ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • kl အခန်း ၁၄ စာ. ၁၃၀-၁၃၉
  • မည်သူ၏အခွင့်အာဏာကိုသင်အသိအမှတ်ပြုသင့်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မည်သူ၏အခွင့်အာဏာကိုသင်အသိအမှတ်ပြုသင့်သနည်း
  • ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမြင့်မြတ်ဆုံးအာဏာပိုင်
  • ‘အထက်အာဏာပိုင်များ’
  • မိသားစုအတွင်းမှ အခွင့်အာဏာ
  • အသင်းတော်အတွင်းမှ အခွင့်အာဏာ
  • အခွင့်အာဏာဆိုင်ရာ ယေဟောဝါ၏ အမြင်သဘောထားကို လက်ခံပါ
  • အခွင့်အာဏာအပေါ် ခရစ်ယာန်အမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • အခွင့်အာဏာကို လေးစားမှု—အဘယ်ကြောင့်လိုအပ်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • အခွင့်အာဏာကို ဘာကြောင့် လေးစားရသလဲ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • ဦးစီးမှုဆိုင်ရာ ဘုရားသခင့် အစီအစဉ်ကို လက်အောက်ခံခြင်းကနေ အကျိုးရရှိခြင်း
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
နောက်ထပ် ကြည့်ပါ
ထာဝရအသက်ရစေသော အသိပညာအသိပညာ
kl အခန်း ၁၄ စာ. ၁၃၀-၁၃၉

အခန်း ၁၄

မည်သူ၏အခွင့်အာဏာကိုသင်အသိအမှတ်ပြုသင့်သနည်း

၁၊ ၂။ အခွင့်အာဏာရှိရှိသမျှသည် အကျိုးပျက်စေသလော။ ရှင်းပြပါ။

“အခွင့်အာဏာ” ဟူသောစကားလုံးမှာ လူအများမနှစ်မြို့သော စကားလုံးဖြစ်သည်။ ဤသို့ဖြစ်သည်မှာ မဆန်းပါ။ အလုပ်ခွင်၌ဖြစ်စေ၊ အိမ်ထောင်စုအတွင်း၌ဖြစ်စေ၊ အစိုးရများကဖြစ်စေ အခွင့်အာဏာကို အလွဲသုံးစားပြုလေ့ ရှိသောကြောင့်ပင်။ သမ္မာကျမ်းစာက လူတို့သည် “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက်အုပ်စိုး” ခဲ့သည်ဟု အမှန်အတိုင်းဆို၏။ (ဒေသနာ ၈:၉) မှန်ပါသည်၊ များစွာသောသူတို့သည် အခြားသူတို့အပေါ် ဖိနှိပ်ချုပ်ချယ်သည့်နည်းမျိုး၊ တစ်ကိုယ်ကောင်းဆန်သည့်နည်းမျိုးဖြင့် စိုးမိုးချယ်လှယ်ခဲ့ကြသည်။

၂ သို့သော် အခွင့်အာဏာမှန်သမျှ အကျိုးပျက်ပြားစေသည် မဟုတ်ပါ။ သာဓကအနေဖြင့် ကျွန်ုပ်တို့၏ခန္ဓာသည် ကျွန်ုပ်တို့အပေါ် အခွင့်အာဏာသက်ရောက်သည်ဟု ဆိုနိုင်သည်။ ခန္ဓာက ကျွန်ုပ်တို့ကို အသက်ရှူရန်၊ အစာစားရန်၊ ရေသောက်ရန်နှင့်အိပ်ရန် “အမိန့်ပေး” သည်။ ဖိနှိပ်ချုပ်ချယ်ခြင်းဖြစ်သလော။ မဖြစ်ပါ။ ထိုတောင်းဆိုချက်များအတိုင်း လိုက်နာခြင်းသည် အကျွန်ုပ်တို့အတွက် ကောင်းကျိုးပြု၏။ ခန္ဓာ၏လိုအပ်ချက်များအတိုင်း လိုက်နာခြင်းသည် အလိုအလျောက်ဖြစ်ကောင်းသော်လည်း လိုလိုလားလားလက်အောက်ခံရမည့် အခြားသောအခွင့်အာဏာအမျိုးမျိုးလည်း ရှိပါသည်။ သာဓကအချို့ကို စဉ်းစားဆင်ခြင်ကြည့်ပါ။

အမြင့်မြတ်ဆုံးအာဏာပိုင်

၃။ ယေဟောဝါကို “စကြဝဠာအာဏာပိုင်အရှင်” ဟူ၍ အဘယ်ကြောင့်တရားသဖြင့် ခေါ်ဆိုနိုင်သနည်း။

၃ သမ္မာကျမ်းစာ၌ ယေဟောဝါကို “စကြဝဠာအာဏာပိုင်အရှင်” ဟူ၍အကြိမ်ပေါင်း ၃၀၀ မကခေါ်ဆိုထားသည်။ စကြဝဠာအာဏာပိုင်ဆိုသည်မှာ အမြင့်မြတ်ဆုံးအာဏာ ပိုင်ဆိုင်သောအရှင်ဖြစ်သည်။ ယေဟောဝါသည် ဤအနေအထားပိုင်ခွင့်ကို မည်သို့ရရှိသနည်း။ ဗျာဒိတ် ၄:၁၁ ကဤသို့ဖြေဆိုသည်– “အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။”

၄။ ယေဟောဝါသည် မိမိ၏အခွင့်အာဏာတော်ကို မည်သို့ကျင့်သုံးရန် ရွေးချယ်တော်မူသနည်း။

၄ ဖန်ဆင်းရှင်အနေနှင့် ယေဟောဝါသည် အခွင့်အာဏာကို စိတ်ကြိုက်ကျင့်သုံးပိုင်ခွင့် ရှိ၏။ ထိတ်လန့်ဖွယ်ကောင်းလှသည်ဟု ထင်စရာဖြစ်သည်။ အထူးသဖြင့် ဘုရားသခင်၌ “အရှိန်ပြင်းသောစွမ်းအင် အလျှံပယ်” ရှိသည်ဟူသောအချက်ကို ထောက်ရှုလျှင်ပို၍ပင်ထိတ်လန့်စရာဖြစ်သည်။ ကိုယ်တော်ကို “အနန္တတန်ခိုးရှင် ဘုရားသခင်” ခေါ်ဝေါ်သည်။ ဤဝေါဟာရသည် ဟေဗြဲဘာသာ၌ အလွန့်အလွန် တန်ခိုးကြီးသောအင်အားဟူသော အနက်သဘောဆောင်သည်။ (ဟေရှာယ ၄၀:၂၆၊ ကဘ; ကမ္ဘာဦး ၁၇:၁) သို့သော် ယေဟောဝါသည် ကောင်းမြတ်သည့်စေတနာအင်အားကို ပြသတော်မူ၏။ အကြောင်းမှာ ကိုယ်တော်၏အဓိကဂုဏ်ရည်တော်မှာ ချစ်ခြင်းမေတ္တာဖြစ်သောကြောင့်တည်း။—၁ ယောဟန် ၄:၁၆။

