မိသားစုနှင့်အသင်းတော်အတွင်း ဆက်သွယ်မှုပြုခြင်း
“သင်တို့စကားသည် ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံလျက် အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။” —ကောလောသဲ ၄:၆။
၁။ ဧဝကို အာဒံထံဘုရားသခင်ခေါ်ဆောင်လာခဲ့စဉ်က အာဒံဘာပြောသနည်း။
“မ ည်သူမျှကျွန်းတစ်ကျွန်းမဟုတ်။ . . . တိုက်တစ်တိုက်အဝင်ဖြစ်ကြ၏။” ရာစုနှစ်များစွာက ပညာတတ်တစ်ဦး ဤသို့ရေးသားခဲ့သည်။ ဤသို့ဆိုခြင်းဖြင့် အာဒံအကြောင်း ဖန်ဆင်းရှင်မိန့်တော်မူသောစကားကို သူထောက်ခံနေခြင်းမျှဖြစ်သည်။ “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း။” တိရစ္ဆာန်များကို အာဒံအမည်ပေးခဲ့သည့်အတွက် ဘာသာစကားအသုံးပြု၍ပြောဆိုနိုင်စွမ်းရည် သူ၌ရှိခဲ့သည်။ သို့သော် မိမိဆက်သွယ်ပြောဆိုနိုင်သော အခြားလူအဖော်တစ်ဦးတစ်ယောက်မျှ အာဒံတွင်မရှိခဲ့ပါ။ ယင်းကြောင့် လှပသောဧဝကို မယားအဖြစ် အာဒံထံဘုရားသခင်ခေါ်ဆောင်လာခဲ့စဉ်က “ယခုဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏” ဟုချီးမွမ်းထောမနာပြုခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။ သို့ဖြင့် ပထမလူ့အိမ်ထောင်စတည်သည်နှင့် လူသားတစ်ဦးနှင့်အာဒံဆက်သွယ်လေတော့သည်။—ကမ္ဘာဦး ၂:၁၈၊ ၂၃။
၂။ အထိန်းအကွပ်မရှိ ရုပ်မြင်သံကြားရှုစားခြင်းသည် အဘယ်အန္တရာယ်ရှိနိုင်သနည်း။
၂ အိမ်ထောင်အသိုင်းအဝိုင်းသည် ဆက်သွယ်မှုပြုရန် အကောင်းဆုံးနေရာဖြစ်သည်။ အိမ်ထောင်ရေးဘဝအောင်မြင်ဖို့ရန် ဆက်သွယ်ရေးပေါ်အခြေခံသည်။ သို့ရာတွင် ဆက်သွယ်မှုပြုရန် အချိန်နှင့်ခွန်အားစိုက်ထုတ်ရသည်။ ယနေ့ အချိန်ကိုအများဆုံးခိုးယူသည့်အရာကား ရုပ်မြင်သံကြားဖြစ်သည်။ အနည်းဆုံးနည်းနှစ်နည်းဖြင့် အန္တရာယ်ပေးတတ်ပါသည်။ တစ်ခုအနေနှင့် သွေးဆောင်နိုင်လွန်းသဖြင့် ယင်းသည်စွဲလမ်းရာဖြစ်လာပြီး မိသားစုအတွင်း ဆက်သွယ်ရေးလျော့နည်းသွားစေနိုင်သည်။ တစ်ဖက်ကကြည့်လျှင် အထင်မှားမှု သို့မဟုတ် စိတ်ထိခိုက်မှုဖြစ်သည့်အခါ ရုပ်မြင်သံကြားသည် လွတ်မြောက်ရာလမ်းဖြစ်သွားနိုင်သည်။ ပြေလည်စေရန်ကြိုးစားမည့်အစား အိမ်ထောင်ဖက်တို့သည် တစ်ဦးကိုတစ်ဦးစကားမပြောတော့ဘဲ ရုပ်မြင်သံကြားထိုင်ကြည့်နေတော့မည်။ ယင်းကြောင့်ရုပ်မြင်သံကြားစက်သည် ဆက်သွယ်မှုပြတ်တောက်စေ၍ အိမ်ထောင်ပျက်စီးစေသည့် အဓိကတရားခံဖြစ်သည်ဟုဆိုကြသည်။ ရုပ်မြင်သံကြားကြည့်ခြင်းကို ပဓာနမထားရန် အခက်အခဲတွေ့သူများသည် ယင်းကိုလုံးဝထုတ်ပစ်ရန်ကောင်းသည်။—မဿဲ ၅:၂၉။ ၁၈:၉။
