ဘာသာတရားကွဲပြားသောအိမ်ထောင်တွင် ဘုရားရေးရာနာခံမှု
“ဘယ်ထိခိုက်ဒဏ်ရာရတာထက်မဆို နာတယ်။ . . . တစ်ကိုယ်လုံးအနာတရဖြစ်နေသလိုဘဲ။ ဒါပေမဲ့ ဒဏ်ရာဒဏ်ချက်ကိုတော့ ဘယ်သူမှတွေ့နိုင်မှာမဟုတ်ဘူး။” “တစ်ခါတလေဆိုရင် တကယ်စိတ်ကုန်တယ်။ . . . ပြန်မလာတော့ဘဲ ထွက်သွားချင်စိတ်ပေါက်လာတယ်။” “တစ်ခါတလေ မှန်မှန်ကန်ကန်စဉ်းစားရခက်တယ်။”
စိတ်ထိခိုက်၍ပြောဆိုကြသော ထိုစကားများက စိတ်ဓာတ်ကျဆင်းမှုနှင့် အထီးကျန်ဖြစ်မှုတို့ကို ပေါ်လွင်ထင်ရှားစေသည်။ ကြိမ်းမောင်းဆဲဆိုပြစ်တင်ခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ လုံးဝစကားမပြောဘဲနေခြင်း၊ အိမ်ထောင်ဖက်နှင့် အိမ်သားများ၏ ရိုက်ပုတ်ခြင်းတို့ကိုပင် ခံရသူများသည် ထိုသို့ပြောဆိုတတ်ကြသည်။ ဤသူတို့သည် အဘယ်ကြောင့် ဤမျှရက်စက်စွာပြုမူခံရကြသနည်း။ ယုံကြည်ခြင်းမတူသည့်အတွက်ကြောင့်သာဖြစ်သည်။ ဤကဲ့သို့သောအခြေအနေမျိုးအောက် ဘာသာတရားအရ ကွဲပြားသောအိမ်ထောင်နှင့်နေပြီး ယေဟောဝါကိုဝတ်ပြုခြင်းသည် လွယ်ကူမည်မဟုတ်ပါ။ သို့ဖြစ်စေကာမူ ဤသို့သောအဖြစ်မျိုးကိုကြုံတွေ့ရသောခရစ်ယာန်များသည် ဘုရားရေးရာနာခံမှုကို အောင်မြင်စွာတင်ပြနိုင်ခဲ့ပြီ။
ဤကဲ့သို့သောစိတ်ဆင်းရဲမှုနှင့် အကျပ်အတည်းမျိုးကို ဘာသာတရားအရ ကွဲပြားသောအိမ်ထောင်တိုင်းတွင် မတွေ့ရခြင်းသည် ကျေးဇူးတင်စရာပင်ဖြစ်သည်။ သို့သော် ဤသို့ဖြစ်ပျက်နေသည်ကား အမှန်ပင်။ သင့်အိမ်ထောင်သည် ဤသို့သောအိမ်ထောင်မျိုးဖြစ်သလော။ သို့ဖြစ်ပါက သင့်အိမ်ထောင်ဖက် သို့မဟုတ် မိဘများကို ဆက်လေးစားရန်လွယ်ကူမည်မဟုတ်ပါ။ သင်သည် ထိုသို့သောအခြေအနေမျိုးတွင်ရှိ ဇနီးသည်တစ်ဦးဖြစ်မည်၊ သို့မဟုတ် ယင်းအသိုင်းအဝိုင်းထဲတွင်နေသော သားသမီးများဖြစ်မည်ဆိုလျှင် ဘာသာတရားအရ ကွဲပြားသောအိမ်ထောင်တွင် ဘုရားရေးရာနာခံမှုကို အောင်မြင်စွာဖြင့် မည်သို့တင်ပြနိုင်မည်နည်း။ အခြားသူများက မည်သို့ထောက်ပံ့ကူညီပေးနိုင်သနည်း။ ယင်းကိစ္စကို ဘုရားသခင်မည်သို့ရှုမြင်တော်မူသနည်း။
နာခံဖို့ရန် အဘယ်ကြောင့် ဤမျှခဲယဉ်းရသနည်း
လောကီသားတို့၏ကိုယ်ကျိုးရှာစိတ်နှင့် ကျေးဇူးကန်းသောသဘောတို့သည် သင်၏မစုံလင်သောဉာဉ်ဆိုးနှင့်တွဲမိသွားလျှင် ဘုရားရေးရာနာခံမှုပြရန် အလွန်ခဲယဉ်းသည်။ ယင်းကိုစာတန်သိထားသည်။ သင့်စိတ်ဓာတ်ကိုဖျက်လိုဖျက်ဆီးလုပ်ရန် သူရှာကြံနေသည်။ ဘုရားရေးရာစံနှုန်းများကို တန်ဖိုးထားလေးမြတ်မှုမရှိသော အိမ်သားများကို စာတန်မကြာခဏအသုံးပြုတတ်သည်။ သင်၏ဝိညာဏနှင့် စာရိတ္တစံနှုန်းများသည် မယုံကြည်သောသင့်မိသားစုနှင့် များသောအားဖြင့် လုံးလုံးကွာခြားပါလိမ့်မည်။ ယင်းကြောင့် အကျင့်အကြံအပြုအမူအပေါ် ရှုမြင်ပုံချင်းတူမည်မဟုတ်ပါ။ (၁ ပေတရု ၄:၄) သင်သည် “အကျိုးမဲ့သောမှောင်မိုက်အမှုတို့နှင့်မဆက်ဆံ” ရဟူသော အမိန့်ကို နာခံနေသောကြောင့် သင့်ခရစ်ယာန်စံနှုန်းမှသွေဖည်စေရန် သူတို့သဲသဲမဲမဲကြိုးစားကြပေမည်။ (ဧဖက် ၅:၁၁) သူတို့အမြင်မှာ သင်လုပ်ကိုင်လေသမျှသည် အမှားချည်းပဲဖြစ်နေပေလိမ့်မည်။ သို့ဖြစ်ရခြင်းသည်လည်း သင့်ဘာသာတရားကြောင့်ဟု သူတို့ယူမှတ်ကြမည်။ မိခင်တစ်ဦးသည် သားသမီးများဖျားနာနေသည့်အတွက် မိမိလင်ယောက်ျားအကူအညီကို တောင်းဆိုသောအခါ “မင်းဘာသာအတွက်တောင် မင်းအချိန်ပေးနိုင်တာပဲ; ငါကူညီစရာမလိုပါဘူး” ဟုစကားနာထိုးခံလိုက်ရသည်။ ဤကဲ့သို့သောစကားများကြောင့် နာခံမှုပြရန် ပိုခဲယဉ်းစေသည်။
ကျမ်းစာနှင့်မဆန့်ကျင်သောကိစ္စများတွင် သဘောမတူနိုင်သည့်အခါများလည်းရှိပေမည်။ သို့ဖြစ်သည့်တိုင် သင်သည် မိသားစုအဝင်ဖြစ်သောကြောင့် မလုပ်မဖြစ်လုပ်ကိုင်ရမည့်ဝတ္တရားအချို့ရှိကြောင်းကို သင်အသိအမှတ်ပြုရမည်။ “အဖေကျွန်မတို့နဲ့ဆက်ဆံပုံကိုစဉ်းစားလိုက်ရင် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ သူ့ခမျာ အထီးကျန်နေမှာပဲ” ဟုကော်နီပြောပြသည်။ “အဖေအတိုက်အခံလုပ်တာကိုစိတ်မခုမိဖို့ ကိုယ့်ကိုယ်ကိုအမြဲသတိပေးရတယ်။ ကျွန်မတို့ရဲ့ရပ်တည်မှုကို သူဆန့်ကျင်တာ၊ ငြင်းပယ်နေတာ ခိုင်မာတဲ့အကြောင်းရှိတယ်လို့ ကိုယ့်ကိုယ်ကို ပြန်ပြောနေရတယ်။ စာတန်ဟာ ဒီအစီအစဉ်စနစ်ရဲ့မင်းပဲကိုး။” မယုံကြည်သူတစ်ဦးနှင့် အိမ်ထောင်ပြုထားသော စူဇန်က ဤသို့ရင်ဖွင့်သည်– “အစကဆိုရင် လင်မယားကွဲချင်စိတ်ပေါက်တယ်။ ဒါပေမဲ့ အခုဒီလိုမတွေးတော့ဘူး။ သူကနေတစ်ဆင့် ကျွန်မကို စာတန်တိုက်နေတယ်ဆိုတာသိလာပြီ။”
သင့်ကိုယ်သင် တန်ဖိုးမရှိသူတစ်ဦးဟုယူမှတ်ရန် စာတန်အဆက်မပြတ်ကြိုးစားနေပုံရှိမည်။ သင့်အိမ်ထောင်ဖက်သည် သင်နှင့်ရက်ချီပြီး စကားတစ်ခွန်းမျှမပြောဘဲနေပေမည်။ အထီးကျန်စိတ်ဝင်လာနိုင်သည်။ ယင်းက အားထားမှီခိုစိတ်နှင့် ကိုယ့်သိက္ခာကိုယ်စောင့်စည်းစိတ်ကိုတိုက်စားကာ ဘုရားရေးရာနာခံမှုရှိရန် စမ်းသပ်ပေမည်။ ကလေးများလည်း စိတ်ဓာတ်ရေးနှင့် ကာယရေးအားအင်ကုန်ခန်းသွားခြင်းကို ခံစားရမည်။ အဖြစ်အပျက်တစ်ခု၌ မိဘများအတိုက်အခံပြုသည့်ကြားမှ ဘုရားသခင့်ကျေးကျွန်လူငယ်သုံးဦးသည် ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ခဲ့ကြသည်။ သူတို့အထဲမှ ယနေ့အချိန်ပြည့်ဓမ္မအမှုဆောင်ဖြစ်နေသူတစ်ဦးက ဤသို့ဆိုသည်– “ကျွန်မတို့အားအင်ကုန်ခန်းပြီး စိတ်ပင်ပန်းကြတယ်; ညညဆို အိပ်လို့မရကြဘူး; တကယ်စိတ်ဆင်းရဲခဲ့ရတယ်။”
