ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၃၀-စာ. ၃၇
  • ကံကြမ္မာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကံကြမ္မာ
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်နောင်ရေးကို သင်ထိန်းချုပ်နိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • “အဦးမှစ၍ အဆုံးတိုင်အောင်” ယေဟောဝါဖော်ပြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သင့်အသက်တာသည် ကြိုတင်စီမံထားခြင်း ခံရသလော
    နိုးလော့!—၂၀၀၇
  • သင့်အနာဂတ်သည် မည်သို့ဖြစ်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၃၀-စာ. ၃၇

ကံကြမ္မာ

အဓိပ္ပာယ်သတ်မှတ်ချက်– ရှောင်လွှဲ၍မရသော၊ များသောအားဖြင့် ဆိုးသောအကျိုးရလဒ်ကိုဆိုလိုသည်။ ကံစီမံသလိုခံဝါဒဟူသည် ဖြစ်သမျှအကြောင်း ဘုရားအလိုတော်၊ သို့မဟုတ် လူ့ထက်သာသောတန်ခိုးတစ်ခုက တင်ကြိုပိုင်းဖြတ်သည့်အတိုင်းဖြစ်ပျက်ရသည်၊ ဒီအတိုင်းကြို၍ပိုင်းဖြတ်ခဲ့၍ဒီအတိုင်းဖြစ်ရသည်ဟူသောအယူဖြစ်၏။ သမ္မာကျမ်းစာသုံးစကားလုံး သို့မဟုတ် သွန်သင်ချက်မဟုတ်။

လူတိုင်း၌ တင်ကြိုပိုင်းဖြတ်ထားသော“သေနေ့” ဟူ၍ရှိသလော

ဂရိနှင့်ရောမလူတို့ဘောင်တွင် ဤအယူကို သူငါအများလက်ခံကြသည်။ တိတ္ထိဂရိဒဏ္ဍာရီအရ၊ ကံကြမ္မာများမှာ နတ်သမီးသုံးပါးဖြစ်၍ သူတို့သည် ဘဝသက်တမ်းချည်မျှင်ငင်၍ အတိုအရှည်ပိုင်းကာဖြတ်သည်ဟူ၏။

ဒေသနာ ၃:၁၊ ၂ က “သေချိန်” အကြောင်းဆိုထားသည်။ သို့သော် ဒေသနာ ၇:၁၇ က “လွန်ကြူးစွာမဆိုးညစ်နှင့်။ မမိုက်နှင့်။ အချိန်မရောက်မီ အဘယ်ကြင့်သေချင်သနည်း” ဟူ၍ဆုံးမသည်ကိုထောက်ခြင်းဖြင့် လူတစ်ယောက်၏တင်ကြိုသတ်မှတ်ထားသောအချိန်ကိုမဆိုလိုကြောင်း သိသာ၏။ သုတ္တံ ၁၀:၂၇ (သမ) က “လူဆိုးတို့၏အသက်တာကိုကား ကျုံ့စေလိမ့်မည်” ဟုဆို၏။ ဆာလံ ၅၅:၂၃ (သမ္မာ) က “လူ့အသက်ကိုသတ်သောသူနှင့် လှည့်စားတတ်သောသူတို့သည် ကိုယ့်အသက်တာတစ်ဝက်မျှမရှင်ရကြ” ဟု ထပ်၍ဆို၏။ သို့ဖြစ်လျှင် ဒေသနာ ၃:၁၊ ၂ က ဘာကိုဆိုလိုသနည်း။ မစုံလင်သောဤစနစ်အတွင်းဖြစ်ပျက်သည့် သေနာအိုခြင်းသံသရာကို ပြောနေခြင်းသာဖြစ်သည်။ မွေးချိန်နှင့်သေချိန်ဟူ၍ရှိရာ များသောအားဖြင့် အနှစ် ၇၀ သို့မဟုတ် ၈၀ ကိုမကျော်၊ တစ်ခါတစ်ရံစော၍ဖြစ်စေ၊ နောက်ကျ၍ဖြစ်စေ သေရကြကုန်၏။​—ဆာ. ၉၀:၁၀; ဒေသနာ ၉:၁၁ ကိုလည်းရှု။