၃။ တီဗွီကြည့်ခြင်းကို ကန့်သတ်ပေးခြင်းမှ အချို့မည်သို့အကျိုးခံစားရသနည်း။
၃ တီဗွီကိုလုံးဝထုတ်ပစ်ခြင်း သို့မဟုတ် အလွန်လျှော့ပစ်ခြင်းမှရရှိသောကောင်းချီးများအကြောင်း အားရှိစရာသတင်းများကြားနေရသည်။ မိသားစုတစ်စုဤသို့ရေးသည်။ “အချင်းချင်းစကားစမြည်ပိုပြောသည်။ . . . ကျမ်းစာလေ့လာမှုပိုလုပ်ကြသည်။ အတူတကွကစားကြသည်။ လယ်ကွင်းလုပ်ငန်းကဏ္ဍအသီးသီး တိုး၍ကောင်းမွန်လာပြီ။” တီဗွီကိုရောင်းထုတ်ပစ်သော အခြားအိမ်ထောင်တစ်ခုက “ပိုက်ဆံစုနိုင်ရုံမကဘူး မိသားစုအနေနှင့် ပိုချစ်ခင်ရင်းနှီးမှုရှိလာပြီး ကျွန်ုပ်တို့အချိန်နှင့် တန်ဖိုးရှိအခြားလုပ်ငန်းများစွာ ရှာလုပ်နိုင်ကြပြီ။ ငြီးငွေ့စရာအချိန် လုံးဝမရှိဘူး။”
ကြည့်ခြင်း၊ စကားစမြည်ပြောဆိုခြင်း၊ နားထောင်ခြင်း
၄။ မောင်နှံစုံတို့သည် တစ်ဦးကိုတစ်ဦး တန်ဖိုးထားလေးစားကြောင်း မည်သို့တင်ပြကြမည်နည်း။
၄ အိမ်တွင်း၌ ဆက်သွယ်နည်းအမျိုးမျိုးရှိပါသည်။ အချို့မှာ နှုတ်မြွက်စရာမလို။ လူနှစ်ဦး တစ်ဦးကိုတစ်ဦးကြည့်လိုက်ရုံဖြင့် ဆက်သွယ်နိုင်ကြသည်။ အတူတူနေထိုင်ကြခြင်းဖြင့် တစ်ဦးအကျိုးတစ်ဦးထောက်ထားကြောင်းတင်ပြနိုင်သည်။ အရေးကြီးသည့်အကြောင်းမရှိလျှင် အိမ်ထောင်ဖက်တို့သည် ကြာမြင့်စွာခွဲခွာမနေသင့်ပါ။ အိမ်ထောင်နှောင်ကြိုးအတွင်း ရင်းနှီးစွာပေါင်းသင်းမှုမှ မောင်နှံစုံသည် တစ်ဦး၌တစ်ဦးပျော်မွေ့နိုင်သည်။ လူရှေ့တွင်ဖြစ်စေ၊ ကွယ်ရာ၌ဖြစ်စေ ချစ်ခင်စွာလေးစားစွာဖြင့် တစ်ဦးကိုတစ်ဦးပြုမူဆက်ဆံခြင်း၊ ဝတ်စားကျင့်ကြံပုံ၌ လျောက်ပတ်သောသိက္ခာရှိခြင်းအားဖြင့် တစ်ဦးကိုတစ်ဦးတန်ဖိုးထားလေးစားစွာအသံတိတ်ဆက်သွယ်နိုင်သည်။ ပညာရှိရှောလမုန်က ယင်းကိုဤသို့ရှင်းပြသည်။ “သင်၏စမ်းရေတွင်း၌ မင်္ဂလာရှိစေ၍ အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့။—သု၊ ၅:၁၈။
၅၊ ၆။ မိမိတို့ဇနီးသည်များနှင့်ဆက်သွယ်မှုပြုခြင်းကို လင်ယောက်ျားများသည် အဘယ်ကြောင့်သတိရှိသင့်သနည်း။
၅ ဆက်သွယ်မှုပြုခြင်းသည် ထောက်ထားစာနာမှုမရှိသည့်စကားပြောခြင်းမဟုတ်ဘဲ အပြန်အလှန်အချီအချစကားစမြည်ပြောဆိုခြင်းကိုဆိုလိုသည်။ အမျိုးသမီးအချို့သည် အမျိုးသားများထက် မိမိတို့၏ခံစားချက်ကိုဖော်ထုတ်တတ်ကြမည်မှန်သော်လည်း ယင်းကြောင့် လင်သားများအနေနှင့် ရေငုံမနေသင့်ပါ။ အိမ်ထောင်အများတွင် ဆက်သွယ်မှုမရှိခြင်းကြောင့် ပြဿနာများဖြစ်ပေါ်လာသည်ကို ခရစ်ယာန်လင်သားများသိထားသင့်သည်။ ထိုကြောင့် ဆက်သွယ်ရေးလမ်းကြောင်း အမြဲပွင့်နေရန် ကြိုးစားသင့်သည်။ ဧဖက် ၅:၂၅-၃၃ တွင်တမန်တော်ပေါလုပေးခဲ့သောသြဝါဒကို ဇနီးသည်များနှင့်အတူ သူတို့နာခံကြမည်ဆိုလျှင် ထိုသို့ပြုမည်။ လင်ယောက်ျားအနေနှင့် မိမိမယားကို မိမိကိုယ်ကိုချစ်သကဲ့သို့ချစ်ရန် သူမ၏ကိုယ်စိတ်နှစ်ဖြာချမ်းသာမှုကိုစိတ်ဝင်စားသင့်သည်။ ထိုသို့ပြုရန် ဆက်သွယ်မှုမရှိ၍မဖြစ်ပါ။
