ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကာကွယ်ခြင်း
“စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူ ရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့်ပြန်ပြောခြင်းငှာ၊ ကာလအစဉ်မပြတ်အသင့်ရှိနေကြလော့။” —၁ ပေတရု ၃:၁၅။
၁၊ ၂။ ယေဟောဝါသက်သေများသည် အတိုက်အခံပြုခံရခြင်းကို အဘယ်ကြောင့် မအံ့သြကြသနည်း။ သို့သော် အဘယ်အရာကို လူတို့လိုလားကြသနည်း။
ယေဟောဝါသက်သေများသည် ရိုးသား၊ အကျင့်ကောင်းသူများဖြစ်သည်ဟု နိုင်ငံအများစုတွင် အများအားဖြင့် အသိအမှတ်ပြုခံကြရသည်။ လူများစွာသည် သူတို့ကို ဒုက္ခမပေးသည့်အိမ်နီးချင်းကောင်းများအဖြစ် သဘောထားကြသည်။ သို့တိုင် တလွဲဖြစ်ခဲ့သည်မှာ စစ်ဖြစ်စဉ်နှင့် ငြိမ်းချမ်းသည့်ကာလများအတွင်း ငြိမ်းချမ်းမှုကိုမြတ်နိုးသည့် ဤခရစ်ယာန်များသည် မတရားနှိပ်စက်ညှဉ်းပန်းခံခဲ့ကြရသည်။ ထိုသို့အတိုက်အခံပြုခံရခြင်းကို သူတို့မအံ့သြကြပါ။ အမှန်မှာ ယင်းကို သူတို့မျှော်လင့်ထားကြ၏။ စီ.အီး. ပထမရာစုမှ သစ္စာရှိခရစ်ယာန်များသည် ‘အမုန်းခံခဲ့ကြရ’ ကြောင်း သူတို့သိထားကြရာ ယနေ့ ခရစ်တော်၏စစ်မှန်သောနောက်လိုက်များဖြစ်လာရန် ကြိုးစားနေသူတို့သည် ထူးခြားစွာဆက်ဆံခံရမည်ဟု မျှော်လင့်သင့်ပါသလော။ (မဿဲ ၁၀:၂၂) ထို့အပြင် သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ယေရှုခရစ်၏တရားတော်နှင့်အညီ၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်။”—၂ တိမောသေ ၃:၁၂။
၂ ယေဟောဝါသက်သေများသည် နှိပ်စက်ညှဉ်းပန်းခြင်းကိုရှာကြံပြီးခံကြသည်မဟုတ်၊ ယင်းကြောင့်ခံရနိုင်သော အခက်အခဲများဖြစ်သည့် ဒဏ်ငွေများ၊ ထောင်ကျခြင်း သို့မဟုတ် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခြင်းတို့ကိုလည်း မခံလိုကြပါ။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို အတားအဆီးမရှိ ဟောပြောနိုင်ကြရန် “ငြိမ်ဝပ်ဆိတ်ငြိမ်စွာနေ” လိုကြသည်။ (၁ တိမောသေ ၂:၁၊ ၂) သူတို့၏ဝတ်ပြုရေးကိုဆောင်ရွက်ရန် နိုင်ငံများစွာတွင် ရရှိထားသည့်ဘာသာရေးလွတ်လပ်မှုကို သူတို့တန်ဖိုးထားလေးမြတ်ကြပြီး လူ့အစိုးရအုပ်စိုးရှင်များအပါအဝင် “လူအပေါင်းတို့နှင့်အသင့်အတင့်နေ” နိုင်ရန် တာဝန်သိသိလုပ်ဆောင်ကြသည်။ (ရောမ ၁၂:၁၈; ၁၃:၁-၇) သို့ဆိုလျှင် သူတို့သည် အဘယ်ကြောင့် ‘အမုန်းခံခဲ့ကြရ’ သနည်း။
၃။ ယေဟောဝါသက်သေများ မတရားအမုန်းခံကြရသည့် အကြောင်းရင်းတစ်ရပ်ကားအဘယ်နည်း။
၃ အဓိကအားဖြင့် ယေဟောဝါသက်သေများသည် ကနဦးခရစ်ယာန်များနှိပ်စက်ညှဉ်းပန်းခံခဲ့ရသည့် အလားတူအကြောင်းရင်းများကြောင့် မတရားသဖြင့်အမုန်းခံခဲ့ကြရပြီ။ ပထမအနေဖြင့် ယေဟောဝါသက်သေများသည် လူအချို့မနှစ်သက်စရာဖြစ်စေသည့်နည်းများဖြင့် သူတို့၏ဘာသာရေးယုံကြည်ချက်များကိုကျင့်သုံးကြသည်။ ဥပမာ၊ သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဇွဲရှိရှိဟောပြောကြသည်။ သို့သော် လူတို့သည် သူတို့၏ဇွဲကို တလွဲယူဆလေ့ရှိပြီး သူတို့၏ဟောပြောခြင်းကို “အတင်းအဓမ္မဘာသာသွင်းခြင်း” ဖြစ်သည်ဟုယူမှတ်ကြသည်။ (တမန်တော် ၄:၁၉၊ ၂၀ နှိုင်းယှဉ်။) သူတို့သည် နိုင်ငံရေးနှင့် လူမျိုးရေးစစ်ပွဲများ၌လည်း ကြားနေကြရာ တစ်ခါတစ်ရံ ဤသို့ကြားနေမှုကြောင့် ယေဟောဝါသက်သေများကို သစ္စာမရှိသောနိုင်ငံသားများဟု တလွဲယူမှတ်ခဲ့ကြသည်။—မိက္ခာ ၄:၃၊ ၄။
