ယေဟောဝါအား သစ္စာရှိစွာအမှုဆောင်လော့
“သစ္စာစောင့်သိသူနှင့် ကိုယ်တော် [ယေဟောဝါ] သည်သစ္စာစောင့်သိစွာစီရင်မည်။”—၂ ဓမ္မရာဇဝင် ၂၂:၂၆၊ ကဘ။
၁။ ယေဟောဝါကိုသစ္စာစောင့်သိသူတို့အား ကိုယ်တော်မည်သို့ဆက်ဆံတော်မူသနည်း။
လူမျိုးတော်အတွက် ယေဟောဝါစီရင်ပေးတော်မူသမျှသည် ကိုယ်တော်အား ကျေးဇူးဆပ်၍မကုန်နိုင်ပါ။ (ဆာလံ ၁၁၆:၁၂) ကိုယ်တော်၏ဝိညာဏ၊ ကာယဆုကျေးဇူးများနှင့် သနားကြင်နာမှုသည် မည်မျှကောင်းမြတ်လှသည်တကား။ ဘုရားသခင်ကိုသစ္စာစောင့်သိသူတို့အား ကိုယ်တော်သည် သစ္စာစောင့်သိစွာစီရင်ကြောင်း ရှေးဣသရေလူမျိုး၏ဘုရင်ဒါဝိဒ် သိရှိထားသည်။ “ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့လက်မှ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကယ်လွှတ်တော်မူခြင်းကျေးဇူးကိုခံရသောအခါ” ကသီဆိုခဲ့သောသီချင်းတွင် ဒါဝိဒ်ထိုသို့ဆိုသည်။—၂ ဓမ္မရာဇဝင် ၂၂:၁။
၂။ ၂ ဓမ္မရာဇဝင် အခန်းကြီး ၂၂ တွင်မှတ်တမ်းတင်ထားသည့် ဒါဝိဒ်၏သီချင်း၌တင်ပြထားသောအချက်အချို့ကား အဘယ်နည်း။
၂ ယေဟောဝါသည် ဆုတောင်းချက်နှင့်အညီ “ကယ်လွှတ်တော်မူသောအရှင်” ဖြစ်သည်ဟုချီးမွမ်းခြင်းအားဖြင့် (ဆာလံ ၁၈ နှင့်သဏ္ဌာန်တူစွာ) ဒါဝိဒ်စတင်သီဆိုပါသည်။ (၂ ဓမ္မရာဇဝင် ၂၂:၂-၇) ကောင်းကင်ဘုံဗိမာန်တော်မှ ဘုရားသခင်၏သစ္စာစောင့်သိသောကျေးကျွန်ကို အင်အားကြီးမားသောရန်သူတို့လက်မှ ကိုယ်တော်ကယ်နှုတ်တော်မူခဲ့သည်။ (အငယ် ၈-၁၉) ဖြောင့်မတ်သောလမ်းစဉ်ကိုလိုက်လျှောက်ကာ ယေဟောဝါ၏လမ်းခရီးအတိုင်း သွားလာသည့်အတွက် ဒါဝိဒ်သည် ဤနည်းဖြင့်ဆုကျေးဇူးခံခဲ့ရသည်။ (အငယ် ၂၀-၂၇) ဘုရားပေးခွန်အားဖြင့် ပြုမူဆောင်ရွက်ခဲ့သောအမှုများကို ဆက်လက်ဖော်ပြပါသည်။ (အငယ် ၂၈-၄၃) နောက်ဆုံးတွင် နေရင်းအရပ်ရှိ အပြစ်ရှာသူများနှင့် တိုင်းတစ်ပါးရန်သူတို့လက်မှလည်း ကယ်နှုတ်ခံရခြင်းအကြောင်း ဒါဝိဒ်ဖော်ပြကာ “မိမိခန့်ထားသောမင်းကြီးကို ကယ်တင် [၍] . . . ဘိသိက်တော်ကိုခံရ [သူအား၊ ကဘ] . . . ကရုဏာကျေးဇူးကိုပြုတော်မူ” ရှင်အဖြစ် ယေဟောဝါ၏ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ (အငယ် ၄၄-၅၁) ဖြောင့်မတ်သောလမ်းစဉ်ကို ကျွန်ုပ်တို့လိုက်လျှောက်ကာ ကိုယ်တော်ထံမှရသောခွန်အားကို အားထားမှီခိုမည်ဆိုလျှင် ကျွန်ုပ်တို့ကိုပါ ယေဟောဝါကယ်နှုတ်နိုင်တော်မူသည်။
သစ္စာစောင့်သိခြင်းကား အဘယ်နည်း
၃။ ကျမ်းစာရှုထောင့်မှဆိုလျှင် သစ္စာစောင့်သိခြင်းအဓိပ္ပာယ်ကားအဘယ်နည်း။
၃ ဒါဝိဒ်၏ကယ်နှုတ်ခြင်းသီချင်းက ဤသက်သာမှုကိုရရှိခံစားစေသည်။ “သစ္စာစောင့်သိသူနှင့် ကိုယ်တော် [ယေဟောဝါ] သည်သစ္စာစောင့်သိစွာစီရင်မည်။” (၂ ဓမ္မရာဇဝင် ၂၂:၂၆၊ ကဘ) ဟေဗြဲနာမဝိသေသန ချာဆစ်ဒ် က “သစ္စာစောင့်သိသူ”၊ သို့မဟုတ် “သနားကြင်နာတတ်သူ” ကိုသီးခြားဖော်ပြခြင်းဖြစ်သည်။ (ဆာလံ ၁၈:၂၅၊ အောက်ခြေမှတ်ချက်) နာမ်ဖြစ်သောချီဆက်ဒ် ၌ကား တစ်စုံတစ်ရာနှင့်စပ်လျဉ်းသည့်ရည်ရွယ်ချက် မပြည့်စုံမချင်း ယင်းကိုကရုဏာသက်၍ တွယ်တာတတ်သည့် ကြင်နာမှုသဘော ပါဝင်ပါသည်။ ထိုသို့သောသဘောထားမျိုးကို ယေဟောဝါအပေါ် ကိုယ်တော်၏ကျေးကျွန်များထားကြသည့်အလျောက် ကိုယ်တော်လည်း သူတို့အားထပ်တူကြင်နာမှုမျိုး ပြသတော်မူသည်။ ဤဖြောင့်မတ်သန့်ရှင်းသောသစ္စာစောင့်သိမှုကို “ချစ်ခင်ကြင်နာမှု” နှင့် “သစ္စာစောင့်သိသောမေတ္တာ” ဟုခေါ်ဆိုထားပါသည်။ (ကမ္ဘာဦး ၂၀:၁၃။ ၂၁:၂၃) ဂရိကျမ်းစောင်များတွင် “သစ္စာစောင့်သိခြင်း” ကိုနာမ်ဖြစ်သည့် ဟိုစီအိုတက်စ်နှင့် နာမဝိသေသနဖြစ်သည့် ဟိုစီအော့စ်ဖြင့်တင်ပြကာ ယင်းတို့၌သန့်ရှင်းမှုနှင့်ကြည်ညိုလေးစားသောသဘောပါဝင်ပါသည်။ ဤကဲ့သို့သော သစ္စာစောင့်သိခြင်း၌ သစ္စာတည်ကြည်မှု၊ မြတ်နိုးခြင်းပါဝင်သည့်အပြင် ကြည်ညိုလေးမြတ်ပြီး ဘုရားသခင်နှင့်ပတ်သက်သည့် တာဝန်ရှိရှိသမျှကို တိကျသေချာစွာထမ်းဆောင်ခြင်း အဓိပ္ပာယ်ရှိသည်။ ယေဟောဝါအားသစ္စာစောင့်သိသည်ဟုဆိုရာတွင် အရှိန်ပြင်းထန်စွာစွဲကပ်သည့်တိုင် ကိုယ်တော်ကိုလေးမြတ်စွာဖြင့် တွယ်ကပ်စွဲမြဲနေခြင်းကိုဆိုလိုသည်။
၄။ ယေဟောဝါ၏သစ္စာစောင့်သိခြင်းသည် မည်သို့ထင်ရှားသနည်း။
၄ ယေဟောဝါကိုယ်တော်တိုင်၏သစ္စာစောင့်သိခြင်းကို နည်းအမျိုးမျိုးဖြင့် ထင်ရှားဖော်ပြပါသည်။ ဥပမာ၊ ကိုယ်တော်၏လူမျိုးကို သစ္စာစောင့်သိသောမေတ္တာကြောင့်လည်းကောင်း၊ တရားခြင်းနှင့်ဖြောင့်မတ်ခြင်းကို သစ္စာစောင့်သိခြင်းကြောင့်လည်းကောင်း လူဆိုးတို့ကို အပြစ်ဒဏ်စီရင်တော်မူသည်။ (ဗျာဒိတ် ၁၅:၃၊ ၄၊ ၁၆:၅) အာဗြဟံနှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို သစ္စာစောင့်သိသည့်အတွက် ဣသရေလလူမျိုးအား ကိုယ်တော်စိတ်ရှည်နိုင်တော်မူခြင်းဖြစ်သည်။ (၄ ဓမ္မရာဇဝင် ၁၃:၂၃) ဘုရားသခင်ကိုသစ္စာစောင့်သိသူများသည် မိမိတို့၏သစ္စာရှိဘဝအသက်တာ ကုန်ဆုံးသည်တိုင် ကိုယ်တော်၏ကူညီမစမှုကိုရရန် စိတ်ချနိုင်ပါသည်။ သူတို့အား ကိုယ်တော်မှတ်မိသတိရမည်ကိုလည်း ယုံကြည်နိုင်သည်။ (ဆာလံ ၃၇:၂၇၊ ၂၈၊ ၉၇:၁၀) ဘုရားသခင်၏အဓိက “သစ္စာစောင့်သိသူ” အနေနှင့် မိမိ၏ဝိညာဉ်စိုးလ်ကို ရှီးအိုးလ်၌စွန့်ပစ်ထားခံရမည်မဟုတ်ကြောင်း ယေရှုသိထား၍ ခွန်အားယူခဲ့နိုင်ပေသည်။—ဆာလံ ၁၆:၁၀။ တမန်တော် ၂:၂၅၊ ၂၇။
၅။ ယေဟောဝါသည် သစ္စာစောင့်သိသည့်အတွက် ကျေးကျွန်တော်များထံမှ ဘာကိုတောင်းဆိုတော်မူသနည်း။ အဘယ်မေးခွန်းကို ကျွန်ုပ်တို့သုံးသပ်မည်နည်း။
၅ ယေဟောဝါဘုရားသခင်သည် သစ္စာစောင့်သိတော်မူသောကြောင့် ကိုယ်တော်၏ကျေးကျွန်များထံမှ သစ္စာစောင့်သိခြင်းကို တောင်းဆိုပါသည်။ (ဧဖက် ၄:၂၄) ဥပမာ၊ အသင်းတော်အကြီးအကဲများအဖြစ် ခန့်အပ်ခံရရန် ရှိရမည့်အရည်အချင်းတစ်ခုကား သစ္စာစောင့်သိခြင်းဖြစ်သည်။ (တိတု ၁:၈) ယေဟောဝါ၏အမှုတော်ကို သစ္စာစောင့်သိလျက် ဆောင်ရွက်နိုင်ရန် ကိုယ်တော်၏လူမျိုးအား အဘယ်အရာများက လှုံ့ဆော်ပေးသင့်သနည်း။
တတ်သိသင်ယူရာများကို တန်ဖိုးထားလေးမြတ်ခြင်း
၆။ တတ်သိလာသည့် ကျမ်းစာဆိုင်ရာအကြောင်းများကို မည်သို့သဘောထားသင့်သနည်း။ ဤပညာနှင့်စပ်လျဉ်း၍ ဘာကိုသတိရသင့်သနည်း။
၆ တတ်သိလာသည့် ကျမ်းစာဆိုင်ရာအကြောင်းများကို ကျေးဇူးတင်လေးမြတ်ခြင်းက ယေဟောဝါအမှုတော်ကို သစ္စာစောင့်သိစွာထမ်းဆောင်ရန် လှုံ့ဆော်ပေးသင့်သည်။ တမန်တော်ပေါလုက တိမောသေအား ဤသို့တိုက်တွန်းခဲ့သည်။ “သင်သည် အဘယ်သူထံ၌နည်းခံခဲ့ပြီးသည်ကိုလည်းကောင်း၊ ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလို့ငှာ ပညာကိုပေးနိုင်သောဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကိုလည်းကောင်း သိမှတ်သည်နှင့် အထက်ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌တည်နေလော့။” (၂ တိမောသေ ၃:၁၄၊ ၁၅) ဤပညာကို ‘သစ္စာသမာဓိရှိကျေးကျွန်’ ထံမှတစ်ဆင့် ဘုရားသခင့်အထံတော်မှ ရရှိခဲ့သည်ကို အမြဲမှတ်ထားပါ။—မဿဲ ၂၄:၄၅-၄၇။
