ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ ဇွန် စာ. ၁၆-၂၀
  • အငြင်းပွားမှုတွေကို ဖြေရှင်းပြီး ငြိမ်သက်မှု ရှိစေမလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အငြင်းပွားမှုတွေကို ဖြေရှင်းပြီး ငြိမ်သက်မှု ရှိစေမလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြဿနာနဲ့ ဖြေရှင်းနည်း
  • ကိုယ်ရည်ကိုယ်သွေးမျိုးစုံ ရှိခြင်းက အသင်းတော်ကို ကြွယ်ဝစေ
  • ဆက်အငြင်းမပွားပါနဲ့
  • “ငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်လော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • သဘောထားကွဲလွဲမှုတွေကို မေတ္တာနဲ့ဖြေရှင်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • တစ်ယောက်နှင့်တစ်ယောက် မေတ္တာ၌ သင့်မြတ်စွာ နေထိုင်ခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ငြိမ်သက်ခြင်း—ဘယ်လိုရနိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ ဇွန် စာ. ၁၆-၂၀
အသင်းတော်အစည်းအဝေးမှာ ဒေါသထွက်နေတဲ့ ညီအစ်မတစ်ယောက်

အငြင်းပွားမှုတွေကို ဖြေရှင်းပြီး ငြိမ်သက်မှု ရှိစေမလား

ငြိမ်သက်မှုကို မြတ်နိုးဖို့၊ ငြိမ်သက်မှုကို ဘဝမှာ အဓိကထားဖို့ ခရစ်ယာန်တွေကို ယေဟောဝါဘုရား တိုက်တွန်းထားတယ်။ သင့်မြတ်ငြိမ်သက်စွာ နေထိုင်ခြင်းကြောင့် စစ်မှန်တဲ့ ဝတ်ပြုသူတွေ ငြိမ်သက်မှုအလျှံပယ် ခံစားကြရတယ်။ ဒါက အငြင်းပွားမှု ကင်းဝေးလိုသူတွေကို ခရစ်ယာန် အသင်းတော်ဆီ ဆွဲဆောင်မှု ဖြစ်စေတယ်။

ဥပမာ၊ ယေဟောဝါသက်သေတွေရဲ့ စည်းလုံးမှုကို မာဒါဂတ်စကာက ထင်ပေါ်တဲ့ မှော်ဆရာတစ်ယောက် သတိပြုမိတယ်။ ‘ဘာသာတစ်ခုကို ရွေးရမယ်ဆိုရင် ဒီဘာသာကိုပဲ ငါရွေးမယ်’ လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်။ အတန်ကြာတော့ နတ်ဆိုးပညာတွေကို စွန့်လွှတ်လိုက်တယ်။ ကျမ်းစာနဲ့မညီတဲ့ အိမ်ထောင်ရေး အခြေအနေကို လနဲ့ချီပြီး ပြုပြင်တည့်မတ်ခဲ့တယ်။ ဒါနဲ့ ငြိမ်သက်ခြင်းရဲ့ ဘုရား ယေဟောဝါကို ကိုးကွယ်သူ ဖြစ်လာတယ်။

သူ့လိုပဲ နှစ်စဉ် လူထောင်ပေါင်းများစွာလည်း အလွန်တမ်းတနေတဲ့ ငြိမ်သက်မှုကို ခရစ်ယာန်အသင်းတော်မှာ ရှာတွေ့နေကြတယ်။ ဒါပေမဲ့ အသင်းတော်မှာ ‘မနာလိုစိတ်၊ ငြင်းခုံရန်တွေ့ချင်စိတ်’ ရှိနေရင် မိတ်ပျက်ပြီး ပြဿနာတွေ ပေါ်လာနိုင်တယ်လို့ ကျမ်းစာမှာ ရှင်းလင်းစွာ ဖော်ပြထားတယ်။ (ယာ. ၃:၁၄-၁၆) ဝမ်းသာစရာကတော့ ပြဿနာတွေကို ဖြေရှင်းနိုင်ပုံ၊ ငြိမ်သက်မှု တိုးပွားစေနိုင်ပုံနဲ့ပတ်သက်တဲ့ အကြံပြုချက်ကောင်းတွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဖြစ်ရပ်မှန် အခြေအနေတချို့ကို သုံးသပ်ကြည့်ကြစို့။