အကယ်၍ လူတစ်ယောက်၏သေနေ့နှင့်သေပုံကို မွေးချိန်၌သို့မဟုတ်ထို့ထက်အရင်တင်ကြို၍ပိုင်းဖြတ်ခဲ့သည်မှန်လျှင် အန္တရာယ်ရှိသောအခြေအနေများကိုရှောင်ရှားရန်မလိုတော့။ ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်စရာမလိုတော့။ အသက်လုံခြုံမှုအတွက် အကာအကွယ်ယူစေကာမူ အသေအပျောက်ဦးရေ လျော့နည်းသွားမည်လည်းမဟုတ်တော့ချေ။ သို့သော် စစ်တလင်းသည် စစ်နှင့်ဝေးသောနေအိမ်ထက်ပို၍လုံခြုံသည်ဟု သင်ထင်သလော။ သင်သည် ကျန်းမာရေးကိုဂရုစိုက်သလော။ သင့်ကလေးကို ဆရာဝန်ထံပြသ၍အကုသခံသလော။ ဆေးလိပ်သောက်သူများသည် မသောက်သူများထက် အဘယ်ကြောင့် ပျမ်းမျှသုံးလေးနှစ်ခန့်စော၍ သေကြသနည်း။ ယာဉ်မောင်းများသည် ယာဉ်မောင်းဥပဒေများကိုလိုက်နာပြီး ခရီးသည်များလည်း ထိုင်ခုံခါးပတ်များသုံးကြသောအခါ ယာဉ်တိုက်၍သေကျေသည့်နှုန်း အဘယ်ကြောင့် လျော့နည်းသွားသနည်း။ ဘေးဆီးရန်ကာမှုသည် အကျိုးရှိသည်မှာ ထင်ရှားလှပေသည်။

ဖြစ်သမျှအကြောင်း “ဘုရားသခင့်အလိုတော်” ချည်းလော

၂ ပေ. ၃:၉– “ငါတို့တွင် အဘယ်သူမျှမပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်းငှာအလိုတော်ရှိ၍ ငါတို့ကိုသည်းခံတော်မူ၏။” (သို့သော် လူတိုင်း ဘုရားသခင့်သည်းခံခြင်းကိုတုံ့ပြန်ကြသည်မဟုတ်။ ထို့ကြောင့် အချို့သူတို့ နောင်တမယူခြင်းမှာ “ဘုရားသခင့်အလိုတော်” မဟုတ်ကြောင်းထင်ရှားသည်။ ဗျာဒိတ် ၉:၂၀၊ ၂၁ နှင့်နှိုင်း။)

ယေရ. ၇:၂၃-၂၆၊ သမ္မာ– “[ဣသရေလလူမျိုးအား] ပညတ်ထားသောအရာဟူမူကား၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင် ငါသည်သင်တို့၏ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်။ သင်တို့သည် ကောင်းစားလိုသောငှာ ငါစီရင်သမျှသောတရားလမ်းသို့လိုက်ရကြမည်ဟု မှာထား၏။ သို့ရာတွင် သူတို့သည်နားမထောင်၊ . . . ငါသည် နေ့တိုင်းစောစောထ၍ ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့စေလွှတ်သော်လည်း ဤလူမျိုးသည် ငါ့စကားကိုနားမထောင်၊ မနာမယူဘဲနေ၍ မိမိတို့လည်ပင်းကိုခိုင်မာစေ[ကြ၏။]” (ဣသရေလနိုင်ငံအတွင်း ဖြစ်ပွားသောဆိုးသွမ်းမှုသည် “ဘုရားသခင့်အလိုတော်” မဟုတ်သည်မှာ သိသာလှ၏။)

မာ. ၃:၃၅– “ဘုရားသခင်၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်း။” (မည်သူဘာလုပ်လုပ် “ဘုရားသခင့်အလိုတော်” ချည်းဖြစ်လျှင် လူတိုင်းယေရှု၏အမိမောင်နှမဖြစ်ကြချေမည်။ သို့ရာတွင် ယေရှုက အချို့လူတို့အား “သင်တို့သည် သင်တို့၏အဘတည်းဟူသောမာရ်နတ်မှဆင်းသက်ကြ၏” ဟုမိန့်တော်မူ၏။—ယော. ၈:၄၄။)

ရှင်းပြ၍မရနိုင်ပုံပေါက်သောအဖြစ်အပျက်များ အဘယ်ကြောင့်ဖြစ်ပျက်ရသနည်း

ဒေ. ၉:၁၁၊ ကဘ– “အချိန်နှင့်ကြိုမမြင်နိုင်ရာအဖြစ်အပျက်[“တိုက်ဆိုင်မှု၊” NE,RS] သည် သူတို့အားလုံးအပေါ်ကျရောက်တတ်၏။” (ထို့ကြောင့် လူတစ်ယောက် အဖြစ်ဆိုးနှင့်ကြုံတွေ့ရခြင်းမှာ သူ့ဘဝကိုဘုရားသခင်ကြိုမြင်ပြီး ထိုသို့ဖြစ်စေရန်ဖန်တီးသောကြောင့်မဟုတ်။ တိုက်ဆိုင်မှုကြောင့်သာဖြစ်သည်။)

မိမိတို့နှင့်အခြလူသားများအခက်အခဲဆင်းရဲကြုံရသည်မှာ အများအားဖြင့် မိမိတို့လူသားများအပြစ်ကြောင့်လော

