အပိုင်း ၃
စိတ်ထိခိုက်မှု “မကျေနပ်စရာ” တွေကြောင့် စိတ်ထိခိုက်တဲ့အခါ
“ညီအစ်မတစ်ယောက်က သူ့ပိုက်ဆံကို ကျွန်မ ခိုးတယ်လို့ စွပ်စွဲတယ်။ ဒီအကြောင်းကို တခြားညီအစ်ကို/မတွေ သိသွားတဲ့အခါ သူ့ဘက်ကိုယ့်ဘက် လိုက်ပြောတာတွေ ဖြစ်လာတယ်။ နောက်တော့မှ ကျွန်မ မခိုးမှန်း သူ သိသွားတယ်။ ပြန်တောင်းပန်ပေမဲ့ ကျွန်မကို သူခိုးလို့ စွပ်စွဲခဲ့တာကိုတော့ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။”—လင်ဒါ။
သင်ရော ညီအစ်ကို ညီအစ်မတစ်ဦးဦးကြောင့် လင်ဒါလို စိတ်နာကြည်းဖူးသလား။ တချို့ဆိုရင် တခြားသူတွေရဲ့ လုပ်ရပ်ကြောင့် စိတ်ထိခိုက်ပြီး ဘုရားရေးရာမှာ အားနည်းသွားကြတယ်။ သင်ကော အဲဒီလို ဖြစ်နေသလား။
‘ဘုရားသခင်ပြတဲ့ မေတ္တာကို မခံစားရအောင်’ ဘယ်သူ တားဆီးနိုင်သလဲ
ကိုယ့်ကို စိတ်ထိခိုက်အောင် လုပ်တဲ့ ညီအစ်ကို/မကို ခွင့်လွှတ်ဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမဲ့ ခရစ်ယာန်တွေဟာ အချင်းချင်းချစ်ဖို့ လိုတယ်။ (ယောဟန် ၁၃:၃၄၊ ၃၅) ကျွန်တော်တို့ဟာ ယုံကြည်သူတစ်ဦးရဲ့ မတရားစွပ်စွဲတာ ခံရတယ်ဆိုရင် စိတ်ထိခိုက်ပြီး နာကြည်းသွားနိုင်တယ်။—ဆာလံ ၅၅:၁၂။
ခရစ်ယာန်တွေကြားမှာ “မကျေနပ်စရာ” တွေ ပေါ်လာနိုင်တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ကောလောသဲ ၃:၁၃) အဲဒီလို မကျေနပ်စရာတွေဟာ ဖြေရှင်းဖို့ မလွယ်မှန်း ကိုယ်တိုင်ကြုံမှ သိလာနိုင်တယ်။ ကူညီပေးနိုင်မယ့် အရာတစ်ခုခုများ ရှိမလား။ ကျမ်းစာမူ သုံးခုကို သုံးသပ်ကြည့်ရအောင်–
ကျွန်တော်တို့ရဲ့ ကောင်းကင်ဖခင်ဟာ အားလုံးကို သိတယ်။ ကိုယ်ခံရတဲ့ မတရားမှုတွေ၊ ဖြစ်လာတဲ့ အကျိုးဆက်တွေ အပါအဝင် ဖြစ်ပျက်ရာ မှန်သမျှကို ယေဟောဝါဘုရား မြင်တယ်။ (ဟီဘရူး ၄:၁၃) ကျွန်တော်တို့ စိတ်ဆင်းရဲတဲ့အခါ ဘုရားသခင်လည်း နာကျင်ခံစားရတယ်။ (ဟေရှာယ ၆၃:၉) “ဒုက္ခရောက်ခြင်း၊ စိတ်ဆင်းရဲခြင်း၊” ယုံကြည်သူချင်း အပါအဝင် တခြားအရာတစ်ခုခုကြောင့် ‘ဘုရားသခင်ရဲ့မေတ္တာ’ ကနေ ကျွန်တော်တို့ ဝေးသွားအောင် ဘုရား ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။ (ရောမ ၈:၃၅၊ ၃၈၊ ၃၉) ဒါဆိုရင် ကျွန်တော်တို့လည်း ဘယ်သူကြောင့်၊ ဘာအကြောင်းကြောင့်နဲ့မှ ယေဟောဝါနဲ့ ဝေးသွားတာမျိုး အဖြစ်မခံသင့်ဘူး။