၄၊ ၅။ (က) ယေဟောဝါသက်သေများသည် မည်သို့မတရားစွပ်စွဲခံခဲ့ကြရပြီနည်း။ (ခ) ယေဟောဝါကျေးကျွန်များကို နှိပ်စက်ညှဉ်းပန်းရန် အဓိကသွေးထိုးတတ်သူများကား မည်သူများနည်း။
၄ ဒုတိယအနေနှင့် ယေဟောဝါသက်သေများ၏ယုံကြည်ချက်များကို ဗြောင်ကျကျလိမ်လည်မှုများနှင့် ကလိန်ကကျစ်ဖော်ပြမှုတို့အားဖြင့် သူတို့မတရားအစွပ်စွဲခံရကြပြီ။ ယင်းကြောင့် အချို့နိုင်ငံဒေသများတွင် မတရားတိုက်ခိုက်ခံခဲ့ကြရသည်။ ထို့အပြင် ‘သွေးကိုရှောင်’ ရန်သမ္မာကျမ်းစာမိန့်မှာချက်ကိုနာခံလိုကြသဖြင့် သွေးမဲ့ဆေးကုသနည်းကို ကြိုးစားရှာဖွေကြသောကြောင့် “ကလေးကိုသတ်ဖြတ်သူများ” နှင့် “ကိုယ့်ကိုယ်ကိုသတ်သေသည့်ဂိုဏ်း” ဟုသတ်မှတ်ခံရသည်။ (တမန်တော် ၁၅:၂၉) အမှန်မှာ ယေဟောဝါသက်သေများသည် အသက်ကိုအလွန်တန်ဖိုးထားကြပြီး သူတို့ကိုယ်တိုင်နှင့် သူတို့၏ကလေးများအတွက် အကောင်းဆုံးဆေးကုသနည်းကိုရနိုင်ရန် ရှာဖွေကြသည်။ သွေးသွင်းရန်ငြင်းဆန်ကြခြင်းကြောင့် ယေဟောဝါသက်သေများ၏ကလေးများစွာ နှစ်စဉ်သေဆုံးနေကြသည်ဟုစွပ်စွဲခြင်းသည် အခြေအမြစ်လုံးဝမရှိချေ။ ကျမ်းစာသမ္မာတရားသည် မိသားစုတစ်စုလုံးအပေါ် ထပ်တူအကျိုးသက်ရောက်မှုမရှိခြင်းကြောင့် သက်သေခံများသည် မိသားစုများကိုဖြိုခွဲသူများဟူ၍လည်း စွပ်စွဲခံကြရသည်။ အမှန်မှာ ယေဟောဝါသက်သေများသည် မိသားစုဘဝကိုအလေးအနက်သဘောထားကြပြီး လင်နှင့်မယား အချင်းချင်းချစ်ခင်လေးစားကြကာ ကလေးများသည် သူတို့၏မိဘများမှာ ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ မိဘစကားနားထောင်ကြရမည်ဟူသော ကျမ်းစာမိန့်မှာချက်များကို ကြိုးစားလိုက်လျှောက်ကြကြောင်း သူတို့နှင့်အကျွမ်းတဝင်ရှိသူများကသိထားကြသည်။—ဧဖက် ၅:၂၁–၆:၃။
၅ အချိန်အခါများစွာတွင် ယေဟောဝါ၏ကျေးကျွန်များကိုနှိပ်စက်ညှဉ်းပန်းရန် အဓိကသွေးထိုးပေးသူများသည် အတိုက်အခံပြုသည့် ဘာသာရေးသမားများဖြစ်ကြသည်။ သူတို့သည် သက်သေခံများ၏လုပ်ငန်းများကို ကြိုးစားနှိပ်ကွပ်ရန် သူတို့သြဇာညောင်းသည့် နိုင်ငံရေးအာဏာများနှင့် သတင်းဖြန့်ချိရေးတို့ကိုအသုံးပြုခဲ့ကြပေပြီ။ ကျွန်ုပ်တို့ယေဟောဝါသက်သေများသည် မိမိတို့၏ယုံကြည်ချက်များနှင့် ကျင့်ထုံးများကြောင့်ဖြစ်စေ၊ မတရားစွပ်စွဲချက်များကြောင့်ဖြစ်စေ ထိုသို့သောအတိုက်အခံပြုမှုကိုကြုံရလျှင် မည်သို့တုံ့ပြန်သင့်သနည်း။
“သင်တို့၏အကျိုးသင့်အကြောင်းသင့်ရှိမှုကို လူခပ်သိမ်းအားသိစေကြလော့”
၆။ ခရစ်ယာန်အသင်းတော်ပြင်ပရှိသူတို့နှင့်ပတ်သက်၍ မျှတသောအမြင်ရှိရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၆ ဦးဆုံး၊ ကျွန်ုပ်တို့၏ဘာသာရေးယုံကြည်ချက်များကို မခံယူသူတို့နှင့်ပတ်သက်၍ မှန်ကန်သောအမြင်—ယေဟောဝါ၏အမြင်—ရှိရန်လိုသည်။ သို့မဟုတ်လျှင် ကျွန်ုပ်တို့သည် မလိုအပ်ဘဲ ရန်လိုမှု၊ သို့မဟုတ် ပြစ်တင်မှုကိုခံရနိုင်သည်။ “သင်တို့၏အကျိုးသင့်အကြောင်းသင့်ရှိမှုကို လူခပ်သိမ်းအားသိစေကြလော့” ဟုတမန်တော်ပေါလုရေးသားခဲ့သည်။ (ဖိလိပ္ပိ ၄:၅၊ ကဘ) ထို့ကြောင့် ခရစ်ယာန်အသင်းတော်ပြင်ပရှိသူတို့နှင့်ပတ်သက်၍ မျှတသောအမြင်ရှိကြရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုတိုက်တွန်းထားသည်။
၇။ ကျွန်ုပ်တို့သည် “လောကီအညစ်အကြေးနှင့်ကင်းစင်” လျက်နေခြင်းတွင် အဘယ်အရာပါဝင်သနည်း။