ရော. ၅:၁၂– “အပြစ်တရားသည် တစ်ယောက်သောသူ[အာဒံ] အားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့်သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ကျွန်ုပ်တို့အားလုံး အာဒံထံမှ အမှားပြုလိုသောဉာဉ်အပါအဝင် မစုံလင်မှုကို အမွေခံခဲ့ကြသည်ချည်း။)

ဒေ. ၈:၉၊ ကဘ– “လူသည်ကိုယ်ကိုထိခိုက်နစ်နာအောင် တစ်ဦးကိုတစ်ဦး ကြီးစိုးလာခဲ့ကြပြီ။”

သု. ၁၃:၁၊ ကဘ– “အဖကဆုံးမမှုပြုလျှင် သားသည် ပညာရှိ၏။” (မိဘတို့လုပ်ရပ်သည် သားသမီးများ၏ဘဝပေါ် ဩဇာကြီးစွာလွှမ်းမိုးနိုင်သည်။)

ဂလ. ၆:၇၊ သမ– “အထင်မလွဲကြနှင့်။ ဘုရားသခင်သည် ပြောင်လှောင်ခြင်းကိုခံတော်မမူ။ လူသည် စိုက်ပျိုးသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်။” (သုတ္တံ၁၁:၁၇; ၂၃:၂၉၊ ၃၀; ၂၉:၁၅; ၁ ကောရိန္သု ၆:၁၈တို့ကိုလည်းရှု။)

လူကိုဆင်းရဲဒုက္ခပေးသော လူ့ထက်သာလွန်သည့်စွမ်းအားရှင်များလည်းရှိသလော

ဗျာ. ၁၂:၁၂– “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။” (တမန်တော် ၁၀:၃၈ ကိုလည်းရှု။)

ဘုရားသခင်သည် အရာရာကိုကြိုသိ၍ ကြိုစီမံထားတော်မူသလော

ဟေရှာ. ၄၆:၉၊ ၁၀– “ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။ အဦးမှစ၍အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍မဖြစ်သေးသောအမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက် ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကိုငါပြည့်စုံစေမည်။” (ကိုယ်တော်သည် မိမိရည်ရွယ်ချက်ကို လူတို့အား အသိပေးတော်မူ၏။ ၎င်းကိုဖြစ်မြောက်စေရန် အချို့ကိစ္စများကို တင်ကြိုစီမံတော်မူ၏။ ဖြစ်မြောက်စေနိုင်သောအနန္တတန်ခိုးနှင့်လည်း ပြည့်စုံတော်မူပေသည်။)

ဟေရှာ. ၁၁:၁-၃– “ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်။” [ယေရှုသည် ယေရှဲ၏အမျိုးမှမွေးဖွားခဲ့သည်။] ထာဝရဘုရား၏ဝိညာဉ်တော် . . . သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။ ထိုသူသည် ထာဝရဘုရားကိုကြောက်ရွံ့ခြင်း၌ မွေ့လျော် [လိမ့်မည်။]” (ယေဟောဝါသည် မိမိသားတော်နှင့်ပတ်သက်၍ အထက်ပါအတိုင်းစိတ်ချယုံကြည်စွာ ကြိုမြွက်နိုင်ခဲ့သည်။ အကြောင်းမှာ သားတော်ကိုဖန်ဆင်းသည့်အချိန်မှစ၍ သူ့သဘောထားနှင့်ကျင့်ကြံပုံတို့ကိုမြင်ခဲ့၍ဖြစ်သည်။) (ယေရှု၏ လူမဖြစ်မီဘဝအကြောင်းကို “ယေရှုခရစ်” ခေါင်းစဉ်အောက် စာမျက်နှာ ၂၄၂၌ရှု။)

