ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၃/၁ စာ. ၁၉-၂၂
  • သင့်လက်ထပ်သစ္စာကတိအတိုင်း နေထိုင်ခြင်း!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်လက်ထပ်သစ္စာကတိအတိုင်း နေထိုင်ခြင်း!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သစ္စာကတိပြုသည်အတိုင်း ဝတ်ကို ဖြေလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • အိမ်ထောင်ရေးကို အောင်မြင်စေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အိမ်ထောင်တွင် ရွှင်လန်းမှုခံစားရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၃/၁ စာ. ၁၉-၂၂

သင့်လက်ထပ်သစ္စာကတိအတိုင်း နေထိုင်ခြင်း!

လက်ထပ်မင်္ဂလာပွဲ ကျင်းပသောနေ့သည် ရွှင်လန်းဖွယ်ကောင်းသောနေ့တစ်နေ့ဖြစ်သည်။ အလွန်အလေးအနက်ထားရမည့် အချိန်အခါလည်းဖြစ်သည်။ သတို့သမီးနှင့် သတို့သားတို့သည် သူတို့၏ကျန်ရှိသောအသက်တာကို အကျိုးရှိစေမည့် သစ္စာကတိတစ်ခုကိုပြုကြသည်။ လက်ထပ်မင်္ဂလာပွဲကို လာရောက်ကြသည့် ဧည့်ပရိသတ်များသည် ဤသစ္စာကတိပြုမှုတွင် သက်သေများဖြစ်ကြသည်၊ သို့သော် ယေဟောဝါဘုရားသခင်သည် အဓိကသက်သေဖြစ်တော်မူသည်။

ကျမ်းစာက လက်ထပ်မင်္ဂလာပွဲအခမ်းအနားနှင့်ပတ်သက်၍ တိကျသောလုပ်နည်းလုပ်ဟန် သို့မဟုတ် ထူးခြားမှုတို့ကို မတောင်းဆိုထားပါ။ သို့တိုင်၊ လက်ထပ်ခြင်းကို ဘုရားသခင်က အစပြုလုပ်ဆောင်တော်မူခဲ့ကြောင်း အသိအမှတ်ပြုသည့်အနေနှင့် ယင်းကို ဘာသာရေးအခမ်းအနားတစ်ခုအတွင်း လက်ထပ်ကတိကဝတ်များကို အသုံးပြုကာ ထုံးစံရှိသည့်အတိုင်း ကျင်းပကြခြင်းဖြစ်သည်။ ယေဟောဝါသက်သေများသည် အောက်ပါလက်ထပ်သစ္စာကတိကို နှစ်အတော်အတန်ကြာကြာ အသုံးပြုလာခဲ့ကြသည်– “ကျွန်ုပ်——သည် အသင်——ကို ထိမ်းမြားထားသော (ဇနီး/ခင်ပွန်း) အဖြစ် လက်ထပ်ယူပြီး ဘုရားသခင့်အိမ်ထောင်ရေးအစီအစဉ်အရ မြေကြီးပေါ်တွင် အတူတကွအသက်ရှင်နေသမျှကာလပတ်လုံး ခရစ်ယာန် (ဇနီးများ/ခင်ပွန်းများ) အတွက် သမ္မာကျမ်းစာတွင် ချမှတ်ထားသည့် ဘုရားသခင့်ပညတ်တော်နှင့်အညီ ချစ်ခင်၍မြတ်နိုးယုယ (သတို့သမီး–ပြီး နက်ရှိုင်းစွာလေးစား) သွားပါမည်။”a