၇ တစ်ဖက်မှကြည့်လျှင် ‘ကိုယ်ကိုယ်တိုင်လည်း လောကအညစ်အကြေးနှင့်ကင်းစင်’ ရန်ကျမ်းစာစောင်များက အလွန်ရှင်းလင်းစွာ သတိပေးထားသည်။ (ယာကုပ် ၁:၂၇; ၄:၄) ဤတွင်ဖော်ပြထားသော “လောက” ဟူသည့်ဝေါဟာရသည် သမ္မာကျမ်းစာပါ နေရာများစွာ၌ကဲ့သို့ စစ်မှန်သောခရစ်ယာန်များအပြင် အခြားလူသားအပေါင်းကိုရည်ညွှန်းသည်။ ကျွန်ုပ်တို့သည် ဤလူ့အဖွဲ့အစည်းကြီး၏အလယ်တွင်နေထိုင်ကြသည်; လုပ်ငန်းခွင်တွင်၊ ကျောင်းတွင်၊ မိမိ၏ပတ်ဝန်းကျင်တွင် သူတို့နှင့်ဆက်သွယ်ကြရသည်။ (ယောဟန် ၁၇:၁၁၊ ၁၅; ၁ ကောရိန္သု ၅:၉၊ ၁၀) သို့တိုင် ဘုရားသခင့်ဖြောင့်မတ်သောလမ်းစဉ်များနှင့်ဆန့်ကျင်သည့် သဘောထားများ၊ အပြောအဆိုနှင့် အကျင့်အကြံများကိုရှောင်ခြင်းဖြင့် လောကအညစ်အကြေးနှင့် ကျွန်ုပ်တို့ကင်းစင်လျက်နေကြသည်။ ဤလောက၊ အထူးသဖြင့် ယေဟောဝါ၏စံနှုန်းများကို လုံးဝမထီမဲ့မြင်ပြုသူတို့နှင့် ရင်းရင်းနှီးနှီးပေါင်းသင်းခြင်း၏အန္တရာယ်ကို အသိအမှတ်ပြုခြင်းသည်လည်း အရေးကြီးသည်။—သု. ၁၃:၂၀။
၈။ လောကီအညစ်အကြေးနှင့် ကင်းစင်လျက်နေကြရန် သွန်သင်ခြင်းသည် အခြားသူများကိုအထင်သေးရန် အခြေခံအကြောင်းအဘယ်ကြောင့်မဖြစ်သနည်း။
၈ သို့ရာတွင် လောကအညစ်အကြေးနှင့်ကင်းစင်ရန်ဆုံးမထားခြင်းက ယေဟောဝါသက်သေမဟုတ်သူတို့အား လုံးဝအထင်သေးရမည်ဟူသည့် အကြောင်းတစ်စုံတစ်ခုကိုမျှမပေးချေ။ (သု. ၈:၁၃) ရှေ့ဆောင်းပါးတွင်ဆွေးနွေးထားသော ဂျူးဘာသာရေးခေါင်းဆောင်များ၏နမူနာကို သတိရပါ။ သူတို့ဖြစ်ပေါ်စေခဲ့သောဘာသာရေးပုံစံသည် ယေဟောဝါ၏မျက်နှာသာကိုမရခဲ့ပါ; ဂျူးမဟုတ်သူများနှင့်လည်း ကောင်းသောဆက်ဆံရေးမရှိစေခဲ့ပါ။ (မဿဲ ၂၁:၄၃၊ ၄၅) ကိုယ်ကိုကိုယ်ဖြောင့်မတ်သည်ဟူသော သူတို့၏သဘောထားကြောင့် ဤအစွန်းရောက်သူများသည် တစ်ပါးအမျိုးသားများကို အထင်အမြင်သေးခဲ့ကြသည်။ ကျွန်ုပ်တို့သည် သက်သေခံမဟုတ်သူများကို အထင်အမြင်သေးစွာဆက်ဆံသည့် ထိုသို့သောအမြင်ကျဉ်းမှုမျိုးမရှိကြပါ။ တမန်တော်ပေါလုကဲ့သို့ သမ္မာကျမ်းစာ၏စစ်မှန်သောသတင်းတရားကိုကြားနာသူအားလုံးကို ဘုရားသခင့်မျက်နှာသာခံစားစေလိုကြသည်။—တမန်တော် ၂၆:၂၉; ၁ တိမောသေ ၂:၃၊ ၄။
၉။ ကျမ်းစာအခြေခံသည့် မျှတသောအမြင်သည် ကျွန်ုပ်တို့နှင့်ယုံကြည်ချက်ခြင်းမတူသူတို့အကြောင်း ပြောဆိုသောအခါ အဘယ်အကျိုးဆက်ရှိသင့်သနည်း။
၉ ကျမ်းစာအခြေခံသည့် မျှတသောအမြင်သည် သက်သေခံမဟုတ်သူများအကြောင်း ကျွန်ုပ်တို့ပြောဆိုပုံကို အကျိုးပြုသင့်သည်။ “အဘယ်သူကိုမျှမကဲ့ရဲ့၊ ရန်တွေ့ခြင်းကိုမပြု၊ ဖြည်းညင်းသောသဘောရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာပြု” ကြရန်ခရိကျွန်းရှိ ခရစ်ယာန်များကိုသတိပေးဖို့ တိတုအားပေါလုညွှန်ကြားခဲ့သည်။ (တိတု ၃:၂) ခရစ်ယာန်များသည် “အဘယ်သူကိုမျှ”—လိမ်လည်၊ စားကြူးပြီး ပျင်းရိသူတို့ဟုလူသိများသူအချို့ရှိသော ခရိကျွန်းမှ ခရစ်ယာန်မဟုတ်သူများကိုပင်—မကဲ့ရဲ့ရကြောင်း သတိပြုပါ။ (တိတု ၁:၁၂) ထို့ကြောင့် ကျွန်ုပ်တို့နှင့်ယုံကြည်ချက်မတူသူတို့ကိုရည်ညွှန်းသောအခါ နှိမ်ပြီးပြောသည့်စကားလုံးများကိုအသုံးပြုခြင်းသည် ကျမ်းစာနှင့်မညီပေ။ မိမိကိုယ်ကိုအထင်ကြီးသည့်သဘောထားသည် ယေဟောဝါ၏ဝတ်ပြုရေးသို့ အခြားသူများအားဆွဲဆောင်လိမ့်မည်မဟုတ်ချေ။ ယင်းအစား ကျွန်ုပ်တို့သည် ယေဟောဝါ၏နှုတ်မြွက်စကားတော်၏ အကျိုးသင့်အကြောင်းသင့်ရှိသည့်မူများနှင့်အညီ အခြားသူများအားရှုမြင်ဆက်ဆံသောအခါ ဘုရားသခင်၏ “သွန်သင်ခြင်းကိုအလှဆင်ပေး” ကြသည်။—တိတု ၂:၁၀၊ ကဘ။
တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်