၇။ သစ္စာကျေးကျွန်မှတစ်ဆင့် ဘုရားသခင်ပေးသော ဝိညာဏအစာကို အကြီးအကဲများ မည်သို့သဘောထားသင့်သနည်း။
၇ သစ္စာရှိကျေးကျွန်မှတစ်ဆင့် ဘုရားသခင်ပေးသော အာဟာရပြည့် ဝိညာဏအစာကို အထူးသဖြင့် ခန့်အပ်ခံအကြီးအကဲများ တန်ဖိုးထားလေးမြတ်သင့်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က အကြီးအကဲအချို့သည် ဤသို့တန်ဖိုးမထားခဲ့ပါ။ ဤသူတို့ကိုသတိပြုမိသူတစ်ဦးက သူတို့သည် “ကင်းမျှော်စင် ပါဆောင်းပါးများကို အပြစ်ရှာကာ . . . ဘုရားသခင့်သမ္မာတရားလမ်းကြောင်းအဖြစ် အသိအမှတ်မပြုလိုကြဘဲ သူတို့တွေးခေါ်သကဲ့သို့ အခြားသူတို့လည်း တွေးခေါ်လာကြရန် ဩဇာလွှမ်းမိုးဖို့ အမြဲကြိုးစားခဲ့ကြသည်။” သို့ရာတွင်သစ္စာရှိကျေးကျွန်မှတစ်ဆင့် ဘုရားသခင်ပေးသောဝိညာဏအစာကို ငြင်းပယ်ရန် သစ္စာစောင့်သိသောအကြီးအကဲများမူကား ဘယ်သောအခါမျှအခြားသူများအပေါ် ဩဇာလွှမ်းမိုးရန်ကြိုးပမ်းမည်မဟုတ်ပါ။
၈။ သစ္စာရှိနှင့်သတိပညာရှိကျေးကျွန်တင်ပြထားသည့် ကျမ်းစာဆိုင်ရာအချက်အချို့ကို ကျွန်ုပ်တို့အပြည့်အဝသဘောမပေါက်နိုင်မည်ဆိုလျှင်ကောမည်သို့နည်း။
၈ ယေဟောဝါ၏ဆက်ကပ်အပ်နှံထားသော သက်သေများအနေနှင့် ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်ကိုလည်းကောင်း၊ ကိုယ်တော်၏အဖွဲ့အစည်းကိုလည်းကောင်း သစ္စာစောင့်သိကြရမည်။ ဘုရားသခင်၏ အံ့ချီးဖွယ်အလင်းမှသွေဖည်ကာ ယခုပင် ဝိညာဏသေခြင်းအဖြစ်နှင့် နောက်ဆုံးတွင် ထာဝရပျက်စီးသွားမည့်အဖြစ်သို့ရောက်စေသည့် ယုံကြည်ခြင်းဖောက်ပြန်သောလမ်းစဉ်ကို လိုက်လျှောက်ရန် ဦးနှောက်ထဲထည့်၍ပင် မစဉ်းစားသင့်ပါ။ (ယေရမိ ၁၇:၁၃) သို့သော် သစ္စာရှိကျေးကျွန် တင်ပြထားသည့် ကျမ်းစာဆိုင်ရာအချက်တစ်ခုကို ကျွန်ုပ်တို့လက်ခံရခက်နေမည်၊ သို့မဟုတ် အပြည့်အဝသဘောမပေါက်နိုင်ဘဲဖြစ်နေမည်ဆိုလျှင်ကော။ ထိုသို့ဆိုလျှင် သမ္မာတရားကို မည်သို့သိရှိလာခဲ့ကြောင်း နှိမ့်ချစွာအသိအမှတ်ပြုကာ ယင်းအပေါ်ရှင်းလင်းချက် အချို့ထုတ်ဝေလာသည့်တိုင် ဤစမ်းသပ်မှုကိုကိုင်တွယ်တတ်ရန် ဉာဏ်ပညာအတွက် ဆုတောင်းပါ။—ယာကုပ် ၁:၅-၈။
ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းကို တန်ဖိုးထားလေးမြတ်ပါ
၉။ ခရစ်ယာန်များ၌ အဖော်အဖက်စိတ်ဓာတ်ရှိရမည်အကြောင်း ၁ ယောဟန် ၁:၃-၆ ကမည်သို့ဖော်ပြသနည်း။
၉ ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းအတွင်းရှိ အဖော်အဖက်စိတ်ဓာတ်ကို လှိုက်လှိုက်လှဲလှဲတန်ဖိုးထားခြင်းသည် ယေဟောဝါအမှုတော်ကို သစ္စာစောင့်သိစွာထမ်းဆောင်ရန် တိုက်တွန်းမှုနောက်တစ်ခုဖြစ်ပါသည်။ အမှန်သော်ကား ဤစိတ်ဓာတ်မရှိလျှင် ဘုရားသခင်နှင့်သော်လည်းကောင်း၊ ခရစ်တော်နှင့်သော်လည်းကောင်း ကျွန်ုပ်တို့၏ဆက်ဆံမှုသည် ဝိညာဏသဘောအရပြေပြစ်နိုင်မည်မဟုတ်ပါ။ ဘိသိက်ခံရစ်ယာန်များအား တမန်တော်ယောဟန် ဤသို့ဆိုသည်။ “ငါတို့သည် ခမည်းတော်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်နှင့်လည်းကောင်း၊ မိတ်သဟာယဖွဲ့ [“အဖော်အဖက်ဖြစ်ခြင်း”၊ Diaglott] ရသည်ဖြစ်၍ သင်တို့သည် ငါတို့နှင့် မိတ်သဟာယဖွဲ့စေခြင်းငှာ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ၏။ . . . ငါတို့သည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ ပြီဟုဆိုလျက်ပင် မှောင်မိုက်၌ကျင်လည်လျှင် သစ္စာတရားကိုမကျင့်၊ မုသာကိုသုံးသောသူဖြစ်ကြ၏။” (၁ ယောဟန် ၁:၃-၆) ဤမူသည် ကောင်းကင်ဆိုင်ရာ၊ သို့မဟုတ် မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိသူ ခရစ်ယာန်အားလုံးနှင့်သက်ဆိုင်သည်။
