ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gm အခန်း ၁၂ စာ. ၁၆၂-၁၇၄
  • ဉာဏ်ပညာ၏ သာ၍မြင့်မားသောဇာစ်မြစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဉာဏ်ပညာ၏ သာ၍မြင့်မားသောဇာစ်မြစ်
  • သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပညာရှိစကားများ
  • ပညာရှိသော အခြေခံမူများ
  • အကျိုးရှိသောစကားများ
  • အိမ်ထောင်ရေးနှင့် ကိုယ်ကျင့်တရား
  • အမှန်ပင် တာသွားသည့်အခြေခံမူများ
  • စစ်မှန်တဲ့ ဉာဏ်ပညာ ဟစ်အော်နေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ‘လောက ဉာဏ်ပညာ’ ရဲ့ လှည့်စားမှုကို မခံကြနဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • အိမ်ထောင်ရေးအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သင့်အိမ်ထောင်အဖို့ အုတ်မြစ်ကောင်းချခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
gm အခန်း ၁၂ စာ. ၁၆၂-၁၇၄

အခန်း၁၂

ဉာဏ်ပညာ၏ သာ၍မြင့်မားသောဇာစ်မြစ်

“အိုထာဝရဘုရား၊ အမှုတော်များလှပါ၍၊ ရှိရှိသမျှကို ဉာဏ်တော်ဖြင့် ဖန်ဆင်းတော်မူသည့်အလျောက် ပိုင်ရာတော်များနှင့် မြေပထဝီ ကြွယ်ဝပြည့်စုံပါသည်တကား။” (ဆာလံ ၁၀၄:၂၄၊ သမ) ကျယ်ပြောလှသည့်စကြဝဠာ၏ ခမ်းနားထည်ဝါမှုမှသည် ပန်းလေးတစ်ပွင့်၏ နုနယ်သည့်လှပမှုအထိ ဖန်ဆင်းခံအရာခပ်သိမ်းတို့က ဖန်ဆင်းရှင်၏ ပြိုင်ဘက်ကင်းသော ဉာဏ်ပညာတော်ကို သက်သေခံလျက်ရှိကြသည်။ ဤ ၂၀ ရာစုနှစ်၏ နည်းပညာသည် ဘုရားသခင့်လက်ရာတော်များနှင့် နှိုင်းယှဉ်လိုက်သည့်အခါ မဖြစ်စလောက်သော ကလေးကစားစရာ ဖြစ်သွားသည်။ သမ္မာကျမ်းစာသည် ဘုရားသခင့် နှုတ်မြွက်စကားတော်ဖြစ်ပါမူ လူ့စွမ်းရည် လိုက်၍မမီနိုင်သည့် ဉာဏ်ပညာတော်၏ အထောက်အထားကို တွေ့ရမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပေမည်။ တွေ့ရ၏လော။

၁။ (နိဒါန်းအပါအဝင်။) (က) ဘုရားသခင်၏ ပြိုင်ဘက်ကင်းသော ဉာဏ်ပညာအထောက်အထားကို ကျွန်ုပ်တို့ အဘယ်နေရာတွင် တွေ့ရှိရသနည်း။ (ခ) ဉာဏ်ပညာနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက အဘယ်အကြံဉာဏ်ပေးထားသနည်း။

သမ္မာကျမ်းစာက ဉာဏ်ပညာ၏အရေးကြီးမှုကို အလေးပေးဖော်ပြထားသည်။ ဤသို့ဆို၏– “ဉာဏ်ပညာသည် အထွတ်အမြတ်ဖြစ်သဖြင့်၊ ဆည်းပူးလော့။ ဆည်းပူးအပ်သမျှတွင်၊ — [“နားလည်ခြင်း၊” ကဘ]ကို အထူးဆည်းပူးလော့။” (သု. ၄:၇၊ သမ) ကျွန်ုပ်တို့လူသားများသည် မကြာခဏ ဉာဏ်ပညာ ကင်းမဲ့တတ်ကြောင်းကိုလည်း သမ္မာကျမ်းစာက အသိအမှတ်ပြုပြီး ဤသို့တိုက်တွန်းထားသည်– “သင်တို့အနက် တစ်စုံတစ်ယောက်သည် ဉာဏ်ပညာ ချို့တဲ့ပါလျှင် ထာဝရဘုရားထံ တောင်းလျှောက်စေ။ . . . အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် လူခပ်သိမ်းတို့အား ရက်ရောစွာ ကျေးဇူးပြုတော်မူတတ်သောကြောင့်ဖြစ်၏။”—ယာကုပ် ၁:၅၊ သက။

၂။ လူတစ်ဦးသည် မိမိ၏ဉာဏ်ပညာကို မည်သို့တိုးပွားစေနိုင်သနည်း။

၂ ဘုရားသခင်သည် ‘ဉာဏ်ပညာကို ရက်ရောစွာ’ မည်သို့ပေးတော်မူသနည်း။ တစ်နည်းမှာ ကျွန်ုပ်တို့အား သမ္မာကျမ်းစာဖတ်၍ ယင်းမှသင်ယူရန် အားပေးခြင်းအားဖြင့်ဖြစ်သည်။ နယပုံပြင်ကျမ်းက ဤသို့တိုက်တွန်းသည်– “ငါ့သား၊ သင်သည် ဉာဏ်ပညာကို နာယူ၍၊ . . . ငါ့စကားကို နာခံလျက်၊ ငါ့ပညတ်များကို ပိုက်ကျုံးလျှင် . . . သင်သည် ထာဝရဘုရားအား ခန့်ညားရခြင်းကိုလည်း နားလည်၍၊ ဘုရားသခင်အား သိကျွမ်းရခြင်းကို တွေ့ခွင့်ရှိလိမ့်မည်။ အသို့ဆိုသော်၊ ထာဝရဘုရားသည် ဉာဏ်ပညာကို သနားတော်မူ၏။” (သု. ၂:၁၊ ၂၊ ၅၊ ၆၊ သမ) ကျွန်ုပ်တို့သည် သမ္မာကျမ်းစာမှ အကြံဉာဏ်ကို လက်တွေ့ကျင့်သုံး၍ မည်မျှအကျိုးရှိသည်ကို တွေ့မြင်ရသည့်အခါ ၎င်းစာအုပ်သည် အမှန်ပင် ဘုရားသခင့်ဉာဏ်ပညာတော်ကို ကိုယ်စားပြုကြောင်း သိမြင်လာပေမည်။

ပညာရှိစကားများ

၃၊ ၄။ (က) ငွေကိုတပ်မက်ခြင်း၏ အချည်းနှီးဖြစ်မှုနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာ အဘယ်သို့ဆိုထားသနည်း။ (ခ) ငွေ၏တန်ဖိုးနှင့်ပတ်သက်၍ အကြံပေးရာတွင် သမ္မာကျမ်းစာက အဘယ်ကောင်းမွန်မျှတမှုကို တင်ပြသနည်း။

