သင့်အိမ်ထောင်၏ ကယ်တင်ခြင်းအတွက် ကြိုးစားအားထုတ်လေ
“ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သူတို့ကိုမွေးမြူကြလော့။”—ဧဖက် ၆:၄၊ ကဘ။
၁၊ ၂။ ယနေ့ မိဘများ အဘယ်အခက်အခဲများကို ရင်ဆိုင်နေကြရသနည်း။
လူကြိုက်များသော မဂ္ဂဇင်းတစ်စောင်က ယင်းကိုတော်လှန်ရေးဟု ခေါ်သည်။ မကြာမီနှစ်များအတွင်း မိသားစုတွင် ဖြစ်ပျက်နေသော ထိတ်လန့်ဖွယ် ပြောင်းလဲမှုများနှင့်ပတ်သက်၍ ဆောင်းပါးတစ်ခုက ထိုသို့ဖော်ပြခြင်းဖြစ်သည်။ ယင်းသို့ဖြစ်ရသည်မှာ “ကွာရှင်းခြင်း၊ နောက်အိမ်ထောင်ပြုခြင်း၊ တစ်ဖန် ပြန်ကွာရှင်းခြင်း၊ တရားဝင်လက်မထပ်ဘဲ မွေးဖွားခြင်းနှင့် မပြိုမကွဲသည့်အိမ်ထောင်များတွင် အသစ်ဖြစ်ပေါ်နေသော တင်းမာခြင်းများကြောင့်ဖြစ်သည်” ဟုဆိုကြသည်။ ဤသို့စိတ်ဖိစီးမှုများနှင့်တင်းမာမှုများသည် အံ့ဩစရာမဟုတ်ပါ။ အကြောင်းမူကား ဤ “နောက်ဆုံးနေ့ရက်” တွင် လူတို့သည် “ခဲယဉ်းသောကာလ” ကိုတွေ့ကြုံရကြလိမ့်မည်ဟု ကျမ်းစာကကြိုတင်ဟောထားပါသည်။—၂ တိမောသေ ၃:၁-၅၊ ကဘ။
၂ ထို့ကြောင့် ယနေ့ မိဘများသည် ယခင်လူမျိုးဆက်များ မသိခဲ့ရသော အခက်အခဲများကို ရင်ဆိုင်နေကြရသည်။ ကျွန်ုပ်တို့ထဲတွင်ရှိသော မိဘအချို့သည် သားသမီးများကို “ငယ်သောအရွယ်မှစ၍” ဘုရားတရားနှင့်အညီ သွန်သင်လေ့ကျင့်ခဲ့ပြီးဖြစ်သော်လည်း များစွာသောမိသားစုတို့မူကား များမကြာမီအချိန်ကမှ စတင်၍ “သမ္မာတရား၌ ကျင်လည်” လာကြသည်။ (၂ တိမောသေ ၃:၁၅; ၃ ယောဟန် ၄) ထိုမိဘများက သားသမီးများအား ဘုရားသခင့်နည်းလမ်းတော်များကို စတင်သွန်သင်ပေးချိန်တွင် သူတို့သည် ကြီးနေပေလိမ့်မည်။ ထို့အပြင် ကျွန်ုပ်တို့အလယ်တွင် ကြင်ဖော်မဲ့မိဘရှိသော မိသားစုများနှင့် မိထွေးပထွေးရှိသော မိသားစုများလည်း ရှိနေပါသည်။ သင့်အခြေအနေ မည်သို့ပင်ရှိစေကာမူ တမန်တော်ပေါလု၏ ဩဝါဒသည် သက်ဆိုင်နေပါသည်– “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သူတို့ကိုမွေးမြူကြလော့။”—ဧဖက် ၆:၄၊ ကဘ။
ခရစ်ယာန်မိဘများနှင့် သူတို့၏ဝတ္တရားများ
၃၊ ၄။ (က) ဖခင်၏အခန်းကဏ္ဍသည် အဘယ်အကြောင်းများကြောင့် မှေးမှိန်ခဲ့ပြီနည်း။ (ခ) ခရစ်ယာန်ဖခင်များသည် လုပ်ကိုင်ကျွေးမွေးသူများထက်မက အဘယ်ကြောင့်ဖြစ်ရမည်နည်း။
၃ ပေါလုသည် ဧဖက် ၆:၄ မှ မိမိ၏စကားများကို ‘ဖခင်များ’ အား အဓိကရည်ညွှန်း ပြောဆိုခဲ့ကြောင်း သတိပြုပါ။ ယခင်လူမျိုးဆက်တို့တွင် “ဖခင်များသည် သားသမီးများ၏ စာရိတ္တနှင့် ဝိညာဉ်ရေးကို တာဝန်ယူ ပြုစုပျိုးထောင်ရ၏; သားသမီးများ၏ ပညာရေးကိုလည်း တာဝန်ယူကြရသည်။ . . . သို့သော် ဤရင်းနှီးမှုကို စက်မှုတော်လှန်ရေးက ပျက်ပြားစေခဲ့သည်; ဖခင်များသည် သူတို့၏လယ်ယာများနှင့် ဆိုင်များကိုမက အိမ်များကိုပါ ပစ်ပြီး စက်ရုံများနှင့် နောက်ပိုင်းတွင် ရုံးများတွင် သွားရောက် အလုပ်လုပ်ကိုင်ကြသည်။ တစ်ချိန်က ဖခင်များတာဝန်ယူခဲ့သော လုပ်ငန်းများကို မိခင်များက ထမ်းဆောင်ကြရလေသည်။ တဖြည်းဖြည်းနှင့် ဖခင်အာဏာသည် ဂုဏ်ပုဒ်သက်သက်မျှ ဖြစ်လာလေသည်” ဟု စာရေးသူတစ်ဦးကရှင်းပြသည်။