၁၀။ ဧဝေါဒိနှင့်သုန္တုတ်တို့သည် ကိုယ်ရေးကိုယ်တာပြဿနာတစ်ခုကို မဖြေရှင်းနိုင်ပုံရှိခဲ့သော်လည်း ပေါလုက ဤအမျိုးသမီးများကို မည်သို့သဘောထားသနည်း။
၁၀ အဖော်အဖက်စိတ်ဓာတ် အမြဲရှိစေရန် ကြိုးစားအားထုတ်ရမည်။ ဥပမာ၊ ခရစ်ယာန်အမျိုးသမီးများဖြစ်သော ဧဝေါဒိနှင့်သုန္တုတ်တို့သည် သူတို့စပ်ကြား ပေါ်ပေါက်နေသောပြဿနာကို မဖြေရှင်းနိုင်ခဲ့ပုံရှိပါသည်။ ယင်းကြောင့်ပေါလုက “သခင်ဘုရား၌ သဘောတညီတညွတ်တည်းဖြစ်” ကြရန်သူတို့အား ဆုံးမပေးခဲ့သည်။ ထပ်ဆင့်၍လည်း “အချင်းငါ့လုပ်ဖော်ဆောင်ဖက်စစ်၊ သင့်ကိုလည်း ငါတောင်းပန်၏။ ငါနှင့်ကလေမင်မှစ၍ အသက်စာရင်းဝင်သော အခြားသောငါ၏လုပ်ဖော်ဆောင်ဖက်တို့နှင့်အတူ ဧဝံဂေလိတရားကိုဟောပြောသောအမှု၌ကူညီ၍ ကြိုးစားအားထုတ်သောမိန်းမတို့ကို မစထောက်ပံ့ပါလော့။” (ဖိလိပ္ပိ ၄:၂၊ ၃) ဘုရားဝတ်၌မွေ့လျော်သော ထိုအမျိုးသမီးများသည် ပေါလုအပြင် အခြားသူတို့နှင့်အတူ “ဧဝံဂေလိတရားကိုဟောပြောသောအမှု၌” ရင်ပေါင်တန်းကြိုးစားအားထုတ်ခဲ့ကြ၍ သူတို့သည် ‘အသက်စာရင်းဝင်သူများ’ အဝင်ဖြစ်လိမ့်မည်ဟု သူယုံကြည်စိတ်ချပါသည်။
၁၁။ သစ္စာစောင့်သိသောခရစ်ယာန်တစ်ဦးသည် ဝိညာဉ်ရေးပြဿနာတစ်ခုရှိနေမည်ဆိုလျှင် အဘယ်အကြောင်းကို မှတ်မိရန် သင့်တော်သနည်း။
၁၁ ယေဟောဝါအဖွဲ့အစည်းတွင် အဘယ်အမှုထမ်းဆောင်ခွင့်ရခဲ့ကြောင်း၊ ကိုယ်တော်အား သစ္စာစောင့်သိစွာ မည်သို့အမှုဆောင်ခဲ့ကြောင်းကိုဖော်ပြသည့် တံဆိပ်အမှတ်အသားများကို ခရစ်ယာန်များ မတပ်ဆင်ကြပါ။ သူတို့၌ဝိညာဉ်ရေးပြဿနာတစ်ခုရှိနေမည်ဆိုလျှင် ယေဟောဝါ၏အမှုတော်ကို သူတို့နှစ်ပေါင်းများစွာထမ်းဆောင်ခဲ့ခြင်းကို ကျွန်ုပ်တို့ဥပေက္ခာပြုပါက မည်မျှမေတ္တာမဲ့ရာကျမည်ပါတကား။ “အချင်းငါ့လုပ်ဖော်ဆောင်ဖက်စစ်” ဟုအခေါ်ခံရသူသည် စိတ်စေတနာဖြင့်ကူညီလိုသော သစ္စာစောင့်သိသည့် ညီအစ်ကိုတစ်ဦးဖြစ်ရမည်။ အသင်သည် အကြီးအကဲတစ်ဦးဖြစ်နေပါက သင်သည် သနားကြင်နာစွာဖြင့် ကူညီပေးရန်အသင့်ရှိသော ‘အချင်းလုပ်ဖော်ဆောင်ဖက်စစ်’ ဖြစ်ပါသလော။ ယုံကြည်သူချင်းတို့ပြုသောကောင်းမှုကို ဘုရားသခင်နည်းတူ ကျွန်ုပ်တို့အားလုံးထည့်စဉ်းစားကာ သူတို့ထမ်းရွက်စရာဝန်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစို့။—ဂလာတိ ၆:၂။ ဟေဗြဲ ၆:၁၀။
သွားစရာ အခြားနေရာမရှိ
၁၂။ ယေရှု၏စကားများကြောင့် ‘တပည့်တော်အများတို့သည် ဆုတ်သွားကြ’ သောအခါ ပေတရု၏သဘောထား မည်သို့နည်း။
၁၂ အခြားအဘယ်နေရာ၌မျှ ထာဝရအသက်ရနိုင်စရာအကြောင်းမရှိသည်ကို အသိအမှတ်ပြုမည်ဆိုလျှင် ယေဟောဝါအဖွဲ့အစည်းတွင် ကိုယ်တော်အား သစ္စာစောင့်သိကာ အမှုတော်ထမ်းရန် တိုက်တွန်းခံရလိမ့်မည်။ ယေရှု၏စကားများကြောင့် ‘တပည့်တော်အများတို့သည် ဆုတ်သွားကြ’ သောအခါ တမန်တော်များအား ကိုယ်တော်က “သင်တို့သည်လည်း ထွက်သွားခြင်းငှာ အလိုရှိကြသလော” ဟုမေးတော်မူသည်။ ပေတရုက “သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွားရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သောစကားသည် ကိုယ်တော်၌တည်ပါ၏။ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ယုံကြည်သိမှတ်ကြပါသည်” ဟုပြန်ဖြေဆိုသည်။—ယောဟန် ၆:၆၆-၆၉။