ပြဿနာနဲ့ ဖြေရှင်းနည်း

“အတူအလုပ်လုပ်တဲ့ ညီအစ်ကိုတစ်ယောက်နဲ့ ကျွန်တော် အဆင်မပြေဘူး။ တစ်ယောက်ကိုတစ်ယောက် အော်ဟစ်ပြောဆိုနေတုန်း လူနှစ်ယောက် ရောက်လာပြီး တွေ့သွားတယ်။”—ခရစ္စ။

တစ်ယောက်ကို တစ်ယောက် ဘုကြည့်ကြည့်နေတဲ့ ညီအစ်မနှစ်ယောက်

“အတူ အမှုဆောင်ထွက်လေ့ရှိတဲ့ ညီအစ်မတစ်ယောက်က ရုတ်တရက်ကြီး အမှုဆောင်အစီအစဉ် ဖျက်လိုက်တယ်။ ကျွန်မနဲ့လည်း စကားမပြောတော့ဘူး။ ဘာကြောင့်မှန်းကို မသိဘူး။”—ဂျန်းနက်။

“သုံးယောက်အတူ ဖုန်းပြောကြတယ်။ တစ်ယောက်က  နှုတ်ဆက်စကား ပြောလို့ ဖုန်းချသွားတယ်ထင်ပြီး သူ့မကောင်းကြောင်းတွေကို နောက်တစ်ယောက်နဲ့ ပြောမိတယ်။ တကယ်တော့ သူ ဖုန်းမချသေးဘူး။”—မိုက်ကယ်။

“ကျွန်တော်တို့ အသင်းတော်မှာ ရှေ့ဆောင် ညီအစ်မနှစ်ယောက် ပြဿနာ ဖြစ်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် ကြိမ်းမောင်းပြောဆိုကြတယ်။ ဒါက တခြားသူတွေကို စိတ်ဓာတ်ကျစေတယ်။”—ဂယ်ရီ။

အထက်ပါအခြေအနေတွေ သေးငယ်တယ်လို့ ထင်ရနိုင်တယ်။ ဒါပေမဲ့ တစ်ခုစီက ပါဝင်ပတ်သက်သူတွေကို တစ်သက်လုံး စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း ထိခိုက်စေနိုင်တယ်။ ဒါပေမဲ့ အဲဒီညီအစ်ကို/မအားလုံး ကျမ်းစာကို လမ်းညွှန်အဖြစ် သုံးပြီး ငြိမ်သက်မှု ပြန်ရခဲ့ကြတယ်။ ဘယ်ကျမ်းစာ လမ်းညွှန်ချက်တွေကို သူတို့ အောင်မြင်စွာ ကျင့်သုံးခဲ့ကြသလဲ။

“လမ်းမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုးမနေကြပါနဲ့။” (က. ၄၅:၂၄) ဖခင်ဆီ ပြန်တော့မယ့် အစ်ကိုတွေကို ယောသပ် အဲဒီလို ပြောခဲ့တယ်။ အလွန်ပညာရှိတဲ့ စကားတွေပါပဲ။ လူတစ်ယောက် ကိုယ့်ခံစားချက်ကို မထိန်းချုပ်ဘဲ အလွယ်တကူ စိတ်ဆိုးရင် တခြားသူတွေကို ဒေါသထွက်စေနိုင်တယ်။ မိမိအားနည်းချက်က မာနကြီးပြီး လမ်းညွှန်ချက်ကို လက်ခံဖို့ တွန့်ဆုတ်တတ်ခြင်းဖြစ်ကြောင်း ခရစ္စ သိလာတယ်။ ပြောင်းလဲချင်တဲ့အတွက် အငြင်းပွားခဲ့တဲ့ ညီအစ်ကိုကို တောင်းပန်ပြီး ဒေါသကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ ပြောင်းလဲဖို့ ခရစ္စ ကြိုးစားတာကို သတိထားမိပြီး အလုပ်ဖော်လည်း ပြုပြင်ပြောင်းလဲခဲ့တယ်။ အခု ယေဟောဝါကို ပျော်ရွှင်စွာ အတူတကွ ဝတ်ပြုနေကြပြီ။