၄ ခရစ်ယာန်ယောက်ျားများ– သင်တို့၏ သားသမီးများကို သွန်သင်လေ့ကျင့်၊ ပြုစုပျိုးထောင်ခြင်းကို သင်တို့၏ဇနီးများအား တာဝန်ပုံအပ်ပြီး သင်တို့မူကား လုပ်ကိုင်ကျွေးမွေးသူများလောက်နှင့်သာ ကျေနပ်မနေပါနှင့်။ ရှေးခေတ်က ဖခင်ဖြစ်သူများကို သု. ၂၄:၂၇ (ကဘ) က ဤသို့တိုက်တွန်းထားသည်– “ပြင်ပအရပ်မှာ သင်၏အလုပ်ကို ပြုပြင်လော့။ လယ်တော၌ ကိုယ့်အဖို့ ပြင်ဆင်လော့။ ထို့နောက် သင်၏အိမ်ထောင်ကိုလည်း တည်ဆောက်ရမည်။” အလားတူ ယနေ့လည်း အလုပ်လုပ်ကိုင်ရသူအဖြစ် သင်သည် စားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း လုပ်ကိုင်ရပေမည်။ (၁ တိမောသေ ၅:၈) သို့ရာတွင် ထိုအလုပ်များ ပြီးသည့်နောက် စိတ်ဓာတ်ရေးနှင့် ဝိညာဉ်ရေးဘက် “သင်၏အိမ်ထောင်ကို တည်ဆောက်” ရန် ကျေးဇူးပြု၍ အချိန်ပေးပါ။
၅။ ခရစ်ယာန်ဇနီးသည်များသည် မိမိအိမ်ထောင်၏ ကယ်တင်ခြင်းအတွက် မည်သို့လုပ်ဆောင်နိုင်သနည်း။
၅ ခရစ်ယာန်ဇနီးသည်များ– သင်တို့အိမ်ထောင်များ၏ ကယ်တင်ခြင်းအတွက် သင်တို့လည်းကြိုးစားအားထုတ်ရမည်။ သု. ၁၄:၁ က ဤသို့ဆိုသည်– “ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည်ဆောက်တတ်၏။” အိမ်ထောင်ဖက်များအနေနှင့် သင်နှင့်သင့်ခင်ပွန်းသည် သားသမီးများကို လေ့ကျင့်ပေးရသည့်တာဝန်ကို အတူတကွထမ်းရွက်ပါ။ (သု. ၂၂:၆; မာလခိ ၂:၁၄) ထိုတာဝန်တွင် သားသမီးများကို ဆုံးမပဲ့ပြင်ခြင်း၊ ခရစ်ယာန်အစည်းအဝေးများနှင့် လယ်ကွင်းဓမ္မအမှုအတွက် အသင့်ပြင်ဆင်ပေးခြင်းသာမက သင်၏ခင်ပွန်း မဆောင်ရွက်နိုင်သည့်အခါ မိသားစုသင်အံမှုကို ကျင်းပခြင်းပင် ပါဝင်ပေမည်။ သင့်သားသမီးများအား အိမ်တွင်းမှုများ၊ အမူအကျင့်ကောင်းများ၊ တစ်ကိုယ်ရေသန့်ရှင်းမှု နှင့် အခြားအကူအညီဖြစ်သည့်အရာများကို သင်ပေးခြင်းဖြင့် အကျိုးများစွာပြုနိုင်ပါသည်။ (တိတု ၂:၅) လင်နှင့်မယား ဤနည်းဖြင့် ပူးပေါင်းလုပ်ဆောင်ကြမည်ဆိုလျှင် သူတို့သားသမီးများ၏ လိုအပ်ရာများကို ကောင်းစွာဖြည့်ဆည်းပေးနိုင်ပါလိမ့်မည်။ ထိုလိုအပ်ရာအချို့ကား အဘယ်အရာများနည်း။
သူတို့၏စိတ်လှုပ်ရှားမှုဆိုင်ရာ လိုအပ်ရာများကို ဖြည့်ဆည်းခြင်း
၆။ သားသမီးများ၏ စိတ်ဓာတ်ဖွံ့ဖြိုးရေးတွင် မိခင်နှင့်ဖခင်များ၏ အခန်းကဏ္ဍကား အဘယ်နည်း။
၆ “မိခင်သည် သားသမီးများအား ချစ်ခင်ယုယ” သည့်အခါ သူတို့သည် ဘေးရန်လုံခြုံ ချစ်မြတ်နိုးခံရသည်ဟု ခံစားကြရသည်။ (၁ သက်သာလောနိတ် ၂:၇၊ သမ; ဆာလံ ၂၂:၉) မိမိ၏ ရင်သွေးများအား ကိုယ်ဖိရင်ဖိဂရုစိုက်စောင့်ရှောက်ချင်သည့်စိတ်မိခင်အများတွင် တွေ့ရှိရသည်။ ပရောဖက်ဟေရှာယက ဤသို့မေးမြန်းသည်– “မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင် မိမိနို့စို့သူငယ်ကို မေ့လျော့ နိုင်သလော။” (ဟေရှာယ ၄၉:၁၅) သို့ဖြစ်၍ မိခင်များသည် သားသမီးများ၏ စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးရေးတွင် အရေးကြီးသောကဏ္ဍတစ်ခုကို ဆောင်ရွက်ပါသည်။ မည်သို့ဆိုစေကာမူ ဖခင်များလည်း ဤကိစ္စတွင် အရေးကြီးသောကဏ္ဍတစ်ခုကို ဆောင်ရွက်ပါသည်။ မိသားစုဘဝဆိုင်ရာ ပညာပေးသူ ပေါလ်လူဝစ္စက ဤသို့ဆိုသည်– “[အပြစ်ကျူးလွန်သော] ကလေးတို့က မိမိတို့၏ဖခင်များနှင့် ပြေလည်သောဆက်ဆံမှုရှိသည်ဟု ပြောဆိုသံကိုကြားသောကလေးများ၏အမှုအခင်းကိုကိုင်တွယ်ရသူ တစ်ယောက်မျှ မရှိပါ။ ရာနှင့်ချီကလေးများအနက် ပြောဆိုသူတစ်ယောက်ပင် မရှိပါ။”