၁၃၊ ၁၄။ (က) ပထမရာစုယုဒဘာသာသည် ဘုရားသခင့်မျက်နှာသာတော် အဘယ်ကြောင့်မရခဲ့သနည်း။ (ခ) ရှေ့မီနောက်မီယေဟောဝါသက်သေတစ်ဦး ဘုရားသခင်၏မျက်မြင်ရအဖွဲ့အစည်းအကြောင်း ဘာပြောသနည်း။
၁၃ စီအီးပထမရာစု ယုဒဘာသာ၌ “ထာဝရအသက်နှင့်ယှဉ်သောစကား” ကိုမကြားနာရပါ။ ယင်း၏အဓိကအပြစ်ဒုစရိုက်မှာ ယေရှုအား မေရှိယအဖြစ်လက်မခံ ငြင်းပယ်ခြင်းပင်ဖြစ်သည်။ ယုဒဘာသာ၏ထုံးနည်းတစ်ခုမျှ ဟေဗြဲကျမ်းစောင်များကို လုံးလုံးလျားလျားအခြေခံခြင်းမရှိ။ ဇဒ္ဒုကဲများသည် ကောင်းကင်တမန်များရှိသည်ကို ငြင်းပယ်၍ ရှင်ပြန်ထမြောက်ခြင်းတရားကိုလည်း မယုံကြည်ကြပါ။ ဤအကြောင်းများနှင့်စပ်လျဉ်း၍ ဖာရိရှဲတို့သည် သူတို့နှင့်သဘောကွဲလွဲကြသော်လည်း ကျမ်းစာနှင့်မညီညွတ်သော သူတို့၏ထုံးတမ်းစဉ်လာများကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ပျက်ပြယ်စေခြင်းဖြင့် ပြစ်မှားကြသည်။ (မဿဲ ၁၅:၁-၁၁။ တမန်တော် ၂၃:၆-၉) ဤထုံးတမ်းစဉ်လာများသည် ဂျူးများကိုလွှမ်းမိုးထားသဖြင့် ဂျူးအများစုသည် ယေရှုခရစ်တော်ကို လက်မခံနိုင်ကြခြင်းဖြစ်သည်။ (ကောလောသဲ ၂:၈) ‘ဘိုးဘေးတို့၏နည်းဥပဒေသ’ ဘက်၌ဇွဲပြင်းပြခဲ့သောကြောင့် ရှောလု (ပေါလု) သည်အသိပညာကင်းမဲ့စွာဖြင့် ခရစ်တော်၏တပည့်နောက်လိုက်များကို ရက်စက်ကြမ်းတမ်းစွာ ညှဉ်းပန်းနှိပ်စက်ခဲ့ပါသည်။—ဂလာတိ ၁:၁၃၊ ၁၄၊ ၂၃။
၁၄ ယုဒဘာသာသည် ဘုရားသခင်မျက်နှာသာမရခဲ့ဘဲ ယေဟောဝါသားတော်၏ တပည့်နောက်လိုက်များဖြစ်သော ‘ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီးသောသူများ’ ဖြင့်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကိုမူ ကိုယ်တော်ကောင်းချီးပေးတော်မူခဲ့သည်။ (တိတု ၂:၁၄) ထိုအဖွဲ့အစည်းသည် ယနေ့တိုင်ရှိနေဆဲဖြစ်၍ ရှေ့မီနောက်မီယေဟောဝါသက်သေတစ်ဦး ယင်းနှင့်စပ်လျဉ်း၍ ဤသို့ဆိုသည်။ “တကယ်အရေးကြီးတယ်လို့ ကျွန်တော်ယူဆတဲ့အကြောင်းတစ်ခုကတော့ ယေဟောဝါရဲ့မျက်မြင်ရအဖွဲ့အစည်းနဲ့ နီးနီးကပ်ကပ်ရှိနေခြင်းဖြစ်တယ်။ လူ့အတွေးအခေါ်ကိုအမှီပြုခြင်းဟာ ဘယ်လောက်မှားတယ်ဆိုတာကို ကျွန်တော်အစောပိုင်းကတည်းက သဘောပေါက်ထားခဲ့ပါတယ်။ အယ့်ဒီအကြောင်းကို စိတ်ပိုင်းဖြတ်ပြီးကတည်းက သစ္စာရှိအဖွဲ့အစည်းဘက် မားမားမတ်မတ်ရပ်တည်နေဖို့သာ စိတ်ဆုံးဖြတ်ထားတယ်။ ဒါမှမဟုတ်ယင် ယေဟောဝါရဲ့မျက်နှာသာနှင့် ကောင်းချီးကိုခံစားနိုင်စရာအကြောင်းမရှိပါဘူး။” ဘုရားသခင့်မျက်နှာသာနှင့် ထာဝရအသက်ရရေးအတွက် အခြားအဘယ်နေရာ၌မျှ ရှာတွေ့နိုင်မည်မဟုတ်ပါ။
၁၅။ ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းနှင့်လည်းကောင်း၊ ယင်းအဖွဲ့အစည်း၌ တာဝန်ထမ်းဆောင်နေသူများနှင့်လည်းကောင်း အဘယ်ကြောင့်ပူးပေါင်းဆောင်ရွက်သင့်သနည်း။
၁၅ ယေဟောဝါအဖွဲ့အစည်းအပေါ်၌သာလျှင် ကိုယ်တော်၏ဝိညာဉ်တော်ရှိပြီး ကိုယ်တော့်နာမတော်နှင့် ရည်ရွယ်ချက်များကို ယင်းကထင်ရှားစေနေသည့်အတွက် ယင်းအဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်နေရန် ကျွန်ုပ်တို့တိုက်တွန်းအားပေးမှုခံသင့်သည်။ ယင်းအဖွဲ့အစည်း၌ တာဝန်ထမ်းဆောင်နေသူများသည် မစုံလင်သူများဖြစ်ကြသည်ကား အမှန်ပင်။ (ရောမ ၅:၁၂) သို့သော် ဘုရားပေးတာဝန်ရရှိထားသူမှာ မိမိတို့မဟုတ်ဘဲ မောရှေဖြစ်သည်ကိုမေ့လျော့ကာ မောရှေအားပြစ်တင်ကဲ့ရဲ့ခဲ့သော အာရုန်နှင့်မိရိအံတို့ကို ယေဟောဝါ “အမျက်တော်ထွက်” ခဲ့သည်။ (တောလည်ရာ ၁၂:၇-၉) ယနေ့သစ္စာစောင့်သိသောခရစ်ယာန်များသည် ယေဟောဝါအလိုတော်ရှိသည်အတိုင်း “ဦးဆောင်နေသူများ” နှင့်ပူးပေါင်းဆောင်ရွက်ကြသည်။ (ဟေဗြဲ ၁၃:၇၊ ၁၇၊ ကဘ) သစ္စာစောင့်သိခြင်း၏သာဓက၌ ခရစ်ယာန်စည်းဝေးများကို မှန်မှန်တက်ခြင်းအပြင် ‘မေတ္တာစိတ်ရှိစေရန်နှင့် ကောင်းသောအကျင့်ကိုကျင့်စေရန် တိုက်တွန်းနှိုးဆော်’ သည့်ရှင်းလင်းချက်များကို ထုတ်ဖော်ပြောဆိုခြင်း ပါဝင်သည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