ခွင့်လွှတ်တာက အမှားကို လျစ်လျူရှုတာ မဟုတ်ဘူး။ ကိုယ့်အပေါ် ပြစ်မှားသူကို ခွင့်လွှတ်တာက သူ့အမှားကို လျှော့ပေါ့တာ၊ လျစ်လျူရှုတာ၊ သူ့လုပ်ရပ်ကို ထောက်ခံနေတာ မဟုတ်ပါဘူး။ အပြစ်လုပ်တာကို ယေဟောဝါ လုံးဝ လက်မခံဘူး။ ဒါပေမဲ့ စစ်မှန်တဲ့နောင်တ ရသူကို ခွင့်လွှတ်တယ်ဆိုတာ သတိရပါ။ (ဆာလံ ၁၀၃:၁၂၊ ၁၃။ ဟဗက္ကုတ် ၁:၁၃) တခြားသူတွေကို ခွင့်လွှတ်ပါလို့ ယေဟောဝါ တိုက်တွန်းနေတာက ဘုရားကို တုပပါလို့ ပြောနေတာပဲ။ ဘုရားက ဘယ်တော့မှ “အငြိုး” မထားဘူး။—ဆာလံ ၁၀၃:၉။ မဿဲ ၆:၁၄။
တခြားသူကို အငြိုးမထားတာက အကျိုးရှိတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဒီဥပမာကို စဉ်းစားကြည့်ပါ။ သိပ်မလေးတဲ့ ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး မ,ထားတယ်ဆိုပါစို့။ ခဏလောက်တော့ အသာလေး မ,ထားနိုင်မယ်။ ဒါပေမဲ့ အကြာကြီး ဆက်မ,ထားမယ် ဆိုရင်ကော။ ဘယ်လောက်ကြာကြာ မ,ထားနိုင်မလဲ။ မိနစ်အနည်းငယ်လား၊ တစ်နာရီလား၊ ဒီထက်ပိုကြာကြာ မ,ထားနိုင်မလား။ အကြာကြီးဆက်မ,ထားရင် လက်ညောင်းလာမှာ သေချာတယ်။ ကျောက်တုံးအလေးချိန်ကတော့ မပြောင်းလဲပါဘူး။ ဒါပေမဲ့ ကြာကြာမ,ထားလေ ပိုလေးလာလေပဲ။ အငြိုးထားတာကလည်း ဒီအတိုင်းပါပဲ။ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကို အငြိုးထားရင် ကိုယ်ပဲ စိတ်ထိခိုက်နာကျင်လာမယ်။ ဒါကြောင့် တခြားသူကို ခွင့်လွှတ်ဖို့ ယေဟောဝါ တောင်းဆိုတာ အံ့သြစရာ မဟုတ်ပါဘူး။ ခွင့်လွှတ်လိုက်ရင် ကျွန်တော်တို့အတွက် အကျိုးရှိပါတယ်။ —ပညာအလိမ္မာ ၁၁:၁၇။
တခြားသူကို အငြိုးမထားတာက ကိုယ့်အတွက် အကျိုးရှိ
“ကျွန်မကို ယေဟောဝါဘုရား စကားပြောနေသလိုပဲ”
ညီအစ်မတစ်ဦးရဲ့လုပ်ရပ်ကို တေးမှတ်မထားဖို့ လင်ဒါကို ဘာက ကူညီပေးသလဲ။ တစ်ချက်အနေနဲ့ ခွင့်လွှတ်ရမယ်ဆိုတဲ့ ကျမ်းစာအကြောင်းရင်းတွေကို သူ တွေးတောဆင်ခြင်ခဲ့လို့ပဲ။ (ဆာလံ ၁၃၀:၃၊ ၄) နောက်တစ်ချက်က တခြားသူတွေရဲ့ အပြစ်ကို ခွင့်လွှတ်ရင် ကိုယ့်အပြစ်ကိုလည်း ယေဟောဝါ ခွင့်လွှတ်မယ်ဆိုတာ သိထားလို့ပါ။ (ဧဖက် ၄:၃၂–၅:၂) အဲဒီအချက်တွေက လင်ဒါအပေါ် အကျိုးသက်ရောက်ခဲ့တယ်။ “ကျွန်မကို ယေဟောဝါ စကားပြောနေ သလိုပဲ” လို့ သူပြောတယ်။
အချိန်တန်တော့ နာကြည်းစိတ်ကို လင်ဒါ ဖြေဖျောက်နိုင်ခဲ့တယ်။ ခိုးတယ်လို့ စွပ်စွဲခဲ့တဲ့ ညီအစ်မကို လင်ဒါ အကြွင်းမဲ့ ခွင့်လွှတ်လိုက်လို့ အခုဆို နှစ်ယောက်သား မိတ်ဆွေရင်းတွေ ဖြစ်နေပြီ။ လင်ဒါက ယေဟောဝါကို ပြန်ဝတ်ပြုပြီး အမှုတော်ဆောင်နေပါပြီ။ သင့်ကိုလည်း အဲဒီအတိုင်း ယေဟောဝါ ကူညီပေးချင်တယ်ဆိုတာ ယုံကြည်စိတ်ချပါ။