၅။ ယေဟောဝါ၏အခွင့်အာဏာတော်ကို နာခံရန် အဘယ်ကြောင့်မခက်ခဲသနည်း။

၅ နောင်တမယူသော ဒုစရိုက်သမားများကို အပြစ်ဒဏ်ပေးမည်ဟု သတိပေးထားသော်လည်း ယေဟောဝါသည် အဓိကအားဖြင့် “မှန်သောဘုရား၊ သစ္စာစောင့်သောဘုရား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကို စောင့်ရှောက်သောသူတို့ [၌] . . . ပဋိညာဉ်စကားတည်၍ ကရုဏာကိုပြသောဘုရား” ဖြစ်ကြောင်း မောရှေသိရှိ၏။ (တရားဟောရာ ၇:၉) စဉ်းစားကြည့်ပါလေ! စကြဝဠာအာဏာပိုင်သည် မိမိအားဝတ်ပြုရန် အတင်းအဓမ္မ ခိုင်းစေတော်မမူဘဲ မေတ္တာတော်ဖြင့် ကျွန်ုပ်တို့ကို အထံတော်သို့ ဆွဲဆောင်တော်မူ၏။ (ရောမ ၂:၄; ၅:၈) ယေဟောဝါ၏အခွင့်အာဏာတော်ကို ကျိုးနွံနာခံခြင်းသည် ပျော်ရွှင်စရာပင်ဖြစ်သည်။ ကိုယ်တော်၏ပညတ်တရားများသည် ကျွန်ုပ်တို့၏အဆုံးစွန်သော ကောင်းကျိုးကိုအစဉ် ဖြစ်ထွန်းစေသောကြောင့်တည်း။—ဆာလံ ၁၉:၇၊ ၈။

၆။ ဧဒင်ဥယျာဉ်တွင် အခွင့်အာဏာဆိုင်ရာပြဿနာ မည်သို့ပေါ်ပေါက်ခဲ့သနည်း။ အဘယ်အကျိုးရလဒ်ဖြစ်ပေါ်ခဲ့သနည်း။

၆ ကျွန်ုပ်တို့၏ ကနဦးမိဘတို့သည် ဘုရားသခင်၏ ပိုင်သအုပ်စိုးမှုအာဏာတော်ကို ငြင်းပယ်ခဲ့ကြသည်။ သူတို့ဘာသာ အကောင်းအဆိုးကို ဆုံးဖြတ်လိုကြသည်။ (ကမ္ဘာဦး ၃:၄-၆) ရလဒ်အနေနှင့် ပရဒိသုစံအိမ်ထဲမှ နှင်ထုတ်ခံခဲ့ရသည်။ ထိုအချိန်မှစ၍ စုံလင်ခြင်းမရှိသော်လည်း သေဝပ်သောလူအဖွဲ့အစည်းတစ်ခုတွင် နေထိုင်စေနိုင်မည့် အခွင့်အာဏာအဆောက်အအုံများကို လူသားများဖန်တီးရန် ယေဟောဝါခွင့်ပြုတော်မူခဲ့သည်။ အဆိုပါအခွင့်အာဏာအချို့ကား အဘယ်နည်း။ ၎င်းတို့ကို မည်သည့်အတိုင်းအတာအထိ နာခံရန် ဘုရားသခင် တောင်းဆိုတော်မူသနည်း။

‘အထက်အာဏာပိုင်များ’

၇။ “အထက်အာဏာပိုင်များ” ကား မည်သူတို့နည်း။ ၎င်းတို့၏ရာထူးသည် ဘုရားသခင့်အခွင့်အာဏာတော်နှင့် အဘယ်သို့ဆက်နွှယ်နေသနည်း။

၇ တမန်တော်ပေါလုက “အထက်အာဏာပိုင်တို့၏လက်အောက်၌ စိုးလ်တိုင်းဝန်ခံလျက်နေစေ။ အကြောင်းမူကား ဘုရားသခင်၏အခွင့်မရှိလျှင် မည်သည့်အာဏာပိုင်မျှမရှိ” ဟူ၍ရေးသားခဲ့သည်။ “အထက်အာဏာပိုင်တို့ကား” မည်သူတို့နည်း။ ရှေ့လျှောက်အခန်းငယ်များ၌ပါရှိသော ပေါလု၏စကားများက လူ့အစိုးရများဖြစ်ကြောင်းပြဆိုသည်။ (ရောမ ၁၃:၁-၇၊ ကဘ; တိတု ၃:၁) လူ့အစိုးရအာဏာပိုင်များကို ယေဟောဝါကိုယ်တော်တိုင် ဖန်တီးခဲ့ခြင်းမဟုတ်သော်လည်း ၎င်းတို့သည် ကိုယ်တော်၏ခွင့်ပြုချက်ဖြင့် တည်ရှိနေခြင်းဖြစ်သည်။ ယင်းကြောင့် “ယခုရှိသောအာဏာပိုင်တို့သည် ဘုရားသခင်ချပေးတော်မူသည့် ၎င်းတို့၏နှိုင်းရနေရာများ၌ တည်နေကြ၏” ဟုပေါလုရေးသားနိုင်ခဲ့ခြင်းဖြစ်သည်။ ဤအချက်က မြေကြီးဆိုင်ရာအခွင့်အာဏာနှင့်စပ်လျဉ်း၍ ဘာကိုညွှန်ပြသနည်း။ ၎င်းသည် ဘုရားသခင်၏အာဏာတော်ထက် အဆင့်နိမ့်ကြောင်း၊ လက်အောက်ခံဖြစ်ကြောင်း ညွှန်ပြသည်။ (ယောဟန် ၁၉:၁၀၊ ၁၁) ထို့ကြောင့် လူ့ပညတ်နှင့်ဘုရားသခင့်ပညတ် ဆန့်ကျင်လာသည့်အခါ ခရစ်ယာန်တို့သည် သမ္မာကျမ်းစာအခြေပြုသြတ္တပ္ပစိတ်၏ လမ်းညွှန်မှုကိုခံယူသင့်သည်။ သူတို့သည် “လူထက် ဘုရားသခင်အား အုပ်စိုးရှင်အဖြစ် နာခံရမည်။”—တမန်တော် ၅:၂၉၊ ကဘ။