၃ ဤအကြောင်းကို ပို၍နားလည်နိုင်ရန် ကျမ်းပိုဒ်အနည်းငယ်ကို ကြည့်ကြပါစို့။ ဤပညာရှိစကားကို သုံးသပ်ကြည့်ပါ– “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ . . . အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။” (၁ တိမောသေ ၆:၉၊ ၁၀) ဤအချက်ကို ယနေ့ လူတို့အား ငွေကို အဓိကပန်းတိုင်ထား၍ ရှာဖွေရန်တိုက်တွန်းသည့် ခေတ်သစ်အမြင်သဘောထား—အနည်းဆုံးအနေနှင့် အနောက်တိုင်းလူ့အဖွဲ့အစည်းရှိ အမြင်သဘောထား—နှင့် နှိုင်းယှဉ်ကြည့်ပါ။ ဝမ်းနည်းစရာမှာ ထိုသူတို့သည် ရှာဖွေသည့် စည်းစိမ်ဥစ္စာကို ရရှိခံစားရလျက်နှင့် ပြည့်စုံမှု၊ ရောင့်ရဲတင်းတိမ်မှု မရှိဘဲဖြစ်နေကြသည်။ ဆေးကုသမှုဆိုင်ရာ စိတ်ပညာရှင်တစ်ဦးက ဤသို့မှတ်ချက်ချသည်– “နာမည်ကြီးခြင်း၊ ချမ်းသာကြွယ်ဝခြင်းတို့သည် ပြည့်စုံမှု၊ ကျေနပ်ရောင့်ရဲမှု၊ လူတို့၏ အစစ်အမှန် လေးစားမှုနှင့် ချစ်ခင်မှုတို့ကို မပေးစွမ်းနိုင်ပါ။”၁

၄ လက်တွေ့ကျသူတစ်ဦးသည် ငွေကို လုံးဝကျောခိုင်းပစ်နိုင်သည်ဟု ပြောနေခြင်းမဟုတ်ပါ။ သမ္မာကျမ်းစာက ကောင်းမွန်မျှတသည့် ဉာဏ်ပညာအကြောင်း ဤသို့ပြောကာ ပြသခဲ့သည်– “ငွေသည် ကွယ်ကာတတ်သကဲ့သို့၊ [ဉာဏ်]ပညာသည်လည်း ကွယ်ကာတတ်၏။ အသိပညာ၏ အကျိုးကျေးဇူးကား၊ [ဉာဏ်]ပညာရှင်အား အသက်ရှင်စေခြင်းတည်း။” (ဒေ. ၇:၁၂၊ သမ္မာ) ဤသို့ဖြင့် သမ္မာကျမ်းစာက ငွေသည် အရေးကြီးသော်လည်း အရေးအကြီးဆုံး မဟုတ်ကြောင်းသိမြင်ရန် ကူညီပေးသည်။ ငွေသည် ရည်ရွယ်ချက်ပန်းတိုင်တစ်ခု ပေါက်မြောက်စေသည့် နည်းလမ်းတစ်ရပ်သာဖြစ်ပြီး မှန်မှန်ကန်ကန် အသုံးပြုတတ်ရန် ဉာဏ်ပညာမရှိပါက တန်ဖိုးအကန့်အသတ်သာရှိပေသည်။

၅၊ ၆။ (က) မကောင်းသော အပေါင်းအသင်းများကိုရှောင်ရန် သမ္မာကျမ်းစာ အကြံပြုချက်သည် အဘယ်ကြောင့် ပညာရှိသနည်း။ (ခ) “ပညာရှိသောသူတို့နှင့်ပေါင်း” ခြင်းမှ ကျွန်ုပ်တို့ မည်သို့အကျိုးရရှိသနည်း။

၅ သမ္မာကျမ်းစာ၏ ဤဖော်ပြချက်သည်လည်း မှန်ပါသည်– “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။” (သု. ၁၃:၂၀) အပေါင်းအဖော်များသည် ကျွန်ုပ်တို့အပေါ် မည်မျှသြဇာကြီးမားကြောင်း သတိပြုမိသလော။ ရွယ်တူချင်းဖိအားကြောင့် လူငယ်လူရွယ်များသည် အရက်ချိုး၊ မူးယစ်ဆေးအလွဲသုံးသူနှင့် အကျင့်ပျက်သူများ ဖြစ်သွားရကြသည်။ ညစ်ညမ်းသောစကား ပြောတတ်သူများနှင့် ရောနှောနေထိုင်လျှင် နောက်ဆုံးတွင် ကျွန်ုပ်တို့လည်း ညစ်ညမ်းသောစကား ပြောတတ်လာမည်။ မရိုးသားသူများနှင့် ပေါင်းသင်းလျှင် ကျွန်ုပ်တို့လည်း မရိုးသားသူများဖြစ်လာပေမည်။ မှန်ပါသည်၊ သမ္မာကျမ်းစာ ပြောသည့်အတိုင်း “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။”—၁ ကောရိန္သု ၁၅:၃၃။

၆ တစ်ဖက်တွင်မူ ကောင်းသောအပေါင်းအဖော်များက ကျွန်ုပ်တို့အား တိုးတက်ကောင်းမွန်စေနိုင်သည်။ “ပညာရှိတို့နှင့်ပေါင်း” ခြင်းအားဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်လည်း ပို၍ပညာရှိလာကြမည်။ အကျင့်ဆိုးများသည် ကူးစက်တတ်သကဲ့သို့ အကျင့်ကောင်းများသည်လည်း ကူးစက်တတ်၏။ အပေါင်းအဖော်များကို ဂရုတစိုက်ရွေးချယ်ရန် ကျွန်ုပ်တို့အား တိုက်တွန်းရာတွင် သမ္မာကျမ်းစာက ဉာဏ်ပညာရှိကြောင်း ထပ်၍ပြသပြန်သည်။

၇။ အဘယ်အရာက သမ္မာကျမ်းစာကို အကြံဉာဏ်၏ဇာစ်မြစ်အဖြစ် သူမတူထူးခြားစေသနည်း။

၇ သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့၏အသက်တာကို လမ်းညွှန်ရန်ထောက်ကူသည့် ဤကဲ့သို့သော ဆုံးမသွန်သင်ချက် များစွာရှိသည်။ အကြံဉာဏ်၏ အရင်းအမြစ်အနေနှင့်လည်း သမ္မာကျမ်းစာသည် တစ်မူထူးခြားသည်။ ယင်း၏အကြံဉာဏ်သည် အမြဲပင် အကျိုးဖြစ်ထွန်းသည်။ ယင်းအကြံဉာဏ်သည် သဘောတရားသက်သက်မျှသာ မဟုတ်သည့်အပြင် ကျွန်ုပ်တို့၏အကျိုးကိုလည်း မည်သည့်အခါမျှ ထိခိုက်နစ်နာစေမည်မဟုတ်ပါ။ သမ္မာကျမ်းစာ၏ အကြံဉာဏ်နယ်ပယ်သည် ကျယ်ဝန်းလှသဖြင့် ပြိုင်ဘက်ကင်းသည်။ အသက်တာတွင် ယင်းအကြံဉာဏ်ကို လက်တွေ့ကျင့်သုံး၍ အစဉ်ကောင်းကျိုးပြုကြောင်း တွေ့မြင်သူတို့သည် သမ္မာကျမ်းစာကို ဉာဏ်ပညာ၏ ထူးခြားသောအရင်းအမြစ်အဖြစ် လေးမြတ်တန်ဖိုးထားလာကြသည်။

ပညာရှိသော အခြေခံမူများ

၈။ သမ္မာကျမ်းစာတွင် အတိအကျ ဖော်ပြထားခြင်းမရှိသည့် အခြေအနေမျိုးကို ရင်ဆိုင်ရသည့်အခါ၌ပင် သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ကို အဘယ်သို့ထောက်ကူနိုင်သနည်း။