၇၊ ၈။ (က) ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သားတော်စပ်ကြား ခိုင်ခံ့သောနှောင်ကြိုးရှိကြောင်း အဘယ်သာဓက ရှိသနည်း။ (ခ) ဖခင်များသည် သားသမီးနှင့်မိမိတို့စပ်ကြား မေတ္တာနှောင်ကြိုးကို မည်သို့ခိုင်ခံ့နိုင်သနည်း။
၇ ထို့ကြောင့် ခရစ်ယာန်ဖခင်များအနေဖြင့် သားသမီးများနှင့် မေတ္တာနှောင်ကြိုးကို ဂရုစိုက်ပြုစုပျိုးထောင်ပေးရန် အလွန်အရေးကြီးသည်။ ဥပမာအနေနှင့် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့၏ ပုံသက်သေကို သုံးသပ်ကြည့်ပါ။ ယေရှုနှစ်ခြင်းယူချိန်တွင် ယေဟောဝါက ဤသို့အတိအလင်းကြေညာသည်– “သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” (လုကာ ၃:၂၂) ထိုစကားအနည်းငယ်၌ အဓိပ္ပာယ်များစွာပါရှိသည်! ယေဟောဝါသည် (၁) မိမိ၏သားတော်ကို အသိအမှတ်ပြုတော်မူသည်၊ (၂) ယေရှုကို ချစ်မြတ်နိုးကြောင်း အတိအလင်း ထုတ်ဖော်မိန့်ဆိုတော်မူသည်၊ (၃) ယေရှုကို နှစ်ခြိုက်ကြောင်း အသိပေးတော်မူသည်။ သို့တိုင် သားတော်ကို ချစ်မြတ်နိုးကြောင်း ဤတစ်ကြိမ်တည်း၌သာ ယေဟောဝါ ထုတ်ဖော်မိန့်ကြားတော်မူသည်မဟုတ်ပါ။ နောက်ပိုင်းတွင် ခမည်းတော်အား ယေရှု ဤသို့မြွက်ဆိုတော်မူသည်– “ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမီ အကျွန်ုပ်ကိုချစ်” တော်မူ၏။ (ယောဟန် ၁၇:၂၄) တကယ်ဆိုလျှင် နာခံမှုရှိသော သားသမီးများအားလုံးလည်း ဖခင်ထံမှ အသိအမှတ်ပြုခြင်း၊ ချစ်ခြင်းနှင့် နှစ်ခြိုက်ခံရခြင်းတို့ကို မလိုအပ်ကြပေလော။
၈ သင်သည် ဖခင်တစ်ဦးဖြစ်မည်ဆိုလျှင် သားသမီးများကို ချစ်ကြောင်း လက်တွေ့နှင့် နှုတ်ဖြင့် မှန်မှန်တင်ပြခြင်းအားဖြင့် သားသမီးနှင့်သင်တို့ကြား မေတ္တာနှောင်ကြိုးကို ပျိုးထောင်နိုင်မည်။ ယောက်ျားအချို့၊ အထူးသဖြင့် သူတို့ကိုယ်တိုင် ဖခင်များ၏ ချစ်ခင်စုံမက်ခြင်းကို ပွင့်လင်းစွာမခံစားခဲ့ဖူးလျှင် ချစ်ခင်စုံမက်ခြင်းကို တင်ပြရန် ခဲယဉ်းမည်မှာအမှန်။ သို့သော် သားသမီးများကို ချစ်ကြောင်း စနောင့်စနင်းဖြစ်လျက်နှင့်ကြိုးစားပြသမှုကပင်လျှင် များစွာတန်ခိုးပါသည်။ စင်စစ်အားဖြင့် “မေတ္တာမူကား တည်ဆောက်တတ်၏။” (၁ ကောရိန္သု ၈:၁) သင့်သားသမီးများသည် ဖခင်မေတ္တာခံစားရသည့်အတွက် စိတ်ထဲ၌ လုံခြုံမှုဖြစ်ပေါ်မည်ဆိုလျှင် သူတို့သည် ‘တကယ့်ရင်နှစ်’ ဖြစ်လိုသည့်စိတ်၊ သင့်အား လွတ်လပ်စွာ ရင်ဖွင့်လိုသည့်စိတ် ပို၍ရှိလာ ကြပါလိမ့်မည်။—သု. ၄:၃။
သူတို့၏ဝိညာဏလိုအပ်ရာများကို ဖြည့်ဆည်းပေးခြင်း
၉။ (က) ဘုရားကြောက်ရွံ့သော ဣသရေလမိဘများသည် သူတို့မိသားစုများ၏ ဝိညာဏလိုအပ်ရာများကို မည်သို့ဖြည့်ဆည်းပေးခဲ့သနည်း။ (ခ) ခရစ်ယာန်များ၌ သားသမီးများကို အလွတ်သဘောအရ သွန်သင်ပေးနိုင်သည့် အဘယ်အခွင့်အရေးများ ရှိသနည်း။