၈။ အထက်အာဏာပိုင်များထံမှ သင်အဘယ်သို့ အကျိုးကျေးဇူးခံရသနည်း။ ၎င်းတို့၏အုပ်စိုးခြင်းကိုလက်အောက်ခံကြောင်း သင်မည်သို့ပြသနိုင်သနည်း။

၈ သို့သော်လည်း အစိုးရအာဏာပိုင်များသည် အများအားဖြင့် ‘ကျွန်ုပ်တို့၏ကောင်းကျိုးအလို့ငှာ ဘုရားသခင့်အမှုတော်ဆောင်’ အဖြစ်ထမ်းရွက်ကြသည်။ (ရောမ ၁၃:၄၊ သမ) အဘယ်နည်းများဖြင့်နည်း။ အထက်အာဏာပိုင်များစီမံပေးသည့် စာပို့လုပ်ငန်း၊ ရဲ၊ မီးဘေးကာကွယ်ရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် ပညာရေးကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးကို စဉ်းစားကြည့်ပါ။ “ထိုအကြောင်းကြောင့်လည်း သင်တို့သည် အခွန်အတုတ်ကိုပေးကြ၏။ မင်းတို့သည် ဘုရားသခင်၏အမှုဆောင်ဖြစ်၍ အမှုတော်ကိုအမြဲထမ်းကြ၏” ဟူ၍ပေါလုရေးသားခဲ့သည်။ (ရောမ ၁၃:၆၊ သမ္မာ) အခွန်အတုတ် သို့မဟုတ် အခြားဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် ‘အရာရာ၌ ရိုးဖြောင့်စွာကျင့်ကြံပြုမူ’ အပ်ပေသည်။—ဟေဗြဲ ၁၃:၁၈၊ ကဘ။

၉၊ ၁၀။ (က) အထက်အာဏာပိုင်များသည် ဘုရားသခင့်အစီအစဉ်တွင် မည်သို့အံဝင်သနည်း။ (ခ) အထက်အာဏာပိုင်တို့ကိုဖီဆန်ခြင်းသည် အဘယ်ကြောင့်မှားယွင်းသနည်း။

၉ . . . ဤအချက်က သူတို့၏အုပ်စိုးခြင်းကို ဝန်ခံရမည့်တာဝန်မှ ကျွန်ုပ်တို့အား လွတ်ကင်းစေသလော။ မလွတ်ကင်းစေပါ။ ထိုအာဏာပိုင်တို့၏မကောင်းမှုများကို ယေဟောဝါမြင်တော်မူ၏။ (သု. ၁၅:၃) လူ့အုပ်ချုပ်မှုကို ဘုရားသခင်သည်းခံတော်မူခြင်းသည် ၎င်း၏ဖောက်ပြန်မှုကို မသိကျိုးကျွန်ပြုနေသည်ဟူ၍ အဓိပ္ပာယ်မသက်ရောက်သကဲ့သို့ ကျွန်ုပ်တို့ကိုလည်းနည်းတူပြုလုပ်ရန် လိုလားသည်မဟုတ်။ အမှန်အားဖြင့် ဘုရားသခင်သည်မကြာမီ “နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍” မိမိ၏ဖြောင့်မတ်သော . . . အုပ်ချုပ်မှုဖြင့် အစားထိုးရန်ကြံရွယ်ထားတော်မူ၏။ (ဒံယေလ ၂:၄၅) သို့သော် ၎င်းအုပ်ချုပ်ရေး ရောက်လာအချိန်အထိ အထက်အာဏာပိုင်တို့သည် အကျိုးပြုသောရည်ရွယ်ချက်တစ်ရပ်ကို ဖော်ဆောင်ကြသည်။

၁၀ “မင်းအာဏာကိုဆန်သောသူသည် ဘုရားသခင်စီရင်တော်မူရာကို ဆန်သောသူဖြစ်၏” ဟုပေါလုရှင်းပြ၏။ (ရောမ ၁၃:၂) အထက်အာဏာပိုင်တို့သည် ငြိမ်ဝပ်ပိပြားရေးကို အတန်အရာထိန်းသိမ်းရန်အတွက် ဘုရားသခင့် “စီရင်တော်မူရာ” ဖြစ်သည်။ ၎င်းတို့မရှိပါက ပရမ်းပတာဖြစ်ကာ မင်းမဲ့စရိုက်လွှမ်းမိုးမည်။ ၎င်းတို့ကိုဖီဆန်ခြင်းသည် ကျမ်းစာနှင့်မညီသည့်အပြင် မိုက်မဲရာလည်းရောက်သည်။ သာဓကဆောင်ရသော် သင်သည်ခွဲစိတ်ကုသမှုခံယူပြီး အနာကို ကြိုးဖြင့်ချုပ်၍စေ့ထားသည်ဟု စိတ်ကူးကြည့်လိုက်ပါ။ ၎င်းချုပ်ကြိုးများသည် ခန္ဓာကို၏မူလအစိတ်အပိုင်းမဟုတ်သော်လည်း အချိန်အတိုင်းအတာတစ်ခုအတွက် ရည်ရွယ်ချက်တစ်ခုကို ပြည့်မြောက်စေပါသည်။ အချိန်မတိုင်မီ ယင်းတို့ကိုဖယ်ရှားပစ်လျှင် ဒုက္ခရောက်နိုင်သည်။ အလားတူစွာပင် မြေကြီးဆိုင်ရာအစိုးရများသည်လည်း ဘုရားသခင့်မူလရည်ရွယ်ချက်၏ တစ်စိတ်တစ်ပိုင်းမဟုတ်ခဲ့ပေ။ သို့သော်လည်း ကိုယ်တော့်နိုင်ငံတော် မြေကြီးတစ်ပြင်လုံးကို အပြည့်အဝအုပ်ချုပ်ချိန်တိုင်အောင် လူ့အစိုးရများသည် လူ့အဖွဲ့အစည်းကိုပေါင်းစည်းပေးပြီး ပစ္စက္ခအချိန်တွင် ဘုရားသခင့်အလိုတော်နှင့်ကိုက်ညီသည့် လုပ်ငန်းတာဝန်ကို ထမ်းဆောင်ကြသည်။ ယင်းကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ပညတ်နှင့် အခွင့်အာဏာကို ဦးစားပေးကြသော်လည်း အထက်အာဏာပိုင်များ၏ အုပ်စိုးခြင်းကို ဝန်ခံသင့်ပေသည်။