၈ သို့သော် သမ္မာကျမ်းစာတွင် တိတိကျကျ ဖော်ပြထားခြင်းမရှိသည့် အခြေအနေတစ်ခုခုနှင့် ရင်ဆိုင်ရလျှင်ကော အသို့နည်း။ များသောအားဖြင့် ကျွန်ုပ်တို့ကို လမ်းညွှန်ရန် ကျယ်ပြန့်သော အခြေခံမူများကို ရှာတွေ့နိုင်ပါသည်။ ဥပမာ၊ လူအများသည် သူတို့၏အသက်တာတွင် တစ်ခါတစ်ရံ ဆေးလိပ်သောက်ခြင်းအကျင့်နှင့်ပတ်သက်၍ ဆုံးဖြတ်စရာ ကြုံရတတ်သည်။ ယေရှုလက်ထက် အရှေ့အလယ်ပိုင်းဒေသတွင် ဆေးရွက်ကြီး မရှိခဲ့သဖြင့် သမ္မာကျမ်းစာတွင် ဤအကြောင်းကို ဖော်ပြထားခြင်းမရှိပါ။ သို့သော် ဤကိစ္စတွင် ပညာရှိသောဆုံးဖြတ်ချက် ချနိုင်ရန် ကျွန်ုပ်တို့ကို ထောက်ကူသည့် သင့်လျော်သော သမ္မာကျမ်းစာ အခြေခံမူများရှိပါသည်။

၉-၁၁။ သမ္မာကျမ်းစာ အခြေခံမူများသည် ဆေးရွက်ကြီးသုံးခြင်းကိစ္စတွင် ပညာရှိသောဆုံးဖြတ်ချက်ချဖြစ်စေရန် အဘယ်နည်းဖြင့် ကျွန်ုပ်တို့ကို ကူညီပေးသနည်း။ ဤအခြေခံမူများကို လိုက်နာခြင်းမှ အဘယ်အကျိုးရရှိသနည်း။

၉ ဆေးလိပ်သောက်ခြင်းသည် နှစ်လိုပျော်ရွှင်ဖွယ်ဖြစ်သည်ဟု ဆိုကြသော်လည်း အမှန်မှာ အပြင်းစားညစ်ညမ်းပစ္စည်းများကို အဆုတ်ထဲသို့ ရှူသွင်းနေခြင်းဖြစ်သည်။ ဆေးလိပ်သောက်သူသည် မိမိကိုယ်ခန္ဓာအပြင် မိမိအဝတ်အစားနှင့် မိမိဝန်းကျင်ရှိလေထုတို့ကို ညစ်ညမ်းစေသည်။ ထို့အပြင် ဆေးလိပ်သောက်ခြင်းသည် စွဲစေတတ်သည်။ ဆေးလိပ်ဖြတ်ရန် အလွန်ခက်ကြောင်း ဖြတ်ချင်သူများ မကြာခဏ တွေ့ရကြသည်။ ဤအချက်ကို နှလုံးသွင်းလျက် ဆေးလိပ်သောက်ခြင်းနှင့်ပတ်သက်၍ ပညာရှိသောကောက်ချက် ချနိုင်ရေးအတွက် သမ္မာကျမ်းစာတွင် အကူအညီ ရှာဖွေနိုင်ပါသည်။

၁၀ ဦးဆုံး၊ စွဲလမ်းမှုပြဿနာကို သုံးသပ်ကြည့်ပါ။ အစားအသောက်အကြောင်း ပြောဆိုစဉ် ပေါလုက ဤသို့ဆိုသည်– “အဘယ်အမှုအရာ၌မျှ ငါသည်ကျွန်မခံ။” (၁ ကောရိန္သု ၆:၁၂) ပေါလုအနေဖြင့် မည်သည့်အစားအစာကိုမဆို လွတ်လွတ်လပ်လပ် စားသုံးနိုင်သော်လည်း ထိုခေတ်ကလူအချို့၏ ကိုယ်ကိုကိုယ်သိသောစိတ်သည် အကဲဆတ်ကြောင်း သူသိထားသည်။ ထို့ကြောင့် အခြားသူများကို ထိမိ၍လဲစရာမဖြစ်ရလေအောင် အစားအစာတစ်မျိုးမျိုးကို မစားရမနေနိုင်လောက်သည့်အထိ အလွန် “စွဲ” ခြင်းမျိုးမရှိဟု သူဆိုခဲ့သည်။ လူတစ်ဦးသည် ဆေးလိပ်သောက်ခြင်း—သို့မဟုတ် ဆေးငုံခြင်း—ကို မဖြတ်နိုင်လျှင် ထိုသူသည် ဆေးရွက်ကြီး၏ ‘ကျွန်ဖြစ်နေ’ သည်မှာ သေချာပါသည်။ ထို့ကြောင့် အစားအစာနှင့်ပတ်သက်၍ ပေါလု၏ပြောဆိုချက်သည် ဆေးရွက်ကြီးသုံးခြင်းအတွက် လမ်းညွှန်ချက်ကောင်းဖြစ်ပေသည်။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို စွဲစေတတ်သောအကျင့်တစ်ခုခု၏ကျွန် အဖြစ်မခံသင့်ပါ။

၁၁ ဒုတိယ၊ ညစ်ညမ်းမှုကိစ္စကို သုံးသပ်ကြည့်ပါ။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေး ရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေ” ကြကုန်အံ့။ (၂ ကောရိန္သု ၇:၁) ဆေးလိပ်သောက်ခြင်းသည် ကိုယ်ခန္ဓာကို ညစ်ညမ်းစေသည့် အညစ်အကြေးတစ်မျိုးဖြစ်သည်မှာ သံသယဖြစ်စရာမရှိ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ ဤညစ်ညမ်းမှုကြောင့် နှစ်စဉ် လူတစ်သန်းခန့် အချိန်မတန်ဘဲ သေဆုံးနေရသည် ဟူသောအချက်ကိုကြည့်ခြင်းဖြင့် ဤညစ်ညမ်းမှု၏ စိုးရိမ်စရာကောင်းပုံကို တွေ့မြင်ရသည်။ ကိုယ်ခန္ဓာ၏အညစ်အကြေးများမှ ကင်းစင်အောင်နေပါဟူသည့် သမ္မာကျမ်းစာအခြေခံမူကို လိုက်လျှောက်မည်ဆိုလျှင် ကျွန်ုပ်တို့သည် ဆေးလိပ်သောက်ခြင်းမှစ၍ မူးယစ်ဆေးဝါးနှင့် အခြားအညစ်အကြေးများကြောင့် ဖြစ်ပွားသည့် ကြီးလေးသော ကျန်းမာရေး ဘေးဥပါဒ်များမှ ကင်းဝေးနိုင်ပေမည်။

အကျိုးရှိသောစကားများ

၁၂။ သမ္မာကျမ်းစာအကြံပြုချက်သည် ကျွန်ုပ်တို့၏ကာယနှင့် စိတ်လှုပ်ရှားမှုကောင်းကျိုးနှင့် အဘယ်ကြောင့် အမြဲတစေဆက်နွှယ်နေသနည်း။

