ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၇/၁၅ စာ. ၂၆-၂၉
  • ဂါမလျေလ—တာရှုမြို့သားရှောလုကို သူသွန်သင်ပေးခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂါမလျေလ—တာရှုမြို့သားရှောလုကို သူသွန်သင်ပေးခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂါမလျေလကား မည်သူနည်း
  • ဂါမလျေလ၏ သင်ကြားမှုခံရခြင်း—မည်သို့အားဖြင့်နည်း
  • ဂါမလျေလသွန်သင်ချက်များ၏ အနှစ်သာရ
  • ၎င်းက ပေါလုအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
  • ‘ငါတို့သည် ယေရှုအကြောင်း မဟောမပြောဘဲမနေနိုင်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ‘ကျွန်တော်တို့ကတော့ အုပ်စိုးရှင် ဘုရားသခင်ရဲ့စကားကို နားထောင်မှာပဲ’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • မစ်ရှ်နာနှင့်မောရှေကို ဘုရားသခင်ပေးသည့်ပညတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • နောက်ဆုံးအောင်ပွဲသို့ ချီတက်နေခြင်း!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၇/၁၅ စာ. ၂၆-၂၉

ဂါမလျေလ—တာရှုမြို့သားရှောလုကို သူသွန်သင်ပေးခဲ့

လူအုပ်ကြီးသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရပ်နေကြ၏။ မကြာသေးမီအချိန်လေးက တမန်တော်ပေါလုကို သူတို့သတ်ပစ်လုမတတ်ဖြစ်ခဲ့သည်။ တာရှုမြို့သားရှောလုဟုလည်း သိကြသော ထိုသူသည် ရောမစစ်တပ်ကြောင့် လွတ်မြောက်သွားပြီး ယခု ယေရုရှလင်မြို့၊ ဗိမာန်တော်အနီးတွင်ရှိသော လှေကားတစ်ခုပေါ်မှနေ၍ လူများကို မျက်နှာမူထားလျက်ရှိသည်။

တိတ်ဆိတ်ကြရန် လက်ဟန်ပြလိုက်ပြီး ဟေဗြဲဘာသာစကားဖြင့် ပေါလုက “ညီအစ်ကို၊ အဘတို့ အကျွန်ုပ်သည် ကိုယ်အပြစ်ဖြေရာစကားကို သင်တို့ရှေ့မှာ ယခုပြောစဉ်တွင် နားထောင်ကြပါ။ . . . အကျွန်ုပ်သည် ကိလိကိပြည်၊ တာရှုမြို့၌မွေးဖွားသော ယုဒလူဖြစ်ပါ၏။ ဤမြို့မှာလည်း ဂါမလျေလအမည်ရှိသော ဆရာ၏ခြေရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်ဘဆက်ကျင့်သောတရားကို သေချာစွာသိနားလည်ခြင်းငှာ နည်းဥပဒေသကိုခံပါပြီ။ သင်တို့ရှိသမျှသည် ယနေ့တိုင်အောင်ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်နည်းတူ၊ အကျွန်ုပ်လည်းစိတ်အားကြီး” ပါ၏ဟု စတင်၍ပြောလိုက်လေသည်။—တမန်တော် ၂၂:၁-၃။

အသက်အန္တရာယ်ရှိနေလျက်နှင့် ပေါလုသည် ဂါမလျေလ၏လေ့ကျင့်သွန်သင်မှုကို မိမိခံခဲ့ရသည်ဟု ပြောဆိုခြင်းအားဖြင့် သူ၏အပြစ်ဖြေရာစကားကို အဘယ်ကြောင့် အစပြုခဲ့ရသနည်း။ ဂါမလျေလကား မည်သူနည်း၊ သူ၏သွန်သင်မှုကိုခံခဲ့ရခြင်းတွင် အဘယ်အရာပါဝင်သနည်း။ အဆိုပါလေ့ကျင့်မှုသည် ခရစ်ယာန်တမန်တော်ပေါလုဖြစ်လာပြီးသည့်နောက်၌ပင် ရှောလုကို ဩဇာလွှမ်းမိုးခဲ့သလော။

