ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၃/၁၅ စာ. ၂၁-၂၃
  • စိုးရိမ်ပူပန်မှု၏အလွှမ်းမိုးမခံပါနှင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိုးရိမ်ပူပန်မှု၏အလွှမ်းမိုးမခံပါနှင့်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စည်းခြားထားရမည့်နေရာ
  • ဖာရောရှေ့မှောက်ရောက် မောရှေ
  • သင့်အတွေးအခေါ်များကို ထိန်းချုပ်ခြင်း
  • အကူအညီရနိုင်
  • “ဘုရားသခင်ကိုမျှော်လင့်လျက်နေလော့”
  • သင်တို့၏ စိုးရိမ်မှုရှိသမျှတို့ကို ယေဟောဝါ၌ အပ်နှံကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • စိုးရိမ်စရာ ရှိသမျှကို ယေဟောဝါဆီ ပုံအပ်ထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အမျိုးသားတွေရဲ့ စိုးရိမ်ပူပန်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
  • စိုးရိမ်ပူပန်စိတ်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်မလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၃/၁၅ စာ. ၂၁-၂၃

စိုးရိမ်ပူပန်မှု၏အလွှမ်းမိုးမခံပါနှင့်

“နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယနေ့ဖို့လောက်ပေ၏။” (မဿဲ ၆:၃၄) ယေရှုခရစ်ပေးသော ယင်းသွန်သင်ချက်သည် ပြေးရလွှားရနှင့် ဖိစီးမှုများသည့် ယနေ့လူ့ဘောင်တွင် အသက်ရှင်နေကြသော ကျွန်ုပ်တို့အားလုံးအတွက် အမှန်ပင်လက်တွေ့ကျလှသည်။

သို့သော် ကျွန်ုပ်တို့၏ပြဿနာများ၊ ဆုံးဖြတ်ချက်များ၊ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ မစိုးရိမ်ဖို့ဟူသည် ဧကန်အမှန် ဖြစ်နိုင်ပါသလော။ သန်းနှင့်ချီသောလူတို့သည် စိတ်ဓာတ်ကျ၊ ပူပင်သောကရောက်ပြီး ဝန်ပိနေကြ၏။ ယင်းကြောင့် ဖြေသိမ့်ဆေးများနှင့် စိတ်ငြိမ်ဆေးများသည် ဒေါ်လာသန်းပေါင်းများစွာချီသော စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်နေသည်။

စည်းခြားထားရမည့်နေရာ

အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ ကျွန်ုပ်တို့၏တာဝန်ဝတ္တရားများ၊ ဆုံးဖြတ်ချက်များနှင့် ပြဿနာများအတွက် အစီအစဉ်ဆွဲပြီးပြင်ဆင်ဖို့လိုသည်။ မည်သည့်အရေးပါသောအလုပ်ကိုမဆို မစတင်မီ ‘ထိုင်၍ ကုန်ကျစရိတ်ကိုတွက်’ ရန်သမ္မာကျမ်းစာက ကျွန်ုပ်တို့အား တိုက်တွန်းထားသည်။ (လုကာ ၁၄:၂၈-၃၀) ယင်းတွင် ရွေးချယ်စရာများကိုချင့်ချိန်ခြင်း၊ ထွက်ပေါ်လာနိုင်ဖွယ်ရှိသည့် အကျိုးဆက်များကိုဆန်းစစ်ခြင်းနှင့် ကုန်ကျသည့်အချိန်၊ ခွန်အားနှင့် ငွေတို့ဖြင့်အကဲဖြတ်ခြင်းတို့ပါဝင်သည်။

လူတစ်ဦးသည် ဖြစ်နိုင်ဖွယ်ရှိသည့်အရာကို ဂရုတစိုက်သုံးသပ်သင့်သော်လည်း ဖြစ်တန်ရာသည့်ကိစ္စမှန်သမျှကို ကြိုးစားတွေးတောဖို့ဆိုသည်မှာ ဖြစ်လည်းမဖြစ်နိုင်၊ တည်ဆောက်မှုလည်းမပေးချေ။ ဥပမာ၊ မိသားစုအကျိုးစီးပွားလုံခြုံရေးအတွက် အကယ်၍မတော်တဆအိမ်မီးလောင်လျှင် မည်သို့လုပ်ရမည်ကို သုံးသပ်ပေမည်။ မီးလှန့်အချက်ပေးကိရိယာများနှင့် မီးသတ်ဘူးများကို ဝယ်ယူပြီးတပ်ဆင်ထားပေမည်။ အိမ်၏လေးဘက်လေးတန်မှ မလွယ်ပေါက်များကိုစီစဉ်ပြီး အစမ်းလေ့ကျင့်ပေမည်။ သို့သော် အဘယ်အချိန်တွင် ချင့်ချိန်တတ်သော၊ လက်တွေ့ကျသောစီစဉ်မှုသည် အဆုံးတိုင်ပြီး လွန်ကဲသော မလျောက်ပတ်သည့်စိုးရိမ်ပူပန်မှုအစပြုသနည်း။ အများစုသည် အချည်းနှီးသောစိတ်ကူးဖြစ်နိုင်သော မကုန်ခန်းနိုင်သော အခြေအနေအရပ်ရပ်အပေါ် မဆုံးနိုင်အောင်တွေးတောသည့်အခါ အဆိုပါစိုးရိမ်ပူပန်မှုစတင်သည်။ ရတက်မအေးသည့်အတွေးများသည် သင့်အားလွှမ်းမိုးနိုင်ရာ တစ်ခုခုကိုလျစ်လျူရှုမိ သို့မဟုတ် သင့်မိသားစုအတွက် ကာကွယ်မှုကောင်းစွာမလုပ်မိဟု သင့်ကိုယူမှတ်စေသည်။ မိမိဘာသာဖန်တီးသော ဤခံစားမှုသည် သင်အိပ်၍မရလောက်အောင် စိတ်ဖိစီးမှုဖြစ်စေနိုင်သည်။

ဖာရောရှေ့မှောက်ရောက် မောရှေ

ယေဟောဝါဘုရားသခင်သည် ပရောဖက်မောရှေကို ခက်ခဲသောတာဝန်တစ်ခုပေးအပ်ခဲ့သည်။ ပထမတွင် မောရှေသည် ဣသရေလလူများထံသွားပြီး အီဂျစ်ပြည်မှ သူတို့ကိုဦးဆောင်ခေါ်ထုတ်သွားဖို့ မိမိအားယေဟောဝါခန့်အပ်ကြောင်း ယုံကြည်စိတ်ချစေသည်။ ပြီးလျှင် မောရှေသည် ဖာရောရှေ့မှောက်သွားပြီး ဣသရေလလူများအား ထွက်သွားခွင့်ပေးရန် တောင်းဆိုခဲ့သည်။ နောက်ဆုံးတွင် မောရှေသည် သန်းနှင့်ချီသောလူများကို တောကန္တာရမှဖြတ်၍ ရန်လိုသူများနေထိုင်သည့်ပြည်တော်ကို ဦးစီး၍ခေါ်ဆောင်ခဲ့ရသည်။ (ထွက်မြောက်ရာ ၃:၁-၁၀) ဤအရာအားလုံးသည် အလွန်ကြောက်ရွံ့ထိတ်လန့်စရာဖြစ်နိုင်ခဲ့သော်လည်း မောရှေသည် ယင်းတာဝန်ကို အလွန်အကျွံစိုးရိမ်ပူပန်စိတ်ဝင်ခွင့်ပြုခဲ့ပါသလော။

မောရှေသည် တချို့သောကိစ္စများနှင့်ပတ်သက်၍ စိုးရိမ်ခဲ့သည်မှာထင်ရှား၏။ သူသည် ယေဟောဝါထံ ဤသို့မေးမြန်းခဲ့သည်– “အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ရှိရာသို့ရောက်၍၊ ‘သင်တို့ဘိုးဘေးများ၏ဘုရားသခင်သည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီ’ ဟုအကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ‘ထိုဘုရားသခင်၏နာမတော်ကား အဘယ်သို့နည်း’ ဟုအကျွန်ုပ်ကိုပြန်၍မေးသောအခါ၊ အဘယ်သို့ပြန်ပြောရပါမည်နည်း။” သူ့ကို ယေဟောဝါအဖြေပေးခဲ့၏။ (ထွက်မြောက်ရာ ၃:၁၃၊ ၁၄) ဖာရောသည် သူ့ကိုမယုံကြည်ဘဲငြင်းဆန်ခဲ့လျှင် ဘာဖြစ်မည်ကိုလည်း စိုးရိမ်ခဲ့သည်။ တစ်ဖန် ယေဟောဝါသည် ပရောဖက်ကိုဖြေကြားပေးခဲ့ပြန်သည်။ နောက်ဆုံးပြဿနာတစ်ခုမှာ မောရှေက “အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ” ဟုဝန်ခံခဲ့ခြင်းဖြစ်သည်။ ယင်းကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။ ယေဟောဝါသည် မောရှေအတွက် စကားပြောပေးရန် အာရုန်ကိုစီစဉ်ပေးခဲ့သည်။—ထွက်မြောက်ရာ ၄:၁-၅၊ ၁၀-၁၆။

သူ၏မေးခွန်းများအတွက် အဖြေများနှင့် ဘုရားသခင်ကိုယုံကြည်ရန် ပြင်ဆင်ပေးခဲ့ရာ ယေဟောဝါမိန့်တော်မူသည့်အတိုင်း မောရှေဆက်လုပ်ဆောင်ခဲ့သည်။ မောရှေသည် ဖာရောကိုရင်ဆိုင်သောအခါ ဘာဖြစ်မည်ကိုတွေးပူထိတ်လန့်ကာ စိတ်ဆင်းရဲနေမည့်အစား “မိန့်တော်မူသမျှအတိုင်း ပြု” ခဲ့သည်။ (ထွက်မြောက်ရာ ၇:၆) သူသည် စိုးရိမ်ပူပန်မှုများကို လွှမ်းမိုးခွင့်ပြုခဲ့မည်ဆိုလျှင် ယင်းအရာများက သူ၏တာဝန်များကိုထမ်းဆောင်ရန် လိုအပ်သည့်ယုံကြည်မှုနှင့် ရဲရင့်မှုတို့ကိုကောင်းစွာလျော့သွားစေနိုင်သည်။

မိမိ၏တာဝန်ကိုကိုင်တွယ်ဖြေရှင်းရာတွင် မောရှေ၏မျှတသောနည်းသည် ပုံသက်သေတစ်ရပ်ဖြစ်ရာ ယင်းကို တမန်တော်ပေါလုက “သမ္မာသတိရှိသောစိတ်” ဟုခေါ်ခဲ့သည်။ (၂ တိမောသေ ၁:၇၊ သမ; တိတု ၂:၂-၆၊ သမ) မောရှေသည် သမ္မာသတိစိတ်ဓာတ်ကိုမကျင့်သုံးခဲ့လျှင် လက်မခံနိုင်စရာအကြောင်းရှိခဲ့သည့်တာဝန်ကြီးကြောင့် လွယ်လွယ်နှင့် အကြီးအကျယ်စိတ်ဖိစီးမှုခံရနိုင်သည်။

သင့်အတွေးအခေါ်များကို ထိန်းချုပ်ခြင်း

သင့်နေ့စဉ်အသက်တာတွင် ယုံကြည်ခြင်းစမ်းသပ်မှုများ သို့မဟုတ် စုံစမ်းနှောင့်ယှက်မှုများရင်ဆိုင်ရသောအခါ မည်သို့တုံ့ပြန်သနည်း။ ရှေ့တွင်အတားအဆီးများနှင့်စိန်ခေါ်ချက်များ ဘွားကနဲပေါ်လာလေမည်လားဟုတွေးမိရုံဖြင့် ထိတ်လန့်ချင်နေသလော။ သို့မဟုတ် ယင်းတို့ကိုဟန်ချက်ညီညီဖြင့် ရှုမြင်သလော။ လူတချို့က ‘တံတားကိုမရောက်မီ မဖြတ်ပါနှင့်’ ဟုဆိုကြပေမည်။ မည်သို့ပင်ဆိုစေ စိတ်ကူးယဉ်တံတားကိုဖြတ်စရာမလိုချေ။ ဘယ်တော့မှဖြစ်မည်မဟုတ်သည့် အရာတစ်ခုခုကြောင့် ပူပင်ရသလော။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “စိုးရိမ်ကြောင့်ကြခြင်းသည် ညှိုးငယ်စေတတ်၏။” (သု. ၁၂:၂၅၊ သမ္မာ) ရလဒ်အနေဖြင့် ဆုံးဖြတ်ချက်ချရာတွင် ဆုတ်ဆိုင်းစေတတ်ပြီး အချိန်နှောင်းသွားသည်အထိ ရွှေ့ဆိုင်းစေတတ်သည်။

ပို၍အရေးကြီးသည်မှာ ဝိညာဉ်ရေးကိုထိခိုက်စေသည့် မလျောက်ပတ်သောစိုးရိမ်ပူပန်မှုဖြစ်သည်။ “နိုင်ငံတော်တရားစကား” အားလေးမြတ်မှုသည် လှည့်စားတတ်သောလောကစည်းစိမ်နှင့် “လောကီအမှု၌စိုးရိမ်ခြင်း” တို့ကြောင့် လုံးဝပျောက်သွားစေနိုင်ကြောင်း ယေရှုကဖော်ပြခဲ့သည်။ (မဿဲ ၁၃:၁၉၊ ၂၂) ဆူးများသည် ပျိုးပင်များ၏ ကြီးထွားသီးပွင့်မှုကို တားဆီးနိုင်သကဲ့သို့ ထိန်းချုပ်မရသည့်စိုးရိမ်ပူပန်မှုသည် ဝိညာဉ်ရေးတိုးတက်မှုနှင့် ဘုရားသခင်အား ချီးမွမ်းခြင်းအသီးသီးပွင့်မှုကို အတားအဆီးဖြစ်စေနိုင်သည်။။ ကိုယ့်ကိုယ်ကိုဒဏ်သင့်စေသော အဖျက်သောကသည် တချို့ကို ယေဟောဝါထံကိုယ့်ကိုယ်ကိုဆက်ကပ်အပ်နှံခြင်းမှ ဟန့်တားစေခဲ့ပြီ။ ‘ကျွန်တော့်ဆက်ကပ်အပ်နှံမှုနဲ့အညီ မနေနိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ’ ဟုသူတို့စိုးရိမ်ကြသည်။

တမန်တော်ပေါလုက ကျွန်ုပ်တို့သည် ဝိညာဉ်ရေးစစ်ပွဲတွင် “ခပ်သိမ်းသောစိတ်တို့ကို ဖမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်” ရန်ကြိုးစားနေကြကြောင်း ပြောပြသည်။ (၂ ကောရိန္သု ၁၀:၅) ကျွန်ုပ်တို့၏အဓိကရန်သူကြီး စာတန်သည် ကျွန်ုပ်တို့၏စိုးရိမ်ပူန်မှုများကို အခွင့်ကောင်းယူကာ ကျွန်ုပ်တို့အား စိတ်ဓာတ်ကျစေပြီး ကာယရေး၊ စိတ္တရေးနှင့် ဝိညာဉ်ရေးတို့တွင် အားပျော့သွားစေရန်လုပ်ဖို့ အလွန်လိုလား၏။ သူသည် သတိမမူဘဲအငိုက်ဖမ်းရန် သံသယများကိုအသုံးပြုရာ၌ ကျွမ်းကျင်လှသည်။ ထို့ကြောင့်လည်း ပေါလုက “[စာတန်] ကိုအခွင့်မပေးကြ” ရန်ခရစ်ယာန်များကို သတိပေးခဲ့ရခြင်းဖြစ်သည်။ (ဧဖက် ၄:၂၇) “ဤလောကကိုအစိုးရသောဘုရား” အနေနှင့်စာတန်သည် “သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ” ရာတွင် အောင်မြင်လျက်ရှိ၏။ (၂ ကောရိန္သု ၄:၄) ကျွန်ုပ်တို့၏စိတ်ကို သူ့အား ဘယ်တော့မျှထိန်းချုပ်ခွင့်မပေးမိပါစေနှင့်!

အကူအညီရနိုင်

ပြဿနာများရင်ဆိုင်ရသောအခါ ကလေးငယ်တစ်ဦးသည် မေတ္တာပြည့်ဝသောဖခင်တစ်ဦးထံသွားပြီး လမ်းညွှန်မှုနှင့်နှစ်သိမ့်မှုကိုရယူနိုင်သည်။ အလားတူ ကျွန်ုပ်တို့၏ပြဿနာများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ယေဟောဝါထံချဉ်းကပ်နိုင်၏။ ယေဟောဝါသည် ကျွန်ုပ်တို့၏ဝန်များနှင့် စိုးရိမ်ပူပန်မှုများကို ကိုယ်တော့်အပေါ်တင်ရန် ဖိတ်ခေါ်တော်မူသည်။ (ဆာလံ ၅၅:၂၂) ဖခင်ထံမှအာမခံချက်များရရှိပြီးနောက် သူ၏ ပြဿနာနှင့်ပတ်သက်၍ စိုးရိမ်မှုမရှိတော့သည့် ကလေးငယ်တစ်ဦးကဲ့သို့ ကျွန်ုပ်တို့၏ဝန်များကို ယေဟောဝါအပေါ်တင်ရုံမက ကိုယ်တော်ထံတွင် ယင်းတို့ကို အပ်ထားလိုက်သင့်သည်။—ယာကုပ် ၁:၆။

ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုများကို ယေဟောဝါအပေါ် မည်သို့တင်မည်နည်း။ ဖိလိပ္ပိ ၄:၆၊ ၇ ကဤသို့ဖြေဆိုထားသည်– “အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သောဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” ကျွန်ုပ်တို့၏စွဲမြဲသော ဆုတောင်းချက်များနှင့် အသနားခံချက်များကိုတုံ့ပြန်ခြင်းဖြင့် မလိုလားအပ်သောစိုးရိမ်ပူပန်မှုများ၏နှောင့်ယှက်မှုကိုခံရခြင်းမှ ကျွန်ုပ်တို့၏စိတ်ကိုကာကွယ်ပေးသည့် အတွင်းပိုင်းငြိမ်သက်မှုကို ယေဟောဝါပေးနိုင်သည်။—ယေရမိ ၁၇:၇၊ ၈; မဿဲ ၆:၂၅-၃၄။

သို့သော် ကျွန်ုပ်တို့၏ဆုတောင်းချက်များနှင့်အညီလုပ်ဆောင်ရန် ခန္ဓာကိုယ်အရဖြစ်စေ၊ စိတ္တအရဖြစ်စေ တသီးတခြားမနေသင့်ချေ။ (သု. ၁၈:၁) ယင်းအစား၊ ကျွန်ုပ်တို့၏ပြဿနာနှင့်ပတ်သက်၍ သမ္မာကျမ်းစာမူများနှင့်လမ်းညွှန်ချက်များကို ကောင်းစွာသုံးသပ်ကာ ကျွန်ုပ်တို့ကိုယ်ပိုင်သိရှိနားလည်မှုအပေါ် အားထားမှုကိုရှောင်သင့်သည်။ (သု. ၃:၅၊ ၆) လူကြီးလူငယ်မရွေး ဆုံးဖြတ်ချက်များချခြင်း၊ ပြဿနာများဖြေရှင်းခြင်းတို့နှင့်ပတ်သက်၍ အချက်အလက်များစွာအတွက် သမ္မာကျမ်းစာနှင့် ကင်းမျှော်စင်စာအုပ်စာပေများကို အားထားနိုင်သည်။ ထို့အပြင် ခရစ်ယာန်အသင်းတော်တွင် ကျွန်ုပ်တို့အားပြောဆိုဖို့အမြဲလိုလားသည့် ပညာရှိပြီးအတွေ့အကြုံရင့်ကျက်သော အကြီးအကဲများနှင့် အခြားရင့်ကျက်သော ခရစ်ယာန်များဖြင့် ကောင်းချီးရရှိထားကြသည်။ (သု. ၁၁:၁၄; ၁၅:၂၂) ကျွန်ုပ်တို့၏ပြဿနာများတွင် စိတ်လှုပ်ရှားမှုဆိုင်ရာမဆက်နွှယ်နေသူများနှင့် ကိစ္စရပ်တစ်ခုအပေါ် ဘုရားသခင့်စိတ်သဘောရှိသူတို့သည် ကျွန်ုပ်တို့၏ပြဿနာများကို ခြားနားသောရှုထောင့်မှကြည့်မြင်ရန် ကူညီပေးနိုင်ကြသည်။ သူတို့သည် ကျွန်ုပ်တို့အတွက် ဆုံးဖြတ်ချက်များချပေးမည်မဟုတ်သော်လည်း အားပေးမှုနှင့်ထောက်မမှု၏ကြီးမားသောရင်းမြစ်ဖြစ်နိုင်ကြသည်။

“ဘုရားသခင်ကိုမျှော်လင့်လျက်နေလော့”

စိတ်ကူးထဲမှစိတ်ဖိစီးမှုများကိုတွေးပူကာထပ်မဆင့်ဘဲ နေ့စဉ် ကျွန်ုပ်တို့၏ပြဿနာများကိုကိုင်တွယ်ရာတွင် စိတ်ဖိစီးမှုများလှပြီဖြစ်ကြောင်း မည်သူမျှမငြင်းသာပေ။ ဘာဖြစ်မည်ကိုစိုးရိမ်ပူပန်ခြင်းသည် သောကရောက်စေကာ မသက်မသာခံစားနေရမည်ဆိုလျှင် ဆုတောင်းအသနားခံခြင်းဖြင့် ယေဟောဝါထံဦးလှည့်ကြစို့။ လမ်းညွှန်မှု၊ ဉာဏ်ပညာနှင့် သမ္မာသတိရှိသောစိတ်တို့အတွက် ကိုယ်တော့်နှုတ်မြွက်စကားတော်နှင့် အဖွဲ့အစည်းကိုမျှော်ကိုးကြစို့။ ကျွန်ုပ်တို့သည် မည်သည့်အခြေအနေကိုပင်ရင်ဆိုင်ရပါစေ ယင်းကိုဖြေရှင်းရန် အကူအညီရရှိနိုင်ပါသည်။

ဝန်ပိပြီး စိတ်လှုပ်ရှားသည့်ခံစားချက်ကို ဆာလံဆရာက ဤသို့သီဆိုခဲ့သည်– “အို ငါ့ဝိညာဉ်၊ သင်သည်အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကို မျှော်လင့်လျက်နေလော့။ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သောဘုရားသခင်၏ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုရလေအံ့သတည်း။” (ဆာလံ ၄၂:၁၁) ယင်းတို့သည် ကျွန်ုပ်တို့၏စိတ်ခံစားမှုဖြစ်ပါစေ။

မှန်ပါသည်၊ ကျိုးကြောင်းညီစွာ မျှော်လင့်နိုင်စရာအတွက် အစီအစဉ်ရေးဆွဲပြီး၊ မမျှော်လင့်ရာတို့ကို ယေဟောဝါထံလွှဲအပ်ထားကြစို့။ “သင်တို့ကိုသတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့။”—၁ ပေတရု ၅:၇။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဒါဝိဒ်ကဲ့သို့ သင့်ဝန်များနှင့်စိုးရိမ်ပူပန်မှုများကိုယေဟောဝါအပေါ်တင်ထားသလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