သင်၏လျှာကို ထိန်းခြင်းဖြင့် မေတ္တာနှင့် လေးစားမှုပြလော့
“သင်တို့သည် အသီးအသီးကိုယ်ကိုကိုယ်ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။”—ဧဖက် ၅:၃၃။
၁၊ ၂။ အိမ်ထောင်သည်အားလုံး မိမိတို့ကိုယ်ကို အဘယ်အရေးကြီးမေးခွန်း မေးသင့်သနည်း။ အဘယ်ကြောင့်နည်း။
“သတိဖြင့် ကိုင်တွယ်ပါ” ဟူသော စာတန်းပါသည့် ပါကင်ပိတ်လက်ဆောင်တစ်ထုပ်ကို သင်ရရှိသည်ဆိုပါစို့။ မည်သို့ကိုင်တွယ်မည်နည်း။ မပျက်စီးသွားစေရန် သတိကြီးစွာ ကိုင်တွယ်မည်မှာသေချာသည်။ အိမ်ထောင်မင်္ဂလာတည်းဟူသော ဆုလက်ဆောင်နှင့်ပတ်သက်၍ကော။
၂ မိန်းမငယ်နှစ်ဦးဖြစ်သည့် ဩရပနှင့်ရုသကို နောမိ ဤသို့ဆိုသည်– “ယေဟောဝါသည် သင်တို့ကို ဆုလက်ဆောင်ပေးသနားတော်မူပြီး သင်တို့တစ်ဦးစီ၏လင်ယောက်ျားများအိမ်တွင် ကောင်းမွန်သောခိုနားရာအရပ်ဖြစ်စေရန် ပြုပေးပါစေ။” (ရုသ ၁:၃-၉၊ ကဘ) ဇနီးကောင်းတစ်ဦးအကြောင်း သမ္မာကျမ်းစာ ဤသို့ဆိုသည်– ‘အိမ်နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာဖြစ်၏။ ပညာသတိရှိသောမယားမူကား ထာဝရဘုရားသခင် ပေးသနားတော်မူရာဖြစ်၏။’ (သု. ၁၉:၁၄) သင်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ပါက သင့်အိမ်ထောင်ဖက်ကို ဘုရားသခင်ပေးသနားတော်မူသော ဆုလက်ဆောင်အဖြစ်ရှုမြင်ဖို့လိုသည်။ ဘုရားသခင်ပေးသော ထိုလက်ဆောင်ကို သင်မည်သို့ကိုင်တွယ်နေသနည်း။
၃။ တမန်တော်ပေါလု၏ အဘယ်တိုက်တွန်းချက်ကို ဇနီးမောင်နှံများ ကျင့်သုံးသင့်သနည်း။
၃ ပထမရာစုခရစ်ယာန်များထံ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “သင်တို့သည် အသီးအသီးကိုယ်ကိုကိုယ်ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို [“အလွန်၊” ကဘ] ရိုသေခြင်းရှိစေလော့။” (ဧဖက် ၅:၃၃) ဇနီးမောင်နှံများသည် မိမိတို့၏အပြောအဆိုနှင့်စပ်လျဉ်း၍ အဆိုပါတိုက်တွန်းချက်ကို မည်သို့ကျင့်သုံးနိုင်ကြောင်း သုံးသပ်ကြည့်ပါ။
“မဆုံးမ,နိုင်သောအဆိုးအညစ်” ကို သတိပြုလော့
၄။ လျှာသည် မည်သို့ ကောင်းကျိုးဆိုးကျိုးသက်ရောက်နိုင်သနည်း။
