ယေဟောဝါ၌ ယုံစားလော့!
“သင်၏နှလုံးရှိသမျှဖြင့် ယေဟောဝါ၌ ယုံစားလော့။”—သု. ၃:၅၊ ကဘ။
၁ သု. ၃:၅ သည် လူငယ်တစ်ဦး စွဲမှတ်စရာ မည်သို့ဖြစ်ခဲ့သနည်း။ အဘယ်ရေရှည်အကျိုး ပေးခဲ့သနည်း။
ရှေ့မီနောက်မီ သာသနာပြုတစ်ဦး ဤသို့ရေးသားခဲ့သည်– “‘ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ယုံစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။’ ထိုသမ္မာကျမ်းစကားကို ကျွန်တော်အလည်ရောက်ခဲ့သောအိမ်တစ်အိမ်တွင် နံရံပေါ် မှန်ဘောင်သွင်း ချိတ်ဆွဲထားသည်ကို သတိပြုမိသည်။ တစ်နေ့လုံး ယင်းစကားများကို စဉ်းစားနေမိသည်။ ကျွန်တော်ဘုရားသခင်၌ စိတ်နှလုံးအကြွင်းမဲ့ယုံစားနိုင်မည်လောဟု ကိုယ့်ကိုယ်ကို မေးမြန်းခဲ့သည်။” ဤသူသည် ထိုစဉ်က ၂၁ နှစ်သာရှိသေးသည်။ ယခု အသက် ၉၀ ရှိနေ၍ ဩစတြေးလျားနိုင်ငံ၊ ပါသ်မြို့တွင် အကြီးအကဲတစ်ဦးအဖြစ် သစ္စာရှိစွာအမှုထမ်းနေဆဲရှိရာ သူသည် သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာ)၊ ဗမာပြည် (ယခု မြန်မာ)၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယနှင့် ပါကစ္စတန်တို့တွင် သာသနာပြုလုပ်ငန်းကို ရှေ့ဆောင်လမ်းပြခဲ့သည့် ခဲယဉ်းကြမ်းတမ်းသော ၂၆ နှစ်တာကာလအတွင်း ယေဟောဝါ၌ နှလုံးအကြွင်းမဲ့ ယုံစားခဲ့ခြင်းအကျိုးကျေးဇူးနှင့်ကြွယ်ဝခဲ့သောအသက်တာကိုပြန်ပြောင်းစဉ်းစားနိုင်ပါသည်။a
၂။ သု. ၃:၅ သည် ကျွန်ုပ်တို့တွင် အဘယ်ယုံကြည်စိတ်ချမှုကို တည်ဆောက်ပေးသင့်သနည်း။
၂ “သင်၏နှလုံးရှိသမျှဖြင့် ယေဟောဝါ၌ ယုံစားလော့”—ကမ္ဘာသစ်ဘာသာပြန်ကျမ်းအတိုင်း သု. ၃:၅ ပါ—ဤစကားများက ယေဟောဝါကို နှလုံးအကြွင်းမဲ့ မြတ်နိုးဝတ်ပြုနေရန် လှုံ့ဆော်တိုက်တွန်းပေးသင့်သည်။ တောင်များသဖွယ် ကြီးမားသော အဟန့်အတားများကိုပင် ကျော်လွှားနိုင်သည်အထိ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကိုယ်တော်သန်စွမ်းစေနိုင်ကြောင်း ယုံကြည်စိတ်ချစေသင့်သည်။ (မဿဲ ၁၇:၂၀) ယခု သု. ၃:၅ ၏ရှေ့နောက်စကားကို သုံးသပ်ကြည့်ကြစို့။
ဖခင်သဖွယ် သွန်သင်မှု
၃။ (က) နယပုံပြင်ကျမ်း၏ ပထမကိုးခန်းတွင် အဘယ်အားပေးချက် တွေ့ရှိရသနည်း။ (ခ) သု. ၃:၁၊ ၂ ကိုအဘယ်ကြောင့် အထူးဂရုစိုက်သင့်သနည်း။
၃ ကောင်းကင်တွင် သားအဖြစ်ကို ဝင်စားရန် မျှော်လင့်သူများ၊ သို့မဟုတ် ပရဒိသုကမ္ဘာပေါ် “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာ” ကိုခံစားလိုသူ အားလုံးအတွက် နယပုံပြင်ကျမ်းစာစောင်၏ ပထမကိုးခန်းတွင် ဖခင်သဖွယ်သွန်သင်ချက်များ၊ ယေဟောဝါထံတော်မှ ပညာရှိသြဝါဒများကို ဖော်ပြထားပါသည်။ (ရောမ ၈:၁၈-၂၁၊ ၂၃) သားသမီးများကို ပြုစုပျိုးထောင်ရေးတွင် မိဘများ အသုံးပြုနိုင်ရန် ပညာရှိသြဝါဒများဖြစ်ပါသည်။ “ငါ့သား ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံး စောင့်ရှောက်ပါစေ” ဟူသောသတိပေးချက်နှင့်စတင်သည့် နယပုံပြင် အခန်းကြီး ၃ ပါသြဝါဒသည် ထူးခြားထင်ရှားသည်။ စာတန့်ဆိုးသွမ်းသောလောကကြီး၏ နောက်ဆုံးကာလ ဇာတ်သိမ်းချိန်တွင် ယေဟောဝါ၏သတိပေးချက်များကို ပိုမိုဂရုစိုက်ကြစို့လေ။ လမ်းခရီး ရှည်လျားဟန်ရှိခဲ့မည်ဖြစ်သော်လည်း တည်ကြည်သူအားလုံးအား ပေးထားသောကတိတော်မှာ “အသက်တာရှည်သောကာလ နှစ်ပေါင်းများကိုလည်းကောင်း၊ ငြိမ်ဝပ်ခြင်းကိုလည်းကောင်း တိုးပွားစေလိမ့်မည်”—ယေဟောဝါ၏အစီအစဉ်သစ်တွင် ထာဝရအသက်ရလိမ့်မည်ဖြစ်သည်။—သု. ၃:၁၊ ၂။