၁၀၊ ၁၁။ ယေရှုသည် (က) “တိတ်ဆိတ်စွာနေရသောအချိန်၊” (ခ) “စကားပြောရသောအချိန်” ရှိသည်ကိုသိခဲ့ကြောင်း မည်သို့ဖော်ပြခဲ့သနည်း။
၁၀ “တိတ်ဆိတ်စွာနေရသောအချိန်နှင့်၊ စကားပြောရသောအချိန်လည်းရှိ၏” ဟုဒေ. ၃:၇ ကဆိုထားသည်။ သို့နှင့် ဤတွင်စိန်ခေါ်ချက်မှာ– အဘယ်အချိန်တွင် အတိုက်အခံပြုသူများကို လျစ်လျူရှုပြီး၊ အဘယ်အချိန်တွင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခုခံကာကွယ်ပြောဆိုရမည်ကို ဆုံးဖြတ်ခြင်းဖြစ်သည်။ ချင့်ချိန်တိုင်းထွာရာတွင် အမြဲစုံလင်ခဲ့သည့်စံနမူနာရှင်ယေရှုထံမှ ကျွန်ုပ်တို့များစွာသင်ယူနိုင်သည်။ (၁ ပေတရု ၂:၂၁) အဘယ်အချိန်သည် “တိတ်ဆိတ်စွာနေရသောအချိန်” ဖြစ်ကြောင်းကိုယ်တော်သိခဲ့၏။ သာဓကအနေဖြင့် ယဇ်ပုရောဟိတ်မင်းတို့နှင့် အကြီးအကဲတို့သည် ပိလတ်မင်းရှေ့မှောက်တွင် ယေရှုအားမတရားစွပ်စွဲခဲ့ကြသောအခါ ယေရှုသည် “တစ်ခွန်းမျှပြန်ပြောတော်မမူ။” (မဿဲ ၂၇:၁၁-၁၄) ဘုရားသခင့်အလိုတော်ဆောင်ခြင်းကို ဟန့်တားမည့် အဘယ်စကားကိုမျှ ကိုယ်တော်မပြောလိုခဲ့ချေ။ ယင်းအစား လူအများရှေ့သူ၏လုပ်ရပ်များကိုယ်နှိုက်က အဖြေပေးစေရန် ကိုယ်တော်အလိုရှိခဲ့သည်။ အမှန်တရားပင်လျှင် သူတို့၏ထောင်လွှားသည့်စိတ်နှလုံးများကို ပြောင်းလဲစေနိုင်မည်မဟုတ်ကြောင်း ကိုယ်တော်သိခဲ့၏။ ထို့ကြောင့် ကိုယ်တော်သည် သူတို့၏စွဲချက်ကိုလျစ်လျူရှုကာ ရည်ရွယ်ချက်ရှိရှိနှုတ်ဆိတ်၍နေခဲ့သည်။—ဟေရှာယ ၅၃:၇။
၁၁ သို့ရာတွင် အဘယ်အချိန်သည် “စကားပြောရသောအချိန်” ဖြစ်ကြောင်းကိုလည်း ယေရှုသိတော်မူခဲ့၏။ တစ်ခါက ကိုယ်တော်သည် အပြစ်ရှာဝေဖန်သူများကို ဘွင်းဘွင်းရှင်းရှင်းပြောဆိုကာ သူတို့၏မတရားစွပ်စွဲချက်များကို ချေပခဲ့သည်။ ဥပမာ၊ ယေရှုသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးများကိုနှင်ထုတ်၏ဟု လူအုပ်ရှေ့တွင် ကျမ်းတတ်များနှင့်ဖာရိရှဲများက ကိုယ်တော်အားစွပ်စွဲခြင်းဖြင့် ကိုယ်တော်ကိုမယုံကြည်ကြစေရန် ကြိုးစားပြုလုပ်ခဲ့ကြချိန်တွင် သူတို့၏မတရားစွဲချက်များကို ချေပခဲ့သည်။ ယုတ္တိတန်ပြီး ထိရောက်သောဥပမာတစ်ခုဖြင့် ထိုလိမ်လည်မှုကို ကိုယ်တော်ချေဖျက်ခဲ့သည်။ (မာကု ၃:၂၀-၃၀; မဿဲ ၁၅:၁-၁၁ ကိုလည်းရှု; ၂၂:၁၇-၂၁; ယောဟန် ၁၈:၃၇) အလားတူပင် ယေရှုအား သစ္စာဖောက်၍ဖမ်းဆီးပြီး ဆဲန်ဟီဒရင်ရုံးရှေ့သို့ ဆွဲထုတ်သောအခါ ယဇ်ပုရောဟိတ်မင်းကယာဖက ပါးနပ်စွာဤသို့မေးမြန်းခဲ့သည်– “သင်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် မှန်သည်မမှန်သည်ကို ငါတို့အားပြောစေခြင်းငှာ၊ အသက်ရှင်တော်မူသောဘုရားသခင်ကိုတိုင်တည်၍ သင့်ကိုကျိန်ဆိုစေ၏!” ဤအချိန်သည်လည်း “စကားပြောရသောအချိန်” ဖြစ်ခဲ့၏။ အကြောင်းမှာ ဆိတ်ဆိတ်နေခြင်းက ခရစ်တော်ဖြစ်ကြောင်းကို ငြင်းဆန်ရာရောက်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယေရှုက “သင်ဆိုသည်အတိုင်း မှန်၏” ဟုဖြေဆိုခဲ့သည်။—မဿဲ ၂၆:၆၃၊ ၆၄; မာကု ၁၄:၆၁၊ ၆၂။
၁၂။ ပေါလုနှင့်ဗာနဗတို့ကို ဣကောနိမြို့တွင် ရဲရဲရင့်ရင့်ဟောပြောဖို့လှုံ့ဆော်ခံခဲ့ရသည့် အခြေအနေများကားအဘယ်နည်း။