၄ ကျမ်းရေးသူယာကုပ်က လျှာသည် “မဆုံးမ,နိုင်သောအဆိုးအညစ်ဖြစ်” ပြီး “သေစေတတ်သောအဆိပ်အတောက်နှင့် ပြည့်စုံ၏” ဟုဆိုခဲ့သည်။ (ယာကုပ် ၃:၈) မဆုံးမ,နိုင်သောလျှာသည် အလွန်ထိခိုက်ပျက်စီးစေသည်ဟူသော အရေးပါအမှန်တရားကို ယာကုပ်သိသည်။ နယပုံပြင်ကျမ်းတွင် အဆင်အခြင်မဲ့စကားများကို “သန်လျက်” နှင့်နှိုင်းယှဉ်ထားကြောင်းလည်း သူကောင်းစွာသိထားမည်မှာ သေချာသည်။ ယင်းနှင့်ဆန့်ကျင်လျက် “ပညာရှိတို့၏လျှာမူကား အနာကိုပင်ပျောက်စေတတ်၏” ဟု ထိုကျမ်းကဆက်ဆိုသည်။ (သု. ၁၂:၁၈) မှန်ပါသည်။ စကားလုံးများသည် အလွန်အစွမ်းထက်လှသည်။ ထိခိုက်နစ်နာစေနိုင်သကဲ့သို့ ကုစားပေးနိုင်သည်။ သင်၏စကားကြောင့် သင့်အိမ်ထောင်ဖက် မည်သို့ခံစားရသနည်း။ သူ့ကို ထိုသို့မေးကြည့်ပါက သူမည်သို့ဖြေမည်နည်း။
၅၊ ၆။ လျှာကိုထိန်းရန် အချို့သူတို့အတွက် အဘယ်ကြောင့်ခက်ခဲသနည်း။
၅ ထိခိုက်နစ်နာစေသောစကားများ အိမ်ထောင်အတွင်းသို့ စိမ့်ဝင်လာပါက အခြေအနေကို သင် ပြုပြင်ပြောင်းလဲနိုင်ပါသည်။ သို့သော် ကြိုးစားအားထုတ်ဖို့တော့လိုသည်။ အဘယ်ကြောင့်နည်း။ အကြောင်းရင်းတစ်ခုမှာ သင်သည် မစုံလင်သောသွေးသားနှင့် ဆိုင်ပြိုင်တိုက်လှန်နေရသောကြောင့်ဖြစ်သည်။ အမွေခံထားရသောအပြစ်က ကျွန်ုပ်တို့၏စဉ်းစားပုံ၊ သူတစ်ပါးနှင့်စကားပြောဆိုပုံတို့ကို အပျက်သဘော လွှမ်းမိုးနိုင်သည်။ “စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား စုံလင်သောသူဖြစ်၏။ မိမိကိုယ်တစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏” ဟုယာကုပ်ရေးသားခဲ့သည်။—ယာကုပ် ၃:၂။
၆ လူ့မစုံလင်မှုအပြင် မိသားစုနောက်ခံကလည်း လျှာကိုအလွဲသုံးခြင်း၏ နောက်အကြောင်းရင်းတစ်ခုဖြစ်သည်။ အချို့သူတို့သည် ‘ထော်လော်ကန့်လန့်လုပ်သော၊ ချုပ်တည်းခြင်းမရှိသော၊ ပြင်းထန်သော’ မိဘများ၏လက်အောက်တွင် ကြီးပြင်းလာကြသည်။ (၂ တိမောသေ ၃:၁-၃၊ ကဘ) ထိုသို့သောဝန်းကျင်ရှိသားသမီးများ ကြီးပြင်းလာသောအခါ အဆိုပါစရိုက်များ တင်ပြလာတတ်ကြသည်။ ထိခိုက်နစ်နာစေသောစကားသည် မစုံလင်မှု သို့မဟုတ် ကြီးပြင်းလာပုံတို့ကြောင့်ဖြစ်သည်ဟု ဆင်ခြေပေး၍မရသည်မှာ မှန်ပါသည်။ သို့သော် အထက်ပါအချက်များကိုသိထားခြင်းဖြင့် ထိခိုက်နစ်နာစေသောစကားများ မပြောမိအောင် လျှာကိုထိန်းဖို့ အချို့သူတို့အတွက် အဘယ်ကြောင့်ခက်ခဲကြောင်း နားလည်နိုင်မည်ဖြစ်သည်။
‘ကဲ့ရဲ့ခြင်းကို ပယ်ရှားလော့’
၇။ “ကဲ့ရဲ့ခြင်းရှိသမျှကိုပယ်ရှား” ရန် ခရစ်ယာန်များအား ပေတရုသတိပေးသောအခါ အဘယ်အရာကို သူဆိုလိုသနည်း။