တည်ဆောက်မှုပေးပါ
၁၆။ ယေဟောဝါ၏အမှုတော်ကို သစ္စာစောင့်သိစွာထမ်းဆောင်ရန် သူတစ်ပါးအား အဘယ်အမှုပြုလိုစိတ်ကလည်း လှုံ့ဆော်ပေးသင့်သနည်း။
၁၆ ယေဟောဝါ၏အမှုတော်ကို သစ္စာစောင့်သိစွာထမ်းဆောင်ရန် သူတစ်ပါးအား တည်ဆောက်မှုပေးလိုစိတ်ကလည်း လှုံ့ဆော်ပေးသင့်သည်။ ပေါလု ဤသို့ရေးသားခဲ့သည်။ “ဉာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။” (၁ ကောရိန္သု ၈:၁) အသိဉာဏ်ပညာတစ်မျိုးသည် ယင်းကိုပိုင်ဆိုင်သူတို့အား ထောင်လွှားစေသဖြင့် မေတ္တာမူကား ထိုအရည်အချင်းတင်ပြသူများကို တည်ဆောက်ပေးသည်ဟုလည်း ပေါလုဆိုလိုနေခြင်းဖြစ်မည်။ ပါမောက္ခဝီစ္စနှင့်အင်္ဂလစ်ရှ်တို့၏ စာအုပ်တစ်အုပ်က ဤသို့ဆိုသည်။ “ချစ်ခင်တတ်သောသူသည် အများအားဖြင့် အချစ်ခံရသည်။ ဘဝကဏ္ဍတိုင်းတွင် စိတ်ကောင်းထားကာ သက်ညှာမှုတင်ပြတတ်သည့်သဘောသည် ဤကဲ့သို့သောစိတ်ထားရှိသူအတွက် အမှန်အကျိုးရှိရုံမက သက်ညှာမှုပြခံရသူအတွက်လည်း ကောင်းကျိုးပြုသဖြင့် နှစ်ဦးနှစ်ယောက်စလုံး စိတ်ချမ်းသာနိုင်ကြသည်။” မေတ္တာပြခြင်းအားဖြင့် သူတစ်ပါးကိုလည်းကောင်း၊ ကျွန်ုပ်တို့ကိုယ်ကိုလည်းကောင်း ဆောက်တည်ပေးကြောင်း “ခံယူခြင်းထက် ပေးကမ်းခြင်း၌ မင်္ဂလာရှိသည်” ဟူသောယေရှုစကားက တင်ပြပါသည်။—တမန်တော် ၂၀:၃၅၊ သမ။
၁၇။ မေတ္တာသည် မည်သို့တည်ဆောက်ပေးသနည်း။ အဘယ်အမှုကိုမပြုရန် တားဆီးပေးမည်နည်း။
၁၇ ၁ ကောရိန္သု ၈:၁ ပါမူကိုအခြေခံသည့်ချစ်ခြင်းနှင့်ဆိုင်သော ဂရိစကားလုံး အဂါးပီ ကို ပေါလုအသုံးပြုထားပါသည်။ ယင်းသည် စိတ်ရှည်တတ်၊ ကျေးဇူးပြုတတ်၏၊ ခပ်သိမ်းသောအရာကို သည်းခံတတ်၍ ဖောက်ပြန်ခြင်းမရှိသောကြောင့် တည်ဆောက်ပေးပါသည်။ ဤမေတ္တာမျိုးသည် မာနထောင်လွှားခြင်းနှင့် မနာလိုသဝန်တိုခြင်း အစရှိသည့်အကျိုးနည်းစေသောစိတ်ထားများကို ပပျောက်စေသည်။ (၁ ကောရိန္သု ၁၃:၄-၈) ဤကဲ့သို့သောမေတ္တာမျိုးသည် ကျွန်ုပ်တို့ကဲ့သို့ပင် မစုံလင်ကြသော ညီအစ်ကိုချင်းတို့အား အပြစ်တင်ကဲ့ရဲ့ခြင်းပြုစေမည်မဟုတ်ပါ။ ပထမရာစုခရစ်ယာန်စစ်များအတွင်းသို့ “အမှတ်တမဲ့ဝင်” လာသည့် “အဓမ္မလူ” များနှင့်မတူစေရန် ထိုမေတ္တာက ကူညီပေးပါလိမ့်မည်။ ထိုအဓမ္မလူတို့သည် “အာဏာစက်ကိုပယ်လျက် ဘုန်းတန်ခိုးကြီးသောသူတို့ကိုကဲ့ရဲ့” နေကြသည်။ ဂုဏ်တင်ခံရသည့် ဘိသိက်ခံခရစ်ယာန်အကြီးအကဲများဖြစ်သည့် ဘုန်းတန်ခိုးကြီးသူတို့အကြောင်း မကောင်းပြောဆိုခဲ့ပုံရှိသည်။ (ယုဒ ၃၊ ၄၊ ၈) ယေဟောဝါအားသစ္စာစောင့်သိလျက် အလားတူ မည်သည့်အပြုအမူကိုမျှမပြုမိရန် ဘယ်သောအခါမျှသွေးဆောင်မခံကြနှင့်။
မာရ်နတ်ကို ဆီးတားလော့
၁၈။ ယေဟောဝါ၏လူမျိုးအား စာတန်ဘာလုပ်လိုသနည်း။ သို့သော် အဘယ်ကြောင့်အောင်မြင်မည်မဟုတ်သနည်း။
