေလေးစားမှုကို ကိုယ်တော်ရရှိခဲ့သည်။ မိမိဇနီးတို့နှင့်ဆက်ဆံရာတွင် ခင်ပွန်းသည်များအတွက် ကောင်းမြတ်သည့်ပုံသက်သေပါတကား။

သို့သော် ဤပုံသက်သေကိုမလိုက်လျှောက်သည့် လင်ယောက်ျားများရှိသည်။ မိမိတို့၏ဘုရားပေးဦးစီးမှုကို ဇနီးသည်များအတွက်သုံးမည့်အစား မိမိတို့ကိုယ်ကျိုးအတွက်သုံးကြသည်။ သူတို့သည် နိုင်လိုမင်းထက်သဘောဖြင့် ဇနီးသည်များကိုဦးစီး၍ ပြားပြားဝပ်လက်အောက်ခံမှုကိုတောင်းဆိုကြပြီး၊ မည်သည့်အမှုကိစ္စတွင်မျှကိုယ်ပိုင်ဆုံးဖြတ်ခွင့်မပေးကြချေ။ ထိုခင်ပွန်းမျိုးရှိဇနီးသည်များအတွက် မကြာခဏစိတ်ဆင်းရဲရသည်မှာရှင်းပါသည်။ ထိုသို့သောခင်ပွန်းသည်များအတွက်လည်း ဇနီးသည်၏မေတ္တာပါသော ရိုသေလေးစားမှုဆုံးရှုံးသည်ဟု ခံစားရစေသည်။

ဇနီးသည်တစ်ဦးသည် လင်ယောက်ျား၏ဦးစီးမှုကိုရိုသေလေးမြတ်ရန် ဘုရားသခင်တောင်းဆိုထားသည်မှာမှန်ပါသည်။ သို့သော် ဇနီးသည်,သည်မိမိအားပုဂ္ဂိုလ်တစ်ဦးအနေနှင့် စိတ်ရောကိုယ်ပါရိုသေလေးမြတ်ခြင်းကိုရယူလိုပါက ရယူနိုင်အောင်သူပြုရမည်။ အကောင်းဆုံးနည်းကား အိမ်ထောင်ဦးစီးတာဝန်ကျေပွန်ပြီး ကောင်းမြတ်သည့်အရည်အချင်းများကို ပြုစုပျိုးထောင်ခြင်းဖြစ်သည်။

လက်အောက်ခံမှုသည်အကန့်အသတ်ရှိ

ဇနီးသည်အပေါ်ခင်ပွန်းအခွင့်အာဏာရှိခြင်းမှာ အရာရာတွင်မဟုတ်ပါ။ ဇနီးသည်များလက်အောက်ခံခြင်းကို လောကီအာဏာပိုင်များအား ခရစ်ယာန်လက်အောက်ခံခြင်းနှင့်တစ်နည်းအားဖြင့်နှိုင်းယှဉ်နိုင်သည်။ ခရစ်ယာန်တစ်ဦးသည် “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံ” ရမည်ဟုဘုရားသခင်အမိန့်တော်ရှိသည်။ (ရောမ ၁၃:၁) သို့သော် ဤလက်အောက်ခံမှုနှင့် ဘုရားသခင်အပေါ်ကျွန်ုပ်တို့၏တာဝန်တို့သည် အမြဲမျှတမှုရှိရမည်။ ယေရှုက “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့” ဟုမိန့်တော်မူခဲ့သည်။ အကယ်၍ ကဲသာဘုရင် (လောကီမင်း) ကသူ့ကို ဘုရားသခင်၏ဥစ္စာကိုပေးရန် ကျွန်ုပ်တို့အားတောင်းပါက တမန်တော်ပေတရုပြောခဲ့သည့်စကားကိုကျွန်ုပ်တို့ပြန်သတိရကြမည်။ “လူ၏စကားထက် ဘုရားသခင်၏စကားကိုနားထောင်သင့်ပါသည်။”—တမန်တော် ၅:၂၉။