တရား. ၃၁:၂၀၊ ၂၁– “သူတို့၏ဘိုးဘေးတို့အားငါကျိန်ဆို[သော] နို့နှင့်ပျားရည်စီးသောပြည်သို့ သူတို့ကိုငါဆောင်သွင်းသဖြင့်သူတို့သည် ဝစွာစားရ၍ဆူဖြိုးသောအခါ အခြားတစ်ပါးသောဘုရားတို့ထံသို့လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုပုန်ကန်၍ငါ့ပဋိညာဉ်တရားကို ဖျက်ကြလိမ့်မည်။ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့်တွေ့ကြုံသောအခါ ထိုသီချင်း [ဘုရားသခင့် မျက်နှာသာတော်ကို သူတို့ပမာမခန့်ပြုသည့် လုပ်ရပ်များကို ပြန်လည်စပ်ဆိုသောသီချင်း] သည် သူတို့တစ်ဖက်၌ သက်သေခံလိမ့်မည်။ . . . ငါကျိန်ဆိုသောပြည်သို့ ငါဆောင်၍မသွင်းမီ ယခုပင် သူတို့ကြံစည်သောအကြံအစည်ကိုငါသိ၏။” (သူတို့၏နောင်လုပ်ရပ်များအကြောင်းကို ဘုရားသခင်သိနိုင်သော်လည်း ထိုလုပ်ရပ်များအတွက် ကိုယ်တော်တာဝန်မကင်းကြောင်း၊ ထိုသို့ပြုကြရန်အလိုတော်ရှိကြောင်းဟူ၍ကားမဆိုလိုကြောင်း သတိပြုပါ။ သူတို့ပြုဆဲအမှုကိုထောက်လျက် ရလဒ်ကိုကြို၍မြင်တော်မူခြင်းသာဖြစ်သည်။ မိုးလေဝသခန့်မှန်းသူသည် တိုင်းတာတွေ့ရှိချက်ပေါ်မူတည်၍ မိုးလေဝသကိုအတော်ပင်မှန်ကန်စွာကြိုပြောနိုင်သော်လည်း ထိုမိုးလေဝသအခြေအနေဖြစ်လာအောင်ဖန်တီးသူမဟုတ်သည်နည်းတူဖြစ်သည်။ ၎င်းမိုးလေဝသအခြေအနေကို သူနှစ်သက်ချင်မှလည်းနှစ်သက်မည်။)

အဖြစ်အပျက်များကို ဘုရားသခင်ကြိုသိ၊ ကြိုဖန်တီးနိုင်စွမ်းရှိသည်ဟူသောအချက်က ဖန်ဆင်းသောသတ္တဝါခပ်သိမ်းတို့၏အပြုအမူအားလုံးနှင့်ပတ်သက်၍လည်း ကိုယ်တော်ကြိုသိ၊ ကြိုစီမံထားကြောင်း သက်သေပြသလော

ဗျာ. ၂၂:၁၇– “ကြားသောသူကလည်း၊ လာခဲ့ပါဟုဆိုပါစေ။ ရေငတ်သောသူသည်လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။” (ယူမယူကြို၍စီမံထားတော်မမူ။ ပုဂ္ဂိုလ်တစ်ဦးချင်း ရွေးချယ်ရန်သာဖြစ်သည်။)

ရော. ၂:၄၊ ၅– “ဘုရားသခင်၏ကျေးဇူးတော်သည် သင့်ကိုနောင်တလမ်းသို့သွေးဆောင်သည်ကိုမသိမမှတ်ဘဲ ကြွယ်ဝစွာကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။ ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏တရားတော် [“ဖြောင့်မတ်သောတရားစီရင်ခြင်း၊” ကဘ] ထင်ရှားသောနေ့၌ ကိုယ်ခံစရာဖို့ အမျက်ဒေါသကိုဆည်းပူးသလော။” (တစ်ယောက်ကိုမျှ တစ်စုံတစ်ခုသောလမ်းစဉ်လိုက်ရန် အတင်းအကျပ်ပြုတော်မမူ။ ကိုယ်ပြုသလို ကိုယ်တာဝန်ခံရမည်။)

ဇေ. ၂:၃– “စိတ်နှိမ့်ချသောပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကိုရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့်စိတ်နှိမ့်ချခြင်းကိုလည်းရှာကြလော့။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကိုတွေ့ကောင်းတွေ့ကြလိမ့်မည်။” (တရားမျှတ၍မေတ္တာနှင့်ပြည့်ဝသောဘုရားသခင်သည် လူတို့အား မှန်ကန်ရာကိုလုပ်ပါ၊ ဆုရမည်ဟုလူတို့ကိုအားပေးပြီးမှ တစ်ချိန်တည်းတွင် ဆုမရနိုင်စေရန် ကြို၍စီမံထားခဲ့မည်လော။)

ဥပမာ– ရေဒီယိုပိုင်ရှင်သည် ကမ္ဘာ့သတင်းများကိုနားထောင်နိုင်၏။ သို့တစေ၊ သူသည် တစ်စုံတစ်ခုသောအသံလွှင့်ရုံကိုဖမ်း၍နားထောင်နိုင်တိုင်း အလိုလိုနားထောင်သည်ဟုမဆိုနိုင်။ ဦးစွာ သူရေဒီယိုကိုဖွင့်ရမည်၊ ထို့နောက် ထိုအသံလွှင့်ရုံမှအသံလှိုင်းကိုဖမ်းရမည်။ ထို့အတူ၊ ယေဟောဝါသည် အနာဂတ်ဖြစ်ရပ်များကိုကြိုသိနိုင်စွမ်းရှိသော်လည်း မိမိဖန်ဆင်းရာလူသားများအား ပေးတော်မူသော စိတ်ကြိုက်ရွေးချယ်ပြုလုပ်နိုင်ခွင့်ကိုထောက်ထား၍ ထိုအစွမ်းကိုသတိဝီရိယရှိရှိ ကြည့်သုံးတော်မူကြောင်း သမ္မာကျမ်းစာကဆိုပါသည်။​—ကမ္ဘာဦး ၂၂:၁၂; ၁၈:၂၀၊ ၂၁ တို့နှင့်နှိုင်း။