မိသားစုအတွင်းမှ အခွင့်အာဏာ

၁၁။ ဦးစီးခြင်းဆိုင်ရာအခြေခံမူအကြောင်း သင်မည်သို့ရှင်းပြမည်နည်း။

၁၁ မိသားစုဆိုသည်မှာ လူ့အဖွဲ့အစည်း၏ အခြေခံယူနစ်ဖြစ်သည်။ မိသားစုအတွင်း လင်နှင့်မယားတို့သည် ကျေနပ်နှစ်သိမ့်ဖွယ်ကောင်းသော ပေါင်းဖော်ခြင်းရရှိနိုင်ပြီး သားသမီးတို့ကိုလည်း လူလားမြောက်အောင် ကာကွယ်စောင့်ရှောက်လေ့ကျင့်ပေးနိုင်သည်။ (သု. ၅:၁၅-၂၁; ဧဖက် ၆:၁-၄) ဤကဲ့သို့မွန်မြတ်သော အစီအစဉ်မျိုးကို မိသားစုဝင်များ အေးချမ်းညီညွတ်စွာ နေထိုင်နိုင်သည့်နည်းဖြင့် စီစဉ်ဖွဲ့စည်းရန်လိုအပ်သည်။ ယင်းကိုဖြစ်မြောက်အောင်မြင်စေသည့် ယေဟောဝါ၏နည်းလမ်းတော်မှာ ဦးစီးခြင်းဆိုင်ရာ အခြေခံမူများပင်ဖြစ်သည်။ ၁ ကောရိန္သု ၁၁:၃ (ကဘ) တွင် ဤသို့ချုပ်၍ဖော်ပြထားသည်– “ယောက်ျားတိုင်း၏ခေါင်းသည် ခရစ်တော်၊ မိန်းမ၏ခေါင်းသည် ယောက်ျား၊ ခရစ်တော်၏ခေါင်းသည် ဘုရားသခင်ပေတည်း။”

၁၂၊ ၁၃။ အိမ်ထောင်ဦးစီးကား မည်သူနည်း။ ယေရှု၏ဦးစီးပုံမှ အဘယ်သင်ခန်းစာရနိုင်သနည်း။

၁၂ လင်ယောက်ျားသည် အိမ်ထောင်ဦးစီးဖြစ်၏။ သို့သော် သူ့အထက်၌ ဦးစီးနောက်တစ်ဦး—ယေရှုခရစ်—ရှိ၏။ “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့” ဟုပေါလုရေးသားခဲ့သည်။ (ဧဖက် ၅:၂၅) လင်ယောက်ျားတို့သည် အသင်းတော်ကို ယေရှုအစဉ်ဆက်ဆံသည့်နည်းအတိုင်း ဇနီးသည်ကိုဆက်ဆံမည်ဆိုပါက ခရစ်တော်ကိုလက်အောက်ခံကြောင်း ထင်ဟပ်ရာရောက်သည်။ (၁ ယောဟန် ၂:၆) ယေရှုသည် ကြီးမြတ်သည့်အခွင့်အာဏာ အပ်နှင်းခံရသော်လည်း ယင်းအခွင့်အာဏာကို အတတ်နိုင်ဆုံး နူးညံ့သိမ်မွေ့စွာ၊ မေတ္တာရှိစွာ၊ အကျိုးသင့်အကြောင်းသင့်ရှိစွာ ကျင့်သုံးတော်မူ၏။ (မဿဲ ၂၀:၂၅-၂၈) လူသားအဖြစ်ရှိခဲ့စဉ်က အခွင့်အာဏာရှိသောရာထူးကို မည်သည့်အခါမျှ အလွဲသုံးစားပြုတော်မမူခဲ့ချေ။ ကိုယ်တော်သည် “နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ” တော်မူသဖြင့် နောက်တော်လိုက်များကို “ကျွန်” ဟုမခေါ်ဘဲ “အဆွေ” ခေါ်တော်မူ၏။ “ငါသည်ချမ်းသာပေးမည်” ဟုသူတို့ကို ကတိပေးတော်မူသည့်အတိုင်း ပြုတော်မူ၏။—မဿဲ ၁၁:၂၈၊ ၂၉; ယောဟန် ၁၅:၁၅။

၁၃ ခရစ်ယာန်ဦးစီးမှုသည် ခက်ထန်ကြမ်းကြုတ်စွာ စိုးမိုးခြယ်လှယ်ရသည့်ရာထူးမဟုတ်ကြောင်း ယေရှု၏စံနမူနာတော်က လင်ယောက်ျားတို့ကို သင်ခန်းစာပေးသည်။ ယင်းအစားရိုသေလေးစားထိုက်သော၊ ကိုယ်ကျိုးစွန့်မေတ္တာနှင့်ဆိုင်သော ဦးစီးမှုဖြစ်ပေသည်။ ဤအချက်က အိမ်ထောင်ဖက်ကို ကိုယ်ထိလက်ရောက်အားဖြင့်ဖြစ်စေ၊ နှုတ်အားဖြင့်ဖြစ်စေ မတော်မလျော်ပြုမူပြောဆိုခြင်း လုံးဝပြုခွင့်မရှိပေ။ (ဧဖက် ၄:၂၉၊ ၃၁၊ ၃၂; ၅:၂၈၊ ၂၉; ကောလောသဲ ၃:၁၉) ထို့ကြောင့် ခရစ်ယာန်အမျိုးသားတစ်ဦးအနေဖြင့် ဇနီးဖြစ်သူအား မတော်မလျော်ဆက်ဆံပြုမူမည်ဆိုပါက သူလုပ်ဆောင်သမျှကောင်းမှုများသည် တန်ဖိုးမဲ့သွားမည်ဖြစ်ပြီး သူ၏ဆုတောင်းပတ္ထနာသည်လည်း အဆီးအတားခံရမည်ဖြစ်သည်။—၁ ကောရိန္သု ၁၃:၁-၃; ၁ ပေတရု ၃:၇။

၁၄၊ ၁၅။ ဘုရားသခင်အားသိကျွမ်းခြင်းပညာက လင်သား၏အုပ်စိုးခြင်းကိုဝန်ခံရန် ဇနီးဖြစ်သူအား မည်သို့အထောက်အကူပြုသနည်း။