“တိုင်ပင်ဆွေးနွေးတာ မရှိရင် အစီအစဉ်တွေ ပျက်တတ်တယ်။” (ပညာ. ၁၅:၂၂) ဒီအမှန်တရားကို ပိုနှလုံးသွင်းဖို့ လိုအပ်တယ်လို့ ဂျန်းနက် ယူဆတယ်။ ဒီအကြောင်းကို ပြဿနာဖြစ်တဲ့ ညီအစ်မနဲ့ “ဆွေးနွေး” ဖို့ ဆုံးဖြတ်ခဲ့တယ်။ နာကြည်းနေတဲ့ကိစ္စကို ဖွင့်ပြောဖို့ ညီအစ်မကို ဂျန်းနက် လမ်းကြောင်းပေးခဲ့တယ်။ အစပိုင်းမှာ အတော်လေး တင်းမာခဲ့ပေမဲ့ တည်တည်ငြိမ်ငြိမ် ဆွေးနွေးရင်း အခြေအနေ တိုးတက်လာတယ်။ ဂျန်းနက်နဲ့ ဘာမှမဆိုင်တဲ့ကိစ္စကို နားလည်မှုလွဲနေမှန်း ညီအစ်မ သိလာတယ်။ ဒါနဲ့ တောင်းပန်ပြီး ယေဟောဝါကို အတူတကွ ဝတ်ပြုနေကြတယ်။

“ပူဇော်ရာပလ္လင်ဆီ အလှူယူလာနေတုန်းမှာ ကိုယ့်ကို မကျေမနပ်ဖြစ်နေတဲ့ ညီအစ်ကိုကို သတိရသွားရင် အလှူကို ပလ္လင်ရှေ့မှာ ထားခဲ့ပါ။ ညီအစ်ကိုဆီ သွားပြီး သူနဲ့ပြေလည်အောင် အရင်လုပ်ပါ။” (မ. ၅:၂၃၊ ၂၄) တောင်ပေါ်တရားတော်မှာ ယေရှု ပေးခဲ့တဲ့ ဒီအကြံဉာဏ်ကို သင်မှတ်မိမှာပါ။ မိမိလုပ်ရပ်က ထောက်ထားစာနာမှု၊ ကြင်နာမှု မဲ့သွားမှန်း မိုက်ကယ် သိလာတဲ့အခါ စိတ်ပျက်မိတယ်။ ငြိမ်သက်မှု ပြန်ရအောင် ကြိုးစားဖို့ ဆုံးဖြတ်ပြီး ထိခိုက်အောင် လုပ်မိတဲ့အတွက် ညီအစ်ကို့ကို နှိမ့်ချစွာ မျက်နှာချင်းဆိုင် တောင်းပန်ခဲ့တယ်။ ဘာရလဒ် ရခဲ့သလဲ။ “ညီအစ်ကိုက ကျွန်တော့်ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တယ်” လို့ မိုက်ကယ် ပြောတယ်။ ခင်ခင်မင်မင် ပြန်ဖြစ်သွားကြတယ်။

“အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီးသည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။” (ကော. ၃:၁၂-၁၄) သက်တမ်းကြာ ရှေ့ဆောင်နှစ်ယောက်ရဲ့ ဖြစ်ရပ်မှာ ကြင်နာတတ်တဲ့ အကြီးအကဲက ဒီမေးခွန်းတွေကို ပြန်သုံးသပ်ဖို့ ကူညီပေးခဲ့တယ်– ‘လူနှစ်ယောက်ရဲ့ သဘောထားကွဲလွဲမှုကြောင့် တခြားသူတွေကို စိတ်ထိခိုက်အောင် လုပ်သင့်သလား။ အချင်းချင်းကို သည်းမခံဖို့၊ ယေဟောဝါကို ငြိမ်းချမ်းသင့်မြတ်စွာ ဆက်ဝတ်မပြုဖို့ ခိုင်လုံတဲ့ အကြောင်းရင်း တကယ်ကော ရှိရဲ့လား။’ အကြီးအကဲရဲ့ အကြံဉာဏ်ကို သူတို့ လက်ခံကျင့်သုံးခဲ့ကြတယ်။ အခု ချစ်ချစ်ခင်ခင် သတင်းကောင်း ဟောပြောနေကြပြီ။