ထိုနည်းတူပင် ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် ခရစ်ယာန်စည်းမျဉ်းများကိုနားမလည်သူ၊ သို့မဟုတ်လေးစားရန်ပျက်ကွက်သူကိုလက်ထပ်မိသော်လည်း သူ့ကိုလက်အောက်ခံရမည်သာဖြစ်သည်။ ဘုရားချမှတ်ထားသည့်ဤအစီအစဉ်ကို ဆန့်ကျင်ပုန်ကန်မည့်အစား သူ့ကိုမေတ္တာပါပါစာနာမှုနှင့်ဆက်ဆံခြင်းအားဖြင့် သူ၏ယုံကြည်စိတ်ချမှုကိုရယူနိုင်သည်။ ထိုသို့ကောင်းသည့်အကျင့်အကြံအားဖြင့် ယောက်ျားသည်ပြောင်းလဲလာနိုင်စရာအကြောင်းရှိပေသည်။ သမ္မာတရားကိုပင်လက်ခံလာနိုင်သည်။ (၁ ပေတရု ၃:၁၊ ၂) သူမ၏ခင်ပွန်းသည် ဘုရားသခင်တားမြစ်ထားရာများကိုသူမအားလုပ်ခိုင်းပါက၊ ဘုရားသခင်သည် သူမ၏အချုပ်အခြာအုပ်စိုးရှင်ဖြစ်ကြောင်း ပြန်သတိရသင့်သည်။ ဥပမာ၊ မယားလဲလှယ်ခြင်းကဲ့သို့သော လိင်အကျင့်ပျက်ပြားမှုတစ်ခုခုကိုသူလုပ်ခိုင်းပါက သူမနာခံရန်တာဝန်မရှိပေ။ (၁ ကောရိန္သု ၆:၉၊ ၁၀) လင်ယောက်ျားကိုလက်အောက်ခံခြင်းသည် သူမ၏သြတ္တပ္ပစိတ်နှင့်ဘုရားသခင်ကိုဦးစားပေးနာခံရမည့်တာဝန်တို့ဖြင့် ကန့်သတ်ထားသည်။

ဘုရင်ဒါဝိဒ်အချိန်ကဖြစ်သည်။ အဘိဂဲလသည် ဘုရားသခင်၏စည်းမျဉ်းဥပဒေများကိုဂရုမစိုက်၊ ဒါဝိဒ်နှင့်သူ့လူများကိုမေတ္တာကင်းမဲ့ပြီး ကြမ်းတမ်းစွာဆက်ဆံခဲ့သောနာဗလနှင့် လက်ထပ်ခဲ့သည်။ ဒါဝိဒ်နှင့်သူ့လူများသည် နာဗလ၏သိုးနှင့်ဆိတ်ထောင်ပေါင်းများစွာကို ကာကွယ်ခဲ့သော်လည်း၊ ဒါဝိဒ်ကအစားအသောက်များတောင်းခံသောအခါ နာဗလဘာမျှမပေးခဲ့ပါ။

မိမိခင်ပွန်း၏စေးနှဲတွန့်တိုမှုသည် မိမိအိမ်သူအိမ်သားများအား ဘေးဆိုးကြီးကျရောက်စေတော့မည်ကိုသိမြင်လာသောအခါ ဒါဝိဒ်ကိုအစားအစာများပေးရန်သူမကိုယ်တိုင်ဆုံးဖြတ်လေသည်။ “အဘိဂဲလသည်မုန့်လုံးနှစ်ရာ၊ စပျစ်ရည်ဘူးနှစ်လုံး၊ ချက်ပြီးသောသိုးငါးကောင်၊ ပေါက်ပေါက်ငါးဧဖာ၊ စပျစ်သီးခြောက်အပြွတ်တစ်ရာ၊ သင်္ဘောသဖန်းသီးပျဉ်အပြားနှစ်ရာတို့ကို အလျင်အမြန်ယူ၍မြည်းတို့အပေါ်မှာတင်ပြီးလျှင်၊ ‘ငါ့ရှေ့မှာသွားကြ၊ ငါလိုက်မည်’ ဟုကျွန်တို့အားဆို၏။ လင်နာဗလကိုအလျှင်းမပြော။”—၁ ဓမ္မရာဇဝင် ၂၅:၁၈၊ ၁၉။