အာဒံကိုဖန်ဆင်းစဉ် သူအပြစ်ပြုမည်ကို သိတော်မူခဲ့သလော

အာဒံနှင်ဧဝတို့ရှေ့ အောက်ပါနောင်ရေးကိုခင်းကျင်းတော်မူခဲ့သည်– “အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။” “ထာဝရအရှင်ဘုရားသခင်ကလည်း ကောင်းမကောင်းကိုသိကျွမ်းရာအပင်မှတစ်ပါး၊ ထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို သင်သည်စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။” (က. ၁:၂၈; ၂:၁၆၊ ၁၇) လုပ်ငန်းတစ်ရပ်သည် တောက်ပသောအနာဂတ်ရှိသော်လည်း အဆုံး၌ မုချအရေးနိမ့်မည်ဖြစ်ကြောင်း အစကတည်းက သင်သိနှင့်လျှင် ထိုလုပ်ငန်းကိုလုပ်ကိုင်ရန် သင့်သားသမီးများအား တိုက်တွန်းမည်လော။ အဆုံး၌ ဝမ်းနည်းမှုနှင့်ဧကန်ကြုံရအောင် သင်က အစစအရာရာကြိုတင်စီစဉ်ထားပြီးမှ သားသမီးတို့အား ဘေးဥပဒ်ကိုရှောင်ပါဟု သင်သတိပေးဦးမည်လော။ သို့ဖြစ်လျှင် ဘုရားသခင်သည် အလားတူစွာပြုတော်မူသည်ဟု စွပ်စွဲသင့်သလော။

မ. ၇:၁၁– “သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကို သာ၍ပေးတော်မူမည်မဟုတ်လော။”

ဘုရားသခင်သည် အာဒံကို အပြစ်ပြုစေရန်ကြို၍စီစဉ်ထားပြီး ပြုမည်ကိုလည်း တင်ကူး၍သိနှင့်တော်မူသည်မှန်လျှင် ကိုယ်တော်သည် အာဒံကိုဖန်ဆင်းတော်မူခြင်းအားဖြင့် လူ့သမိုင်းတစ်လျှောက် ကျူးလွန်သောဆိုးသွမ်းမှုအားလုံးကို တမင်အစပြုခဲ့သူဖြစ်ပါလိမ့်မည်။ ကိုယ်တော်သည် စစ်မက်၊ ရာဇဝတ်မှု၊ သီလပျက်မှု၊ နှိပ်စက်မှု၊ လိမ်လည်မှု၊ သီလကြောင်မှုနှင့် ရောဂါအပေါင်းတို့၏ အရင်းအမြစ်ဖြစ်ရချေအံ့။ သို့ရာတွင် သမ္မာကျမ်းစာက “ကိုယ်တော်သည် မတရားသောအမှုကိုနှစ်သက်သောဘုရားမဟုတ်” ကြောင်း ရှင်းလင်းစွာတင်ပြထားပေသည်။ (ဆာ. ၅:၄) “ကြမ်းကြုတ်ခြင်းနှစ်သက်သောသူကို မုန်းတော်မူ၏။” (ဆာ. ၁၁:၅၊ သမ္မာ) “မုသာနှင့်ကင်းစင်တော်မူ[၏။]” (တိ. ၁:၁) “[မေရှိယဘုရင်အဖြစ် ခန့်ထားတော်မူသောသူသည်] သူတို့အသက်ကို လှည့်စားခြင်းနှင့်ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ်၍ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။” (ဆာ. ၇၂:၁၄) “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” (၁ ယော. ၄:၈) “ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏။”​—ဆာ. ၃၃:၅။