၁၂ သမ္မာကျမ်းစာအကြံပေးချက်အတိုင်းလိုက်နာလျှင် ကာယရေးအရ အကျိုးပြုသည်ဟူသောအချက်ကို မအံ့သြသင့်ပေ။ သမ္မာကျမ်းစာအကြံပေးချက်သည် ဘုရားသခင်ထံတော်မှ သက်ရောက်သည်။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အနေနှင့် ကိုယ်တော်သည် ကျွန်ုပ်တို့ ဖန်ဆင်းခံရပုံ၊ ကျွန်ုပ်တို့ လိုအပ်ရာတို့ကို ကောင်းစွာသိရှိတော်မူသည်။ (ဆာလံ ၁၃၉:၁၄-၁၆) ကိုယ်တော်၏အကြံဉာဏ်သည် ကျွန်ုပ်တို့၏ ကာယကောင်းကျိုးနှင့် စိတ်လှုပ်ရှားမှုကောင်းကျိုးတို့နှင့် အစဉ်ဆက်နွှယ်လျက်ရှိသည်။

၁၃၊ ၁၄။ မုသားစကားမပြောရဟူသော သမ္မာကျမ်းစာအကြံပြုချက်ကို လိုက်လျှောက်ခြင်းသည် အဘယ်ကြောင့် ဉာဏ်ပညာရှိလမ်းစဉ်ဖြစ်သနည်း။

၁၃ မုသားစကားမပြောရဟူသည့် အကြံပေးချက်တွင် ဤအချက်ကို တွေ့ရသည်။ မုသားစကားပြောခြင်းကို ယေဟောဝါ ရွံမုန်းသည့်အရာခုနစ်ပါးတွင် ထည့်သွင်းထားသည့်အပြင် ဗျာဒိတ်ကျမ်း၌ ဘုရားသခင့်ကမ္ဘာသစ်တွင် နေရာမရရှိသူများစာရင်းတွင် မုသားစကားပြောသူများ ပါဝင်သည်။ (သု. ၆:၁၉; ဗျာဒိတ် ၂၁:၈) သို့ဖြစ်လင့်ကစား မုသားစကားပြောခြင်းကို နေရာအနှံ့ တွေ့နေရသည်။ စီးပွားရေးမဂ္ဂဇင်းတစ်စောင်က ဤသို့မှတ်သားထားသည်– “အမေရိကန်ပြည်ထောင်စုသည် ၎င်း၏သမိုင်းတွင် ကလိမ်ကျမှု၊ လှည့်ဖြားမှုနှင့် ဆက်စပ်နေသော အလွဲသုံးစားပြုမှုကို အဆိုးရွားဆုံး တွေ့ကြုံနေရသည်။”၂

၁၄ မုသားစကားပြောခြင်းသည် ထမင်းစားရေသောက် ဖြစ်နေသော်လည်း လူ့အဖွဲ့အစည်းကိုဖြစ်စေ၊ လူတစ်ဦးချင်းကိုဖြစ်စေ ကောင်းကျိုးမပေးပါ။ ပင်တိုင်ဆောင်းပါးရှင် ကလစ်ဖော့ဒ် လောင်းလေက ဤသို့မှန်ကန်စွာ မှတ်ချက်ချသည်– “မုသားစကားသည် စိတ်နှင့် ပကတိအခြေအနေစပ်ကြား အရေးကြီးသောဆက်သွယ်ရေးကို ဖြတ်တောက်ပစ်သောကြောင့် ဘဝ၏ အနက်ရှိုင်းဆုံးအပိုင်းတွင် မုသားစကားပြောသူကိုကော၊ အပြောခံရသူကိုပါ ထိခိုက်စေသည်။”၃ အမေရိကန် စိတ်ဝေဒနာဆိုင်ရာဂျာနယ်တွင် ဤသို့ဖော်ပြထားသည်– “မုသားစကားကြောင့် အလိမ်ခံရသူများအပေါ် စိတ်ပိုင်းထိခိုက်မှုသည် အလွန်ပြင်းထန်နိုင်သည်။ ဘဝ၏အရေးကြီးသော ဆုံးဖြတ်ချက်များကို အမှန်ဟုယုံကြည်ထားသည့် မှားယွင်းသော သတင်းအချက်အလက်များအပေါ် အခြေပြုမိကောင်း ပြုမိနိုင်သည်။ မုသားစကားသည် မုသားပြောသူတို့ကိုယ်တိုင်အပေါ်လည်း တန်ပြန်ဆိုးကျိုး သက်ရောက်တတ်သည်။”၄ သမ္မာကျမ်းစာက ပညာရှိစွာ အကြံဉာဏ်ပေးသည့်အတိုင်း မှန်သောစကားပြောခြင်းသည် မည်မျှသာ၍ ကောင်းလေစွတကား!

၁၅၊ ၁၆။ အခြားသူများကို မေတ္တာပြပါဟူသည့် သမ္မာကျမ်းစာ အကြံပြုချက်ကို လိုက်လျှောက်ခြင်းသည် အဘယ်နည်းများဖြင့် ကျွန်ုပ်တို့ကို အကျိုးပြုသနည်း။

၁၅ သမ္မာကျမ်းစာသည် သာ၍အပြုသဘောဆောင်သောနည်းဖြင့် ကျွန်ုပ်တို့အား အခြားသူများအတွက် စိုးရိမ်မကင်းစိတ်ထားရန်၊ သူတို့ကို မေတ္တာပြရန်နှင့် သူတို့ကို အကူအညီပေးရန် မိန့်မှာထားသည်။ “သင်တို့သည် ကိုယ်၌သူတစ်ပါး ပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့” ဟူသော ယေရှု၏စကားကို လူသိများသည်။—မဿဲ ၇:၁၂။

၁၆ ဤစည်းမျဉ်းကို လူတိုင်းလိုက်နာကြမည်ဆိုလျှင် ကမ္ဘာကြီးသည် မည်မျှသာ၍ ကောင်းလိုက်မည်ဖြစ်ခြင်း! ထို့အပြင် အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်သည့် စိတ်ပညာဆိုင်ရာ သုတေသနပြုချက်တစ်ခုအရ လူအသီးသီးတို့သည် သာ၍ စိတ်ချမ်းသာမှု ခံစား ရကြမည်။ လေ့လာခံရသူ ၁,၇၀၀ က အခြားသူများကို အကူအညီပေးခြင်းဖြင့် စိတ်ငြိမ်သက်မှုရသည့်အပြင် ခေါင်းကိုက်ခြင်းနှင့် အသံဝင်ခြင်းကဲ့သို့သော စိတ်ဖိစီးမှုနှင့်ဆက်နွှယ်သည့် ဝေဒနာများမှ သက်သာရာရကြောင်း ဖော်ပြကြသည်။ ထိုသတင်းက ဤသို့နိဂုံးချုပ်ထားသည်– “ထို့ကြောင့်၊ သူတစ်ပါးကို ဂရုစိုက်စောင့်ရှောက်ခြင်းသည် မိမိကိုယ်ကို ဂရုစိုက်စောင့်ရှောက်ခြင်းကဲ့သို့ပင် လူ့သဘာဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပုံရသည်။”၅ ဤအချက်က “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူသော သမ္မာကျမ်းစာ၏ ပညတ်ချက်ကို သတိရစေသည်။ (မဿဲ ၂၂:၃၉; ယောဟန် ၁၃:၃၄၊ ၃၅ နှိုင်းယှဉ်။) ကိုယ့်ကိုယ်ကိုချစ်ခြင်းသည် သဘာဝပင်။ သို့သော် စိတ်လှုပ်ရှားမှုဘက် ကျန်းမာလိုပါက မိမိကိုယ်ကိုချစ်ခြင်းနှင့် သူတစ်ပါးကိုချစ်ခြင်းတို့ကို မျှမျှတတရှိစေရမည်ဟု သမ္မာကျမ်းစာက မိန့်မှာထားသည်။