မိမိခင်ပွန်း၏အလိုဆန္ဒကိုဆန့်ကျင်၍လုပ်ကိုင်မှုကြောင့် အဘိဂဲလမှားသလော။ ဤကိစ္စတွင်မမှားပါ။ မိမိခင်ပွန်းကဲ့သို့မေတ္တာမဲ့ပြီး အထူးသဖြင့်ကိုယ့်အိမ်သူအိမ်သားများကို ဘေးအန္တရာယ်ကျရောက်စေမည့်လမ်းစဉ်တွင်ပါဝင်ရန် လက်အောက်ခံမှုကသူမကိုမတောင်းဆိုပါ။ ထို့ကြောင့်ဒါဝိဒ်ကသူမအား “ယနေ့ငါနှင့်တွေ့စေခြင်းငှာ သင့်ကိုစေလွှတ်တော်မူသောဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ သင်ပေးသောအကြံသည်လည်းမင်္ဂလာရှိစေသတည်း” ဟုပြောခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂၅:၃၂၊ ၃၃) ထိုနည်းတူစွာ၊ ယနေ့ခရစ်ယာန်ဇနီးသည်များလည်း ခင်ပွန်း၏ဦးစီးမှုကို မြည်တွန်တောက်တီးပြီး ဖီဆန်မှုမပြုသင့်သည်မှန်သော်လည်း ခရစ်ယာန်မပီသသောလမ်းစဉ်တွင်ပါဝင်လိုက်လျှောက်ခြင်းမပြုရပါ။

ဧဖက်မြို့သားများထံရေးသောစာတွင် “အသင်းတော်သည်ခရစ်တော်၏အုပ်စိုးတော်မူခြင်းကိုဝန်ခံသကဲ့သို့၊ မိန်းမတို့လည်းကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို အရာရာ၌ဝန်ခံကြရမည်” ဟုပေါလုပြောသည်။ (ဧဖက် ၅:၂၄) ဤတွင် “အရာရာ” ဟူသည့်စာလုံးကိုတမန်တော်သုံးခြင်းက ဇနီးသည်တို့၏လက်အောက်ခံမှုသည် အကန့်အသတ်မရှိဟုဆိုလိုနေခြင်းမဟုတ်ပါ။ “အသင်းတော်သည်ခရစ်တော်၏အုပ်စိုးတော်မူခြင်းကိုဝန်ခံသကဲ့သို့” ဟုပေါလုပြောရာတွင် သူ့စိတ်ထဲရှိသည့်အရာကိုဖော်ပြနေခြင်းဖြစ်သည်။ မိမိအသင်းတော်ကိုခရစ်တော်တောင်းဆိုသည့်အရာရာမှာ ဘုရားသခင်၏အလိုတော်နှင့်အညီဖြောင့်မတ်ခြင်းဖြစ်သည်။ ထို့ကြောင့် အသင်းတော်သည်ကိုယ်တော်အားအရာရာတွင် ရွှင်လန်းစွာအလွယ်တကူလက်အောက်ခံနိုင်ခြင်းဖြစ်သည်။ ထိုနည်းတူစွာ ခရစ်တော်၏ပုံသက်သေကိုစိတ်အားထက်သန်စွာလိုက်လျှောက်ရန်ကြိုးစားသော ခရစ်ယာန်ယောက်ျား၏ဇနီးသည်သည် အရာရာတွင်ပျော်ရွှင်စွာခင်ပွန်းသည်ကို လက်အောက်ခံနိုင်ပေမည်။ သူမအတွက်အကောင်းဆုံးအကျိုးဖြစ်ထွန်းရန် သူအလွန်စိတ်ဝင်စားကြောင်း၊ ဘုရားသခင်၏အလိုတော်နှင့်ဆန့်ကျင်သည့်အရာကို သိလျက်နှင့် သူမအားဘယ်တော့မျှလုပ်ခိုင်းမည်မဟုတ်ကြောင်း သူမသိသည်။