ဂါမလျေလကား မည်သူနည်း

ဂါမလျေလကား နာမည်ကြီးဖာရိရှဲတစ်ဦးဖြစ်၏။ သူသည် ဖာရိရှဲယုဒဘာသာတရားအတွင်း အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းအနက် တစ်ဂိုဏ်းကို ထူထောင်ခဲ့သူ အကြီးအမှူးဟိလေလ၏မြေးဖြစ်သည်။a ဟိလေလ၏သွန်သင်နည်းသည် သူ၏ပြိုင်ဘက်ဖြစ်သော ရှမ္မဲ၏သွန်သင်နည်းထက် ပိုလက်ခံဖွယ်ဖြစ်သည်ဟု ယူမှတ်ခံရ၏။ စီ.အီး. ၇၀ ၌ ယေရုရှလင်ဗိမာန်တော်ကြီး ပျက်စီးသွားပြီးနောက် ဘက် ဟိလေလ (ဟိလေလ၏အမျိုးအနွယ်) ကို ဘက် ရှမ္မဲ (ရှမ္မဲ၏အမျိုးအနွယ်) ထက် ပို၍နှစ်သက်လာကြသည်။ ဗိမာန်တော်ပျက်စီးခြင်းနှင့်အတူ အခြားဂိုဏ်းများအားလုံးသည်လည်း ကွယ်ပျောက်သွားသောကြောင့် ဟိလေလ၏အမျိုးအနွယ်သည် ဩဇာအာဏာရှိသော ယုဒဘာသာတရားဖြစ်လာလေသည်။ ဘက် ဟိလေလ၏ ဆုံးဖြတ်ချက်များသည် တာလ်မွဒ်၏အခြေခံဖြစ်လာသော မစ်ရှ်နာတွင်ပါသည့် ဂျူးဥပဒေသအတွက် အခြေခံဖြစ်သွားလေ့ရှိကာ ၎င်းစိုးမိုးမှု၌ ဂါမလျေလ၏သြဇာသည် အဓိကပံ့ပိုးမှုတစ်ခုဖြစ်သည်မှာ သိသာထင်ရှားလှလေသည်။

ဂါမလျေလသည် အလွန်လေးစားခံရရကား ရဗ္ဗိဟူသည့်ဘွဲ့နာမထက်မြင့်မားသော ဘွဲ့နာမဖြစ်သည့် ရဘင်ဟူ၍ အဦးဆုံးအခေါ်ခံခဲ့ရလေသည်။ အမှန်သော် ဂါမလျေလနှင့်ပတ်သက်၍ မစ်ရှ်နာက “အကြီးအကဲ ရဘင်ဂါမလျေလ သေဆုံးသွားသောအခါ တိုရာ၏ဂုဏ်အသရေ ချုပ်ငြိမ်းသွားခဲ့ရပြီး သန့်ရှင်းစင်ကြယ်မှု [စာသားအရ “သီးသန့်ထားမှု”] ဆုံးပါးခဲ့ရသည်” ဟု ဆိုရလောက်အောင် လေးစားခံရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာသည်။—စိုတာ ၉:၁၅။

ဂါမလျေလ၏ သင်ကြားမှုခံရခြင်း—မည်သို့အားဖြင့်နည်း

‘ဂါမလျေလအမည်ရှိသော ဆရာ၏ခြေရင်း၌ သွန်သင်ခြင်းကိုခံခဲ့ရသည်’ ဟု ယေရုရှလင်မြို့တွင်ရှိသော လူအုပ်ကြီးကို တမန်တော်ပေါလု ပြောကြားခဲ့စဉ်က သူဘာကို ဆိုလိုနေခြင်းဖြစ်သနည်း။ ဂါမလျေလကဲ့သို့သော ဆရာတစ်ပါး၏တပည့်ဖြစ်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။

