မည်သူတို့၏ဆုတောင်းသံများကို နားညောင်းတော်မူသနည်း
ယေဟောဝါသည် ဆုတောင်းချက်များကို နားညောင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အမှန်တွင်၊ ကိုယ်တော်၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကကိုယ်တော်အား “ပတ္ထနာစကားကို နားထောင်[သူ] ” ဟုခေါ်ထားသည်။ (ဆာလံ ၆၅:၂) ကိုယ်တော်သည် ဆုတောင်းခြင်းများကို အဖြေပေးရန်အသင့်ဖြစ်သည်။ သို့သော် မည်သူ၏ဆုတောင်းချက်များကို အမှန်ပင်ဖြေဆိုပါသနည်း။
ဘုရားသခင်သည် ကိုယ်တော်စိတ်တော်နှင့် တွေ့သူတို့၏ ဆုတောင်းသံကို ဖြေကြားတော်မူ၏။ “သမင်ဒရယ်သည် ရေစီးသောချောင်းကို တောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါသည်ဘုရား။ ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသောဘုရားကို ငတ်လှ၏” ဟုဆိုသောဆာလံဆရာ၏ ကိုင်းရှိုင်းသောသဘောထား သူတို့တွင်ရှိသည်။ (ဆာလံ ၄၂:၁၊ ၂) သို့ပင်ငြားလည်း၊ ယေဟောဝါသည် မိမိ၏စစ်မှန်သော ဝတ်ပြုသူများ၏ ဆုတောင်းသံကို နားညောင်းကြောင်းသက်သေပြရန် မည်သည့်အထောက်အထားများရှိပါသနည်း။
ဆုတောင်းခြင်းကိုနားညောင်းကြောင်း အထောက်အထား
ယေဟောဝါသည် မိမိသစ္စာရှိကျေးကျွန်များ၏ ဆုတောင်းသံကို နားညောင်းကြောင်း သမ္မာကျမ်းစာတွင် မှတ်တမ်းများစွာ ပါရှိပါသည်။ ဥပမာ၊ ယုဒဘုရင်ယောရှဖတ်သည် ကယ်မရန်တောင်းလျှောက်သောအခါ၊ သူ၏ရန်သူများကို အချင်းချင်းကွပ်မျက်စေခြင်းဖြင့် ဘုရားရှင်သည် သူ၏ဆုတောင်းချက်ကို ဖြေကြားခဲ့သည်။ (၂ ရာဇဝင်ချုပ် ၂၀:၁-၂၆) ဟေဇကိဘုရင်သည်လည်းအလားတူပင် ကြောက်မက်ဖွယ်စစ်အင်အားနှင့် ရင်ဆိုင်ရသောအခါ သူသည်နှိမ့်ချစွာဖြင့်ဘုရားရှင်ထံ အကူအညီအတွက် တောင်းလျှောက်ခဲ့သည်။ တစ်ညတည်း၌အာရှုရိ ၁၈၅,၀၀၀ ကိုကောင်းကင်တမန်တစ်ပါးသည် သုတ်သင်ပစ်လိုက်သောအခါ ဟေဇကိသည်ယေဟောဝါ၏ ကယ်တင်ခြင်းကို မြင်တွေ့ခဲ့ရသည်။—ဟေရှာယ ၃၇:၁၄-၂၀၊ ၃၆-၃၈။