စဉ်းစားစရာအချက်တစ်ချက်

သင်သည် အိမ်ထောင်ပြုဖို့ စိတ်ကူးနေပါက လက်ထပ်မင်္ဂလာပွဲမတိုင်မီ ဤသစ္စာကတိ၏ အတိမ်အနက်နှင့် အဓိပ္ပာယ်ကို စဉ်းစားခြင်းသည် အလွန်တန်ဖိုးရှိမည်။ ရှောလမုန် ဤသို့ဆိုခဲ့သည်– “သင်၏နှုတ်သည် သတိမလစ်စေနှင့်။ ဘုရားသခင့်ရှေ့တော်၌ စကားပြောခြင်းငှာ၊ သင်၏စိတ်နှလုံးမလျင်မမြန်စေနှင့်။” (ဒေသနာ ၅:၂) သင်သည် အိမ်ထောင်သည်တစ်ဦးဖြစ်နေလျှင်ကော အသို့နည်း။ သို့ဆိုလျှင် သင်သည် ယေဟောဝါရှေ့တော်တွင် ပြုခဲ့သည့် သစ္စာကတိ၏အရေးကြီးမှုကို စဉ်းစားတွေးတောခြင်းမှ အကျိုးရရှိမည်။ သင်သည် ယင်းနှင့်အညီနေထိုင်သလော။ ခရစ်ယာန်များသည် မိမိတို့၏ကတိကဝတ်များကို အလေးအနက်ထားကြသည်။ ရှောလမုန်ဤသို့ဆက်ပြောသည်– “ဘုရားသခင့်ထံတော်၌ သစ္စာကတိပြုမိလျှင်၊ သစ္စာဝတ်ကိုမဖြေဘဲမနေနှင့်။ မိုက်သောသူတို့ကို အားရနှစ်သက်တော်မမူ။ သစ္စာကတိပြုသည့်အတိုင်းဝတ်ကိုဖြေလော့။ သစ္စာကတိပြု၍ ဝတ်ကိုမဖြေဘဲနေသည်ထက်၊ သစ္စာကတိအလျှင်းမပြုဘဲနေသော် သာ၍ကောင်း၏။ သင်၏နှုတ်သည် သင်၏ကိုယ်ခန္ဓာ၌အပြစ်မရောက်စေနှင့်။ အကျွန်ုပ်မှားပါပြီဟု၊ တမန်တော်ရှေ့မှာပြောရသောအကြောင်း မရှိစေနှင့်။”—ဒေသနာ ၅:၄-၆။

လက်ထပ်သစ္စာကတိ၏ စကားစုတစ်ခုချင်းကို သုံးသပ်ခြင်းက ဤသစ္စာကတိကို သာ၍နားလည်လာစေမည်မှာ သေချာသည်။

“ကျွန်ုပ်——သည် သင့်ကိုလက်ထပ်ယူပါသည်”– ယင်းသည် သစ္စာကတိ၏ အဖွင့်စကားများဖြစ်သည်။ သင်သည် လက်ထပ်ဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ကိုယ်တိုင်တာဝန်ယူကြောင်း ယင်းတို့က အထင်အရှားဖော်ပြသည်။

ခရစ်ယာန်အစီအစဉ်အောက်တွင် လက်ထပ်ရမည်ဟူသည့် ကျမ်းပေးတာဝန်မရှိပါ။ ယေရှုခရစ်ကိုယ်တိုင် အိမ်ထောင်မပြုဘဲနေပြီး “ထိုစကားကို ခံယူနိုင်သောသူ” များအတွက် တစ်ကိုယ်ရေနေခြင်းကို ထောက်ခံအားပေးတော်မူခဲ့သည်။ (မဿဲ ၁၉:၁၀-၁၂) တစ်ဖက်တွင်မူ ယေရှု၏တမန်တော်အများစုမှာ အိမ်ထောင်သည်များဖြစ်ကြသည်။ (လုကာ ၄:၃၈; ၁ ကောရိန္သု ၉:၅) အိမ်ထောင်ပြုရန် ဆုံးဖြတ်ချက်သည် ကိုယ်ရေးကိုယ်တာဖြစ်သည်မှာ ရှင်းနေပါသည်။ အခြားသူတစ်ဦးကို အတင်းအကျပ် အိမ်ထောင်ပြုစေရန် မည်သူ၌မျှ ကျမ်းပေးအခွင့်အာဏာမရှိပါ။

ထို့ကြောင့် အိမ်ထောင်ပြုရန်ဆုံးဖြတ်ခြင်းသည် သင့်တာဝန်သာဖြစ်သည်။ သင်လက်ထပ်မည့်သူကို သင်ရွေးချယ်ခြင်းပင်ဖြစ်မည်။ ‘ကျွန်ုပ်သည် အသင်——ကို လက်ထပ်ယူသည်’ ဟုပြော၍ လက်ထပ်သစ္စာကတိကို သင်ပြုသောအခါ၊ သင်သည် ထိုပုဂ္ဂိုလ်ကို သူ သို့မဟုတ် သူမ၏အကျင့်သီလကောင်းများနှင့်သာမကဘဲ သူ သို့မဟုတ် သူမ၏ အပြစ်အနာအဆာများနှင့်အတူ လက်ထပ်ယူလိုက်ခြင်း သို့မဟုတ် လက်ခံလိုက်ခြင်းဖြစ်သည်။