အထက်မှာ ကိုးကားခဲ့တဲ့ ကောလောသဲ ၃:၁၂-၁၄ ကို ကျင့်သုံးခြင်းက သင့်ကို တစ်ယောက်ယောက် စိတ်ထိခိုက်စေတဲ့အခါ ကူညီပေးနိုင်တယ်။ နှိမ့်ချမှုကြောင့် ခွင့်လွှတ်ပြီး မေ့ပစ်လိုက်နိုင်ကြောင်း လူများစွာ တွေ့ရှိခဲ့ကြပြီ။ အတော်အတန် ကြိုးစားပြီးနောက် အဆင်မပြေသေးရင် မဿဲ ၁၈:၁၅ မှာပါတဲ့ မူကို ကျင့်သုံးနိုင်တယ်။ လူတစ်ယောက် တခြားတစ်ယောက်အပေါ် ကြီးလေးတဲ့အပြစ် ကျူးလွန်မိတဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာကို ယေရှု ဆိုလိုနေတာဖြစ်တယ်။ ဒါပေမဲ့ အဲဒီမူကို သင်လိုက်နာနိုင်ပါတယ်။ ညီအစ်ကို/မဆီ သွားပြီး ပြဿနာကို ကြင်နာစွာ၊ နှိမ့်ချစွာ ဆွေးနွေးဖြေရှင်းလိုက်ရုံပါပဲ။

ကျမ်းစာမှာ တခြားလက်တွေ့ကျ အကြံပြုချက်တွေလည်း ရှိပါတယ်။ အများစုကတော့ “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ . . . ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတို့” ကို တင်ပြခြင်းအပေါ် မူတည်နေပါတယ်။ (ဂလ. ၅:၂၂၊ ၂၃) စက်ကို ချောမွေ့စေတဲ့ ဆီလိုပဲ ဘုရားရေးရာ အရည်အသွေးတွေက သင့်မြတ်အောင် လုပ်ဆောင်ရာမှာ ချောမောစေနိုင်တယ်။

ကိုယ်ရည်ကိုယ်သွေးမျိုးစုံ ရှိခြင်းက အသင်းတော်ကို ကြွယ်ဝစေ

တစ်ဦးစီမှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေး တစ်မျိုးစီက မိတ်ဆွေကောင်းတွေ ရရှိစေနိုင်တယ်။ ကိုယ်ရည်ကိုယ်သွေး မတူတဲ့အတွက် အငြင်းပွားမှုတွေ ဖြစ်လာနိုင်ပါတယ်။ အတွေ့အကြုံရှိတဲ့ အကြီးအကဲတစ်ယောက် ဒီလိုပြောတယ်– “ရှက်တတ်သူ တစ်ယောက်ယောက်ဟာ ပွင့်လင်းပြီး စကားကျယ်ကျယ် ပြောတတ်သူနားမှာ နေရတာ အဆင်မပြေဘူး။ ဘာမှ မဟုတ်တဲ့ ကွဲပြားမှုလို့ ထင်ရပေမဲ့ ကြီးလေးတဲ့ပြဿနာတွေ ဖြစ်စေနိုင်တယ်။” ကွဲပြားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူတွေမှာ ပြဿနာတွေ ပိုဖြစ်နိုင်တယ်လို့ ထင်ပါသလား။ တမန်တော် နှစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ ပေတရုက ဘယ်လို လူစားမျိုးလဲ။ ပွင့်လင်းပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သူလို့ တွေးမိနိုင်တယ်။ ယောဟန်ကော။ ချစ်ခင်တတ်ပြီး တွေးတွေးဆဆ ပြောဆိုလုပ်ကိုင်တတ်သူလို့ တွေးမိမယ်။ အဲဒီလို တွေးမိနိုင်စရာ အကြောင်းရင်းတွေ ရှိနိုင်တယ်။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး ကွဲပြားတယ်။ ဒါပေမဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။ (တ. ၈:၁၄။ ဂလ. ၂:၉) ဒါကြောင့် ကိုယ်ရည်ကိုယ်သွေး တော်တော်ကွဲပြားတဲ့ ခရစ်ယာန်တွေ အတူတကွ လုပ်ဆောင်နိုင်ပါတယ်။