၉ ကလေးများ၌ ဝိညာဏလိုအင်များလည်း ရှိကြပါသည်။ (မဿဲ ၅:၃) ဣသရေလမိဘများအား မောရှေ ဤသို့တိုက်တွန်းနှိုးဆော်သည်– “ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကို ပြောရမည်။” (တရားဟောရာ ၆:၆၊ ၇) သင်သည် ခရစ်ယာန်မိဘတစ်ဦးဖြစ်မည်ဆိုလျှင် “ခရီး၌သွား” သည့်အခါ အလွတ်သဘော များစွာသွန်သင်ပေးနိုင်ပါသည်။ မိသားစုလိုက် သွားလာသည့်အခါ၊ သားသမီးများနှင့်အတူ ဈေးသွားသည့်အခါ၊ ခရစ်ယာန်ဓမ္မအမှုတွင် တစ်အိမ်မှတစ်အိမ် သွားသည့်အခါ သက်သောင့်သက်သာရှိသော အခြေအနေတွင် သွန်သင်ပို့ချရန်အခွင့်အရေးကောင်း များစွာရှိသည်။ ထမင်းစားချိန်သည် မိသားစုလိုက် စကားစမြည်ပြောဆိုရန် အထူးသင့်တော်သောအချိန်ကောင်း ဖြစ်ပါသည်။ “ထမင်းစားချိန်တွင် တစ်နေ့တာအတွင်း ပေါ်ပေါက်လာခဲ့သည့်ကိစ္စများအကြောင်း ကျွန်ုပ်တို့ဆွေးနွေးကြသည်” ဟုမိဘတစ်ဦး ရှင်းပြသည်။
၁၀။ မိသားစုသင်အံမှုသည် တစ်ခါတစ်ရံ အဘယ်ကြောင့် စိန်ခေါ်ချက်တစ်ခုဖြစ်ရသနည်း။ မိဘများအနေဖြင့် အဘယ်စိတ်ဆုံးဖြတ်ချက် ရှိသင့်သနည်း။
၁၀ သို့ရာတွင် သင့်ကလေးများနှင့် ကျမ်းစာမှန်မှန်လေ့လာခြင်းအားဖြင့် စည်းကမ်းနည်းလမ်းအတိုင်း သွန်သင်မှုပေးခြင်းသည်လည်း အလွန်အရေးကြီးပါသည်။ “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိသည်” ကား မှန်ပေသည်။ (သု. ၂၂:၁၅) မိမိတို့သားသမီးသည် မိသားစုသင်အံမှုကို တမင်ဖျက်ဆီးတတ်ကြောင်း မိဘအချို့က ပြောပြသည်။ မည်သို့အားဖြင့်နည်း။ အငြိမ်မနေခြင်း၊ စိတ်မဝင်စားခြင်း၊ (မောင်နှမချင်း ရန်ခိုက်မှုဖြစ်ခြင်း အစရှိသည့်) စိတ်အနှောင့်အယှက်ဖြစ်စေသည့် အာရုံပျံ့လွင့်စရာများ ဖြစ်ပေါ်စေခြင်း၊ အခြေခံ ကျမ်းစာသမ္မာတရားများကို မသိနားမလည်ဟန်ဆောင်ခြင်းတို့အားဖြင့်ဖြစ်သည်။ ယင်းကအလိုဆန္ဒတိုက်ပွဲဖြစ်ပေါ်လာသည့်အထိ ဖြစ်စေခဲ့လျှင် မိဘ၏ဆန္ဒသည် ပိုခိုင်မာရမည်။ ခရစ်ယာန်မိဘများအနေဖြင့် လက်လျှော့အရှုံးပေးခြင်း၊ သားသမီးများအား အိမ်ထောင်ကို စိုးမိုးစေခြင်း မပြုရပါ။—ဂလာတိ ၆:၉။
၁၁။ မိသားစုသင်အံမှုကို ပျော်မွေ့အားရစရာ မည်သို့ပြုလုပ်နိုင်သနည်း။
၁၁ အကယ်၍ သင့်သားသမီးများက မိသားစုသင်အံမှုကို နှစ်သက်ပျော်ရွှင်မှုမရှိလျှင် အပြောင်းအလဲအနည်းအကျဉ်း ပြုလုပ်နိုင်ပေသည်။ ဥပမာ၊ သင်အံမှုပြုချိန်ကို သင့်သားသမီးများ နောက်ဆုံးပြုခဲ့သည့် အမှားများကို ဖော်ပြဆွေးနွေးသည့်အချိန်အဖြစ် အသုံးပြုနေပါသလော။ ထိုသို့သောပြဿနာများကို သီးသန့်ဆွေးနွေးလျှင် ကောင်းပေမည်။ သင်အံမှုကို မှန်မှန်ကျင်းပပါသလော။ ယင်းကို မိမိကြိုက်နှစ်သက်သည့် ရုပ်မြင်သံကြားအစီအစဉ် သို့မဟုတ် အားကစားပွဲတစ်ခုအတွက် ဖျက်မည်ဆိုလျှင် သင့်သားသမီးများကလည်း သင်အံမှုကို အလေးအနက်သဘောထားလိမ့်မည်မဟုတ်ပါ။ သင်အံမှုကို စိတ်ပါဝင်စားစွာ အားတက်သရော ကျင်းပပါသလော။ (ရောမ ၁၂:၈) မှန်သည်၊ သင်အံမှုသည် ပျော်ရွှင်စရာဖြစ်သင့်သည်။ အတတ်နိုင်ဆုံး ကလေးအားလုံးကို ပါဝင်စေပါ။ အပြုသဘောနှင့် တည်ဆောက်အားပေးပြီး သားသမီးများ ပါဝင်ဖြေဆိုခြင်းကို လှိုက်လှဲစွာ ချီးမွမ်းပါ။ လေ့လာရမည့်အကြောင်းအရာကို ပြီးဆုံးဖို့သာမဟုတ်ဘဲ နှလုံးကို အမှန်ပင်ထိမိဖို့ ကြိုးစားပါ။—သု. ၂၃:၁၅။
ဖြောင့်မတ်ခြင်းတရား၌ ပဲ့ပြင်ဆုံးမခြင်း
၁၂။ ဆုံးမပဲ့ပြင်သည့်အခါ တုတ်သုံးရန် အဘယ်ကြောင့် အမြဲမလိုသနည်း။