ယာကုပ်နှင့်ဧသောတို့၏ကံကြမ္မာကို ဘုရားသခင်ကြိုတင်ဖန်တီးခဲ့သလော

က. ၂၅:၂၃– “ထာဝရဘုရားကလည်း သင်[ရေဗက္က] ၏ဝမ်းအတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ဝမ်းထဲကခြားနားသောလူစုနှစ်စုကိုဖွားရလိမ့်မည်။ လူတစ်မျိုးသည် တစ်မျိုးထက်အားကြီးလိမ့်မည်။ အကြီး[ဧသော] သည် အငယ်[ယာကုပ်] ၌ ကျွန်ခံရလိမ့်မည်ဟုမိန့်တော်မူ၏။” (ယေဟောဝါသည် မမွေးသေးသောအမြွှာညီနောင်တို့၏မျိုးရိုးပုံစံကို မြင်နိုင်စွမ်းရှိ၏။ ဤအချက်ကိုသုံးသပ်၍ သူတို့တစ်ဦးစီ မွေးမြူကြမည့်အရည်အသွေးများကိုသိမြင်လျက် အဆုံးရလဒ်ကို တင်ကူးမိန့်ကြားခဲ့ခြင်းဖြစ်ပေလိမ့်မည်။ [ဆာ. ၁၃၉:၁၆] သို့တစေ၊ သူတို့၏ထာဝရနောင်ရေးများကို ကြို၍ပိုင်းဖြတ်ခြင်း၊ သူတို့၏ဘဝဖြစ်ရပ်တစ်ခုစီ၏အကျိုးရလဒ်များကိုတင်ကူးဖန်တီးခြင်းပြုတော်မူခဲ့ကြောင်း ကျမ်းစာ၌ ဘာအရိပ်အမြွက်မျှမရှိ။)

ယေရှုကိုယုဒသစ္စာဖောက်ရန် ကြို၍စီစဉ်တော်မူခဲ့သလော

ဆာ. ၄၁:၉– “အကယ်စင်စစ် ငါယုံ၍ ငါ့မုန့်ကိုစားသောအဆွေခင်ပွန်းသည် ငါ့ကိုခြေနှင့်ကျောက်သတည်း။” (ယေရှု၏ရင်းနှီးသောအပေါင်းအသင်းများအနက် အဘယ်တစ်ယောက်ဖြစ်မည်ကို ပရောဖက်ပြုချက်က အတိအကျမဆိုထားကြောင်း သတိပြုပါ။ မာရ်နတ်သည် ဒါဝိဒ်၏အကြံပေးအရာရှိအဟိသောဖေလအား ဒါဝိဒ်ပေါ်သစ္စာဖောက်စေခဲ့ကြောင်း ယေဟောဝါသိတော်မူ၍ ဤအချက်ကိုမှတ်တမ်းတင်စေတော်မူ၏။ အကြောင်းမှာ၊ ယင်းအချက်က မာရ်နတ်၏လုပ်ကိုင်ပုံနှင့်နောင်၌ သူဘာလုပ်မည်ဖြစ်ကြောင်းကိုသရုပ်ဖော်ခဲ့၍ဖြစ်သည်။ “ကိုယ်တော်[ယေရှု] ကိုအပ်နှံ[ရန်]၊ မာရ်နတ်သည် ရှိမုန်၏သားယုဒရှကာရုတ်၏စိတ်နှလုံး၌ အကြံပေးသွင်းနှင့်သတည်း။” ဘုရားသခင်ထိုသို့ပြုခဲ့သည်မဟုတ်။ (ယော. ၁၃:၂) ယုဒသည် စာတန့်သြဇာကိုမခုခံဘဲ လိုက်ပါခဲ့လေသည်။)

ယော. ၆:၆၅– “အဘယ်သူသည် ကိုယ်တော်ကို အပ်နှံမည်ကို ယေရှုသည် အစအဦး၌သိတော်မူ၏။” (ဖန်ဆင်းချိန်မှစ၍ သိတော်မူသည်မဟုတ်။ ယုဒမွေးသည့်အချိန်မှစ၍လည်းမဟုတ်။ သူဉာဏ်နီဉာဏ်နက်ထုတ်သည့်အချိန်၏“အစအဦး” ၌ဖြစ်၏။ ကမ္ဘာဦး၁:၁; လုကာ၁:၁တို့ကို ၁ ယောဟန်၂:၇၊ ၁၃တို့နှင့်နှိုင်း။ ထိုကျမ်းချက်များပါ“အစအဦး” (“ရှေ့ဦးစွာ”) ဟူသည့်စကားကို အနှိုင်းသဘောဖြင့်သုံးနှုန်းထားသည်။ ယောဟန် ၁၂:၄-၆ ကိုလည်းသတိပြုပါ။)

တမန်တော်ပေါလုက ခရစ်ယာန်တို့၏“ကံကြမ္မာ” ကိုဘုရားသခင်တင်ကြိုပိုင်းဖြတ်ထားသည်ဟုမဆိုပေလော