၁၄ လင်ယောက်ျားတစ်ဦးအနေဖြင့် ခရစ်တော်၏စံနမူနာကို လိုက်မည်ဆိုလျှင် ဇနီးဖြစ်သူကလည်း ဧဖက် ၅:၂၂၊ ၂၃ မှသြဝါဒအတိုင်းလိုက်နာရန် ပို၍လွယ်ကူပေလိမ့်မည်– “အချင်းမိန်းမတို့၊ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။” လင်ယောက်ျားဖြစ်သူသည် ခရစ်တော်၏အုပ်စိုးခြင်းကို ဝန်ခံသကဲ့သို့ ဇနီးဖြစ်သူကလည်း ခင်ပွန်းဖြစ်သူ၏အုပ်စိုးခြင်းကို ဝန်ခံရမည်။ စွမ်းရည်ရှိသောဇနီးတို့သည် ၎င်းတို့၏ ဘုရားတရားကြည်ညိုသောဉာဏ်ပညာနှင့် လုံ့လဝီရိယတို့ကြောင့် ဂုဏ်တင်ချီးမွမ်းခြင်း ခံထိုက်ကြသည်။—သု. ၃၁:၁၀-၃၁။

၁၅ ခရစ်ယာန်ဇနီးသည်တစ်ဦးသည် ခင်ပွန်းဖြစ်သူ၏အုပ်စိုးခြင်းကို ဝန်ခံရာ၌ ခြွင်းချက်ရှိသည်။ ဆိုလိုသည်မှာ ကိစ္စတစ်ခုခုတွင် အလျှော့ပေးလိုက်လျောလျှင် ဘုရားသခင့်ပညတ်တော်ကို ချိုးဖောက်ရာရောက်မည်ဆိုပါက လူ၏စကားထက် ဘုရားသခင့်စကားတော်ကို နားထောင်သင့်သည်။ သို့တစေ၊ ဇနီးဖြစ်သူ၏ ခိုင်မာသောရပ်တည်မှုသည် “နူးညံ့ငြိမ်သက်ခြင်းသဘော” ဖြင့် ပျော့ပျောင်းမှုရှိသင့်သည်။ ဘုရားသခင်အားသိကျွမ်းခြင်းပညာကြောင့် သာ၍ကောင်းသောဇနီးဖြစ်ကြောင်း ထင်ရှားစေသင့်သည်။ (၁ ပေတရု ၃:၁-၄) မယုံကြည်သောဇနီးရှိ ခရစ်ယာန်ယောက်ျားတစ်ဦးအနေနှင့်လည်း ဤအတိုင်းပင်ဖြစ်သင့်သည်။ ကျမ်းစာအခြေခံမူများအတိုင်း လိုက်နာခြင်းဖြင့် သာ၍ကောင်းသောခင်ပွန်းဖြစ်စေသင့်သည်။

၁၆။ ယေရှု၏လူငယ်ဘဝစံနမူနာကို ကလေးသူငယ်များ မည်သို့အတုယူနိုင်သနည်း။

၁၆ ဧဖက် ၆:၁ ၌ သားသမီးများ၏အခန်းကဏ္ဍနှင့်ပတ်သက်၍ ဤသို့ဖော်ပြထားသည်– “သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။” ခရစ်ယာန်သားသမီးတို့သည် ယေရှု၏စံနမူနာတော်ကိုလိုက်ကြ၏။ ယေရှုသည် မိဘဖြစ်သူတို့၏အုပ်စိုးခြင်းကို ဝန်ခံ၍ကြီးပြင်းတော်မူခဲ့သည်။ ကိုယ်တော်သည် နာခံမှုရှိသောကလေးတစ်ယောက်အနေနှင့် “အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက်၊ ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။”—လုကာ ၂:၅၁၊ ၅၂။

၁၇။ မိဘများ အခွင့်အာဏာကျင့်သုံးပုံသည် သားသမီးများအပေါ် အဘယ်သက်ရောက်မှုရှိနိုင်သနည်း။

၁၇ မိဘတာဝန် ထမ်းဆောင်သည့်နည်းလမ်းသည် ၎င်းတို့၏သားသမီးများ အခွင့်အာဏာကိုလေးစားမည်လော၊ ဖီဆန်မည်လောဟူသည့်အချက်ပေါ် ဩဇာသက်ရောက်မှုရှိနိုင်သည်။ (သု. ၂၂:၆) ထို့ကြောင့် မိဘတို့အနေဖြင့် မိမိတို့ကိုယ်ကို မေးကြည့်လျှင်ကောင်းမည်။ ‘အခွင့်အာဏာကို ကျွန်တော်မေတ္တာဖြင့်သုံးစွဲသလော။ အကြမ်းပတမ်းသုံးစွဲသလော။ ဤသို့သည်းခံခွင့်လွှတ်တတ်သလော။’ ဘုရားတရားကြည်ညိုသောမိဘတစ်ဦးသည် မေတ္တာရှိ၍ထောက်ထားစာနာတတ်သူ ဖြစ်ရမည်မှန်သော်လည်း ဘုရားသခင့်အခြေခံမူများကို စောင့်ထိန်းရာ၌ ခိုင်မာပြတ်သားသူဖြစ်ရပေမည်။ “အဘတို့ ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ စည်းမျဉ်းဥပဒေအရ သူတို့ကိုမွေးမြူကြလော့” ဟူ၍ပေါလုက လျောက်ပတ်စွာရေးသားခဲ့သည်။—ဧဖက် ၆:၄၊ ကဘ; ကောလောသဲ ၃:၂၁။

၁၈။ မိဘတို့အနေဖြင့် ဆုံးမပဲ့ပြင်ခြင်းကို မည်သို့ပြုသင့်သနည်း။

၁၈ မိဘဖြစ်သူတို့အနေဖြင့် ၎င်းတို့၏လေ့ကျင့်ရေးနည်းစနစ်များကို စစ်ဆေးကြည့်သင့်သည်။ အထူးသဖြင့် သားသမီးတို့ကို စကားနားထောင်စေလိုသော်၊ နားထောင်ခြင်းမှ ဝမ်းမြောက်မှုခံစားစေလိုသော် ထိုသို့စစ်ဆေးကြည့်သင့်သည်။ (သု. ၂၃:၂၄၊ ၂၅) ကျမ်းစာထဲ၌ ဆုံးမပဲ့ပြင်ခြင်းဟူသည်မှာ အဓိကအားဖြင့် သွန်သင်ခြင်းပုံသဏ္ဌာန်တစ်မျိုးဖြစ်သည်။ (သု. ၄:၁; ၈:၃၃) ယင်းသည် မေတ္တာ၊ နူးညံ့သိမ်မွေ့ခြင်းတို့နှင့်ဆက်နွှယ်သည်။ ဒေါသ၊ ကြမ်းကြုတ်မှုတို့နှင့် ဆက်နွှယ်ခြင်းမရှိ။ ထို့ကြောင့် ခရစ်ယာန်မိဘတို့အနေဖြင့် သားသမီးတို့ကို ဆုံးမပဲ့ပြင်သည့်အခါ၌ ထိန်းထိန်းသိမ်းသိမ်းနှင့် ဉာဏ်အမြော်အမြင်ရှိရှိပြုမူအပ်သည်။—သု. ၁:၇။