၁၂ ကလေးများကိုလည်း ဆုံးမပဲ့ပြင်ပေးဖို့ အလွန်လိုအပ်ပါသည်။ မိဘတစ်ဦးအနေနှင့် သူတို့အတွက် ကန့်သတ်ချက်များကို သတ်မှတ်ပေးသင့်သည်။ သု. ၁၃:၂၄ ကဤသို့ဆိုသည်– “ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏။” သို့သော် ဆုံးမပဲ့ပြင်ရန် ကြာပွတ်ကို အမြဲအသုံးပြုရမည်ဟု ကျမ်းစာမဆိုလိုပါ။ သု. ၈:၃၃ က ဤသို့ဆိုသည်– “ဆုံးမခြင်းကို . . . နားထောင်” လော့။ “မိုက်သောသူသည် ဒဏ်ချက်တစ်ရာကို အမှုထားသည်ထက် ပညာရှိသောသူသည် ဆုံးမသောစကားကို သာ၍အမှုထားတတ်၏” ဟူ၍ ကျွန်ုပ်တို့အား အသိပေးထားသည်။—သု. ၁၇:၁၀။
၁၃။ ကလေးကို မည်သို့ဆုံးမပဲ့ပြင်သင့်သနည်း။
၁၃ တစ်ခါတစ်ရံ ကိုယ်ကာယဆုံးမမှုတစ်မျိုးမျိုး ပြုလုပ်ရန် သင့်တော်ပေမည်။ သို့ရာတွင် ဒေါသနှင့် ဆုံးမပါက ခြေလွန်လက်လွန်ဖြစ်ပြီး အကျိုးသက်ရောက်လိမ့်မည်မဟုတ်။ သမ္မာကျမ်းစာက ဤသို့ သတိပေးထားသည်– “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ရောက်ကြလိမ့်မည်။” (ကောလောသဲ ၃:၂၁) မှန်ပါသည်၊ “ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်၏။” (ဒေသနာ ၇:၇) စိတ်နာကြည်းသောလူငယ်သည် ဖြောင့်မတ်သောစံနှုန်းများကိုပင် ဆန့်ကျင်ပုန်ကန်လာနိုင်သည်။ သို့ဖြစ်၍ မိဘများသည် ကျမ်းစာကို အသုံးပြု၍ ဖြောင့်မတ်ခြင်းတရား၌ သားသမီးများကို ဆုံးမပဲ့ပြင်ရာတွင် ခိုင်မာပြတ်သားရမည်ဖြစ်ပြီး မျှတသောနည်းလမ်းဖြင့် ဆုံးမသင့်သည်။ (၂ တိမောသေ ၃:၁၆) ဘုရားရေးရာဆုံးမခြင်းကို မေတ္တာနှင့် နူးညံ့သိမ်မွေ့စွာ ပေးရသည်။—၂ တိမောသေ ၂:၂၄၊ ၂၅ နှိုင်းယှဉ်။a
၁၄။ အမျက်ဒေါသ ပေါက်ကွဲတော့မည်ဆိုလျှင် မိဘများ ဘာလုပ်သင့်သနည်း။
၁၄ “ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ” သည်မှာအမှန်။ (ယာကုပ် ၃:၂) သာမန်အားဖြင့် မေတ္တာရှိသော မိဘပင်လျှင် လတ်တလောဖြစ်ပေါ်သည့် ဖိစီးမှုကြောင့် ကြင်နာမှုကင်းမဲ့သောစကားပြောမိနိုင်သည်၊ သို့မဟုတ် စိတ်လိုက်မာန်ပါ ပြုမိနိုင်ပါသည်။ (ကောလောသဲ ၃:၈) ထိုသို့ဖြစ်ပျက်ခဲ့မည်ဆိုလျှင် သင့်ကလေးလည်း အလွန်ဝမ်းနည်းလျက်၊ သို့မဟုတ် အသင်ကိုယ်တိုင်လည်း အမျက်မပြေဘဲလျက် နေမဝင်စေနှင့်။ (ဧဖက် ၄:၂၆၊ ၂၇) သင့်ကလေးနှင့် ပြဿနာကိုဖြေရှင်းပြီး တောင်းပန်တန် တောင်းပန်လိုက်ပါ။ (မဿဲ ၅:၂၃၊ ၂၄ နှိုင်းယှဉ်။) ဤသို့သာ နှိမ့်ချမှုပြမည်ဆိုလျှင် အသင်နှင့် အသင့်ကလေးသည် ပိုမိုရင်းနှီး လာပေမည်။ သင့်စိတ်ကို သင်မထိန်းနိုင်ဘဲ ဒေါသထွက်တတ်လျှင် ခန့်အပ်ခံ အသင်းတော်အကြီးအကဲများ၏အကူအညီကို တောင်းဆိုပါ။
ကြင်ဖော်မဲ့မိဘရှိမိသားစုများနှင့် မိထွေးပထွေးရှိ မိသားစုများ
၁၅။ ကြင်ဖော်မဲ့မိဘ မိသားစုများရှိ ကလေးများကို မည်သို့ကူညီပေးနိုင်သနည်း။
၁၅ သို့သော် ကလေးအားလုံးသည် မိဘနှစ်ပါးစလုံး၏ ထောက်ပံ့ကူညီမှုကို မရရှိပါ။ အမေရိကန်နိုင်ငံတွင် ကလေး ၄ ယောက်အနက် ၁ ယောက်ကို ကြင်ဖော်မဲ့မိဘကသာ ကျွေးမွေးပြုစုထားပါသည်။ ကျမ်းစာခေတ်က ‘ဖတဆိုးသားများ’ ရှိခဲ့ကြရာ သူတို့၏အရေးကို ကျမ်းစာတွင် ကြိမ်ဖန်များစွာ ဖော်ပြထားပါသည်။ (ထွက်မြောက်ရာ ၂၂:၂၂) ယနေ့ ကြင်ဖော်မဲ့မိဘရှိခရစ်ယာန်အိမ်ထောင်များလည်း ဖိစီးမှုများနှင့် အခက်အခဲများကို ကြုံတွေ့ကြရသော်လည်း ယေဟောဝါသည် “မိဘမရှိသောသူတို့၏အဘဖြစ်၍ မုဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ” ကြောင်းကို သိရှိထား၍ စိတ်သက်သာမှု ရရှိကြသည်။ (ဆာလံ ၆၈:၅) “မိဘမရှိသောသူငယ်တို့နှင့်၊ မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ သူတို့ကို ကြည့်ရှုပြုစု” ရန် ခရစ်ယာန်များအား တိုက်တွန်းထားပါသည်။ (ယာကုပ် ၁:၂၇) ယုံကြည်သူချင်းတို့သည် ကြင်ဖော်မဲ့မိဘရှိမိသားစုများကို များစွာကူညီပေးနိုင်ကြပါသည်။ b