၁၂ ပေါလုနှင့်ဗာနဗတို့၏ပုံသက်သေကိုလည်း သုံးသပ်ကြည့်ပါ။ တမန်တော် ၁၄:၁၊ ၂ ကဤသို့ဖော်ပြသည်– “ဣကောနိမြို့သို့ရောက်လျှင် ထိုသူနှစ်ယောက်တို့သည် ယုဒတရားဇရပ်သို့ဝင်၍ ဟောပြောသဖြင့်၊ ယုဒလူ၊ ဟေလသလူများအပေါင်းတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။ မယုံကြည်သောယုဒလူတို့သည် တစ်ပါးအမျိုးသားတို့ကိုနှိုးဆော်၍၊ ညီအစ်ကိုတို့အား မနာလိုသောစိတ်ရှိစေခြင်းငှာ ချောစားကြ၏။” အင်္ဂလိပ်ကျမ်းစာသစ်တွင် ဤသို့ဖတ်ရသည်– “မပြောင်းလဲသောဂျူးများသည် ခရစ်ယာန်များအားဆန့်ကျင်ရန် တစ်ပါးအမျိုးသားတို့ကိုလှုံ့ဆော်ပေးခဲ့ကြ၏။” ဂျူးအတိုက်အခံပြုသူများသည် ကိုယ်တိုင်သတင်းတရားကိုငြင်းပယ်ခဲ့ကြရုံမက ခရစ်ယာန်များကို တစ်ပါးအမျိုးသားများစိတ်စွန်းကွက်စေရန် ကြိုးစားအပုပ်ချခဲ့ကြသည်။a ခရစ်ယာန်ဘာသာကို သူတို့အလွန်မုန်းတီးခဲ့မည်ဖြစ်ခြင်း! (တမန်တော် ၁၀:၂၈ နှိုင်းယှဉ်။) တပည့်သစ်များသည် လူထု၏ရှုတ်ချမှုကိုခံရသောကြောင့် စိတ်ဓာတ်ကျလာမည်စိုး၍ ယင်းအချိန်သည် “စကားပြောရသောအချိန်” ဖြစ်သည်ဟု ပေါလုနှင့်ဗာနဗတို့က ယူမှတ်ခဲ့ကြသည်။ “ထို့ကြောင့် [ပေါလုနှင့်ဗာနဗတို့သည်] ကြာမြင့်စွာနေ၍ ဘုရားသခင်၏တရားတော်ကို မဆုတ်မဆိုင်းဟောပြော၏။” အံ့ဖွယ်အမှုများကို သူတို့အားပြုခွင့်ပေးခြင်းအားဖြင့် အလိုတော်နှင့်တွေ့ကြောင်း ကိုယ်တော်ဖော်ပြခဲ့၏။ ယင်းကြောင့် “အချို့တို့သည် ယုဒလူတို့ဘက်၌လည်းကောင်း၊ အချို့တို့သည် တမန်တော်တို့ဘက်၌လည်းကောင်းနေကြ” ရန်ဖြစ်စေ၏။—တမန်တော် ၁၄:၃၊ ၄။
၁၃။ အပြစ်တင်ခံရသည့်အခါ များသောအားဖြင့် အဘယ်အချိန်သည် “တိတ်ဆိတ်စွာနေရသောအချိန်” ဖြစ်သနည်း။
၁၃ သို့ဆိုလျှင် ကျွန်ုပ်တို့အပြစ်တင်ခံရသည့်အခါ မည်သို့တုံ့ပြန်သင့်သနည်း။ အခြေအနေပေါ်မူတည်ပါသည်။ အချို့သောအခြေအနေများတွင် “တိတ်ဆိတ်စွာနေရသောအချိန်” ရှိ၏ဟူသောမူကို လိုက်လျှောက်ဖို့လိုသည်။ အထူးသဖြင့် အတိုက်အခံပြုသူများက သက်သက်မဲ့အငြင်းအခုံပြုရန်ကြိုးစားကြသောအခါဖြစ်သည်။ လူအချို့သည် အမှန်တရားကိုလုံးလုံးမသိလိုကြောင်း ကျွန်ုပ်တို့မမေ့သင့်ချေ။ (၂ သက်သာလောနိတ် ၂:၉-၁၂) မယုံကြည်သော ထောင်လွှားသည့်နှလုံးရှိသူများကို ဆင်ခြေပေးရန်ကြိုးစားခြင်းသည် အကျိုးမရှိချေ။ ထိုထက်မက ကျွန်ုပ်တို့ကိုတိုက်ခိုက်ပြီး မတရားစွပ်စွဲသူတိုင်းနှင့် အချေအတင်ပြောနေမည်ဆိုလျှင် သာ၍အရေးကြီးရုံမက အကျိုးရှိသည့်လုပ်ငန်းဖြစ်သည့် ကျမ်းစာသမ္မာတရားကို အမှန်တကယ်သိလိုသော စိတ်နှလုံးရိုးဖြောင့်သူများကို ကူညီပေးခြင်းမှ လမ်းလွဲသွားနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အကြောင်း လိမ်လည်ပြောဆိုသည့် အတိုက်အခံပြုသူများနှင့်ထိပ်တိုက်တွေ့သောအခါ မှုတ်သွင်းခံအကြံပြုချက်ကား သူတို့ကို “ရှောင်ကြလော့” ဟူ၏။—ရောမ ၁၆:၁၇၊ ၁၈; မဿဲ ၇:၆။
၁၄။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အခြားသူများရှေ့ အဘယ်နည်းများဖြင့် ခုခံကာကွယ်နိုင်သနည်း။
၁၄ ယင်းကြောင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခုခံကာကွယ်မပေးရဟူ၍ မဆိုလိုချေ။ အမှန်မှာ “စကားပြောရသောအချိန်” လည်းရှိသည်။ ကျွန်ုပ်တို့နှင့်ပတ်သက်သည့် အသရေဖျက်ဝေဖန်စကားများ ကြားနေရသည့် စိတ်ရိုးဖြောင့်သူများအတွက် ကျွန်ုပ်တို့အမှန်ပင်စိုးရိမ်မကင်းဖြစ်ကြသည်။ ကျွန်ုပ်တို့၏စွဲမြဲသောခံယူချက်များကို အခြားသူများအားရှင်းပြပေးရန် အသင့်ရှိကြသည်; မှန်ပါသည်၊ အခွင့်အလမ်းကို ကျွန်ုပ်တို့ကြိုဆိုသည်။ ပေတရုက ဤသို့ရေးသားခဲ့သည်– “စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့်ပြန်ပြောခြင်းငှာ၊ ကာလအစဉ်မပြတ်အသင့်ရှိနေကြလော့။” (၁ ပေတရု ၃:၁၅) အမှန်တကယ်စိတ်ဝင်စားသူများက ကျွန်ုပ်တို့မြတ်နိုးသောယုံကြည်ချက်များအတွက် သက်သေအထောက်အထားပြစေလိုသောအခါ၊ အတိုက်အခံပြုသူများ၏ မတရားစွဲချက်များအကြောင်း မေးမြန်းသောအခါ ကျမ်းစာမှခိုင်လုံသောအဖြေများပေး၍ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုခုခံကာကွယ်ပေးရန်တာဝန်ရှိသည်။ ထို့အပြင် ကျွန်ုပ်တို့၏ကောင်းသောအကျင့်က အကျိုးများစွာပြုသည်။ ဘုရားသခင့်ဖြောင့်မတ်သောစံနှုန်းများနှင့်အညီ ကျွန်ုပ်တို့ကြိုးစားနေထိုင်ကြကြောင်းကို အမြင်ကျယ်သူများသတိပြုမိကြသည့်အခါ ကျွန်ုပ်တို့အပေါ်သူတို့၏စွဲချက်များသည် မှားကြောင်းကို အလွယ်တကူသိရှိနိုင်မည်။—၁ ပေတရု ၂:၁၂-၁၅။
လူသိရှင်ကြားသွားပုပ်လေလွင့်ပြောဆိုမှုများနှင့် ပတ်သက်၍ကော
၁၅။ ယေဟောဝါသက်သေများအကြောင်း သတင်းဖြန့်ချိရေးမှတစ်ဆင့် မဟုတ်မမှန်သတင်းဖြန့်ခံရသည့် သာဓကတစ်ရပ်ကားအဘယ်နည်း။
၁၅ ရံဖန်ရံခါ ယေဟောဝါသက်သေများသည် သတင်းတွင် မဟုတ်မမှန်သတင်းဖြန့်ခြင်းခံခဲ့ကြရသည်။ သာဓကအနေဖြင့် ၁၉၉၇၊ ဩဂုတ် ၁ တွင် ရုရှားသတင်းစာတစ်စောင်က အခြားအကြောင်းအရာများအပါအဝင် သက်သေခံများသည် မိမိတို့၏ ‘ဇနီးများ၊ ခင်ပွန်းများနှင့် မိဘများက မိမိတို့၏ယုံကြည်ချက်ကို နားမလည်၊ မခံယူကြလျှင် သူတို့ကိုစွန့်ပစ်ကြရန်’ အသင်းသားများအား အပြည့်အဝတောင်းဆိုထားကြောင်း သွားပုပ်လေလွင့်ဆောင်းပါးတစ်ခုကို ထုတ်ဝေခဲ့သည်။ ယေဟောဝါသက်သေများနှင့် အမှန်တကယ်အကျွမ်းတဝင်ရှိသူတိုင်း ထိုစွဲချက်မှားကြောင်း သိကြသည်။ ခရစ်ယာန်များသည် မယုံကြည်သူအိမ်သားများကို ချစ်ခင်လေးစားစွာဆက်ဆံရန် သမ္မာကျမ်းစာမှာကြားထားရာ သက်သေခံများသည် ထိုညွှန်ကြားချက်ကိုကြိုးစားလိုက်လျှောက်ကြသည်။ (၁ ကောရိန္သု ၇:၁၂-၁၆; ၁ ပေတရု ၃:၁-၄) သို့တိုင် ထိုဆောင်းပါးကိုပုံနှိပ်ထုတ်ဝေခဲ့ရာ စာရှုသူများစွာသည် တလွဲအပြောခံခဲ့ကြရသည်။ မတရားစွပ်စွဲခံရသည့်အခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မည်သို့ခုခံကာကွယ်နိုင်မည်နည်း။
၁၆၊ ၁၇ နှင့်စာမျက်နှာ ၁၆ ရှိလေးထောင့်ကွက်။ (က) သတင်းဖြန့်ချိရေးမှ မဟုတ်မမှန်သတင်းကို တုံ့ပြန်ခြင်းနှင့်ပတ်သက်၍ တစ်ခါက ကင်းမျှော်စင်မည်သို့ဆိုခဲ့သနည်း။ (ခ) သတင်းဖြန့်ချိရေးမှ အဆိုးမြင်သတင်းများကို အဘယ်အခြေအနေများ၌ ယေဟောဝါသက်သေများ တုံ့ပြန်လိုကြမည်နည်း။
၁၆ ဤတွင် တစ်ဖန် “တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်” ရှိသည်။ တစ်ခါက ယင်းကို ကင်းမျှော်စင်ကဤသို့ဖော်ပြခဲ့သည်– “ကျွန်ုပ်တို့သည် သတင်းဖြန့်ချိရေးမှ သတင်းမှားများကို လျစ်လျူရှုမည်၊ သို့မဟုတ် အမှန်တရားကို သင့်တော်သလို ထုချေရှင်းလင်းမည်ဆိုသည်မှာ အခြေအနေများ၊ ပြစ်တင်ဝေဖန် သွေးထိုးသူနှင့် သူ၏ရည်ရွယ်ချက်တို့အပေါ်မူတည်သည်။” အချို့ ကိစ္စများတွင် အဆိုးမြင်သောသတင်းများကို လျစ်လျူရှုခြင်းသည်အကောင်းဆုံးဖြစ်နိုင်၏။ သို့မှသာ လိမ်လည်မှုများကို ထပ်၍လူသိရှင်ကြားမဖြစ်စေပါ။