၇ အိမ်ထောင်တွင် ထိခိုက်နစ်နာစေသောစကားများကို မည်သည့်အကြောင်းကြောင့်ပြောဆိုပါစေ ယင်းတို့သည် အိမ်ထောင်ဖက်ကို မေတ္တာနှင့်လေးစားမှုမရှိကြောင်း တင်ပြရာရောက်သည်။ အကြောင်းကောင်းရှိ၍ ပေတရုက ခရစ်ယာန်များအား “ကဲ့ရဲ့ခြင်းရှိသမျှကိုပယ်ရှား” ရန် သတိပေးခဲ့သည်။ (၁ ပေတရု ၂:၂၊ ၃) “ကဲ့ရဲ့ခြင်း” ဟုပြန်ဆိုထားသော ဂရိစကားလုံးသည် “ချိုးချိုးဖဲ့ဖဲ့စော်ကားသောစကား” ဟုအဓိပ္ပာယ်ရသည်။ ယင်းက ‘လူတို့ကိုစကားလုံးများဖြင့် တရစပ်ပစ်ခတ်ခြင်း’ ဟူသောသဘောဆောင်သည်။ မဆုံးမ,နိုင်သောလျှာ၏ဆိုးကျိုးကို အလွန်ထိရောက်စွာ ဖော်ပြလိုက်ခြင်းပင်!
၈၊ ၉။ စော်ကားသောစကားက အဘယ်ဆိုးကျိုးဖြစ်စေပြီး အိမ်ထောင်သည်များ အဘယ်ကြောင့် ရှောင်သင့်သနည်း။
၈ စော်ကားသောစကားသည် သိပ်မပြင်းထန်ပုံရပေမည်။ သို့သော် လင်ယောက်ျား သို့မဟုတ် ဇနီးသည်တစ်ဦး အဆိုပါစကားများပြောဆိုလျှင် အဘယ်အရာဖြစ်နိုင်ကြောင်း စဉ်းစားကြည့်ပါ။ မိမိအိမ်ထောင်ဖက်ကို ငတုံး၊ ငပျင်း၊ အတ္တသမားဟုသမုတ်ခြင်းသည် သူ၏စရိုက်တစ်ခုလုံးကို ရှုတ်ချလိုက်သည့်သဘောဖြစ်သည်! ယင်းက အမှန်ရက်စက်ပါသည်။ အိမ်ထောင်ဖက်၏အားနည်းချက်များကို အကျယ်ချဲ့ပြောခြင်းကော။ “ရှင်အမြဲနောက်ကျတယ်” သို့မဟုတ် “ငါပြောတာ မင်းဘယ်တော့မှနားမထောင်ဘူး” ဟုပြောခြင်းသည် အမှန်ပင် အကျယ်ချဲ့နေခြင်းမဟုတ်လော။ ထိုအခါ တစ်ဖက်သားက မခံချင်စိတ်ဖြင့်တုံ့ပြန်ပေမည်။ ယင်းမှတစ်ဖန် ဒေါသအိုးပေါက်ကွဲသည်အထိ ဖြစ်လာနိုင်သည်။—ယာကုပ် ၃:၅။
၉ စော်စော်ကားကားပြောဆိုခြင်းသည် အိမ်ထောင်ရေးကို တင်းမာစေပြီး ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သည်။ နယပုံပြင် ၂၅:၂၄ က ဤသို့ဆိုသည်– “ရန်တွေ့တတ်သောမိန်းမနှင့် လူများသောအိမ်၌နေသည်ထက် အိမ်မိုးပေါ်ထောင့်ထဲမှာနေသော် သာ၍ကောင်း၏။” ရန်တွေ့တတ်သောယောက်ျားလည်း ထိုနည်းတူပင်။ နှစ်ဦးစလုံး၏ထေ့ငေါ့သောစကားများက ဆက်ဆံရေးကို တိုက်စားပစ်ပြီး မိမိသည် အချစ်မခံရသူ၊ ချစ်စရာမကောင်းသူအဖြစ်ပင် ခင်ပွန်း သို့မဟုတ် ဇနီးတစ်ဦး ခံစားရနိုင်သည်။ ရှင်းနေသည်မှာ လျှာကိုထိန်းရန် အရေးကြီးသည်ဟူသောအချက်ပင်။ သို့သော် မည်သို့ပြုလုပ်နိုင်သနည်း။
‘လျှာကိုချုပ်တည်းလော့’
၁၀။ လျှာကိုချုပ်ထိန်းရန် အဘယ်ကြောင့် အရေးကြီးသနည်း။