ရော. ၈:၂၈၊ ၂၉– “ဘုရားသခင်ကိုချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်း အတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်းပြုစုကြသည်ကိုငါတို့သိကြ၏။ ဘုရားသခင်၏သားတော်သည် အများသောညီတို့တွင် သားဦး ဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွကသိတော်မူသောသူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့်တညီတည်းဖြစ်စေခြင်းငှာ ရှေ့မဆွကခွဲခန့်မှတ်သား [“တင်ကူး၍သူတို့၏ကံကြမ္မာကိုပိုင်းဖြတ်၊” KJ] တော်မူ၏။” (ဧ. ၁:၅၊ ၁၁ ကိုလည်းရှု။) သို့ရာတွင် အလားတူပုဂ္ဂိုလ်များအား ၂ပေတရု၁:၁၀ကဤသို့ဆို၏– “ညီအစ်ကိုတို့၊ သင်တို့ခံရသောခေါ်တော်မူခြင်းနှင့်ရွေးချယ်တော်မူခြင်းကိုတည်မြဲစေခြင်းငှာ သာ၍ကြိုးစားအားထုတ်ကြလော့။ သို့ပြုလျှင် ရွေ့လျော့ခြင်းနှင့်အစဉ်ကင်းလွတ်[မည်။]” (ကယ်တင်ခြင်းရရန် ဤပုဂ္ဂိုလ်များ၏ကံကြမ္မာကို ကြို၍ပိုင်းဖြတ်ထားတော်မူသည်မှန်လျှင် သူတို့ဘာလုပ်လုပ် ကယ်တင်ခြင်းမရဖို့အကြောင်း လုံးဝမရှိ။ တစ်ဦးချင်းအနေနှင့်အားထုတ်ရမည်ဖြစ်သောကြောင့်၊ ဤတွင် အတန်းအစားတစ်ရပ်အနေနှင့်ကယ်တင်ခြင်းရဖို့ ပိုင်းဖြတ်ခံရသည်ကိုဆိုနေခြင်းသာဖြစ်ရပေမည်။ အတန်းအစားတစ်ရပ်လုံး ယေရှုခရစ်၏ပုံစံနှင့်တညီတည်းဖြစ်စေရန် ဘုရားသခင်ရည်ရွယ်တော်မူ၏။ သို့ရာတွင် ထိုအတန်းအစားဝင်အဖြစ်ရွေးချယ်တော်မူခြင်းခံရသောပုဂ္ဂိုလ်များအနေနှင့်မူ မိမိတို့ရှေ့ရှိဆုလာဘ်တော်ကိုတကယ်ရလိုလျှင် သစ္စာတည်ကြည်ကြရပေမည်။)

ဧ. ၁:၄၊ ၅၊ သက– “ငါတို့သည် ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သောအားဖြင့် ရှေ့တော်တွင် အပြစ်ဆိုဖွယ်မရှိဘဲ သန့်ရှင်းမြင့်မြတ်သူများဖြစ်နိုင်ကြစေရန် ကမ္ဘာမတည်မရှိမီကပင် ငါတို့ကို ထာဝရဘုရားရွေးထားတော်မူပေသည်။ ထာဝရဘုရားသည် မိမိမေတ္တာတော်ကို ရှေ့ထား၍ ငါတို့ကို ကိုယ်တော်၏သားများဖြစ်စေရန် ယေရှုခရစ်အားဖြင့် ရွေးကောက်တော်မူပြီးဖြစ်သည်။” (လုကာ ၁၁:၅၀၊ ၅၁ [သက] ၌ ယေရှုက “ကမ္ဘာတည်ချိန်” ကိုအာဗေလခေတ်နှင့်ပြိုင်၍သုံးနှုန်းထားသည်မှာ မှတ်သားဖွယ်ဖြစ်ပေသည်။ ထို့ကြောင့် ဧဒင်၌ပုန်ကန်မှုဖြစ်ပေါ်ပြီးနောက် အာဗေလပဋိသန္ဓေမတည်မီ ဘုရားသခင်သည် ကယ်တင်ရှင်“အမျိုးအနွယ်” ကိုဖြစ်ဖွားစေရန် ကြံရွယ်တော်မူခဲ့ခြင်းဖြစ်ပေသည်။ [ကမ္ဘာဦး ၃:၁၅] ယေရှု၏သစ္စာရှိနောက်တော်လိုက်အုပ်စုတစ်စုက အဓိကမျိုးနွယ်တော်ယေရှုခရစ်နှင့်ပူးပေါင်း၍ ကမ္ဘာကိုအုပ်စိုးသောမေရှိယနိုင်ငံတော်အစိုးရသစ် ဖွဲ့စည်းတည်ထောင်စေရန် ဘုရားသခင်ကြံရွယ်တော်မူခဲ့သည်။)

ကြယ်တာရာများသည် ကျွန်ုပ်တို့ဘဝဖြစ်ရပ်များကို စိုးမိုးသလော။ ဆုံးဖြတ်ချက်ချရာ၌ ချင့်ချိန်ရမည့်နိမိတ်များကို ပေးသလော