၁၇ အခြားကိစ္စများနှင့်ပတ်သက်၍မူကား “စကားပြောရသောအချိန်” ဖြစ်ပေမည်။ ယုံကြည်စိတ်ချထိုက်သောသတင်းစာဆရာ သို့မဟုတ် သတင်းထောက်တစ်ဦးသည် ယေဟောဝါသက်သေများအကြောင်း တလွဲသတင်းပေးခံခဲ့ရာ ကျွန်ုပ်တို့အကြောင်း အမှန်အကန်ကိုသိလိုပေမည်။ (“တလွဲတင်ပြခြင်းကိုထုချေခြင်း” လေးထောင့်ကွက်ရှု။) သတင်းဖြန့်ချိရေးမှဖြန့်သည့် အဆိုးမြင်သောသတင်းများသည် ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းကို ဟန့်တားသည့်စိတ်စွန်းကွက်မှုဖြစ်စေမည်ဆိုလျှင် ကင်းမျှော်စင်အသင်း၏ဌာနခွဲရုံးမှ ကိုယ်စားလှယ်များသည် သင့်လျော်သောနည်းများဖြင့် အမှန်တရားကိုခုခံကာကွယ်ပေးရန် အစပြုဆောင်ရွက်ပေမည်။b ဥပမာ၊ အရည်အချင်းပြည့်မီသောအကြီးအကဲများသည် တီဗွီအစီအစဉ်တွင်ကဲ့သို့ အဖြစ်မှန်များကိုတင်ပြဖို့ တာဝန်ပေးအပ်ခံရပေမည်။ ဤသို့မတင်ပြလျှင် ယေဟောဝါသက်သေများ၌ ထုချေရှင်းလင်းချက်မရှိဟု ထင်မှတ်သွားနိုင်သည်။ အဆိုပါကိစ္စများ၌ သက်သေခံတိုင်းသည် ကင်းမျှော်စင်အသင်းနှင့် ယင်းကိုကိုယ်စားပြုသူများ၏လမ်းညွှန်မှုကို ပညာရှိစွာပူးပေါင်းဆောင်ရွက်ကြသည်။—ဟေဗြဲ ၁၃:၁၇။
သတင်းကောင်းကို ဥပဒေအရ ခုခံကာကွယ်ခြင်း
၁၈။ (က) ဟောပြောရန်အတွက် လူ့မင်းများ၏ခွင့်ပြုချက်ကို ကျွန်ုပ်တို့အဘယ်ကြောင့်မလိုအပ်ကြသနည်း။ (ခ) ဟောပြောခွင့်မရရှိသည့်အခါ အဘယ်လမ်းစဉ်ကို ကျွန်ုပ်တို့လိုက်လျှောက်ကြသနည်း။
၁၈ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရန်အခွင့်အာဏာသည် ကောင်းကင်မှသက်ရောက်သည်။ ဤလုပ်ငန်းကိုလုပ်ဆောင်ရန် ကျွန်ုပ်တို့အားတာဝန်ပေးသော ယေရှုသည် ‘ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သောအခွင့်အာဏာရှိသမျှတို့’ ကိုပေးအပ်ခြင်းခံခဲ့ရ၏။ (မဿဲ ၂၈:၁၈-၂၀; ဖိလိပ္ပိ ၂:၉-၁၁) ထို့ကြောင့် ကျွန်ုပ်တို့သည် ဟောပြောရန် လူ့မင်းများ၏ခွင့်ပြုချက် မလိုအပ်ချေ။ သို့တိုင် ဘာသာရေးလွတ်လပ်မှုရရှိခြင်းသည် ဘုရားသခင့်နိုင်ငံတော်သတင်းတရား ကျယ်ပြန့်စေရေးအတွက်ဖြစ်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုကြသည်။ ကျွန်ုပ်တို့၏ဝတ်ပြုရေးကို လွတ်လပ်စွာပြုနိုင်သောနိုင်ငံဒေသများတွင် ယင်းလွတ်လပ်မှုကိုကာကွယ်ရန် တရားရေးစနစ်များကို ကျွန်ုပ်တို့အသုံးပြုကြပါမည်။ ထိုသို့သောလွတ်လပ်မှုမျိုးမရရှိသောနေရာတွင် ကျွန်ုပ်တို့သည် ဥပဒေဘောင်အတွင်း ယင်းလွတ်လပ်မှုကိုရရှိဖို့ကြိုးပမ်းကြပါမည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ လူမှုရေးပြုပြင်မှုမဟုတ်ဘဲ “ဧဝံဂေလိတရားဘက်၌သက်သေခံ၍ ထိုတရားကိုတည်စေ” ရန်ဖြစ်သည်။c—ဖိလိပ္ပိ ၁:၇။
၁၉။ (က) ‘ဘုရားသခင်၏ဥစ္စာကိုဘုရားသခင်အားဆက်ပေးခြင်း’ ၏ရလဒ်ကား အဘယ်အရာဖြစ်နိုင်သနည်း။ (ခ) အဘယ်အရာကိုလုပ်ဆောင်ရန် ကျွန်ုပ်တို့ဆုံးဖြတ်သနည်း။
၁၉ ယေဟောဝါသက်သေများအနေဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါအား စကြဝဠာပိုင်သအုပ်စိုးရှင်အဖြစ် အသိအမှတ်ပြုကြသည်။ ကိုယ်တော့်ဥပဒေသည် အမြင့်မြတ်ဆုံးဖြစ်၏။ ကျွန်ုပ်တို့သည် လူ့အစိုးရများကိုတာဝန်သိသိနာခံကာ “ကဲသာဘုရင်၏ဥစ္စာများကို ကဲသာဘုရင်အားဆက်ပေး” ကြသည်။ သို့သော် ကျွန်ုပ်တို့သည် ထိုထက်များစွာအရေးကြီးသောတာဝန်ဖြစ်သည့် “ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြ” ခြင်းကို အဘယ်အရာမျှဟန့်တားဖို့ ခွင့်ပြုနိုင်မည်မဟုတ်ချေ။ (မဿဲ ၂၂:၂၁) ထိုသို့လုပ်ဆောင်ခြင်းကြောင့် လူမျိုးတို့၏ ‘အမုန်းခံခဲ့ကြရ’ မည်ဖြစ်ကြောင်း ကျွန်ုပ်တို့အပြည့်အဝနားလည်ထားကြသော်လည်း တပည့်ဖြစ်ခြင်း၏အကုန်အကျအဖြစ် ယင်းကိုကျွန်ုပ်တို့သဘောထားကြပါသည်။ ၂၀ ရာစုရှိယေဟောဝါသက်သေများ၏ တရားရေးမှတ်တမ်းက ယုံကြည်ခြင်းကိုခုခံကာကွယ်ရန် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်အတွက် အထောက်အထားတစ်ရပ်ဖြစ်သည်။ ယေဟောဝါ၏ကျောထောက်နောက်ခံမစမှုဖြင့် ကျွန်ုပ်တို့သည် ဆက်လက်၍ “ဧဝံဂေလိတရားကို မပြတ်ဟောပြော” နေကြပါလိမ့်မည်။—တမန်တော် ၅:၄၂။