၁၀ “လျှာကိုကား အဘယ်လူမျှမအောင်နိုင်” ဟု ယာကုပ် ၃:၈ တွင် ဖော်ပြထားသည်။ သို့သော် မြင်းစီးသူတစ်ဦးသည် ဇက်ကြိုးကိုဆွဲခြင်းဖြင့် မြင်းကို ချုပ်ထိန်းနိုင်သည့်နည်းတူ ကျွန်ုပ်တို့၏လျှာကို ချုပ်ထိန်းရန် အတတ်နိုင်ဆုံးကြိုးစားသင့်သည်။ “သင်တို့တွင် အကြင်သူသည် သီလဆောက်တည်ဟန်ပြုသော်လည်း မိမိနှုတ်ကိုမချုပ်တည်း၊ မိမိနှလုံးကိုလှည့်ဖြား၏။ ထိုသူ၏သီလသည် အချည်းနှီးသက်သက်ဖြစ်၏။” (ယာကုပ် ၁:၂၆; ၃:၂၊ ၃) လျှာကိုအသုံးပြုပုံသည် အရေးကြီးသောကိစ္စဖြစ်ကြောင်း ထိုစကားများက ဖော်ပြသည်။ ယင်းသည် သင်နှင့်သင့်အိမ်ထောင်ဖက်၏ဆက်ဆံရေးကိုသာမက သင်နှင့်ယေဟောဝါ၏ဆက်ဆံရေးကိုပါ ထိခိုက်စေသည်။—၁ ပေတရု ၃:၇။
၁၁။ သဘောထားကွဲလွဲမှုမှ ဒေါသအိုးပေါက်ကွဲသည်အထိ ဖြစ်မလာရန် မည်သို့တားဆီးနိုင်သနည်း။
၁၁ သင့်အိမ်ထောင်ဖက်နှင့် စကားပြောဆိုပုံကို သတိပြုခြင်းက ပညာရှိရာရောက်သည်။ စိတ်အနှောင့်အယှက်ဖြစ်စေသော အခြေအနေပေါ်ပေါက်လာပါက တင်းမာမှုလျော့နည်းသွားစေရန် ကြိုးစားပါ။ ကမ္ဘာဦး ၂၇:၄၆–၂၈:၄ တွင် မှတ်တမ်းတင်ထားသော ဣဇာက်နှင့်ရေဗက္ကတို့၏ အခြေအနေကို သုံးသပ်ကြည့်ပါ။ “ရေဗက္ကသည် ဣဇာက်ထံသို့သွား၍ ‘ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့် ကိုယ်အသက်ကို ငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသအမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဖက်ပြုလျှင် ကျွန်မအသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်း’ ဟု ပြောဆိုလေ၏။” ထိုအခါ ဣဇာက် ခက်ထန်စွာမတုံ့ပြန်ခဲ့ပါ။ ယင်းအစား ဘုရားသခင်အားကြောက်ရွံ့သော ဇနီးကိုရှာရန် ယာကုပ်အားစေလွှတ်ခဲ့သည်။ သို့ဖြင့် ရေဗက္က စိတ်သက်သာရာရခဲ့ပေမည်။ လင်နှင့်မယား သဘောထားကွဲလွဲနေသည်ဆိုပါစို့။ သင့်အိမ်ထောင်ဖက်ကို အပြစ်တင်မည့်အစား ပြဿနာကိုသာ လိမ္မာပါးနပ်စွာပြောခြင်းဖြင့် သေးငယ်သောသဘောထားကွဲလွဲမှုမှ ဒေါသအိုးပေါက်ကွဲသည်အထိ ဖြစ်မလာရန် တားဆီးနိုင်သည်။ ဥပမာ၊ “တို့ကိုဘယ်တော့မှ အချိန်မပေးဘူး” ဟုပြောမည့်အစား “တို့တွေ တစ်ယောက်ကိုတစ်ယောက် ဒီထက်ပိုအချိန်ပေးရအောင်လား” ဟုပြောလျှင် မကောင်းပေလော။ လူကိုသာမဟုတ်ဘဲ ပြဿနာကို အာရုံစိုက်ပါ။ မည်သူမှားသည်၊ မှန်သည်ကို မဆန်းစစ်ပါနှင့်။ “ငြိမ်သက်ခြင်းနှင့်လည်းကောင်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်လည်းကောင်း ယှဉ်သောအရာတို့ကို မီအောင်လိုက်ကြကုန်အံ့” ဟု ရောမ ၁၄:၁၉ ကဆိုသည်။
“အငြိုးထားခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း” ကိုပယ်ရှားလော့
၁၂။ လျှာကိုချုပ်ထိန်းရန် မည်သို့ဆုတောင်းသင့်သနည်း။ အဘယ်ကြောင့်နည်း။