သင့်ကို ဘုရားသခင် မည်သို့မျှော်လင့်သနည်း
ဘုရားသခင့်စကားနားထောင်ခြင်းကို အမြဲဦးစားပေးရမည်။ လင်ယောက်ျား၏ဦးစီးမှုကို ခြွင်းချက်ထားပြီးနာခံခြင်းသည် ယေဟောဝါညွှန်ကြားချက်နှင့်အမြဲညီညွတ်ရမည်။ (တမန်တော် ၅:၂၉) ယင်းသို့ပြုရန် ခဲယဉ်းပေမည်။ သို့သော် ဖြစ်နိုင်ပါသည်။ ဘုရားသခင့်အကူအညီကို အမြဲတောင်းခံပါ။ သင့်အား ကိုယ်တော်သည် “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုးကွယ်” စေလိုတော်မူပြီး ကိုယ်တော်၏ ညွှန်ကြားမှုကိုနာခံစေလိုတော်မူသည်။ (ယောဟန် ၄:၂၄၊ ကဘ) ဘုရားသခင့်နှုတ်ကပါဌ်တော်အသိပညာသည် နှလုံးကောင်းထဲတွင်ပြည့်ဝလာသည့်အခါ စိတ်လိုကိုယ်လျောက်နာခံမှုပြရန် တိုက်တွန်းပေးသည်။ သင့်ကိုယ်ရေးကိုယ်တာအခြေအနေများသည် ပြောင်းလဲတတ်သော်လည်း ယေဟောဝါနှင့် ကိုယ်တော်၏နှုတ်ကပါဌ်တော်မှာမူ မပြောင်းလဲပါ။ (မာလခိ ၃:၆; ယာကုပ် ၁:၁၇) လင်ယောက်ျားဖြစ်သူသည် ခရစ်တော်၏ဦးစီးမှုကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ယေဟောဝါက သူ့အားဦးစီးမှုတာဝန်ကို အပ်နှင်းထားပါသည်။ (၁ ကောရိန္သု ၁၁:၃) အမြဲအပြစ်တင်ရှုတ်ချဆဲဆိုခံနေရမည်ဆိုလျှင် ခံရခက်မည်မှန်သော်လည်း တပည့်တော်ယာကုပ်က ဤသို့ဆိုသည်– “ထက်ရပ်ပညာကား . . . နာခံရန်အသင့်ရှိ၏။” (ယာကုပ် ၃:၁၇၊ ကဘ) စောဒကမတက်ဘဲ လင်သား၏ဦးစီးမှုကိုအသိအမှတ်ပြု၍နာခံနိုင်ရန် ဘုရားသခင်၏ဝိညာဉ်တော်လိုအပ်သည်။ အထူးသဖြင့် ဝိညာဉ်အသီးဖြစ်သည့် ချစ်ခြင်းမေတ္တာလိုအပ်သည်။—ဂလာတိ ၅:၂၂၊ ၂၃။
တစ်ဦးတစ်ယောက်ကိုချစ်မြတ်နိုးမည်ဆိုလျှင် ဘုရားပေးအခွင့်အာဏာရထားသူအား ဘုရားရေးရာနာခံမှုပြရန် ပိုလွယ်ကူပါလိမ့်သည်။ ဧဖက် ၅:၃၃ (ကဘ) က ဤသို့သြဝါဒပေးသည်– “သင်တို့သည် အသီးအသီးကိုယ်ကိုကိုယ်ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို အလွန့်အလွန်ရိုသေခြင်းရှိစေလော့။”
ယေရှုကိုအောက်မေ့ပါ။ ကိုယ်တော်သည် အပြောအဆိုခံရရုံမက ကာယကံမြောက်ထိပါးမှုကိုပါခံခဲ့ရသော်လည်း မည်သူ့ကိုမျှရန်တုံ့မမူခဲ့ချေ။ (၁ ပေတရု ၂:၂၂၊ ၂၃) ယေရှုသည် ဤမျှတိုင်သိက္ခာချခံနိုင်ဖို့အတွက် ကိုယ်တော်၌ကြီးမားသောသတ္တိနှင့် ခမည်းတော်ယေဟောဝါကို မယိမ်းမယိုင်ချစ်မြတ်နိုးသောသဘောရှိရန်လိုသည်။ ချစ်ခြင်းမေတ္တာသည် “ခပ်သိမ်းသောအရာကို သည်းခံတတ်၏။”—၁ ကောရိန္သု ၁၃:၄-၈။