ထိုကဲ့သို့သော လေ့ကျင့်သင်ကြားပေးမှုနှင့်စပ်လျဉ်း၍ အမေရိက ဂျူးဘာသာရေးကျောင်းမှ ပါမောက္ခဒေါ့ဗ် ဇလေ့တ်နစ်ခ်က “နှုတ်တိုက်ရွတ်ရသောပညတ်၏တိကျမှု၊ ၎င်း၏ယုံကြည်စိတ်ချနိုင်မှုသည် ပညတ်ချက်ကို သင်ကြားပေးရာ၌ ဆရာ၏ဂရုစိုက်မှုနှင့် ၎င်းကို သင်ယူရာ၌ တပည့်ဖြစ်သူ၏စိတ်အားထက်သန်မှုတည်းဟူသော ဆရာ-တပည့်ဆက်ဆံရေးအပေါ်တွင် လုံးလုံးနီးပါးမူတည်လေသည်။ . . . ထို့ကြောင့် တပည့်ဖြစ်သူများသည် ပညာရှင်များ၏ခြေရင်းတွင်ထိုင်ပြီး . . . ‘သူတို့၏စကားများကို ငတ်မွတ်ဆာလောင်စွာဖြင့် သောက်သုံးခံယူကြရန်’ တိုက်တွန်းခံရသည်” ဟု ရေးသားခဲ့လေသည်။—အဗော့ ၁:၄၊ မစ်ရှ်နာ။

ဧမီလ် ရွှယ်ရာသည် A History of the Jewish People in the Time of Jesus Christ ဟူသည့် သူ၏စာအုပ်ထဲ၌ ပထမရာစု ရဗ္ဗိဆရာများ၏နည်းနိဿယများကို ရှင်းလင်းပြသခဲ့သည်။ “ပို၍ နာမည်ကြီးသောရဗ္ဗိများသည် သူတို့၏ဘေးပတ်ပတ်လည်တွင် သင်ကြားပို့ချမှုကိုခံယူလိုသောလူငယ် မြောက်မြားစွာတို့ ခြံရံလျက်နေလေ့ရှိသည်။ အကြောင်းမှာ တစ်ပုံတစ်ပင်နှင့် မျိုးပေါင်းစုံလင်လှသည့် ‘နှုတ်တိုက်ရွတ်ဆိုရသော ပညတ်’ များနှင့် သူတို့ကို စေ့စေ့စပ်စပ်အကျွမ်းဝင်မှုရှိစေလိုသောရည်ရွယ်ချက်ကြောင့်ဖြစ်သည်။ . . . သင်ကြားပို့ချမှုတွင် မှတ်ဉာဏ်ကို ဇွဲရှိရှိဖြင့် မရပ်မနားတမ်းလေ့ကျင့်ပေးခြင်း ပါဝင်၏။ . . . ဆရာက ကျောင်းသားများ၏ဆုံးဖြတ်ချက်အတွက် တရားရေးဆိုင်ရာမေးခွန်းအတော်များများကို တင်ပြပြီး သူတို့ကို ဖြေဆိုစေသည် သို့မဟုတ် သူကိုယ်တိုင်အဖြေပေးလေသည်။ ကျောင်းသားများ၌လည်း ဆရာကို မေးခွန်းထုတ်ခွင့်ရှိသည်” ဟု သူရေးသားခဲ့၏။