၄၊ ၅။ (က) ယောဟန် ၅:၁၉၊ ၂၀ တွင် အဘယ်ပြေပြစ်သောဆက်ဆံရေးကို ဖော်ပြထားသနည်း။ (ခ) တရားဟောရာ ၁၁:၁၈-၂၁ ပါသြဝါဒသည် ကျွန်ုပ်တို့ခေတ်အထိနှင့် မည်သို့သက်ဆိုင်သနည်း။
၄ အဖေနှင့်သားစပ်ကြား ပြေပြစ်သောဆက်ဆံရေးရှိခြင်းသည် တန်ဖိုးအရှိဆုံးဖြစ်နိုင်ပါသည်။ ဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်သည် ယင်းသို့ဖြစ်စေရန် စီစဉ်ထားတော်မူသည်။ ယေဟောဝါနှင့် တရင်းတနှီးရှိသော ကိုယ်တော်တိုင်၏ဆက်ဆံရေးအကြောင်းကို ခရစ်တော်ယေရှုက ဤသို့ဆိုသည်– “ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်း ပြု၏။ ခမည်းတော်သည် သားတော်ကို ချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အား ပြတော်မူ၏။ သင်တို့သည် အံ့သြဖွယ်ရှိစေခြင်းငှာ ဤမျှမက သာ၍ ကြီးစွာသောအမှုအရာတို့ကို သားတော်အား ပြတော်မူလိမ့်မည်။” (ယောဟန် ၅:၁၉၊ ၂၀) ယေဟောဝါကိုယ်တော်တိုင်နှင့် ကမ္ဘာပေါ်ရှိ ကိုယ်တော်၏မိသားစုအားလုံးစပ်ကြားသာမက လူ့ဖခင်များနှင့် သူတို့၏သားသမီးများစပ်ကြားပါ ထပ်တူရင်းနှီးမှုမျိုးရှိစေရန် ကိုယ်တော် ရည်ရွယ်ထားတော်မူသည်။
၅ ရှေးဣသရေလနိုင်ငံတွင် အိမ်ထောင်တွင်း ယုံကြည်စိတ်ချသည့် ဆက်ဆံမှုမျိုးရှိရန် တိုက်တွန်းအားပေးထားသည်။ ထိုတွင် ယေဟောဝါက ဖခင်များအား ဤသို့မှာကြားသည်– “ငါဟောပြောသော ဤစကားကို စိတ်နှလုံး၌ သွင်းထား၍ လက်၌လက္ခဏာ သက်သေဖို့ရာလည်းကောင်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့လည်းကောင်း ချည်ထားရကြမည်။ ထိုစကားကို သင်တို့သည် အိမ်၌ ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထလျက်ရှိသည်ဖြစ်စေ ဟောပြော၍ သားသမီးတို့အား သွန်သင်ရကြမည်။ အိမ်တံခါး မြို့တံခါး၌လည်း ရေးထားရကြမည်။ သို့ပြုလျှင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ဘိုးဘေးတို့အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၌ သင်တို့အသက်၊ သားသမီးများ အသက်တာသည် ကောင်းကင်၌ အသက်တာရှည်သကဲ့သို့၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်။” (တရားဟောရာ ၁၁:၁၈-၂၁) မိဘနှင့်သားသမီးများသာမက ခရစ်ယာန်အသင်းတော်ရှိ ကိုယ်တော့်အမှုတော်ထမ်းသူ အားလုံးတို့ပါ ကိုယ်တော်နှင့် တရင်းတနှီးရှိစေရန် ကျွန်ုပ်တို့၏မြင့်မြတ်သောသွန်သင်သူ၊ ယေဟောဝါဘုရားသခင်၏ မှုတ်သွင်းခံ နှုတ်ကပါဌ်တော်က အမှန်ဆောင်ရွက်နိုင်ပါသည်။—ဟေရှာယ ၃၀:၂၀၊ ၂၁၊ သမ။
၆။ ဘုရားသခင်ရှေ့၊ လူရှေ့ မည်သို့မျက်နှာသာရနိုင်မည်နည်း။
၆ ဘုရားသခင့်လူမျိုးမှ သက်ကြီးသက်ငယ်တို့အတွက် ဖခင်သဖွယ်သောပညာရှိအကြံပြုချက်များကို နယပုံပြင်ကျမ်း အခန်းကြီး ၃ အငယ် ၃ နှင့် ၄ တွင်ဆက်တင်ပြထားပါသည်– “ကရုဏာတရား [ချစ်ခင်ကြင်နာခြင်း၊ ကဘ] နှင့် သစ္စာတရားကို သင်နှင့်မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ဆွဲထားလော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။ ထိုသို့ပြုလျှင် ဘုရားသခင့်ရှေ့၊ လူတို့ရှေ့ မှာ မျက်နှာရ၍ ကျေးဇူးကိုခံရလိမ့်မည်။” ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်လည်း ချစ်ခင်ကြင်နာခြင်းနှင့် သစ္စာတရားကို ထူးခြားစွာတင်ပြတော်မူသည်။ ဆာလံ ၂၅:၁၀ (ကဘ) ဆိုသည်အတိုင်း– “ယေဟောဝါ၏လမ်းခရီးရှိသမျှတို့သည် ချစ်ခင်ကြင်နာခြင်းနှင့် သစ္စာတရား ဖြစ်ကြသတည်း။” ယေဟောဝါကိုတုပသည့်အနေနှင့် ဤအရည်အချင်းများနှင့် ယင်း၏ ကာကွယ်နိုင်စွမ်းကို တန်ဖိုးထားသင့်သည်။ ယင်းတို့ကို တန်ဖိုးဖြတ်မရသည့် ဘယက်တမျှ မြတ်နိုးပြီး နှလုံးသားပေါ် စွဲမြဲစွာ အက္ခရာတင်ထားပါမည်။ သို့ဖြစ်၍ စိတ်ထန်သန်စွာ ဤသို့ဆုတောင်းနိုင်သည်– “အိုယေဟောဝါ . . . ကိုယ်တော်၏ချစ်ခင်ကြင်နာခြင်းနှင့် သစ္စာတရားသည် အကျွန်ုပ်ကို အစဉ်စောင့်ရှောက်ပါစေသော။”—ဆာလံ ၄၀:၁၁၊ ကဘ။
မြဲမြံသော ယုံစားမှု
၇။ ယေဟောဝါသည် ယုံကြည်ကိုးစားနိုင်သောအရှင် ဖြစ်တော်မူကြောင်း အဘယ်နည်းများဖြင့် ဖော်ပြတော်မူခဲ့ပြီနည်း။
၇ ယုံစားမှုကို ဝက်ဘ်စတား၏ နဝမကောလိပ် အဘိဓာန်သစ်က “တစ်ဦးတစ်ယောက်၊ သို့မဟုတ် အရာတစ်ခု၏ ဂုဏ်အင်္ဂါ၊ စွမ်းရည်၊ ခွန်အား သို့မဟုတ် သစ္စာတရားအပေါ် ဧကန်မုချယုံကြည်အားထားခြင်း” ဟူ၍ အနက်ဖွင့်ဆိုပါသည်။ ယေဟောဝါ၏ဂုဏ်အင်္ဂါသည် ကိုယ်တော်၏ချစ်ခင်ကြင်နာခြင်းပေါ် စွဲမြဲစွာအခြေပြုပါသည်။ ယေဟောဝါဟူသည့် ကိုယ်တော်၏နာမတော် ကိုယ်နှိုက်က ကိုယ်တော့်အား ကြီးမြတ်တော်မူသော ရည်ရွယ်တော်မူရှင်အဖြစ် ခွဲခြားသိမြင်စေသည့်အတွက် ကတိတော်ရှိသည်အတိုင်း ဆောင်ရွက်နိုင်တော်မူကြောင်းကို ကျွန်ုပ်တို့၌လုံးဝယုံကြည်စိတ်ချမှုရှိနိုင်ပါသည်။ (ထွက်မြောက်ရာ ၃:၁၄; ၆:၂-၈) ဖန်ဆင်းရှင်အဖြစ် ကိုယ်တော်သည် တန်ခိုးခွန်အားနှင့် အစွမ်းသတ္တိ၏ မူလအမြစ်ဖြစ်တော်မူသည်။ (ဟေရှာယ ၄၀:၂၆၊ ၂၉) ဘုရားသခင်သည် “မုသာမသုံးနိုင်” သောကြောင့် သစ္စာတရား၏ပြယုဂ် ဖြစ်တော်မူသည်။ (ဟေဗြဲ ၆:၁၈) သို့ဖြစ်၍ သစ္စာတရားအလုံးစုံတို့၏ဇာစ်မြစ်၊ ယုံစားသူတို့ကို စောင့်ရှောက်ကာကွယ်ပေးနိုင်တော်မူသော အနန္တတန်ခိုးရှင်၊ ကြီးမြတ်တော်မူသော ရည်ရွယ်ချက်အပေါင်းကို ဘုန်းတန်ခိုးတော်ဖြင့် အောင်မြင်စေနိုင်တော်မူသော ကျွန်ုပ်တို့ဘုရားသခင်ယေဟောဝါ၌ အကြွင်းမဲ့ယုံစားရန် အားပေးတိုက်တွန်းထားပါသည်။—ဆာလံ ၉၁:၁၊ ၂; ဟေရှာယ ၅၅:၈-၁၁။
၈၊ ၉။ ဤလောကတွင် ယုံစားမှုသည် အဘယ်ကြောင့်ဝမ်းနည်းဖွယ်ကောင်းလောက်အောင် ကင်းမဲ့နေသနည်း။ ယေဟောဝါ၏လူများမူကား ခြားနားကြောင်း မည်သို့ဖော်ပြသနည်း။
၈ ကျွန်ုပ်တို့ဝန်းကျင်ရှိ ယုတ်လျော့နေသောလောကတွင် ယုံစားမှု ကင်းမဲ့နေသည်ကား ဝမ်းနည်းစရာပင်။ ယင်းအစား လောဘရမ္မက်နှင့် ယိုယွင်းမှုကိုသာ အနှံ့အပြား တွေ့ရှိနေရသည်။ ၁၉၉၃ မေလထုတ် ကမ္ဘာ့သတင်းစာဝေဖန်ချက်မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဤသတင်းကို အထူးဖော်ပြထားသည်– “ယိုယွင်းခြင်း ခေတ်စား—ကမ္ဘာသစ်အစီအစဉ်တွင် သုံးစွဲသောအဂတိငွေ။ အဂတိလုပ်ငန်းသည် ဘရာဇီးမှဂျာမနီအထိ၊ အမေရိကန်မှအာဂျင်တီးနားအထိ၊ စပိန်မှပီရူးအထိ၊ အီတလီမှမက္ကဆီကိုအထိ၊ ဗက်တီကင်မှရုရှားအထိ ကျယ်ပြန့်နေပါသည်။” အဂတိလိုက်စားမှုသည် မုန်းတီးခြင်း၊ လောဘရမ္မက်နှင့် မယုံသင်္ကာဖြစ်ခြင်းပေါ် အခြေစိုက်နေသဖြင့် အမည်ခံလူ့ကမ္ဘာသစ်အစီအစဉ်တွင် လူသားများအတွက်ဆင်းရဲဒုက္ခတိုးပွားလာခြင်းမှတစ်ပါး အခြားမည်သည့်အကျိုးကိုမျှ ရိတ်သိမ်း၍မရချေ။
၉ လောကနှင့်ခြားနားစွာ “ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်သောလူမျိုး” ဖြစ်ခွင့်ရသည့်အတွက် ယေဟောဝါသက်သေများသည် ဝမ်းမြောက်ကြပါသည်။ “ဘုရားသခင်၌ ယုံစားပါသည်” ဟူ၍ သူတို့သာ မှန်ကန်စွာ ပြောဆိုနိုင်ကြပါသည်။ သူတို့တစ်ဦးစီသည် ဝမ်းမြောက်အားရစွာဖြင့် “ဘုရားသခင်ကိုအမှီပြု၍ ကတိတော်ကို ချီးမွမ်းမည်။ ကြောက်ရွံ့ခြင်းကင်းလျက် ဘုရားသခင်၌ ယုံစား” ပါမည်ဟု ကြွေးကြော်နိုင်ကြသည်။—ဆာလံ ၃၃:၁၂၊ ကဘ; ၅၆:၄၊ ၁၁၊ သမ။
၁၀။ သမာဓိစောင့်သိနိုင်ရန် ငယ်ရွယ်သောခရစ်ယာန်များ၌ အဘယ်ခွန်အားရရှိခဲ့ပြီနည်း။
၁၀ သက်ငယ် သက်သေခံ ထောင်ပေါင်းများစွာ အပြင်းအထန်ရိုက်နှက်ခံရပြီး ထောင်ချခံရသည့် အာရှနိုင်ငံတစ်ခုတွင် ယေဟောဝါ၌ ယုံစားခြင်းက အများစုအား ခံနိုင်ရည်ရှိစေခဲ့ပြီ။ ရက်စက်ကြမ်းကြုတ်မှုများကိုခံခဲ့ရသော သက်သေခံငယ်တစ်ဦးသည် ထောင်ကျနေစဉ် တစ်ည၌ ဆက်မခံနိုင်တော့ဟူ၍ အထင်ရှိနေစဉ် အခြားလူငယ်တစ်ဦးသည် အမှောင်ထဲမှ သူ့ထံခိုးလာ၍ “လက်မလျှော့နဲ့၊ ငါလိုက်လျောအလျှော့ပေးခဲ့မိလို့ အဲ့ဒီကတည်းက စိတ်မငြိမ်သက်ရဘူး” ဟူ၍တိုးတိုးပြောပါသည်။ ထို့နောက် ပထမလူငယ်သည် တည်ကြည်မည်ဟူသော မိမိ၏ဆုံးဖြတ်ချက်ကိုပြန်လည်အားဖြည့်နိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏သမာဓိကို ဖြိုဖျက်ရန် စာတန်မည်သို့ပင်ကြိုးစားစေကာမူ ကျော်လွှားနိုင်ရန် ယေဟောဝါ ကူညီပေးတော်မူမည့်အကြောင်း အကြွင်းမဲ့ယုံကြည်စိတ်ချနိုင်ပါသည်။—ယေရမိ ၇:၃-၇; ၁၇:၁-၈; ၃၈:၆-၁၃၊ ၁၅-၁၇။
၁၁။ ယေဟောဝါ၌ယုံစားရန် ကျွန်ုပ်တို့မည်သို့လှုံ့ဆော်ခံရသနည်း။
၁၁ ပထမပညတ်မှ တစ်ပိုင်းကို “သင်၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့” ဟုဖတ်ရသည်။ (မာကု ၁၂:၃၀) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဆင်ခြင်သုံးသပ်ကြသည်နှင့်အမျှ ကျွန်ုပ်တို့တတ်သိလာသော ထူးမြတ်သည့်သမ္မာတရားများသည် စိတ်နှလုံးအတွင်း စိမ့်ဝင်သွားသည်နှင့် ပိုင်သအုပ်စိုးရှင်၊ အံ့သြဖွယ်သော ယေဟောဝါဘုရားသခင်၏ အမှုတော်၌ ကျွန်ုပ်တို့၏ရှိသမျှကိုအသုံးပြုကြရန် တိုက်တွန်းခံရသည်။ ကိုယ်တော့်အား တန်ဖိုးထားလေးမြတ်သောနှလုံး အပြည့်အဝဖြင့်—ကျွန်ုပ်တို့အား သွန်သင်ပေးတော်မူသမျှ၊ ပြုလုပ်ထားလေသမျှနှင့် ဆောင်ရွက်ပေးဦးမည့်အရာ ရှိရှိသမျှတို့အတွက်—ကိုယ်တော့် ကယ်တင်ခြင်းကို အကြွင်းမဲ့ယုံစားရန် လှုံ့ဆော်ခံကြရသည်။—ဟေရှာယ ၁၂:၂။
၁၂။ များစွာသောခရစ်ယာန်များသည် ယေဟောဝါ၌သူတို့၏ယုံစားမှုကို နှစ်များစွာတစ်လျှောက် မည်သို့ပြသခဲ့ပြီနည်း။
၁၂ ဤယုံစားမှုကို အနှစ်နှစ်အလလ ပြုစုပျိုးထောင်ပေးနိုင်ပါသည်။ ၁၉၂၇ ဧပြီမှစတင်၍ ကင်းမျှော်စင်အသင်း၏ ဘရွတ်ကလင်ဌာနချုပ်တွင် နှစ်ပေါင်း ၅၀ ကျော်တိုင် သစ္စာရှိရှိ အမှုထမ်းခဲ့သော နှိမ့်ချမှုရှိ ယေဟောဝါ၏သက်သေခံတစ်ဦး ဤသို့ရေးသားသည်– “ထိုလအကုန်တွင် စာအိတ်တစ်ခုထဲထည့်ထားသည့် သု. ၃:၅၊ ၆ ပါကျမ်းချက်ကို ဖော်ပြထားသော လှပသည့်ကတ်တစ်ခုနှင့်အတူ ထောက်ပံ့ငွေ ၅.၀၀ ဒေါ်လာကို ကျွန်တော်ရရှိခဲ့သည်။ . . . ယေဟောဝါ၌ ယုံစားရန်အကြောင်း များစွာရှိခဲ့ပါသည်၊ အကြောင်းမှာဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွား ရှိရှိသမျှကို သစ္စာရှိစွာ ပြုစုဆောင်ရွက်နေသော ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ ယေဟောဝါတွင် ရှိတော်မူကြောင်း ဌာနချုပ်တွင် ကျွန်တော်နေထိုင်စဉ် သဘောပေါက်နားလည်လာသည်။—မဿဲ ၂၄:၄၅-၄၇။”bဤခရစ်ယာန်ညီအစ်ကို၏နှလုံးသည် ငွေကိုတပ်မက်ခြင်းအပေါ်မဟုတ် “ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင်သောဘဏ္ဍာ” ကိုရခြင်းအပေါ်တွင်တည်ထားခဲ့ကြောင်း ထင်ရှားသည်။ ယနေ့လည်း ထပ်တူပင်၊ ကမ္ဘာတစ်ဝန်း ကင်းမျှော်စင်အသင်း၏ ဗေသလအိမ်များတွင် အမှုထမ်းကြသော ထောင်ချီသူတို့သည် နွမ်းပါးခြင်းနှင့်ပတ်သက်သောကတိသစ္စာဝတ်အတိုင်း အမှုထမ်းနေကြပါသည်။ နေ့စဉ်လိုအပ်ရာများကို ထောက်ပံ့ရန်ယေဟောဝါ၌ သူတို့ယုံစားကြသည်။—လုကာ ၁၂:၂၉-၃၁၊ ၃၃၊ ၃၄။
ယေဟောဝါအပေါ် မှီခို
၁၃၊ ၁၄။ (က) ရင့်ကျက်သောအကြံပေးချက်ကို အဘယ်နေရာ၌သာ ရနိုင်မည်နည်း။ (ခ) ညှဉ်းပန်းနှိပ်စက်ခြင်းကို ကျော်လွှားနိုင်ရန် အဘယ်အရာကို ရှောင်ကြဉ်ရမည်နည်း။
၁၃ ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်ခမည်းတော်က “ကိုယ်ဉာဏ်ကို အမှီမပြုနှင့်” ဟုသြဝါဒပေးထားသည်။ (သု. ၃:၅) လောကီအကြံပေးအရာရှိများနှင့် စိတ်ပညာရှင်များသည် ယေဟောဝါပြသသည့် ဉာဏ်ပညာနှင့် နားလည်တတ်ကျွမ်းခြင်းကို လိုက်မီရန် ဘယ်တော့မျှမမျှော်လင့်နိုင်ပါ။ “ကိုယ်တော်၏ နားလည်တတ်ကျွမ်းခြင်းကို တွက်၍မကုန်နိုင်ပါ။” (ဆာလံ ၁၄၇:၅၊ ကဘ) ဤလောကမှ နာမည်ကျော်ကြားသူများ၊ သို့မဟုတ် ကိုယ်ကိုယ်တိုင်၏ အသိဉာဏ်ပညာနည်းသော စိတ်လှုပ်ရှားမှုများကို အမှီပြုမည့်အစား ရင့်ကျက်သော အကြံပေးချက်များရရှိခြင်းငှာ ယေဟောဝါကိုလည်းကောင်း၊ ကိုယ်တော်၏နှုတ်ကပါဌ်တော်ကိုလည်းကောင်း၊ ခရစ်ယာန်အသင်းတော်ရှိ အကြီးအကဲများကိုလည်းကောင်း အားကိုးအားထားကြစို့။—ဆာလံ ၅၅:၂၂; ၁ ကောရိန္သု ၂:၅။
၁၄ အလျင်အမြန် ချဉ်းကပ်နေသည့် ကြီးစွာသောဒုက္ခကာလတွင် လူ့ဉာဏ် သို့မဟုတ် အဆင့်ရာထူးသည် လုံးဝကူညီပေးနိုင်မည်မဟုတ်ပါ။ (ဟေရှာယ ၂၉:၁၄; ၁ ကောရိန္သု ၂:၁၄) ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံတွင် ဘုရားသခင်၏လူမျိုးအဝင်ဖြစ်သည့် အရည်အချင်းရှိသော်လည်း မာနကြီးသော သိုးထိန်းတစ်ဦးသည် မိမိဉာဏ်အပေါ် အမှီပြုရန် ရွေးချယ်ခဲ့သည်။ ဖိနှိပ်မှုကြုံသည့်အခါ ယုံကြည်ခြင်းဖောက်ပြန်သူဖြစ်သွားပြီး သိုးအုပ်မှ အများစုလည်း နှိပ်စက်ညှဉ်းပန်းမှုကြောင့် မလှုပ်မရှားဖြစ်သွားကြသည်။ သို့သော် ညစ်ညမ်းသောအကျဉ်းထောင်အခန်းငယ်များတွင် ရက်စက်ကြမ်းကြုတ်မှုများကို သတ္တိရှိရှိခံခဲ့ရသော သစ္စာရှိဂျပန်ညီအစ်မတစ်ဦးမူကား ဤသို့ဆိုသည်– “သစ္စာတည်ကြည်ခဲ့သူများ၌ ထူးကဲသောအရည်အချင်းများရှိကြ၍မဟုတ်ပါ။ ထင်ပေါ်သူများလည်းမဟုတ်ကြပါ။ ကျွန်ုပ်တို့၏နှလုံးရှိသမျှနှင့် ယေဟောဝါ၌ အမြဲယုံစားရမည်ကား အမှန်တကယ်ပင်ဖြစ်သည်။”c
၁၅။ ယေဟောဝါအလိုတော်နှင့်တွေ့လိုလျှင် ဘုရားရေးရာနှင့်ဆိုင်သော အဘယ်အရည်အချင်းရှိဖို့လိုသနည်း။
၁၅ ကိုယ့်ဉာဏ်ကိုအမှီမပြုဘဲ ယေဟောဝါ၌ ယုံစားခြင်းတွင် နှိမ့်ချမှုပါဝင်သည်။ ယေဟောဝါအလိုတော်နှင့်တွေ့လိုသူအားလုံးအတွက် ဤအရည်အချင်းသည် အလွန်အရေးကြီးပေသည်! ကျွန်ုပ်တို့၏ဘုရားသခင် ကိုယ်တော်တိုင်ပင်လျှင် စကြဝဠာတစ်ခွင်၏ အုပ်စိုးပိုင်ထိုက်ရှင်ဖြစ်သော်လည်း မိမိ၏ အသိဉာဏ်ရှိ ဖန်ဆင်းရာများနှင့် ဆက်ဆံရာတွင် နှိမ့်ချမှုတင်ပြတော်မူခဲ့သည်။ ယင်းအတွက် ကျွန်ုပ်တို့ကျေးဇူးတင်နိုင်ကြပါသည်။ “ကိုယ်ကိုနှိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီးအရာတို့ကို ကြည့်ရှုတော်မူသော . . . ဆင်းရဲသောသူကို မြေမှုန့်ထဲက ကြွ” စေတော်မူ၏။ (ဆာလံ ၁၁၃:၆၊ ၇) ချစ်မြတ်နိုးရာသားတော် ခရစ်တော်ယေရှု၏ တန်ဖိုးဖြတ်မရ ရွေးနှုတ်ဖိုးပူဇော်သက္ကာ၊ လူသားတို့အား ပေးသနားတော်မူသော အကြီးမြတ်ဆုံးဆုကျေးဇူးတော်ကိုအခြေပြု၍ ကျွန်ုပ်တို့၏ အားနည်းချက်များကို ဘုရားသခင်သည် ကြီးမားသောကရုဏာတော်အားဖြင့် ခွင့်လွှတ်တော်မူသည်။ ဤမခံစားထိုက်သော ကြင်နာမှုအတွက် ကျွန်ုပ်တို့မည်မျှ ကျေးဇူးတင်သင့်သည်တကား!
၁၆။ အသင်းတော်တွင် အခွင့်အရေးများရခြင်းငှာ ညီအစ်ကိုများသည် မည်သို့လက်လှမ်းယူနိုင်သနည်း။
၁၆ ယေရှုကိုယ်တော်တိုင် သတိပေးတော်မူသည်– “အကြင်သူသည် မိမိကို ချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့။” (မဿဲ ၂၃:၁၂) နှစ်ခြင်းယူပြီးသောညီအစ်ကိုများသည် ခရစ်ယာန်အသင်းတော်တွင် တာဝန်ဝတ္တရားများကို နှိမ့်ချစွာဖြင့် လက်လှမ်းယူသင့်သည်။ သို့သော်လည်း ကြီးကြပ်မှူးများသည် သူတို့၌ခန့်အပ်ထားသည့်ရာထူးကို ဂုဏ်ပုဒ်အဖြစ်မဟုတ်ဘဲ လုပ်ငန်းတစ်ခုဆောင်ရွက်ခွင့်ရသဖြင့် ယင်းတာဝန်ကို တန်ဖိုးထားလေးမြတ်ပြီး တလိုတလားဖြင့် နှိမ့်ချစွာလက်ခံယူထားသင့်သည်။ ယေရှုပြောခဲ့သကဲ့သို့ “ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်း လုပ်၏” ဟုပြောဆိုသင့်သည်။—ယောဟန် ၅:၁၇; ၁ ပေတရု ၅:၂၊ ၃။
၁၇။ ကျွန်ုပ်တို့အားလုံး ဘာကိုအသိအမှတ်ပြုသင့်၍ ယင်းက အဘယ်အမှုကို လုပ်ဆောင်စေသနည်း။
၁၇ ယေဟောဝါ၏မျက်မှောက်တော်တွင် ကျွန်ုပ်တို့သည် မြေမှုန့်မျှဖြစ်ကြောင်းကို နှိမ့်ချစိတ်ဖြင့် အသိအမှတ်ပြုကာ အမြဲဆုတောင်းနေကြစို့။ သို့ဖြစ်၍ “ယေဟောဝါ၏ ချစ်ခင်ကြင်နာခြင်းသည် ကြောက်ရွံ့သောသူတို့အပေါ်သို့ ကာလအစဉ်အဆက် သက်ရောက်တတ်၏။ သားစဉ်မြေးဆက်တိုင်အောင် ဖြောင့်မတ်တော်မူခြင်း တည်လျက်ရှိခြင်းမှာ မည်မျှဝမ်းသာစရာပါတကား”! (ဆာလံ ၁၀၃:၁၄၊ ၁၇၊ ကဘ) ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စိတ်ထက်သန်စွာလေ့လာသူများ ဖြစ်သင့်သည်။ ကိုယ်ပိုင်နှင့် မိသားစုသင်အံမှုပြုခြင်းအပြင် အသင်းတော်အစည်းအဝေးများတက်ခြင်းအတွက် ကုန်ခန်းသောအချိန်သည် ပတ်စဉ်ပတ်တိုင်း ကျွန်ုပ်တို့အတွက် တန်ဖိုးအရှိဆုံးအချိန် ဖြစ်သင့်သည်။ ဤနည်းအားဖြင့် “သန့်ရှင်းတော်မူသောဘုရားသခင်ကို သိကျွမ်းသောသဘော” တိုးပွားစေပါမည်။ ယင်းကား “ဉာဏ်ဖြစ်” သတည်း။—သု. ၉:၁၀။
“သွားလေရာရာ၌ . . . ”
၁၈၊ ၁၉။ ကျွန်ုပ်တို့ဘဝအသက်တာတွင် သု. ၃:၆ ကိုမည်သို့ကျင့်သုံးမည်နည်း။ အဘယ်အကျိုးရလဒ် ရှိမည်နည်း။
၁၈ အသိဉာဏ်ပညာ၏ မြင့်မြတ်သောမူလအမြစ်ဖြစ်တော်မူသော ယေဟောဝါထံ ကျွန်ုပ်တို့အား ပြညွှန်ကာ သု. ၃:၆ ကထပ်မံ၍ ဤသို့ဆိုသည်– “သွားလေရာရာ၌ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” ယေဟောဝါကို မျက်မှောက်ပြုခြင်းတွင် ဆုတောင်းခြင်းအားဖြင့် ကိုယ်တော်နှင့် နီးနီးကပ်ကပ်ရှိနေခြင်း ပါဝင်သည်။ အဘယ်နေရာ၌ပင် ကျွန်ုပ်တို့ရှိစေကာမူ၊ အဘယ်အခြေအနေပင်လျှင် ပေါ်ပေါက်စေကာမူ ဆုတောင်းခြင်းအားဖြင့် ကိုယ်တော့်ထံ ချက်ချင်းချဉ်းကပ်နိုင်ပါသည်။ နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြုလုပ်စဉ်၊ လယ်ကွင်းလုပ်ငန်းအတွက် အသင့်ပြင်ဆင်စဉ်၊ ဘုရားသခင့်နိုင်ငံတော်အကြောင်း တစ်အိမ်မှတစ်အိမ် ကြွေးကြော်စဉ် ကျွန်ုပ်တို့၏လုပ်ငန်းကို ကိုယ်တော်ကောင်းချီးပေးတော်မူရန် အမြဲဆုတောင်းနိုင်ပါသည်။ ဤသို့ပြုခြင်းအားဖြင့် ဘုရားသခင်ကိုကြောက်ရွံ့ခဲ့သော ဧနောက်၊ နောဧ အပြင် ယောရှုနှင့်ဒံယေလကဲ့သို့သော အခြားသစ္စာရှိ ဣသရေလအမျိုးသားတို့၏ ‘လမ်းခရီးကို ပဲ့ပြင်တော်မူ’ ခဲ့သည်နည်းတူ ပြုတော်မူလိမ့်မည်ဟု စိတ်ချစွာဖြင့်၊ တန်ဖိုးဖြတ်မရသော ‘ဘုရားသခင်နှင့်အတူသွားလာခြင်း’ အခွင့်အရေးနှင့် အားရရွှင်လန်းမှုကို ရနိုင်ကြပါသည်။—ကမ္ဘာဦး ၅:၂၂; ၆:၉; တရားဟောရာ ၈:၆; ယောရှု ၂၂:၅; ဒံယေလ ၆:၂၃; ယာကုပ် ၄:၈၊ ၁၀ ကိုလည်းရှု။
၁၉ ကျွန်ုပ်တို့တောင်းပန်လိုသော အရာများကို ယေဟောဝါအား ကြားလျှောက်သည့်အခါ ‘အဘယ်သူမျှ ကြံ၍မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးကို စောင့်မ’ လိမ့်မည်ဟု ယုံကြည်စိတ်ချနိုင်ပါသည်။ (ဖိလိပ္ပိ ၄:၇) ကျွန်ုပ်တို့၏ရွှင်လန်းသောမျက်နှာထားပေါ် ထင်ရှားသည့် ဘုရားသခင်၏ ဤငြိမ်သက်ခြင်းသည် ဟောပြောခြင်းလုပ်ငန်းတွင် တွေ့ဆုံသောအိမ်ရှင်များအား သတင်းတရားကို လက်ခံနာယူရန် အထောက်အကူပြုပါလိမ့်မည်။ (ကောလောသဲ ၄:၅၊ ၆) ယနေ့ လောကတွင် တွေ့နေမြဲဖြစ်သည့် ဖိစီးမှုများ သို့မဟုတ် မတရားမှုများကြောင့် ဒုက္ခခံနေရသူတို့ကိုလည်း အားပေးတည်ဆောက်မှုဖြစ်နိုင်ကြောင်း အောက်ပါအဖြစ်အပျက်က ဖော်ပြပါသည်။d
၂၀၊ ၂၁။ (က) နာဇီကြောက်မက်ဖွယ်ကာလအတွင်း ယေဟောဝါသက်သေများ၏သမာဓိက အခြားသူများကို မည်သို့အားပေးတိုက်တွန်းခဲ့သနည်း။ (ခ) ယေဟောဝါ၏အသံတော်က ကျွန်ုပ်တို့ အဘယ်ဆုံးဖြတ်ချက်ချရန် လှုံ့ဆော်ပေးသင့်သနည်း။
၂၀ မီးလောင်တိုက်သွင်းခြင်းမှ အံ့ဖွယ်နည်းဖြင့် လွတ်မြောက်လာသော ဇာတိဂျူးဖြစ်သူ မက်စ် လီဗစတာသည် သူ၏ နာဇီမရဏစခန်းခရီးစဉ်ကို ဤသို့ဖော်ပြပါသည်– “လူနှစ်ယောက်စီအတွက် အကန့်ငယ်ကလေးများသို့ ကန့်သတ်ထားသည့် မီးရထားတွဲထဲ ကျွန်တော်တို့ သော့ခတ်ထားခြင်းခံရသည်။ ကျွန်တော့်ကို တစ်ယောက်က အတွင်းသို့ ကန်သွင်းလိုက်သည့်အခါ တည်ငြိမ်သောမျက်လုံးပိုင်ရှင် အကျဉ်းသားတစ်ဦးနှင့် မျက်နှာချင်းဆိုင်မိသွားသည်။ ဘုရားသခင့်ဥပဒေကို တန်ဖိုးထားလေးစားသည့်အတွက် သူများအသက်ကိုသတ်မည့်အစား