၁၈ ဘုရားသခင့်လူမျိုး၏စည်းလုံးမှုကို စာတန်ဖျက်ဆီးလိုကြောင်း သိရှိထားခြင်းက ယေဟောဝါအမှုတော်ကို သစ္စာစောင့်သိစွာထမ်းဆောင်ရန် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကို ခိုင်မြဲစေသင့်သည်။ စာတန်သည် ဘုရားသခင့်လူမျိုးအားလုံးကိုပင် ရှင်းပစ်လိုသည်။ မြေကြီးပေါ်ရှိမာရ်နတ်၏ကျေးကျွန်များသည် စစ်မှန်သောဝတ်ပြုကိုးကွယ်သူများကို တစ်ခါတစ်ရံ သတ်ပစ်ခဲ့ပါသည်။ သို့သော် သူတို့အားလုံးကို စာတန်ဖျက်ဆီးပစ်နိုင်ရန် ဘုရားသခင်ခွင့်ပြုလိမ့်မည်မဟုတ်ပါ။ ယေရှုသည် အသေခံခြင်းအားဖြင့် “သေခြင်းတရားကိုအစိုးရသောသူတည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီး” တော်မူခဲ့ပြီ။ (ဟေဗြဲ ၂:၁၅) အထူးသဖြင့် ၁၉၁၄ ခုနှစ်၌ ခရစ်တော်ဘုရင်ဖြစ်လာပြီးကောင်းကင်မှ နှင်ချခံရပြီးနောက် စာတန့်သြဇာလွှမ်းမိုးနိုင်ရာအရပ်ဒေသသည် အကန့်အသတ်မျှသာ ကျန်ရှိတော့သည်။ ယေဟောဝါခန့်အပ်ထားချိန်တိုင်သည့်အခါ ယေရှုသည် စာတန်နှင့်သူ၏အဖွဲ့အစည်းကို ဖျက်ဆီးပစ်တော်မူမည်။
၁၉။ (က) ဤဂျာနယ်က စာတန်၏ကြိုးစားမှုနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာက မည်သို့သတိပေးခဲ့သနည်း။ (ခ) စာတန်၏ကျော့ကွင်းများကိုရှောင်ရှားရန် ယုံကြည်သူချင်းတို့နှင့်ဆက်ဆံရာတွင် ဘာကိုသတိပြုသင့်သနည်း။
၁၉ ဤဂျာနယ်က ဤသို့တစ်ချိန်ကသတိပေးခဲ့သည်။ “ဘုရားသခင့်လူမျိုးကို စာတန်မာရ်နတ်သည် စိတ်ဝမ်းကွဲစေနိုင်မည်၊ အချင်းချင်း ရန်ခိုက်ဒေါသပွားစေနိုင်မည်၊ သို့မဟုတ် ညီအစ်ကိုများအား မေတ္တာမပြနိုင်သည့်အထိ အတ္တသဘောကိုတင်ပြ မွေးမြူစေနိုင်မည်ဆိုလျှင် သူတို့ကိုဝါးမျိုရာတွင်အောင်မြင်ပေလိမ့်မည်။” (The Watch Tower, May 1, 1921, page 134) အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ရှုတ်ချပြောဆိုရန်၊ သို့မဟုတ် ခိုက်ရန်ပြုရန် တိုက်တွန်းခြင်းအားဖြင့် ကျွန်ုပ်တို့စည်းလုံးမှုကို မာရ်နတ်ပျက်ပြားသွားစေရန် ခွင့်မပြုပါနှင့်။ (ဝတ်ပြုရာ ၁၉:၁၆) ယေဟောဝါအမှုတော်ကို သစ္စာစောင့်သိစွာထမ်းဆောင်နေသူများအား ကိုယ်တိုင်အန္တရာယ်ပြုခြင်း၊ သို့မဟုတ် သူတို့ဘဝအသက်တာကို ပိုခက်ခဲစေရန်ပြုမူခြင်းအားဖြင့် စာတန်လှည့်စားခြင်းကို ဘယ်သောအခါမျှ မခံကြနှင့်။ (၂ ကောရိန္သု ၂:၁၀၊ ၁၁ နှိုင်းယှဉ်။) ထိုသို့ဖြစ်စေမည့်အစား “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ သို့ဖြစ်၍ လူပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကိုခံရကြသည်ဟုသိမှတ်လျက် ယုံကြည်ခြင်း၌တည်၍ မာရ်နတ်ကိုဆီးတားကြလော့” ဟူသောပေတရု၏ စကားကိုကျင့်သုံးကြစို့။ (၁ ပေတရု ၅:၈၊ ၉) စာတန်ကိုခံရပ်ဆီးတားခြင်းအားဖြင့် ယေဟောဝါလူမျိုး၏ စည်းလုံးညီညွတ်မှုကို တည်မြဲတည်စေနိုင်ပါလိမ့်မည်။—ဆာလံ ၁၃၃:၁-၃။
ဘုရားသခင်ကို ဆုပတ္ထနာပြုကာ အားထားမှီခိုနေ
၂၀၊ ၂၁။ ယေဟောဝါအမှုတော်ကို သစ္စာစောင့်သိစွာထမ်းဆောင်ခြင်းနှင့် ဘုရားသခင်ကို ဆုပတ္ထနာပြုကာအားထားမှီခိုနေခြင်းသည် မည်သို့ဆက်စပ်သနည်း။
၂၀ ယေဟောဝါအမှုတော်ကို သစ္စာစောင့်သိစွာ ဆက်ထမ်းဆောင်နေရန် ဘုရားသခင်ကို ဆုပတ္ထနာပြုလျက် အားထားမှီခိုနေခြင်းက အထောက်အကူပြုလိမ့်မည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ဘုရားသခင်နားညောင်းဖြေဆိုပေးနေကြောင်း တွေ့မြင်ကြသည့်အခါ ကိုယ်တော်အားပိုချစ်ခင်ရင်းနှီးလာပါသည်။ တမန်တော်ပေါလုက “အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ သန့်ရှင်းသောလက်ကိုချီ၍ ဆုတောင်းစေခြင်းငှာ ငါအလိုရှိ၏” ဟုရေးသားခဲ့သောအခါ ယေဟောဝါဘုရားသခင်ထံ ဆုတောင်း၍ ကိုယ်တော်ကိုမှီခိုအားထားရန် တိုက်တွန်းပေးနေခြင်းဖြစ်သည်။ (၁ တိမောသေ ၂:၈) ဥပမာ၊ အကြီးအကဲများသည် ဘုရားသခင်ကို ဆုပတ္ထနာပြုကာ အားထားမှီခိုနေရန် မည်မျှအရေးကြီးပါသည်တကား။ အသင်းတော်ကိစ္စများကိုဆွေးနွေးရန် စည်းဝေးကြသည့်အခါ ယေဟောဝါအားသစ္စာစောင့်သိကြောင်း ဤသို့သောအားဖြင့်တင်ပြမည်ဆိုလျှင် အတောမသတ်နိုင်သည့် အငြင်းအခုံပွဲများနှင့် အမျက်ဒေါသထွက်စရာအကြောင်းများကို တားဆီးပေးရန် အထောက်အကူပြုလိမ့်မည်။