အိမ်ထောင်ရေးနှင့် ကိုယ်ကျင့်တရား

၁၇။ သမ္မာကျမ်းစာ အကြံပြုချက်သည် ခေတ်မမီတော့ဟု တစ်ခါတစ်ရံ အဘယ်ကြောင့် ထင်စရာဖြစ်ရသနည်း။

၁၇ သမ္မာကျမ်းစာအကြံပေးချက်သည် နက်နဲသောဉာဏ်ပညာ၏ အထောက်အထားကို ဖော်ပြသော်လည်း လူတို့ကြားလိုသည့်စကားများကို အစဉ်အမြဲ ပြောကြားခြင်းမရှိပါ။ သမ္မာကျမ်းစာကို ခေတ်နောက်ကျပြီဟု မကြာခဏ ပြောတတ်ကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သမ္မာကျမ်းစာအကြံပေးချက်သည် ကျွန်ုပ်တို့၏ ရေရှည်ကောင်းကျိုးအတွက်ဖြစ်သော်လည်း လက်တွေ့လိုက်နာရန်အတွက် ကိုယ့်ကိုယ်ကို ဆုံးမပဲ့ပြင်ခြင်း၊ ကိုယ့်ကိုယ်ကို ခြိုးခြံခြင်း ပြုရသောကြောင့်ဖြစ်သည်; ဤအရည်အသွေးများကို ယနေ့ လူအများ မကြိုက်ကြချေ။

၁၈၊ ၁၉။ အိမ်ထောင်ရေးနှင့် ကိုယ်ကျင့်တရားအတွက် သမ္မာကျမ်းစာစံနှုန်းများကား အဘယ်နည်း။

၁၈ အိမ်ထောင်ရေးနှင့် ကိုယ်ကျင့်တရားတို့ကို သာဓကအဖြစ် သုံးသပ်ကြည့်ပါ။ ဤကိစ္စတွင် သမ္မာကျမ်းစာ၏ စံနှုန်းများသည် အလွန်တင်းကျပ်သည်။ တစ်လင်တစ်မယားစနစ်ကို သတ်မှတ်ထားသည်။ အစွန်းရောက်သည့်ကိစ္စများတွင် ကွာရှင်းခြင်း သို့မဟုတ် ခွဲနေခြင်းပြုနိုင်သည်ဟု ဖော်ပြထားသော်လည်း ယေဘုယျအားဖြင့် အိမ်ထောင်ရေးနှောင်ကြိုးသည် ရာသက်ပန်ဖြစ်သည်ဟုဆိုသည်။ “အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ‘ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်’ ဟု ကျမ်းဆိုသည်ကို သင်တို့မဖတ်ဖူးသလော။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏။ ဘုရားသခင် ဖက်စပ်၍ထမ်းပိုးတင်သောအရာကို လူမခွဲမခွာစေနှင့်။”—မဿဲ ၁၉:၄-၆; ၁ ကောရိန္သု ၇:၁၂-၁၅။

၁၉ ထို့အပြင် သမ္မာကျမ်းစာက အိမ်ထောင်ပြုထားသူများသာ သံဝါသပြုနိုင်ကြောင်း ဆိုထားသည်။ အိမ်ထောင်ပြင်ပ သံဝါသပြုမှုမှန်သမျှကို တားမြစ်ထားသည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “မတရားသောမေထုန်၌မှီဝဲသောသူ၊ ရုပ်[ပုံ]ကိုကိုးကွယ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ . . . တို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။”—၁ ကောရိန္သု ၆:၉၊ ၁၀။

၂၀။ ယနေ့ အဘယ်နည်းများဖြင့် သမ္မာကျမ်းစာ ကိုယ်ကျင့်တရားစံနှုန်းများကို အနှံ့အပြား လျစ်လျူရှုနေကြသနည်း။

၂၀ ယနေ့ ဤစံနှုန်းများကို လူအများက လျစ်လျူရှုထားကြသည်။ လူမှုရေးပညာ ပါမောက္ခ ဒေးဗစ် မက်စ်က ဤသို့မှတ်ချက်ချသည်– “ဤမျက်မှောက်ရာစုနှစ်အတွင်း ကျွန်ုပ်တို့၏ယဉ်ကျေးမှုသည် ကြီးမားသော အပြောင်းအလဲများကို တွေ့ကြုံခဲ့ရသည့်အပြင် ရှေးဓလေ့ထုံးစံနှင့် လူမှုအဆောက်အအုံ များစွာတို့သည်လည်း အခြေခံအုတ်မြစ်မှစ၍ လှုပ်ခါခံနေရပြီ။ အိမ်ထောင်ရေးလည်း မလွတ်ကင်းချေ။”၆ လျော့ရဲသောအကျင့်အကြံများသည် သာမန်ကိစ္စများဖြစ်နေသည်။ ဆယ်ကျော်သက် သမီးရည်းစားအတွဲများ သံဝါသပြုခြင်းကို များသောအားဖြင့် သာမန်အဖြစ် သဘောထားကြသည်။ ‘လိုက်ဖက်ခြင်းရှိမရှိ သေချာစေရန်’—လက်မထပ်မီ ပေါင်းသင်းခြင်းမျိုးကို မကြာခဏ တွေ့နေရသည်။ စုံတွဲများ လက်ထပ်ပြီးနောက်၌လည်း အိမ်ထောင်ပြင်ပ လိင်ကိစ္စဖောက်ပြားကြသည်မှာ အဆန်းမဟုတ်တော့ချေ။

၂၁။ သမ္မာကျမ်းစာမှ အိမ်ထောင်ရေးနှင့် ကိုယ်ကျင့်တရားစံနှုန်းများကို အနှံ့အပြား လျစ်လျူရှုခြင်းမှ အဘယ်အကျိုးရလဒ် ထွက်ပေါ်လာသနည်း။

၂၁ အကျင့်လျော့ရဲသော ဤအခြေအနေက ပျော်ရွှင်မှုပေးသလော။ မပေးပါ၊ မပျော်ရွှင်မှုနှင့် အိမ်ထောင်ပြိုကွဲစေသည့် ဗရုန်းသုန်းကားဖြစ်ခြင်း—ကြီးမားသော ဗရုန်းသုန်းကားဖြစ်ခြင်း—ကိုသာဖြစ်ပေါ်စေသည်။ အကျင့်လျော့ရဲမှုကြောင့် တိုက်ရိုက်ဖြစ်ရသည့် လိင်ဆိုင်ရာကူးစက်တတ်သော ကပ်ရောဂါများလည်းရှိသေးသည်။ ဂနို၊ ဆစ်ဖလစ်၊ ကလယ်မီဒီးယား အစရှိသောရောဂါများ ကူးစက်ပြန့်ပွားမှုသည် ထိန်းချုပ်မရသောအခြေသို့ ရောက်နေသည်။ မကြာသေးမီနှစ်များအတွင်း ပြည့်တန်ဆာလုပ်ငန်းနှင့် လိင်တူဆက်ဆံမှုတို့ကြောင့် အေအိုင်ဒီအက်စ်ရောဂါ ပြန့်ပွားမှု အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ ကိုယ်တိုင် ကလေးဘဝမလွန်မြောက်သေးမီ ကလေးအမေဖြစ်ရသည့် မိန်းကလေးများမှာလည်း တစ်နေ့တခြား များပြားလာသည်။ အမျိုးသမီးရိပ်မြုံဂျာနယ်က ဤသို့မှတ်ချက်ချသည်– “ခြောက်ဆယ်နှင့် ခုနစ်ဆယ်ပြည့်လွန်နှစ်များမှ လိင်ကိုအလေးပေးမှုသည် အဆုံးမရှိသော ပျော်ရွှင်မှုကိုမဟုတ်ဘဲ ယူကျုံးမရသော စိတ်ဆင်းရဲရမှုကိုသာ ဆောင်ကြဉ်းပေးခဲ့သည်။”၇

၂၂။ ကိုယ်ကျင့်တရားဘက်တွင် အကြီးမားဆုံးပျော်ရွှင်မှုကို အဘယ်အရာက ဆောင်ကြဉ်းပေးသနည်း။

၂၂ ထို့ကြောင့် လူမှုရေးပညာ ပါမောက္ခ ကားလ်ဖရက် ဘီ. ဘရိုဒါရစ်ခ်၏ အောက်ပါမှတ်ချက်မျိုးကို ယခုအခါ ကျွန်ုပ်တို့ကြားလာရသည်– “ကျွန်ုပ်တို့သည် အိမ်ထောင်မပြုမီ သံဝါသမပြုဘဲ ရှောင်ကြဉ်ခြင်းကို နိုင်ငံသားတို့၏ လိုအပ်ချက်နှင့် လွတ်လပ်ခွင့်—ရောဂါဘေးရမှုမှလွတ်လပ်ခွင့်၊ မလိုချင်သောကိုယ်ဝန်မှ လွတ်လပ်ခွင့်—တို့အတွက် အကျိုးအရှိဆုံး မူဝါဒတစ်ခုအဖြစ် အားပေးခြင်းသည် အကောင်းဆုံးဖြစ်မဖြစ် သုံးသပ်နိုင်သည့် ရင့်ကျက်သူများ ဖြစ်နေလောက်ပါပြီ။”၈ မှန်ပါသည်၊ သမ္မာကျမ်းစာ၏ ကိုယ်ကျင့်တရားစံနှုန်းသည် ရေရှည်တွင် အကြီးမားဆုံးသောပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးကြောင်း သက်သေထူခဲ့ပြီ။

အမှန်ပင် တာသွားသည့်အခြေခံမူများ

၂၃။ (က) အိမ်ထောင်တစ်ခု မသာယာလျှင် ကွာရှင်းခြင်းသည် တစ်ခုတည်းသော ဖြေရှင်းနိုင်သည့်နည်းလမ်း ဖြစ်သလော။ (ခ) ပျော်ရွှင်ချမ်းမြေ့ပြီး ခိုင်မြဲသောအိမ်ထောင်တစ်ခုအတွက် သော့ချက်နှစ်ခုကား အဘယ်နည်း။

၂၃ အိမ်ထောင်ရေးသည် ရာသက်ပန်ပေါင်းသင်းမှုဖြစ်သောကြောင့် အိမ်ထောင်ရေးအောင်မြင်အောင် မည်သို့လုပ်ဆောင်ရမည်ကို သိဖို့လိုသည်။ မသာယာသောအိမ်ထောင်ကို ဆက်လက်ထိန်းသိမ်းပြီး စိတ်ဆင်းရဲခံနေမည့်အစား ခွဲလိုက်ခြင်းက သာ၍ကောင်းသည်ဟု လူအချို့က အကြောင်းပြကြသည်။ သို့သော် ရွေးချယ်စရာနောက်တစ်ခုရှိပါသည်– မသာယာမှုကိုဖြစ်စေသည့် ပြဿနာများကိုဖြေရှင်းရန် အားထုတ်ခြင်းဖြစ်သည်။ ဤကား သမ္မာကျမ်းစာ ထောက်ကူပေးသည့် နောက်ကဏ္ဍတစ်ရပ်ဖြစ်သည်။ အိမ်ထောင်ဖက်အပေါ် သစ္စာရှိရန် မည်သို့အကြံဉာဏ်ပေးထားသည်ကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ပြီးဖြစ်ရာ ၎င်းသည် သာယာတည်မြဲသော အိမ်ထောင်တစ်ခုအတွက် သော့ချက်တစ်ခုဖြစ်သည်။ နောက်တစ်ခုမှာ အိမ်ထောင်တစ်ခုတွင် ဦးစီးတစ်ဦးတည်းသာရှိနိုင်ကြောင်း အသိအမှတ်ပြုခြင်းဖြစ်ပြီး ထိုဦးစီးမှာ လင်သားဖြစ်ရမည်ဟု သမ္မာကျမ်းစာကဆိုသည်။ ဇနီးဖြစ်သူသည် လင်သားကို ထောက်ခံအားပေးရန်ဖြစ်ပြီး လင်သား၏ရာထူးကို စောဒကမတက်ရန် အကြံပေးထားသည်။ တစ်ဖက်တွင် ယောက်ျားဖြစ်သူသည် တစ်ကိုယ်ကောင်းမဆန်ဘဲ ဇနီးဖြစ်သူ၏ကောင်းကျိုးအတွက် မိမိ၏ရာထူးကို အသုံးပြုရန် မိန့်မှာထားသည်။—၁ ကောရိန္သု ၁၁:၃; ၁ တိမောသေ ၂:၁၁-၁၄။

၂၄၊ ၂၅။ အိမ်ထောင်တွင် လင်နှင့်မယားတို့အနေဖြင့် ၎င်းတို့၏ လျောက်ပတ်သောတာဝန်ကို ကျေပွန်ရန် သမ္မာကျမ်းစာက မည်သို့တိုက်တွန်းသနည်း။

၂၄ လင်ယောက်ျားများအား သမ္မာကျမ်းစာက ဤသို့မိန့်မှာသည်– “ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ ကိုယ်အသားကိုမုန်းသောသူ တစ်ယောက်မျှမရှိ။” (ဧဖက် ၅:၂၈၊ ၂၉) မေတ္တာပြည့်ဝသော လင်ယောက်ျားသည် မိမိ၏အခွင့်အာဏာကို ထောက်ထားစာနာသောနည်းဖြင့် အသုံးပြုသည်။ မိမိသည် ဦးစီးဖြစ်သော်လည်း ဇနီးဖြစ်သူကို ထောက်ထား၍ တိုင်ပင်သင့်သည်တို့ကို သူသတိရသည်။ အိမ်ထောင်ရေးသည် တွဲဖက်လုပ်ဆောင်ခြင်းဖြစ်သည်၊ အာဏာရှင်စနစ်မဟုတ်။

၂၅ ဇနီးသည်များအတွက် သမ္မာကျမ်းစာအကြံပေးချက်တွင် ဤစကားများပါဝင်သည်– “မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို အလွန်ရိုသေခြင်းရှိစေလော့။” (ဧဖက် ၅:၃၃၊ ကဘ) ဇနီးဖြစ်သူသည် ခင်ပွန်းဖြစ်သူ၏ရာထူးကြောင့် သူ့အား ရိုသေလေးစားမည်။ ခင်ပွန်းဖြစ်သူသည် ဇနီးအတွက် စိုးရိမ်ကြောင့်ကြပေးခြင်းဖြင့် သူ၏မေတ္တာကို ထင်ရှားပြသကဲ့သို့ ဇနီးဖြစ်သူကလည်း ခင်ပွန်းသည်အား ထောက်ခံအားပေးခြင်းဖြင့် မိမိ၏ ရိုသေလေးစားမှုကို ထင်ရှားပြသမည်ဖြစ်သည်။ ခေတ်သစ်အတွေးအခေါ်ရှိသူအများအတွက် ဤကဲ့သို့သော အကြံဉာဏ်သည် လက်မခံနိုင်စရာဖြစ်သည်။ သို့သော် သမ္မာကျမ်းစာအကြံပေးချက်အတိုင်း မေတ္တာနှင့်လေးစားမှုအပေါ် မိမိတို့၏ဆက်ဆံရေးကို အခြေခံသည့် တွဲဖက်လုပ်ဆောင်မှုများသည် အစဉ်သဖြင့် ပျော်ရွှင်စရာဖြစ်သည်။