၁၂ လျှာကိုချုပ်ထိန်းခြင်းတွင် စကားပြောဆိုပုံကို သတိပြုခြင်းထက်မက ပါဝင်သည်။ အမှန်မှာ ကျွန်ုပ်တို့၏စကားများသည် နှုတ်မှထွက်ပေါ်လာရာမဟုတ်ဘဲ နှလုံးထဲမှဖြစ်သည်။ “ကောင်းသောသူသည် ကောင်းသောမိမိစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာကိုထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောမိမိစိတ်နှလုံးဘဏ္ဍာတိုက်ထဲက မကောင်းသောအရာကိုထုတ်ဖော်တတ်၏။ အကြောင်းမူကား စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏” ဟုယေရှုမိန့်ဆိုခဲ့သည်။ (လုကာ ၆:၄၅) ထို့ကြောင့် သင့်လျှာကိုချုပ်ထိန်းရန် ဒါဝိဒ်နည်းတူ ဤသို့ဆုတောင်းဖို့လိုပေမည်– “အိုဘုရားသခင် အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကိုဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သောသဘောကို အသစ်ပြုပြင်တော်မူပါ။”—ဆာလံ ၅၁:၁၀။
၁၃။ အငြိုးထားခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်းတို့သည် အဘယ်နည်းဖြင့် သူ့အသရေပျက်အောင်ပြောဆိုသည်အထိ ဖြစ်လာနိုင်သနည်း။
၁၃ ထိခိုက်နစ်နာစေသောစကားများကိုသာမက ထိုသို့ပြောဆိုစေသည့်ခံစားချက်များကိုပါ ပယ်ရှားရန် ဧဖက်မြို့သားများကို ပေါလုတိုက်တွန်းခဲ့သည်။ သူဤသို့ရေး၏– “ခပ်သိမ်းသောအငြိုးထားခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်းများကို ခပ်သိမ်းသောမနာလိုခြင်းနှင့်တကွ သင်တို့မှ ပယ်ရှားကြလော့။” (ဧဖက် ၄:၃၁၊ သမ္မာ) “အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း” တို့ကို ပေါလုမဖော်ပြမီ “အငြိုးထားခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း” တို့ကို ဖော်ပြခဲ့ကြောင်း သတိပြုပါ။ ယင်းသည် အမျက်ဒေါသသိုထားခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ထိခိုက်နစ်နာစေသောစကားများ ပွင့်အန်ထွက်လာစေနိုင်သည်။ ထို့ကြောင့် သင့်ကိုယ်သင် ဤသို့မေးပါ– ‘ငါ့နှလုံးထဲမှာ အမျက်ဒေါသနဲ့ အငြိုးသိုထားသလား။ ငါဟာ ဒေါသ “ပြင်းထန်” တဲ့သူလား။’ (သု. ၂၉:၂၂) သင်ထိုသို့ဖြစ်နေပါက ထိုစိတ်ထားများကို အနိုင်ယူနိုင်ရန်နှင့် ဒေါသချုပ်တည်းနိုင်ရန် ဘုရားသခင်ထံ ဆုတောင်းပါ။ ဆာလံ ၄:၄ က ‘ကြောက်ရွံ့တုန်လှုပ်၍ အပြစ်ကိုရှောင်ကြလော့။ အိပ်ရာပေါ်မှာ ကိုယ်စိတ်နှလုံးနှင့်ဆွေးနွေးစဉ်းစား၍ တိတ်ဆိတ်ခြင်းရှိကြလော့’ ဟုဆိုသည်။ ဒေါသပေါက်ကွဲတော့မည်ဆိုလျှင် သို့မဟုတ် ဒေါသမချုပ်တည်းနိုင်မည်ကိုစိုးလျှင် နယပုံပြင် ၁၇:၁၄ ပါ ဤတိုက်တွန်းချက်ကို လိုက်နာပါ– “ရန်မတွေ့မီ တွေ့စရာအကြောင်းကိုရှောင်လော့။” စိတ်တည်ငြိမ်လာသည်အထိ ခဏရှောင်ထွက်သွားပါ။