သင့်အိမ်ထောင်ဖက်တွင် သင်မျှော်လင့်မထားသည့် စရိုက်များကို တဖြည်းဖြည်းနှင့် တွေ့ရှိလာနိုင်သည်။ တစ်ခါတစ်ရံ စိတ်ပျက်စရာများဖြစ်လိမ့်မည်။ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ” ဟု ကျမ်းစာက ဆိုထားသည်။ (ရောမ ၃:၂၃) ထို့ကြောင့် သင်သည် မိမိအိမ်ထောင်ဖက်နှင့် အတွဲညီစေရန် ပြုပြင်မှုများလုပ်ဖို့ လိုအပ်သည်။ ယင်းသည် ခက်ခဲပေမည်၊ တစ်ခါတစ်ရံတွင် သင်လက်လျှော့လိုက်လိုစိတ်ပေါ်လာပေမည်။ သို့သော် လက်ထပ်သစ္စာကတိကို ယေဟောဝါရှေ့မှောက်တွင် ပြုထားကြောင်း သတိရပါ။ ကိုယ်တော်သည် သင်အောင်မြင်ရန် ကူညီပေးနိုင်သည်။

“ကျွန်ုပ်၏ လက်ထပ်ထားသော (ဇနီး/ခင်ပွန်း) အဖြစ်”– ဧဝကို အာဒံနှင့် အိမ်ထောင်ချပေးသော ပထမဦးဆုံးလက်ထပ်ပွဲတွင် ယေဟောဝါက “ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရကြလိမ့်မည်” ဟု မိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၂၄; မဿဲ ၁၉:၄-၆) ထို့ကြောင့် အိမ်ထောင်ရေးနှောင်ဖွဲ့မှုသည် လူသားတို့တွင်တည်ရှိနိုင်သည့် အရင်းနှီးဆုံးဆက်ဆံရေးဖြစ်သည်။ လက်ထပ်လိုက်ခြင်းက ဆွေမျိုးအသစ် တော်စပ်သွားသည်။ သင်သည် တစ်စုံတစ်ယောက်ကို မိမိ၏ “လက်ထပ်ထားသောဇနီး” သို့မဟုတ် “လက်ထပ်ထားသောခင်ပွန်း” အဖြစ် လက်ခံလိုက်သည်။ ယင်းသည် အခြားဆက်ဆံရေးမျိုးနှင့် မတူပါ။ အခြားဆက်ဆံရေးများ၌ အနည်းငယ်သာထိခိုက်စေသည့် အပြုအမူများသည် အိမ်ထောင်ရေးအစီအစဉ်တွင်မူ နာနာကြည်းကြည်းထိခိုက်မှုကို ဖြစ်စေနိုင်သည်။

ဥပမာအနေနှင့် ဧဖက် ၄:၂၆ တွင်တွေ့ရသည့် ကျမ်းစာသွန်သင်ချက်ကို သုံးသပ်ပါ။ ထိုတွင် ကျမ်းစာကဤသို့ဆိုသည်– “အမျက်ထွက်ရာ၌ အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။” သင်သည် ဆွေမျိုးများ၊ မိတ်ဆွေများနှင့်ဖြစ်သည့် ပြဿနာများကို ဖြေရှင်းသင့်လျက်နှင့် အမြန်ဆုံးဖြေရှင်းချင်မှ ဖြေရှင်းခဲ့မည်။ သို့သော် သင့်အိမ်ထောင်ဖက်သည် အခြားမည်သည့်ဆွေမျိုး သိုမဟုတ် မိတ်ဆွေထက်မဆို သာ၍ရင်းနှီးသည်။ သင့်ကြင်ဖော်နှင့်ဖြစ်သည့် ကိစ္စရပ်များကို အလျင်အမြန်ဖြေရှင်းရန် ပျက်ကွက်ခြင်းက သင်တို့နှစ်ဦး၏အထူးတော်စပ်မှုကို အန္တရာယ်ဖြစ်စေနိုင်သည်။