၁၆။ (က) ကြင်ဖော်မဲ့မိဘများသည် မိမိတို့၏အိမ်ထောင်များအတွက် ဘာလုပ်သင့်သနည်း။ (ခ) ဆုံးမပဲ့ပြင်ခြင်းသည် အဘယ်ကြောင့်ခဲယဉ်းကောင်းခဲယဉ်းမည်ဖြစ်သနည်း။ သို့သော် အဘယ်ကြောင့်ပဲ့ပြင်ပေးရမည်နည်း။
၁၆ သင်သည် ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်မည်ဆိုလျှင် သင့်အိမ်ထောင်အတွက် အကျိုးရှိစေရန် သင်ဘာလုပ်နိုင်မည်နည်း။ မိသားစုကျမ်းစာသင်အံမှုပြုခြင်း၊ အစည်းအဝေးတက်ခြင်း၊ လယ်ကွင်းဓမ္မအမှု၌ ပါဝင်ခြင်းကို ဝီရိယစိုက်ထုတ် ပြုလုပ်ဖို့လိုသည်။ သို့သော် ဆုံးမခြင်းသည် အထူးခက်ခဲသည့်အလုပ် ဖြစ်ပေမည်။ သေခြင်းကြောင့် ကွေကွင်းသော ချစ်ရသည့်ကြင်ဖော်အတွက် ပူဆွေးနေဆဲဖြစ်မည်။ သို့မဟုတ် အိမ်ထောင်ပျက်စီးပြိုကွဲသည့်အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေမည်၊ သို့မဟုတ် အမျက်ထွက်နေပေမည်။ သားသမီးအုပ်ထိန်းရန်တာဝန်ကို ဝေမျှယူနေရလျှင် သင့်ကလေးသည် သင်နှင့်ခွဲနေသော သို့မဟုတ် ကွာရှင်းထားသောကြင်ဖော်နှင့် ပိုပျော်နေမည်ကို စိုးရိမ်နေကောင်း စိုးရိမ်နေမည်။ ဤသို့သောအခြေအနေမျိုးကြောင့် ဟန်ချက်ညီညီ ဆုံးမပဲ့ပြင်ပေးရန် စိတ်ပိုင်းအရ ခဲယဉ်းနေပေမည်။ သို့ရာတွင် သမ္မာကျမ်းစာက “တတ်တိုင်းနေစေသောသူငယ်သည် အမိကို အရှက်ခွဲတတ်၏” ဟုမှာထားသည်။ (သု. ၂၉:၁၅) ထိုကြောင့် ကိုယ်ကိုယ်ကို အပြစ်တင်ခြင်း၊ နောင်တရပြီး ဝမ်းနည်းခြင်း၊ သို့မဟုတ် ယခင်အိမ်ထောင်ဖက်ကြောင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ဖိစီးမှုခံရခြင်းတို့ကို အရှုံးမပေးပါနှင့်။ အကျိုးသင့်အကြောင်းသင့်ဖြစ်ပြီး တစ်သမတ်တည်းရှိသော စံနှုန်းများကို သတ်မှတ်ပါ။ ကျမ်းစာမူများကို အလျှော့ပေးလိုက်လျောခြင်း မပြုပါနှင့်။—သု. ၁၃:၂၄။
၁၇။ ကြင်ဖော်မဲ့မိဘရှိမိသားစုတွင် အိမ်သူအိမ်သားတို့၏ အခန်းကဏ္ဍများသည် မည်သို့ရောထွေးသွားနိုင်သနည်း။ ယင်းသို့မဖြစ်အောင် မည်သို့ပြုလုပ်နိုင်သနည်း။
၁၇ သို့သော် ကြင်ဖော်မဲ့မိခင်သည် သားဖြစ်သူအား ခင်ပွန်းကိုယ်စား—အိမ်ထောင်ဦးစီး—အဖြစ်ဆက်ဆံမည်၊ သို့မဟုတ် သမီးဖြစ်သူအား တီးတိုးတိုင်ပင်ဖော်အဖြစ်ထား၍ အတွင်းရေးပြဿနာများကို ပြောပြခြင်းဖြင့် အခက်အခဲများ ပေါ်ပေါက်လာနိုင်ပါသည်။ ဤသို့ပြုမူခြင်းသည် မသင့်တော်သည့်အပြင် ကလေးအား စိတ်ရှုပ်ထွေးစေသည်။ မိဘဝတ်နှင့်ကလေးဝတ် ရောထွေးလာသည့်အခါ ဆုံးမပဲ့ပြင်မှုပြုနိုင်တော့မည်မဟုတ်ပေ။ သင်သာ မိဘဖြစ်သည်ကို သိရှိစေပါ။ သင်သည် ကျမ်းစာအခြေခံသည့် အကြံပေးချက်လိုအပ်နေသော မိခင်တစ်ဦးဖြစ်မည်ဆိုလျှင် အကြီးအကဲများ သို့မဟုတ် ပါရမီရင့်ကျက်သည့် အသက်ကြီးသောသူ ညီအစ်မတစ်ဦးထံမှ အကူအညီတောင်းပါ။—တိတု ၂:၃-၅ နှိုင်းယှဉ်။