ဘုရားသခင်သည် အဘယ်ကြောင့်ထိုဆုတောင်းချက်များကို နားညောင်းခဲ့သနည်း။ ဖြစ်ရပ်နှစ်ခုစလုံးတွင်၊ ဘုရင်များက စစ်ရှုံးခဲ့လျှင်ဘုရားနာမတော် အလွန်ထိခိုက်မည့်အကြောင်း တောင်းလျှောက်ခဲ့ကြသည်။ (၂ ရာဇဝင်ချုပ် ၂၀:၆-၉။ ဟေရှာယ ၃၇:၁၇-၂၀) သူတို့သည် ကိုယ်တော့်သိက္ခာကို စိုးရိမ်မကင်းဖြစ်ကြသည်။ The International Standard Bible Encyclopedia စွယ်စုံကျမ်းက၊ “ဆုတောင်းခြင်း၏အဆုံးစွန် ရည်ရွယ်ချက်မှာ တောင်းလျှောက်သူ၏ကောင်းမှုသာမဟုတ်ဘဲ ဘုရားနာမတော်ကို ဂုဏ်တင်ရန်ဖြစ်သည်။” ထို့ကြောင့်၊ ယေဟောဝါ၏ သစ္စာရှိကျေးကျွန်များသည် “နာမတော်၏အကြောင်းကြောင့်” ကိုယ်တော်သည်သူတို့ကို ကူညီမည်ဖြစ်ကြောင်း စိတ်ချနိုင်သည်။ ထိုသို့သောဆုတောင်းချက်များကို ဖြေကြားခြင်းမှတ်တမ်းများက ဘုရားကျေးကျွန်များအား သူတို့၏ဆုတောင်းသံကိုလည်း ကိုယ်တော်နားညောင်းတော်မူကြောင်း သက်သေဖြစ်သည်။—ဆာလံ ၉၁:၁၄၊ ၁၅၊ ၁၀၆:၈။ သု၊ ၁၈:၁၀။
သို့သော်၊ အခြေအနေတစ်ခုသည် ယေဟောဝါ၏နာမနှင့်ပတ်သက်လင့်ကစား ဘုရားရှင်သည်ဆုတောင်းချက်တစ်ခုခုကို ဖြေကြားသင့်မသင့် ပိုင်းဖြတ်သည်။ ကိုယ်တော်သည် အချို့ဆုတောင်းချက်များကို မဖြေကြားရန် အကြောင်းကောင်းရှိပေမည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ဖြေကြားခြင်းမရှိလျှင် အဘယ်ကြောင့်ထိုသို့ဖြစ်ရကြောင်း သုံးသပ်လျှင်ကောင်းမည်။
အဘယ်ကြောင့် အချို့ဆုတောင်းချက်များ နားညောင်းမခံရ
“သင်တို့သည် များစွာသောပတ္ထနာကိုပြုကြသောအခါ ငါသည်နားမထောင်” ဟုတစ်ခါက ယေဟောဝါသည် ဣသရေလများကို မိန့်ဆိုခဲ့သည်။ အကြောင်းရင်းကိုထောက်ပြ၍ ကိုယ်တော်ကဆက်လက်မိန့်ဆိုခဲ့သည်။ “သင်တို့လက်တို့သည် အသွေးနှင့်ပြည့်ကြ၏။” (ဟေရှာယ ၁:၁၅) လူတစ်ဦးသည် ယေဟောဝါ၏ပညတ်ကို ဥပေက္ခာပြုလျက် မည်သို့ကိုယ်တော်ကို နားညောင်းစေနိုင်ပါမည်နည်း။ ကျမ်းစာကရှင်းလင်းစွာ အဖြေပေးထားသည်။ “တရားမနာ လွှဲသွားသောသူသည် ဆုတောင်းသော်လည်း သူ၏ပဌနာစကားသည် စက်ဆုပ်ရွံ့ရှာဖွယ်ဖြစ်၏။”—သု၊ ၂၈:၉။
