ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • အိမ်ထောင်တွင် လက်အောက်ခံခြင်းကား မည်သို့အဓိပ္ပာယ် ရှိသနည်း
    ကင်းမျှော်စင်—၁၉၉၁ | ဒီဇင်ဘာ ၁၅
    • လက်အောက်ခံမှုသည်အကန့်အသတ်ရှိ

      ဇနီးသည်အပေါ်ခင်ပွန်းအခွင့်အာဏာရှိခြင်းမှာ အရာရာတွင်မဟုတ်ပါ။ ဇနီးသည်များလက်အောက်ခံခြင်းကို လောကီအာဏာပိုင်များအား ခရစ်ယာန်လက်အောက်ခံခြင်းနှင့်တစ်နည်းအားဖြင့်နှိုင်းယှဉ်နိုင်သည်။ ခရစ်ယာန်တစ်ဦးသည် “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံ” ရမည်ဟုဘုရားသခင်အမိန့်တော်ရှိသည်။ (ရောမ ၁၃:၁) သို့သော် ဤလက်အောက်ခံမှုနှင့် ဘုရားသခင်အပေါ်ကျွန်ုပ်တို့၏တာဝန်တို့သည် အမြဲမျှတမှုရှိရမည်။ ယေရှုက “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့” ဟုမိန့်တော်မူခဲ့သည်။ အကယ်၍ ကဲသာဘုရင် (လောကီမင်း) ကသူ့ကို ဘုရားသခင်၏ဥစ္စာကိုပေးရန် ကျွန်ုပ်တို့အားတောင်းပါက တမန်တော်ပေတရုပြောခဲ့သည့်စကားကိုကျွန်ုပ်တို့ပြန်သတိရကြမည်။ “လူ၏စကားထက် ဘုရားသခင်၏စကားကိုနားထောင်သင့်ပါသည်။”—တမန်တော် ၅:၂၉။

      ထိုနည်းတူပင် ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် ခရစ်ယာန်စည်းမျဉ်းများကိုနားမလည်သူ၊ သို့မဟုတ်လေးစားရန်ပျက်ကွက်သူကိုလက်ထပ်မိသော်လည်း သူ့ကိုလက်အောက်ခံရမည်သာဖြစ်သည်။ ဘုရားချမှတ်ထားသည့်ဤအစီအစဉ်ကို ဆန့်ကျင်ပုန်ကန်မည့်အစား သူ့ကိုမေတ္တာပါပါစာနာမှုနှင့်ဆက်ဆံခြင်းအားဖြင့် သူ၏ယုံကြည်စိတ်ချမှုကိုရယူနိုင်သည်။ ထိုသို့ကောင်းသည့်အကျင့်အကြံအားဖြင့် ယောက်ျားသည်ပြောင်းလဲလာနိုင်စရာအကြောင်းရှိပေသည်။ သမ္မာတရားကိုပင်လက်ခံလာနိုင်သည်။ (၁ ပေတရု ၃:၁၊ ၂) သူမ၏ခင်ပွန်းသည် ဘုရားသခင်တားမြစ်ထားရာများကိုသူမအားလုပ်ခိုင်းပါက၊ ဘုရားသခင်သည် သူမ၏အချုပ်အခြာအုပ်စိုးရှင်ဖြစ်ကြောင်း ပြန်သတိရသင့်သည်။ ဥပမာ၊ မယားလဲလှယ်ခြင်းကဲ့သို့သော လိင်အကျင့်ပျက်ပြားမှုတစ်ခုခုကိုသူလုပ်ခိုင်းပါက သူမနာခံရန်တာဝန်မရှိပေ။ (၁ ကောရိန္သု ၆:၉၊ ၁၀) လင်ယောက်ျားကိုလက်အောက်ခံခြင်းသည် သူမ၏သြတ္တပ္ပစိတ်နှင့်ဘုရားသခင်ကိုဦးစားပေးနာခံရမည့်တာဝန်တို့ဖြင့် ကန့်သတ်ထားသည်။

      ဘုရင်ဒါဝိဒ်အချိန်ကဖြစ်သည်။ အဘိဂဲလသည် ဘုရားသခင်၏စည်းမျဉ်းဥပဒေများကိုဂရုမစိုက်၊ ဒါဝိဒ်နှင့်သူ့လူများကိုမေတ္တာကင်းမဲ့ပြီး ကြမ်းတမ်းစွာဆက်ဆံခဲ့သောနာဗလနှင့် လက်ထပ်ခဲ့သည်။ ဒါဝိဒ်နှင့်သူ့လူများသည် နာဗလ၏သိုးနှင့်ဆိတ်ထောင်ပေါင်းများစွာကို ကာကွယ်ခဲ့သော်လည်း၊ ဒါဝိဒ်ကအစားအသောက်များတောင်းခံသောအခါ နာဗလဘာမျှမပေးခဲ့ပါ။