ရဗ္ဗိများ၏အမြင်၌ ကျောင်းသားများသက်ရောက်မည့်အကျိုးအပြစ်သည် အောင်မှတ်ရရှိခြင်းထက် ပို၍အရေးကြီးသည်။ ထိုကဲ့သို့သောဆရာလက်အောက်၌ လေ့လာသင်ကြားသူများကို “သင်ယူတတ်သိခဲ့သောအရာများမှ တစ်ခုသောအရာကို မေ့လျော့သူမည်သူမဆို သူ့အသက်အတွက် သူ၌တာဝန်ရှိလာဘိသကဲ့သို့ သမ္မာကျမ်းစာက သူ့ကိုယူမှတ်စေမည်ဖြစ်သည်” ဟူ၍ သတိပေးထား၏။ (အဗော့ ၃:၈) “ရေစက်တစ်စက်မျှပင် ဆုံးရှုံးစေခြင်းမရှိသော အင်္ဂတေကိုင်ထားသည့်ရေတွင်း” နှင့်တူသည့် ကျောင်းသားတစ်ဦးသည် အကြီးအကျယ်ချီးမွမ်းခံရမည်ဖြစ်သည်။ (အဗော့ ၂:၈) ထိုအချိန်က တာရှုမြို့သားရှောလုဟူ၍ သူ၏ဟေဗြဲအမည်ဖြင့်သိကြသော ပေါလုသည် ထိုကဲ့သို့သောလေ့ကျင့်မှုမျိုးကို ဂါမလျေလထံမှ ရရှိခဲ့လေသည်။

ဂါမလျေလသွန်သင်ချက်များ၏ အနှစ်သာရ

ဖာရိရှဲဆိုင်ရာသွန်သင်ချက်များကို စောင့်ထိန်းသောအားဖြင့် ဂါမလျေလသည် နှုတ်တိုက်ရွတ်ဆိုရသော ပညတ်၌ ယုံကြည်မှုကို တိုးပွားစေခဲ့သည်။ ထို့ကြောင့် သူသည် မှုတ်သွင်းခံသမ္မာကျမ်းစာထက် ရဗ္ဗိထုံးတမ်းစဉ်လာများကို ပို၍အလေးပေးဖော်ပြခဲ့လေသည်။ (မဿဲ ၁၅:၃-၉) ဂါမလျေလကို ကိုးကား၍ မစ်ရှ်နာ၌ “ဆယ်ဖို့တစ်ဖို့ကို မှန်းဆ၍ ပိုမပေးမိစေရန်အတွက် သင်သည် သံသယနှင့်ကင်းလွတ်မည်အကြောင်း ဆရာ [ရဗ္ဗိ] တစ်ဦးကို ခေါ်လော့” ဟု ဖော်ပြထားသည်။ (အဗော့ ၁:၁၆) ဟေဗြဲကျမ်းစောင်က ဘာလုပ်ရမည်ကို ပြတ်သားစွာဖော်ပြထားခြင်းမရှိခဲ့သောအခါ လူတစ်ဦးသည် ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ရာ၌ သူ၏ကိုယ်ပိုင်တွေးဆချက်ကို အသုံးမပြုမိရန် သို့မဟုတ် သူ၏သြတ္တပ္ပစိတ်အတိုင်း မလိုက်မိရန် ယင်းကဆိုလိုနေခြင်းဖြစ်သည်။ သို့အစား သူ့အတွက် ဆုံးဖြတ်ချက်ကို ချမှတ်ပေးမည့် အရည်အချင်းရှိသော ရဗ္ဗိတစ်ဦးကို ရှာဖွေရန်ဖြစ်သည်။ ဂါမလျေလ၏အဆိုအရ ဤနည်းအားဖြင့်သာ လူတစ်ဦးသည် အပြစ်မှ ကင်းလွတ်လိမ့်မည်ဖြစ်သည်။—ရောမ ၁၄:၁-၁၂ နှိုင်းယှဉ်။

