ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၆/၁၅ စာ. ၁၈-၂၂
  • မိဘတို့၊ မိသားစုလိုအပ်ရာများကို ပံ့ပိုးပေးကြလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘတို့၊ မိသားစုလိုအပ်ရာများကို ပံ့ပိုးပေးကြလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကာယရေးပံ့ပိုးခြင်း
  • ဝိညာဉ်ရေးပံ့ပိုးမှု
  • စိတ်ပိုင်းဆိုင်ရာပံ့ပိုးခြင်း
  • ဝိညာဉ်ရေးခိုင်ခံ့သောမိသားစု တည်ဆောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • မိဘတို့၊ သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ကျွန်ုပ်တို့၏သားသမီးများ—အဖိုးတန်အမွေဥစ္စာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၆/၁၅ စာ. ၁၈-၂၂

မိဘတို့၊ မိသားစုလိုအပ်ရာများကို ပံ့ပိုးပေးကြလော့

“မိမိလူတို့ကိုမပြုစု . . . သောသူမည်သည်ကား ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။”—၁ တိမောသေ ၅:၈။

၁၊ ၂။ (က) ခရစ်ယာန်အစည်းအဝေးများသို့ အတူတကွ တက်ရောက်လာကြသော မိသားစုများကို တွေ့မြင်ရခြင်းသည် အဘယ်ကြောင့်အားရှိစရာဖြစ်သနည်း။ (ခ) အစည်းအဝေးများကို အချိန်မီရောက်ရှိလာရန် မိသားစုများ ကြုံတွေ့ရသည့် စိန်ခေါ်ချက်အချို့ကား အဘယ်နည်း။

အစည်းအဝေးမစမီ ခရစ်ယာန်အသင်းတော်ပတ်လည်ကို ဝေ့ကြည့်လိုက်လျှင် သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင်ထားသော ကလေးများ မိဘများ၏ဘေးတွင် ထိုင်နေကြသည်ကို တွေ့ရပေမည်။ ဤမိသားစုများတွင် ယေဟောဝါကိုချစ်သည့်မေတ္တာ၊ အချင်းချင်းကိုချစ်သည့်မေတ္တာ တွေ့မြင်ရခြင်းသည် အားရကျေနပ်စရာမဟုတ်ပေလော။ သို့သော် မိသားစုလိုက် အစည်းအဝေးများသို့ အချိန်မီရောက်ရှိလာရန် မည်မျှကြိုးစားအားထုတ်ရသည်ကို သတိမထားမိတတ်ကြချေ။

၂ အများအားဖြင့် မိဘတို့သည် တစ်နေ့လုံး အလွန်အလုပ်များကြပြီး အစည်းအဝေးရှိသောညများတွင် ပို၍ပင် အလုပ်များတတ်ကြသည်။ အစားအသောက် ချက်ပြုတ်ပြင်ဆင်ရ၊ အိမ်မှုကိစ္စများ လုပ်ကိုင်ရ၊ ကျောင်းစာများ အပြီးသတ်ပေးရကြ၏။ ယောက်စီယောက်တိုင်း ရေချိုး၊ အစာစား၊ အချိန်မီ အသင့်ရှိစေရန် အကြီးလေးဆုံးဝန်ကို မိဘများ ထမ်းရသည်။ ကလေးများနှင့်ပတ်သက်၍ အခန့်မသင့်လျှင် မသင့်မလို မထင်မမှတ်ရာများ ဖြစ်ပေါ်တတ်သည်။ သားကြီး ကစားနေစဉ် သူ၏ဘောင်းဘီ စုတ်သွားသည်။ သားငယ်၏စားစရာများ ဖိတ်ကျကုန်သည်။ သားသမီးများ ရန်ဖြစ်ကြလေတော့သည်။ (သု. ၂၂:၁၅) ရလဒ်ကား အဘယ်နည်း။ မိဘများက သေချာစွာ စီစဉ်ထားလျက်ပင် ကမောက်ကမဖြစ်သွားပေမည်။ သို့တိုင် ထိုမိသားစုသည် အစည်းဝေးမစမီ ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ အမြဲလိုလိုရောက်ရှိနေတတ်သည်။ ယေဟောဝါ၏အမှုဆောင်များအဖြစ် ကြီးပြင်းလာကြသော ကလေးများကို တစ်ပတ်ပြီးတစ်ပတ်၊ တစ်နှစ်ပြီးတစ်နှစ် တွေ့မြင်ရခြင်းသည် အမှန်အားရှိစရာပင်!