အချို့ဆုတောင်းချက်များကို အဘယ်ကြောင့်နားမညောင်းကြောင်း သမ္မာကျမ်းစာက နောက်အကြောင်းရင်းတစ်ခု ပေးထားသည်။ “ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာဖို့ ရှိစေခြင်းငှာ အလွဲတောင်းသောကြောင့်မရကြ။” (ယာကုပ် ၄:၃) ယေဟောဝါသည် မှားယွင်းသောလိုအင်များဖြေဖျောက်ရန် ဆုတောင်းခြင်းများကို နားညောင်းမည်မဟုတ်ချေ။ ဘုရားရှင်သည် လူသားများထံမှ အမိန့်များလက်ခံနေသည်မဟုတ်ကြောင်းကိုလည်း ကျွန်ုပ်တို့သတိရသင့်သည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်များအား မည်သို့ဖြေကြားတော်မူမည်ကို ဆုံးဖြတ်သူမှာ ကိုယ်တော်သာလျှင်ဖြစ်သည်။
ဖြေကြားရန်သေချာသည့် ဆုတောင်းချက်များမှာ စင်ကြယ်သောနှလုံး၊ မှန်ကန်သောသဘောထားနှင့် ကိုယ်တော်၏သတ်မှတ်ထားသောနည်းလမ်းဖြစ်သည့် ယေရှုခရစ်အားဖြင့် ဘုရားရှင်ထံတောင်းသည်များသာဖြစ်သည်။ (ယောဟန် ၁၄:၆၊ ၁၄) ထိုလိုအပ်ချက်များနှင့် ကိုက်ညီသူများပင် တစ်ခါတစ်ရံသူတို့သည်နားညောင်းမခံရဟု ခံစားကြရသည်။ ဘုရားရှင်သည်အဘယ်ကြောင့်မိမိကျေးကျွန်များ၏ဆုတောင်းချက်အချို့ကို ချက်ချင်းအဖြေမပေးသနည်း။
ယေဟောဝါသည် ဆုတောင်းချက်များကို အဖြေပေးရန် အကောင်းဆုံးအချိန်ကို သိတော်မူသည်။ သူငယ်တစ်ဦးသည် စက်ဘီးတစ်စီးကိုတောင်းသော်လည်း၊ သူ၏ဖခင်သည် သူငယ်ဘေးကင်းစွာစီးနင်းနိုင်သည့်အရွယ်မရောက်မချင်း ဝယ်ပေးမည်မဟုတ်ချေ။ ဘုရားရှင်ကိုချစ်သူတို့၏ ဆုတောင်းချက်အချို့သည်လည်း ထိုနည်းအတိုင်းပင်ဖြစ်နိုင်သည်။ သူတို့အတွက်အကောင်းဆုံးကို သိတော်မူသောကြောင့်၊ ကိုယ်တော်သည်လိုအပ်သည့်အရာကို အသင့်လျော်ဆုံးအချိန်၌ ပေးတော်မူသည်။
သို့ပင်ငြားလည်း၊ ယေဟောဝါ၏ကျေးကျွန်များသည် သူတို့တောင်းသမျှ မရကြချေ။ မစုံလင်သောကြောင့်၊ သူတို့အတွက် ကောင်းမည်မဟုတ်သည့်အရာတစ်ခုခုကို သူတို့လိုလားပေမည်။ သူတို့၏မေတ္တာရှင်ဘုရားသခင်သည် သူတို့အားဘေးဖြစ်စေမည့်အရာ ဘာမျှပေးမည်မဟုတ်ချေ။ အကြောင်းမှာကိုယ်တော်သည် “ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှ” တို့ကိုပေးတော်မူရှင်ဖြစ်သောကြောင့်တည်း။ (ယာကုပ် ၁:၁၇) အလားတူပင်၊ ဘုရားရှင်သည်မိမိရှုထောင့်မှ မလိုအပ်ဟုထင်သည့်အရာတစ်ခုခုကို ပေးတော်မူမည်မဟုတ်ချေ။ (၂ ကောရိန္သု ၁၂:၇-၁၀၊ နှင့်နှိုင်းယှဉ်) ကိုယ်တော်သည် မိမိအလိုတော်နှင့် ကိုယ်တော့်လူများအတွက်ရည်ရွယ်ချက်နှင့် ကိုက်ညီသောဆုတောင်းချက်များကို ဖြေကြားတော်မူသည်။—၁ ယောဟန် ၅:၁၄၊ ၁၅။