လုပ်ဖော်ကိုင်ဖက်တိမောသေအား ပေါလုသတိပေးသည့်အတိုင်း ယနေ့ကျွန်ုပ်တို့ကို ဤသို့သတိပေးသည်– “ဘုရားသခင်သည် ကြောက်တတ်သောစိတ်သဘောကို ငါတို့အားပေးတော်မူသည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်နှင့် တည်ကြည်သောစိတ်သဘောကိုပေးတော်မူ၏။” (၂ တိမောသေ ၁:၇၊ ကဘ) သည်းမခံနိုင်သောအခြေအနေမျိုးဖြစ်နေပုံရှိမည်ဆိုလျှင် ယေဟောဝါကိုလည်းကောင်း၊ ယေရှုခရစ်ကိုလည်းကောင်း အလွန်ချစ်သောသဘောက ဘုရားရေးရာနာခံမှုပြရန် သင့်ကိုတိုက်တွန်းပေးနိုင်သည်။ မြဲမြံတည်ကြည်သောစိတ်သည် ဟန်ချက်ညီသောအမြင်ဆက်ရှိစေပြီး ယေဟောဝါနှင့်လည်းကောင်း၊ ယေရှုခရစ်နှင့်လည်းကောင်း သင့်ဆက်ဆံရေးကို ဆက်၍အာရုံစိုက်စေလိမ့်မည်။—ဖိလိပ္ပိ ၃:၈-၁၁ နှိုင်းယှဉ်။
ဘုရားရေးရာနာခံမှုကို အောင်မြင်စွာတင်ပြခဲ့သော အိမ်ထောင်ဖက်များ
သင့်ပြဿနာများအား ယေဟောဝါဖြေရှင်းပေးပုံကိုတွေ့မြင်ရရန် တစ်ခါတစ်ရံကြာမြင့်စွာ စောင့်ဆိုင်းရပေမည်။ သို့ဖြစ်စေကာမူ ကိုယ်တော်သည်ဘယ်တော့မျှလက်မတိုပါ။ “ယေဟောဝါပေးထားတဲ့အခွင့်အရေးတွေ—အစည်းအဝေးတွေနဲ့ စည်းဝေးပွဲကြီးတွေမှာ ကိုယ်တော်ကိုကိုးကွယ်ဖို့၊ လေ့လာမှုလုပ်ဖို့၊ အမှုဆောင်ထွက်ဖို့နဲ့ ဆုတောင်းဖို့—ကို အမြဲလုပ်ကိုင်ပါ” ဟုဘုရားရေးရာနာခံမှုကို အောင်မြင်စွာပြနိုင်ခဲ့သူတစ်ဦးက အကြံပေးသည်။ သင့်လုပ်ဆောင်ပြီးမြောက်မှုများကိုသာမဟုတ်ဘဲ သင်၏ကြိုးစားမှုကို ယေဟောဝါကောင်းချီးပေးတော်မူသည်။ ၂ ကောရိန္သု ၄:၁၇ တွင်တမန်တော်ပေါလုက ‘ငါတို့ခဏခံရသောဆင်းရဲဒုက္ခသည် ထာဝရဘုန်းအသရေကို ငါတို့အား ခံစားစေလိမ့်မည်’ ဟုပြောသည်။ ယင်းကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ သင့်စိတ်ကို တည်ငြိမ်ခိုင်ခံ့စေလိမ့်မည်။ ဇနီးသည်တစ်ဦးက ဤသို့ပြောပြသည်– “ကျွန်မရဲ့အိမ်ထောင်ရေးဟာ ပိုကောင်းမလာဘူး။ အဲ့ဒါကြောင့် ကျွန်မယေဟောဝါရဲ့အလိုတော်နဲ့ မတွေ့လို့ဘဲလားလို့စဉ်းစားမိတယ်။ ဒါပေမဲ့ အဲ့ဒီခံရခက်တဲ့အခြေအနေတွေမှာ ကျွန်မယောက်ျားထက်ကျွန်မက ခံနိုင်ရည်ပိုရှိပြီး ကျော်လွှားနိုင်တာကို ဘုရားရဲ့ကောင်းချီးတစ်ခုလို့ ကျွန်မယူမှတ်တယ်။ ကျွန်မတို့အပြုအမူတွေကို ယေဟောဝါသဘောကျတယ်လို့သိထားတာက ဒုက္ခခံရကျိုးနပ်စေတယ်။”