၃။ မိသားစုများကို ယေဟောဝါ အလွန်တန်ဖိုးထားကြောင်း မည်သို့သိရှိရသနည်း။

၃ မိဘအနေနှင့် သင်၏တာဝန်သည် တစ်ခါတစ်ရံ ခက်ခဲမည်၊ ပင်ပန်းနွမ်းလျမည်ဖြစ်သော်လည်း သင်၏ကြိုးစားအားထုတ်မှုကို ယေဟောဝါ အလွန်တန်ဖိုးထားကြောင်း စိတ်ချနိုင်သည်။ ယေဟောဝါသည် မိသားစုအစီအစဉ်ကို အစပြုရှင်ဖြစ်တော်မူ၏။ သို့ဖြစ်၍ “မိသားစုတိုင်း၏ အမည်သည်” ယေဟောဝါကြောင့် ဖြစ်တည်နေရခြင်းဖြစ်သည်။ (ဧဖက် ၃:၁၄၊ ၁၅၊ ကဘ) ထို့ကြောင့် အသင်မိဘတို့၊ သင်တို့၏ မိသားစုတာဝန်များကို ကျေပွန်ရန် နည်းမှန်လမ်းမှန် ကြိုးစားကြသည့်အခါ စကြဝဠာပိုင်သအုပ်စိုးရှင်ကို ဂုဏ်ပြုရာရောက်၏။ (၁ ကောရိန္သု ၁၀:၃၁) ယင်းသည် အခွင့်ထူးကြီးမဟုတ်ပေလော။ သို့ဖြစ်၍ မိဘများကို ယေဟောဝါပေးထားသည့် တာဝန်အကြောင်း သုံးသပ်ခြင်းသည် လျောက်ပတ်ပေ၏။ ဤဆောင်းပါးတွင် မိသားစုကို ပံ့ပိုးပေးခြင်းအကြောင်း သုံးသပ်ကြမည်။ မိသားစုကို မိဘများ ပံ့ပိုးပေးရန် ဘုရားသခင်မျှော်လင့်သည့် နည်းသုံးနည်းကို ပြန်သုံးသပ်ကြည့်ကြစို့။

ကာယရေးပံ့ပိုးခြင်း

၄။ မိသားစုတွင် သားသမီးများ၏လိုအပ်ရာများကို ပံ့ပိုးပေးရန် အဘယ်အစီအစဉ်များကို ယေဟောဝါပြုလုပ်ပေးခဲ့သနည်း။

၄ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူ [“မည်သူမဆို၊” ကဘ] မည်သည်ကား၊ ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏။” (၁ တိမောသေ ၅:၈) “မည်သူမဆို” ဟုပေါလုပြောသည့်အခါ အဘယ်သူကို ရည်ရွယ်ခဲ့သနည်း။ အများအားဖြင့် အိမ်ထောင်ဦးစီး ဖခင်ဖြစ်သည်။ ဘုရားသခင်သည် မိန်းမကိုလည်း ယောက်ျား၏အထောက်အမအဖြစ် ဂုဏ်တင်၏။ (ကမ္ဘာဦး ၂:၁၈) ကျမ်းစာခေတ်မှ အမျိုးသမီးများသည် သူတို့၏ခင်ပွန်းများနှင့်အတူ မိသားစုကို ပံ့ပိုးပေးတတ်ကြသည်။ (သု. ၃၁:၁၃၊ ၁၄၊ ၁၆) ယနေ့ ကြင်ဖော်မဲ့မိသားစုများသည် ပို၍ပင်များလာလေပြီ။a ခရစ်ယာန်ကြင်ဖော်မဲ့မိဘများသည် သူတို့၏အိမ်ထောင်ကို ကောင်းစွာပံ့ပိုးပေးလျက်ရှိကြသည်။ အမှန်မှာ၊ ဖခင်ဦးစီးသည့် မိဘနှစ်ပါးစလုံးရှိသော မိသားစုသည် အကောင်းဆုံးဖြစ်၏။

၅၊ ၆။ (က) မိသားစုကို ကြိုးစား၍ ကာယရေးပံ့ပိုးနေသူများ ရင်ဆိုင်နေရသည့် စိန်ခေါ်ချက်အချို့ကား အဘယ်နည်း။ (ခ) လောကအလုပ်အပေါ် အဘယ်အမြင်သဘောထားကို ထိန်းထားခြင်းက ခရစ်ယာန်ပံ့ပိုးသူများကို ဆက်ကြိုးစားစေနိုင်မည်နည်း။

၅ ၁ တိမောသေ ၅:၈ တွင်အဘယ်ပံ့ပိုးမှုမျိုးကို ပေါလုပြောဆိုလိုသနည်း။ ရှေ့နောက်စကားများအရ မိသားစု၏ကာယရေးလိုအပ်ရာများကို တိုက်ရိုက်ပြောဆိုနေခြင်းဖြစ်၏။ မျက်မှောက်လောကတွင် အိမ်ထောင်ဦးစီးသည် ကာယရေးပံ့ပိုးပေးရန် အခက်အခဲများစွာ ရင်ဆိုင်ရပေမည်။ အလုပ်ထုတ်ခံရခြင်း၊ အလုပ်လက်မဲ့နှုန်းတက်လာခြင်းနှင့် နေထိုင်စရိတ် မြင့်မားလာခြင်းကဲ့သို့သော စီးပွားရေးအခက်အခဲများ ကမ္ဘာအနှံ့တွင် ဖြစ်ပေါ်လျက်ရှိ၏။ ဤကဲ့သို့သောစိန်ခေါ်ချက်များကြား ဆက်ကြိုးစားရန် ပံ့ပိုးပေးသူအား အဘယ်အရာက ကူညီပေးနိုင်သနည်း။