      မိမိခင်ပွန်း၏စေးနှဲတွန့်တိုမှုသည် မိမိအိမ်သူအိမ်သားများအား ဘေးဆိုးကြီးကျရောက်စေတော့မည်ကိုသိမြင်လာသောအခါ ဒါဝိဒ်ကိုအစားအစာများပေးရန်သူမကိုယ်တိုင်ဆုံးဖြတ်လေသည်။ “အဘိဂဲလသည်မုန့်လုံးနှစ်ရာ၊ စပျစ်ရည်ဘူးနှစ်လုံး၊ ချက်ပြီးသောသိုးငါးကောင်၊ ပေါက်ပေါက်ငါးဧဖာ၊ စပျစ်သီးခြောက်အပြွတ်တစ်ရာ၊ သင်္ဘောသဖန်းသီးပျဉ်အပြားနှစ်ရာတို့ကို အလျင်အမြန်ယူ၍မြည်းတို့အပေါ်မှာတင်ပြီးလျှင်၊ ‘ငါ့ရှေ့မှာသွားကြ၊ ငါလိုက်မည်’ ဟုကျွန်တို့အားဆို၏။ လင်နာဗလကိုအလျှင်းမပြော။”—၁ ဓမ္မရာဇဝင် ၂၅:၁၈၊ ၁၉။

      မိမိခင်ပွန်း၏အလိုဆန္ဒကိုဆန့်ကျင်၍လုပ်ကိုင်မှုကြောင့် အဘိဂဲလမှားသလော။ ဤကိစ္စတွင်မမှားပါ။ မိမိခင်ပွန်းကဲ့သို့မေတ္တာမဲ့ပြီး အထူးသဖြင့်ကိုယ့်အိမ်သူအိမ်သားများကို ဘေးအန္တရာယ်ကျရောက်စေမည့်လမ်းစဉ်တွင်ပါဝင်ရန် လက်အောက်ခံမှုကသူမကိုမတောင်းဆိုပါ။ ထို့ကြောင့်ဒါဝိဒ်ကသူမအား “ယနေ့ငါနှင့်တွေ့စေခြင်းငှာ သင့်ကိုစေလွှတ်တော်မူသောဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ သင်ပေးသောအကြံသည်လည်းမင်္ဂလာရှိစေသတည်း” ဟုပြောခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂၅:၃၂၊ ၃၃) ထိုနည်းတူစွာ၊ ယနေ့ခရစ်ယာန်ဇနီးသည်များလည်း ခင်ပွန်း၏ဦးစီးမှုကို မြည်တွန်တောက်တီးပြီး ဖီဆန်မှုမပြုသင့်သည်မှန်သော်လည်း ခရစ်ယာန်မပီသသောလမ်းစဉ်တွင်ပါဝင်လိုက်လျှောက်ခြင်းမပြုရပါ။

      ဧဖက်မြို့သားများထံရေးသောစာတွင် “အသင်းတော်သည်ခရစ်တော်၏အုပ်စိုးတော်မူခြင်းကိုဝန်ခံသကဲ့သို့၊ မိန်းမတို့လည်းကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို အရာရာ၌ဝန်ခံကြရမည်” ဟုပေါလုပြောသည်။ (ဧဖက် ၅:၂၄) ဤတွင် “အရာရာ” ဟူသည့်စာလုံးကိုတမန်တော်သုံးခြင်းက ဇနီးသည်တို့၏လက်အောက်ခံမှုသည် အကန့်အသတ်မရှိဟုဆိုလိုနေခြင်းမဟုတ်ပါ။ “အသင်းတော်သည်ခရစ်တော်၏အုပ်စိုးတော်မူခြင်းကိုဝန်ခံသကဲ့သို့” ဟုပေါလုပြောရာတွင် သူ့စိတ်ထဲရှိသည့်အရာကိုဖော်ပြနေခြင်းဖြစ်သည်။ မိမိအသင်းတော်ကိုခရစ်တော်တောင်းဆိုသည့်အရာရာမှာ ဘုရားသခင်၏အလိုတော်နှင့်အညီဖြောင့်မတ်ခြင်းဖြစ်သည်။ ထို့ကြောင့် အသင်းတော်သည်ကိုယ်တော်အားအရာရာတွင် ရွှင်လန်းစွာအလွယ်တကူလက်အောက်ခံနိုင်ခြင်းဖြစ်သည်။ ထိုနည်းတူစွာ ခရစ်တော်၏ပုံသက်သေကိုစိတ်အားထက်သန်စွာလိုက်လျှောက်ရန်ကြိုးစားသော ခရစ်ယာန်ယောက်ျား၏ဇနီးသည်သည် အရာရာတွင်ပျော်ရွှင်စွာခင်ပွန်းသည်ကို လက်အောက်ခံနိုင်ပေမည်။ သူမအတွက်အကောင်းဆုံးအကျိုးဖြစ်ထွန်းရန် သူအလွန်စိတ်ဝင်စားကြောင်း၊ ဘုရားသခင်၏အလိုတော်နှင့်ဆန့်ကျင်သည့်အရာကို သိလျက်နှင့် သူမအားဘယ်တော့မျှလုပ်ခိုင်းမည်မဟုတ်ကြောင်း သူမသိသည်။