သင်နှင့် သင့်အိမ်ထောင်ဖက်ကြား သဘောထားမတိုက်ဆိုင်မှုက စိတ်အနှောင့်အယှက်ဆက်ဖြစ်စေသည့် အရင်းခံအကြောင်းဖြစ်စေခွင့်ပြုသလော။ နားလည်လွဲမှုများနှင့် ကတောက်ကဆဖြစ်သော အခြေအနေများကို ရက်ပေါင်းများစွာ တအုံနွေးနွေးထားသလော။ သင့်သစ္စာကတိအတိုင်း အသက်ရှင်နိုင်ရန် အခက်အခဲများပေါ်လာသောအခါ သင့်အိမ်ထောင်ဖက်နှင့် ပြေလည်မှုမရဘဲ တစ်နေမကုန်သွားစေပါနှင့်။ ယင်းကား ခွင့်လွှတ်လိုက်ခြင်းနှင့် မေ့ပျောက်စေလိုက်ခြင်းအပြင် မိမိ၏အပြစ်အနာအဆာများနှင့် မှားယွင်းမှုများကို အသိအမှတ်ပြုခြင်းဟူသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။—ဆာလံ ၅၁:၅; လုကာ ၁၇:၃၊ ၄။

“ချစ်ခင်ရန်”–လင်ယောက်ျားဖြစ်သူသည် မိမိ၏သတို့သမီးဖြစ်သူကို “ချစ်ခင်၍မြတ်နိုးယုယရန်” သစ္စာကတိပြုရသည်။ ဤချစ်ခင်မှုတွင် သူတို့အား အတူတကွပေါင်းစည်းစေဖွယ်ရှိသည့် စိတ်ကူးယဉ်အချစ်ပါဝင်သည်။ သို့ရာတွင် စိတ်ကူးယဉ်အချစ်တစ်ခုတည်းနှင့် မလုံလောက်ပါ။ ခရစ်ယာန်တစ်ဦးက သူ သို့မဟုတ် သူမ၏ အိမ်ထောင်ဖက်အပေါ် ခရစ်ယာန်သစ္စာကတိပြုသည့် ချစ်ခင်မြတ်နိုးမှုသည် သာ၍နက်ရှိုင်းပြီး ကျယ်ပြန့်သည်။

ဧဖက် ၅:၂၅ (ကဘ) ကဤသို့ဆိုသည်– “ခင်ပွန်းသည်တို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်၍ ယင်းအတွက်မိမိကိုယ်ကိုပေးဆက်သကဲ့သို့ သင်တို့၏ဇနီးသည်များကိုချစ်မြဲချစ်နေကြလော့။” အသင်းတော်ကိုချစ်သည့် ယေရှု၏မေတ္တာသည် ဖိုမတို့၏ စိတ်ကူးယဉ်အချစ်မျိုးနှင့် လုံးဝမတူညီနိုင်ပါ။ ကျမ်းစာတွင် အသုံးပြုထားသည့် “ချစ်ခြင်း” နှင့် “ချစ်သော” ဟူသည့် ဝေါဟာရတို့သည် စည်းမျဉ်းဖြင့်ထိန်းကွပ်ခံရသည့်မေတ္တာကို ရည်ညွှန်းသော အဂါးပေး ဟူသည့် စကားလုံးမှဆင်းသက်လာသည်။ ဤတွင် ကျမ်းစာက မိမိတို့၏ဇနီးကို တစိုက်မတ်မတ်၊ မဖောက်မပြန်၊ စွဲစွဲမြဲမြဲချစ်သွားရန် လင်သားဖြစ်သူများကို ပညတ်နေခြင်းဖြစ်သည်။

“မင်းကငါ့ကိုချစ်လို့ ငါက မင်းကိုချစ်တာ” ဟူသည့် စိတ်လှုပ်ရှားသည့်အချစ်မျိုးလောက်သာ မဟုတ်ပါ။ လင်သားတစ်ဦးသည် မိမိအတွက်ထက် ဇနီးသည်၏ကောင်းကျိုးအတွက် အလျင်ဆုံးရှာကြံသည်၊ ဇနီးသည်ကလည်း မိမိ၏လင်သားကို ထပ်တူနည်းဖြင့်ဖြစ်သည်။ (ဖိလိပ္ပိ ၂:၄) သင့်ကြင်ဖော်ကို နှစ်နှစ်ကာကာချစ်ရန် ပြုစုပျိုးထောင်ပေးခြင်းသည် သင့်လက်ထပ်သစ္စာကတိအတိုင်းနေထိုင်ရန် အကူအညီဖြစ်စေမည်။