၆ ပံ့ပိုးသူက မိမိသည် ယေဟောဝါပေးသောတာဝန်ကို ထမ်းဆောင်နေကြောင်း သတိရသင့်သည်။ မှုတ်သွင်းခံပေါလု၏စကားများက အဆိုပါမိန့်မှာချက်ကို လိုက်နာနိုင်လျက်နှင့် မလိုက်နာသူကို “မယုံကြည်ဖူးသောသူ” နှင့်နှိုင်းယှဉ်ထားသည်။ ခရစ်ယာန်တစ်ဦးသည် ဘုရားသခင်၏ရှေ့မှောက်တွင် ထိုသို့မဖြစ်စေရန် အစွမ်းကုန်ကြိုးစားရလိမ့်မည်။ သို့သော် မျက်မှောက်လောကရှိ လူများစွာ၌ “ပကတိကြင်နာစုံမက်ခြင်း” မရှိကြခြင်းမှာ ဝမ်းနည်းစရာပင်။ (၂ တိမောသေ ၃:၁၊ ၃) ဖခင်များစွာသည် တာဝန်မယူဘဲ မိသားစုများကို ပစ်ထားကြသည်။ ခရစ်ယာန်လင်ယောက်ျားများမှာမူ မိသားစုအား ကြင်နာစွာ ပံ့ပိုးပေးပြီး ယင်းကို အလေးအနက်ထားကြ၏။ ခရစ်ယာန်ပံ့ပိုးပေးသူများသည် သူတို့၏လုပ်ဖော်ကိုင်ဖက်များနှင့်မတူဘဲ အစေခံအလုပ်များကိုပင် ဂုဏ်ရှိသည်၊ အရေးပါသည်ဟု သဘောထားကြသည်၊ အကြောင်းမှာ ၎င်းအလုပ်မျိုးဖြင့် သူတို့ချစ်မြတ်နိုးရသူများကို ဘုရားသခင့်အလိုတော်နှင့်အညီ ပံ့ပိုးပေးနိုင်၍ဖြစ်သည်။

၇။ ယေရှု၏ပုံသက်သေကို မိဘများ သုံးသပ်ခြင်းသည် အဘယ်ကြောင့် လျောက်ပတ်သနည်း။

၇ ယေရှု၏စုံလင်သောပုံသက်သေကို သုံးသပ်ကြည့်ခြင်းကလည်း အကူအညီဖြစ်ကြောင်း အိမ်ထောင်ဦးစီးများ တွေ့ရှိရပေမည်။ သမ္မာကျမ်းစာက ယေရှုအား “ထာဝရအဘ” ဟူ၍ ပရောဖက်ပြုရည်ညွှန်းထားသည်ကို သတိရပါ။ (ဟေရှာယ ၉:၆၊ ၇) ‘နောက်ဆုံးအာဒံ’ အနေနှင့် ယေရှုသည် ယုံကြည်သူများ၏ဖခင်အဖြစ် ‘ပထမလူအာဒံ’ နေရာတွင် ထိရောက်စွာ အစားထိုးသည်။ (၁ ကောရိန္သု ၁၅:၄၅) ကိုယ်ကျိုးရှာဖခင်ဖြစ်ခဲ့သူ အာဒံနှင့်မတူဘဲ ယေရှုသည် စံထားအပ်သောဖခင်ဖြစ်၏။ ကိုယ်တော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက “ခရစ်တော်သည် ငါတို့အဖို့အလို့ငှာ အသက်တော်ကိုစွန့်တော်မူသည်အရာကို ငါတို့သည်ထောက်၍ မေတ္တာတော်ကိုသိရကြပြီ” ဟုဆို၏။ (၁ ယောဟန် ၃:၁၆) ယေရှုသည် သူတစ်ပါးအတွက် မိမိ၏အသက်ကို စိတ်လိုကိုယ်လျောက် စွန့်တော်မူ၏။ ကိုယ်တော်သည် နေ့စဉ် အသေးအဖွဲကိစ္စများတွင်လည်း မိမိထက် သူတစ်ပါးအရေးကို ဦးစားပေးတော်မူသည်။ အသင်မိဘတို့၊ ထိုကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို တုပအပ်သည်။

၈၊ ၉။ (က) ကိုယ်ကျိုးစွန့်၍ သားပေါက်များကို ကျွေးမွေးသည့် ငှက်များမှ မိဘများ အဘယ်အရာသင်ယူနိုင်သနည်း။ (ခ) ခရစ်ယာန်မိဘများစွာသည် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို မည်သို့ဖော်ပြကြသနည်း။

၈ မိဘများသည် ဘုရားသခင်၏ခေါင်းမာသောလူမျိုးတော်အား ယေရှုမြွက်ဆိုခဲ့သော ဤစကားများမှ ကိုယ်ကျိုးစွန့်မေတ္တာအကြောင်း များစွာသင်ယူနိုင်သည်– “ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။” (မဿဲ ၂၃:၃၇) ဤတွင် မိခင်ကြက်မသည် သားငယ်များကို အတောင်ဖြင့် ကာကွယ်ပေးပုံကို ယေရှုက ပီပြင်စွာ ရုပ်လုံးဖော်ပြ၏။ အမှန်ဆိုသော် ငှက်ပေါက်စများကို အန္တရာယ်မှ အသက်စွန့်ကာကွယ်ရန် အသင့်ရှိသည့် မိခင်ငှက်၏သဘာဝသိစိတ်မှ မိဘများ သင်ယူစရာများစွာရှိပေသည်။ သို့သော် မိဘငှက်များ နေ့စဉ် ပြုလုပ်ရာများသည် မှတ်သားလောက်ပေ၏။ သူတို့သည် ခေါက်တုံ့ခေါက်ပြန် ဆက်တိုက် အစာရှာထွက်ကြသည်။ မောဟိုက်မတတ်ဖြစ်နေစဉ်ပင် သားငယ်များဟထားသော ပါးစပ်ထဲ အစာချပေး၏၊ ထိုအခါ သားငယ်များသည် အစာကို မျိုချပြီး ပို၍ပင် ကျွတ်ကျွတ်ညံလာတတ်ကြ၏။ ယေဟောဝါဖန်ဆင်းထားသော သတ္တဝါအများသည် သူတို့သားငယ်များ၏လိုအပ်ရာများကို ဖြည့်ဆည်းပေးရာတွင် “သဘာဝစိတ်ဖြင့် ပညာရှိ” တတ်ကြသည်။—သု. ၃၀:၂၄၊ ကဘ။