ယေရှု “နှစ်သက်စွာနားညောင်းခံရ”
ယေရှုခရစ်သည် ဆုတောင်းခြင်းနှင့်ပြည့်နေသူတစ်ဦးဖြစ်သည်။ (မဿဲ ၆:၉-၁၃။ ယောဟန် ၁၇:၁-၂၆) မိမိ၏ကောင်းကင်ခမည်းတော်သည် မိမိ၏ဆုတောင်းချက်ကို နားညောင်း၍ ဖြေကြားတော်မူမည့်အကြောင်း ကိုယ်တော်အပြည့်အဝ ယုံကြည်တော်မူသည်။ တစ်ခါကယေရှုဆိုခဲ့သည်။ “အဘ. . . ကိုယ်တော်သည်အကျွန်ုပ်စကားကို အစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။” (ယောဟန် ၁၁:၄၁၊ ၄၂) သို့သော်ယေရှုသည် မိမိ၏မြေကြီးအသက်တာအဆုံးပိုင်းတွင် စိတ်ဓာတ်မကျခဲ့ပေလော။ ကိုယ်တော်က၊ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟုမဟစ်အော်ခဲ့ပေလော။—မဿဲ ၂၇:၄၆။
ယေရှုသည်ထိုစကားများကိုမိန့်မြွက်စဉ် ကိုယ်တော်သည် မိမိ၏သေခြင်းနှင့်စပ်လျဉ်းသော ပရောဖက်ပြုချက်ကို ပြည့်စုံနေကြောင်း ထင်ရှားသည်။ (ဆာလံ ၂၂:၁) ယေဟောဝါသည် ကိုယ်တော်၏တည်ကြည်မှုကို အဆုံးတိုင်အောင်စမ်းသပ်ရန်အတွက် ယေဟောဝါရှင်သည် မိမိ၏ကာကွယ်မှုကို ရုပ်သိမ်းကာ၊ မိမိ၏သားတော်ကို နာကျင်စွာနှင့်အရှက်တကွဲသေစေခြင်းကို ယေရှုဆိုလိုကြောင်းလည်းဖြစ်နိုင်သည်။ ယေရှုမြေကြီးအသက်တာ၏ ထိုနောက်ဆုံးပိုင်းနေ့ရက်တွင် ဖြစ်ပျက်သည်များကို ဆန်းစစ်ခြင်းဖြင့် ဘုရားရှင်သည် ကိုယ်တော်၏ဆုတောင်းချက်များကို နားညောင်းကြောင်းပြသသည်။
ကိုယ်တော်အားဖမ်းဆီးသည့်ညက၊ ယေရှုသည်ဂေသရှေမန်ဥယျာဉ်တွင် ဆုတောင်းခဲ့သည်။ သုံးကြိမ်တိုင်တိုင် ကိုယ်တော်က၊ “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော” ဟုတောင်းလျှောက်ခဲ့သည်။ (မဿဲ ၂၆:၃၉၊ ၄၂၊ ၄၄) ယေရှုသည် ယုံကြည်သောလူသားများအတွက် မိမိ၏အသက်ကို ရွေးဖိုးအဖြစ်ပေးရန် မတွန့်ဆုတ်ခဲ့ချေ။ ကိုယ်တော်သည် ကျိန်ဒဏ်သင့်သောရှုတ်ချသူတစ်ဦးအဖြစ် ညှဉ်းဆဲရာသစ်တိုင်တွင်သေခြင်းဖြင့် မိမိချစ်လှသော ခမည်းတော်၏အသရေကိုထိခိုက်စေနိုင်ခြင်းအား အထူးစိုးရိမ်မကင်းဖြစ်ကြောင်း ထင်ရှားလေသည်။ ယေဟောဝါသည် ယေရှု၏ဆုတောင်းချက်ကို နားညောင်းပါသလော။