“မြတ်နိုးယုယရန်”– အဘိဓာန်တစ်အုပ်အရ “မြတ်နိုးယုယရန်” ဟူသည် ‘ချစ်ခင်စုံမက်နေရန်၊ ကြင်နာမှုခံစားရရန် သို့မဟုတ် ပြရန်’ ဟူ၍ အဓိပ္ပာယ်ရသည်။ သင်၏မေတ္တာကို အပြောနှင့်အလုပ် နှစ်ခုစလုံးဖြင့်ပြသရမည်! အထူးသဖြင့် ဇနီးသည်တစ်ဦးသည် မိမိလင်သား၏မေတ္တာ အဆက်မပြတ်တင်ပြမှုကို ရရှိနေရန် လိုအပ်သည်။ လင်သားဖြစ်သူသည် သူမ၏ကာယရေးလိုအပ်ရာများကို ကောင်းကောင်းပံ့ပိုးပေးနိုင်ရုံနှင့် ပြည့်စုံကုံလုံသွားသည်မဟုတ်ပါ။ အစားအစာအလုံအလောက်နှင့် ဇိမ်ကျကျနေနိုင်လျက်နှင့် သူတို့အိမ်ထောင်ဖက်များ၏ လျစ်လျူရှုမှု သို့မဟုတ် ဂရုမစိုက်မှုကို ခံရသောကြောင့် အလွန်အမင်းစိတ်ဆင်းရဲနေသည့် ဇနီးသည်များရှိသည်။

တစ်ဖက်တွင်မူ ချစ်ခင်မြတ်နိုးယုယခံနေရကြောင်း သိရှိခံစားနေရသော ဇနီးသည်တစ်ဦးသည် အမှန်ပင်ပျော်ရွှင်ဖို့အကြောင်းရှိသည်။ လင်သားများနှင့်ပတ်သက်၍လည်း ထပ်တူပင်ဆိုနိုင်သည်။ မေတ္တာစစ်သည် ချစ်ခင်စုံမက်ကြောင်း အမှန်အတိုင်းထုတ်ဖော်ပြောဆိုမှုများအားဖြင့် သာ၍တိုးပွားလာသည်။ ရှောလမုန်သီချင်းတွင် သိုးထိန်းချစ်သူက ဤသို့ဖော်ကျူးခဲ့သည်– “ငါ့နှမ၊ ငါ့ခင်ပွန်း သင်၏မေတ္တာသည် အလွန်ချိုပေ၏! သင်၏မေတ္တာသည် စပျစ်ရည်ထက်အထူးသဖြင့်ကောင်းပေ၏။ သင်းထုံသောနံ့သာဆီသည် နံ့သာမျိုးတကာတို့ထက် အထူးသဖြင့်မွှေးကြိုင်ပေ၏။!”—ရှောလမုန်သီချင်း ၄:၁၀။

“နက်ရှိုင်းစွာရိုသေလေးစားပြီး”– နှစ်ရာစုများတစ်လျှောက် အမျိုးသမီးများကို မတော်မတရားပြုမူကာ နှိမ်လာခဲ့ကြသည့် အမျိုးသားများရှိခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးမဂ္ဂဇင်းအရ ယနေ့အချိန်၌ပင် “နိုင်ငံတိုင်း၊ လူမှုရေးနှင့်စီးပွားရေးအလွှာတိုင်းတွင် အမျိုးသမီးများကို အကြမ်းဖက်ရမ်းကားမှုများ ဖြစ်ပွားနေသည်။ ယဉ်ကျေးမှုအများအပြားတွင် ဇနီးသည်ကို ရိုက်နှက်ခြင်းသည် အမျိုးသားတစ်ယောက်၏ လုပ်ပိုင်ခွင့်ဟု ယူဆထားသည်။” အမျိုးသားအများစုမှာ ဤသို့အပြုအမူကို ကျူးလွန်ချင်မှ ကျူးလွန်ပေမည်။ သို့သော် အမျိုးသားများစွာသည် အမျိုးသမီးများကို ဂရုစိုက်ရမည့်အရေးကိစ္စများတွင် စစ်မှန်သည့်စိတ်ဝင်စားမှုတင်ပြဖို့ ပျက်ကွက်ပုံရသည်။ ရလဒ်အနေနှင့်၊ အမျိုးသမီးများစွာသည် အမျိုးသားများနှင့်ပတ်သက်၍ အပြုသဘောမဆောင်သည့် သဘောထား တိုးပွားလာရခြင်းဖြစ်သည်။ အချို့ဇနီးသည်များက “ကျွန်မယောက်ျားကို ချစ်တော့ချစ်ပါတယ်၊ ဒါပေမဲ့ လေးစားကို မလေးစားနိုင်ဘူးရှင်!” ဟုပြောသည်ကို ကြားရသည်။