၉ ထိုနည်းတူ၊ ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်မိဘများ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ပြနေကြသည်မှာ ချီးကျူးစရာကောင်း၏။ သားသမီးများကို ဘေးရောက်စေမည့်အစား သင်တို့ကိုယ်တိုင် ဘေးသင့်ခံလိုကြပေမည်။ ထို့ပြင် သင်တို့၏အိမ်ထောင်ကို ပံ့ပိုးပေးရန် စိတ်လိုကိုယ်လျောက် နေ့စဉ် ကိုယ်ကျိုးစွန့်နေကြသည်။ သင်တို့အများစုသည် စောစီးစွာ အိပ်ရာထ၍ အလွန်ပင်ပန်းသောအလုပ်ကို လုပ်ကြရသည်။ အာဟာရရှိသောအစားအစာများ ကျွေးမွေးနိုင်ရန် ကြိုးပမ်းကြရသည်။ သားသမီးများ သန့်ရှင်းသပ်ရပ်သော အဝတ်အစားရှိဖို့၊ တော်သင့်သောအိမ်တွင် နေထိုင်ရဖို့၊ ပညာရေး အလုံအလောက်ရှိဖို့ ကြိုးစားရုန်းကန်ကြရမည်။ သင်တို့သည် နှစ်စဉ်ရက်ဆက် ထိုသို့ကြိုးစားလုပ်ဆောင်နေရကြ၏။ ဤသို့ကိုယ်ကျိုးစွန့်၍ ကြံ့ကြံ့ခံရပ်တည်မှုကို ယေဟောဝါ အားရနှစ်သက်တော်မူ၏! (ဟေဗြဲ ၁၃:၁၆) တစ်ချိန်တည်းတွင် သင်၏အိမ်ထောင်ကို ပံ့ပိုးပေးရန် ထိုထက်သာ၍အရေးကြီးသောနည်းများရှိသေးကြောင်း သတိရပါ။

ဝိညာဉ်ရေးပံ့ပိုးမှု

၁၀၊ ၁၁။ လူ့လိုအပ်ရာများတွင် အရေးကြီးဆုံးကား အဘယ်နည်း၊ ခရစ်ယာန်မိဘများသည် သားသမီးများအား အဆိုပါလိုအပ်ရာကို ဖြည့်ပေးရန် ဦးစွာ အဘယ်အရာပြုလုပ်ရမည်နည်း။

၁၀ ကာယရေးပံ့ပိုးမှုထက် ဝိညာဉ်ရေးပံ့ပိုးမှုသည် သာ၍အရေးကြီး၏။ ယေရှုက ဤသို့မိန့်ဆိုခဲ့သည်– “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။” (မဿဲ ၄:၄; ၅:၃) အသင်မိဘတို့၊ ဝိညာဉ်ရေးပံ့ပိုးရန် အဘယ်အရာပြုလုပ်နိုင်ကြသနည်း။

၁၁ ဤအကြောင်းနှင့်ပတ်သက်၍ တရားဟောရာ ၆:၅-၇ လောက် အဘယ်ကျမ်းပိုဒ်ကိုမျှ ကိုးကားထားခြင်းမရှိချေ။ ကျေးဇူးပြု၍ သင်တို့၏ကျမ်းစာကိုဖွင့်ပြီး အဆိုပါအခန်းငယ်များကို ဖတ်ပါ။ ယေဟောဝါအား ချစ်မြတ်နိုးပြီး ကိုယ်တော်၏စကားများကို နှလုံးသွင်း၍ မိမိတို့၏ဝိညာဉ်ရေးကို ဦးစွာပျိုးထောင်ကြရန် မိဘများအား မိန့်မှာထားကြောင်း သတိပြုပါ။ မှန်ပါသည်၊ သင်တို့သည် ယေဟောဝါ၏နည်းလမ်းတော်များ၊ မူများနှင့် ပညတ်များကို အမှန်တကယ်နားလည်ပြီး ချစ်မြတ်နိုးလာတတ်ရန် သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှု၍ ဆင်ခြင်တွေးတောပြီး ဘုရားသခင့်စကားတော်ကို လေးလေးနက်နက် လေ့လာသူဖြစ်ဖို့လိုသည်။ သို့ဖြစ်လျှင် သင်တို့ကို ရွှင်လန်းအားရစေပြီး ယေဟောဝါအား ရိုသေလေးမြတ်၊ ချစ်မြတ်နိုးလာစေမည့် စိတ်ဝင်စားဖွယ် ကျမ်းစာအမှန်တရား သင်တို့၏နှလုံးတွင် ပြည့်လျှံနေပေလိမ့်မည်။ ထိုအခါ သင်တို့၏သားသမီးများကို ဝေမျှပေးကမ်းနိုင်မည့် ကောင်းသောအရာများစွာ ရှိပေလိမ့်မည်။—လုကာ ၆:၄၅။