၆ ဇနီးသည်ကို သူတန်ဖိုးထားကြောင်း သူမသိသင့်သည်၊ ယူဆသင့်သည်ဟူ၍ လင်ယောက်ျားသဘောမပိုက်ထားသင့်ပါ။ သူမကိုမြတ်နိုးကြောင်း သူ့အားစိတ်ချစေပါ။ ယင်းကိုနည်းအမျိုးမျိုးဖြင့် သူမအားတင်ပြနိုင်ပါသည်။ တယုတယပြောဆိုပြုမူခြင်း၊ မမျှော်လင့်ဘဲ လက်ဆောင်များပေးခြင်း၊ သူမနှင့်သက်ဆိုင်၍ သိသင့်သိအပ်သောအကြောင်းများကို အပြည့်အစုံပြောပြခြင်းအားဖြင့် တင်ပြနိုင်သည်။ ဇနီးဖြစ်သူ၏ကြိုးစားမှုများဖြစ်သည့် သူ့ကိုယ်သူဆင်ယင်ပုံ၊ မိသားစုအတွက် ဝီရိယစိုက်ထုတ်မှုများ၊ ဝိညာဏလုပ်ငန်းများတွင် စိတ်ရောကိုယ်ပါဖေးမကူညီခြင်း အစရှိသည်တို့ကို တန်ဖိုးထားသိရှိကြောင်း ဖော်ထုတ်ပြောဆိုခြင်းငှာ နှုတ်မလေးသင့်ပါ။ ထို့ပြင် ၁ ပေတရု ၃:၇ ပါ တမန်တော်ပေတရု၏သြဝါဒဖြစ်သည့် ‘သတိပညာနှင့်လျော်ညီစွာ ဇနီးနှင့်အတူနေ’ ရန်ကိုယ်ချင်းစာနာမှုရှိဖို့လိုသည်။ နှစ်ဦးစလုံးနှင့်ဆိုင်သောကိစ္စရပ်များကို သူမနှင့်ဆွေးနွေးပြောဆိုခြင်း၊ အားနွဲ့သူအဖြစ် သူမအားလေးစားစွာဆက်ဆံခြင်းဖြင့်တင်ပြနိုင်သည်။—သု၊ ၃၁:၂၈၊ ၂၉။
၇။ မိမိလင်ယောက်ျားနှင့်ဆက်သွယ်မှုပြုရန် မယား၌အဘယ်တာဝန်ရှိသနည်း။
၇ ထိုနည်းတူစွာ ဧဖက် ၅:၂၂-၂၄ ပါလက်အောက်ခံရမည်ဟူသောသြဝါဒကို ဇနီးဖြစ်သူလိုက်နာရန် လင်သားနှင့်ဆက်သွယ်ရေးလမ်းကြောင်းပွင့်နေရန် သူမကြိုးစားပေးရမည်ဖြစ်သည်။ သူမ၏စကားအားဖြင့်လည်းကောင်း၊ အပြုအမူအားဖြင့်လည်းကောင်း လင်သားကို “များစွာလေးစား” ရန်လိုသည်။ သူမသည် ကိုယ့်ဖာသာကိုယ်၊ သို့မဟုတ် လင်သား၏သဘောကိုလျစ်လျူရှုကာ ဘယ်တော့မျှမပြုမူသင့်ပါ။ (ဧဖက် ၅:၃၃) အချိန်အခါမရွေး သူနှင့်သူ့ခင်ပွန်းစပ်ကြား နှစ်ကိုယ်ကြားပြောဆိုစရာများ အစဉ်အမြဲရှိနေရမည်။—သု၊ ၁၅:၂၂ နှင့်နှိုင်းယှဉ်ပါ။
၈။ ဆက်သွယ်မှုလမ်းကြောင်းများပွင့်နေစေရန် ဇနီးသည်များ ဘာလုပ်ရန်အသင့်ရှိသင့်သနည်း။