သို့ပါသော်လည်း ဂါမလျေလသည် သူ၏ဘာသာရေးဆိုင်ရာ တရားဝင်ပြဋ္ဌာန်းမှုများ၌ အများအားဖြင့် ပို၍သည်းခံမှုရှိပြီး သဘောထားကြီးမှုအတွက် ထင်ရှားလေသည်။ ဥပမာအနေနှင့် သူသည် “[လင်ယောက်ျားသေဆုံးကြောင်း] သက်သေအထောက်အထားတစ်ခုတည်းနှင့် ဇနီးသည်တစ်ဦးကို ပြန်လည်လက်ထပ်ခွင့်ပြု” မည်ဖြစ်ကြောင်း ပြဋ္ဌာန်းခဲ့စဉ်၌ အမျိုးသမီးများကို ထောက်စာမှုတင်ပြခဲ့သည်။ (ယေဗာမော့တ် ၁၆:၇၊ မစ်ရှ်နာ) ထို့အပြင် တစ်ခုလပ်ကို ကာကွယ်ရန်အတွက် ကွာရှင်းစာထုတ်ပြန်ချက်ထဲတွင် ကန့်သတ်ချက်အတော်များများကို ဂါမလျေလထည့်သွင်းခဲ့သည်။

ဤစိတ်ဓာတ်ကို ယေရှုခရစ်၏အစောပိုင်းနောက်တော်လိုက်များနှင့် ဂါမလျေလဆက်ဆံရာတွင်လည်း တွေ့ မြင်ရ၏။ အခြားသောဂျူးခေါင်းဆောင်များက ဟောပြောမှုအတွက် သူတို့ဖမ်းဆီးထားသော ယေရှု၏တမန်တော်များကိုသတ်ပစ်ရန် ကြိုးစားကြသောအခါ “လူအပေါင်းတို့ရိုသေသောသူ၊ ဂါမလျေလအမည်ရှိသောနိဿရည်းဆရာ၊ ဖာရိရှဲတစ်ယောက်သည် လွှတ်တော်ပေါ်၌ထ၍ တမန်တော်တို့ကိုပြင်သို့ခဏထွက်စေပြီးလျှင် ‘ဣသရေလလူတို့၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့။ . . . ဤသူတို့ကို ရှောင်ရှား၍အလိုအလျောက်ရှိကြပါစေဟု ငါဆို၏။ . . . သင်တို့သည် ဘုရားသခင်၏အာဏာတော်ကိုဆန်သောသူ မဖြစ်မည်အကြောင်းသတိပြုကြလော့’ ဟုပြောဆို၏” ဟူ၍ တမန်တော်ဝတ္ထုက ဖော်ပြသည်။ ဂါမလျေလ၏အကြံပေးချက်ကို လိုက်နာခဲ့ကြပြီး တမန်တော်များလည်း လွတ်မြောက်သွားလေသည်။—တမန်တော် ၅:၃၄-၄၀။

၎င်းက ပေါလုအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း

ပေါလုသည် စီ.အီး. ပထမရာစုရှိ ကြီးမြတ်လှသော ရဗ္ဗိဆရာတစ်ဦး၏ လေ့ကျင့်သွန်သင်မှုကို ခံခဲ့ရသည်။ ဂါမလျေလကို တမန်တော်၏ကိုးကားချက်က သူ၏ပြောဆိုမှုများကို ယေရုရှလင်မြို့တွင်ရှိသော လူအုပ်ကြီး အထူးအာရုံစိုက်စရာဖြစ်လာစေခဲ့မည်မှာ ဆိုဖွယ်မရှိချေ။ သို့သော် သူသည် ဂါမလျေလထက် အဆပေါင်းများစွာသာလွန်မြင့်မြတ်လှသော ဆရာတစ်ပါးဖြစ်သည့် မေရှိယတည်းဟူသော ယေရှုအကြောင်းကို သူတို့အားပြောပြခဲ့သည်။ ယခုအချိန်၌ ပေါလုသည် ဂါမလျေလ၏တပည့်တစ်ယောက်အဖြစ်မဟုတ်ဘဲ ယေရှု၏တပည့်တစ်ယောက်အဖြစ် လူအုပ်ကြီးကို ဟောပြောနေခြင်းဖြစ်လေသည်။—တမန်တော် ၂၂:၄-၂၁။