သင်တို့ခံနိုင်သော အခြေအနေများထက်ကျော်၍ ယေဟောဝါခံစေတော်မူမည်မဟုတ်ဟူ၍ ကတိထားသည်။ ကိုယ်တော်ကို ယုံကြည်အားထားပါ။ သင့်ထက် ကိုယ်တော်ပိုမိုသိတော်မူသည်။ သင့်ကိုယ်ကိုသင်သိသည်ထက် သင့်ကိုကိုယ်တော်ပိုမိုသိတော်မူသည်။ (ရောမ ၈:၃၅-၃၉; ၁၁:၃၃; ၁ ကောရိန္သု ၁၀:၁၃) ခက်ခဲသောအခြေအနေတွင် ယေဟောဝါထံဆုတောင်းခြင်းသည် အထောက်အကူပြုသည်။ အထူးသဖြင့် အဘယ်လမ်းစဉ်ကိုလိုက်ရမည်၊ သို့မဟုတ် အခြေအနေတစ်ခုကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်အကြောင်း မသိပါက သင့်အားလမ်းပြညွှန်ကြားပေးရန် ဝိညာဉ်တော်အတွက် ဆုတောင်းပါ။ (သု. ၃:၅; ၁ ပေတရု ၃:၁၂) စိတ်ရှည်ခြင်း၊ ချုပ်တည်းခြင်းနှင့် သင့်အထက်တွင် အခွင့်အာဏာရှိသူကိုနာခံမှုပြနိုင်ခြင်းငှာ အကူအညီပေးရန် အမြဲဆုပတ္ထနာပြုပါ။ ဆာလံဆရာက ဤသို့ဆိုသည်– ‘ယေဟောဝါသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ . . . ဖြစ်တော်မူ၏။’ (ဆာလံ ၁၈:၂) ယင်းကိုသတိရခြင်းသည် ဘာသာတရားအရ ကွဲပြားသောအိမ်ထောင်များတွင် ခွန်အားရှိစေသောအကူအညီတစ်ရပ်ဖြစ်သည်။
အရာခပ်သိမ်းတို့ထက် သင့်အိမ်ထောင်ရေးသာယာဖို့ရန် အတတ်နိုင်ဆုံးကြိုးစားပါ။ မှန်ပါသည်၊ သတင်းကောင်းကြောင့် စိတ်ဝမ်းကွဲပြားလိမ့်မည်ကို ယေရှုကြိုတင်မြင်တော်မူခဲ့သည်။ သို့သော် စိတ်ဝမ်းကွဲပြားမှုသည် သင့်စိတ်နေသဘောထား၊ သို့မဟုတ် အပြုအမူကြောင့်မဖြစ်စေရန် ဆုတောင်းပါ။ (မဿဲ ၁၀:၃၅၊ ၃၆) ယင်းကိုစိတ်ထဲထားပြီး ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် အိမ်ထောင်ရေးပြဿနာများ လျော့နည်းလိမ့်မည်။ ဤလျော်ကန်သောသဘောထားမျိုးကို သင်တစ်ဦးတည်းသာပြဦးတော့ အကြီးအကျယ်အဆင်မပြေ စကားများသည်အထိ ပြဿနာမကြီးမားသွားစေရန် တားဆီးပေးမည်။ စိတ်ရှည်မှုနှင့် ချစ်ခြင်းမေတ္တာရှိရန် အလွန်အရေးကြီးသည်။ “ဖြည်းညင်းစွာပြု” ပြီး “သည်းခံနိုင်သောသူ” ဖြစ်ပါ။—၂ တိမောသေ ၂:၂၄။
တမန်တော်ပေါလုသည် “ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်” ခဲ့သည်။ (၁ ကောရိန္သု ၉:၂၂) ထိုနည်းတူစွာ ခရစ်ယာန်ဝတ္တရားများကို အလျှော့မပေးလိုက်ဘဲ တစ်ချိန်တည်းတွင် သင့်အိမ်ထောင်ဖက်နှင့် မိသားစုအတွက် အချိန်ပိုပေးရန် သင့်အချိန်ဇယားကို တစ်ခါတစ်ရံအပြောင်းအလွှဲပြုလုပ်ပေးဖို့ လိုကောင်းလိုပေမည်။ ဘဝကြင်ဖော်အဖြစ် သင်ရွေးချယ်ထားသူအား အချိန်ပေးနိုင်သရွေ့ပေးပါ။ ခရစ်ယာန်ထောက်ထားစာနာမှုပြပါ။ ယင်းကား ဘုရားရေးရာနာခံမှု၏သရုပ်သကန်ဖြစ်သည်။
လိုက်လျောညီထွေမှုရှိ၍ စာနာတတ်သော၊ ဘုရားကိုကြောက်ရွံ့ပြီး လက်အောက်ခံသောဇနီးသည်သည် ဘုရားရေးရာနာခံမှုကိုတင်ပြရန် ပိုလွယ်ကူမည်။ (ဧဖက် ၅:၂၂၊ ၂၃) “ဆားအားဖြင့် ငန်သောအရသာနှင့်ပြည့်စုံလျက်” ဖြည်းညင်းသိမ်မွေ့သောစကားများသည် ပဋိပက္ခဖြစ်စရာအကြောင်းများကို လျော့နည်းစေသည်။—ကောလောသဲ ၄:၆; သု. ၁၅:၁။