၁၂။ မိဘများသည် သားသမီးများကို ကျမ်းစာအမှန်တရားသွန်သင်ပေးသည့်အခါ ယေရှု၏ပုံသက်သေကို မည်သို့တုပနိုင်သနည်း။

၁၂ ဝိညာဉ်ရေးကောင်းသော မိဘများသည် တရားဟောရာ ၆:၇ ပါဆုံးမစကားကို လက်တွေ့ကျင့်သုံး၍ အခွင့်အရေးရတိုင်း သားသမီးများအား ယေဟောဝါ၏စကားတော်ကို “ကြိုးစားသွန်သင်” ပေးရန် အသင့်ရှိကြသည်။ “ကြိုးစားသွန်သင်” ခြင်းဟူသည် အထပ်ထပ်သင်ကြားပြီး စွဲမှတ်စေခြင်းဟု အဓိပ္ပာယ်ရ၏။ ကျွန်ုပ်တို့အားလုံး အထူးသဖြင့် ကလေးများသည် သင်ယူနိုင်ရန် အထပ်ထပ် ကြားရမြင်ရဖို့လိုကြောင်း ယေဟောဝါ ကောင်းစွာသိတော်မူ၏။ သို့ဖြစ်၍ ယေရှုသည် ခရစ်ယာန်ဓမ္မအမှုတွင် အထပ်ထပ်ပြောဆိုပြုမူပြခဲ့၏။ ဥပမာ၊ မာနကြီးပြီး ဂုဏ်ပြိုင်မည့်အစား စိတ်နှိမ့်ချဖို့ တပည့်များအား ကိုယ်တော် သွန်သင်ပေးသည့်အခါ ထိုမူကိုပင် နည်းအမျိုးမျိုးဖြင့် အထပ်ထပ် ပြောဆိုပြုမူပြခဲ့သည်။ ကျိုးကြောင်းဆင်ခြင်ပြခြင်း၊ ပုံဆောင်ပြခြင်း၊ လက်တွေ့သရုပ်ပြခြင်းတို့ဖြင့် ကိုယ်တော်သွန်သင်ပေးခဲ့၏။ (မဿဲ ၁၈:၁-၄; ၂၀:၂၅-၂၇; ယောဟန် ၁၃:၁၂-၁၅) သို့ရာတွင် ကိုယ်တော် တစ်ခါမျှ စိတ်မတိုခဲ့သည်မှာ မှတ်သားထိုက်၏။ ထိုနည်းတူစွာ၊ မိဘများသည် ယေဟောဝါ၏မူများကို သားသမီးများ နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်သုံးနိုင်သည့်အထိ အခြေခံအမှန်တရားများကို သွန်သင်ပေးရန် နည်းလမ်းများရှာယူ၍ စိတ်ရှည်ရှည်ဖြင့် အထပ်ထပ် ပြောဆိုပြုမူပြဖို့လိုသည်။

၁၃၊ ၁၄။ မိဘများသည် အဘယ်အထောက်အကူပြုအရာများကို အသုံးပြု၍ သားသမီးများအား ကျမ်းစာအမှန်တရားများ သွန်သင်ပေးနိုင်သည့် အချိန်အခါအချို့ကား အဘယ်နည်း။

၁၃ မိသားစုသင်အံမှုပြုချိန်သည် ဤသို့သွန်သင်ပေးရန် အသင့်တော်ဆုံးအချိန်ဖြစ်သည်။ တည်ဆောက်မှုဖြစ်စေပြီး ပျော်ရွှင်စရာကောင်းသော မိသားစုကျမ်းစာသင်အံမှုကို မှန်မှန်ပြုလုပ်ပေးခြင်းသည် မိသားစုဝိညာဉ်ရေးအတွက် အဓိကဖြစ်၏။ ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်မိသားစုများသည် ဤသို့သောသင်အံမှုများ ပြုလုပ်လျက်ရှိကြသည်၊ ယေဟောဝါအဖွဲ့အစည်းက ပြင်ဆင်ပေးထားသော စာအုပ်စာတမ်းကို အသုံးပြု၍ သားသမီးများ၏လိုအပ်ရာများနှင့်အညီ သင်အံမှုပြုကြ၏။ ထိုသို့ပြုရန် ကြီးမြတ်သောဆရာထံမှ သင်ယူလော့ စာအုပ်အပြင် လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်တို့သည် အထူးအထောက်အကူပြု၏။b သို့သော် မိသားစုသင်အံမှုပြုချိန်၌သာ သားသမီးများကို သွန်သင်ပေးရမည်မဟုတ်ပါ။