၁၈၊ ၁၉။ (က) မိထွေးပထွေးရှိသော အိမ်ထောင်များတွင် ရင်ဆိုင်ရသော အခက်အခဲအချို့ကား အဘယ်နည်း။ (ခ) မိထွေးပထွေးရှိသော အိမ်ထောင်မှ မိဘနှင့်သားသမီးများသည် ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်တတ်သောဉာဏ်ရှိကြောင်း မည်သို့ဖော်ပြနိုင်သနည်း။
၁၈ မိထွေးပထွေးရှိသော မိသားစုများလည်း အခက်အခဲများ ရင်ဆိုင်ကြရသည်။ မိထွေးပထွေးများသည် “ချက်ချင်း မေတ္တာတုံ့ပြန်မှု” ကို များသောအားဖြင့် မရရှိကြချေ။ ဥပမာ၊ မိခြားဖခြားသားသမီးများသည် သားရင်းသမီးရင်းအား မျက်နှာသာပိုပေးသည်ဟု ခံစားတတ်လေ့ရှိသည်။ (ကမ္ဘာဦး ၃၇:၃၊ ၄ နှိုင်းယှဉ်။) အမှန်မှာ၊ မိခြားဖခြားကလေးများသည် စွန့်ခွာသွားသောမိဘအတွက် ပူဆွေးရခြင်းနှင့် လုံးပန်းနေရပြီး မိထွေးပထွေးကို ချစ်ခင်မိလျှင် အဖေရင်းအမေရင်းကို သစ္စာဖောက်ရာကျသည်ဟု စိုးရွံ့နေပေမည်။ လိုအပ်သောဆုံးမပဲ့ပြင်မှုပေးရန်ကြိုးစားသည့်အခါ ‘ခင်ဗျားဟာ ကျုပ်မိဘအရင်း မဟုတ်ဘူး’ ဟုကြမ်းတမ်းစွာ သတိပေးခြင်း ခံရတတ်သည်။
၁၉ သု. ၂၄:၃ ကဤသို့ဆိုသည်– “ဉာဏ်ပညာအားဖြင့် အိမ်ကို တည်ဆောက်၍ [ပိုင်းခြားသိမြင်ခြင်းအားဖြင့်၊ ကဘ] ခိုင်ခံ့မြဲမြံစေရ၏။” မှန်ပါသည်၊ မိထွေးပထွေးရှိသော မိသားစုဝင်အားလုံး ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်ခြင်းရှိမှသာ မိသားစုဘဝ အောင်မြင်ပါလိမ့်မည်။ အချိန်တန်လျှင် သားသမီးများသည် အခြေအနေပြောင်းလဲသွားပြီဟူသော ခံရခက်လေ့ရှိသည့်အချက်ကို အသိအမှတ်ပြု လက်ခံရလိမ့်မည်။ မိထွေးပထွေးများအနေဖြင့်လည်း စိတ်ရှည်ပြီး စာနာတတ်ရန်၊ ငြင်းပယ်ခံရသည်ဟူသော အထင်ဖြင့် စော်ကားခံရသည်ဟု အဆောတလျင် မထင်ရန် သင်ယူဖို့ လိုပေမည်။ (သု. ၁၉:၁၁; ဒေသနာ ၇:၉) ဆုံးမပဲ့ပြင်ပေးသူ၏ တာဝန်ကို မယူမီ မိခြားဖခြားကလေးနှင့် ခင်မင်ရင်းနှီးမှုကို ကြိုးစားတည်ဆောက်ပါ။ ဤသို့သောနှောင်ကြိုးမျိုး မဖွဲ့နိုင်မီ ဆုံးမပဲ့ပြင်ခြင်းကို မိရင်းဖရင်းအား ပြုလုပ်စေလျှင် သာ၍ကောင်းမည်ဟု အချို့ယူဆမည်။ တင်းမာမှုများ ပေါ်ပေါက်လာသောအခါ ဆက်သွယ်မှုပြုလုပ်ရန် ကြိုးစားရမည်။ “အကြံပေးရာ လိုက်နာသူတို့၌မူကား ဉာဏ်ပညာရှိ၏” ဟုသု. ၁၃:၁၀ (သမ) ကဆိုသည်။c
သင့်အိမ်ထောင်၏ ကယ်တင်ခြင်းအတွက် ဆက်လက်ကြိုးစားအားထုတ်လေ
၂၀။ ခရစ်ယာန်အိမ်ထောင်ဦးစီးများသည် ဘာဆက်လုပ်သင့်သနည်း။
၂၀ ခိုင်ခံ့သောခရစ်ယာန်မိသားစုများသည် မတော်တဆ ဖြစ်ပေါ်လာသည်မဟုတ်။ အသင်အိမ်ထောင်ဦးစီးတို့အနေဖြင့် သင်တို့အိမ်ထောင်များ၏ ကယ်တင်ခြင်းအတွက် ဆက်လက်ကြိုးစားအားထုတ်နေရမည်။ ဉာဉ်ဆိုးများ သို့မဟုတ် လောကီဆန်သောဝသီများကို နိုးကြားစွာဖြင့် သတိပြုနေပါ။ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းနှင့် စင်ကြယ်ခြင်းတွင် ပုံသက်သေကောင်း တင်ပြပါ။ (၁ တိမောသေ ၄:၁၂) ဘုရားသခင်၏ ဝိညာဉ်တော်အသီးကို ထင်ရှားပြပါ။ (ဂလာတိ ၅:၂၂၊ ၂၃) သင့်သားသမီးများအား ဘုရားသခင့်နည်းလမ်းတော်ကို ကြိုးစားသွန်သင်ပေးရာတွင် စိတ်ရှည်ခြင်း၊ စာနာခြင်း၊ ခွင့်လွှတ်ခြင်းနှင့် ကြင်နာခြင်းသည် များစွာအထောက်အကူပြုလိမ့်မည်။—ကောလောသဲ ၃:၁၂-၁၄။
၂၁။ အိမ်တွင် နွေးထွေးလှိုက်လှဲ၍ ပျော်ရွှင်သာယာသောအခြေအနေကို မည်သို့ထိန်းထားနိုင်သနည်း။