“အမျက်မပြေဘဲ” အိပ်ရာဝင်မည့်အစား စိတ်ဝမ်းကွဲမှုများကို အလျင်အမြန်ဖြေရှင်းပြီး တည်ဆောက်မှုပေးသောစကားများဖြင့် အသင့်အတင့်ပြန်ရှိဖို့ကြိုးစားရန် ဘုရားရေးရာဉာဏ်ပညာက မှာကြားသည်။ (ဧဖက် ၄:၂၆၊ ၂၉၊ ၃၁) ယင်းသို့ပြုဖို့ နှိမ့်ချသောသဘောထားလိုသည်။ ခွန်အားရှိဖို့အတွက် ယေဟောဝါကိုလုံးဝမှီခိုအားထားပါ။ ခရစ်ယာန်ဇနီးသည်တစ်ဦးက ဤသို့နှိမ့်ချစွာဝန်ခံသည်– “ကျွန်မလှိုက်လှိုက်လှဲလှဲဆုတောင်းပြီးတာနဲ့ ကျွန်မခင်ပွန်းကိုပိုက်ဖက်နိုင်တဲ့အထိ ယေဟောဝါရဲ့ဝိညာဉ်တော်က ကျွန်မကိုကူညီပေးတာတွေ့ရတယ်။” ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤသို့ဆုံးမသည်– “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ . . . အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။” (ရောမ ၁၂:၁၇-၂၁) ဤမည်ကား ပညာရှိစကားဖြစ်ပြီး ဘုရားရေးရာနာခံမှုလမ်းစဉ်ပင်ဖြစ်သည်။
ဘုရားရေးရာနာခံမှုတင်ပြသော ကလေးများ
ဘာသာတရားအရ ကွဲပြားသောအိမ်ထောင်တွင်ရှိကလေးများအား ယေဟောဝါ၏သြဝါဒက ဤသို့ဖြစ်သည်– “မိဘစကားကိုအရာရာ၌နားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် သခင်အရှင်နှစ်သက်တော်မူသောအမှုဖြစ်၏။” (ကောလောသဲ ၃:၂၀၊ ကဘ) ဤတွင် သခင်ယေရှုခရစ်ကိုထည့်သွင်းစဉ်းစားစေကြောင်း သတိပြုပါ။ ယင်းကြောင့် မိဘစကားကို ခြွင်းချက်မရှိ နားထောင်ရမည်မဟုတ်ပါ။ တမန်တော် ၅:၂၉ (ကဘ) ပါ “လူထက်ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် ကျွန်ုပ်တို့သာ၍နာခံရမည်” ဟူသောသြဝါဒသည် ခရစ်ယာန်လူငယ်များနှင့်လည်း တစ်နည်းအားဖြင့်သက်ဆိုင်သည်။ သမ္မာကျမ်းစာနှင့်အညီ မှန်ကန်ရာကိုပြုလုပ်ဖို့ ဆုံးဖြတ်စရာအချိန်အခါများ ပေါ်ပေါက်လာပေမည်။ မှားယွင်းသောဝတ်ပြုနည်းတစ်နည်းတွင် သင်မပါဝင်သည့်အတွက် ဒဏ်ခတ်ခံရပေမည်။ ဒဏ်ခံချင်မည်မဟုတ်သော်လည်း သင်သည် ဘုရားသခင်ရှေ့မှန်ကန်ရာကိုပြုမူသောကြောင့် ဆင်းရဲခံရသည့်အတွက် နှစ်သိမ့်မှုရသည်သာမက စိတ်ရွှင်လန်းနိုင်ပါသည်။—၁ ပေတရု ၂:၁၉၊ ၂၀။