သို့ရာတွင် မိမိ၏လင်သားသည်—တစ်ချိန်မဟုတ်တစ်ချိန်တွင် သူမ မျှော်လင့်ထားသည့်အရာများကို မပြည့်မီဘဲရှိသည့်အခါ၌ပင် သူ့ကို ကြိုးစားပြီးလေးစားမှုပြသော အမျိုးသမီးကို ယေဟောဝါ တန်ဖိုးထားတော်မူသည်။ သူ့တွင် ဘုရားပေးတာဝန် သို့မဟုတ် အခွင့်အရာရှိကြောင်း သူမအသိအမှတ်ပြုသည်။ (၁ ကောရိန္သု ၁၁:၃; ဧဖက် ၅:၂၃) ထို့ကြောင့် မိမိလင်သားကို နက်ရှိုင်းစွာလေးစားမှုတင်ပြခြင်းသည် ယေဟောဝါကို ဝတ်ပြုခြင်းနှင့် နာခံခြင်းအဝင်ဖြစ်သည်။ ဘုရားသခင်သည် ဘုရားရေးရာ နာခံမှုပြသော အမျိုးသမီးများကို လျစ်လျူရှုမထားပါ။—ဧဖက် ၅:၃၃; ၁ ပေတရု ၃:၁-၆; ဟေဗြဲ ၆:၁၀ နှိုင်းယှဉ်။

အိမ်ထောင်ရေးတွင် လေးစားမှုသည် အပြန်အလှန်ဖြစ်ရမည်၊ ယင်းကို မျှော်လင့်နေရုံ သို့မဟုတ် တောင်းဆိုနေရုံမျှမကဘဲ ရထိုက်အောင်လုပ်ဆောင်သင့်သည်။ ဥပမာ၊ တုံးတိတိ သို့မဟုတ် ထိုးနှက်ပြောဆိုသည့်စကားတို့သည် အိမ်ထောင်ရေးအစီအစဉ်တွင် နေရာမရှိပါ။ သင့်လင်သား သို့မဟုတ် ဇနီးအကြောင်း ရှုတ်ချပြောဆိုမှုများသည် မေတ္တာပြခြင်း သို့မဟုတ် လေးစားခြင်းဖြစ်စေမည်မဟုတ်ပါ။ သင့်အိမ်ထောင်ဖက်၏ အပြစ်အနာအဆာများကို အခြားသူများအား ဖွင့်ပြောခြင်း သို့မဟုတ် အများရှေ့တွင် ယင်းတို့ကို ပြောခြင်းသည် မည်သည့်ကောင်းကျိုးမျှ မရနိုင်ပါ။ ကျီစယ်ပြောခြင်းသည်ပင်လျှင် လူတစ်ဦးသည် ဤကဏ္ဍတွင် လေးစားမှုအကြီးအကျယ်ကင်းမဲ့ကြောင်း ပြခြင်းဖြစ်သွားနိုင်သည်။ ဧဖက် ၄:၂၉၊ ၃၂ ပါ စကားများသည် လင်နှင့် မယားနှစ်ဦးစလုံးနှင့် သက်ဆိုင်သည်။ ထိုတွင် ကျမ်းစာဤသို့ဆိုသည်– “ညစ်ညူးသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသောသူတို့၏အကျိုးကို ပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဖို့ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့။ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း . . . ရှိကြလော့။”

“သမ္မာကျမ်းစာတွင် ချမှတ်ထားသည့် ဘုရားသခင့်ပညတ်တော်နှင့်အညီ”– ဘုရားသခင်သည် ကျွန်ုပ်တို့ကို လွတ်လွတ်လပ်လပ် ရွေးချယ်ပြုမူစေလိုတော်မူသည်။ ကိုယ်တော်သည် အိမ်ထောင်သည်ဘဝနှင့်ပတ်သက်၍ စည်းမျဉ်းဥပဒေ တစ်ပုံတစ်ပင်ကြီးချမှတ်ထုတ်ပြန်ကာ ကျွန်ုပ်တို့ကို ဝန်မလေးစေပါ။ သို့သော်၊ ကျွန်ုပ်တို့၏အကျိုးအတွက် လမ်းညွှန်ချက်တချို့ကို ချမှတ်တော်မူခဲ့သည်။

ယခုအချိန်တွင် အိမ်ထောင်ရေးနှင့်ပတ်သက်၍ ရေးသားထုတ်ဝေထားသည့် စာပေအမျိုးမျိုးအဖုံဖုံရှိပြီး လူများတွင် ကိုယ်ပိုင်အတွေးအခေါ်ကိုယ်စီရှိကြသည်။ သို့သော် သတိပြုပါလေ! အိမ်ထောင်ရေးအကြောင်း ထုတ်ဝေနေသောအကြောင်းအရာ အများစုသည် ကျမ်းစာနှင့်ဆန့်ကျင်သည်။

မောင်နှံစုံတစ်စုံနှင့် အခြားမောင်နှံစုံတစ်စုံတို့၏အခြေအနေများ မတူကြောင်းကိုလည်း အသိအမှတ်ပြုပါလေ။ တစ်နည်းအားဖြင့် အိမ်ထောင်သည်များသည် ဆီးနှင်းခဲများနှင့်တူသည်၊ ယင်းတို့သည် အဝေးမှဆိုလျှင် တထေရာတည်းတူသကဲ့သို့ဖြစ်နိုင်သည်၊ သို့သော် အမှန်တွင်မူ တစ်ခုနှင့်တစ်ခုမတူဘဲ တစ်ခုစီသည် တစ်မူထူးခြားကြသည်။ သင့်အိမ်ထောင်ဖက်နှင့် သင့်ဥပဓိရုပ်တို့၏ပေါင်းစည်းထားမှုကို ကမ္ဘာပေါ်ရှိ အခြားမည်သည့်အိမ်ထောင်သည်ကမျှ တုပ၍မဖြစ်ပါ။ ထို့ကြောင့် အခြားသူများ၏ ကိုယ်ပိုင်ရှုမြင်ပုံတို့ကို အဆောတလျင် လက်မခံလိုက်လေနှင့်။ အိမ်ထောင်တိုင်းနှင့်အံဝင်သည့် လူဖန်တီးသောနည်းစနစ် တစ်ခုမျှမရှိပါ!

ဆန့်ကျင်ဘက်အနေနှင့် ကျမ်းစာ၏မိန့်မှာချက်အားလုံးသည် မှန်ကန်ပြီး လက်တွေ့ကျသည်။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူခြင်းအားဖြင့်ဖြစ်၍ . . . ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။” (၂ တိမောသေ ၃:၁၆; ဆာလံ ၁၁၉:၁၅၁) သင်သည် ကျမ်းစာကို ဖတ်ရှုပြီး ယင်း၏သြဝါဒများကို နေ့စဉ်ဘဝအသက်တာတွင် လမ်းညွှန်အဖြစ်ခံယူပါက လက်ထပ်သစ္စာကတိအတိုင်း သင်နေနိုင်မည်ဖြစ်သည်။—ဆာလံ ၁၁၉:၁၀၅။

“မြေကြီးပေါ်တွင် အတူတကွအသက်ရှင်နေသမျှကာလပတ်လုံး”– ယင်းက အတူတကွ ရေရှည်နေခြင်းကို ဖော်ပြသည်။ ဘုရားသခင်က “ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်” ရန်ပညတ်ထားသည်။ (ကမ္ဘာဦး ၂:၂၄) ယေဟောဝါသည် သင်တို့ကို အတူပေါင်းဖက်နေထိုင်ရန်၊ အတူတကွဘုရားသခင်ကို အမှုဆောင်ရန်၊ ကိုယ်တော်၏နှုတ်ကပါဌ်တော်ကို အတူတူလေ့လာရန်၊ အတူတကွသွားလာနေထိုင်စားသောက်ဖို့ရန်နှင့် အချိန်ယူကာ ဘဝကိုအတူတကွမွေ့လျော်ရန်လိုလားတော်မူသည်!