တပည့်တော်ချင်းချစ်ကြရန်မိန့်တော်မူခဲ့သော၊ မိမိ၏ဦးခေါင်းဖြစ်သည့် ယေရှုခရစ်၏ ဘုရားရေးရာအရည်အချင်းများကိုထင်ဟပ်ပြသောလင်ယောက်ျားသည် ဇနီး၏ချစ်ခင်လေးစားမှုကိုရရှိမည်ဖြစ်သည်။ (ယောဟန် ၁၃:၃၄) ခင်ပွန်းသည် မစုံလင်၍ချွတ်ချော်မှုမကင်းသော်လည်း သာ၍မြင့်မြတ်သောခရစ်တော်ယေရှု၏ဦးစီးမှုနှင့်အညီ မိမိ၏အခွင့်အာဏာကိုကျင့်သုံးလျှင်၊ ဇနီးသည် သူ့ဦးဆောင်မှုကိုပျော်ရွှင်၍လွယ်ကူစွာလက်အောက်ခံနိုင်ပေမည်။ (၁ ကောရိန္သု ၁၁:၃) ဇနီးသည် ခရစ်ယာန်အရည်အချင်းများဖြစ်သည့် ဣန္ဒြေသိက္ခာနှင့်ချစ်ခင်ကြင်နာမှုတို့ကိုပြုစုပျိုးထောင်ပါက ခင်ပွန်း၏လက်အောက်ခံခြင်းသည် သူမအတွက်မခက်ခဲပါ။

နှိမ့်ချ၍စဉ်းစားဆင်ခြင်မှုရှိပါ

အသင်းတော်ရှိဇနီးမောင်နှံတို့သည် ယေဟောဝါ၏ရှေ့တော်တွင် တစ်တန်းတညီတည်းဖြစ်သောဝိညာဏညီအစ်ကိုညီအစ်မများဖြစ်ကြသည်။ (ဂလာတိ ၃:၂၈ နှိုင်းယှဉ်) သို့ရာတွင်ယောက်ျားသည် အသင်းတော်ကိုဦးစီးကြီးကြပ်ရန် ခန့်အပ်ခြင်းခံထားရသည်။ စိတ်ထားမှန်ရှိသောမိန်းမသည် အရာရာတွင်လက်အောက်ခံခြင်းအားဖြင့် ဤအစီအစဉ်ကိုဝမ်းမြောက်ဝမ်းသာအသိအမှတ်ပြုသည်။ အသင်းတော်တွင်ပါရမီရင့်သောယောက်ျားများသည်လည်း မိမိတို့၏ကြီးလေးသောတာဝန်သည် သိုးတော်စုကိုအာဏာပြရန်မဟုတ်ကြောင်း နှိမ့်ချစွာဖြင့်သူတို့အသိအမှတ်ပြုကြသည်။—၁ ပေတရု ၅:၂၊ ၃။

အသင်းတော်အတွင်း ယောက်ျားနှင့်မိန်းမတို့၏ဆက်ဆံရေး ဤသို့ရှိလျှင် ခရစ်ယာန်ခင်ပွန်းသည်တစ်ဦးသည် သူ၏ဝိညာဏညီအစ်မဖြစ်သော သူ၏ဇနီးသည်အပေါ်ကြမ်းတမ်းစွာဆက်ဆံပြုမူရန် မည်သည့်ခိုင်လုံသောအကြောင်းရှိသနည်း။ ဇနီးသည်ကလည်း လင်ယောက်ျားဦးစီးမှုနှင့်ဘက်ပြိုင်ရန်မည်သို့ဖြစ်နိုင်မည်နည်း။ သို့ဖြစ်မည့်အစား အသင်းတော်သားအားလုံးကိုတမန်တော်ပေတရု၏ဆုံးမသည့်စကားနှင့်အညီ အချင်းချင်းဆက်ဆံသင့်သည်။ “သင်တို့အပေါင်းသည်စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။” (၁ ပေတရု ၃:၈) ပေါလုကလည်းဤသို့အကြံပေးသည်။ “ထို့ကြောင့်သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြလော့။ တစ်ယောက်၌တစ်ယောက်အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည်သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့။”—ကောလောသဲ ၃:၁၂၊ ၁၃။