၁၄ တရားဟောရာ ၆:၇ တွင်ဖော်ပြသည့်အတိုင်း အသင်မိဘတို့၊ သားသမီးများနှင့် ဝိညာဉ်ရေးရာ ဆွေးနွေးနိုင်သည့် အချိန်အခါများစွာရှိပါသည်။ အတူတူ ခရီးသွားစဉ်၊ အလုပ်လုပ်စဉ်၊ အပန်းဖြေစဉ် သားသမီးများ၏ဝိညာဉ်ရေးလိုအပ်ရာများကို ပံ့ပိုးပေးရန် အခွင့်အရေးရှာယူနိုင်ပေသည်။ ကျမ်းစာအမှန်တရားများအကြောင်း သင်တို့၏သားသမီးများကို အဆက်မပြတ် “ဆိုဆုံးမ” နေစရာမလိုပါ။ ၎င်းအစား၊ တည်ဆောက်မှုဖြစ်စေသည့် ဝိညာဉ်ရေးအကြောင်းကို မိသားစုလိုက် စကားစမြည်ပြောဆိုရန် ကြိုးစားပါ။ ဥပမာ၊ နိုးလော့! မဂ္ဂဇင်းတွင် အကြောင်းအရာမျိုးစုံပါရှိသည်။ ဤအကြောင်းအရာများကိုအခြေပြု၍ ယေဟောဝါဖန်ဆင်းထားသော တိရစ္ဆာန်များ၊ ကမ္ဘာတစ်ဝန်းရှိ သဘာဝအလှများ၊ စိတ်ဝင်စားဖွယ် လူ့ယဉ်ကျေးမှုများနှင့် ဘဝပုံစံများအကြောင်း စကားစမြည်ပြောဆိုနိုင်ကြ၏။ ဤသို့စကားစမြည်ပြောဆိုခြင်းဖြင့် သစ္စာနှင့်သတိပညာရှိကျွန်အတန်းအစားက ပြင်ဆင်ပေးထားသော စာအုပ်စာတမ်းများကို လူငယ်များ ပိုမိုဖတ်ရှုလိုကြပေလိမ့်မည်။—မဿဲ ၂၄:၄၅-၄၇။

၁၅။ ခရစ်ယာန်ဓမ္မအမှုသည် စိတ်ဝင်စားစရာကောင်းပြီး အကျိုးရှိကြောင်း မိဘများက သားသမီးများအား မည်သို့သိမြင်စေနိုင်မည်နည်း။

၁၅ သင်တို့၏သားသမီးများနှင့် တည်ဆောက်မှုဖြစ်စေသော စကားစမြည်ပြောဆိုခြင်းဖြင့် တခြားဝိညာဉ်ရေးလိုအပ်ရာကိုပါ ဖြည့်ဆည်းပေးနိုင်မည်။ ခရစ်ယာန်ကလေးများသည် မိမိတို့၏ယုံကြည်ချက်ကို သူတစ်ပါးအား ထိရောက်စွာ ပြောပြတတ်ဖို့လိုသည်။ သင်တို့သည် ကင်းမျှော်စင် သို့မဟုတ် နိုးလော့! တို့တွင်ပါသည့် စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုခုကို ပြောဆိုနေကြစဉ် ထိုအကြောင်းအရာကို ခရစ်ယာန်ဓမ္မအမှုနှင့်ဆက်စပ်၍ ဖော်ပြရန် အခွင့်အရေးရှာယူနိုင်သည်။ ဥပမာ၊ ဤသို့မေးနိုင်၏– “ယေဟောဝါနဲ့ပတ်သက်ပြီး ဒီအကြောင်းကို လူအများကြီးသိရင် မကောင်းဘူးလား။ ဒီအကြောင်းကို တစ်ဦးတစ်ယောက် စိတ်ဝင်စားလာအောင် ဘယ်လိုလုပ်နိုင်မယ် ထင်သလဲ။” ဤသို့ဆွေးနွေးခြင်းဖြင့် လူငယ်များသည် မိမိတို့သိရှိထားရာတို့ကို သူတစ်ပါးအား ပြောပြရန် ပို၍စိတ်ဝင်စားလာကြပေသည်။ ထို့နောက် သင်တို့၏သားသမီးများနှင့်အတူ အမှုဆောင်ထွက်သည့်အခါ အဆိုပါဆွေးနွေးမှုကို လက်တွေ့ကျင့်သုံးကြောင်း သူတို့တွေ့မြင်ကြမည်။ ခရစ်ယာန်ဓမ္မအမှုသည် စိတ်ဝင်စားစရာကောင်းပြီး ပျော်ရွှင်စရာအလုပ်ဖြစ်သည့်အပြင် အလွန်အားရကျေနပ်စရာ၊ ရွှင်လန်းမှုပေးကြောင်း သားသမီးများ သိရှိလာကြပေမည်။—တမန်တော် ၂၀:၃၅။

၁၆။ သားသမီးများသည် မိဘများ၏ဆုတောင်းချက်များကို နားထောင်ခြင်းဖြင့် အဘယ်အရာသိရှိလာကြမည်နည်း။

၁၆ မိဘများ ဆုတောင်းသည့်အခါတွင်လည်း သားသမီးများ၏ဝိညာဉ်ရေးလိုအပ်ရာများကို ပံ့ပိုးပေးကြသည်။ ယေရှုသည် မည်သို့ဆုတောင်းရမည်ကို တပည့်များအား သင်ပေးခဲ့ပြီး သူတို့နှင့်အတူ ကြိမ်ဖန်များစွာ ဆုတောင်းခဲ့၏။ (လုကာ ၁၁:၁-၁၃) ယေဟောဝါ၏သားတော်နှင့်အတူ ဆုတောင်းခဲ့ကြခြင်းဖြင့် သူတို့မည်မျှတတ်သိလာမည်ကို စဉ်းစားကြည့်ပါ! ထိုနည်းတူ၊ သင်တို့၏ဆုတောင်းချက်များမှ သားသမီးများ အတော်အတန်သင်ယူနိုင်ကြပေမည်။ ဥပမာ၊ ယေဟောဝါသည် မိမိထံချဉ်းကပ်၍ ကျွန်ုပ်တို့၏အဘယ်စိုးရိမ်ပူပန်မှုကိုမဆို ရင်ဖွင့်ဆုတောင်းစေလိုကြောင်း သူတို့သိရှိလာကြပေမည်။ မှန်ပါသည်၊ သင်တို့၏ဆုတောင်းချက်များဖြင့် သားသမီးများ သိရှိလာကြမည့် အရေးကြီးသောဝိညာဉ်ရေးအမှန်တရားမှာ သူတို့သည် ကောင်းကင်ခမည်းတော်နှင့် ဆက်ဆံရေးရှိနိုင်ကြောင်းဖြစ်သည်။—၁ ပေတရု ၅:၇။