၈ ထို့ပြင် ဇနီးဖြစ်သူသည် ကိုယ်ကိုယ်ကိုသနားသည့်သဘောထားကာ နှုတ်ပိတ်ဆိတ်ငြိမ်စွာ ဝေဒနာခံနေခြင်းကို ရှောင်ကြဉ်ရမည်။ အထင်မှားစရာအကြောင်းရှိလျှင် ယင်းကိုဖော်ပြရန် အခွင့်အခါကောင်းကိုရှာယူပါ။ မိဖုရားဧသတာကိုအတုယူပါ။ သူမ၏လင်ယောက်ျားအား သေရေးရှင်ရေးကိစ္စကိုဖော်ပြရန်အကြောင်းပေါ်လာခဲ့သည်။ ဉာဏ်ရှိစွာအသိအလိမ္မာဖြင့် သူမချက်ချင်းပြုမူခဲ့ရာ ဂျူးလူမျိုးများအသက်ချမ်းသာရာရသွားလေသည်။ စိတ်ထိခိုက်ခဲ့မည် သို့မဟုတ် စိတ်ထိခိုက်နေမည်ဆိုလျှင် ယင်းကိုဖော်ပြပြောဆိုရှင်းလင်းရန် မိမိအိမ်ထောင်ဖက်အပေါ်နှင့်ကိုယ်တိုင်အပေါ်တာဝန်ရှိသည်။ အသိအလိမ္မာနှင့်ဘုရားရေးရာစိတ်ထားရှိခြင်းကား ဆက်သွယ်ရန် လွယ်ကူစေပါမည်။—ဧသတာ ၄:၁၅–၅:၈။
၉။ ဆက်သွယ်ရေး၌ နားထောင်ခြင်းသည် မည်သို့အရေးပါသနည်း။
၉ ဆက်သွယ်ရေးလမ်းကြောင်းပွင့်မြဲပွင့်နေစေရန် စကားပြောဆိုနိုင်စွမ်းကိုအသုံးပြုခြင်း၌ တစ်ဖက်သားပြောဆိုသည့်စကားကိုနားထောင်ပေးရန်၊ ဖွင့်မပြောသော်လည်း သဘောပေါက်နိုင်သည့် သူ၏ခံစားချက်ကိုပါသတိပြုမိရန်ကြိုးစားရမည်။ ထိုသို့ပြုနိုင်ရန် စကားပြောဆိုသူအား အာရုံပြုရန်လိုသည်။ ဖော်ထုတ်ပြောဆိုသောသဘောထားကိုနားလည်ရုံမက ဆိုလိုရင်း၊ ပြောဆိုပုံပြောဆိုနည်း ကိုပါ ဂရုစိုက်ဖို့လိုသည်။ အများအားဖြင့် လင်သားသည် ဤကိစ္စမျိုးတွင် ပျက်ကွက်အားနည်းတတ်သည်။ လင်သားများအနေနှင့် နားမစွင့်ကြသောကြောင့် ဇနီးဖြစ်သူတို့သည် စိတ်ဒုက္ခရောက်ရရှာသည်။ ဇနီးဖြစ်သူများလည်း အသေအချာနားထောင်ဖို့လိုသည်။ သို့မှသာ သဘောပေါက်လွဲချော်ခြင်းကိုရှောင်ကြဉ်နိုင်မည်။ “ပညာရှိသောသူသည် နားထောင်သဖြင့် ပညာအတတ်ကိုတိုးပွားရလိမ့်မည်။”—သု၊ ၁:၅။
မိဘနှင့်သားသမီးစပ်ကြား ဆက်သွယ်ခြင်း
၁၀။ သားသမီးများနှင့်ဆက်သွယ်ရာတွင် တာဝန်ကျေပွန်ရန် မိဘများဘာလုပ်ဖို့အသင့်ရှိရမည်နည်း။
၁၀ မိဘနှင့်သားသမီး ဆက်သွယ်ရေးတွင်လည်း အခက်အခဲရှိတတ်သည်။ “လူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်” ပေးရန် ဆက်သွယ်ရေးအမြဲရှိဖို့လိုပါသည်။ ယင်းသို့ပြုခြင်းအားဖြင့် “သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်” သေချာသည်။ (သု၊ ၂၂:၆) မိဘအချို့၏သားသမီးများသည် လောကတွင်နစ်မွန်းဆုံးရှုံးရခြင်းကား မြီးကောင်ပေါက်အရွယ်တွင် ဆက်သွယ်ရေးကွာဟမှုရှိခဲ့ခြင်းကြောင့် တစ်ခါတစ်ရံဖြစ်တတ်သည်။ သားသမီးများနှင့် အဆက်မပြတ်ဆက်သွယ်နေရမည့် မိဘ၏တာဝန်ကို တရားဟောရာ ၆:၆၊ ၇ ကဤသို့ပေါ်လွင်စေသည်။ “ယနေ့ငါမှာထားသောစကားကိုနှလုံးသွင်းရမည်။ ထိုစကားကိုသင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။” မှန်သည်၊ မိမိသားသမီးတို့ကို မိဘများအချိန်ပေးရမည်။ သားသမီးများအတွက် ကိုယ်ကျိုးစွန့်ရန် အသင့်ရှိရကြမည်။