၂၁ ယေဟောဝါဘုရားသခင်ကို ဆုပတ္ထနာပြုကာ အားထားမှီခိုခြင်းက ကိုယ်တော်၏လုပ်ငန်းတော်၌ ရရှိသောအခွင့်အရေးများကို တာဝန်ကျေပွန်စွာထမ်းဆောင်ရန် အကူအညီပေးသည်။ ဆယ်စုနှစ်ပေါင်းများစွာ ယေဟောဝါအမှုတော်ကို သစ္စာစောင့်သိစွာထမ်းဆောင်ခဲ့သူတစ်ဦး ဤသို့ဆိုနိုင်ခဲ့သည်။ “ဘုရားသခင်၏ ကမ္ဘာတစ်လွှားရှိအဖွဲ့အစည်းတွင် ကျွန်ုပ်တို့အားပေးသည့် မည်သည့်တာဝန်ကိုမဆို တလိုတလားလက်ခံခြင်း၊ တာဝန်ပေးထားရာအရပ်တွင် မြဲမြံစွာရပ်တည်နေမည်ဆိုလျှင် ကျွန်ုပ်တို့ကြိုးစားလုပ်ကိုင်လေသမျှကို ဘုရားသခင်နှစ်ခြိုက်တော်မူမည်။ ခန့်အပ်ထားသည့်တာဝန်မှာ ယုတ်ညံ့ပုံရှိဦးတော့ ယင်းကိုသစ္စာရှိရှိမဆောင်ရွက်ပါက အခြားအရေးကြီးလုပ်ငန်းများ မပြီးမြောက်နိုင်ကြောင်း ထင်ရှားလာပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သာနှိမ့်ချမှုရှိပြီး မိမိကိုဂုဏ်တင်မည့်အစား ယေဟောဝါနာမတော်အား ဂုဏ်တင်ချီးမြှင့်ရေးကို အမှန်စိတ်ဝင်စားမည်ဆိုလျှင် ‘ယေဟောဝါ၏အမှုတော်ကို တည်ကြည်သောစိတ်၊ မရွေ့လျော့မတိမ်းယိမ်းဘဲလျက် များစွာထမ်းဆောင်’ ခွင့်အမြဲရရှိလိမ့်မည်ဟု စိတ်ချနိုင်ပါမည်။”—၁ ကောရိန္သု ၁၅:၅၈။
၂၂။ ယေဟောဝါထံတော်မှခံစားရသော ကောင်းချီးများစွာတို့က ကျွန်ုပ်တို့၏သစ္စာစောင့်သိခြင်းကို မည်သို့အကျိုးပြုသင့်သနည်း။
၂၂ ယေဟောဝါ၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့မည်မျှပင်လုပ်ကိုင်စေကာမူ ကျွန်ုပ်တို့အတွက် ကိုယ်တော်ပြုခဲ့သမျှကျေးဇူးများကို ဆပ်၍မကုန်နိုင်ပါ။ ဘုရားသခင့်အဖွဲ့အစည်း၌ ကိုယ်တော်၏မိတ်ဆွေများနှင့် ခြံရံနေရခြင်းသည် မည်မျှလုံခြုံမှုဖြစ်သည်တကား။ (ယာကုပ် ၂:၂၃) မြဲမြံခိုင်ခံ့လှသည့် ညီအစ်ကိုချင်းမေတ္တာမှ ပေါ်ထွက်လာသည့်စည်းလုံးမှုမျိုးနှင့် ကျွန်ုပ်တို့အားယေဟောဝါကောင်းချီးပေးထားသောကြောင့် ယင်းကို စာတန်ပင်လျှင် မဖျက်ဆီးပစ်နိုင်ပါ။ ထိုကြောင့် ကျွန်ုပ်တို့၏သစ္စာစောင့်သိသော ကောင်းကင်ခမည်းတော်အား သစ္စာတည်ကြည်စွာဖြင့် ကိုယ်တော့်လူမျိုးတော်အဖြစ်စည်းလုံးနေကြစို့။ ယခုမှစ၍ ကာလအစဉ်အဆက် ယေဟောဝါအမှုတော်ကို သစ္စာစောင့်သိစွာဖြင့် ထမ်းဆောင်ကြစို့လေ။
သင်မည်သို့ဖြေဆိုမည်နည်း
▫ သစ္စာစောင့်သိခြင်းအဓိပ္ပာယ်ကား အဘယ်နည်း။
▫ ယေဟောဝါ၏အမှုတော်ကို သစ္စာစောင့်သိလျက် ဆောင်ရွက်နိုင်ရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးသည်ကား အဘယ်အရာများဖြစ်သနည်း။
▫ မာရ်နတ်ကို အဘယ်ကြောင့်တားဆီးရမည်နည်း။
▫ ယေဟောဝါ၏အမှုတော်ကို သစ္စာစောင့်သိစွာ ဆောင်ရွက်သောကျေးကျွန်များဖြစ်စေရန် ဆုတောင်းခြင်းက မည်သို့ကူညီပေးနိုင်သနည်း။
“သစ္စာစောင့်သိသူနှင့် ကိုယ်တော် [ယေဟောဝါ] သည်သစ္စာစောင့်သိစွာစီရင်မည်။”—၂ ဓမ္မရာဇဝင် ၂၂:၂၆၊ ကဘ။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယေဟောဝါ၏သစ္စာစောင့်သိသောကျေးကျွန်များသည် ခြင်္သေ့ကဲ့သို့သော သူတို့၏ရန်သူ၊ မာရ်နတ်အား သူတို့စည်းလုံးမှုကိုပျက်ပြားသွားစေရန် ခွင့်မပြုကြ