နှစ်ပေါင်းအတန်ကြာပြီးနောက်၊ တမန်တော်ပေါလုက၊ “ထိုခရစ်တော်သည် လူဇာတိအဖြစ်နေစဉ်ကာလ၊ သေခြင်းမှကယ်လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပတ္ထနာပြုသဖြင့်၊ [ကိုယ်တော်၏ဘုရားရေး] ကြောက်ရွံ့ရာအမှု၌ချမ်းသာရ [နှစ်သက်စွာနားညောင်းခံရ၊ NW] သည်” ဟုရေးသားခဲ့သည်။ (ဟေဗြဲ ၅:၇။ လုကာ ၂၂:၄၂၊ ၄၄) မှန်ပါသည်၊ ကိုယ်တော်မသေဆုံးမီ ဝေဒနာည၌ ယေရှုသည် “နှစ်သက်စွာနားညောင်းခံရ” ခဲ့သည်။ သို့သော်မည်သို့နည်း။
ယေဟောဝါစေလွှတ်ခြင်းကြောင့် ကောင်းကင်တမန် “ထင်ရှားလာ၍ကိုယ်တော် [ယေရှု] ကိုအားပေး. . .၏။” (လုကာ ၂၂:၄၃) သို့နှင့်အားရှိကာ၊ ယေရှုသည် ညှဉ်းဆဲရာသစ်တိုင်တွင် သေခြင်းကိုရင်ဆိုင်နိုင်ခဲ့သည်။ ထိုတွင်နှက်တိုင်တွင်ကိုယ်တော်၏သေခြင်းသည် နာမတော်အပေါ်၌ ရှုတ်ချမှုကိုမဖြစ်စေဘဲ ယင်းကိုထင်ရှားစေရန်အသုံးပြုသည့် အရာဖြစ်မည့်အကြောင်း ကိုယ်တော်အားစိတ်ချရန်ယေဟောဝါလုပ်ဆောင်ခဲ့ကြောင်းထင်ရှားသည်။ အမှန်ပင်၊ ညှဉ်းဆဲရာသစ်တိုင်တွင် ကိုယ်တော်၏သေခြင်းသည် ပညတ်အောက်တွင် ကျိန်ဒဏ်သင့်နေသော ဂျူးများအားသေဒဏ်အောက်မှလွတ်မြောက်ရန် လမ်းဖွင့်ပေးခဲ့သည်။—ဂလာတိ ၃:၁၁-၁၃။
သုံးရက်ကြာပြီးနောက်၊ ယေဟောဝါသည်ယေရှုကို ထမြောက်စေကာ ကြီးမြင့်သောကောင်းကင်ရာထူးသို့ ချီးမြှောက်ခြင်းဖြင့် ရှုတ်ချခြင်းမှန်သမျှကို ပယ်ရှင်းခဲ့သည်။ (ဖိလိပ္ပိ ၂:၇-၁၁) “ဤခွက်” နှင့်စပ်လျဉ်း၍ ယေရှု၏ဆုတောင်းချက်ကို ဖြေကြားရာတွင် မည်မျှထူးမြတ်လှသောနည်းလမ်းပါတကား။ ထိုဆုတောင်းချက်ကို ယေဟောဝါနည်းလမ်းဖြင့် ဖြေကြားခဲ့သည်။ ယေရှုသည် မိမိ၏ကောင်းကင်ခမည်းတော်အား၊ “အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” ဟုဆိုခဲ့သည့်အတွက် အံ့ဖွယ်ကောင်းချီးများခံစားခဲ့ရသည်။—လုကာ ၂၂:၄၂။
ဆုတောင်းချက်များကို ယေဟောဝါယနေ့မည်သို့ဖြေကြားပုံ