၂၁ ဘုရားသခင်၏အကူအညီဖြင့် သင့်အိမ်ထောင်တွင် ပျော်ရွှင်သာယာ နွေးထွေးလှိုက်လှဲသောသဘောထား အမြဲရှိနေစေရန် ကြိုးစားအားထုတ်ပါ။ မိသားစုတစ်စုအနေနှင့် အနည်းဆုံး တစ်နေ့လျှင်တစ်ကြိမ် အတူတူထမင်းစားရန် ကြိုးစားခြင်းဖြင့်အချိန်ကိုအတူတကွအသုံးပြုပါ။ ခရစ်ယာန်အစည်းအဝေးများ၊ လယ်ကွင်းလုပ်ငန်းနှင့် မိသားစုသင်အံမှုတို့သည် အရေးကြီးသည်။ သို့တိုင် “ရယ်ရသောအချိန်၊ . . . ကခုန်ရသောအချိန်” လည်းရှိ၏။” (ဒေသနာ ၃:၁၊ ၄) မှန်ပါသည်၊ တည်ဆောက်မှုဖြစ်စေမည့် အပန်းဖြေချိန်များကို စီစဉ်ထားပါ။ ပြတိုက်များ၊ တိရစ္ဆာန်ရုံနှင့် အလားတူသောနေရာများသို့ သွားရောက်လည်ပတ်ခြင်းသည် မိသားစုတစ်စုလုံးအတွက် နှစ်သက်ပျော်မွေ့စရာဖြစ်သည်။ သို့မဟုတ် ရုပ်မြင်သံကြားကို ပိတ်ထားပြီး အတူတူသီချင်းဆိုခြင်း၊ တေးသံသာကို နားထောင်ခြင်း၊ ကစားခြင်း၊ စကားပြောဆိုခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါသည်။ ယင်းသို့ပြုလုပ်ခြင်းသည် မိသားစုကို ပိုမိုရင်းနှီးချစ်ခင်လာအောင် အထောက်အကူ ပြုနိုင်သည်။
၂၂။ သင့်အိမ်ထောင်၏ကယ်တင်ခြင်းအတွက် သင်အဘယ်ကြောင့် ကြိုးစားအားထုတ်သင့်သနည်း။
၂၂ အသင်ခရစ်ယာန်မိဘများအနေဖြင့် “ကောင်းသောအကျင့်အမျိုးမျိုးတည်းဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသောဉာဏ် တိုးပွား” နေကြစဉ် ယေဟောဝါစိတ်တော်နှင့် လုံးလုံးလျားလျားတွေ့ရန် ဆက်လက်ကြိုးစားအားထုတ်နိုင်ကြပါစေ။ (ကောလောသဲ ၁:၁၀) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နာခံခြင်းတည်းဟူသော ခိုင်ခံ့သည့်အုတ်မြစ်ပေါ်တွင် သင့်အိမ်ထောင်ကို တည်ဆောက်ပေးပါ။ (မဿဲ ၇:၂၄-၂၇) “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေ” နှင့်အညီ သင်တို့၏သားသမီးများကို ကြိုးစားမွေးမြူခြင်းသည် ဘုရားသခင်၏စိတ်တော်နှင့် တွေ့မည်ကို စိတ်ချပါ။—ဧဖက် ၆:၄၊ ကဘ။
[အောက်ခြေမှတ်ချက်များ]
a ဖေဖော်ဝါရီ ၈၊ ၁၉၉၃ နိုးလော့! ပါ “သမ္မာကျမ်းစာရှုထောင့်– ‘ဆုံးမသောကြိမ်လုံး’—ခေတ်ကုန်သွားပြီလော” ဆောင်းပါးကိုရှု။
b နိုဝင်ဘာ ၁၅၊ ၁၉၈၁ ကင်းမျှော်စင်၊ စာမျက်နှာ ၇-၂၁ ရှု။
c အောက်တိုဘာ ၁၅၊ ၁၉၈၅ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁-၂၄ ရှု။
သင်မည်သို့ဖြေဆိုမည်နည်း
◻ မိမိတို့၏အိမ်ထောင်ကို တည်ဆောက်ရာတွင် လင်နှင့်မယား မည်သို့ပူးပေါင်းဆောင်ရွက်နိုင်သနည်း။
◻ သားသမီးများ၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်အချို့ကား အဘယ်နည်း။ ယင်းတို့ကို မည်သို့ ဖြည့်ဆည်းပေးနိုင်သနည်း။
◻ အိမ်ထောင်ဦးစီးတို့သည် မိမိတို့၏သားသမီးများကို စည်းကမ်းထုံးစံအရရော အလွတ်သဘောအရပါ မည်သို့သွန်သင်ပေးနိုင်သနည်း။
◻ မိဘများသည် ဖြောင့်မတ်ခြင်းတရားနှင့်အညီ မည်သို့ဆုံးမပဲ့ပြင်နိုင်သနည်း။
◻ ကြင်ဖော်မဲ့မိဘရှိမိသားစုများနှင့် မိထွေးပထွေးရှိသော မိသားစုများ၏ အကျိုးအတွက် ဘာပြုလုပ်ပေးနိုင်သနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဖခင်၏ချစ်ခြင်းနှင့် နှစ်ခြိုက်ခံရခြင်းသည် ကလေး၏ စိတ်ဓာတ်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသည်