ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၁/၁ စာ. ၁၃-၁၈
  • ကိုယ်ကိုကယ်တင်ခြင်းငှာ လုပ်ဆောင်နေလော့!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ်ကိုကယ်တင်ခြင်းငှာ လုပ်ဆောင်နေလော့!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်ကိုယ်နှိုက်တွင်ပြုသည့် “တည်ဆောက်” ခြင်းလုပ်ငန်း
  • ယုဒဘုရင်များ —ကိုယ်ပိုင်ရွေးချယ်မှုများပြုခဲ့ကြ
  • သင့်ကိုယေဟောဝါယုံကြည်စိတ်ချ၏!
  • ဘုရားသခင်က လူတွေကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးပြီး ဂုဏ်တင်ထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ယေဟောဝါဘုရားသခင်ကို သူ ဆက်ပြီး မှီခိုအားကိုးနေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ငယ်ရွယ်စဉ်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုသင်မည်မျှချစ်မြတ်နိုးသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၁/၁ စာ. ၁၃-၁၈

ကိုယ်ကိုကယ်တင်ခြင်းငှာ လုပ်ဆောင်နေလော့!

“ငါ့ချစ်သူတို့၊ . . . ကိုယ်ကိုကယ်တင်ခြင်းငှာ ကြိုးစားအားထုတ် [“လုပ်ဆောင်နေ၊” ကဘ] ကြလော့။”—ဖိလိပ္ပိ ၂:၁၂။

၁၊ ၂။ အဘယ်လူကြိုက်များသောအယူအဆများက လူများစွာအား သူတို့၏ဘဝမည်သို့ဖြစ်လာမည်ကိုမထိန်းချုပ်နိုင်ဟုယူဆစေသနည်း။

“ထိုသို့ သင်မွေးဖွားလာသလော။” မကြာမီက ထိုမေးခွန်းကို လူကြိုက်များသောမဂ္ဂဇင်းတစ်စောင်၏မျက်နှာဖုံးတွင် အထင်အရှားဖော်ပြခဲ့သည်။ ထိုခေါင်းစီးအောက်တွင် ဤစာကြောင်းများကိုတွေ့ရသည်– “ဥပဓိရုပ်၊ ပင်ကိုစရိုက်၊ ဘဝတွင်ရွေးချယ်မှုများပင် သင့်မျိုးရိုးဗီဇနှင့်အများဆုံးသက်ဆိုင်သည်ဟု လေ့လာမှုအသစ်များက ဖော်ပြသည်။” ထိုသို့သောအဆိုများက မိမိတို့၏အသက်တာကိုထိန်းချုပ်နိုင်ခြေနည်းသည်ဟု အချို့အားယူဆစေနိုင်ပေမည်။

၂ အခြားသူများမှာမူ မိဘများ၏ညံ့ဖျင်းသောအုပ်ထိန်းမှု သို့မဟုတ် ဆရာသမားများ၏ညံ့ဖျင်းသောသွန်သင်မှုကြောင့် ပျော်ရွှင်မှုမဲ့နေကြရသည်ဟု ယူမှတ်ကြ၏။ သူတို့သည် မိဘများ၏အမှားများကိုထပ်လုပ်ရန်၊ ၎င်းတို့၏ဝါသနာဆိုးများကိုလိုက်စားရန်၊ ယေဟောဝါအားသစ္စာမဲ့သွားရန်—ခြုံပြောရလျှင် အရွေးမှားစေရန် မလွဲမသွေဖြစ်စေသည်ဟု ယူဆကြပေမည်။ ယင်းကို သမ္မာကျမ်းစာသွန်သင်ပါသလော။ ၎င်းနှင့်တူသည့် တင်ကူးပြဋ္ဌာန်းခြင်းအယူဝါဒကို သမ္မာကျမ်းစာသွန်သင်သည်ဟု အခိုင်အမာဆိုသောဘာသာရေးသမားများ အမှန်တကယ်ရှိပါသည်။ ဤအယူဝါဒအရဆိုလျှင် ဘုရားသခင်သည် ကြာမြင့်စွာကပင် သင့်ဘဝတွင်ဖြစ်ပျက်မည့်အမှုမှန်သမျှကို တင်ကြိုသတ်မှတ်ထားခဲ့သည်။

၃။ ကျွန်ုပ်တို့၏အနာဂတ်အတွက် မိမိတို့တာဝန်ယူနိုင်စွမ်းရှိကြောင်း သမ္မာကျမ်းစာ၌ အဘယ်အားရှိဖွယ်သတင်းတရားပါရှိသနည်း။

၃ ဤအမျိုးမျိုးသောအယူအဆများသည် အကြောင်းတစ်ခုတည်းကိုဆိုလိုသည်– သင်သည် သင့်ဘဝမည်သို့ဖြစ်လာမည်ကို မရွေးချယ်နိုင်၊ မထိန်းချုပ်နိုင်ဟူ၍ဖြစ်သည်။ ယင်းသည် စိတ်ပျက်စရာမဖြစ်ပေလော၊ စိတ်ပျက်ခြင်းကလည်း အခက်အခဲပိုများစေသည်။ နယပုံပြင် ၂၄:၁၀ ကဤသို့ဆိုသည်– “သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင်၊ အားနည်း၏။” သို့သော် သမ္မာကျမ်းစာအရ ‘ကိုယ်ကိုကိုယ်ကယ်တင်ခြင်းငှာ လုပ်ဆောင်’ နိုင်ကြောင်းကိုသိရ၍ အားရှိလာသည်။ (ဖိလိပ္ပိ ၂:၁၂) ဤအပြုသဘောပါသောကျမ်းစာသွန်သင်ချက်ကို ယုံကြည်စိတ်ချမှုတိုးပွားလာစေရန် မည်သို့ပြုနိုင်သနည်း။

ကိုယ်ကိုယ်နှိုက်တွင်ပြုသည့် “တည်ဆောက်” ခြင်းလုပ်ငန်း

၄။ ၁ ကောရိန္သု ၃:၁၀-၁၅ တွင်မီးခံပစ္စည်းများနှင့် တည်ဆောက်ခြင်းအကြောင်းဖော်ပြထားသော်လည်း၊ ယင်းသည် အဘယ်အရာကိုမဆိုလိုသနည်း။

၄ ၁ ကောရိန္သု ၃:၁၀-၁၅ ၌တွေ့ရသော တမန်တော်ပေါလု၏ဥပမာကို သုံးသပ်ကြည့်ပါ။ ထိုတွင် သူသည် ခရစ်ယာန်တည်ဆောက်ခြင်းလုပ်ငန်းအကြောင်းပြောခဲ့ပြီး၊ ပုံဥပမာ၏မူသည် [ခရစ်ယာန်] ဓမ္မအမှုအတွင်းအပြင်နှင့်သက်ဆိုင်နိုင်သည်။ တပည့်တစ်ဦးသည် နောက်ဆုံးတွင် ယေဟောဝါအားဝတ်ပြုရန်ရွေးချယ်ပြီး ထိုအတိုင်းဆက်ပြုမပြုခြင်းသည် သူ့ကိုသွန်သင်လေ့ကျင့်ပေးခဲ့သူတို့၏တာဝန်လုံးလုံးဖြစ်သည်ဟု သူဆိုလိုနေခြင်းလော။ မဟုတ်ပါ။ ပေါလုသည် သွန်သင်ပေးသူအနေနှင့် တတ်နိုင်သမျှ အကောင်းဆုံးတည်ဆောက်ခြင်းလုပ်ငန်း ပြုလုပ်ခြင်း၏အရေးကြီးမှုကို အလေးပေးနေခြင်းဖြစ်သည်။ သို့သော် ရှေ့ဆောင်းပါးတွင် ကျွန်ုပ်တို့သိရှိခဲ့ရသကဲ့သို့ သင်သား သို့မဟုတ် တပည့်ဖြစ်သူသည် ဤကိစ္စတွင် ရွေးချယ်ခြင်းမရှိဟု သူဆိုနေသည်မဟုတ်ပါ။ မှန်ပါသည်၊ ပေါလု၏ဥပမာသည် မိမိကိုယ်ကိုတည်ဆောက်ခြင်းကိုမဟုတ်၊ အခြားသူများတွင် ကျွန်ုပ်တို့ပြုသောအလုပ်ကို အလေးပေးနေခြင်းဖြစ်သည်။ အကြောင်းမှာ တည်ဆောက်သူကိုယ်တိုင်လွတ်သွားသော်လည်း ဖြစ်ကတတ်ဆန်းတည်ဆောက်ခဲ့သောအလုပ် ပျက်စီးသွားသည်ဟု ပေါလုဆိုသောကြောင့်ဖြစ်သည်။ သို့သော် သမ္မာကျမ်းစာသည် ထိုပုံဆောင်အသုံးအနှုန်းကိုပင် မိမိတို့ကိုယ်နှိုက်တွင်ပြုသောအလုပ်နှင့်ပတ်သက်၍ တစ်ခါတစ်ရံဆက်စပ်အသုံးပြုသည်။

၅။ ခရစ်ယာန်များသည် ကိုယ်ကိုယ်နှိုက်တွင် “တည်ဆောက်” ခြင်းလုပ်ငန်းကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း အဘယ်ကျမ်းချက်များကဖော်ပြသနည်း။

၅ ဥပမာ၊ ယုဒ ၂၀၊ ၂၁ ကိုသုံးသပ်ကြည့်ပါ– “ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကိုတည်ဆောက်လျက်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း . . . လျက်၊ ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက် . . . ကြလော့။” ဤတွင် ယုဒသည် ကောရိန္သုပထမစောင်အခန်းကြီး ၃ တွင် ပေါလုသုံးထားသည့် “တည်ဆောက်” အတွက်အလားတူဂရိစကားလုံးကိုအသုံးပြုသည်၊ သို့သော် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအုတ်မြစ်ပေါ် ကိုယ်ကိုကိုယ်တည်ဆောက်ခြင်းကို သူဆိုလိုဟန်ရှိသည်။ ကျောက်ပေါ်မှာ တိုက်မြစ်ချသူနှင့်ပတ်သက်သော ယေရှု၏ပုံဥပမာကိုမှတ်တမ်းတင်ရာတွင် လုကာသည် ပေါလု၏ခရစ်ယာန်တည်ဆောက်ခြင်းဥပမာ၌ အသုံးပြုထားသော “အုတ်မြစ်” အတွက်အလားတူဂရိစကားလုံးကို အသုံးပြုထားသည်။ (လုကာ ၆:၄၈၊ ၄၉) ထို့အပြင် ဝိညာဉ်ရေးတွင်တိုးတက်စေဖို့ ခရစ်ယာန်ချင်းများကို ပေါလုတိုက်တွန်းသောအခါ “အုတ်မြစ်” တစ်ခုပေါ်တည်ဆောက်ခြင်းဥပမာဖြင့် ရုပ်လုံးပေါ်အောင်သုံးနှုန်းဖော်ပြထားသည်။ မှန်ပါသည်၊ ကိုယ်ကိုယ်နှိုက်တွင် “တည်ဆောက်” ခြင်းလုပ်ငန်းကိုလုပ်ဆောင်ကြဖို့ ဘုရားသခင့်နှုတ်မြွက်စကားတော်ကသင်ကြားပေးသည်။—ဧဖက် ၃:၁၅-၁၉; ကောလောသဲ ၁:၂၃; ၂:၇။

၆။ (က) ခရစ်ယာန်တပည့်တစ်ဦးစီသည် ပူးပေါင်းဆောက်လုပ်သောစီမံချက်၏ရလဒ်ဖြစ်ကြောင်း ဥပမာပြပါ။ (ခ) တပည့်တစ်ဦးစီ၌ အဘယ်တာဝန်ရှိသနည်း။

၆ ခရစ်ယာန်တစ်ဦးတည်ဆောက်ခြင်းသည် လူတစ်ဦးတည်း၏အလုပ်လော။ သင်သည် အိမ်တစ်လုံးဆောက်ရန် ဆုံးဖြတ်ချက်ချသည်ဆိုကြပါစို့။ ပုံစံများအတွက် ဗိသုကာတစ်ဦးထံသင်သွား၏။ သင်ကိုယ်တိုင်အလုပ်များစွာကိုလုပ်ဖို့ ရည်ရွယ်သော်လည်း သင်နှင့်အတူလုပ်ကိုင်ရန်၊ အကောင်းဆုံးနည်းစနစ်များကို သင့်အားအကြံပေးရန် ကန်ထရိုက်တာတစ်ဦးကိုသင်ငှားသည်။ အကယ်၍သူသည် ခိုင်မာသောအုတ်မြစ်ကိုချမည်၊ စီမံကိန်းများကိုသင်နားလည်ရန်ကူညီမည်၊ အကောင်းဆုံးပစ္စည်းများကိုဝယ်ရန်အကြံပေးမည်၊ ဆောက်လုပ်ရေးအကြောင်း သင့်အားသင်ကြားပေးမည်ဆိုလျှင် သူသည်ကောင်းသောအလုပ်တစ်ခုကိုလုပ်နေသည်ဟု သင်သဘောတူနိုင်ပေမည်။ သို့သော် သင်သည် သူ၏အကြံပေးချက်ကိုလျစ်လျူရှုကာ ဈေးပေါသော သို့မဟုတ် အညံ့စားပစ္စည်းများကိုဝယ်သုံးမည်၊ ဗိသုကာ၏စီမံကိန်းများအတိုင်း မလုပ်ဆောင်ဘဲနေမည်ဆိုလျှင်ကော။ အိမ်ပြိုလျှင် ကန်ထရိုက်တာ သို့မဟုတ် ဗိသုကာကို အပြစ်မဆိုနိုင်သည်မှာ အမှန်ပင်! အလားတူ ခရစ်ယာန်တပည့်တစ်ဦးစီသည် ပူးပေါင်းဆောက်လုပ်သော စီမံချက်တစ်ခု၏အကျိုးဆက်ဖြစ်သည်။ ယေဟောဝါသည် ဗိသုကာချုပ်ဖြစ်၏။ ကိုယ်တော်သည် ‘ဘုရားသခင်၏အလုပ်လုပ်ဖော်’ တစ်ဦးအဖြစ် သင်သားတစ်ဦးအား သွန်သင်တည်ဆောက်ပေးသော သစ္စာရှိခရစ်ယာန်ကို ထောက်မပေး၏။ (၁ ကောရိန္သု ၃:၉) သို့တိုင် သင်သားလည်းပါဝင်ပတ်သက်နေသည်။ နောက်ဆုံးဆန်းစစ်ချက်တွင် သူသည် မိမိ၏ဘဝလမ်းစဉ်အတွက် သူကိုယ်တိုင်တာဝန်ယူရမည်ဖြစ်သည်။ (ရောမ ၁၄:၁၂) ကောင်းသောခရစ်ယာန်အရည်အသွေးများရှိလိုလျှင် ယင်းတို့ကိုရယူရန်၊ သူကိုယ်နှိုက်တွင် ယင်းတို့ကိုတည်ဆောက်ပေးရန် ကြိုးစားအားထုတ်ရမည်ဖြစ်သည်။—၂ ပေတရု ၁:၅-၈။

၇။ ခရစ်ယာန်အချို့သည် အဘယ်စိန်ခေါ်ချက်များရင်ဆိုင်ကြရပြီး၊ အဘယ်အရာက သူတို့ကိုနှစ်သိမ့်မှုပေးသနည်း။

၇ သို့ဆိုလျှင် မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်နှင့် သွန်သင်သူများ၏အရည်အသွေးတို့သည် အရေးမပါဟုဆိုလိုသလော။ မဆိုလိုပါ။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤအရာတစ်ခုစီကို အရေးကြီးသည်၊ ဩဇာလွှမ်းသည်ဟု အသိအမှတ်ပြုသည်။ အပြစ်ပြုလိုသော၊ အပျက်သဘောပါသောဉာဉ်ဆိုးများစွာသည် မွေးရာပါဖြစ်ပြီး တိုက်လှန်ရန်အလွန်ခက်ခဲသောအရာဖြစ်နိုင်သည်။ (ဆာလံ ၅၁:၅; ရောမ ၅:၁၂; ၇:၂၁-၂၃) မိဘလေ့ကျင့်မှုနှင့် အိမ်ထောင်အသိုင်းအဝိုင်းသည် အကောင်းအဆိုးအတွက် လူငယ်တို့ကို အကြီးအကျယ်အရာထင်စေနိုင်သည်။ (သု. ၂၂:၆; ကောလောသဲ ၃:၂၁) အခြားသူများအပေါ် ဆိုးကျိုးသက်ရောက်စေသော သွန်သင်ချက်များကြောင့် ဂျူးဘာသာရေးခေါင်းဆောင်များအား ယေရှုအပြစ်တင်ခဲ့သည်။ (မဿဲ ၂၃:၁၃၊ ၁၅) ယနေ့တွင် ယင်းသို့သောအကြောင်းအချက်များသည် ကျွန်ုပ်တို့အားလုံးအပေါ် ထိခိုက်နေ၏။ ဥပမာ၊ ဘုရားသခင့်လူအချို့သည် ကလေးဘဝတွင် အခက်အခဲများကြုံခဲ့ကြရသောကြောင့် စိန်ခေါ်ချက်များရင်ဆိုင်ကြရသည်။ ဤသူများကို ကျွန်ုပ်တို့၏ကြင်နာမှုနှင့် စာနာထောက်ထားမှုပြရန်လိုသည်။ သူတို့သည် မိဘများ၏အမှားများကိုထပ်လုပ်ရန် သို့မဟုတ် သစ္စာမဲ့ရန် မလွဲမသွေမဖြစ်စေကြောင်း သမ္မာကျမ်းစာစကားမှ နှစ်သိမ့်မှုရယူနိုင်ကြပါသည်။ ဤအချက်ကို ရှေးယုဒဘုရင်အချို့က မည်သို့ဖော်ပြကြောင်း သုံးသပ်ကြည့်ပါ။

ယုဒဘုရင်များ —ကိုယ်ပိုင်ရွေးချယ်မှုများပြုခဲ့ကြ

၈။ ယောသံသည် ဖခင်၏အဘယ်မကောင်းသောပုံသက်သေကိုတွေ့ခဲ့ရသနည်း၊ သို့တိုင် သူသည် မည်သို့ရွေးချယ်ခဲ့သနည်း။

၈ ဩဇိသည် ငယ်ရွယ်သော ၁၆ နှစ်အရွယ်တွင် ယုဒဘုရင်ဖြစ်လာခဲ့ပြီး၊ ၅၂ နှစ်စိုးစံခဲ့သည်။ ဤကာလအတွင်း သူသည် “ခမည်းတော်အာမဇိပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ တရားသောအမှု” ကိုအများအားဖြင့်ပြု၏။ (၄ ဓမ္မရာဇဝင် ၁၅:၃) ယေဟောဝါသည် အံ့ဖွယ်ကောင်းသော စစ်အောင်ပွဲများဖြင့် သူ့ကိုကောင်းချီးပေးခဲ့သည်။ သို့သော် ဝမ်းနည်းစရာမှာ အောင်မြင်မှုများက ဩဇိကိုရောင့်တက်စေခဲ့သည်။ ထိုအခါ သူသည် မာန်တက်ပြီး ယဇ်ပုရောဟိတ်များအတွက် သီးသန့်တာဝန်ဖြစ်သော ဗိမာန်တော်ယဇ်ပလ္လင်တွင် ယဇ်ပူဇော်ခြင်းဖြင့် ယေဟောဝါအားပုန်ကန်ခဲ့သည်။ ဩဇိသည် အပြစ်တင်သော ဒေါသဖြင့်တုံ့ပြန်ခဲ့သည်။ သို့နှင့် သူသည် အရှက်ခွဲခံခဲ့ရသည်။ နူနာစွဲပြီး သေသည်တိုင် သီးခြားနေခဲ့ရ၏။ (၂ ရာဇဝင်ချုပ် ၂၆:၁၆-၂၃) သူ၏သားယောသံသည် ဤအရာအားလုံးကို မည်သို့တုံ့ပြန်ခဲ့သနည်း။ ထိုလူငယ်သည် ဖခင်ဖြစ်သူ၏သြဇာလွှမ်းမိုးမှုကိုအလွယ်တကူခံရပြီး ယေဟောဝါ၏ပဲ့ပြင်မှုကို ငြင်းပယ်နိုင်ခဲ့သည်။ လူအတော်များများသည် မှားယွင်းသောဘာသာရေးကျင့်ထုံးများကို လိုက်စားနေကြသောကြောင့် မကောင်းသောသြဇာလွှမ်းခဲ့ပေမည်။ (၄ ဓမ္မရာဇဝင် ၁၅:၄) သို့သော် ယောသံသည် ကိုယ်ပိုင်ရွေးချယ်မှုပြုခဲ့သည်။ “ထိုမင်းသည် . . . ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။”—၂ ရာဇဝင်ချုပ် ၂၇:၂။

၉။ အာခတ်အပေါ်သက်ရောက်ခဲ့သည့် ကောင်းသောသြဇာအချို့ကားအဘယ်နည်း၊ သို့သော် သူ၏ဘဝသည် မည်သို့ဖြစ်သွားခဲ့သနည်း။

၉ ယောသံသည် ၁၆ နှစ်စိုးစံခဲ့ရာ ထိုကာလတစ်လျှောက်လုံး ယေဟောဝါအားသစ္စာရှိခဲ့သည်။ ထို့ကြောင့် သူ၏သားအာခတ်သည် သစ္စာရှိဖခင်တစ်ဦး၏ အလွန်ကောင်းသောပုံသက်သေကိုရရှိခဲ့သည်။ ထို့အပြင် အာခတ်သည် အခြားကောင်းသောသြဇာလွှမ်းမိုးမှုများကိုခံခဲ့ရသည်။ ထိုပြည်တွင် သစ္စာရှိပရောဖက်ဟေရှာယ၊ ဟောရှေနှင့်မိက္ခာတို့ တက်ကြွစွာပရောဖက်ပြုနေခဲ့ကြစဉ် သူအသက်ရှင်ခွင့်ရရှိခဲ့သည်။ သို့တိုင် သူသည် ရွေးချယ်မှုမှားခဲ့သည်။ “ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့မကျင့်၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုမပြု။” သူသည် ဗာလရုပ်ပုံများကိုထုလုပ်ကိုးကွယ်ခဲ့ပြီး သူ၏သားသမီးများကိုပင် အယူမှားသောဘုရားများထံ မီးရှို့ပူဇော်ခဲ့သည်။ အကောင်းဆုံးသြဇာလွှမ်းမိုးမှုများခံခဲ့ရသည့်ကြားမှပင် ဘုရင်တစ်ပါးအဖြစ်နှင့် ယေဟောဝါ၏ကျေးကျွန်တစ်ဦးအဖြစ် သူအကြီးအကျယ်ပျက်ကွက်ခဲ့သည်။—၂ ရာဇဝင်ချုပ် ၂၈:၁-၄။

၁၀။ အာခတ်သည် မည်သို့သောဖခင်မျိုးဖြစ်ခဲ့သနည်း၊ သို့သော် သူ၏သားဟေဇကိသည် မည်သို့ရွေးချယ်ခဲ့သနည်း။

၁၀ စင်ကြယ်သောဝတ်ပြုရေးရှုထောင့်အရ အာခတ်ထက်ဆိုးသောဖခင်တစ်ဦးကို စဉ်းစား၍မရချေ။ သို့ရာတွင် သူ၏သားဟေဇကိသည် မိမိ၏ဖခင်မည်သူဖြစ်ဖို့ မရွေးချယ်နိုင်ခဲ့ပါ! ဗာလအားပူဇော်ရန် အာခတ်သတ်ဖြတ်ခဲ့သည့် သားငယ်များသည် ဟေဇကိ၏ညီများဖြစ်နိုင်ဖွယ်ရှိသည်။ ဤဆိုးရွားလှသောနောက်ခံသည် ဟေဇကိအား ယေဟောဝါအပေါ်သစ္စာမဲ့သူဖြစ်စေခဲ့ပါသလော။ ထိုသို့ဖြစ်မည့်အစား ဟေဇကိသည် ယုဒပြည်၏ သစ္စာရှိ၊ ပညာရှိပြီး ချစ်မြတ်နိုးခံရသော ယုဒပြည်ဘုရင်အနည်းငယ်တွင် တစ်ဦးဖြစ်လာခဲ့သည်။ “ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ” ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၈:၃-၇) အမှန်မှာ ဟေဇကိသည် မင်းသားငယ်ဘဝကပင် ဆာလံ ၁၁၉ ကိုမှုတ်သွင်းခံရပြီးရေးသားခဲ့သည်ဟု ယူမှတ်စရာအကြောင်းရှိသည်။ သို့ဆိုလျှင် “အကျွန်ုပ်ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံးအရည်ယိုလျက်ရှိပါ၏” ဟုသူအဘယ်ကြောင့်ရေးသားခဲ့ရကြောင်းကို နားလည်ဖို့မခက်ချေ။ (ဆာလံ ၁၁၉:၂၈) ကြီးလေးသောပူဆွေးမှုများကြား ဟေဇကိသည် ယေဟောဝါ၏နှုတ်မြွက်စကားတော်၏လမ်းညွှန်မှုကို ဘဝတစ်လျှောက်ခံယူခဲ့သည်။ ဆာလံ ၁၁၉:၁၀၅ ကဤသို့ဆို၏– “နှုတ် [မြွက်] တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏။” မှန်ပါသည်၊ ဟေဇကိကိုယ်တိုင် မှန်ကန်စွာရွေးချယ်ခဲ့သည်။

၁၁။ (က) ဖခင်၏ကောင်းသောသြဇာကိုခံခဲ့ရလျက်နှင့် ယေဟောဝါအား မနာရှေ၏ပုန်ကန်မှုသည် မည်မျှဆိုးရွားခဲ့သနည်း။ (ခ) မနာရှေသည် ကွယ်လွန်ခါနီးတွင် မည်သို့ရွေးချယ်ပြုမူခဲ့ပြီး၊ ယင်းမှ အဘယ်အရာကို သင်ယူနိုင်သနည်း။

၁၁ သို့သော် အကောင်းဆုံးယုဒဘုရင်တစ်ပါးမှ အဆိုးရွားဆုံးတစ်ပါး ထွက်ပေါ်လာခဲ့ခြင်းသည် ရှေ့နောက်မညီဟန်ရှိသည်။ ဟေဇကိ၏သားမနာရှေသည် မဖြစ်ခဲ့ဖူးသည့်အတိုင်းအတာအထိ ရုပ်ပုံကိုးကွယ်မှု၊ နတ်ဝိဇ္ဇာအတတ်နှင့် အဓမ္မမှုကိုကမ်းကုန်အောင်ပြုခြင်းတို့ကို မြေတောင်မြှောက်ပေးခဲ့သည်။ ပရောဖက်များမှတစ်ဆင့် “ထာဝရဘုရားသည် မနာရှေနှင့် သူ၏လူတို့အားမိန့်တော်မူ” ခဲ့သည်ဟု မှတ်တမ်းကဖော်ပြသည်။ (၂ ရာဇဝင်ချုပ် ၃၃:၁၀) ဂျူးမိရိုးဖလာအရ မနာရှေသည် ဟေရှာယအားလွှနှင့်အပိုင်းပိုင်းဖြတ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်ဟုဆိုသည်။ (ဟေဗြဲ ၁၁:၃၇ နှိုင်းယှဉ်။) ထိုအဆို မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ မနာရှေသည် ဘုရားသခင့်သတိပေးချက်မှန်သမျှကို နားမထောင်ခဲ့ချေ။ သူသည် အဘိုးဖြစ်သူအာခတ်ပြုခဲ့သကဲ့သို့ သူ၏သားအချို့ကို ယဇ်များအဖြစ် မီးရှို့ပူဇော်ခဲ့သည်။ သို့တိုင် ဤဆိုးယုတ်သောသူသည် အသက်ကြီးသောအခါ ကြီးမားသောစုံစမ်းမှုများခံရပြီးနောက် နောင်တရပြီး ပြုပြင်ပြောင်းလဲခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၃:၁-၆၊ ၁၁-၂၀) သူ၏ပုံသက်သေက ရွေးချယ်မှုအကြီးအကျယ်မှားခဲ့သူတစ်ဦးသည် အဖတ်ဆယ်မရနိုင်တော့ဟု မဆိုလိုကြောင်းသိရှိစေသည်။ သူပြောင်းလဲနိုင်ပါသည်။

၁၂။ ယေဟောဝါအမှုတော်ဆောင်ခြင်းနှင့်ပတ်သက်၍ အာမုန်နှင့် သူ၏သားယောရှိသည် အဘယ်ဆန့်ကျင်ဘက်ရွေးချယ်မှုများကို ပြုခဲ့ကြသနည်း။

၁၂ မနာရှေ၏သားအာမုန်သည် ဖခင်၏နောင်တမှ များစွာသင်ယူနိုင်ခဲ့သည်။ သို့သော် သူသည် မှားယွင်းစွာရွေးချယ်ခဲ့သည်။ အာမုန်သည် နောက်ဆုံးလုပ်ကြံခံရသည့်အထိ “အထူးသဖြင့် ပြစ်မှား” ခဲ့၏။ သူ၏သားယောရှိသည် သူနှင့်မတူသည့်အတွက် စိတ်ချမ်းသာစရာဖြစ်သည်။ ယောရှိသည် အဘိုး၏အဖြစ်မှသင်ခန်းစာယူရန် ရွေးချယ်ခဲ့ပုံရှိသည်။ ရှစ်နှစ်မျှရှိသေးချိန်တွင် သူစတင်စိုးစံခဲ့၏။ ၁၆ နှစ်အရွယ်သာရှိသေးစဉ် သူသည် ယေဟောဝါအားစတင်ရှာဖွေခဲ့ကာ ပုံသက်သေကောင်းသော သစ္စာရှိဘုရင်တစ်ပါးဖြစ်ကြောင်း သက်သေထူခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၃:၂၀–၃၄:၅) သူသည် မှန်ကန်စွာရွေးချယ်ခဲ့သည်။

၁၃။ (က) ကျွန်ုပ်တို့သုံးသပ်ခဲ့သော ယုဒဘုရင်များထံမှ အဘယ်သင်ခန်းစာရသနည်း။ (ခ) မိဘလေ့ကျင့်မှုသည် မည်မျှအရေးကြီးသနည်း။

၁၃ ဤယုဒဘုရင်ခုနစ်ပါးအကြောင်း အကျဉ်းချုပ်သုံးသပ်ကြည့်ရာမှ ထိရောက်သောသင်ခန်းစာရခဲ့ပြီ။ အခြေအနေအချို့တွင် အဆိုးဆုံးဘုရင်များမှ အကောင်းဆုံးသားများထွက်ပေါ်ခဲ့ပြီး အခြားတစ်ဖက်မှကြည့်သော် အကောင်းဆုံးဘုရင်များမှ အဆိုးဆုံးသားများထွက်ပေါ်လာသည်ကို တွေ့ရှိရ၏။ (ဒေသနာ ၂:၁၈-၂၁ နှိုင်းယှဉ်။) ယင်းက မိဘလေ့ကျင့်မှုအရေးကြီးကြောင်းကို လျော့မသွားစေပါ။ ယေဟောဝါ၏နည်းလမ်းတော်နှင့်အညီ သားသမီးများကိုလေ့ကျင့်ပေးသောမိဘများသည် ယေဟောဝါ၏သစ္စာရှိကျေးကျွန်များဖြစ်လာစေရန် သူတို့၏သားသမီးများအား အကောင်းဆုံးအခွင့်အရေးကို အမှန်ပင် အတတ်နိုင်ဆုံးပေးကြသည်။ (တရားဟောရာ ၆:၆၊ ၇) သို့တိုင်၊ သစ္စာရှိမိဘများက အကောင်းဆုံးကြိုးစားခဲ့ကြလျက်နှင့် အချို့သောသားသမီးများသည် လမ်းမှားကိုလိုက်လျှောက်ရန်ရွေးချယ်ကြသည်။ အခြားကလေးများမှာမူ အဆိုးဆုံးသောမိဘသြဇာလွှမ်းမိုးမှုကိုခံခဲ့ကြရသော်လည်း ယေဟောဝါအားချစ်မြတ်နိုးပြီး ဝတ်ပြုရန် ရွေးချယ်ခဲ့ကြသည်။ ကိုယ်တော့်ကောင်းချီးဖြင့် သူတို့၏ဘဝအောင်မြင်ခဲ့ကြသည်။ တစ်ခါတစ်ရံ သင့်အဖြစ်သည် မည်သို့ဖြစ်မည်နည်းဟု စဉ်းစားမိသလော။ သို့ဖြစ်လျှင် သင်သည် မှန်ကန်သောရွေးချယ်မှုကိုပြုနိုင်ကြောင်း ယေဟောဝါကိုယ်တော်တိုင်၏အာမခံချက်အချို့ကို သုံးသပ်ကြည့်ပါ!

သင့်ကိုယေဟောဝါယုံကြည်စိတ်ချ၏!

၁၄။ ယေဟောဝါသည် ကျွန်ုပ်တို့၏ကန့်သတ်မှုများကိုသိနားလည်ကြောင်း မည်သို့သိရသနည်း။

၁၄ ယေဟောဝါသည် အရာတိုင်းကိုသိမြင်၏။ နယပုံပြင် ၁၅:၃ ကဤသို့ဆိုသည်– “ထာဝရဘုရား၏မျက်စိတော်သည် ခပ်သိမ်းသောအရပ်၌ရှိ၍၊ ကောင်းမကောင်းကိုကြည့်ရှုတော်မူ၏။” ယေဟောဝါနှင့်ပတ်သက်၍ ဘုရင်ဒါဝိဒ်က ဤသို့ဆိုခဲ့သည်– “မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍မြင်တော်မူပြီ။ ထိုအရာတို့ကိုပြုပြင်၍ တစ်စုံတစ်ခုမျှမရှိမီကာလတွင်၊ ကိုယ်တော်၏စာရင်း၌ အကုန်အစင်မှတ်သားလျက်ရှိပါ၏။” (ဆာလံ ၁၃၉:၁၆) ထို့ကြောင့် သင်အမွေရထားသော၊ သို့မဟုတ် သင်ထိန်းချုပ်၍မရသည့် အခြားသြဇာလွှမ်းမိုးမှုများကြောင့် ရထားသော အဘယ်ဉာဉ်ဆိုးများကိုတိုက်လှန်နေရကြောင်းကို ယေဟောဝါသိတော်မူ၏။ ယင်းတို့သည် သင့်အားမည်သို့ထိခိုက်နေသည်ကို ကိုယ်တော်အတိအကျသိနားလည်သည်။ သင်ကိုယ်နှိုက်ထက်မက သင့်ကန့်သတ်မှုများကို ကိုယ်တော်သိနားလည်တော်မူ၏။ ထို့အပြင် ကိုယ်တော်သည် ကရုဏာတော်ရှင်ဖြစ်၏။ ကျွန်ုပ်တို့တတ်နိုင်သည်ထက်ပို၍ ကျွန်ုပ်တို့ထံမှရရှိရန် ဘယ်သောအခါမျှမမျှော်လင့်ချေ။—ဆာလံ ၁၀၃:၁၃၊ ၁၄။

၁၅။ (က) အခြားသူတို့တမင်တကာပြုသော နာကြည်းမှုကိုခံခဲ့ရသူတို့အတွက် နှစ်သိမ့်မှုကားအဘယ်နည်း။ (ခ) ယေဟောဝါသည် အဘယ်တာဝန်ကိုပေးအပ်ခြင်းဖြင့် ကျွန်ုပ်တို့အားဂုဏ်တင်သနည်း။

၁၅ အခြားတစ်ဖက်တွင်မူ ယေဟောဝါသည် ကျွန်ုပ်တို့ကို အခြေအနေ၏အားကိုးရာမဲ့သားကောင်များအဖြစ်မရှုမြင်ပါ။ အတိတ်တွင် အတွေ့အကြုံဆိုးများ ကြုံတွေ့ခဲ့မည်ဆိုလျှင် ထိုသို့သောတမင်တကာပြုသည့် ထိခိုက်နစ်နာစေသောအကျင့်အကြံအားလုံးကို ယေဟောဝါတကယ်ရွံမုန်းကြောင်း သိရ၍နှစ်သိမ့်မှုရရှိနိုင်ပေသည်။ (ဆာလံ ၁၁:၅; ရောမ ၁၂:၁၉) သို့သော် ကျွန်ုပ်တို့သည်လှည့်ပြီး အမှားကို တမင်ရွေးချယ်မည်ဆိုလျှင် ကျွန်ုပ်တို့ကို ကင်းလွတ်ခွင့်ပေးမည်လော။ မပေးပါ။ ကိုယ်တော့်နှုတ်မြွက်စကားတော်က ဤသို့ဆိုသည်– “လူအသီးသီးတို့သည် မိမိတို့ဝန်ကိုဆောင်ရွက်ရကြမည်။” (ဂလာတိ ၆:၅) ယေဟောဝါသည် အသိဉာဏ်ရှိသောသတ္တဝါတစ်ဦးချင်းစီအား မှန်ကန်ရာကိုပြုပြီး ကိုယ်တော့်အမှုဆောင်ရန်တာဝန်ကိုပေးအပ်ချီးမြှင့်ထားတော်မူ၏။ ယင်းသည် ဣသရေလလူမျိုးကို မောရှေပြောခဲ့သကဲ့သို့ဖြစ်သည်– “အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ငါထားသည်ဟု သင့်တစ်ဖက်၌ ကောင်းကင်မြေကြီးကိုငါတိုင်တည်၏။ သို့ဖြစ်၍၊ သင်နှင့်သင့်အမျိုးအနွယ်သည် အသက်ရှင်မည်အကြောင်း . . . အသက်တရားကိုရွေးယူလော့။” (တရားဟောရာ ၃၀:၁၉၊ ၂၀) ကျွန်ုပ်တို့လည်း မှန်ကန်စွာရွေးချယ်နိုင်ကြောင်း ယေဟောဝါယုံကြည်စိတ်ချတော်မူ၏။ ယင်းကို မည်သို့သိရှိရသနည်း။

၁၆။ ‘ကိုယ်ကိုကိုယ်ကယ်တင်ခြင်းငှာလုပ်ဆောင်’ ရာတွင် မည်သို့အောင်မြင်နိုင်မည်နည်း။

၁၆ တမန်တော်ပေါလုရေးသားခဲ့ရာကို သတိပြုပါ– “သို့ဖြစ်၍ ငါ့ချစ်သူတို့ . . . ကိုယ်ကိုကယ်တင်ခြင်းငှာ ကြိုးစားအားထုတ် [“လုပ်ဆောင်နေ၊” ကဘ] ကြလော့။ အကြောင်းမူကား၊ သင်တို့သည်အလိုရှိစေခြင်းငှာလည်းကောင်း၊ အကျင့်ကျင့်စေခြင်းငှာလည်းကောင်း သင်တို့အထဲ၌ စေတနာတော်အားဖြင့်ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။” (ဖိလိပ္ပိ ၂:၁၂၊ ၁၃) ဤတွင် ‘လုပ်ဆောင်’ သည်ဟုပြန်ဆိုထားသော မူရင်းဂရိစကားလုံးသည် ပြီးစီးစေရန်ဆောင်ရွက်ခြင်းသဘောသက်ရောက်သည်။ ထို့ကြောင့် ကျွန်ုပ်တို့တစ်ယောက်မျှ ပျက်ကွက်ရန် သို့မဟုတ် လက်လျှော့ရန် တင်ကြိုသတ်မှတ်ထားသည်မဟုတ်ပါ။ ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကိုပေးထားသည့်လုပ်ငန်း၊ ကျွန်ုပ်တို့ကယ်တင်ခြင်းရရန်လုပ်ငန်းကို ပြီးစီးစေနိုင်သည်ဟု ယုံကြည်စိတ်ချမှုရှိရမည်။ သို့မဟုတ်လျှင် ကိုယ်တော်သည် ထိုသို့သောဖော်ပြချက်ကို မှုတ်သွင်းရေးသားစေခဲ့မည်မဟုတ်ချေ။ သို့သော် ကျွန်ုပ်တို့မည်သို့အောင်မြင်မည်နည်း။ မိမိခွန်အားဖြင့် မဖြစ်နိုင်ချေ။ အကြောင်းမှာ ကိုယ်ကိုယ်နှိုက် ခွန်အားရှိကြမည်ဆိုလျှင် “ကြောက်ရွံ့တုန်လှုပ်” စရာလိုမည်မဟုတ်ချေ။ ယေဟောဝါသည် ‘ကျွန်ုပ်တို့အထဲ၌ပြုပြင်’ တော်မူပြီး၊ ကိုယ်တော့်သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့စိတ်နှလုံးတွင်လုပ်ဆောင်နေသောကြောင့်သာ ကျွန်ုပ်တို့ “အလိုရှိစေခြင်းငှာလည်းကောင်း၊ အကျင့်ကျင့်စေခြင်းငှာလည်းကောင်း” တိုက်တွန်းခံနေကြရသည်။ ထိုမေတ္တာပါသောထောက်မမှုဖြင့် ကျွန်ုပ်တို့ဘဝတွင်မှန်ရာကိုရွေးချယ်ကာ ယင်းအတိုင်းအသက်ရှင်နေထိုင်ရန် မသင့်သည့်အကြောင်းတစ်ခုခုရှိပါသလော။ မရှိပါ!—လုကာ ၁၁:၁၃။

၁၇။ ကိုယ်ကိုယ်နှိုက်တွင် အဘယ်ပြောင်းလဲမှုများပြုလုပ်နိုင်သနည်း၊ ထိုသို့ပြုနိုင်ရန် ကျွန်ုပ်တို့ကို ယေဟောဝါမည်သို့မစတော်မူသနည်း။

၁၇ တစ်သက်လုံးကျင့်ခဲ့သော အကျင့်ဆိုးများနှင့် ကျွန်ုပ်တို့အတွေးအခေါ်ကိုလွဲမှားစေနိုင်သည့် အန္တရာယ်ရှိသောသြဇာများဖြစ်ကောင်းဖြစ်မည့် အဟန့်အတားများကို ဖယ်ရှားရန်လိုပေလိမ့်မည်။ ထိုသို့ဖြစ်စေကာမူ ယေဟောဝါ၏ဝိညာဉ်တော်အကူအညီဖြင့် ယင်းတို့ကိုချိုးနှိမ်နိုင်မည်တကား! ကောရိန္သုမြို့ရှိခရစ်ယာန်များထံ ပေါလုရေးသားခဲ့သကဲ့သို့ ဘုရားသခင့်နှုတ်မြွက်စကားတော်သည် “မြို့ရိုးမြို့ပြတို့ကို” ပင်ဖြိုဖျက်နိုင်သောအစွမ်းရှိ၏။ (၂ ကောရိန္သု ၁၀:၄) အမှန်မှာ ကိုယ်ကိုယ်နှိုက် လုံးဝပြောင်းလဲသွားရန် ယေဟောဝါကူညီပေးနိုင်ပါသည်။ ကိုယ်တော့်နှုတ်မြွက်စကားတော်က “လူဟောင်းကိုချွတ်ပယ်၍ . . . မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်ကြ” ရန်တိုက်တွန်းထားသည်။ (ဧဖက် ၄:၂၂-၂၄) ယေဟောဝါ၏ဝိညာဉ်တော်သည် အဆိုပါပြောင်းလဲမှုများကိုပြုလုပ်ရန် အမှန်တကယ်ကူညီပေးနိုင်ပါသလော။ ကူညီနိုင်၏! ဘုရားသခင့်ဝိညာဉ်တော်သည် ကျွန်ုပ်တို့အားလုံးပျိုးထောင်လိုကြသည့် တင့်တယ်သော၊ တန်ဖိုးရှိသောအရည်အသွေးများကို သီးပွင့်စေသည်။ ဤအရာများအနက်ဦးဆုံးအသီးမှာ ချစ်ခြင်းမေတ္တာဖြစ်သည်။—ဂလာတိ ၅:၂၂၊ ၂၃။

၁၈။ စဉ်းစားဆင်ခြင်တတ်သူတိုင်း အဘယ်ရွေးချယ်မှုပြုနိုင်စွမ်း အပြည့်အဝရှိသနည်း။ ယင်းသည် အဘယ်အရာကိုစိတ်ပိုင်းဖြတ်ရန် ကျွန်ုပ်တို့အား အထောက်အကူပြုသင့်သနည်း။

၁၈ ဤတွင် ကြီးမားသော၊ လွတ်မြောက်စေသောအမှန်တရားရှိ၏။ ယင်းကား ယေဟောဝါဘုရားသခင်၌ ချစ်ခြင်းမေတ္တာအကန့်အသတ်မရှိခြင်းဖြစ်ပြီး ကျွန်ုပ်တို့ကို ကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားခြင်းဖြစ်သည်။ (ကမ္ဘာဦး ၁:၂၆; ၁ ယောဟန် ၄:၈) ထို့ကြောင့် ယေဟောဝါအားချစ်မြတ်နိုးရန် ကျွန်ုပ်တို့ရွေးချယ်နိုင်၏။ ကျွန်ုပ်တို့၏အနာဂတ်အတွက် အဓိကသော့ချက်မှာ ကျွန်ုပ်တို့၏ယခင်ဘဝ၊ အကျင့်ရလာသည့်အားနည်းချက်များ၊ အမွေရထားသောအမှားပြုလိုသည့်ဉာဉ်တို့ မဟုတ်ဘဲထိုချစ်ခြင်းမေတ္တာဖြစ်သည်။ အာဒံနှင့်ဧဝသည် ဧဒင်ဥယျာဉ်၌သစ္စာဆက်ရှိနေရန် ယေဟောဝါဘုရားသခင်အားချစ်ခြင်းလိုအပ်ခဲ့သည်။ အာမဂေဒုန်ကိုကပ်ကျော်၍ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးမှုအဆုံးတွင် နောက်ဆုံးစမ်းသပ်မှုကိုအောင်မြင်ရန် ကျွန်ုပ်တို့တစ်ဦးစီ၌ ထိုသို့သောချစ်ခြင်းမေတ္တာရှိဖို့လိုသည်။ (ဗျာဒိတ် ၇:၁၄; ၂၀:၅၊ ၇-၁၀) ကျွန်ုပ်တို့သည် အဘယ်အခြေအနေ၌ပင်ရှိစေကာမူ ထိုသို့သောမေတ္တာမျိုးကို ကိုယ်စီကိုယ်ငပျိုးထောင်နိုင်သည်။ (မဿဲ ၂၂:၃၇; ၁ ကောရိန္သု ၁၃:၁၃) ယေဟောဝါအားချစ်မြတ်နိုးရန်နှင့် ထိုချစ်ခြင်းမေတ္တာအပေါ်ထာဝစဉ်တည်ဆောက်သွားရန် စိတ်ပိုင်းဖြတ်ကြစို့လေ။

သင်အဘယ်သို့ထင်သနည်း

◻ အဘယ်လူကြိုက်များသောအယူအဆများသည် တစ်ဦးစီ၌တာဝန်ရှိခြင်းနှင့်ပတ်သက်သည့် သမ္မာကျမ်းစာ၏အပြုသဘောပါသောသွန်သင်ခြင်းနှင့် ဆန့်ကျင်သနည်း။

◻ ခရစ်ယာန်တစ်ဦးစီသည် ကိုယ်ကိုယ်နှိုက်တွင် အဘယ်တည်ဆောက်ခြင်းလုပ်ငန်းကို လုပ်ဆောင်ရမည်နည်း။

◻ တစ်ဦးချင်းစီသည် ကိုယ်တိုင်ရွေးချယ်မှုပြုရကြောင်း ယုဒဘုရင်များ၏ပုံသက်သေက မည်သို့ဖော်ပြသနည်း။

◻ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် မကောင်းသောသြဇာများလွှမ်းမိုးနေသော်လည်း ဘဝတွင် မှန်ကန်သောရွေးချယ်မှုကိုပြုနိုင်ကြောင်း ယေဟောဝါမည်သို့အာမခံသနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

သင့်အနာဂတ်သည် မျိုးရိုးဗီဇအားဖြင့် ပိုင်းဖြတ်ထားသလော

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဖခင်၏မကောင်းသောပုံသက်သေတွေ့ ခဲ့ရလျက်နှင့် ဘုရင်ယောရှိသည် ဘုရားသခင့်အမှုတော်ဆောင်ရန်ရွေးချယ်ခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