ယေရှုကဲ့သို့၊ ယေဟောဝါ၏စိတ်တော်နှင့်တွေ့ရန် ကြိုးပမ်းနေသူများသည် ဘုရားအလိုတော်အတိုင်းဖြစ်ရန် အစဉ်တောင်းလျှောက်သင့်သည်။ ယေဟောဝါသည် သူတို့အားအကျိုးအရှိစေဆုံးသောနည်းဖြင့် သူတို့၏ဆုတောင်းချက်ကို ဖြေကြားတော်မူမည့်အကြောင်း ယုံကြည်ရန်လိုအပ်သည်။ အမှန်တွင်၊ ကိုယ်တော်သည် ‘ငါတို့တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှာတတ်နိုင်တော်မူ’ သည်။—ဧဖက် ၃:၂၀။
မယုံကြည်သူမိဘများနှင့်နေထိုင်သော ခရစ်ယာန်မိန်းမငယ်တစ်ဦးသည် ထိုကျမ်းပိုဒ်၏မှန်ကန်ပုံကို တွေ့ကြုံခဲ့ရသည်။ ကင်းမျှော်စင်အသင်း၏ စာတစ်စောင်တွင် သူမအားအထူးသာသနာပြုလုပ်ငန်းတွင် ပါဝင်နိုင်မနိုင် ဆုတောင်း၍သုံးသပ်ရန် မေးထားခဲ့သည်။ သူမ၏နှလုံးသားဆန္ဒမှာ အိမ်တွင်နေ၍သူမ၏မိဘများခရစ်ယာန်ဖြစ်လာရန် ကူညီဖို့ဖြစ်သော်လည်း သူမသည်ဘုရားရှင်ထံ “ကိုယ်တော်ရဲ့အလိုတော်ဟာ ဘယ်လိုပါလဲ။ ကျွန်မရဲ့မိဘတွေ ဘယ်လိုပဲအတိုက်အခံလုပ်လုပ် ဒီဖိတ်ခေါ်ချက်ကိုလက်ခံဖို့ ဖြစ်ပါသလား။ ဒါမှမဟုတ် ကျွန်မမိဘတွေနဲ့ဆက်လက်အတူနေပြီး၊ သူတို့ကိုကူညီဖို့ဖြစ်ပါသလား” ဟုဆုတောင်းခဲ့သည်။ သူမဆုတောင်းသည့်အခါတိုင်း၊ သူမ၏သြတ္တပ္ပစိတ်က ဖိတ်ခေါ်ချက်ကိုလက်ခံရန် ပြောခဲ့သည်။ သို့နှင့်ယင်းသည် ယေဟောဝါထံမှဖြေကြားချက်ဟု သူမ ယူမှတ်ခဲ့သည်။
ဘုရားရှင်သည် ဤအမျိုးသမီးအား သူမ၏ဆုံးဖြတ်ချက်တွင် စွဲမြဲရန်ခွန်အားပေးခဲ့သည်။ သူမသည်ဂျပန်ပြည်၊ အွာဂျီကျွန်းသို့ပြောင်းရွှေ့ရန် တာဝန်ကျသောအခါ သူမ၏မိဘများသည် လန့်သွားကာ သူတို့၏တိုက်ခံမှုကို တိုးမြှင့်ခဲ့လေသည်။ သို့သော်လည်း၊ သူမ၏စိတ်ကို ပြောင်းလဲရန်မပြုလုပ်နိုင်သောကြောင့် သူတို့၏သမီးသည် အဘယ်ကြောင့်ထိုသို့ဆုံးဖြတ်ချက်ချသည်ကိုသိဖို့ မိခင်သည်ကျမ်းစာသင်အံရန် ဆုံးဖြတ်ခဲ့သည်။ သုံးလကြာသောအခါ သူမ၏မိဘများသည် သူမထံလည်ပတ်ခဲ့သည်။ သူမအားအခြားယေဟောဝါသက်သေများ မည်မျှစောင့်ရှောက်ထားသည်ကို မြင်တွေ့ကြသောအခါ၊ သူမ၏ဖခင်သည် အလွန်အံ့သြသွားကာ အခြားသူတစ်ယောက်မျှ သူ့အနီးတွင်မရှိစဉ် မျက်ရည်များကျလာခဲ့သည်။ မကြာမီသူလည်း ကျမ်းစာကိုစတင် လေ့လာခဲ့သည်။ နောက်ဆုံးတွင် ဤမိန်းမငယ်၏ မိဘနှစ်ပါးစလုံး နှစ်ခြင်းခံယူကာ၊ ယေဟောဝါကို သစ္စာရှိစွာအမှုဆောင်ခဲ့လေသည်။ ယေဟောဝါဘုရားသည် ဤခရစ်ယာန်မိန်းမငယ်အား ထူးမြတ်ကြွယ်ဝစွာ ကောင်းချီးမပေးခဲ့ပေလော။