၁၁။ သားသမီးများအား မိဘများအဘယ်အကြောင်းများတင်ပြသင့်သနည်း။
၁၁ မိဘတို့၊ သင်တို့၏သားသမီးကို ယေဟောဝါချစ်တော်မူကြောင်း၊ သင်တို့ချစ်ကြောင်း ကောင်းစွာသဘောပေါက်နားလည်စေပါ။ (သု၊ ၄:၁-၄) သူတို့၏စိတ်ဓာတ်ရေး၊ စိတ်လှုပ်ရှားမှု၊ ကာယရေး၊ ဝိညာဉ်ရေးတိုးပွားမှုအတွက် ကိုယ့်အကျိုး၊ ကိုယ့်ပျော်ရွှင်မှုကိုစွန့်ပစ်ရန်အသင့်ရှိကြောင်း သူတို့အားတွေ့မြင်ပါလေစေ။ ဤကိစ္စတွင် ကိုယ်ချင်းစာနာမှုသည် အရေးပါသည်။ ဆိုလိုသည်ကား သားသမီးများကြည့်မြင်ပုံအတိုင်း မိဘများတွေ့မြင်တတ်ရန်ဖြစ်သည်။ ကိုယ်ကျိုးစွန့်မေတ္တာတင်ပြခြင်းအားဖြင့် အသင်မိဘများသည် သားသမီးတို့နှင့်စည်းလုံးသောနှောင်ကြိုးကိုမြဲမြံခိုင်ခံ့စေနိုင်မည်။ သက်တူရွယ်တူတို့အားရင်ဖွင့်မည့်အစား သင့်ကိုရင်ဖွင့်ရန် အားပေးတိုက်တွန်းပါ။—ကောလောသဲ ၃:၁၄။
၁၂။ လူငယ်များသည် သူတို့မိဘများနှင့် အဘယ်ကြောင့်လွတ်လပ်စွာဆက်သွယ်သင့်သနည်း။
၁၂ တစ်ဖက်ကကြည့်ပြန်လျှင် အသင်လူငယ်များသည် သင့်မိဘများနှင့်ဆက်သွယ်ရန်တာဝန်ရှိသည်။ သင့်အတွက် သူတို့ပြုခဲ့သမျှကို တန်ဖိုးထားခြင်းက သူတို့အားရင်ဖွင့်ပြောဆိုရန် လှုံ့ဆော်ပေးလိမ့်မည်။ သူတို့အကူအညီနှင့်ထောက်ပံ့မှုကို အသင်လိုအပ်ပါသည်။ သူတို့နှင့်လွတ်လပ်စွာဆက်သွယ်မည်ဆိုလျှင် ထိုသို့ပြုရန်လွယ်ကူပေမည်။ ရွယ်တူသက်တူတို့အား သင့်အကြံပေးအရာရှိများ အဘယ်ကြောင့်ဖြစ်စေရမည်နည်း။ ဤသူများသည် သင့်မိဘများ သင့်အားပြုခဲ့သောကျေးဇူးနှင့်ယှဉ်နိုင်မည်မဟုတ်ပါ။ ဘဝအတွေ့အကြုံတွင်လည်း အသင်နှင့်ထူးခြားလှမည်မဟုတ်ပါ။ သူတို့သည် အသင်းတော်အဝင်မဖြစ်ကြလျှင် သင့်ထာဝရအကျိုးကို လိုလားသူများ အဘယ်နည်းဖြင့်မျှမဖြစ်နိုင်ပေ။
အသင်းတော်အတွင်း ဆက်သွယ်ခြင်း
၁၃၊ ၁၄။ ခရစ်ယာန်အချင်းချင်း ဆက်သွယ်မှုပြုရာတွင် အဘယ်ကျမ်းစာမူများအကျိုးပြုသနည်း။
၁၃ အခြားစိန်ခေါ်ချက်တစ်ခုမှာ အသင်းတော်ရှိညီအစ်ကိုများနှင့်ဆက်သွယ်မှုရှိခြင်းဖြစ်သည်။ ‘စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြရန်’ ကျွန်ုပ်တို့အားအတိအလင်းမှာကြားထားသည်။ အဘယ်ရည်ရွယ်ချက်ဖြင့် စည်းဝေးကြသနည်း။ “မေတ္တာစိတ်ရှိစေခြင်းငှာ၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာ” ဖြစ်သည်။ ယင်းသို့ပြုရန် ဆက်သွယ်မှုရှိဖို့လိုသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) တစ်ဦးတစ်ယောက်က သင့်စိတ်ထိခိုက်စရာအမှုပြုခဲ့မည်ဆိုလျှင် ယင်းကြောင့်စည်းဝေးများကိုမတက်ဘဲနေစရာအကြောင်းမဟုတ်ပါ။ မဿဲ ၁၈:၁၅-၁၇ ပါယေရှု၏သြဝါဒမူအတိုင်း လိုက်လျှောက်ကျင့်သုံးနိုင်ရန် ဆက်သွယ်ရေးလမ်းကြောင်းကို အမြဲဖွင့်ထားပါ။ သင့်အားစိတ်မကောင်းစရာဖြစ်စေသူထံသွား၍ ရင်ဖွင့်စကားပြောဆိုပါ။
