အကြောင်းခြင်းရာ ဖြစ်ရပ်မှန်
ဗရင်ဂျီများနှင့် နှစ်ခြင်း
ပြင်သစ်ပြည်ရှိ ဗရင်ဂျီအသင်း နှစ်ခြင်းပေးနေသော လူကြီးများအရေအတွက် တိုး၍များလာနေသည်ဟု ပြင်သစ်သတင်းစာ Le Monde ကတင်ပြသည်။ “လွန်ခဲ့သောလေးနှစ်အတွင်း ၄င်းအရေအတွက်သည် နှစ်ဆတိုးများလာပြီ” ဟူ၍ပင် သတင်းစာဆိုထားသည်။ နှစ်ခြင်းခံယူသော ဗရင်ဂျီများဖြစ်လိုသူ ပြင်သစ်လူကြီး ၄၀၀၀ ကျော် နှစ်ခြင်းမခံမီသင်တန်းများ တက်နေကြသည်ဟုဆိုသည်။ သုံးပုံနှစ်ပုံမှာ အသက် ၂၀ မှ ၄၀ ရှိ အမျိုးသမီးများဖြစ်ကြသည်။ တစ်ပုံမှာ ပြင်သစ်မဟုတ်သူများဖြစ်သည်။
လူကြီးများကို နှစ်ခြင်းပေးရန် ပြင်ဆင်ပေးမှုသည် နှစ်နှစ်သုံးနှစ်ကြာနိုင်သည်ဆို၏။ ဗာစေးလ်မြို့နယ်တွင် ဤနှစ်ခြင်းအတွက် ပြင်ဆင်ခြင်းသင်တန်းများ၏တာဝန်ခံ ဘုန်းကြီး ဂိုင် ကော်ဒေါန်နီယာ က “နှစ်ခြင်းယူရန် ဘုရားသခင်ကိုယုံကြည်သည်ဆိုရုံလောက်နှင့်မပြီး။ ရပ်ကွက်တစ်ခုတွင် မည်သို့နေထိုင်သင့်သည်ကို သိထားရန်လိုသည်” ဟုဆိုသည်။
လူကြီးများကို နှစ်ခြင်းပေးခြင်းကား အသစ်အဆန်းမဟုတ်ပေ။ ယေရှုကိုယ်တော်တိုင် အသက် ၃၀ အရွယ်တွင် နှစ်ခြင်းယူခဲ့သည်။ နှစ်ခြင်းယူရန် ဘုရားသခင်ကို ယုံကြည်ရုံလောက်နှင့်မပြီး ဆိုခြင်းမှာ အသစ်အဆန်းမဟုတ်ပေ။ မိမိနောက်လိုက်များအား ယေရှု၏မိန့်တော်မူချက်ကား “တပည့်ဖြစ်စေလျက် . . . ဗတ္တိဇံကိုပေးကြလော့။” ကိုယ်တော်၏အမိန့်တော်များကို စောင့်ရှောက်စေခြင်းငှာ “ဆုံးမသြဝါဒပေးကြလော့” ဟူ၍ဖြစ်သည်။—မဿဲ ၂၈:၁၉၊ ၂၀။
သို့ရာတွင် ဗရင်ဂျီအသင်းသည် နှစ်ပေါင်းရာချီ၍ မွေးစကလေးများကို နှစ်ခြင်းပေးခဲ့ရာ လူကြီးများကိုနှစ်ခြင်းပေးခြင်းကိစ္စနှင့်ပတ်သက်၍ ဗရင်ဂျီအသင်း၏ရပ်တည်ချက်သည် ၄င်းကိုဆန့်ကျင်ပုံပေါက်စေသည်။ လူကြီးတစ်ဦးကို နှစ်ခြင်းပေးရန် ပြင်ဆင်မှုသည် နှစ်နှစ်သုံးနှစ်ခန့်ကြာသည်ဟု ဗရင်ဂျီအသင်း ပြောရေးဆိုခွင့်ရှိသူများဆိုသည်။ သို့နှင့်ပင် မွေးစကလေးကိုနှစ်ခြင်းပေးခြင်းသည် သင့်တော်သည်ဟုဆိုပြန်သည်။ မွေးစကလေးများကို နှစ်ခြင်းပေးခြင်းသည် မွေးရာပါအပြစ်ကို ဆေးကြောပေးသည်ဟု သူတို့ဆိုကြသည်။ သို့သော်တမန်တော်ယောဟန်က “ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏” ဟုရေးသားခဲ့သည်။ (၁ ယောဟန် ၁:၇) နို့စို့ကလေးများသည် ဘုရား၌သော်လည်းကောင်း၊ ခရစ်တော်သွန်းခဲ့သောအသွေး၌လည်းကောင်း ယုံကြည်ခြင်းမတင်ပြနိုင်လျက်နှင့် သူတို့အား အဘယ်ကြောင့်နှစ်ခြင်းပေးရပါသနည်း။
မကြားဖူးသော စကားများ
ဂျပန်အာမခံကုမ္ပဏီတစ်ခု၏ စမ်းသပ်ချက်အရ ဇနီးသည် ၃၈၀၀ အနက် တစ်ဝက်နီးပါးသည် “သူတို့လင်သားများမှ ‘မင်းကိုချစ်တယ်’ ဟူသည့်စကားများ မကြားရသည်မှာ နှစ်အနည်းငယ်ရှိနေကြောင်း” Daily Yomiuri သတင်းစာကတင်ပြပါသည်။ ဤစကားများမကြားရသော ဇနီးသည်ရာခိုင်နှုန်းသည် နှစ်ကြာလေများလာလေဖြစ်သည်။ အသက် ၅၀ အတွင်းရှိသူများဆိုလျှင် ယင်းစကားများကို မိမိတို့လင်သားများထံမှ လုံးလုံးမကြားရသူတို့မှာ ၈၂ ရာခိုင်နှုန်းပင်ရှိနေသည်တကား။ အသက် ၂၀ အတွင်းရှိ ဇနီးသည်များအနက်ပင် ၁၀ ရာခိုင်နှုန်းမျှသာ ယင်းစကားကို သူတို့လင်သားများပါးစပ်မှ နေ့စဉ်ကြားရကြသည်။
ရှေးခေတ်က ရှုနင်မြို့နေ သိုးထိန်းနှင့် အလှပဂေးတောသူမလေးနှင့်ပတ်သက်သော ပညာရှိရှောလမုန်မင်းကြီး၏ အချစ်ဇာတ်လမ်းတွင် အလှမယ်၏နှလုံးကို ‘မေတ္တာစကားများ’ ဖြင့် သူငယ်အပိုင်ရခဲ့ကြောင်း တင်ပြထားသည်။ (ရှောလမုန်သီချင်း ၁:၂) လင်ယောက်ျားများသည် ဇနီးသည်များ၏နှလုံးကို ပိုင်ဆိုင်ထားပြီးနောက် သူတို့မေတ္တာကို ဆက်တင်ပြပေးရန် လိုအပ်ပါသေးသလော။ လိုပါပေသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။ “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ့်ခင်ပွန်းကိုချစ်ကြလော့။”—ဧဖက် ၅:၂၅။
မိမိသစ္စာဖောက်ခံရမည့်ညတွင် တပည့်တော်များကို ချစ်တော်မူကြောင်း ယေရှုကြိမ်ဖန်များစွာ နှုတ်မြွက်ခဲ့သည်။ (ယောဟန် ၁၃:၃၄။ ၁၄:၁၉-၂၁။ ၁၅:၉၊ ၁၀၊ ၁၂) မိမိဇနီးအပေါ်မေတ္တာရှိကြောင်း မိန်းမဖြစ်သူကြားရရန် အမြဲလိုအပ်နေသည့်အချက်ကို လင်သားဖြစ်သူ ထည့်စဉ်းစားသင့်သည်။ ခရစ်တော်သည် ‘အသင်းတော်အတွက် မိမိကိုယ်ကိုဆက်သ’ ခဲ့ကြောင်းကိုလည်း လင်သားများသတိရထားရန်လိုသည်။ ဤနည်းဖြင့် ကိုယ်တော်သည် နှုတ်အားဖြင့်သာမက အကျင့်အားဖြင့်လည်း မေတ္တာပြတော်မူခဲ့သည်။ လင်ယောက်ျားများသည် ခရစ်တော်၏ပုံသက်သေကိုအတုယူသင့်ကြောင်း ရှင်းလင်းပြတ်သားပါသည်။