      တပည့်တော်ချင်းချစ်ကြရန်မိန့်တော်မူခဲ့သော၊ မိမိ၏ဦးခေါင်းဖြစ်သည့် ယေရှုခရစ်၏ ဘုရားရေးရာအရည်အချင်းများကိုထင်ဟပ်ပြသောလင်ယောက်ျားသည် ဇနီး၏ချစ်ခင်လေးစားမှုကိုရရှိမည်ဖြစ်သည်။ (ယောဟန် ၁၃:၃၄) ခင်ပွန်းသည် မစုံလင်၍ချွတ်ချော်မှုမကင်းသော်လည်း သာ၍မြင့်မြတ်သောခရစ်တော်ယေရှု၏ဦးစီးမှုနှင့်အညီ မိမိ၏အခွင့်အာဏာကိုကျင့်သုံးလျှင်၊ ဇနီးသည် သူ့ဦးဆောင်မှုကိုပျော်ရွှင်၍လွယ်ကူစွာလက်အောက်ခံနိုင်ပေမည်။ (၁ ကောရိန္သု ၁၁:၃) ဇနီးသည် ခရစ်ယာန်အရည်အချင်းများဖြစ်သည့် ဣန္ဒြေသိက္ခာနှင့်ချစ်ခင်ကြင်နာမှုတို့ကိုပြုစုပျိုးထောင်ပါက ခင်ပွန်း၏လက်အောက်ခံခြင်းသည် သူမအတွက်မခက်ခဲပါ။

  • အိမ်ထောင်တွင် လက်အောက်ခံခြင်းကား မည်သို့အဓိပ္ပာယ် ရှိသနည်း
    ကင်းမျှော်စင်—၁၉၉၁ | ဒီဇင်ဘာ ၁၅
    • အသင်းတော်အတွင်း ဤသဘောထားမျိုးကိုကြီးထွားစေသင့်သည်။ အထူးသဖြင့် ခရစ်ယာန်အိမ်ထောင်ရှိခင်ပွန်းနှင့်ဇနီးသည်တို့စပ်ကြားတိုးပွားစေသင့်သည်။ ခင်ပွန်းသည် ဇနီး၏အကြံပေးမှုကိုနားထောင်ခြင်းအားဖြင့် သူ၏ကြင်နာမြတ်နိုးမှုနှင့်နူးညံ့သိမ်မွေ့မှုတို့ကိုတင်ပြနိုင်သည်။ မိသားစုလိုက်အကျိုးသက်ရောက်စေမည့်ဆုံးဖြတ်ချက်များမချမှတ်မီ ဇနီး၏ရှုမြင်ပုံကိုထည့်စဉ်းစားသင့်သည်။ ခရစ်ယာန်ဇနီးသည်များသည် အသိဉာဏ်ကင်းမဲ့သူများမဟုတ်ကြပါ။ သူတို့သည်လင်ယောက်ျားများကို တန်ဖိုးရှိအကြံဉာဏ်များမကြာခဏပေးနိုင်ကြသည်။ စာရာသည်အာဗြဟံအားအကြံပေးသကဲ့သို့ဖြစ်သည်။ (ကမ္ဘာဦး ၂၁:၁၂) အခြားတစ်ဖက်တွင်မူ ခရစ်ယာန်ဇနီးသည်တစ်ဦးသည် လင်ယောက်ျားကိုအလွန်အမင်းတောင်းဆိုသူမဟုတ်ပါ။ တစ်ခါတစ်ရံသူမ၏အကြိုက်နှင့်မကိုက်ညီသည့်တိုင် လင်ယောက်ျား၏ဦးစီးမှုအတိုင်းလိုက်လျှောက်ပြီး ဆုံးဖြတ်ချက်များကိုထောက်ခံအားပေးခြင်းအားဖြင့် သူမ၏ကြင်နာမှုနှင့်စိတ်နှိမ့်ချမှုကိုတင်ပြမည်။

      ကျိုးကြောင်းဆင်ခြင်တတ်သူအကြီးအကဲ၊ ကျိုးကြောင်းဆင်ခြင်တတ်သူလင်ယောက်ျားတို့သည် ချဉ်းကပ်ရလွယ်ကူပြီး ကြင်နာမှုရှိသည်။ မစုံလင်မှုနှင့်ဘဝပြဿနာများကြားမှပင် ခင်ပွန်းသည်,သည် မိမိ၏တာဝန်ကိုကျေပွန်အောင်ကြိုးစားဆောင်ရွက်ခြင်းအတွက် ချစ်စဖွယ်ဇနီးသည်က သနားကြင်နာခြင်းနှင့်စိတ်ရှည်ခြင်းတို့ဖြင့်တုံ့ပြန်သည်။ ဇနီးမောင်နှံနှစ်ဦးစလုံး ထိုစိတ်သဘောတို့ကိုကြီးထွားစေပါက အိမ်ထောင်ရေးတွင် လက်အောက်ခံခြင်းသည် ပြဿနာမဖြစ်နိုင်ပါ။ ယင်းအစား ရွှင်လန်းမှု၊ လုံခြုံမှုနှင့်တည်မြဲသောရောင့်ရဲကျေနပ်မှုတို့၏အခြေအမြစ်သာဖြစ်မည်တည်း။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