အသင်းတော်မှာ ကိုယ့်စိတ်နဲ့ မတွေ့တဲ့ အပြောအဆို၊ အပြုအမူရှိတဲ့ ညီအစ်ကိုတစ်ယောက် ရှိနိုင်တယ်။ သူ့အတွက် ခရစ်တော် အသေခံခဲ့တယ်၊ သူ့ကို မေတ္တာ ပြရမယ်ဆိုတာ သိထားတယ်။ (ယော. ၁၃:၃၄၊ ၃၅။ ရော. ၅:၆-၈) ဒါကြောင့် သူ့ကို မိတ်ဆွေစာရင်းထဲကနေ ဖျက်ပစ်လိုက်မယ့်အစား၊ ရှောင်ဖယ်မယ့်အစား ‘ငါ့ညီအစ်ကိုက ကျမ်းစာနဲ့ မညီတာတစ်ခုခု လုပ်နေလို့လား။ ငါစိတ်အနှောင့်အယှက်ဖြစ်အောင် တမင်လုပ်နေတာလား။ ကိုယ်ရည်ကိုယ်သွေး မတူတာပဲလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ အရေးကြီးဆုံးကတော့ ‘သူ့ရဲ့ ဘယ်အရည်အသွေးကောင်းကနေ ငါအကျိုးရနိုင်မလဲ’ လို့မေးဖို့ပဲ။

နောက်ဆုံးမေးခွန်းက အရေးကြီးတယ်။ သူက စကားများတယ်၊ ကိုယ်က စကားနည်းတယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ သူစကားစမြည် စပြောတဲ့အတွက် ဘယ်လောက် အဆင်ပြေမယ်ဆိုတာ စဉ်းစားကြည့်ပါ။ အမှုဆောင်လုပ်ငန်းမှာ အတူလုပ်ဆောင်ဖို့ ဖိတ်ခေါ်ပြီး သူ့ဆီက သင်ယူပါ။ သူက တခြားသူတွေအပေါ် ရက်ရောတတ်တယ်၊ ကိုယ်က တွန့်တိုတယ်ဆိုရင် အသက်ကြီးသူတွေ၊ မကျန်းမာသူတွေ၊ လိုအပ်သူတွေကို ပေးကမ်းခြင်းကနေ ရရှိတဲ့ ပျော်ရွှင်မှုကို သတိပြုကြည့်ပါ။ အဓိက,ကတော့ ကိုယ်ရည်ကိုယ်သွေး မတူပေမဲ့ ကောင်းကွက်ကို အာရုံစိုက်ခြင်းအားဖြင့် သင်တို့နှစ်ဦး ပိုရင်းနှီးလာနိုင်တယ်။ အရင်းနှီးဆုံး မိတ်ဆွေတွေ မဖြစ်လာရင်တောင် အချင်းချင်း ပိုရင်းနှီးလာပြီး သင်ကိုယ်တိုင်ရော အသင်းတော်မှာပါ ငြိမ်သက်မှု ခံစားရနိုင်တယ်။

ဧဝေါဒိနဲ့ သုန္တုတ်တို့ ကိုယ်ရည်ကိုယ်သွေး အတော်လေး ကွဲပြားခဲ့နိုင်တယ်။ ဒါပေမဲ့ “သခင့်အမှုတော်ဆောင်တဲ့အခါ တစ်စိတ်တစ်သဘောတည်း ရှိကြဖို့” သူတို့ကို တမန်တော် ပေါလု အားပေးခဲ့တယ်။ (ဖိ. ၄:၂) သင်လည်း အလားတူ ပန်းတိုင်ထားပြီး လုပ်ဆောင်နိုင်မလား။

ဆက်အငြင်းမပွားပါနဲ့

ပန်းဥယျာဉ်ထဲက ပေါင်းပင်တွေလိုပဲ တခြားသူတွေနဲ့ပတ်သက်တဲ့ မကောင်းတဲ့ ခံစားချက်တွေကို အမြစ်ပါမကျန် ဆွဲမနုတ်ရင် ပိုတိုးပွားလာလိမ့်မယ်။ လူတစ်ယောက်မှာ နာကြည်းစိတ် အမြစ်တွယ်ပြီဆိုရင် အသင်းတော်တစ်ခုလုံးကို ဂယက်ရိုက်လာနိုင်တယ်။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေကို ချစ်မယ်ဆိုရင် သဘောထားကွဲလွဲမှုတွေကြောင့် ဘုရားသခင့်လူမျိုးရဲ့ ငြိမ်သက်မှု မပျက်စီးဖို့၊ ယုတ်လျော့မသွားဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပါလိမ့်မယ်။

တစ်ယောက်ကို တစ်ယောက် ဘုကြည့်ကြည့်နေတဲ့ ညီအစ်မနှစ်ယောက်

ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ငြိမ်သက်မှုရှိဖို့ ကြိုးစားမယ်ဆိုရင် အကောင်းဆုံး ရလဒ်တွေ ရရှိနိုင်