အသင်းတော်အတွင်းမှ အခွင့်အာဏာ

၁၉။ ခရစ်ယာန်အသင်းတော်အတွင်း စည်းစနစ်ကျနမှုရှိစေရန် ဘုရားသခင်မည်သို့စီမံထားတော်မူသနည်း။

၁၉ ယေဟောဝါသည် စည်းစနစ်ကျသောဘုရားသခင် ဖြစ်သောကြောင့် လူမျိုးတော်အတွက် အာဏာနှင့်ပြည့်စုံ၍ စနစ်တကျရှိသည့် ဦးဆောင်မှုကိုစီမံပေးသည်မှာ အကျိုးသင့်အကြောင်းသင့်ဖြစ်ပေသည်။ ယင်းနှင့်အညီ ယေရှုကိုခရစ်ယာန်အသင်းတော်၏ဦးခေါင်းအဖြစ် ခန့်ထားတော်မူ၏။ (၁ ကောရိန္သု ၁၄:၃၃၊ ၄၀; ဧဖက် ၁:၂၀-၂၃) ခရစ်တော်၏ အရူပဦးဆောင်မှုအောက်တွင် အသင်းတော်တိုင်းရှိ ခန့်အပ်ခံအကြီးအကဲများသည် သိုးတော်စုကို စိတ်အားထက်သန်စွာ၊ စိတ်ပါလက်ပါ၊ မေတ္တာရှိရှိထိန်းကျောင်းနိုင်သည့် အစီအစဉ်တစ်ရပ်ကို ဘုရားသခင်အပ်နှင်းတော်မူ၏။ (၁ ပေတရု ၅:၂၊ ၃) ဓမ္မအမှုထမ်းများသည် အကြီးအကဲများကို နည်းအမျိုးမျိုးဖြင့်အကူအညီပေး၍ အသင်းတော်အတွင်း၌ အလွန်မွန်မြတ်သောအမှုတော်များကို ထမ်းရွက်ကြသည်။—ဖိလိပ္ပိ ၁:၁။

၂၀။ ခန့်အပ်ခံခရစ်ယာန်အကြီးအကဲတို့ကို ကျွန်ုပ်တို့ အဘယ်ကြောင့်လက်အောက်ခံသင့်သနည်း။ ဤသို့ဖြင့် အဘယ်သို့ အကျိုးကျေးဇူးရှိသနည်း။

၂၀ ခရစ်ယာန်အကြီးအကဲများနှင့်စပ်လျဉ်း၍ ပေါလုဤသို့ရေးသားခဲ့သည်– “သင်တို့ထဲ၌ဦးဆောင်နေသူတို့သည် စာရင်းရှင်းရမည့်သူကဲ့သို့ သင်တို့၏စိုးလ်ကို စောင့်ကြပ်နေသောကြောင့် သူတို့ကိုနာခံ၍ လက်အောက်ခံလျက်နေကြလော့။ သို့မှ သူတို့သည် သင်တို့အကျိုးယုတ်စေမည့် သက်ပြင်းချခြင်းဖြင့်မဟုတ်ဘဲ ဝမ်းမြောက်စွာဖြင့် ဆောင်ရွက်နိုင်ကြမည်။” (ဟေဗြဲ ၁၃:၁၇၊ ကဘ) ဘုရားသခင်သည် အသင်းတော်ထဲ၌ရှိသောသူတို့၏ ဝိညာဉ်ရေးလိုအပ်ချက်များကို စောင့်ရှောက်ရမည့်တာဝန်ကို ခရစ်ယာန်ကြီးကြပ်မှူးများအား အမြော်အမြင်ရှိရှိအပ်နှင်းတော်မူ၏။ ထိုအကြီးအကဲများသည် ဓမ္မဆရာဘုန်းကြီးအတန်းအစားတစ်ရပ် ဖြစ်မလာကြပါ။ သူတို့သည် ဘုရားသခင်၏ အမှုတော်ထမ်းများနှင့် ကျွန်များဖြစ်ကြပြီး ကျွန်ုပ်တို့၏သခင် ယေရှုခရစ်နည်းတူ ကိုးကွယ်သူချင်းတို့၏ လိုအပ်ချက်အတွက် အမှုထမ်းဆောင်ကြသည်။ (ယောဟန် ၁၀:၁၄၊ ၁၅) ကျမ်းစာအရည်အချင်းပြည့်မီသော အကြီးအကဲများက ကျွန်ုပ်တို့၏တိုးတက်မှုနှင့် ဝိညာဏတိုးပွားမှုကို စိတ်ဝင်တစားရှိကြသည်ဟူသောအသိစိတ်က ကျွန်ုပ်တို့ကို ပူးပေါင်းဆောင်ရွက်လိုသည့်သဘောနှင့် ကျိုးနွံနာခံသည့်သဘောရှိရန်အားပေးသည်။—၁ ကောရိန္သု ၁၆:၁၆။

၂၁။ ခန့်အပ်ခံအကြီးအကဲတို့သည် ခရစ်ယာန်ချင်းတို့ကို ဝိညာဉ်ရေးအရ အကူအညီပေးရန် မည်သို့ကြိုးစားကြသနည်း။