၂၆။ အိမ်ထောင်ရေးအတွက် သမ္မာကျမ်းစာစံနှုန်းများသည် အမှန်ပင် တာသွားသလော။ နမူနာပေးရှင်းပြပါ။

၂၆ ဤကဏ္ဍတွင် သမ္မာကျမ်းစာအကြံဉာဏ်သည် အမှန်ပင်အကျိုးဖြစ်ထွန်းကြောင်း တောင်ပစိဖိတ်ဒေသမှ တွေ့ကြုံမှုတစ်ခုတွင် တွေ့မြင်ရသည်။ ထိုဒေသမှမောင်နှံတစ်စုံသည် အိမ်ထောင်သက် ဆယ်နှစ်ကြာပြီးနောက် သူတို့၏အိမ်ထောင်ရေး ပျက်ပြားနေပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။ သို့နှင့် ခွဲနေရန် စ၍စီစဉ်တော့သည်။ ထိုအခါ ဇနီးဖြစ်သူသည် ယေဟောဝါသက်သေတစ်ဦးနှင့် စကားပြောဆိုသည်။ သူနှင့်သက်သေခံတို့သည် အိမ်ထောင်ရှင်များအတွက် သမ္မာကျမ်းစာအကြံပြုချက်ကို လေ့လာကြသည်။ လင်သားဖြစ်သူက ဤသို့ဆိုသည်– “ကျွန်တော့်ဇနီးဟာ သမ္မာကျမ်းစာအခြေခံမူတွေကို သိရှိလာတာနဲ့အမျှ သူရဲ့အသက်တာမှာ ကြိုးစားပြီး လက်တွေ့ကျင့်သုံးခဲ့တယ်။ သီတင်းပတ်အနည်းငယ်အကြာမှာ တော်တော်လေး ပြောင်းလဲသွားတာတွေကို ကျွန်တော်သတိထားမိလိုက်တယ်။” သူလည်း စိတ်ပါဝင်စားလာပြီး ကျမ်းစာသင်ရာ၌ ဇနီးဖြစ်သူနှင့်အတူပါဝင်ရန် သဘောတူလက်ခံလိုက်ရာ အိမ်ထောင်သည်အမျိုးသားများအတွက် သမ္မာကျမ်းစာအကြံပေးချက်ကို သင်ယူသိရှိလာသည်။ ရလဒ်ကားအသို့နည်း။ သူဤသို့ဆိုသည်– “အမှန်တကယ် သာယာပျော်ရွှင်တဲ့ မိသားစုဘဝအတွက် အခြေအမြစ်ကို အခု ကျွန်တော်တို့ တွေ့ရှိရပါပြီ။”

၂၇။ အဘယ် သမ္မာကျမ်းစာ အခြေခံမူများကို လက်တွေ့ကျင့်သုံးခြင်းဖြင့် စီးပွားရေးမပြေလည်သော ခရစ်ယာန်များကို အထောက်အကူပေးနိုင်သနည်း။

၂၇ ဆင်းရဲနွမ်းပါးမှုပြဿနာကို ဖြေရှင်းရာ၌လည်း သမ္မာကျမ်းစာအကြံပြုချက်သည် အထောက်အကူပြုကြောင်းသက်သေထူသည့် နောက်ကဏ္ဍတစ်ခုဖြစ်သည်။ ဥပမာ၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ကြူးခြင်းတို့သည် သမ္မာကျမ်းစာအခြေခံမူများနှင့် ဆန့်ကျင်ဖီလာဖြစ်သည့်အပြင် အကန့်အသတ်ရှိသော ဥစ္စာအင်ခွင်ကို ဖြုန်းတီးပစ်သည်။ (သု. ၂၃:၁၉-၂၁) ၎င်းပြင် သမ္မာကျမ်းစာက ကြိုးစားအားထုတ်မှုကို အားပေးထားသည်။ အလုပ်ကြိုးစားသူတစ်ဦးသည် များသောအားဖြင့် ပျင်းရိသူ သို့မဟုတ် ဘဝကိုအရှုံးပေးသူတစ်ဦးထက် မိမိ၏မိသားစုကို ကျွေးမွေးရန်နည်းလမ်း ပို၍ရှာတွေ့နိုင်သည်။ (သု. ၆:၆-၁၁; ၁၀:၂၆) ထို့အပြင် “မတရားသဖြင့်ပြုသောသူတို့ကို မငြူစူနှင့်” ဟူသည့်အကြံပြုချက်ကို လိုက်နာခြင်းဖြင့် လူတစ်ဦးသည် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရာနည်းလမ်းအဖြစ် ရာဇဝတ်မှု သို့မဟုတ် လောင်းကစားမှု ကဲ့သို့သောအရာများ ပြုလုပ်မိခြင်းမှ ရှောင်ကွင်းနိုင်မည်။ (ဆာလံ ၃၇:၁) ဤကဲ့သို့သောလုပ်ရပ်များသည် ငွေကြေးအခက်အခဲကို အမြန်ဆုံးဖြေရှင်းပေးသည့်နည်းလမ်း ဖြစ်ပုံရသော်လည်း ရေရှည်အကျိုးမှာ လွန်စွာမှခါးသီးလှသည်။

၂၈-၃၀။ (က) သမ္မာကျမ်းစာ အခြေခံမူများကို လက်တွေ့ကျင့်သုံးခြင်းဖြင့် ခရစ်ယာန်အမျိုးသမီးတစ်ဦးအား ဆင်းရဲနွမ်းပါးမှုကို ဖြေရှင်းရန် မည်သို့အထောက်အကူပေးခဲ့သနည်း။ (ခ) စီးပွားရေးနွမ်းပါးသော ခရစ်ယာန် အထောင်အသောင်းတို့၏ တွေ့ကြုံမှုများက အဘယ်အရာကို သက်သေခံနေသနည်း။

၂၈ ဤအကြံပြုချက်သည် အလွန်ဆင်းရဲသူများအတွက် အမှန်ပင် အကူအညီဖြစ်စေသလော၊ သို့တည်းမဟုတ် စိတ်ကူးယဉ် အယူအဆမျှသာ ဖြစ်သလော။ အဖြေမှာ ကမ္ဘာတစ်ဝန်းမှ တွေ့ကြုံမှုများစွာက တင်ပြသည့်အတိုင်း ထိုအကြံဉာဏ်သည် အကျိုးဖြစ်ထွန်းပါသည်။ သာဓကအဖြစ် ဝင်ငွေလည်းမရှိ၊ သားငယ်တစ်ယောက်ကိုပါ ကြည့်ရှုစောင့်ရှောက်ရသည့် အာရှတိုက်မှ ခရစ်ယာန် မုဆိုးမတစ်ယောက်အကြောင်း သုံးသပ်ကြည့်ပါ။ သူတို့သားအမိနှစ်ယောက်ကို သမ္မာကျမ်းစာက မည်သို့ အထောက်အကူပေးခဲ့သနည်း။