ခရစ်ယာန်တစ်ဦးအနေနှင့် ပေါလု၏သွန်သင်ချက်များကို ဂါမလျေလ၏လေ့ကျင့်ပေးမှုက လွှမ်းမိုးခဲ့ပါသလော။ သမ္မာကျမ်းစာနှင့် ဂျူးဥပဒေသများကို အတိအကျသင်ကြားပေးခံခဲ့ရခြင်းက ခရစ်ယာန်ဆရာတစ်ဦးအဖြစ် ပေါလုအတွက် များစွာအသုံးဝင်ဟန်ရှိပေသည်။ သို့သော်လည်း သမ္မာကျမ်းစာထဲတွင်တွေ့ရှိရသော ဘုရားသခင်မှုတ်သွင်းတော်မူသည့် ပေါလု၏စာစောင်များက ဂါမလျေလ၏ ဖာရိရှဲယုံကြည်ယူဆချက်များဆိုင်ရာ အခြေခံသွန်သင်ချက်များကို သူငြင်းပယ်ခဲ့ကြောင်း ရှင်းလင်းစွာဖော်ပြသည်။ ပေါလုသည် သူ၏ဂျူးလူမျိုးချင်းများနှင့် အခြားသူအားလုံးတို့ကို ယုဒဘာသာတရားမှ ရဗ္ဗိများ သို့မဟုတ် လူလုပ်ဓလေ့ထုံးတမ်းများထံသို့မဟုတ်ဘဲ ယေရှုခရစ်ထံသို့ ညွှန်ပြခဲ့သည်။—ရောမ ၁၀:၁-၄။

အကယ်၍သာ ပေါလုသည် ဂါမလျေလ၏တပည့်တစ်ဦးဆက်ဖြစ်နေမည်ဆိုပါက အကြီးအကျယ် ဂုဏ်တက်ခဲ့ပေမည်။ ဂါမလျေလ၏အသိုင်းအဝိုင်းမှ အခြားသောသူတို့သည် ယုဒဘာသာတရား၏အနာဂတ်အတွက် အဆုံးအဖြတ်ပေးခဲ့ကြသည်။ ဥပမာအနေနှင့် ပေါလု၏ကျောင်းနေဖက်တစ်ဦးဖြစ်ကောင်းဖြစ်ခဲ့မည့် ဂါမလျေလ၏သား စီမွန်သည် ဂျူးလူမျိုး ရောမကိုတော်လှန်ပုန်ကန်ရာ၌ အဓိကကဏ္ဍမှ ပါဝင်ခဲ့သည်။ ဗိမာန်တော်ပျက်စီးသွားပြီးနောက် ဂါမလျေလ၏မြေး ဒုတိယဂါမလျေလသည် ဆဲန်ဟီဒရင်၏အာဏာပိုင်အဖွဲ့ကို ပြန်လည်ထူထောင်ခဲ့ပြီး ၎င်းကို ဂျာနာရွာသို့ ပြောင်းရွှေ့လိုက်သည်။ ဒုတိယဂါမလျေလ၏မြေး ယုဒ ဟာ-နာစီသည် ကျွန်ုပ်တို့၏ခေတ်တိုင် ဂျူးတို့ယူဆချက်၏အခြေခံအုတ်မြစ်ဖြစ်လာသော မစ်ရှ်နာကို ပြုစုခဲ့သူဖြစ်လေသည်။

ဂါမလျေလ၏ကျောင်းသားတစ်ဦးအနေနှင့် တာရှုမြို့သားရှောလုသည် ယုဒဘာသာတရားတွင် အလွန်ကျော်ကြားလာနိုင်သည်။ သို့သော်လည်း ထိုကဲ့သို့သော အလုပ်နှင့်စပ်လျဉ်း၍ ပေါလုက “ငါ့အတွက် အမြတ်ဟုမှတ်ယူနိုင်သည့်အရာမှန်သမျှကို ယခုအခါ ခရစ်တော်၏အတွက်ကြောင့် အရှုံးဟု မှတ်ယူ၏။ ထိုမျှမက ငါ၏အရှင်သခင်ယေရှုကိုသိကျွမ်းရခြင်းသည် အရာခပ်သိမ်းတို့ထက်တန်ဖိုးရှိသည်ဖြစ်၍ ယင်းတို့ကို ငါ့အားရှုံးစေသည့်အရာများဟူ၍ ငါထင်မှတ်၏။ ငါသည် ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပစ်ခဲ့၏။ ခရစ်တော်ကိုအမြတ်ရနိုင်ရန် . . . ထိုအရာများကို အမှိုက်သရိုက်ကဲ့သို့ ငါထင်မှတ်၏” ဟု ရေးသားခဲ့သည်။—ဖိလိပ္ပိ ၃:၇၊ ၈၊ သတင်းကောင်း။