အချို့မောင်နှံစုံများသည် တစ်ယောက်နှင့်တစ်ယောက်စကားပြောဖို့အတွက်ကိုမျှပင် နေ့စဉ်အချိန်ဖယ်ထားရန် ကြိုးစားကြသည်။ အိမ်ထောင်သက်များစွာ ဖြတ်သန်းခဲ့ပြီးနောက်တွင်ပင် ယင်းသို့အတူတကွနေထိုင်လုပ်ကိုင်ခြင်းသည် အိမ်ထောင်ပျော်ရွှင်သာယာရေးအတွက် မရှိမဖြစ်လိုအပ်သည်။

“ဘုရားသခင့်အိမ်ထောင်ရေးအစီအစဉ်အရ”– အိမ်ထောင်ရေးသည် အိမ်ထောင်အစီအစဉ်ကို တည်ထောင်ခဲ့သည့် ယေဟောဝါဘုရားသခင်ထံတော်မှရသော လက်ဆောင်တစ်ခုဖြစ်သည်။ (သု. ၁၉:၁၄) ကိုယ်တော်၏အစီအစဉ်ကို လိုက်နာရန်ပျက်ကွက်ခြင်းသည် သင့်အိမ်ထောင်ပျော်ရွှင်သာယာရေးကိုသာမက ဖန်ဆင်းရှင်နှင့်သင့်ဆက်ဆံရေးကိုပါ အန္တရာယ်ဖြစ်စေမည်။ တစ်ဖက်တွင်မူ လင်မယားတို့သည် ကိုယ်တော်၏အစီအစဉ်များကို နာခံမှုအားဖြင့် ထင်ရှားသည့် ယေဟောဝါနှင့်ကောင်းသောဆက်ဆံရေးကို ပြုစုပျိုးထောင်ပေးပါက သူတို့သည် အခြားသူများနှင့်လည်းကောင်း၊ အချင်းချင်းနှင့်လည်းကောင်း ငြိမ်သက်သောဆက်ဆံရေးရရှိမည်ဖြစ်သည်။—သု. ၁၆:၇။

ယေဟောဝါသည် သင့်လက်ထပ်သစ္စာကတိတွင် အဓိကသက်သေ ဖြစ်ကြောင်း ဘယ်သောအခါမျှမမေ့လိုက်လေနှင့်။ ဤသစ္စာကတိအတိုင်း ဆက်၍နေထိုင်ပါ၊ သင့်အိမ်ထောင်သည် ယေဟောဝါဘုရားသခင်ကို ချီးမွမ်းဂုဏ်တင်သည့် ပင်ရင်းတစ်ခုဖြစ်လာမည်တည်း!

[အောက်ခြေမှတ်ချက်များ]

a အချို့ဒေသများတွင် ဒေသန္တရခံဥပဒေများနှင့်အညီဖြစ်ရန် ဤသစ္စာကတိစာသားများကို ပြုပြင်အသုံးပြုဖို့ လိုအပ်ပေမည်။ (မဿဲ ၂၂:၂၁) သို့ရာတွင် နိုင်ငံအများစု၌ ခရစ်ယာန်မောင်နှံစုံများသည် အထက်ပါသစ္စာကတိကို အသုံးပြုကြသည်။

[စာမျက်နှာ ၂၂ ပါ အကျဉ်းဖော်ပြချက်]

တစ်နည်းအားဖြင့် အိမ်ထောင်သည်များသည် ဆီးနှင်းခဲများနှင့်တူသည်၊ အဝေးမှဆိုလျှင် အားလုံးသည် တထေရာတည်းတူသကဲ့သို့ဖြစ်ပေသည်၊ သို့သော် အမှန်တွင်မူ မောင်နှံစုံတစ်စုံနှင့်တစ်စုံမတူ၊ တစ်မူထူးခြားကြသည်

[Credit Line]

Snow Crystals/Doven

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