၂၉ ထိုအမျိုးသမီးသည် သမ္မာကျမ်းစာ အကြံပေးသည့်အတိုင်း ဝီရိယစိုက်ထုတ်ကြိုးစား၍ အင်္ကျီချုပ်ရောင်းသည်။ သမ္မာကျမ်းစာ အကြံပေးသည့်အတိုင်း ရိုးသားပြီး ယုံကြည်ရသူဖြစ်သောကြောင့် မကြာမီ ပုံမှန်ဖောက်သည်များ ရရှိလာသည်။ (ကောလောသဲ ၃:၂၃) ထို့နောက် သူ့အိမ်၏အခန်းလေးတစ်ခန်းကို စားသောက်ဆိုင်အဖြစ် ပြောင်းလဲလိုက်ပြီး နံနက်တိုင်း လေးနာရီခန့်တွင် အိပ်ရာထ၍ ရောင်းချရန်အစားအစာများကို ပြင်ဆင်ချက်ပြုတ်ခြင်းဖြင့် အပိုဝင်ငွေရရှိလာသည်။ “ဒါတောင်မှ ရိုးရိုးလေးပဲ နေထိုင်စားသောက်ရတယ်” ဟုသူက ဆိုသည်။ သို့သော် သမ္မာကျမ်းစာ၏ ဤအကြံဉာဏ်ကိုလည်း သူသတိရသည်– “စားရန်၊ ဝတ်ရန် ရှိသမျှနှင့်ရောင့်ရဲလျက် နေကြကုန်အံ့။”—၁ တိမောသေ ၆:၈။

၃၀ ထိုအမျိုးသမီးက ဤသို့ထပ်ပြောသည်– “သိပ်ဆင်းရဲနွမ်းပါးပေမဲ့လည်း စိတ်မကျေမချမ်းဖြစ်တာမျိုး၊ စိတ်နာကြည်းတာမျိုး မရှိပါဘူး။ သမ္မာကျမ်းစာအမှန်တရားက အကောင်းမြင်သဘောထားရှိဖို့ ဖြည့်ဆည်းပေးပါတယ်။” ထို့အပြင် ယေရှုပေးခဲ့သည့် မှတ်သားဖွယ် ကတိတော်သည် သူအား အမှန်ပင် အကျိုးပြုကြောင်း သူတွေ့ရှိခဲ့သည်။ ကိုယ်တော်က ဤသို့မိန့်တော်မူသည်– “ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများ [ရုပ်ပစ္စည်းလိုအပ်ရာများ] ကိုထပ်၍ ပေးတော်မူလတ္တံ့။” (မဿဲ ၆:၃၃) သူ့အသက်တာတွင် ဘုရားသခင့် အမှုတော်ထမ်းဆောင်ခြင်းကို ရှေးဦးထားခြင်းဖြင့် ရုပ်ပစ္စည်းလိုအပ်ရာများကို တစ်နည်းနည်းဖြင့် အမြဲရရှိနေကြောင်း တွေ့ကြုံလာခဲ့သည်။ ဤခရစ်ယာန်အမျိုးသမီး၏ အတွေ့အကြုံများနှင့်တကွ စီးပွားရေးမပြေလည်သော မရေမတွက်နိုင်သည့် အခြားခရစ်ယာန်များ၏ အတွေ့အကြုံများက သမ္မာကျမ်းစာ၏ အကြံပြုချက်သည် အမှန်ပင် အကျိုးဖြစ်ထွန်းကြောင်း ထပ်ဆင့်သက်သေခံနေသည်။

၃၁။ သမ္မာကျမ်းစာ အကြံပြုချက်ကို ကျွန်ုပ်တို့ လိုက်လျောက်သည့်အခါ မည်သည့်အရာဖြစ်လာသနည်း။ ဤအချက်က အဘယ်အရာကို သက်သေခံသနည်း။

၃၁ ဤအခန်းတွင် သမ္မာကျမ်းစာ၏ အကြံပြုချက်နှင့် အကြံဉာဏ် တစ်ပုံတစ်ပင်ကြီးအနက်မှ အနည်းငယ်မျှကိုသာ ဖော်ပြပြီး ဤအကြံပြုချက် အကျိုးဖြစ်ထွန်းစေသည့် ကိစ္စရပ်အနည်းငယ်ကိုသာ ကျွန်ုပ်တို့တွေ့မြင်ခဲ့ကြသည်။ ဖော်ပြပါတွေ့ကြုံမှုမျိုး အထောင်အသောင်းပင်ရှိသည်။ လူတို့သည် သမ္မာကျမ်းစာအတိုင်း လိုက်နာသည့်အခါ အကျိုးဖြစ်ထွန်းမှုရှိသည်မှာ အကြိမ်ကြိမ်အလီလီပင်။ လျစ်လျူရှုသည့်အခါ ဘေးတွေ့ရလေသည်။ ရှေးခေတ်၊ မျက်မှောက်ခေတ် အဘယ်အကြံပြုချက်ပေါင်းချုပ်မျှ ဤမျှလောက် လူအမျိုးအနွယ်အားလုံးကို တစ်ပြေးညီ အကျိုးပြုပြီး သက်ဆိုင်ခြင်းမရှိပါ။ ဤကဲ့သို့သော ဉာဏ်ပညာရှိသည့် အကြံပြုချက်သည် လူ့ဉာဏ်ပညာမျှသာ မဖြစ်နိုင်ပေ။ သမ္မာကျမ်းစာ၌ ဤမျှကြွယ်ဝသော ဉာဏ်ပညာဘဏ္ဍာ ပြည့်ဝနေသည့်အချက်က သမ္မာကျမ်းစာသည် ဘုရားသခင့် နှုတ်မြွက်စကားတော်ဖြစ်ကြောင်းပြဆိုသည့် အားကောင်းသောအထောက်အထားပင်ဖြစ်သည်။

[စာမျက်နှာ ၁၆၈ ပါ အကျဉ်းဖော်ပြချက်]

ကူညီတတ်သောသဘောထားသည် လူတိုင်းကို အကျိုးပြုသည်

[စာမျက်နှာ ၁၆၃ ပါ ရုပ်ပုံ]

ပညာရှိတို့နှင့်ပေါင်းခြင်းသည် ကျွန်ုပ်တို့အား ပညာရှိဖြစ်စေသည်၊ သို့သော် လူမိုက်နှင့်ပေါင်းသင်းခြင်းသည် ကျွန်ုပ်တို့အား ဆိုးဆိုးရွားရွား ထိခိုက်စေမည်

[စာမျက်နှာ ၁၆၅ ပါ ရုပ်ပုံ]

ဆေးလိပ်သောက်ခြင်းသည် သမ္မာကျမ်းစာ အခြေခံမူများကို ဆန့်ကျင်သောကြောင့် ရှောင်ကြဉ်ရမည်

[စာမျက်နှာ ပါ ရုပ်ပုံ1]

[စာမျက်နှာ ၁၇၁ ပါ ရုပ်ပုံ]

အိမ်ထောင်ရေးတွင် သမ္မာကျမ်းစာ အကြံပြုချက်ကို လိုက်နာသူတို့သည် ပျော်ရွှင်ချမ်းမြေ့မှုအတွက် ခိုင်လုံသောအခြေအမြစ်ရှိ၏

[စာမျက်နှာ ၁၇၃ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ အကြံပြုချက်ကိုကျင့်သုံးခြင်းသည် ကြီးလေးသော ဆင်းရဲနွမ်းပါးခြင်း ပြဿနာများကို ကိုင်တွယ်နိုင်အောင် လူတို့အား အကူအညီပေး၏

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