သင့်မြတ်ဖို့ ပန်းတိုင်နဲ့ အငြင်းပွားမှုတွေ၊ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းမယ်ဆိုရင် ရလဒ်ကောင်းတွေကြောင့် အံ့ဩရပါလိမ့်မယ်။ ညီအစ်မတစ်ယောက်ရဲ့ အဖြစ်ကို သုံးသပ်ကြည့်ပါ– “ညီအစ်မတစ်ယောက်က ကျွန်မကို ကလေးလိုပဲ ဆက်ဆံနေတယ်လို့ ခံစားရတယ်။ တအား စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ကြာလာတော့ မချေမငံ ဆက်ဆံမိတယ်။ ‘ငါ့ကို ထိုက်သင့်သလို မလေးစားလို့ ငါလည်း သူ့ကို လေးစားစရာ မလိုဘူး’ လို့ တွေးမိတယ်။”

ကိုယ့်လုပ်ရပ်ကို ဒီညီအစ်မ ပြန်စဉ်းစားမိတယ်။ “ကိုယ့်အားနည်းချက်ကို မြင်လာပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိတယ်။ ကျွန်မ ပြောင်းလဲရမယ်ဆိုတာ သိလာတယ်။ ဒီကိစ္စကို ယေဟောဝါဆီ ဆုတောင်းပြီးနောက် ညီအစ်မကို လက်ဆောင်လေးတစ်ခု ဝယ်ပေးပြီး တောင်းပန်စာလေး ရေးခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက် ဖက်ပြီး ဖြစ်ပြီးတာတွေကို မေ့လိုက်ဖို့ သဘောတူလိုက်ကြတယ်။ နောက်ထပ် ပြဿနာ မရှိတော့ဘူး။”

လူတွေ ငြိမ်သက်မှုကို အလွန်တောင့်တကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ အခွင့်အရာနဲ့ မာန်မာနကို ထိပါးလာတဲ့အခါ သင့်သင့်မြတ်မြတ် မဖြေရှင်းကြတော့ဘူး။ ယေဟောဝါကို မကိုးကွယ်သူတွေ အဲဒီလို လုပ်တတ်ကြတယ်။ ဒါပေမဲ့ ယေဟောဝါနာမည်ကို ခံယူသူတွေအလယ်မှာတော့ ငြိမ်သက်စည်းလုံးမှု ရှိသင့်တယ်။ “ကျွန်တော်က ခင်ဗျားတို့ကို ခေါ်တော်မူခြင်း ခံရသူတွေပီပီ ကျင့်ကြံနေထိုင်ကြပါလို့ တောင်းပန်ချင်တယ်။ အမြဲစိတ်နှိမ့်ချပါ။ နူးညံ့သိမ်မွေ့ပြီး စိတ်ရှည်ပါ။ အချင်းချင်း မေတ္တာထားပြီး သည်းခံပါ။ အချင်းချင်း သင့်သင့်မြတ်မြတ်ရှိကြပါ။ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှုနှောင်ကြိုးကို ကြိုးစားထိန်းသိမ်းပါ” လို့ တမန်တော် ပေါလု ရေးခဲ့တယ်။ (ဧ. ၄:၁-၃) အဲဒီ “စည်းလုံးမှုနှောင်ကြိုး” က အလွန်အဖိုးတန်တယ်။ အဲဒီနှောင်ကြိုးကို ခိုင်မြဲစေကြပါစို့။ ပေါ်လာနိုင်တဲ့ ဘယ်သဘောထားကွဲလွဲမှုကိုမဆို ဖြေရှင်းဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။

သဘောထားကွဲလွဲပေမဲ့ ညီအစ်ကိုတွေ ဖြစ်တဲ့ ပေါလုနဲ့ ဗာနဗ

ပေါလုနဲ့ ဗာနဗ

ပေါလုဟာ ခံစားချက်ပြင်းထန်သူ ဖြစ်တယ်။ ခရစ်ယာန် ဖြစ်မလာခင်တုန်းက “သခင့်တပည့်တွေကို ခြိမ်းခြောက်၊ သတ်ဖြတ်ချင်စိတ် ပြင်းထန်” ခဲ့တယ်။ (တ. ၉:၁) ခရစ်တော်ရဲ့ နောက်လိုက်တွေကို “ဒေါသစိတ်မွှန်” ခဲ့မိတယ်လို့ နောက်ပိုင်းမှာ ဝန်ခံခဲ့တယ်။—တ. ၂၆:၁၁။