အကျဉ်းထောင်နှင့် သေနိုင်ဖွယ်ရှိသည့်အဖြစ်ကို ရွေးချယ်ခဲ့သူတစ်ဦးဖြစ်ပါသည်။ သူသည် ယေဟောဝါသက်သေတစ်ဦးဖြစ်သည်။ သူ၏သားသမီးများကို သူထံမှခေါ်သွားခဲ့ပြီး ဇနီးဖြစ်သူကို သတ်ပစ်ခဲ့ပြီးပြီ။ သူသည်သူမအဖြစ်မျိုးခံရရန်မျှော်လင့်နေခဲ့သည်။ ၁၄-ရက်ကြာ ခရီးစဉ်က ကျွန်တော့်ဆုတောင်းချက်ကိုအဖြေရခဲ့သည်။ အကြောင်းမှာ ဤမရဏခရီးစဉ်တွင် ထာဝရအသက်မျှော်လင့်ချက်ကို တွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။”
၂၁ သူအမည်ပေးခဲ့သည့် အောက်စဝီဇ် “ခြင်္သေ့များ၏တွင်း” ကို ကြုံတွေ့ပြီး နှစ်ခြင်းယူပြီးနောက် ဤညီအစ်ကိုသည် ယေဟောဝါသက်သေခံ ညီအစ်မတစ်ဦးကို လက်ထပ်ခဲ့သည်။ သူမလည်း အကျဉ်းကျခဲ့သူဖြစ်၍ သူမ၏ဖခင်မှာ ဒတ်ချောချွေးတပ်စခန်းတွင် နှိပ်စက်ခံခဲ့ရသူဖြစ်ပါသည်။ ထိုတွင် သူမ၏ဖခင်ရှိနေစဉ် ဇနီးဖြစ်သူနှင့် သမီးငယ်ကိုပါ ဖမ်းချုပ်ထားကြောင်း သတင်းရခဲ့သည်။ ထိုစဉ်က သူ၏တုံ့ပြန်ပုံကို ဤသို့ဖော်ပြခဲ့သည်– “ကျွန်တော်အကြီးအကျယ် စိုးရိမ်မိသည်။ ကျွန်တော် ရေချိုးရန် တန်းစီနေသည့် တစ်နေ့တွင် သု. ၃:၅၊ ၆ ကိုရွတ်ဖတ်သံတစ်သံ ကြားလိုက်ပါသည်။ . . . ကောင်းကင်မှလာသောအသံကဲ့သို့ ပဲ့တင်ထပ်ခဲ့သည်။ စိတ်ပြန်တည်ငြိမ်လာရန် ကျွန်တော်လိုအပ်နေသည့်အရာဖြစ်သည်။” အမှန်မှာ ထိုအသံသည် ကျမ်းချက်ကို ရွတ်ဆိုနေသည့် အခြားအကျဉ်းသားတစ်ဦး၏အသံဖြစ်သည်။ သို့သော် ဘုရားသခင့်နှုတ်ကပါဌ်တော်သည် ကျွန်ုပ်တို့အပေါ် မည်မျှသြဇာလွှမ်းမိုးနိုင်ကြောင်းကို ထိုအဖြစ်အပျက်က အလေးအနက်ဖော်ပြနေခြင်းဖြစ်သည်။ (ဟေဗြဲ ၄:၁၂) ၁၉၉၄ နှစ်ချုပ်ကျမ်းချက်ပါ “သင်၏နှလုံးရှိသမျှဖြင့် ယေဟောဝါ၌ ယုံစားလော့” ဟူသော ယေဟောဝါအသံတော်၏ ဩဇာလွှမ်းမိုးမှုကို ယနေ့ ခံယူကြစို့!
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်၊ ၁၉၇၃၊ ဒီဇင်ဘာ ၁၅ (လိပ်) စာမျက်နှာ ၇၆၀-၅ ပါ ကလောဒ် အက်စ် ဂွတ်မန်ပြောပြသော “ကျွန်ုပ်၏နှလုံးရှိသမျှနှင့် ယေဟောဝါ၌ ယုံစားခြင်း” ဆောင်းပါးကိုရှု။
b ကင်းမျှော်စင်၊ ၁၉၆၈၊ ဇူလိုင် ၁၅ (လိပ်) စာမျက်နှာ ၄၃၇-၄၀ ပါ ဟယ်ရီ ပီတာစင်ပြောပြသည့် “ယေဟောဝါကိုချီးမွမ်းရန် စိတ်ဆုံးဖြတ်ထား” ဆောင်းပါးကိုရှု။
c ကင်းမျှော်စင်၊ ၁၉၈၈၊ မေ ၁ (လိပ်) စာမျက်နှာ ၂၁-၅ ပါ မတ်စူအီး အီရှီ ပြောပြသည့် “ယေဟောဝါသည် မိမိကျေးကျွန်များကို စွန့်တော်မမူ” ဆောင်းပါးကိုရှု။
d ကင်းမျှော်စင်၊ ၁၉၇၈ အောက်တိုဘာ ၁ (လိပ်) စာမျက်နှာ ၂၀-၄ ပါ မက်စ် လီဗစတာပြောပြသော “ကယ်နှုတ်ခြင်း! ကျေးဇူးတင်တတ်သူများဖြစ်ကြောင်း သက်သေထူခြင်း” ဆောင်းပါးကိုလည်းရှု။
အကျဉ်းချုပ်တွင်
◻ နယပုံပြင်ကျမ်းတွင် အဘယ်သြဝါဒမျိုးကို ဖော်ပြထားပါသနည်း။
◻ ယေဟောဝါကိုယုံစားခြင်းသည် ကျွန်ုပ်တို့အားအဘယ်အကျိုးပြုသနည်း။
◻ ယေဟောဝါကို အမှီသဟဲပြုခြင်းတွင် အဘယ်အရာပါဝင်သနည်း။
◻ သွားလေရာရာ၌ ယေဟောဝါကို အဘယ်ကြောင့် မျက်မှောက်ပြုသင့်သနည်း။
◻ ကျွန်ုပ်တို့၏လမ်းခရီးကို ယေဟောဝါ မည်သို့ပဲ့ပြင်တော်မူသနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ရွှင်လန်းအားရစရာ ဘုရားသခင့်နိုင်ငံတော်သတင်းတရားသည် စိတ်နှလုံးရိုးဖြောင့်သူများ နှစ်မြို့စရာဖြစ်