အသင်းတော်အတွင်း ဤသဘောထားမျိုးကိုကြီးထွားစေသင့်သည်။ အထူးသဖြင့် ခရစ်ယာန်အိမ်ထောင်ရှိခင်ပွန်းနှင့်ဇနီးသည်တို့စပ်ကြားတိုးပွားစေသင့်သည်။ ခင်ပွန်းသည် ဇနီး၏အကြံပေးမှုကိုနားထောင်ခြင်းအားဖြင့် သူ၏ကြင်နာမြတ်နိုးမှုနှင့်နူးညံ့သိမ်မွေ့မှုတို့ကိုတင်ပြနိုင်သည်။ မိသားစုလိုက်အကျိုးသက်ရောက်စေမည့်ဆုံးဖြတ်ချက်များမချမှတ်မီ ဇနီး၏ရှုမြင်ပုံကိုထည့်စဉ်းစားသင့်သည်။ ခရစ်ယာန်ဇနီးသည်များသည် အသိဉာဏ်ကင်းမဲ့သူများမဟုတ်ကြပါ။ သူတို့သည်လင်ယောက်ျားများကို တန်ဖိုးရှိအကြံဉာဏ်များမကြာခဏပေးနိုင်ကြသည်။ စာရာသည်အာဗြဟံအားအကြံပေးသကဲ့သို့ဖြစ်သည်။ (ကမ္ဘာဦး ၂၁:၁၂) အခြားတစ်ဖက်တွင်မူ ခရစ်ယာန်ဇနီးသည်တစ်ဦးသည် လင်ယောက်ျားကိုအလွန်အမင်းတောင်းဆိုသူမဟုတ်ပါ။ တစ်ခါတစ်ရံသူမ၏အကြိုက်နှင့်မကိုက်ညီသည့်တိုင် လင်ယောက်ျား၏ဦးစီးမှုအတိုင်းလိုက်လျှောက်ပြီး ဆုံးဖြတ်ချက်များကိုထောက်ခံအားပေးခြင်းအားဖြင့် သူမ၏ကြင်နာမှုနှင့်စိတ်နှိမ့်ချမှုကိုတင်ပြမည်။

ကျိုးကြောင်းဆင်ခြင်တတ်သူအကြီးအကဲ၊ ကျိုးကြောင်းဆင်ခြင်တတ်သူလင်ယောက်ျားတို့သည် ချဉ်းကပ်ရလွယ်ကူပြီး ကြင်နာမှုရှိသည်။ မစုံလင်မှုနှင့်ဘဝပြဿနာများကြားမှပင် ခင်ပွန်းသည်,သည် မိမိ၏တာဝန်ကိုကျေပွန်အောင်ကြိုးစားဆောင်ရွက်ခြင်းအတွက် ချစ်စဖွယ်ဇနီးသည်က သနားကြင်နာခြင်းနှင့်စိတ်ရှည်ခြင်းတို့ဖြင့်တုံ့ပြန်သည်။ ဇနီးမောင်နှံနှစ်ဦးစလုံး ထိုစိတ်သဘောတို့ကိုကြီးထွားစေပါက အိမ်ထောင်ရေးတွင် လက်အောက်ခံခြင်းသည် ပြဿနာမဖြစ်နိုင်ပါ။ ယင်းအစား ရွှင်လန်းမှု၊ လုံခြုံမှုနှင့်တည်မြဲသောရောင့်ရဲကျေနပ်မှုတို့၏အခြေအမြစ်သာဖြစ်မည်တည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