သူတို့၏ ဆုတောင်းချက်များ ဖြေကြားခံရ
ပြီးခဲ့သည့်ဆောင်းပါး အစပိုင်းတွင်ဖော်ပြထားသော အမျိုးသမီး၏ စကားများကို သင်သတိရပါသလော။ သူမ၏ဆုတောင်းချက်များ ဖြေကြားခံရသည်ဟု သူမတစ်ခါမှ မခံစားရချေ။ သို့သော်လည်း၊ ဘုရားရှင်သည် သူမ၏ဆုတောင်းချက်များကိုဖြေကြားကြောင်း နောက်ပိုင်းတွင်သူမခံစားခဲ့ရသည်။ အမျိုးသမီးသည် သူမဆုတောင်းချက်များ၏ အဓိကအချက်များကို မှတ်တမ်းထားခဲ့သည်။ တစ်နေ့တွင်သူမသည် မှတ်စုစာအုပ်ကိုလှန်လှောကြည့်ရာ သူမကိုယ်နှိုက်မေ့လျော့နေသော အရာများအပါအဝင် သူမ၏ဆုတောင်းချက်အတော်များများကို နားညောင်းတော်မူခဲ့ကြောင်း သိရှိလာခဲ့ပါသည်တကား။ သို့နှင့်ဘုရားရှင်သည် သူမအားဂရုစိုက်ခဲ့ကြောင်းနှင့် သူမအားအကျိုးအရှိဆုံးနည်းဖြင့် သူမ၏ဆုတောင်းချက်များကို နူးညံ့စွာဖြေကြားတော်မူကြောင်း သူမ သိရှိခဲ့လေသည်။
သင်၏ဆုတောင်းချက်များကို နားညောင်းမခံရကြောင်း သင်ခံစားရလျှင် သင့်ကိုယ်ကိုဤသို့မေးပါ။ ‘ငါဟာ “ပတ္ထနာစကားကို နားထောင် [သူ]” ယေဟောဝါနဲ့နှစ်ကိုယ်ကြားဆက်ဆံရေး ရှိသလား။” မရှိရင်၊ ငါဟာကိုယ်တော်အကြောင်းသင်ယူပြီး၊ ကိုယ်တော်ရဲ့ ဆက်ကပ်ထားတဲ့ကျေးကျွန်တစ်ဦးဖြစ်ဖို့ ခြေလှမ်းနေပြီလား။’ ကိုယ်တော်သည် မိမိအားချစ်သူများနှင့် ကိုယ်တော်၏အလိုတော်ကို ထမ်းဆောင်သူများ၏ ဆုတောင်းချက်ကို ဖြေကြားတော်မူသည်။ သူတို့သည် “ဆုတောင်း. . . ခြင်းအမှုကို အမြဲပြုကြ” ပြီး၊ ယေရှုကဲ့သို့ နှစ်သက်စွာနားညောင်းခံခဲ့ရကြသည်။ (ရောမ ၁၂:၁၂) ထို့ကြောင့်၊ ယေဟောဝါထံ “သင်၏နှလုံးကိုဖွင့်” ၍ကိုယ်တော်၏အလိုတော်ကို ထမ်းရွက်ပါလေ။ (ဆာလံ ၆၂:၈) ထိုအခါသင်၏ဆုတောင်းချက်များကို နားညောင်းပါလိမ့်မည်။
ယနေ့တွင်၊ သန်းပေါင်းများစွာသောသူတို့သည် အထူးအရာအတွက် တောင်းလျှောက်လျက်ရှိသည်။ မှန်ပါသည်၊ သူတို့၏ဆုတောင်းချက်များကို နားညောင်းတော်မူသည်။ ထိုသို့သောဆုတောင်းချက်များကို နားညောင်းမည်ဖြစ်ကြောင်း အဘယ်ကြောင့်ကျွန်ုပ်တို့ စိတ်ချနိုင်သနည်း။