၂၁ တစ်ခါတစ်ရံ သိုးတို့သည် မျက်စိလည်လမ်းမှားတတ်ကြသည်၊ သို့မဟုတ် ဥပဒ်ပေးတတ်သော လောကီရေးရာများကြောင့် အန္တရာယ်ကြုံတတ်ကြသည်။ သိုးထိန်းကြီး၏ဦးဆောင်မှုအောက်တွင် [ခရစ်ယာန်] အကြီးအကဲများသည် လက်ထောက်သိုးထိန်းများအနေနှင့် မိမိတို့စောင့်ရှောက်မှုအောက်ရှိသူတို့၏ လိုအပ်ချက်များကို မျက်စိရှင်ရှင်ထား၍ တစ်ဦးချင်းကိုဂရုစိုက်ရန် လုံ့လထုတ်ကြ၏။ (၁ ပေတရု ၅:၄) အသင်းသားများထံသွားရောက်၍ အားပေးစကားပြောကြသည်။ ဘုရားသခင့်လူမျိုးတော်၏ ငြိမ်သက်မှုကိုဖျက်ဆီးရန် မာရ်နတ်ကြိုးပမ်းနေသည်ဟူသော အသိစိတ်ဖြင့် [ခရစ်ယာန်] အကြီးအကဲများသည် မည်သည့်ပြဿနာကိုမဆိုကိုင်တွယ်ရာ၌ အထက်မှသက်ရောက်သောဉာဏ်ပညာကို အသုံးပြုကြသည်။ (ယာကုပ် ၃:၁၇၊ ၁၈) ယေရှုကိုယ်တော်တိုင် ဆုတောင်းတော်မူခဲ့သည့် ယုံကြည်ခြင်းတလုံးတဝတည်းရှိခြင်းနှင့် စည်းလုံးညီညွတ်ခြင်းတို့ကို ကြိုးစားထိန်းသိမ်းကြသည်။—ယောဟန် ၁၇:၂၀-၂၂; ၁ ကောရိန္သု ၁:၁၀။

၂၂။ အပြစ်ပြုကျင့်မှုများနှင့်စပ်လျဉ်း၍ အကြီးအကဲများက မည်သို့အကူအညီပေးကြသနည်း။

၂၂ အကယ်၍ ခရစ်ယာန်တစ်ဦး ဒုက္ခရောက်နေသော်၊ သို့မဟုတ် အပြစ်ကျူးလွန်မိ၍ စိတ်ဓာတ်ကျနေသော် မည်သို့ပြုမည်နည်း။ စိတ်သက်သာမှုပေးသော ကျမ်းစာသြဝါဒစကားများနှင့် ထိုသူကိုယ်စား [ခရစ်ယာန်] အကြီးအကဲဖြစ်သူက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးခြင်းတို့သည် ထိုသူကို ဝိညာဉ်ရေးပြန်လည်ကျန်းမာလာအောင် အထောက်အကူပြုနိုင်သည်။ (ယာကုပ် ၅:၁၃-၁၅) သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခန့်အပ်ခံရသည့်ဤသူတို့သည် မကောင်းမှုလမ်းလိုက်သူ၊ အသင်းတော်၏ဝိညာဉ်ရေးနှင့် စာရိတ္တရေးသန့်ရှင်းမှုကို အန္တရာယ်ပြုသူမည်သူ့ကိုမဆို ဆုံးမနိုင်ခွင့်၊ အပြစ်ဖော်ပြ၍တည့်မတ်ပေးနိုင်ခွင့်ရှိသည်။ (တမန်တော် ၂၀:၂၈; တိတု ၁:၉; ၂:၁၅) အသင်းတော်ကို စင်ကြယ်အောင်ထိန်းသိမ်းရေးအတွက် အသင်းသားတစ်ဦးစီအနေဖြင့် ကြီးလေးသောအပြစ်ကို အကြောင်းကြားရန်လိုအပ်သည်။ (ဝတ်ပြုရာ ၅:၁) အကယ်၍ ကြီးလေးသောအပြစ်ကျူးလွန်မိသော ခရစ်ယာန်တစ်ဦးသည်ကျမ်းစာဆိုင်ရာပြစ်တင်ဆုံးမခြင်းကိုလက်ခံပြီး စစ်မှန်သောနောင်တရရှိကြောင်း အထောက်အထားပြသမည်ဆိုလျှင် သူ့ကိုအကူအညီပေးမည်ဖြစ်သည်။ သို့သော် ဘုရားသခင့်ပညတ်ကို ဆက်လက်ဖောက်ဖျက်၍ နောင်တမရသောသူတို့မူကား နှင်ထုတ်ခံရမည်ဖြစ်သည်။—၁ ကောရိန္သု ၅:၉-၁၃။

၂၃။ အသင်းတော်၏ ကောင်းကျိုးအတွက် ခရစ်ယာန်အကြီးအကဲများက မည်သို့ပံ့ပိုးကြသနည်း။

၂၃ ဘုရင်ဖြစ်သော ယေရှုခရစ်၏လက်အောက်တွင် ဝိညာဉ်ရေးရင့်ကျက်သောအမျိုးသားတို့သည် ဘုရားသခင့်လူမျိုးတော်ကို နှစ်သိမ့်ရန်၊ ကာကွယ်ရန်နှင့် အားသစ်လောင်းရန်အတွက် ခန့်အပ်ခံရမည်ဟု ကျမ်းစာက ကြိုဟောထားသည်။ (ဟေရှာယ ၃၂:၁၊ ၂) သူတို့သည် ဝိညာဉ်ရေးတိုးပွားမှုကိုမြှင့်တင်ရန် ဧဝံဂေလိဆရာများ၊ သိုးထိန်းများနှင့် ဆရာများအဖြစ် ဦးဆောင်ဦးရွက်ပြုကြသည်။ (ဧဖက် ၄:၁၁၊ ၁၂၊ ၁၆) ခရစ်ယာန်ကြီးကြပ်မှူးတို့သည် ရံဖန်ရံခါယုံကြည်သူချင်းတို့ကို အပြစ်ဖော်ပြ၍တည့်မတ်ပေးခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း ပြုရသော်ငြားလည်း ဘုရားသခင့်နှုတ်ကပါဌ်တော်ပေါ်အခြေပြုသည့် သူတို့၏ကျန်းခံ့သောသွန်သင်ချက်များအတိုင်း လိုက်နာကြမည်ဆိုလျှင် အားလုံးအတွက် အသက်လမ်း၌တည်မြဲရန် အထောက်အကူပြုမည်ဖြစ်သည်။—သု. ၃:၁၁၊ ၁၂; ၆:၂၃; တိတု ၂:၁။

အခွင့်အာဏာဆိုင်ရာ ယေဟောဝါ၏ အမြင်သဘောထားကို လက်ခံပါ

၂၄။ ကျွန်ုပ်တို့သည် မည်သည့်ကိစ္စနှင့်ပတ်သက်၍ နေ့စဉ်စမ်းသပ်ခံရကြသနည်း။

၂၄ ကနဦးလူယောက်ျားနှင့် လူမိန်းမတို့သည် အခွင့်အာဏာဝန်ခံခြင်းနှင့်စပ်လျဉ်း၍ စမ်းသပ်ခြင်းခံခဲ့ရသည်။ ကျွန်ုပ်တို့လည်း အလားတူစမ်းသပ်မှုမျိုးတို့ နေ့စဉ်ရင်ဆိုင်နေရသည်မှာ အဆန်းမဟုတ်ပါ။ စာတန်မာရ်နတ်သည် လူသားထုအတွင်း၌ ပုန်ကန်သည့်စိတ်ဓာတ်ကို မြေတောင်မြှောက်ပေးခဲ့သည်။ (ဧဖက် ၂:၂) . . . ။