သင့်အတွေးအခေါ်များသည် ကျမ်းစာမူအတိုင်းဖြစ်သဖြင့် ကိစ္စအချို့တွင် သင့်မိဘများနှင့် သဘောချင်းတိုက်ဆိုင်လိမ့်မည်မဟုတ်ပါ။ ယင်းကြောင့် သူတို့သည် သင်၏ရန်သူများမဖြစ်သွားပါ။ သူတို့သည် ယေဟောဝါထံဆက်ကပ်အပ်နှံထားသောကျေးကျွန်များ မဟုတ်သည့်တိုင် သူတို့ကိုထိုက်သင့်လျော်ကန်စွာ ရိုသေသမှုပြုသင့်သည်။ (ဧဖက် ၆:၂) ရှောလမုန်က ဤသို့ဆိုသည်– “သင့်ကိုဖြစ်ဖွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်။” (သု. ၂၃:၂၂) သူတို့သဘောမတူ နားမလည်နိုင်သောယုံကြည်ခြင်းလမ်းစဉ်ကို သင်လိုက်သောကြောင့် သူတို့စိတ်ထိခိုက်နေကြောင်းသဘောပေါက်ပါ။ သူတို့နှင့် အဆက်အသွယ်ပြုလုပ်ပြီး “သင်တို့၏အကျိုးသင့်အကြောင်းသင့်ရှိမှုကို လူအပေါင်းတို့ရှေ့ထင်ရှားစေကြလော့။” (ဖိလိပ္ပိ ၄:၅၊ ကဘ) သင့်ခံစားချက်များနှင့် စိုးရိမ်မှုများကို ထုတ်ပြောပါ။ ဘုရားရေးရာမူများကို စွဲစွဲမြဲမြဲလိုက်နာပါ။ တစ်ကြိမ်တည်းတွင် “တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။” (ရောမ ၁၂:၁၈) သင်သည် မိဘအုပ်ထိန်းမှုကို ယခုပင် နာခံနေခြင်းက ဘုရားသခင့်နိုင်ငံတော်သားတစ်ဦးအဖြစ် နာခံမှုဆက်ပြလိုကြောင်း ယေဟောဝါရှေ့တင်ပြရာရောက်သည်။
အခြားသူများပြုလုပ်နိုင်သည့်အရာ
ဘာသာတရားအရ ကွဲပြားနေသောအိမ်ထောင်များတွင်နေထိုင်ရသူ ခရစ်ယာန်များသည် ဝတ်ပြုကိုးကွယ်သူချင်းတို့၏ ထောက်မမှုနှင့် စာနာမှုလိုအပ်သည်။ ထိုသို့ဖြစ်ကြောင်း ဤစကားများကိုပြောဆိုသူတစ်ဦးက ဖော်ပြသည်– “ကျွန်မမှာ လုံးလုံးကြံရာမရဖြစ်နေတယ်။ ဘယ်သူမှဘာမှမလုပ်ပေးနိုင်ကြဘူး။ ကျွန်မကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ဘူး။ ကျွန်မမိသားစုမှာ ယေဟောဝါရဲ့အလိုတော်ပဲဖြစ်ပါစေလို့ ကိုယ်တော်ကိုမှီခိုအားထားနေရတော့တယ်ရှင်။”
ခရစ်ယာန်အစည်းအဝေးများတွင် ဝိညာဏညီအစ်ကိုညီအစ်မများနှင့် ပေါင်းသင်းခြင်းသည် ခိုလှုံရာဖြစ်သည်။ အဆိုပါအမျိုးသမီးက သူမ၏ဘဝသည် “သီးခြားကမ္ဘာနှစ်ခုမှာ နေရတာနဲ့တူတယ်။ တစ်ခုမှာ မနေမဖြစ်နေထိုင်နေရပြီး နောက်တစ်ခုမှာတော့ နေရတာပျော်တယ်” ဟု ပြောပြသည်။ ညီအစ်ကိုများအသင်းအပင်းရှိ ချစ်ခြင်းမေတ္တာက ဤဒုက္ခမျိုးကိုကြုံနေရသူများအတွက် ခံနိုင်ရည်ရှိစေပြီး အဘယ်အခြေအနေမျိုးတွင်မဆို အမှုထမ်းဆောင်နိုင်စေသည်။ သင့်ဆုတောင်းချက်များတွင် ဤကဲ့သို့သောသူများကို သတိရပါ။ (ဧဖက် ၁:၁၆) သူတို့အား အချိန်အခါတိုင်း အပြုသဘောပါ နှစ်သိမ့်အားပေးစကားများကို မှန်မှန်ပြောဆိုပါ။ (၁ သက်သာလောနိတ် ၅:၁၄) ဖြစ်နိုင်၍ သင့်တော်မည်ဆိုလျှင် သင်၏သီအိုကရက်တစ်နှင့် အခြားလူမှုရေးလုပ်ငန်းများတွင် သူတို့အားပါဝင်စေပါ။
ဘုရားရေးရာနာခံမှု၏ ကောင်းချီးများနှင့် အကျိုးကျေးဇူးများ