နှစ်ခြင်းခံပြီးနောက် အကြီးအကျယ် ပြောင်းလဲခဲ့ပေမဲ့ နာမည်ဆိုးတော့ ရှိနေတုန်းပဲ။ ခရစ်ယာန်ဖြစ်ပြီး မကြာခင်မှာ ဂျေရုဆလင်မှာရှိတဲ့ ညီအစ်ကိုတွေက ပေါလု “ယေရှုရဲ့တပည့် ဖြစ်လာတာကို မယုံကြတဲ့အတွက် မပေါင်းရဲကြဘူး။”—တ. ၉:၂၆။

အသင်းတော်က ပေါလုကို မယုံရဲသေးပေမဲ့ ဆိုက်ပရပ်ကျွန်းသား ယောသပ်ကတော့ အဲဒီလို မဟုတ်ဘူး။ ယောသပ်ကို ချစ်ခင်တတ်သူအဖြစ် လူသိများတယ်။ ဒါကြောင့် “နှစ်သိမ့်ခြင်းရဲ့သား” လို့ အဓိပ္ပာယ်ရတဲ့ “ဗာနဗ” ဆိုပြီး ညီအစ်ကိုတွေ နာမည်ပေးထားတယ်။ (တ. ၄:၃၆၊ ၃၇) အသင်းတော်မှာ ဦးဆောင်သူတွေ သူ့ကို လေးစားကြတယ်။ ပေါလုကိုလည်း သူကူညီပေးခဲ့တယ်။ “ဗာနဗက ရှောလုကို ကူညီတဲ့အနေနဲ့ တမန်တော်တွေဆီ ခေါ်သွားတယ်။ သခင်ကို လမ်းခရီးမှာ ရှောလု မြင်ခဲ့တဲ့အကြောင်း၊ . . . ဒမတ်စကတ်မြို့မှာ ယေရှုရဲ့နာမည်နဲ့ ရဲရဲရင့်ရင့် ဟောပြောခဲ့တဲ့အကြောင်း အသေးစိတ် သူပြောပြလိုက်တယ်” လို့ ဖတ်ရတယ်။ (တ. ၉:၂၆-၂၈) ဗာနဗရဲ့ သက်သေထွက်ဆိုချက်ကြောင့် ဂျေရုဆလင်အသင်းတော်က ပေါလုကို လက်ခံခဲ့တယ်။ မကြာခင် သူတို့နှစ်ယောက် သာသနာပြုတွေအဖြစ် အတူအမှုဆောင်ခဲ့ကြတယ်။—တ. ၁၃:၂၊ ၃။

ပေါလုရဲ့ စိတ်ထက်သန်မှုနဲ့ ပွင့်လင်းမှုကို ဗာနဗ တွေ့မြင်ခဲ့မှာပဲ။ ဗာနဗရဲ့ ကြင်နာမှု၊ ထောက်ထားစာနာမှုကိုလည်း ပေါလု တန်ဖိုးထားလေးမြတ်ခဲ့မှာပဲ။

တစ်ချိန်မှာတော့ သူတို့ “အကြီးအကျယ် အငြင်းပွား” ကြတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဘာကြောင့်လဲ။ ကိုယ်ရည်ကိုယ်သွေး ပြဿနာ ဖြစ်တယ်လို့ မဖော်ပြထားဘူး။ သာသနာပြုလုပ်ငန်းအတွက် ယောဟန်မာကုရဲ့ အရည်အချင်းနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့ကြတာပါ။—တ. ၁၅:၃၆-၄၀။

ပေါလုနဲ့ ဗာနဗ ကိုယ်ရည်ကိုယ်သွေး ကွဲပြားပေမဲ့ အငြင်းမပွားခင်အထိ အတူအမှုဆောင်နိုင်ခဲ့ကြတယ်။ ပေါလုနဲ့ မာကုလည်း နောက်ပိုင်းမှာ အတူအမှုဆောင်ကြတယ်လို့ ဖတ်ရတယ်။ (ကော. ၄:၁၀) ဒါကြောင့် ကိုယ်ရည်ကိုယ်သွေး ကွဲပြားမှုက အငြင်းပွားမှု မဖြစ်စေပါဘူး။ အရင်တုန်းက မဖြစ်စေခဲ့သလို ဒီနေ့လည်း မဖြစ်စေပါဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