[အောက်ခြေမှတ်ချက်များ]
a ဂျူးအတိုက်အခံသမားများသည် “သူတို့အကျွမ်းတဝင်ဖြစ်သော [တစ်ပါးအမျိုးသားများ] ထံတမင်သွားပြီး ခရစ်ယာန်ဘာသာတရားကို အထင်သေးစေရုံမက အထင်မှားစေရန် အစွမ်းကုန်ဉာဏ်ဆင်ပြီး အပုပ်ချပြောဆိုခဲ့ကြသည်” ဟုမက်သယူးဟင်နရီ၏ သမ္မာကျမ်းစာတစ်အုပ်လုံးရှင်းလင်းချက်ကရှင်းပြသည်။
b ရုရှားသတင်းစာ (စာပိုဒ် ၁၅ တွင်ဖော်ပြထား) တစ်ခုတွင် အထက်ပါသွားပုပ်လေလွင့်ဆောင်းပါးကိုထုတ်ဝေပြီးနောက် ယေဟောဝါသက်သေများသည် အဆိုပါဆောင်းပါးတွင်ဖော်ပြထားသော မဟုတ်မမှန်စွဲချက်များကို ပြန်လည်သုံးသပ်ပေးရန် လူထုဆက်သွယ်ရေးအငြင်းပွားမှုများဆိုင်ရာရုရှားတရားရေးလွှတ်တော်အဖွဲ့သို့ အယူခံဝင်ခဲ့ကြသည်။ မကြာမီက တရားရုံးသည် ထိုအသရေဖျက်သောဆောင်းပါးကိုပုံနှိပ်ခဲ့ခြင်းကြောင့် ၎င်းသတင်းစာကို အပြင်းအထန်ပြစ်တင်ဆုံးမသည့် စီရင်ချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့သည်။—၁၉၉၈ နိုဝင်ဘာ ၂၂၊ နိုးလော့! [လိပ်] စာမျက်နှာ ၂၆-၇ ရှု။
c စာမျက်နှာ ၁၉-၂၂ ပါ “သတင်းကောင်းကိုဥပဒေအရကာကွယ်ခြင်း” ဆောင်းပါးကိုရှု။
သင်မှတ်မိသလော
◻ ယေဟောဝါသက်သေများသည် အဘယ်ကြောင့် ‘အမုန်းခံခဲ့ကြရ’ ကြသနည်း။
◻ ကျွန်ုပ်တို့၏ဘာသာရေးယုံကြည်ချက်များကို မခံယူသူတို့အား မည်သို့သဘောထားသင့်သနည်း။
◻ အတိုက်အခံပြုသူများနှင့်ဆက်ဆံရာတွင် အဘယ်မျှတသောစံနမူနာကို ယေရှုချမှတ်ခဲ့သနည်း။
◻ ကျွန်ုပ်တို့အပြစ်တင်ရှုတ်ချခံရသောအခါ “တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်ရှိ၏” ဟူသောမူကို မည်သို့ကျင့်သုံးနိုင်သနည်း။
[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]
တလွဲတင်ပြခြင်းကို ထုချေခြင်း
“ဘိုလီးဗီးယားနိုင်ငံ၊ ယာကွေဗာမြို့တွင် ဒေသခံဧဝံဂေလိအုပ်စုတစ်ခုသည် အယူဖောက်ပြန်သူများထုတ်ဝေပုံရသည့် ရုပ်ရှင်တစ်ခုကိုရုပ်မြင်သံကြားဌာနတစ်ခုမှ တင်ဆက်ရန်စီစဉ်ခဲ့သည်။ ထိုအစီအစဉ်၏ ဆိုးကျိုးများကိုထောက်ရှု၍ အကြီးအကဲများသည် ရုပ်မြင်သံကြားဌာနနှစ်ခုသို့သွားပြီး ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်းနှင့် သမ္မာကျမ်းစာ—ဖြစ်ရပ်မှန်နှင့်ပရောဖက်ပြုချက်စာအုပ်ဟူသော ဗီဒီယိုခွေများကို ပြသခပေးမည်ဖြစ်ကာ လူထုအားပြသပေးဖို့ထိုအသံလွှင့်ဌာနများကို စကားကမ်းလှမ်းခဲ့ကြသည်။ အသင်းမ၏ဗီဒီယိုခွေများကိုကြည့်ရှုပြီးနောက် အသံလွှင့်ဌာနတစ်ခု၏ပိုင်ရှင်သည် အယူဖောက်ပြန်သူများ၏အစီအစဉ်ပါ တလွဲတင်ပြမှုများကို ခံပြင်းဒေါသထွက်ကာ ယေဟောဝါသက်သေများကျင်းပမည့် ခရိုင်စည်းဝေးကြီးအကြောင်းကို အခမဲ့ကြော်ငြာပေးမည်ဟု စကားကမ်းလှမ်းခဲ့သည်။ သို့ဖြစ်၍ တက်ရောက်သူအရေအတွက်သည် ထူးထူးခြားခြားများပြားခဲ့ပြီး စိတ်နှလုံးရိုးဖြောင့်သူများစွာသည် ခရစ်ယာန်ဓမ္မအမှုဆောင်စဉ် လည်ပတ်ရောက်ရှိလာသော သက်သေခံများကို စိတ်ရင်းမှန်ဖြင့် မေးခွန်းများစတင်မေးမြန်းခဲ့ကြသည်။—ယေဟောဝါသက်သေများ၏ ၁၉၉၇ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၆၁-၂။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
တစ်ခါက ယေရှုသည် မိမိအားပြစ်တင်ဝေဖန်သူများ၏ မဟုတ်မမှန်စွပ်စွဲချက်များကို ပွင့်လင်းစွာ ထုချေခဲ့