ဘာသာတရားအရ ကွဲပြားနေသောအိမ်ထောင်တွင် ဘုရားရေးရာနာခံမှုတင်ပြခြင်းကြောင့် ခံစားရသောကောင်းချီးများနှင့် အကျိုးကျေးဇူးများကို နေ့စဉ်ဆင်ခြင်သုံးသပ်ပါ။ နာခံမှုရှိရန် အမြဲကြိုးစားပါ။ “အားမလျော့စိတ်မပျက်” ပါနှင့်။ (ဂလာတိ ၆:၉) “ဘုရားသခင်၏မျက်နှာတော်ကိုထောက်၍” အဆင်မပြေမှုများနှင့် မတရားမှုများကို သည်းခံခြင်းသည် “ဘုရားသခင့်ရှေ့တော်၌ ကျေးဇူးရှိ၏။” (၁ ပေတရု ၂:၁၉၊ ၂၀) ယေဟောဝါ၏ ဖြောင့်မတ်သောမူများနှင့် ပညတ်တော်များကို အလျှော့ပေးလိုက်လျောခြင်းမရှိသည်အထိ နာခံမှုတင်ပြပါ။ ဤသို့ပြုမူခြင်းက ယေဟောဝါ၏အစီအစဉ်ကို သစ္စာစောင့်သိရာရောက်သည်။ သင်၏ဘုရားရေးရာအပြုအမူကြောင့် သင့်အိမ်ထောင်ဖက်၊ သင့်သားသမီးများ သို့မဟုတ် သင့်မိဘများတို့၏ အသက်ကိုကယ်တင်နိုင်ပါလိမ့်မည်။—၁ ကောရိန္သု ၇:၁၆; ၁ ပေတရု ၃:၁။
ဘာသာတရားအရ ကွဲပြားနေသောအိမ်ထောင်တွင် မပေးမဖြစ်ပေးရမည့်အရာများနှင့် တောင်းဆိုချက်များကို ဖြည့်စွက်ပေးရာတွင် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့ကို သစ္စာသမာဓိစောင့်သိဖို့အရေးကြီးကြောင်း သတိရပါ။ အလျှော့ပေးပြီးပြုလုပ်နိုင်သည့်အရာများစွာရှိသော်လည်း သမာဓိစောင့်သိခြင်းကို အလျှော့ပေးခြင်းသည်ကား အသက်ပါအပါအဝင် အရာခပ်သိမ်းကိုအလျှော့ပေးလိုက်ရာရောက်သည်။ တမန်တော်ပေါလုက ဤသို့ဆိုသည်– “ဘုရားသခင်သည် ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ။ ထိုသားတော်ကို အလုံးစုံတို့၏အမွေခံသခင်အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကိုတည်တော်မူ၏။” “ဤမျှလောက်ကြီးစွာသောကယ်တင်တော်မူခြင်းတရား” ကိုအသိအမှတ်ပြုခြင်းက နာခံမှုပြရန် ခွန်အားရှိစေမည်။—ဟေဗြဲ ၁:၁၊ ၂; ၂:၃။
အကျင့်စာရိတ္တကောင်းခြင်းနှင့် စံထားထိုက်ရာတို့ဘက် အသင်မားမားမတ်မတ်ရပ်တည်ပြီး နာခံမှုပြခြင်းသည် သင်နှင့်သင့်မယုံကြည်သူအိမ်ထောင်ဖက်အတွက် ကျန်းခံ့သောကာကွယ်မှုတစ်ခုဖြစ်သည်။ သစ္စာရှိခြင်းသည် အိမ်ထောင်နှောင်ကြိုးကိုခိုင်မြဲစေသည်။ နယပုံပြင် ၃၁:၁၁ (ကဘ) ကအရည်အချင်းပြည့်စုံပြီး သစ္စာရှိသောဇနီးအကြောင်း ဤသို့ဆိုသည်– “သူမ၏ခင်ပွန်းသည် သူ့ကိုယုံ” ၏။ သင်၏အကျင့်သီလကောင်းမှုနှင့် အလွန့်အလွန်ရိုသေသောသဘောသည် မယုံကြည်သောသင်၏လင်သားအား အမြင်မှန်ရရှိစေမည်။ ယင်းကြောင့်လည်း သူသည် ဘုရားသခင့်သမ္မာတရားကိုလက်ခံလာပေမည်။
ဘုရားရေးရာနာခံမှုသည် အမှန်တကယ်ပင်တန်ဖိုးဖြတ်မရဖြစ်ပြီး အသက်ကိုကယ်ဆယ်နိုင်ပါသည်။ ယင်းကို သင့်အိမ်ထောင်တွင်ရှိရန် ဆုတောင်းပါ။ ယင်းက စိတ်ငြိမ်သက်မှုရှိစေ၍ ယေဟောဝါကို ချီးမွမ်းထောမနာပြုစေမည်။