နက္ခတ်ဗေဒင်ပညာ၏ဇာစ်မြစ်ကား အဘယ်နည်း

“အနောက်တိုင်းနက္ခတ်ဗေဒင်ပညာသည် ဘီ.စီ. ၂၀၀၀ နှစ်များက ကယ်လ်ဒီးယန်း (ခါလဒဲ) နှင့် ဘေဘီလိုးနီးယန်း [ဗာဗုလုန်] လူမျိုးများ၏သီအိုရီနှင့်ဓလေ့များမှ တိုက်ရိုက်ဆင်းသက်လာကြောင်း တွေ့ရှိနိုင်သည်။”​—အမေရိကန်းနားစွယ်စုံကျမ်း (၁၉၇၇)၊ အတွဲ ၂၊ စ.၅၅၇။

“နက္ခတ်ဗေဒင်သည် ဘေဘီလုန်ဆိုင်ရာအယူအဆနှစ်ရပ်ပေါ်အခြေပြုသည်။ ဇာတာခွင်နှင့် ကြယ်တာရာများကိုမှီး၍နိမိတ်ဖတ်ခြင်းတို့ဖြစ်ကြသည်။ . . . ဘေဘီလိုးနီးယန်းလူတို့က နက္ခတ်များ၌ ဆိုင်ရာနတ်ဘုရားများ၏သြဇာရှိသည်ဟုယူမှတ်ကြသည်။”​—ရှေးကမ္ဘာ့မြို့ပြကြီးများ(နယူးယောက်၊ ၁၉၇၂)၊ အယ်လ်.စပရိပ်ဒီကင့်၊ စ.၁၅၀။

“ဘေဘီလုံနှင့်၎င်းယဉ်ကျေးမှု၏ခက်ဖြာဖြစ်သောအဆီးရီးယားနိုင်ငံများ၌ နက္ခတ်ဗေဒင်ပညာသည် နိုင်ငံတော်ဘာသာတရားတွင် ယဇ်ပုရောဟိတ်များ၏အဓိကလက်စွဲနှစ်ခုထဲကတစ်ခုဖြစ်သည်။ နတ်ဘုရားများ၏လိုအင်နှင့်ကြံရွယ်ချက်များကိုစုံစမ်းသိရှိရန် ၎င်းကိုသုံးစွဲကြသည်။ အခြားလက်စွဲတစ်ခုမှာ ယဇ်ကောင်၏အသည်းကိုကြည့်၍နိမိတ်ဖတ်ခြင်းပင်ဖြစ်သည်။ . . . နေလနှင့်ဂြိုဟ်ငါးလုံးတို့၏ရွေ့လျားမှုများကို၊ ကမ္ဘာ့အခြင်းအရာများဖန်တီးရန်လဘုရားစင်းနှင့်နေဘုရားရှာမက်ရှ်တို့နှင့်တကွ ဆိုင်ရာနတ်ဘုရားငါးပါးတို့၏လှုပ်ရှားမှုအဖြစ် ယူမှတ်ကြသည်။”​—ဗြိတဲန်နစ်ကာစွယ်စုံကျမ်း (၁၉၁၁)၊ အတွဲနှစ်၊ စ.၇၉၆။

လူ့ဖန်ဆင်းရှင်သည် ထိုအကျင့်ဓလေ့ကို မည်သို့ ရှုမှတ်တော်မူသနည်း

တရား. ၁၈:၁၀-၁၂၊ သမ္မာ– “သင်တို့တွင် . . .အနာဂတ်ကိုဟောပြောသောသူ၊ နတ်ဝိဇ္ဇာအတတ်ကိုလေ့လာသောသူ၊ ဗေဒင်ဟော [“နိမိတ်ဖတ်၊” ကဘ] သောသူ၊ . . . တစ်စုံတစ်ယောက်မျှမရှိရ။ ထိုသို့ပြုသောသူအပေါင်းတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။”

ဘေဘီလိုးနီးယန်းလူတို့အား ဤသို့မိန့်တော်မူ၏– “အာကာသကိုပိုင်းခြား၍ ကြယ်နက္ခတ်များကိုစေ့စေ့ကြည့်မှတ်သဖြင့် တစ်လနောက်တစ်လ သင်၌အဘယ်သို့ဖြစ်မည်ကိုဟောတတ်သောသူတို့[“နက္ခတ်ဗေဒင်ဆရာ၊” NE] သည် ယခုထ၍သင့်ကိုကယ်တင်ကြစေ။ သူတို့သည် ကောက်ရိုးကဲ့သို့ဖြစ်၍ . . . လွင့်သွားသဖြင့် သင့်ကိုကယ်တင်သောသူတစ်စုံတစ်ယောက်မျှမရှိချေ။”​—ဟေရှာ. ၄၇:၁၃-၁၅၊ သမ္မာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