ဖာရိရှဲတစ်ဦးအဖြစ် သူ၏လုပ်ငန်းကို မျက်ကွယ်ပြုလိုက်ပြီး ယေရှုခရစ်၏နောက်တော်လိုက်တစ်ဦးဖြစ်လာခြင်းအားဖြင့် ပေါလုသည် “ဘုရားသခင်၏အာဏာတော်ကိုဆန်သော” အဖြစ်မှ ကြဉ်ရှောင်ကြရန်ဟူသည့် သူ့ယခင်ဆရာဟောင်း၏အကြံပြုချက်ကို လက်တွေ့ကျကျအသုံးချခဲ့လေသည်။ ယေရှု၏တပည့်တော်များကို ညှဉ်းပန်းနှိပ်စက်ခြင်းမှ ရပ်တန့်လိုက်ခြင်းအားဖြင့် ပေါလုသည် ဘုရားသခင်၏အာဏာတော်ကိုဆန်ခြင်းအဖြစ်မှ ရပ်တန့်လိုက်သည်။ သို့အစား ခရစ်တော်၏နောက်တော်လိုက်တစ်ဦးဖြစ်လာခြင်းအားဖြင့် သူသည် “ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်” တစ်ဦးဖြစ်လာလေသည်။—၁ ကောရိန္သု ၃:၉၊ သမ္မာ။

ကျွန်ုပ်တို့ခေတ်၌ စစ်မှန်သောခရစ်ယာန်ဘာသာတရား၏သတင်းတော်ကို ဇွဲနပဲကြီးစွာဖြင့် ယေဟောဝါသက်သေများက ဆက်လက်၍ကြွေးကြော်လျက်ရှိကြသည်။ ပေါလုနည်းတူ ဤသူများစွာတို့သည် သူတို့၏ဘဝအသက်တာ၌ အံ့သြဖွယ်ကောင်းလောက်အောင် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ကြပြီဖြစ်သည်။ အမှန်ပင် “ဘုရားသခင်မှ” ဖြစ်သော လုပ်ငန်းတစ်ခုဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် ပို၍ပါဝင်နိုင်ကြရန်အလို့ငှာ အချို့သောသူတို့သည် အလားအလာကောင်းသည့်လုပ်ငန်းများကိုပင် စွန့်လွှတ်ခဲ့ကြသည်။ (တမန်တော် ၅:၃၉၊ သမ) သူတို့သည် ပေါလု၏ယခင်ဆရာဟောင်း၏ပုံသက်သေနောက်သို့လိုက်မည့်အစား ပေါလု၏ပုံသက်သေနောက်သို့လိုက်ခဲ့ကြသောကြောင့် အလွန်ပျော်ရွှင်ကြလေသည်တကား!

[အောက်ခြေမှတ်ချက်များ]

a အချို့သောအတ္ထုပ္ပတ္တိများက ဂါမလျေလသည် ဟိလေလ၏သားဖြစ်သည်ဟု ဆိုကြသည်။ တာလ်မွဒ်ကျမ်းက ဤကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းစွာဖော်ပြထားခြင်းမရှိချေ။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

တမန်တော်ပေါလုအနေနှင့် တာရှုမြို့သားရှောလုသည် လူမျိုးအသီးသီးမှ လူတို့ထံသို့ သတင်းကောင်းကို ကြွေးကြော်ခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