၁၄။ နာကြည်းချက်က အိမ်ထောင်ကို မည်သို့ထိခိုက်နိုင်သနည်း။
၁၄ ပေါလုပြောသော “အငြိုးထားခြင်း” မှပေါက်ဖွားလာသည့် အမျက်ဒေါသသည် ပြေပျောက်ရန် မလွယ်ကူပါ။ ပေါလုအသုံးပြုခဲ့သော ဂရိစကားလုံးကို “သင့်မြတ်လိုစိတ်မရှိဘဲ နာကြည်းနေခြင်း” နှင့် ‘အမှားကိုတေးထားခြင်း’ ဟု အနက်ဖွင့်ဆို၏။ တစ်ခါတစ်ရံ လင်မယားစပ်ကြားတွင် ရန်လိုသည့်အပြုအမူသည် နှင်းထုကြီးပမာ ကာဆီးထားပြီး ကြာရှည်စွာ ထိုသို့ဖြစ်နေပေမည်။ ယင်းကို မဖြေရှင်းပါက ဆက်ဆံရေးအေးစက်လာမည်။ အမှန်မှာ အတိတ်ကအမှားများကို နာကြည်း၍ တေးထားခြင်းသည် အချည်းနှီးပင်။ ဖြစ်ပြီးသားကိစ္စကို ပြန်ပြင်၍မရနိုင်ပေ။ ခွင့်လွှတ်ပြီးသောအမှားတစ်ခုကို မေ့ပစ်သင့်သည်။ မေတ္တာသည် “အပြစ်ရှိသည်ဟုမထင်တတ်” ပေ။—၁ ကောရိန္သု ၁၃:၄၊ ၅။
၁၅။ စကားကြမ်းကြမ်း ပြောကျင့်ရှိသူများ မိမိတို့၏စကားပြောဆိုပုံကို ပြောင်းလဲရန် အဘယ်အရာက ထောက်ကူပေးသနည်း။
၁၅ သင်သည် စကားကြမ်းကြမ်းပြောသည့်အိမ်ထောင်တွင် ကြီးပြင်းလာပြီး ထိုသို့ပြောဆိုခြင်းကို အကျင့်ပါနေလျှင်ကော အသို့နည်း။ သင် ပြုပြင်ပြောင်းလဲနိုင်ပါသည်။ သင့်အနေဖြင့် ဘဝကဏ္ဍများစွာတွင် အကျင့်အချို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည်။ အပြောအဆိုနှင့်ပတ်သက်၍ကော မည်သည့်နေရာတွင် စည်းတားထားမည်နည်း။ သင့်စကား မကြမ်းတမ်းလာမီ ရပ်လိုက်နိုင်မည်လော။ ဧဖက် ၄:၂၉ တွင် ဖော်ပြထားသော ဤစည်းကို လိုက်နာလိုပေမည်– “ညစ်ညူးသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲကမထွက်စေနှင့်။” ထိုသို့ပြုလုပ်ရန် “လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကိုချွတ်ပယ်၍ ဖန်ဆင်းတော်မူသောသူ၏ပုံသဏ္ဌာန်နှင့်အညီ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သောလူသစ်ကို ယူတင်ဝတ်ဆောင်” ပါ။—ကောလောသဲ ၃:၉၊ ၁၀။
“တိုင်ပင်ခြင်း”—မရှိမဖြစ်လိုအပ်
၁၆။ နှုတ်ဆိတ်ဆန္ဒပြခြင်းသည် အိမ်ထောင်ရေးကို အဘယ်ကြောင့် ထိခိုက်စေသနည်း။
၁၆ လင်ယောက်ျား သို့မဟုတ် ဇနီးဖြစ်သူသည် စကားမပြောဘဲဆန္ဒပြနေပါက ဘာမျှဖြစ်မြောက်မည်မဟုတ်၊ အနာတရသာဖြစ်စေနိုင်သည်။ ထိုသို့နှုတ်ဆိတ်နေတိုင်း အိမ်ထောင်ဖက်ကို ဆန္ဒပြနေခြင်းမဟုတ်ပါ။ ယင်းသည် အလိုမကျမှု၊ စိတ်ပျက်မှုတို့ကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် တစ်ဦးနှင့်တစ်ဦးစကားမပြောခြင်းက အခြေအနေကို ပိုတင်းမာစေပြီး လက်ရှိပြဿနာကို မပြေလည်စေပါ။ ဇနီးတစ်ဦးက “ကျွန်မတို့ စကားပြန်ပြောရင်လည်း ဖြစ်ခဲ့တဲ့ပြဿနာကို ဘယ်တော့မှ ပြန်မပြောတော့ဘူး” ဟုပြောခဲ့သည်။
၁၇။ အိမ်ထောင်ရေးပြဿနာကြုံနေရသော ခရစ်ယာန်များ အဘယ်အရာလုပ်ဆောင်သင့်သနည်း။
၁၇ အိမ်ထောင်ရေးအခြေအနေ ဆက်တင်းမာနေပါက အလွယ်တကူဖြေရှင်း၍ရမည်မဟုတ်ပါ။ နယပုံပြင် ၁၅:၂၂ က ဤသို့ဆိုသည်– “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား အကြံတည်တတ်၏။” သင့်အိမ်ထောင်ဖက်နှင့်အတူထိုင်ပြီး ပြဿနာကိုဆွေးနွေးပါ။ ထို့ထက်ကား သူပြောသည်ကို သဘောထားကြီးကြီးဖြင့် နားထောင်ပါ။ ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်ပါက ခရစ်ယာန်အသင်းတော်ရှိ အကြီးအကဲများထံမှ အကူအညီရယူပါ။ သူတို့သည် ကျမ်းစာအသိပညာကြွယ်ပြီး ကျမ်းစာမူများကျင့်သုံးရာတွင် ဝါရင့်သူများဖြစ်ကြသည်။ ထိုသူတို့သည် “လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့” ဖြစ်ကြသည်။—ဟေရှာယ ၃၂:၂။
သင်အောင်မြင်နိုင်
၁၈။ ရောမ ၇:၁၈-၂၃ တွင် အဘယ်ဆိုင်ပြိုင်တိုက်လှန်မှုအကြောင်း ဖော်ပြထားသနည်း။
၁၈ ကျွန်ုပ်တို့၏လျှာကို ချုပ်ထိန်းရန် ခက်ခက်ခဲခဲကြိုးစားတိုက်လှန်ရမည်။ ကျွန်ုပ်တို့၏အပြုအမူကို ချုပ်တည်းခြင်းလည်း ထို့အတူပင်။ တမန်တော်ပေါလုက သူရင်ဆိုင်ရသောစိန်ခေါ်ချက်ကို ဤသို့ဖော်ပြသည်– “ငါ့အထဲမှာ ဇာတိပကတိ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှမတည်သည်ကို ငါသိ၏။ အကြောင်းမူကား ငါသည် ကျင့်ချင်သောစိတ်ရှိသော်လည်း ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍မတွေ့နိုင်။ ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်၏။ ထိုသို့ ငါသည် မကျင့်ချင်သောအကျင့်ကိုကျင့်လျှင် ငါ့ကိုယ်တိုင်ကျင့်သည်မဟုတ် ငါ့အထဲ၌နေသောအပြစ်တရားသည် ကျင့်၏။” “[ကျွန်ုပ်တို့] ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရား” ကြောင့် ကျွန်ုပ်တို့၏လျှာနှင့် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများကို တလွဲသုံးမိတတ်ကြသည်။ (ရောမ ၇:၁၈-၂၃) သို့သော် ယင်းတို့ကို ဆိုင်ပြိုင်တိုက်လှန်ရမည်ဖြစ်ပြီး ဘုရားသခင့်အကူအညီဖြင့် အောင်မြင်နိုင်သည်။
၁၉၊ ၂၀။ ယေရှု၏ပုံသက်သေက လျှာကိုချုပ်ထိန်းရန် အိမ်ထောင်သည်များအား မည်သို့ထောက်ကူသနည်း။
၁၉ အချင်းချင်းပြောဆိုဆက်ဆံရာတွင် မေတ္တာနှင့်လေးစားမှုရှိမည်ဆိုလျှင် အဆင်အခြင်မဲ့သော၊ ကြမ်းတမ်းသောစကားများ ပြောဆိုမည်မဟုတ်ပေ။ ယင်းနှင့်ပတ်သက်၍ ယေရှုခရစ်၏ပုံသက်သေကို သုံးသပ်ကြည့်ပါ။ ယေရှုသည် တပည့်များကို မည်သည့်အခါမျှ စော်ကားမော်ကား မပြောခဲ့ချေ။ မြေကြီးအသက်တာနောက်ဆုံးညတွင်ပင် မည်သူအကြီးမြတ်ဆုံးဖြစ်ကြောင်း တမန်တော်များ ငြင်းခုံကြသောအခါ ဘုရားသခင့်သားတော်သည် သူတို့ကိုမကြိမ်းမောင်းခဲ့ပါ။ (လုကာ ၂၂:၂၄-၂၇) ထို့ကြောင့် “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့” ဟု သမ္မာကျမ်းစာက တိုက်တွန်းသည်။—ဧဖက် ၅:၂၅။
၂၀ ဇနီးသည်များအတွက်ကော။ “မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို [“အလွန်၊” ကဘ] ရိုသေ” သင့်သည်။ (ဧဖက် ၅:၃၃) မိမိခင်ပွန်းကို ရိုသေလေးစားသော ဇနီးတစ်ဦးသည် သူ့ကို ကြမ်းတမ်းရိုင်းစိုင်းသောစကားများဖြင့် အော်ဟစ်ငေါက်ငေါ်မည်လော။ “ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်ကိုလည်းကောင်း သင်တို့သိမှတ်စေခြင်းငှာ ငါအလိုရှိ၏” ဟုပေါလုရေးခဲ့သည်။ (၁ ကောရိန္သု ၁၁:၃) ခရစ်တော်သည် မိမိဦးခေါင်းဖြစ်တော်မူသော ဘုရားသခင်ကို လက်အောက်ခံသည့်နည်းတူ ဇနီးတို့လည်း မိမိတို့ဦးခေါင်း၏အုပ်စိုးခြင်းကို လက်အောက်ခံရမည်။ (ကောလောသဲ ၃:၁၈) မည်သည့်မစုံလင်သောလူသားမျှ ယေရှုကို ထပ်တူထပ်မျှမတုပနိုင်သော်လည်း ကိုယ်တော်၏ “ခြေတော်ရာကို” နီးကပ်စွာ “လျှောက်လိုက်” ခြင်းဖြင့် လျှာကိုအလွဲမသုံးမိအောင် တိုက်လှန်ရာတွင် အိမ်ထောင်သည်များ အောင်မြင်နိုင်ပါသည်။—၁ ပေတရု ၂:၂၁။
သင်အဘယ်အရာသိရှိခဲ့သနည်း
• မဆုံးမ,နိုင်သောလျှာသည် အိမ်ထောင်ရေးကို မည်သို့ပျက်စီးစေနိုင်သနည်း။
• လျှာကိုချုပ်ထိန်းရန် အဘယ်ကြောင့်ခက်သနည်း။
• ကျွန်ုပ်တို့၏အပြောအဆိုကို ချုပ်ထိန်းရန် အဘယ်အရာကထောက်ကူသနည်း။
• အိမ်ထောင်ရေးပြဿနာကြုံရသောအခါ အဘယ်အရာလုပ်ဆောင်သင့်သနည်း။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
အကြီးအကဲများသည် သမ္မာကျမ်းစာနှင့်အညီ ကူညီပေးကြ