၁၄ သင့်ညီအစ်ကိုတစ်ဦးနှင့် ပေါင်းသင်းရအခက်အခဲကြုံနေပါက ကောလောသဲ ၃:၁၃ [NW] ပါ ကျမ်းစာသြဝါဒကိုနာယူကျင့်သုံးပါ။ “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ယေဟောဝါသည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့။” ထိုအတိုင်းပြုရန် စကားမပြောတော့ဘဲနေရန်မဟုတ်၊ ဆက်သွယ်မှုပြုရန် ညွှန်ကြားထားသည်။ တစ်ဦးတစ်ယောက်သည် သင့်အပေါ် စိမ်းကားနေသည်ဟုထင်မှတ်လျှင် မဿဲ ၅:၂၃၊ ၂၄ ပါသြဝါဒကိုကျင့်သုံးပါ။ ဆက်သွယ်ပြီး ညီအစ်ကိုနှင့်အသင့်အတင့်ရှိရန် ပြန်ကြိုးစားပါ။ ယင်းသို့ပြုရန် မေတ္တာနှင့်နှိမ့်ချမှုကို သင်တင်ပြရန်လိုလာသည်။ သို့သော် ယေရှု၏သြဝါဒကိုနားထောင်ရန် သင့်ကိုယ်ကိုနှင့် သင့်ညီအစ်ကိုအပေါ်တာဝန်ရှိသည်။
ဩဝါဒနှင့်အားပေးစကား
၁၅။ ဩဝါဒပေးသင့်သည့်အခြေအနေမျိုးတွင်ရှိနေမည်ဆိုလျှင် သို့ပြုရန်ခရစ်ယာန်များသည် အဘယ်ကြောင့်မပျက်ကွက်သင့်သနည်း။
၁၅ ဆက်သွယ်ရန်တာဝန်ရှိခြင်းတွင် ဂလာတိ ၆:၁ ပါ ပေါလု၏သြဝါဒကိုလိုက်နာရန်လည်းပါဝင်သည်။ “ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိလျှင် ဝိညာဉ်ဆုကျေးဇူးကိုခံရသော သင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့်ကိုယ်တိုင်လွတ်မည်အကြောင်း ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍ သူ၏နေရာ၌တည်မြဲတည်စေပြန်ကြလော့။” ကျိုးနွံစိတ်ရှိမည်ဆိုလျှင် ကျွန်ုပ်တို့အပြောအဆို၊ အပြုအမူတွင် ချွတ်ချော်မှားယွင်းခဲ့မိသည်ကို တစ်ဦးတစ်ယောက်ကထောက်ပြခြင်းကို ခံယူရန်အသင့်ရှိလိမ့်မည်။ အမှန်မှာ ဆာလံဆရာဒါဝိဒ်၏စိတ်ထား ကျွန်ုပ်တို့အားလုံးတွင်ရှိသင့်သည်။ “ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကိုဒဏ်ခတ်ပါစေသော၊ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော၊ အကျွန်ုပ်ဦးခေါင်းကို လိမ်းသောဆီဖြစ်ပါလိမ့်မည်။” (ဆာလံ ၁၄၁:၅) အထူးသဖြင့် အကြီးအကဲများသည် နှိမ့်ချမှုပြရာတွင် ထူးကဲသင့်သည်။ ကိုယ့်သဘောအတိုင်းသာမရမနေဖြစ်စေရန်မဟုတ်ဘဲ ပြုပြင်ပြောင်းလဲရန် အသင့်ရှိသင့်သည်။ “အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာစောင့်လျက်ပေး” သည်ကိုအမြဲသတိရသင့်သည်။—သု၊ ၂၇:၆။
၁၆။ ငယ်ရွယ်သောဟောပြောသူများသည် မည်သို့သောဆက်သွယ်မှုမျိုးကို လက်ခံယူသင့်သနည်း။
၁၆ လူငယ်များအနေနှင့် ရင့်ကျက်သောခရစ်ယာန်များထံမှ ဆုံးမသြဝါဒ၊ လမ်းပြညွှန်ကြားမှုတောင်းခံကြခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်ရုံမက ကျိုးနွံစိတ်ရှိကြောင်းလည်းတင်ပြသည်။ အကြီးအကဲများပင်လျှင် ဤနည်းဖြင့် အကျိုးခံစားနိုင်သည်။ ဥပမာ၊ ဆာငတ်မွတ်သိပ်ခြင်းမရှိတော့ဟု ဗျာဒိတ် ၇:၁၆၊ ၁၇ တွင်ပါသောကောင်းချီးများကို ကမ္ဘာသစ်တွင်ရရှိရန် အခြားသိုးများမျှော်လင့်နိုင်သည်ဟု ဟောပြောချက်တစ်ခုတွင် အကြီးအကဲတစ်ဦးပြောခဲ့သည်။ သို့ရာတွင် ဤကျမ်းချက်သည် မျက်မှောက်ကာလကို အဓိကရည်ညွှန်းသည်ဟု တင်ပြထားသည်။ (Revelation—Its Grand Climax At Hand!, စာမျက်နှာ ၁၂၆-၈ ကိုရှု။) ပရိသတ်ရှိအကြီးအကဲတစ်ဦးက ယင်းအချက်ကိုအသိပေးရမည်ဟုယူမှတ်ခဲ့သည်။ သို့သော် ယင်းသို့မပြုမီ ဟောပြောသူကိုယ်တိုင်က မိမိဟောပြောချက်ကိုတိုးတက်စေရန် အဘယ်အကြံပြုချက်များရှိသနည်းဟု ဖုန်းဆက်မေးမြန်းသည်။ မှန်သည်၊ ကျွန်ုပ်တို့ကိုကူညီပေးလိုသူများအတွက် လွယ်ကူစေရန် ဩဝါဒခံယူလိုကြောင်းတင်ပြကြစို့လေ။ အထိမခံလိုသူ၊ အလွန်အမင်းအကဲဆတ်သူ မဖြစ်ပါစေနှင့်။
၁၇။ ဆက်သွယ်မှုသည် ညီအစ်ကိုများကို မည်သို့တည်ဆောက်မှုပြုသနည်း။
၁၇ ကျွန်ုပ်တို့ဆွေးနွေးနေသည့်အကြောင်းနှင့်သက်ဆိုင်သည့်မူကို ရှောလမုန်မင်းကြီးဤသို့တင်ပြခဲ့သည်။ “ကျေးဇူးကိုခံသင့်သောသူတို့အား ကျေးဇူးပြုရသောအခွင့်ရှိလျှင် မပြုဘဲမနေနှင့်။” (သု၊ ၃:၂၇) ညီအစ်ကိုတို့အား ကျွန်ုပ်တို့မေတ္တာကြွေးမြီတင်နေကြကြောင်း ပေါလုဤသို့ဆိုသည်။ “အချင်းချင်းချစ်ခြင်းမှတစ်ပါး အဘယ်ကြွေးမျှမတင်စေနှင့်။ သူတစ်ပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။” (ရောမ ၁၃:၈) ထိုကြောင့် အားပေးစကားပြောဆိုရာတွင် ရက်ရောပါလေ။ ဓမ္မအမှုထမ်းငယ်တစ်ဦးသည် ပထမအကြိမ်လူထုဟောပြောချက်ပေးနေခြင်းလော။ သို့ဖြစ်လျှင် သူ့အားချီးမွမ်းပါ။ ညီအစ်မတစ်ဦးသည် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ အထူးကောင်းစွာတာဝန်ယူပြောဆိုခဲ့ပါသလော။ သူမ၏ကြိုးစားမှုကို ချီးမွမ်းအားပေးပါ။ ညီအစ်ကိုညီအစ်မအများစုတို့သည် သူတို့အတတ်နိုင်ဆုံးကြိုးစားနေကြရာ မေတ္တာပါပါတန်ဖိုးထားလေးစားသောစကားများကြားရကြ၍ အားရှိကြမည်အမှန်။
၁၈။ လွန်ကျွံစွာစိတ်ချပုံပေါ်လျှင် မည်သို့ပြုခြင်းသည် ကြင်နာမှုပြရာကျမည်နည်း။
၁၈ တစ်ဖက်ကကြည့်ပြန်လျှင် ဟောပြောသူလူငယ်တစ်ဦး၌ အရည်အချင်းများစွာရှိမည်၊ သို့သော် အသက်ငယ်ရွယ်သည့်အတွက် ထိုက်သင့်လျော်ကန်သည်ထက် သူ့ကိုယ်သူစိတ်ချမှုရှိလွန်းနေပုံပေါက်မည်။ ဤတွင် မည်သို့သောဆက်သွယ်မှုမျိုးသည် အကောင်းဆုံးဖြစ်မည်နည်း။ ရင့်ကျက်သောအကြီးအကဲတစ်ဦးက သူ၏ဟောပုံပြောပုံမှ အချက်ကောင်းကလေးများကိုချီးမွမ်းပြီးနောက် နောင်တွင် ကျိုးနွံစိတ်ကိုမည်သို့တင်ပြနိုင်ကြောင်း နူးညံ့စွာအကြံပေးလျှင် ကြင်နာမှုပြရာကျမည်မဟုတ်လော။ ဤသို့ဆက်သွယ်ခြင်းဖြင့် လူငယ်များကိုမေတ္တာရှိပြီး သူတို့နှလုံးထဲတွင် သဘောထားဆိုးများအမြစ်မတွယ်မီ စောစောထုတ်ပစ်ရန်ကူညီရာရောက်သည်။
၁၉။ အကြီးအကဲများနှင့်အိမ်ထောင်ဦးစီးများသည် အဘယ်ကြောင့်ဆက်သွယ်မှုပြုသူများဖြစ်သင့်သနည်း။
၁၉ အကြီးအကဲများသည် အချင်းချင်းနှင့်သော်လည်းကောင်း၊ အသင်းတော်နှင့်သော်လည်းကောင်း အကျိုးရှိကိစ္စများကိုဆွေးနွေးတင်ပြကြရာတွင် တရားရေးဆိုင်ရာကိစ္စများ အစရှိသည့် အတွင်းရေးကိစ္စများကိုကားလှစ်ဟမည်မဟုတ်ပါ။ သို့ရာတွင် အလွန်အမင်းလျှို့ဝှက်ခြင်းကား မသင်္ကာမှုနှင့်စိတ်ဓာတ်ကျစရာဖြစ်စေသည်။ အိမ်တွင်း သို့မဟုတ် အသင်းတော်တွင်း ရင်းနှီးခင်မင်မှုကိုလည်း ထိခိုက်နစ်နာစေသည်။ ဥပမာ၊ တည်ဆောက်မှုဖြစ်သောသတင်းမျိုးကို မည်သူမဆိုကြားနာလိုသည်။ တမန်တော်ပေါလုသည် ဝိညာဏဆုကျေးဇူးများကိုတင်ပြပြောဆိုခွင့်ကိုရှာကြံသကဲ့သို့ အကြီးအကဲများသည် သူတစ်ပါးအတွက် တည်ဆောက်မှုဖြစ်စေသောစကားများကိုပြောပြရန် စိတ်စောရမည်။—သု၊ ၁၅:၃၀။ ၂၅:၂၅။ ရောမ ၁:၁၁၊ ၁၂။
၂၀။ နောက်ဆက်တွဲဆောင်းပါးသည် ဆက်သွယ်မှုပြုခြင်းဆိုင်ရာ အဘယ်ကဏ္ဍအကြောင်း ဆွေးနွေးတင်ပြမည်နည်း။
၂၀ မှန်ပေသည်။ ခရစ်ယာန်အသင်းတော်အတွင်းနှင့်ခရစ်ယာန်မိသားစုအတွင်း ဆက်သွယ်မှုသည် အလွန်အရေးကြီးသည်။ ထို့ပြင် အခြားတစ်နေရာတွင် ဆက်သွယ်မှုမရှိမဖြစ်ပါ။ အဘယ်နေရာတွင်နည်း။ ခရစ်ယာန်ဓမ္မအမှုတွင်ဖြစ်သည်။ နောက်ဆက်တွဲဆောင်းပါးတွင် ဤအရေးကြီးလုပ်ငန်း၌ ကျွန်ုပ်တို့၏ဆက်သွယ်မှုပြုအရည်အချင်းများ တိုးတက်လာစေရန်နည်းများကို သုံးသပ်ကြမည်။
သင်မည်သို့ဖြေဆိုမည်နည်း
▫ မိသားစုဆက်သွယ်မှုကို မကြာခဏတားဆီးစေသည့်အရာကို မည်သို့ကျော်လွှားနိုင်မည်နည်း။
▫ လင်နှင့်မယားသည် ဆက်သွယ်မှုပြုခြင်းစိန်ခေါ်ချက်ကို မည်သို့ရင်ဆိုင်မည်နည်း။
▫ မိဘနှင့်သားသမီးစပ်ကြား လူမျိုးဆက်ကွာဟမှုကို မည်သို့ရှောင်ကြဉ်မည်နည်း။
▫ အသင်းတော်တွင်းနှင့် အိမ်ထောင်တွင်းဆက်သွယ်မှုပြုခြင်းကား တည်ဆောက်မှုမည်သို့ဖြစ်နိုင်သနည်း။