စိတ်ပိုင်းဆိုင်ရာပံ့ပိုးခြင်း

၁၇၊ ၁၈။ (က) သားသမီးများကို မေတ္တာပြခြင်း၏ အရေးကြီးမှုကို သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။ (ခ) သားသမီးများကို ချစ်မြတ်နိုးကြောင်း ဖခင်များ ဖော်ပြရာတွင် ယေဟောဝါကို မည်သို့တုပသင့်သနည်း။

၁၇ သားသမီးများတွင် အရေးကြီးသော စိတ်ပိုင်းဆိုင်ရာလိုအပ်ရာများလည်းရှိ၏။ ဤလိုအပ်ရာများကို ပံ့ပိုးပေးရန် အလွန်အရေးကြီးကြောင်း မိဘများအား သမ္မာကျမ်းစာက မှာကြားထားသည်။ ဥပမာ၊ ငယ်ရွယ်သောအမျိုးသမီးများသည် “သားသမီးကိုချစ်” ကြရန် သတိပေးခံရ၏။ ထိုသို့သူတို့ပြုခြင်းက ငယ်ရွယ်သောမိခင်များ၏သိစိတ်ကို နှိုးဆွပေးခြင်းဖြစ်သည်။ (တိတု ၂:၄) အမှန်မှာ၊ ကလေးကို မေတ္တာပြရမည်။ ယင်းက မေတ္တာပြတတ်ရန် ကလေးကို သင်ပေးခြင်းဖြစ်ပြီး သူ့ဘဝအတွက် အကျိုးရှိစေသည်။ ကလေးကို မေတ္တာမပြလျှင်မူ မိုက်မဲရာကျ၏။ ထိုသို့မေတ္တာမပြလျှင် မစုံလင်သူဖြစ်သည့် ကျွန်ုပ်တို့ကို အားကြီးသောမေတ္တာပြသည့် ယေဟောဝါအား အကြီးအကျယ်စိတ်ထိခိုက်စေပြီး ကိုယ်တော်အား တုပရာကျတော့မည်မဟုတ်ချေ။—ဆာလံ ၁၀၃:၈-၁၄။

၁၈ မြေကြီးပေါ်ရှိ သားသမီးများကို ယေဟောဝါကိုယ်တော်တိုင်ပင် အစပြု၍ မေတ္တာပြတော်မူ၏။ ၁ ယောဟန် ၄:၁၉ ဆိုသည့်အတိုင်း “ဘုရားသခင်သည် ငါတို့ကို ရှေးဦးစွာချစ်တော်မူ” ၏။ အထူးသဖြင့် အသင်ဖခင်တို့၊ ယေဟောဝါ၏ပုံနမူနာကို တုပ၍ သားသမီးများနှင့် မေတ္တာနှောင်ကြိုးဖွဲ့ရန် အစပြုလုပ်ဆောင်သင့်သည်။ “သားသမီးတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ မရောက်စေခြင်းငှာ” သူတို့ကို စိတ်မဆိုးစေနှင့်ဟု ဖခင်များကို သမ္မာကျမ်းစာက တိုက်တွန်းထားသည်။ (ကောလောသဲ ၃:၂၁၊ သမ) မိဘက မိမိတို့ကို မချစ်၊ တန်ဖိုးမထားဟု ခံစားရသည်ထက် သားသမီးများကို စိတ်ဆိုးစေသည့်အရာမရှိချေ။ မိမိတို့၏ခံစားချက်များကို ဖော်ထုတ်မပြလိုသော ဖခင်များသည် ယေဟောဝါ၏ပုံနမူနာကို သတိရသင့်သည်။ ယေဟောဝါသည် မိမိ၏သားတော်ကို နှစ်သက်မြတ်နိုးကြောင်း ကောင်းကင်မှပင် ထုတ်ဖော်ပြောဆိုခဲ့၏။ (မဿဲ ၃:၁၇; ၁၇:၁၅) ယင်းကြောင့် ယေရှု အားရှိလိုက်မည်ဖြစ်ခြင်း! ထိုနည်းတူ၊ မိဘများက မိမိတို့ကို နှစ်သက်မြတ်နိုးကြောင်း စိတ်ရင်းမှန်ဖြင့် ပြောလျှင် သားသမီးများ အလွန်အားရှိကြမည်။

၁၉။ ဆုံးမပဲ့ပြင်မှုသည် အဘယ်ကြောင့် အရေးကြီးသနည်း၊ ခရစ်ယာန်မိဘများသည် အဘယ်ဟန်ချက်ညီမျှမှုရှိစေရန် ကြိုးစားကြသနည်း။

၁၉ အမှန်ဆိုသော် မိဘမေတ္တာသည် အပြောမျှသာမဟုတ်ချေ။ မေတ္တာကို အလုပ်အားဖြင့် အဓိကထင်ရှားပြသည်။ အထူးသဖြင့် မေတ္တာ၏လှုံ့ဆော်မှုကြောင့် ကာယရေးနှင့် ဝိညာဉ်ရေးတို့ကို ပံ့ပိုးပေးလျှင် မိဘမေတ္တာပြရာရောက်နိုင်၏။ ထို့ပြင် မိဘမေတ္တာပြရာတွင် ဆုံးမပဲ့ပြင်မှုသည်လည်း အရေးကြီး၏။ မှန်ပါသည်၊ ‘ထာဝရဘုရားသခင်သည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။’ (ဟေဗြဲ ၁၂:၆) တစ်ဖက်တွင်မူ၊ မဆုံးမ,မပဲ့ပြင်လျှင် သားသမီးကို မုန်းရာရောက်၏! (သု. ၁၃:၂၄) ယေဟောဝါသည် “အတော်အတန်ဆုံးမ” ခြင်းဖြင့် ဟန်ချက်ညီမျှမှု အမြဲရှိစေ၏။ (ယေရမိ ၄၆:၂၈) မစုံလင်သောမိဘများမူကား ဤသို့သောဟန်ချက်ညီမျှမှုရှိရန် အမြဲလွယ်ကူမည်မဟုတ်ချေ။ သို့ရာတွင် သင်တို့သည် ထိုသို့ဟန်ချက်ညီရန် အတတ်နိုင်ဆုံး ကြိုးစားအားထုတ်လျှင် အကျိုးရှိ၏။ ခိုင်မာပြတ်သား၊ မေတ္တာပါပါ ဆုံးမပဲ့ပြင်ခံရသောကလေးသည် ပျော်ရွှင်အားရပြီး သူ၏ဘဝ ကောင်းစားလိမ့်မည်။ (သု. ၂၂:၆) ခရစ်ယာန်မိဘတိုင်းသည် မိမိကလေးကို ထိုသို့ဖြစ်စေလိုသည်မဟုတ်ပေလော။

၂၀။ မိဘများသည် သားသမီးများအား ‘အသက်ကိုရွေးချယ်’ ရန်ဖြစ်နိုင်သရွေ့ မည်သို့လမ်းဖွင့်ပေးနိုင်ကြသနည်း။

၂၀ အသင်မိဘတို့၊ ယေဟောဝါပေးအပ်ထားသော အရေးကြီးလုပ်ငန်းဖြစ်သည့် သားသမီးများကို ကာယရေး၊ ဝိညာဉ်ရေး၊ စိတ်ပိုင်းဆိုင်ရာလိုအပ်ရာများ ပံ့ပိုးပေးသည့်အခါ အလွန်အကျိုးနပ်ပေလိမ့်မည်။ သို့ဖြင့် သင်တို့သည် သားသမီးများအား ‘အသက်ကိုရွေးချယ်’ ရန် ဖြစ်နိုင်သရွေ့ လမ်းဖွင့်ပေးထားခြင်းဖြင့် “အသက်ရှင်” နေစေကြမည်။ (တရားဟောရာ ၃၀:၁၉) ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရန် ရွေးချယ်ကြပြီး ကြီးပြင်းလာစဉ် အသက်လမ်းပေါ် ရှိနေကြသော ကလေးသူငယ်များသည် မိဘများကို များစွာပျော်ရွှင်စေကြ၏။ (ဆာလံ ၁၂၇:၃-၅) ဤပျော်ရွှင်မှုသည် ထာဝစဉ်တည်တံ့သွားပါလိမ့်မည်! သို့သော် လူငယ်များသည် ယေဟောဝါအား ယခု မည်သို့ချီးမွမ်းနိုင်ကြသနည်း။ နောက်ဆောင်းပါးက ထိုအကြောင်းအရာကို ဆွေးနွေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ဤဆွေးနွေးချက်တွင် ပံ့ပိုးပေးသူဟုဆိုလျှင် အများအားဖြင့် အမျိုးသားကို ရည်ညွှန်းလိမ့်မည်။ သို့သော် ဤမူများသည် အခြေခံလိုအပ်ရာကို ပံ့ပိုးပေးနေကြသော ခရစ်ယာန်အမျိုးသမီးများနှင့်လည်း သက်ဆိုင်၏။

b ယေဟောဝါသက်သေများ ထုတ်ဝေသည်။

သင်မည်သို့ဖြေဆိုမည်နည်း

မိဘများသည် သားသမီးများကို

• ကာယရေးအရ

• ဝိညာဉ်ရေးအရ

• စိတ်ပိုင်းအရ

ပံ့ပိုးပေးရန် မည်သို့လုပ်ဆောင်နိုင်ကြသနည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ငှက်များစွာသည် သားငယ်ကို မမောနိုင်မပန်းနိုင် ခက်ခက်ခဲခဲ အစာရှာကျွေးမွေး

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

မိဘများသည် မိမိ၏ဝိညာဉ်ရေးကို ဦးစွာ ပျိုးထောင်ရမည်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဖန်ဆင်းရှင်အကြောင်း သားသမီးများကို သွန်သင်ပေးရန် အခွင့်အခါများစွာ မိဘများ ရှာတွေ့နိုင်

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

သားသမီးများသည် မိဘများ၏နှစ်သက်မြတ်နိုးမှုခံရခြင်းမှ ခွန်အားသတ္တိရှိလာကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