၂၅။ လောက၏ပုန်ကန်သည့်စိတ်ဓာတ်ကို ငြင်းဆန်၍ ဘုရားသခင့်အခွင့်အာဏာတော်၊ သို့မဟုတ် ဘုရားသခင်ခွင့်ပြုတော်မူသည့် အခွင့်အာဏာကို လက်အောက်ခံခြင်းဖြင့် အဘယ်အကျိုးကျေးဇူးများ ရရှိသနည်း။

၂၅ သို့သော် ကျွန်ုပ်တို့သည် လောက၏ပုန်ကန်သည့်စိတ်ဓာတ်ကို ငြင်းဆန်ရမည်။ ဤသို့ပြုခြင်းဖြင့် ဘုရားတရားကြည်ညိုသည့် လက်အောက်ခံမှုသည် ကြွယ်ဝသောဆုကျေးဇူး ရရှိစေကြောင်း သင်တွေ့ရှိပေလိမ့်မည်။ သာဓကအနေနှင့် လောကီအာဏာပိုင်များနှင့် ပြဿနာတက်အောင်ဖန်တီးသူများ တွေ့ကြုံလေ့ရှိသည့် စိုးရိမ်သောကများနှင့် မချင့်မရဲဖြစ်ခြင်းတို့ကို ကျွန်ုပ်တို့ရှောင်ရှားနိုင်ကြမည်။ မိသားစုများစွာ၌ဖြစ်နေကျ စိတ်ဝမ်းကွဲမှုများကို ကျွန်ုပ်တို့လျော့ပါးစေနိုင်မည်။ ကျွန်ုပ်တို့၏ ခရစ်ယာန်ယုံကြည်သူချင်းတို့နှင့် ချစ်ခင်ဖော်ရွေစွာပေါင်းသင်းခြင်း၏ အကျိုးကျေးဇူးများကိုလည်း ခံစားရပေမည်။ အထူးသဖြင့် ဘုရားတရားကြည်ညိုသော လက်အောက်ခံခြင်းသည် အထွတ်အမြတ်အာဏာပိုင် ယေဟောဝါနှင့် ကောင်းမြတ်သောဆက်ဆံရေးကို ရရှိစေမည်တည်း။

သင်၏အသိပညာကို စစ်ဆေးခြင်း

ယေဟောဝါသည် ကိုယ်တော့်အာဏာတော်ကို အဘယ်သို့ကျင့်သုံးတော်မူသနည်း။

“အထက်အာဏာပိုင်များ” ကား မည်သူတို့နည်း။ ၎င်းတို့၏လက်အောက်ခံအဖြစ် မည်သို့နေထိုင်မည်နည်း။

ဦးစီးမှုအခြေခံမူက မိသားစုဝင်တစ်ဦးစီအပေါ် အဘယ်တာဝန်သက်ရောက်စေသနည်း။

ခရစ်ယာန်အသင်းတော်တွင် ကျိုးနွံနာခံမှုကို မည်သို့ပြသနိုင်သနည်း။

[စာမျက်နှာ ၁၃၄ ပါ လေးထောင့်ကွက်]

ကျိုးနွံနာခံ၏၊ ဖျက်လိုဖျက်ဆီးမပြု

ယေဟောဝါသက်သေများသည် ၎င်းတို့၏လူထုဟောပြောခြင်း လှုပ်ရှားမှုအားဖြင့် ဘုရားသခင့်နိုင်ငံတော်ကို စစ်မှန်သောငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် လူသားတို့၏တစ်ခုတည်းသော မျှော်လင့်ရာအဖြစ် ညွှန်ပြကြသည်။ သို့ရာတွင် ဘုရားသခင့်နိုင်ငံတော်ကို စိတ်ဇောထက်သန်စွာ ကြွေးကြော်သော ဤသူတို့သည် ၎င်းတို့နေထိုင်ရာ နိုင်ငံ၏အစိုးရများကို ဖျက်လိုဖျက်ဆီးပြုသူများ လုံးဝမဟုတ်ပါ။ သို့အစား သက်သေခံများသည် အထူးလေးစားခံရသော၊ ဥပဒေကိုလေးစားလိုက်နာသော နိုင်ငံသားများတွင်ပါဝင်ကြသည်။ “တကယ်လို့ ဘာသာရေးဂိုဏ်းအားလုံးသာ ယေဟောဝါသက်သေတွေလို ဖြစ်ကြမယ်ဆိုရင်၊ လူသတ်မှု၊ ဖောက်ထွင်းမှု၊ အကျဉ်းသားနဲ့ အနုမြူဗုံးတွေ ရှိမှာမဟုတ်ဘူး။ တံခါးတွေကိုလည်း နေ့ရောညပါ သော့ခတ်ထားစရာလိုမှာမဟုတ်ဘူး” ဟူ၍ အာဖရိကနိုင်ငံတစ်ခုမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဤအချက်ကို အသိအမှတ်ပြုသည့်အနေနှင့် နိုင်ငံများစွာမှအာဏာပိုင်တို့က သက်သေခံများ၏ဟောပြောခြင်းလုပ်ငန်းကို အနှောင့်အယှက်မရှိ ဆက်လက်ဆောင်ရွက်ခွင့်ပြုကြသည်။ အခြားနိုင်ငံများ၌ အာဏာပိုင်များက ယေဟောဝါသက်သေများသည် ကောင်းကျိုးပြုသူများဖြစ်ကြောင်း သိမြင်လာသည့်အခါ ပိတ်ပင်တားမြစ်မှုများ၊ သို့မဟုတ် ကန့်သတ်ချုပ်ချယ်မှုများကို ပြန်လည်ရုပ်သိမ်းခဲ့ကြသည်။ အထက်အာဏာပိုင်တို့ကို နာခံခြင်းအကြောင်း ပေါလုရေးသားခဲ့သည့်အတိုင်းပင်ဖြစ်သည်– “အကောင်းကိုပြုလော့၊ ပြုလျှင် မင်း၏ချီးမွမ်းခြင်းကို ခံရလိမ့်မည်။—ရောမ ၁၃:၁၊ ၃၊ သမ္မာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